Chapter 47
Viewers 4k

🌌Chapter 47



လုမော့ အခန်းထဲပြန်ရောက်သောအခါ ညနက်နေပြီဖြစ်သည်။


လုမော့က လတ်လတ်ဆတ်ဆတ် ဖျော်ရည်တစ်ခွက်ကို သူ့လက်ထဲတွင် ကိုင်ထားပြီး ကျယ်ဝန်းပျော့ပျောင်းသော ဆိုဖာပေါ်တွင် ငေးတိငေးမောထိုင်နေ၏။ ရွှဲနစ်နေသော ရေခိုး ရေငွေ့များ ပြန်တက်လာပြီး သူ့ကို အသက်ရှုကြပ်လာစေ၏။


[လုမော့...]


သူက စနစ်အား ပေါ့ပေါ့တန်တန် တုံ့ပြန်ခဲ့၏။

"ဘာကိစ္စရှိလို့လဲ..."


[တကယ်တော့ ငါမေးချင်နေတာ...မင်း လင်းကို တကယ်ချစ်သွားတာလား...အဲ့ဒါ ဖြစ်နိုင်တယ်မလား...]

စနစ်၏ အသံက စိုးရိမ်တကြီးဖြစ်နေပြီး သူက တုံ့ဆိုင်းစွာ မေးလိုက်၏။


လုမော့၏ လှုပ်ရှားမှုရပ်သွားပြီး ခွက်အတွင်းရှိ ကြည်လင်သောရေများက တုန်ခါကာ အနည်းငယ် ဖိတ်ကျသွား၏။ သူက လှောင်ရယ်လိုက်၏။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…မင်း ရူးနေတာလား...ဒါက ဂိမ်းတစ်ခုပဲလေ...တကယ် ဘယ်လိုဖြစ်နိုင်မှာလဲ..."


စနစ်က ကြိုတင်ပြင်ဆင်မှုများစွာ လုပ်ထားသော်လည်း လုမော့က ထိုသို့ပြန်ဖြေမည်ဟု  မမျှော်လင့်ထားခဲ့ပေ။

[ဟမ်...ဟမ်...ဒါပေမယ့်...]


အကယ်၍ လုမော့က အရာအားလုံးကို သရုပ်ဆောင်ခဲ့မည်ဆိုပါက သူ့သရုပ်ဆောင်မှုက လက်တွေ့ဆန်လွန်းသည်ပင်။ သူက စနစ်ကိုပင် လှည့်စားခဲ့၏။


" နောက်ဆုံးမှာတော့ ဒီကမ္ဘာက တကယ်ဟုတ်မဟုတ်မှန်တောင် ငါသေချာမသိဘူးလေ...ဒီလောကအမြင်က တကယ်ထူးဆန်းတယ်လို့ မင်း မထင်ဘူးလား..."

လုမော့က အေးအေးဆေးဆေး တစ်ငုံသောက်လိုက်၏။


" အမျိုးသားဇာ့ဂ်တွေ အရမ်းနည်းတဲ့အတွက် သူတို့ကို ဘာလို့ အကျဉ်းချထားပြီး မကျွေးမွေးထားတာလဲ...ငါက ဇာ့ဂ်မျိုးနွယ်ရဲ့တန်ဖိုး၊ လူအခွင့်အရေး၊ ဇာ့ဂ်ရဲ့ လုပ်ပိုင်ခွင့်ကို မတွေး တာမဟုတ်ဘူးနော်...ငါ လင်းကို ချစ်ဖို့နေနေသာသာ သူ့အပေါ်စိတ်နှစ်ထားဖို့ ဘာခံစားချက်မှ မရှိဘူး...ဒီလို မိုက်မဲတဲ့ စကားတွေကို နောက် မပြောပါနဲ့...စနစ်...အဲ့ဒါက ရူးသွားဖို့ လုံလောက်နေပြီ…"

သူ သက်ပြင်းချလိုက်၏။


စနစ်က ဒေါသတကြီး ပြောလိုက်၏။

[ငါ...ငါက မင်းကို စိတ်ပူလို့ကွ...ကျေးဇူးမသိတတ်တဲ့ လူသားကောင်...]


လုမော့ အသက်ရှူထုတ်လိုက်၏။

" တကယ် ရင်ထဲထိတာပဲ..."


ထိုစကားက ကြက်သွန်ဖြူဥတစ်လုံး စား၍ အနှစ်သာရကို စုပ်ပြီး သွေးစုပ်ဖုတ်ကောင်ကို ဖြန်းလိုက်သည့်သဖွယ် သူ့ပါးစပ်က ထွက်လာ၏။ ထိုစကားက စနစ်ကို ဒေါသဖြစ်စေပြီး၍ သူမေးလိုက်၏။

[ဘာပဲဖြစ်ဖြစ်...ဟမ့်...]


"ဒါပေမယ့် ငါအရမ်းသိချင်နေတာ...ငါ လင်းကို ချစ်တယ်ဆိုရင်ရော...မင်းဘာလုပ်မလဲ..."

