Chapter 32
Viewers 4k

Chapter 32




ကောလိပ်ကျောင်းသားများအတွက် နောက်ဆုံးစာမေးပွဲ မဖြေဆိုခင် ရက်သတ္တပတ် တစ်ပတ်သည် အလွတ်ကျက်မှတ်ရမည့် မရေမတွက်နိုင်သော အဓိကအချက်အလက်များနှင့် ပြီးပြတ်အောင် လုပ်ရမည့် assignment များဖြင့် ပြည့်နှက်နေပြီး၊ စိတ်ဆင်းရဲစရာ မှောင်မိုက်နေသော ကာလအပိုင်းအခြားတစ်ခုဖြစ်သည်။မဲ့တုန်အတွက်ကတော့ ပန်းရောင်ပူဖောင်းလေးများကို သယ်ဆောင်သွားနေရသကဲ့သို့ပင်။





နောက်ဆုံးစာမေးပွဲ ဖြေဆိုရန် ရက်သတ္တပတ် တစ်ပတ်သာ ကျန်ရှိချိန်တွင် ယန်ရှုမင်က သူ၏ အလုပ်သင်ဆင်းသော ကိစ္စများနှင့် ကျောင်းသားသမဂ္ဂတာဝန်များကို ယာယီဆိုင်းငံ့ထားရသည်။ 



သူတို့နှစ်ယောက်သည် ညအိပ်ချိန် မှတပါး ကျန်အချိန်အများစုကို စာကြည့်တိုက်မှာသာ ကုန်ဆုံးကြရာ စာကြည့်တိုက်တွင် တွေ့ဆုံရန် သဘောတူထားကြသည်။သူတို့၏ မေဂျာဘာသာရပ်များက မသက်ဆိုင်ကြသော်လည်း သင့်မြတ်လှစွာဖြင့် အတူတကွ ထိုင်နေတတ်မြဲ ဖြစ်သည်။တစ်ယောက်က လက်တော့ပ် ကီးဘုတ်တွင် စာရိုက်၍ ဝီရိယရှိရှိ အာရုံစူးစိုက်နေလျှင် ကျန်တစ်ယောက်က သင်ရိုးစာအုပ်များမှ အဓိကအချက်အလက်များကို ကျက်မှတ်နေလိမ့်မည်။သူတို့က ရံဖန်ရံခါမှသာ စကားဖလှယ်တတ်သဖြင့် ဘေးလူများအတွက်မူ စားပွဲအတူ မျှသုံးနေသော သူစိမ်းများကဲ့သို့ပင်။ 



စားသောက်ရမည့်အချိန်ကို အများစု သတိထားမိသူက ယန်ရှုမင် ဖြစ်သည်။မဲ့တုန်ကတော့ စာလေ့လာနေဆဲဖြစ်ပြီး သူ့ရှေ့က စားပွဲပေါ်တွင် လက်ညှိုးတစ်ချောင်း တို့ထိလိုက်သည်ကိုသာ မြင်ရသည်။ဘေးကို လှည့်ကြည့်လိုက်လျှင်တော့ ယန်ရှုမင်က အသံမထွက်ရအောင် ပါးစပ်မှ အမူအရာဖြင့် ပြောလာသည်။ 



"တစ်ခုခု စားကြမလား" 



သူတို့သည် စာကြည့်တိုက်နှင့် အနီးဆုံးရှိ အရှေ့ဘက် စားသောက်တန်း နံပါတ် (၂)တွင် မကြာခဏ သွားစားကြသည်။





ယန်ရှုမင် ဒိုင်ယာရီထဲတွင် ရေးသားဖော်ပြထားသော ဆော့စ်နှင့်ခေါက်ဆွဲကြော်ကို နှစ်ယောက်အတူတူ အကြိမ်များစွာ စားကြသည်။၎င်းက အမှန်တကယ်ကို အရသာရှိပါသည်။ကျောင်းရှိ လူတော်တော်များများက ယန်ရှုမင်ကို သိကြ၍ သူတို့စားသောက်နေစဥ်တွင် တစ်ယောက်မဟုတ် တစ်ယောက်က လာနှုတ်ဆက်မြဲ ဖြစ်သည်။