လုမော့က ရှက်ရွံ့စွာ ပြုံးလိုက်၏။

" ဒီဂိမ်းကို အတင်းအကြပ်အဆုံးသတ်လိုက်မှာလား... ငါ့ကို ကမ္ဘာမြေဆီ တိုက်ရိုက်ပြန်ပို့ပေးမှာလား…"


သူ့လက်ချောင်းလေးများက ခွက်နှုတ်ခမ်းသားကို ဖိထားလိုက်ရာ ရေနွေးပူပူမှာ အနီရောင်ပြောင်းသွား၏။


[ဘယ်လိုဖြစ်နိုင်မှာလဲ...မင်းဇာတ်ကွက်ကို ပြီးအောင်လုပ်ရမယ်...ပြီးသွားတာနဲ့ တစ်ခါတည်း ဒီလောကက ထွက်သွား ရလိမ့်မယ်...]

စနစ်က  အောင်ပွဲခံသည့်အသံဖြင့် ပြောဆိုခဲ့၏။


အလင်းရောင်အောက်တွင် သူ့မျက်နှာပေါ်မှ ပြင်းထန်သည့် အရိပ်အယောင်များ ဝုန်းခနဲ ဖုံးလွှမ်းသွားခြင်းကို ဖုံးကွယ်ရန် လုမော့ ခေါင်းငုံ့လိုက်ရာ သူ့အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူက တိုးတိုးလေးပြော၏။

" အိုး... ဒါပဲပေါ့..."


[ငါ့မှာ အတွေ့အကြုံ အများကြီး ရှိဖူးတယ်...ပိုင်ရှင်က ရှိရင်းစွဲလူကို ချစ်မိသွားတဲ့ အဖြစ်လို အခြေအနေမျိုးတွေလေ...]


လုမော့က တည်ငြိမ်စွာ ပြောလိုက်၏။

" ဒါဆို မင်းဘယ်လို ဖြေရှင်းလိုက်တာလဲ..."


စနစ်၏ အသံက ရွှင်မြူးလာ၏။

[ရွေးချယ်စရာ နှစ်ခုရှိတယ်...တချို့လူတွေက သူတို့ရဲ့ အမှတ်တရတွေကို ဖျောက်ဖျက်ဖို့ ရွေးချယ်ကြပြီး တချို့လူတွေက သူတို့ရဲ့ အမှတ်တရတွေကို သိမ်းဆည်းထားဖို့ ရွေးချယ်ကြပေမယ့် သူတို့ရဲ့စိတ်ခံစားချက်တွေကို ရုတ်သိမ်းခံရပြီး မူရင်းကမ္ဘာမှာ ပုံမှန်ဘဝနဲ့ နေထိုင်နိုင်ကြပါတယ်...]


လုမော့ခေါင်းမော့ပြီး မျက်လုံးများ ကွေးသည်အထိ ပြုံးလိုက်၏။

" ဝိုး…အံ့သြစရာကောင်းတာပဲ..."


သူ့လက်သည်းများက ခွက်အစွန်းကို ပေါ့ပေါ့တန်တန် ထိလိုက်၏။

ဘယ်သူမှ မနေခဲ့ချင်ဘူးလား... အတွေ့အကြုံရှိတဲ့ စနစ်တစ်ခုက ဒီအခြေအနေကို ဘယ်လို ဖြေရှင်းမလဲ...


စနစ်က ရပ်တန့်သွားပြီး ခဏအကြာတွင် ပြန်ဖြေ၏။

[ဒါ မဖြစ်နိုင်ဘူး...ဇာတ်ကွက်ပြီးသွားတာနဲ့ မင်းက မင်းရဲ့ ကိုယ်ပိုင်ကမ္ဘာကို ချက်ချင်း ပြန်သွားရ လိမ့်မယ်…]


[တစ်စုံတစ်ယောက်က ဆက်နေမယ်ဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ ငါလည်း ဆုံးဖြတ်မတတ်ဘူး...]


လုမော့: "..."


[နောက်တစ်ခုက…]

စနစ်အသံက ပိုလေးနက်လာ၏။ 

[အဲဒါ...တကယ်ပူတယ်လို့ မင်းမထင်ဘူးလား...ဒါက ပွက်ပွက်ဆူအောင်တည်ထားတဲ့ရေပဲကို...]


လုမော့ထိတ်လန့်သွားပြီး မြေပြင်ပေါ်လဲကျကာ လှိမ့်ချလိုက်၏။

"ပူလိုက်တာကွာ...သေပါပြီ... ငါတော့..."


လှဲချလိုက်ခြင်းဖြင့် ပြည့်လျှံလာတော့မည့် သူ၏ ဝမ်းနည်းမှုကို ဖုံးကွယ်ထားနိုင်၏။


သူ လင်းကို သဘောကျသည်က လင်း၏ အသွင်အပြင်ကို သဘောကျရုံသာဟု အမြဲတွေးခဲ့သည်။ 

ဒီလောက်လှတဲ့လူကို ဘယ်သူငြင်းနိုင်မှာလဲ...


မသိလိုက်ဘဲ ထိုကြိုက်နှစ်သက်မှုက တဖြည်းဖြည်း အကျင့်ဖြစ်လာ၏။ လုမော့သတိပြုမိချိန်တွင် သူ ဘယ်အချိန်ကတည်းက လင်းကို စချစ်မိသွားသည်ကိုပင် မမှတ်မိတော့ချေ။


သူက လင်းကို အလွန်သဘောကျ၏။


အခုအချိန်မှာပင် သူ့၌ ဤကမ္ဘာအပေါ် အစစ်အမှန်ခံစားချက် မရှိသေးပေ။ သို့သော် ဤအတုအယောင်ကမ္ဘာတွင် လင်းက သူ့အာရုံအားလုံးကို ဆွဲဆောင်ခဲ့၏။


ငါ ဘာလုပ်သင့်လဲ……


လုမော့က သူ့ရင်ဘတ်ကို တင်းတင်းဆုပ်ရင်း အံကြိတ်ထားမိ၏။


သူ လင်းကို လုံးဝအစွဲကြီးမစွဲလန်းမီ ဤလောကမှ ထွက်ခွာရန် သူ့တွင် နောက်ဆုံးသော ကြည်လင်မှုနှင့် သတ္တိ မပျောက်ကွယ်မီ လက်ရှိအချိန်ထိသာ။


ငါ ထပ်ပြီး မနီးစပ်နိုင်တော့ဘူး…


————


နောက်ဆုံးတွင် လုမော့က စနစ်မျက်နှာပြင်ကို ထပ်မံနှိပ်လိုက်သည်။ သူ ဤမျက်နှာပြင်ကို နောက်ဆုံးဖွင့်ခဲ့သည်မှာကြာပြီဖြစ်ပြီး အမြဲတမ်း မတက်လာနိုင်သည့် အမှိုက်ဆန်မှုတန်ဖိုးက မြင်လိုက်သည်နှင့် ဝမ်းနည်းလာစေ၏။


ဤတစ်ကြိမ်တွင် နှိပ်လိုက်သည်နှင့် သိသိသာသာကြီး ပြောင်းလဲသွားပေသည်။


ပထမက အမှိုက်ဆန်မှုတန်ဖိုး ဖြစ်၏။ လေလံပွဲ၌ သူ့အပြုအမူအပြီးတွင် မျိုးရိုးမြင့်အမျိုးသား ဇာ့ဂ်များ၏ အထင်အမြင်မှာ ဒုံးပျံအောက်ခြေအထိ ရိုက်ခတ်သွားခဲ့၏။


သူတို့က တကယ်ကို အဆင့်မြင့် အမျိုးသားဖြစ်ဖို့ ထိုက်တန်ရဲ့လား...ဟမ့်...

သူတို့၏ လှုပ်ရှားမှုတိုင်းက ပတ်ဝန်းကျင်ရှိ ဇာ့ဂ်တိုင်းကို အလွယ်တကူ လွှမ်းမိုးစေနိုင်ပြီး အများသူငါ၏ သဘောထားကို လမ်းညွှန်နိုင်၏။ ယခု လေလံပွဲပြီးဆုံးပြီး မကြာမီတွင် လုမော့၏ အမှိုက်ဆန်မှုတန်ဖိုးက ကြီးမားသောအမြတ်အစွန်းဖြင့် မြင့်တက်လာခဲ့ပြီး ၎င်းကတဖြည်းဖြည်း စုဆောင်းနေဆဲဖြစ်၏။


ထို့အပြင် ဆေးရည်များ၊ ရုပ်ပြစာအုပ်များ၊ ထန်ခေတ်ဓားများနှင့် အခြားပစ္စည်းများက တစ်ခုနှင့်တစ်ခုအပေါ်တွင် ဆင့်နေကြပြီး တောက်ပလင်းထိန်သော အလင်းရောင်ကို တိတ်တဆိတ် ဖြန့်ကျက်ထား၏။


သို့သော် အထင်ရှားဆုံးအရာမှာ စုဆောင်းမှု၏ တိုးတက်မှုပင်။ လုမော့က ၎င်းပေါ်မှ သေးငယ်သော စာသားများကို ဖတ်ခဲ့၏။ 

[စုန့်ကျန်းရှူး၏ ဇာတ်ဆောင်အရှိန်အဝါက ပြန်လည်ကောင်းမွန်နေပြီး တိုးတက်မှုက ၅၀% ဖြစ်ပါတယ်...] 