အချိန်ကြာလာသည် နှင့်အမျှ လူအချို့နှင့် အတော်လေး ရင်းနှီးလာခဲ့သည်။အစကတော့ သူတို့သည် မဲ့တုန်ကို မစနောက်ရဲပေ။ယခုတွင် တချို့က ယန်ရှုမင်ကို 'ယန်ကော'ဟု ခေါ်ကြပြီး၊ ထို့နောက်တွင် မဲ့တုန်ကို စနောက်လိုသဖြင့် 'မရီး'ဟု ရည်ညွှန်းခေါ်ဝေါ်ကြလေသည်။





မဲ့တုန်သည် သူတို့ စနောက်နေသည်ကို သိသဖြင့် တည်တည်ငြိမ်ငြိမ်ဖြစ်ဖို့ ကြိုးစားခဲ့သည်။အခု သူက ခပ်တည်တည် မျက်နှာနှင့်ပင် တုံ့ပြန်တတ်ပြီ ဖြစ်သည်။ 



စားသောက်ပြီးနောက် သူတို့သည် စားသောက်တန်း၌ ဆက်ထိုင်နေခဲ့ကြသည်။နေ့လည်စာ စားပြီးတိုင်း မဲ့တုန်က သူ့ချစ်သူကောင်လေး မနေ့ညက ရေးထားသော နေ့စဥ်အစီရင်ခံစာ ဒိုင်ယာရီကို ဖတ်ကြည့်လေ့ ရှိသည်။ 



သူတို့နှစ်ယောက်သည် ကော်နှင့်ကပ်ထားသကဲ့သို့ နေ့တိုင်း အတူရှိနေကြသဖြင့် လတ်တလောကာလအတွင်း အစီရင်ခံစာ ဒိုင်ယာရီများက အနည်းအကျဥ်းမျှသာ ဖြစ်၏။သို့ဖြစ်စေကာမူ ယန်ရှုမင်က ရေးဆဲ ရေးမြဲ၊ မဲ့တုန်ကလည်း ဖတ်နေမြဲ ဖြစ်သည်။



*



၂၀၂၄၊ ဇန်နဝါရီ ၆ရက် ၊ တိမ်ထူထပ်တယ်



နေ့စဥ် အစီရင်ခံဖို့ ညတိုင်း ဒိုင်ယာရီ ရေးရတာက ကိုယ့်ရဲ့ အလေ့အကျင့်တစ်ခု ဖြစ်လာခဲ့ပြီ။အဆောင်အခန်းထဲမှာ ဒါကို ရေးဖို့ သိပ်မသင့်တော်ဘူး၊ ပတ်ဝန်းကျင်က ဆူညံလွန်းတယ်။ကိုယ် မင်းကို တစ်ခု၊နှစ်ခု ပြောပြမယ်။ 



'ယန်ကော တစ်ယောက် အစီရင်ခံစာ ရေးနေပြန်ပြီ' ၊ 'ယန်ကော၊ ဒီနေ့လည်း မိန်းမ ထိန်းချုပ်တာကို ခံနေရတဲ့နေ့ပဲပေါ့' 



ရှောင်မေ့၊မင်း ဘယ်လိုထင်လဲ။ နေ့တိုင်း အစီရင်ခံနေရတာက ကိုယ့်ကို မိန်းမ နိုင်စားတာ ခံရတဲ့ ယောကျ်ားတစ်ယောက် ဖြစ်အောင် လုပ်နေတာပဲ၊ မဟုတ်ဘူးလား။





ကိုယ် နေ့တိုင်း မနက် ၇နာရီခွဲမှာ ထဖို့ နှိုးစက် ပေးထားခဲ့တယ်။ ကိုယ်တို့ မနက်စာကို စားသောက်တန်းမှာ အတူသွားစားပြီး၊ဟင်းနုနွယ်ရွက်ဖက်ထုပ်တွေ စားခဲ့ကြတယ်။ မနက်ထဲက ကိုယ်တို့အတူ စာကြည့်တိုက်မှာ စာလေ့လာတယ်။ နေ့လည်စာကိုတော့ စားသောက်တန်းမှာ သွားမစားဘဲ၊ကျောင်းအပြင်ဘက်မှာ အသားကင် အတူတူ သွားစားခဲ့တယ်။နေ့လည်ဘက်လည်း ကိုယ်တို့နှစ်ယောက်လုံး စာကြည့်တိုက်မှာပဲ။မင်းက အသီးအရွက်တွေ ပိုစားဖို့ လိုအပ်တယ်ဆိုလို့ ညနေခင်းမှာတော့ ကိုယ်တို့နှစ်ယောက် စားသောက်တန်းမှာ အသီးအရွက်ဟော့ပေါ့ သွားစားကြတယ်။ 



အရင်ကဆို ကိုယ့်ရဲ့ စာပေအရေးအသားက ဆွဲဆောင်မှုမရှိဘူးလို့ ကိုယ် ခံစားမိတာ တစ်ရက်မှ မရှိခဲ့ဖူးဘူး။မင်း ဒါကို ဖတ်နေရတာ တကယ် မပျင်းဘူးလား။ 



ပွင့်ပွင့်လင်းလင်း ပြောရရင် ကိုယ် စိုးရိမ်တာက မင်း ဒါကို ဖတ်ရတာ ပျင်းစရာကောင်းတယ်လို့ ထင်သွားမှာကိုပဲ။မရေးချင်တဲ့ ရည်ရွယ်ချက်တော့ ကိုယ့်မှာ မရှိပါဘူး။





ကောင်းပြီ၊ ဒါဆို ကောင်းသောညပါ။ ဒီနေ့လည်း ကိုယ် မင်းကို အရမ်းကြိုက်ပါတယ်။



*



လတ်တလော အစီရင်ခံစာ ဒိုင်ယာရီများက တိုတိုပြတ်ပြတ်ရှိပြီး၊ အကြောင်းအရာအားလုံးကို မဲ့တုန်အနေဖြင့် သိပြီး ဖြစ်သော်ငြား ဖတ်ရသည်ကို ဘယ်တော့မှ မပျင်းရိခဲ့ပေ။စိတ်ကျေနပ်သည်အထိ ဖတ်ရှုပြီးနောက် သူက ဒိုင်ယာရီကို ပြန်ပေးလိုက်ပြီး မေးလာခဲ့သည်။



"ခင်ဗျားရဲ့ နောက်ဆုံးစာမေးပွဲက ဘယ်တော့လဲ။"



ယန်ရှုမင်က ခဏကြာအောင် တွေးတောနေသည်။ 

"လာမဲ့ အင်္ဂါနေ့ ဖြစ်မယ်။ကိုယ့်အထင် စောစော ပြီးလောက်တယ်။ဒီစာသင်နှစ်ဝက်မှာ ကိုယ်တို့က အတန်းချိန် များများစားစား မရှိသလို စာမေးပွဲနှစ်ခုက ရေးဖြေစာမေးပွဲ မဟုတ်ဘူး။စာမေးပွဲဖြေပြီး assignmentတွေ တင်ပြီးရင် ပြီးပြီ။"





မဲ့တုန်က ရိုးရိုးရှင်းရှင်းပဲ "အို့"ဟု တုံ့ပြန်လိုက်သည်။ထို့နောက် ထပ်ပြောသည်။ 



"ကျွန်တော်တို့က ကြာသပတေးနေ့အထိ မပြီးသေးဘူး။ခင်ဗျားတို့ထက် ၂ရက် နောက်ကျတယ်။"



ယန်ရှုမင် သိပ်ဂရုမထားမိပေ။ 

"ကိုယ် မင်းကို စောင့်နေမယ်။"





မဲ့တုန် ခေါင်းအမြန် ခါလိုက်သည်။

"မလိုပါဘူး၊ မလိုပါဘူး။အားလပ်ရက်ရောက်ပြီဆိုတော့ ဘယ်သူမဆို အိမ်ကို အမြန်ပြန်ချင်မှာပဲ မဟုတ်လား။"



ယန်ရှုမင်က သူ့ကို ကြည့်လိုက်သည်။ 

"မင်း သေချာလား"





မဲ့တုန် ခေါင်းငြိမ့်လိုက်ပါသည်။





အမှန်တကယ်ပင် အချို့မေဂျာများသည် သူတို့၏နောက်ဆုံး စာမေးပွဲတွင် ဖြေဆိုရသည်က အခြားမေဂျာများထက် ပိုနည်းတတ်သည်။အားလပ်ရက်ကို တစ်ယောက်တည်း ကုန်ဆုံးရသည်နှင့် စာလျှင် အိမ်ပြန်သည်က ပိုပြီး အကုန်အကျသက်သာစေသည်။ဒါကြောင့် သူတို့က အိမ်ပြန်ဖို့ လက်မှတ်များကို အရင်ကြိုဝယ်ထားကြသည်။