သူ မေးစေ့ကို ထိလိုက်သည်။

ဇာတ်လမ်းထဲက ဇာတ်ကောင်တွေအားလုံးက စုန့်ကျန်းရှူးနဲ့ ဆက်စပ်နေတယ်ပေါ့...ဆိုလိုတာက... ဒီကမ္ဘာမှာ စုန့်ကျန်းရှူးပါတဲ့ ဇာတ်ဝင်ခန်းပြီးသွားရင် ငါ ပြန်သွားရမှာလား...


ပိုပြောရမည်ဆိုရင် အချိန်စောပြီး ပြန်ရနိုင်ချေပင်ရှိ၏။


ထိုသို့တွေးမိသောအခါ လုမော့က ချက်ချင်း စိတ်ဝင်စားမှု ပျောက်ဆုံးသွားပြီး မျက်နှာပြင်ကို သာမန်ကာလျှံကာ ပိတ်ပစ်လိုက်၏။


ခဏနေပါဦး ငါ တစ်ခုခုမှားနေတာကို မြင်လိုက်ရပုံပဲ…


လုမော့ မျက်နှာပြင်ကို ပြန်ဖွင့်လိုက်ရာ စနစ်၏ [ပိုင်ရှင်အဆင့်မြှင့်တင်ခြင်းအစီအစဉ်] တွင် တစ်စုံတစ်ခုကို တွေ့ခဲ့ရ၏။ 

ငါ ဘာတွေ့ခဲ့တာလဲ...


[နောက်ဆုံးပန်းတိုင်- ဇာ့ဂ်ဘုရင်မကို လုပ်ကြံသတ်ဖြတ်ပြီး ကမ္ဘာကြီးကို သုတ်သင်ရှင်းလင်းကာ အောင်မြင်မှုရယူပြီး အမှိုက်ဆန်မှုတန်ဖိုးအားလုံးကို ချက်ခြင်းရယူပါ...]


"သောက်ကျိုးနဲ...မင်းဘာတွေတွေးနေတာလဲ..."

စနစ်က ရုပ်ပိုင်းဆိုင်ရာအရ တည်ရှိနေပါက လုမော့ သူ့လည်ပင်းနောက်ကျောကို ဆုပ်ကိုင်လိုက်ပြီး ပြင်းပြင်းထန်ထန် လှုပ်ခါရန် မစောင့်နိုင်တော့ပေ။

"မင်းရူးနေတာလား..."


စနစ်- [...အဟီးဟီး...]


"ငါ့ဖင်လို...အဟီးဟီးနေလိုက်..."


လုမော့ မယုံနိုင်ချေ။ စနစ်က ဇာ့ဂ်မျိုးနွယ်စု၏ ဇာ့ဂ်ဘုရင်မကို လုပ်ကြံသတ်ဖြတ်ရန် အလေးအနက် စီစဉ်လျက်ရှိ၏။


ဇာ့ဂ်မျိုးနွယ်စုက ဇာ့ဂ်ဘုရင်မကို ဘယ်သောအခါမှ ဆုံးရှုံး၍မရကြောင်း လုမော့ပင် သိလေသည်။


ယနေ့ခေတ် အင်ပါယာကြယ်တွင် အဆင့်အတန်းမြင့်သော အမျိုးသားများဇာ့ဂ်များ တဖြည်းဖြည်း မွေးဖွားလာရခြင်း၏ အဓိကအကြောင်းရင်းမှာ ဇာ့ဂ်ဘုရင်မကြောင့်ပင်။


နှစ်စဉ်နတ်ဘုရားများပူဇော်ခြင်းထုံးတမ်းပွဲက တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပ‌သော အခမ်းအနား ဖြစ်၏။ ဤအခမ်းအနားတွင် ဇာ့ဂ်ဘုရင်မက နတ်ဘုရားစိတ်ကြိုက်မွေးဖွားသန့်စင်ခြင်းပြုရန် အမျိုးသမီးဇာ့ဂ်တစ်ဦးကို ရွေးချယ်မည်။


နတ်ဘုရားသန့်စင်ခြင်းမင်္ဂလာပြုပြီးနောက် အမျိုးသမီးဇာ့ဂ်က ပထမဆုံးဇာ့ဂ်ဥကို မွေးဖွားပေးမည်ဖြစ်ပြီး ၎င်းက အမျိုးသားဇာ့ဂ်ဥဖြစ်မည်မှာ သေချာသည်။


မိခင်ဇာ့ဂ်ကို တစ်ကြိမ် ဆုံးရှုံးသည်နှင့် ခက်ခဲသော အခြေအနေတွင် ရှိနေသော ဇာ့ဂ်မျိုးနွယ်က သံသယမရှိ ပြိုလဲသွားမည်ဖြစ်၏။


[ကောင်းပြီ၊ ကောင်းပြီ...မင်းက ငါမြင်ဖူးသမျှထဲမှာ သတိအကြောင်ဆုံး ပိုင်ရှင်ပဲ... ငါ့ရဲ့ အရင်ပိုင်ရှင်တွေအားလုံးက နတ်ဆိုးတွေကို ကန်ထုတ်ပြီး နတ်ဘုရားတွေကို တိုက်ဖူးတယ်...]

စနစ်က ရေရွတ်လိုက်၏။


လုမော့ နှာရှုံ့လိုက်၏။

"သူတို့ မင်းကြောင့် မရူးသွားဘူးဆိုတာ သေချာလား…"


စနစ်: "……"


လုမော့: "..."


အို ဘုရားရေ...ဒီယုံကြည်စိတ်ချရတဲ့ စနစ်ကတော့…


၎င်းက ဤကိစ္စကို အမှန်တကယ် လေးလေးနက်နက် စဉ်းစားနေပေ၏။


————


ဆေးရုံခန်းထဲတွင်…


ဝမ်ကောက မျက်လုံးကို အားပျော့စွာဖွင့်လိုက်ပြီး သူ့ရှေ့မှ ထူးဆန်းသည့်အခန်းကို ကြည့်လျက် တစ်ခဏမျှ အတွေးထဲနစ်မျောသွားသလို ခံစားလိုက်ရ၏။


ဗိုလ်မှူးကိုရှာရန် သူနောက်ဆုံးအကြိမ် ကျတ်တီးကြယ်သို့ ထွက်ခဲ့ပြီးကတည်းက ဒဏ်ရာ အပြင်းအထန်ရခဲ့၏။ သူ ကောင်းကောင်းနားသင့်ပေ၏။


သို့သော် စုန့်ကျန်းရှူး၏ အခြေအနေအတွက် စိုးရိမ်သဖြင့် သူပြန်လည်သက်သာရာရရန်ကို ခဏဘေးဖယ်ထားခဲ့ပြီး တစ်ကြိမ်မျှ မကုသဘဲထားလိုက်သည်နှင့် ပြန်မကောင်းလာတော့ပေ။


သူတို့က အမြဲတစေ ပြေးလွှားနေရ၏။ စုန့်ကျန်းရှူးက ပိုက်ဆံသာမကဘဲ ထိုလောင်းကြေးကြောင့် များစွာဆုံးရှုံးခဲ့၏။ သူ့အင်ပါယာကြယ်၏ နေထိုင်ခွင့်ကိုလည်း ဆုံးရှုံးခဲ့ရပြီး အွန်လိုင်းဗီဒီယိုများက သူ၏ ဂုဏ်သိက္ခာအပေါ် အလွန်ဆိုးရွားစွာ လွှမ်းမိုးခဲ့၏။ သူ လင်းကို လုံးဝဆုံးရှုံးသွားခဲ့သည်။


ကံကြမ္မာဆိုးများလည်း လိုက်လာခဲ့၏။


အကြောင်းပြချက်အချို့‌ကြောင့် ယခင်က အမြဲတမ်း ချောမွေ့စွာ ရွက်လွှင့်ခဲ့သည့် စုန့်ကျန်းရှူးက အဘယ့်ကြောင့်မှန်းမသိ မကြာခဏ ရှုံးနိမ့်ခဲ့ပြီးနောက် ညှိနှိုင်းထားသည့် လုပ်ငန်းက မအောင်မြင်ခဲ့ပါပေ။ အမျိုးသမီးဇာ့ဂ်တစ်ဦးကို ကူညီရန် ကြိုးစားခြင်းက သူ့ကို ပိုသနားစရာ ကောင်းသည့် အခြေအနေသို့ ကျရောက်စေခဲ့ပြီး စုန့်ကျန်းရှူးအပေါ် ဒုတိယမင်းသားလေး၏ စိတ်နေသဘောထားက ရုတ်တရက် အေးစက်သွားခဲ့သည်။


ပြေးလွှားပြီး အလုပ်များနေသည့် စုန့်ကျန်းရှူးကို ကြည့်ပြီး ဝမ်ကောက သူ့စိတ်အခြေအနေကို မပြောပြချင်‌တော့ပေ။ 


သူ အလွန်ပင်ပန်းနေချိန်တွင် ဝမ်ကောက သူ့စိတ်ခံစားချက်ကို မနှောင့်ယှက်နိုင်ချေ။


နောက်ဆုံးတွင် စုန့်ကျန်းရှူးက S အဆင့်ကို ရောက်ရှိတော့မည်ဖြစ်သည်။


ထို့အပြင် စုန့်ကျန်းရှူးအောင်မြင်သရွေ့ သူတို့ကြားမှနှောင်ကြိုးကြောင့် သူ၏ စိတ်စွမ်းအင်ပင်လယ်ပျက်စီးမှုကို  အတူတကွပြန်လည်ပြုပြင်မည်ဖြစ်သည်။


စုန့်ကျန်းရှူးက ယခင်ကဲ့သို့ မတူညီသည့် အခြေအနေများတွင်ပင် အနာဂတ်အသစ်ကို ဖန်တီးပေးနိုင်မည်ဟု သူယုံကြည်၏။


...


"ကြည့်ရတာ မင်းရှုံးသွားပုံပဲ..."