အရင်ကတော့ မဲ့တုန်မှာ စိတ်အားထက်သန်မှု သိပ်မရှိခဲ့။ 



အိမ်ကို စောစောပြန်ရတာ ဖြစ်ဖြစ်၊ နောက်ကျမှ ပြန်ရတာ ဖြစ်ဖြစ်၊ ဘာများ ကွာခြားနေလို့လဲ။ 



ဒီနှစ်တွင် သူ့ အတွေးအမြင်က အနည်းငယ် မတူတော့ပေ။စားသောက်တန်းတွင် သူက 'အဆင်ပြေသည်' ဟု ပြောခဲ့ချိန်၌ သူတကယ် အဆင်ပြေလိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။သို့သော် ထိုနေ့ မတိုင်ခင် ညဘက်တွင် မဲ့တုန်သည် အိပ်ပျော်ဖို့ ခက်ခဲနေခဲ့၏။ 



မနက်ဖြန် ယန်ရှုမင်က စာမေးပွဲ ဖြေလို့ပြီးပြီ။စာမေးပွဲက မနက် ၈နာရီမှာ ဆိုတော့ အားလုံးပြီးသွားရင် သူက နေ့လည် လက်မှတ် ဝယ်ထားလောက်တယ်။ 



အမှန်တွင် မဲ့တုန် နောင်တအနည်းငယ် ရနေပါသည်။သူတို့နှစ်ယောက်လုံးက တစ်မြို့တည်းတွင် နေကြသည်။ထို့အပြင် သူတို့နေကြသော နေရာများက သိပ်မဝေးပေ။ဤအခြေအနေမျိုးတွင် သူတို့နှစ်ယောက်အတူ အိမ်ပြန်သည်က အဓိပ္ပါယ်ရှိသည်။





သို့သော် စကားကျွံထားပြီး ဖြစ်၍ မဲ့တုန် ထိုစကားများကို ပြန်ရုပ်သိမ်းလိုခြင်း မရှိပေ။ထို့အပြင် လူတိုင်းက အိမ်ကို စောစောပြန်ချင်ကြမည် ဖြစ်၏။ 





နောက်နေ့တွင် မဲ့တုန်အဖို့ စာမေးပွဲ ရှိသော်လည်း ညနေပိုင်းမှသာ ဖြစ်သည်။





မနက်ခင်း၌ သူ့အခန်းဖော်များက လက်ကျန်နောက်ဆုံးမိနစ်အထိ စာများကို အတင်းတွန်း၍ ကျက်မှတ်နေကြသော်လည်း မဲ့တုန်ကတော့ သူ၏ သင်ရိုးစာအုပ်များပေါ်တွင် အာရုံလုံးဝ မရှိချေ။သူက ဖုန်းကို မကြာမကြာ ကြည့်နေပြီး ယန်ရှုမင် စာမေးပွဲ စောစောဖြေပြီးမည့်အချိန်ကို သိချင်နေခဲ့သည်။သူတို့နှစ်ယောက် အပြင်ထွက်ပြီး နေ့လည်စာ အတူစားမည်ဟု စီစဥ်ထားသည်။မဲ့တုန်၏ အစီအစဥ်မှာတော့ နေ့လည်စာ စားပြီးလျှင် ယန်ရှုမင်ကို ဘူတာရုံ လိုက်ပို့ပေးရန် ဖြစ်သည်။





အချိန် လုံလုံလောက်လောက် ရှိပါသည်။ မဲ့တုန်ကလည်း နောက်ဆုံးမိနစ်မှ စာကို ခေါင်းထဲရောက်အောင် အသည်းအသန် ထိုးသိပ်ကျက်မှတ်ရသည်ကို မကြိုက်ပါ။စာမေးပွဲ ဖြေမည့်အချိန်မီ ပြန်ရောက်လျှင်ကို အဆင်ပြေပြီ ဖြစ်သည်။





သူက ယန်ရှုမင်ကို ဘယ်အချိန်သွားမည့် ရထားလက်မှတ်လဲဟု မေးခဲ့သည်။ယန်ရှုမင်က နေ့လည် ဟုသာ ပြော၏။





စာမေးပွဲက မနက် ၉ နာရီတွင် စတင်ပြီးနောက် ၁၀ နာရီအရောက်တွင် ယန်ရှုမင်က သူ စောစော ဖြေလို့ပြီးသွားသည် ဟု စာပို့လာသည်။မဲ့တုန်လည်း အဝတ်အစားလဲ၍ အောက်သို့ ဆင်းလာခဲ့သည်။ သူ မြေညီထပ်သို့ ရောက်ချိန်တွင် ယန်ရှုမင်က အရင် ရောက်နေပြီး ဖြစ်သည်။





သူက ဒီတိုင်း မတ်တပ်ရပ်နေခဲ့သည်။ ကျောပိုးအိတ်တစ်လုံးပင် မပါပေ။ 



မဲ့တုန် မေးလိုက်သည်။ 



"ခင်ဗျားရဲ့ခရီးဆောင်အိတ်ကို ထုပ်ပိုးဖို့ အဆောင်ကို အရင်ဆုံး ပြန်သွားချင်လား။နေ့လည်စာ စားပြီးတာနဲ့ ပြန်မှာ မဟုတ်ဘူးလား။"





ယန်ရှုမင်က ပြန်ဖြေခဲ့သည်။ 



"ကိုယ် လက်မှတ် မဝယ်ထားဘူး။မင်းနဲ့အတူ ၂ရက် ထပ်နေဦးမယ်။မင်း စာမေးပွဲဖြေပြီးမှပဲ ကိုယ်တို့ အတူပြန်ကြမယ်။"





ထိုခဏ၌ မဲ့တုန် ကြောင်အသွားသည်။အဆောင်က ထွက်လာစဥ်တွင် သူ အေးစက်နေသည်ဟု ခံစားခဲ့ရပြီး ယခုတွင်တော့ သူ့နှလုံးသား ထဲ၌ နွေးထွေးမှုများက တလိပ်လိပ် တက်လာခဲ့သည်။သူ ခေါင်းငြိမ့်ဖို့ပင် အချိန်ကြာသွားပြီး နောက်မှ ပြောလိုက်သည်။ 



"ကောင်းပြီ"



*



ရွှယ်ပါ့အတွက် နောက်ဆုံးစာမေးပွဲ ဖြေဆိုရသည့် ရက်များက အတော်လေးကို ချောချောမွေ့မွေ့ ရှိသည်၊တစ်ခါတစ်လေ ပုံမှန်အချိန်များထက်ပင် ပို၍ သက်တောင့်သက်သာ ရှိသေးသည်။ပုံမှန်အားဖြင့် စာသင်ကြားခြင်း၊စာလေ့လာခြင်းနှင့် အိမ်စာရေးခြင်းတို့ကို နေ့စဥ် လုပ်ရသည်။နောက်ဆုံးစာမေးပွဲဖြေဆိုသည့် ရက်များတွင်တော့ နေ့စဥ် စာမေးပွဲ တစ်ဘာသာပြီး၊တစ်ဘာသာ ဖြေရုံပင် ဖြစ်သည်။ 





မဲ့တုန် နောက်ဆုံးစာမေးပွဲ ဖြေနေချိန်တွင် မိုးရွာသည်နှင့် နှင်းကျသည်က တပြိုင်တည်း ဖြစ်နေပြီး ရာသီဥတုက အလွန်ဆိုးရွားသည်။နှင်းမှုန်များ ကျဆင်းလာသော်လည်း အဝတ်များအပေါ် ရောက်လာသည်နှင့် အလျင်အမြန် အရည်ပျော်သွားကာ ရေစက်များ အဖြစ် စွန်းထင်းစိုစွတ် စေတော့သည်။ 



နှင်းကျနေသည်ဟု ထင်သဖြင့် မဲ့တုန်က ထီးမယူလာခဲ့ပေ။ သူ စာမေးပွဲခန်းက ထွက်သည်နှင့် အပြင်ဘက်တွင် ယန်ရှုမင်က ထီးတစ်ချောင်းကိုင်ရင်း စောင့်နေသည်ကို တွေ့ရ၏။ 



"မိုက်တယ်ကွာ အာ၊ တကယ်ပဲ မိုက်လိုက်တာ။မဲ့ဇီမှာ လာကြိုပေးမဲ့ လူ ရှိတယ်ကွ။ငါတို့နဲ့ မတူဘူး။ ငါတို့ကတော့ မိုးရေထဲမှာ ကျောပိုးအိတ် ခေါင်းပေါ်တင်ပြီး ပြန်ရမှာပဲ။" 