ဝမ်ကော နှုတ်ခမ်းမဲ့ကာ ခါးသက်သက် ပြုံးလိုက်၏။

"ဟုတ်တယ်...ငါ ရှုံးသွားတာ..."


လင်းက ဆေးရုံကုတင်ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေကာ သူကိုက်ထားသည့် စီးကရက်မှ မီးခိုးများ လွင့်ပျံနေ၏။ သူ့အတွက် ထိုင်ခုံတန်းက နည်းနည်းကျဉ်းသောကြောင့် သက်တောင့်သက်သာဖြစ်စေရန် သူ့ခြေထောက်များကို ကွေးထားပြီး စောင်းထားရသည်။ ၎င်းက နည်းနည်းလေး ပုံမကျဖြစ်နေပြီး အိပ်ယာပေါ်တွင် လဲနေသည့် လူနာကို မလေးမစား ဖြစ်နေသော်လည်း သူ့ခြေထောက်များ နေ၍ပိုကောင်းရန် လိုနေ၏။


ဝမ်ကော နိုးလာပြီးနောက် လင်းကို မြင်မြင်ချင်းပင် သူ့ယခင်ကာလ၏ အတွေ့အကြုံများကို ရှင်းပြခဲ့သည်။


လင်းက လက်တစ်ဖက်တွင် ဓားမြှောင်ငယ်တစ်ချောင်းကို ကိုင်ထားပြီး ကျန်တစ်ဖက်တွင် သစ်သီးကို ကိုင်ထား၏။ သစ်သီးအခွံနွှာသည့် သူ့လက်ရည်က ရန်သူများကို သတ်သည့် လက်ရည်နှင့် မကွာခြားဘဲ အခွံတစ်ပိုင်းက အညီအမျှ စက်ဝိုင်းပုံကျသွား၏။


"ငါ နားမလည်ဘူး……"

လင်းက မျက်မှောင်ကြုတ်ကာ ပန်းကန်ပြားပေါ်ရှိ အသီးအနှံများကို အတုံးသေးသေးလေးများ လှီးဖြတ်လိုက်သည်။

"စုန့်ကျန်းရှူးက မင်း ပုံမှန်မဟုတ်တာကို ဘယ်လိုတောင် သတိမထားမိနိုင်တာလဲ..."


စုန့်ကျန်းရှူးကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် သတ်ပစ်ရန် ကြိုးစားခဲ့သော်လည်း လင်းက ထိုက်ိစ္စမှာ သူ့ကိုယ်ပိုင် ပြဿနာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိ၏။ စုန့်ကျန်းရှူးက သူ့ကို ချစ်သည့် အမျိုးသမီးဇာ့ဂ်တိုင်းကို နူးညံ့သိမ်မွေ့စွာ ဆက်ဆံမည်ဖြစ်ပြီး သူ့နောက်လိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှုပင်။


အနည်းဆုံး သူက အခြားအမျိုးသားဇာ့ဂ်များကဲ့သို့ အမျိုးသမီးဇာ့ဂ်များကို စော်ကားမည်မဟုတ်ချေ။


တစ်ချိန်တည်းမှာပင် လင်းက သူ၏ ရူးသွပ်သောစရိုက်နှင့် တည်ငြိမ်သောအကြောင်းပြချက်ကို ထိန်းသိမ်းနိုင်ခဲ့သည့်အတွက် သူကိုယ်တိုင်ပင် အံ့အားသင့်ခဲ့ရ၏။ ဤလွန်ကဲသော အရည်အချင်းနှစ်ခုက သူ့ထံတွင် တည်ရှိနေပုံရ၏။


ဟမ်... လုမော့ကို စတွေ့ကတည်းက ဒါက တဖြည်းဖြည်း ဖြစ်လာပုံရတယ်...


ဝမ်ကောက ခေါင်းခါလိုက်၏။

 "သခင့်အနေအထားက ပိတ်မိနေတဲ့ သားရဲတစ်ကောင်လို ကြောက်စရာကောင်းတဲ့ အခြေအနေမှာ ရှိနေတယ်...သူက S အဆင့်ကို ချိုးဖျက်ဖို့လုပ်နေတုန်း ကျရှုံးသွားတာ..."


လင်းက ချက်ချင်းဆိုသလို အရာအားလုံးကို နားလည်သွား၏။


ဝမ်ကောက ဘာကြောင့် S အဆင့်အမျိုးသမီးဇာ့ဂ် ဖြစ်သွားတာလဲ...