တုချွမ်၏ စနောက်သော အသံက အနောက်ဖက်မှ ထွက်လာခဲ့သည်။ မဲ့တုန်လည်း ရှက်ရှက်နဲ့ လည်ချောင်းကို ရှင်းနေမိသည်။ 



"ကောင်းပြီ။ သွားတော့လေ။လူကို စောင့်နေရအောင် မလုပ်နဲ့။ သူ မင်းကို နှစ်ရက်လုံး စောင့်နေပေးတာကို။" 



ဝူကျီမော့က ဒါကို ပြောရင်း မဲ့တုန်ကို တံတောင်ဖြင့် ဖြည်းဖြည်းလေး တွန်းထိုးလိုက်သည်။ 



မဲ့တုန် ခြေလှမ်းအနည်းငယ် လှမ်းပြီး မိုး၊နှင်းနှင့် လူအုပ်ကြီးတို့ကို ဖြတ်သန်းကာ အောင်မြင်စွာဖြင့် ယန်ရှုမင်၏ ထီးအောက်သို့ ရောက်သွားသည်။





ကျောပိုးအိတ်ကို ရင်ခွင်ထဲ ပိုက်ထားရင်း သူက ယန်ရှုမင်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။ 



"ခင်ဗျား ကျွန်တော့်ကို လာကြိုပေးဖို့ အထူးတလည် လာခဲ့တာလား။"





ယန်ရှုမင်က တဖန် ပြန်ပြီး မေးလိုက်သည်။ 



"မင်း ဘယ်လိုထင်လဲ။"





မဲ့တုန် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားသည်။ 



"ကျွန်တော့်ရဲ့ မေးခွန်းကို ခင်ဗျားက အမြဲတမ်း ဘာလို့ မေးခွန်းနဲ့ပဲ ပြန်ဖြေနေရတာလဲ။ကျွန်တော်က အရင်ဆုံး မေးတဲ့သူပါ။ဒီတိုင်း အဖြေပဲ တန်းဖြေပေးလို့ မရဘူးလား။"



ယန်ရှုမင် ရယ်မောလိုက်သည်။ 



"မင်းရဲ့မေးခွန်းတွေက မကောင်းသေးလို့ ဖြစ်မယ်။နောက်တစ်ခါဆိုရင် သေချာအောင် လုပ်ပြီးမှ မေးလေ။"



ရင်ထဲတွင် ချိုမြိန်သွားသော်လည်း ကျယ်ကျယ် ထုတ်မပြောလိုက်ပဲ မဲ့တုန် ပြန်ဖြေလိုက်သည်။ 



"ခင်ဗျားက အများကြီး မေးနေတာပဲလေ။" 



ယန်ရှုမင်က ဖြေလိုက်သည်။ 



"အမ်၊ ကိုယ့်မှာ လိုအပ်ချက်လေးတောင် ရှိလို့ မရဘူးလား။"



မဲ့တုန် တိတ်တဆိတ် ခေါင်းငြိမ့်လိုက်သည်။ 



"ရတယ်"



ယန်ရှုမင် ထပ်မေးလိုက်သည်။ 



"မင်းကရော"



မဲ့တုန် သူ့ကို ကြည့်လိုက်သည်။ 



"ဘာကိုလဲ" 



ယန်ရှုမင် မေးလိုက်သည်။ 



"မင်းရဲ့ လိုအပ်ချက်က ဘာတွေလဲ။"





သူတို့နှစ်ယောက်က စာသင်ဆောင်ရှေ့ရှိ သစ်ပင်အောက်တွင် မတ်တပ်ရပ်နေကြဆဲ ဖြစ်သည်။ဒီတစ်ခါတွင် မဲ့တုန်က စောစောဖြေ၍ မပြီးဘဲ စာမေးပွဲအချိန်စေ့မှသာ ထွက်လာခဲ့သည်။စာသင်ဆောင်ရှေ့တွင် လူအလွန်ရှုပ်နေသဖြင့် သူတို့ ရပ်စောင့်နေခဲ့ရ၏။မျက်လုံးများစွာက သူတို့ကို ကြည့်နေမှန်း မဲ့တုန် သတိထားမိသည်။သူ လုံးဝစိတ်မလှုပ်ရှားပေ၊ အနည်းငယ်တော့ ရှက်နေသည်။သူ့ကျောပိုးအိတ်ကို ဖျစ်ညှစ်နေရင်းမှ သတ္တိကို စုစည်းလိုက်ပြီး သူ ပြောလိုက်သည်။ 



"ဆောင်းရာသီ ပိတ်ရက်အတွက် ကျွန်တော်တို့ အောင်ပွဲခံသင့်လား။"





ယန်ရှုမင်က သူ့မျက်လုံးများကို ကြည့်ပြီး မေးသည်။ 



"ကိုယ်တို့ ဘယ်လိုမျိုး အောင်ပွဲခံသင့်လဲ။"





မဲ့တုန်က အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး သူ့အလိုလို ဖြောင့်ဖြောင့်မတ်မတ် ရပ်လိုက်ကာ 



"ကျွန်တော့်ကို နမ်း"



ယန်ရှုမင်က အနည်းငယ် အံ့ဩသွားမိပြီး 



"ဒီနေရာမှာလား"



မဲ့တုန် ခေါင်းငြိမ့်လိုက်သည်။ 



"မကောင်း ...." 



သူ့စကားကို ဆုံးအောင် ပြောဖို့ အခွင့်အရေး မရလိုက်ပေ။ 



ယန်ရှုမင်က ထီးကို အောက်ဘက်သို့ အနည်းငယ် စောင်းငဲ့လိုက်သည်။ကြီးမားသည့် အနက်ရောင်ထီးက သူတို့ကို လူမမြင်အောင် အပြည့်အဝ ကွယ်ထားပေးနိုင်မလားဆိုသည်တော့ မဲ့တုန် သေချာမသိပေ။ခဏအကြာတွင် သူ့နှုတ်ခမ်းထက်တွင် နွေးထွေးသည့် အထိအတွေ့လေးတစ်ခုကို ခံစားလိုက်ရသည်။ပတ်ဝန်းကျင်တစ်ခုလုံး စိုစွတ်စွတ်နှင့် အေးစက်နေပြီး ဆူညံလှ၏။ဤမတိုင်ခင်က လေအေးများကြောင့် မဲ့တုန်၏ နားရွက်များပင် အနည်းငယ် ထုံကျင်နေခဲ့ရသည်။သို့သော်ငြား ယခုတွင် မဲ့တုန်၏ နားရွက်များက နီရဲပြီး ပူလောင်လာသဖြင့် ထုံနေသော နာကျင်မှုပင် သက်သာသွားတော့သည်။ 



ဤသို့ တောင်းဆိုမှုတစ်ခု လုပ်ခဲ့သော အခိုက်အတန့်တွင် မဲ့တုန်၌ ဘယ်က ဘယ်လို ရောက်လာမှန်း မသိသော သတ္တိအများအပြားရှိနေခဲ့သည်။အကြောင်းရင်းကတော့ မသဲကွဲပါ။ 



ယန်ရှုမင်က စာမေးပွဲပြီးသွားပေမဲ့ သူနဲ့အတူတူ အိမ်ပြန်ဖို့ စောင့်နေပေးသောကြောင့် ဖြစ်မည်။'မင်း' ဆိုသည့် တစ်စုံတစ်ယောက်အတွက် ဒိုင်ယာရီ ရေးပေးသောကြောင့် ဖြစ်ပေမည်။ဒီနေရာတွင် ယန်ရှုမင်က အနက်ရောင်ထီးကို ကိုင်၍ ရပ်စောင့်နေသည်က ထူးထူးခြားခြား ဆွဲဆောင်မှု ရှိနေသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်မည်။ဤသို့ မဟုတ်လျှင် အစမ်းတွဲသည့်ကာလကို ကျော်ဖြတ်နိုင်ခဲ့သည့် အခြေအနေကို သူ ပြန်သတိရသွားသောကြောင့် ဖြစ်လိမ့်မည်။





အနည်းငယ် ကြာသွားပြီဟု ခံစားရသဖြင့် မဲ့တုန်က အလျင်အမြန် တွန်းဖယ်ပစ်ရန် ကြိုးစားလိုက်သည်။သို့သော် လက်တစ်ဖက်က သူ့လည်တိုင်ကို မြဲမြံစွာ ဆုပ်ကိုင်လာ၏။ 