သူ မူလက S အဆင့်၏ အစွန်းတွင် ပျံဝဲနေပြီး ပေါင်းစည်းထားသည့် အမျိုးသားဇာ့ဂ်၏ လွှမ်းမိုးမှုအောက်တွင် သူက သဘာဝအတိုင်း အတူတကွ တိုးတက်လာခဲ့၏။


သို့သော် စုန့်ကျန်းရှူးက မအောင်မြင်ခဲ့ချေ။


ဝမ်ကော၏ ပြိုကျပျက်စီးနေသော စိတ်စွမ်းအင်ပင်လယ်က အမျိုးသားဇာ့ဂ်၏ ရိုက်ခတ်ရာ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ခဲ့ပြီး နေရာတွင်ပင် ကွဲအက်သွားခဲ့သည်။


"သူငါ့ကြောင့် ကြောက်လန့်သွားတာ...သခင့်အပေါ် ကတိပြုထားတဲ့ လူက ငါ့ကို သေချာကယ်တင်ပေးမယ်လို့ ပြောခဲ့တယ်...အဲ့နောက်မှာ ငါ လုံးဝကိုမာဖြစ်သွားတာ..." 


လင်းက စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ 

“အဲ့လူက အမျိုးသားဇာ့ဂ်တစ်ကောင် ဟုတ်လား...”


"ဟုတ်တယ်..."

ဝမ်ကောက မျက်မှောင်ကြုတ်ကာ စဉ်းစားနေ၏။

“သူက ငါ့ကို ကယ်တင်မယ်လို့ ဧကရာဇ်ကို ကတိပေးခဲ့တယ်… ပြီးတော့ ငါ လုံးဝ သတိလစ်သွားခဲ့တယ်...”


"နိုးလာတော့ ငါဒီမှာရောက်နေပြီ..."


လင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဖိနပ်များကို စိုက်ကြည့်နေကာ လက်ချောင်းများကို ဒူးပေါ်တင်လိုက်၏။


ဝမ်ကောက လင်း၏ အလေ့အကျင့်ကို ကောင်းစွာ သိသည်။ လင်းက အတွေးထဲ နစ်သွားပုံပင်။


ဆယ်မိနစ်အကြာတွင် လင်းက မိန်းမောနေရာမှ နိုးလာပုံရ၏။ သူ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ကာ သူ့အနီ‌ရောင်မျက်လုံးများက ထူးဆန်းသော အလင်းရောင်ဖြင့် တောက်ပလာ၏။

"ဝမ်ကော...မင်းမြင်ခဲ့တဲ့ ယောကျာ်း သူပုံက ဘယ်လိုပုံစံလဲ..."


ဝမ်ကောက တိုးတိုးလေးပြော၏။

"သူ့မှာ တိမ်လို အဝါရောင်မျက်လုံးတစ်စုံရှိပြီးတော့...အဲဒါက ငါ့ကို အရမ်းစိတ်မသက်မသာ ဖြစ်စေတယ်..."


လင်း၏ ပါးစပ်ထောင့်များ ညင်သာစွာ ကွေးတက်သွားပုံက တံစဉ်၏ ချွန်ထက်သော အစွန်းကဲ့သို့ပင်။


"နောက်ဆုံးတော့…"


"နောက်ဆုံးတော့ မင်းကို ငါရှာတွေ့ပြီ..."


သူ့အသံက တုန်နေသော်လည်း ယင်းက ကြောက်စိတ်ကြောင့် မဟုတ်ဘဲ ပြင်းထန်သည့် စိတ်လှုပ်ရှားမှုကြောင့်ပင်။


...................................................................


စာရေးသူမှာ ပြောစရာတစ်ခုရှိပါတယ်...

စာရေးသူက လျှပ်စစ်မီးပြတ်တောက်သွားလို့ စကားလုံးပေါင်းတစ်ထောင်ကျော်ကို ဖုန်းသုံးပြီး ရေးခဲ့ရပါတယ်...အဆုံးမှာတော့ ဒါတွေကို လွှင့်ပစ်ဖို့ လက်မခံနိုင်လို့ပါ...ဒါကြောင့် မင်းတို့ကို ပြပေးလိုက်ပါတယ်...


( Eng Translator က အရှေ့မှာ ပြတ်ကျန်ခဲ့တဲ့စာတွေကို ဒီနေရာမှာ ထည့်ပေးထားတာမို့ ဒီနေရာက စာ‌က လင်းနဲ့ ဝမ်ကောစကားပြောတာရဲ့နောက်က အဆက်မဟုတ်ပါဘူး၊ မထည့်ရေးလိုက်ရင်လည်း နောက်ပိုင်းကျ ဇာတ်လမ်းကို နားမလည်ဖြစ်မှာစိုးလို့ ထည့်လိုက်ရတဲ့ပုံပါပဲ၊ စာရေးသူက တိတိကျကျမပြောထားပေမယ့် ဒါက လေလံပွဲအပြီး လုမော့ကို လင်းက မစ္စတာလိုက်ယင်အကြောင်း ပြောပြပြီးတဲ့နောက် ဝမ်ကောဆီ သွားမတွေ့ခင်အချိန်မှာ ဖြစ်ခဲ့တာတွေလို့ ထင်ပါတယ် )