ချက်ချင်းပင် မဲ့တုန်က နာခံကျိုးနွံပေးလိုက်ရင်း၊အကောင်ငယ်လေးများ၏လည်ပင်းကို ဆုပ်ကိုင်လိုက်လျှင် ဘာကြောင့် ၎င်းတို့က မလှုပ်ရှားရဲတော့သည်ကို သဘောပေါက်သွားတော့သည်။သူ့ပါးစပ်နှင့် လှုပ်ရှားမှုများကို ကန့်သတ်ခံလိုက်သဖြင့် ထိုနေရာမှာ တောင့်တောင့်ကြီး ရပ်နေမိ၏။ 





သူ့အကြည့်များမှာမူ လွတ်မြောက်ခွင့်ရနေသဖြင့် သူ မော့ကြည့်လိုက်စဥ် ယန်ရှုမင်က ထီးကို စောင်းငဲ့ထားရသဖြင့် တစ်ကိုယ်လုံး၌ အေးစက်ပြီး စိုစွတ်သော နှင်းများဖြင့် ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသည်။ 



"မင်းရဲ့ တောင်းဆိုမှုကို နောင်တရနေလား။" 



ထိုသူက သူ့နှုတ်ခမ်းများထက်တွင် ဖိ၍ တိုးဖွဖွ ပြောသည်။



မဲ့တုန်မှာ တုန်တုန်ရီရီဖြင့် အသက်ဝဝရှူလိုက်ပြီး 



"ကျွန်တော် ... ကျွန်တော် ဒါကို နောင်တမရဘူး။"





အနမ်းတစ်ခုက ဘယ်လောက်ကြာမြင့်မည်လဲ ဆိုသည့် အယူအဆမှာ မဲ့တုန်ထံတွင် မရှိပေ။ယန်ရှုမင် နောက်ဆုတ်လိုက်သည်နှင့် မဲ့တုန်က ထီးလက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး ထိုသူ၏ တစ်ကိုယ်လုံး လုံလုံခြုံခြုံ ဖြစ်အောင် သေချာ ပြန်တည့်ပေးလိုက်သည်။ 



ယန်ရှုမင်က မဲ့တုန်ထက် သိသိသာသာ အရပ်ပိုမြင့်လေရာ၊ထီး ပြန်ကျလာချိန်တွင် ထီးအနား၏ ထိပ်ဖျားစွန်းက မဲ့တုန်၏ခေါင်းပေါ် ထိမိသွား၏။ယန်ရှုမင်ထံမှ ကြိတ်မှိတ်ထိန်းချုပ်ထားရသော ရယ်သံတစ်ခု ထွက်လာသည်။ 



"မင်း အခု ရှက်နေတာလား"





မဲ့တုန် တိတ်ဆိတ်စွာဖြင့် ထီးကို နည်းနည်း ပြန်မလိုက်သည်။ 



"ကျွန်တော် မရှက်ပါဘူး။"





သူတို့၏ ရထားလက်မှတ်များမှာ နေ့လည်ပိုင်းတွင် ဖြစ်သည်။သူတို့နှစ်ယောက်လုံး ခရီးဆောင်အိတ်များ ထုတ်ပိုးရန် အဆောင်ကိုပြန်သွားကြသည်။ခရီးက တစ်နာရီခွဲ ကြာမြင့်မည်ဖြစ်ပြီး ယခုအချိန်တွင် လက်မှတ်ရဖို့က သိပ်မလွယ်ကူသဖြင့် သူတို့၏ထိုင်ခုံများက တစ်နေရာတွင် အတူတူ မကျပေ။





သူတို့၏မြို့သို့ ရောက်ချိန်တွင် သူ့ချစ်သူကောင်လေးက ရထားအဆင်း လှေကားနေရာတွင် သူ့ကို စောင့်နေတာကို မဲ့တုန် မြင်လိုက်ရသည်။သူတို့ စကားများ ဖလှယ်မနေတော့ဘဲ ဘူတာရုံအပြင်ဘက်သို့ လူအုပ်ကြီးနောက် လိုက်၍ ထွက်ခဲ့ကြသည်။ 



ထွက်ခွာရန် သူတို့၏ အိုင်ဒီကတ်များကို စကင်မ် မဖတ်ရသေးခင် သူ့အမေက အထွက်တံခါး၌ စောင့်နေသည်ကို မဲ့တုန် တွေ့လိုက်မိသည်။ 



သူ အေးခဲသွားပြီး ယန်ရှုမင်နှင့် သူ့ကြားတွင် အကွာအဝေးတစ်ခုကို အလိုအလျောက် ခြားထားမိလိုက်၏။ 



++++++++