နောက်တစ်ပိုင်းက စာအသစ်တွေနဲ့ ရောကုန်မှာစိုးလို့ ကျန်ခဲ့တဲ့စာပိုဒ်ကို { } နဲ့ ရေးပေးထားပါ့မယ်


------------


{ ကိစ္စများအားလုံးကို ပြောဆိုပြီးနောက် လုမော့က လင်းကို ချက်ချင်း အိမ်ပြန်ရန် အေးစက်စွာ အမိန့်ပေးခဲ့သည်။


လင်းက အတိတ်အကြောင်း လုမော့ကို ပြောပြပြီးနောက် လုမော့က မစ္စတာလိုက်ယင်က လင်းအတွက် မည်မျှအရေးကြီးသည်ကို နားလည်သင့်ပေသည်။


ထို့ပြင် ဝမ်ကောက မစ္စတာလိုက်ယင်၏ တစ်ဦးတည်းသောသားဖြစ်သည့်အတွက် လင်းက သူ့အတွက် အလွန်စိုးရိမ်နေရ၏။ သို့သော် လုမော့က လင်းကို သူ့နှင့်အတူ ချက်ချင်း အိမ်ပြန်ရန် အေးစက်စွာ အမိန့်ပေး၏။


ဤအပြုအမူက အလွန်မိုက်မဲသည်ဟု ဆိုနိုင်ပေသည်။


[ဒင်...ရက်စက်ကြမ်းကြုတ်တဲ့လူက စွမ်းဆောင်ရည်ကို အပြည့်အ၀ ပြသနိုင်ခြင်းကြောင့် အမှိုက်ဆန်မှုတန်ဖိုးက တစ်ရာတိုးလာပါတယ်...]


သို့သော် လုမော့ မကြာမီ နောင်တရသွား၏။ သူတို့အိမ်ပြန်ရောက်ပြီးနောက် တစ်ညလုံး မလျော်မကန်သည့် အပြုအမူများကို ပြုလုပ်ကြ၏။


ည၏ဒုတိယပိုင်းတွင် လင်းက မည်သို့ပင် ကပ်တွယ်နေပါစေ လုမော့က ကျောကို နံရံထောင့်သို့ ဖိထားပြီး ခေါင်းအုံးနှင့် စောင် အသုံးပြု၍ “လမ်းကြောင်း” ကို ဖန်တီးထားကာ သူ့မျက်လုံးစိမ်းများက လင်းအား သတိကြီးစွာ စိုက်ကြည့်နေ၏။


လင်းက စကားမပြောဘဲ သူ့ကို ဆက်ကြည့်နေလိုက်၏။


လုမော့က လက်ပိုက်ထားပြီး လင်းကို ညစ်ညမ်းသည့် မျက်နှာနှင့် မေးလိုက်၏။

"လင်း...လုံလောက်ပြီလား...မိုးမလင်းခင်အထိ သုံးနာရီတောင် မလိုတော့ဘူး...မင်း ဝမ်ကောဆီ ဒီလိုမျိုး သွားလည်မှာလား..."


လင်း၏ ဆံချည်မျှင်များက ထိုးထိုးထောင်ထောင်ထွက် နေသော်လည်း လှပသောမျက်လုံးများက မကျေမနပ်အကြည့်ကို ပြသနေ၏။ သူကဲ့သို့ သန်မာသောအမျိုးသမီးတစ်ဦးက ထိုကဲ့သို့သောပုံစံကိုပြသသောအခါ အမျိုးသမီးများနှင့် အဆင့်န်ိမ့်အမျိုးသမီးများအပါအဝင် ဇာ့ဂ်မျိုး နွယ်ဝင်များက သူ၏တောင်းဆိုမှုကို ငြင်းဆန်နိုင်မည်မဟုတ်ပေ။


လုမော့ နှုတ်ခမ်းထောင့်ကို ပင့်တင်လိုက်၏။


ပထမဆုံးအကြိမ်တွင် ၎င်းက အသုံးဝင်နိုင်ကောင်းနိုင်ပြီး ဒုတိယတစ်ခေါက် သူ့ကို လိမ်ပြောနိုင်သော်လည်း လင်းက အထပ်ထပ်အခါခါ ထိုသို့ ပြုလုပ်တတ်၍ သူဘယ်တော့မှ ထပ်ပြီး မတုန်လှုပ်တော့ပေ။


သူက သူ့လက်ကို ဆန့်တန်းပြီး လင်း၏ ပါးကိုညှစ်ကာ ဆူပူလိုက်သလို တိုးတိုးလေးပြော၏။

"ဒီနေ့ ခုနစ်ရက်ရှိပြီနော်...မင်း...မင်းက အရမ်းထန်တဲ့ အမျိုးသမီးပဲ...မင်း ဦးနှောက်ကို ကောင်းကောင်းဆေးသင့်တယ်..." 


လုမော့၏ သဘောထားက အလွန်စိတ်ပိုင်းဖြတ်ပြီးသလို အေးစက်နေသဖြင့် လင်းက ချုပ်ကိုင်တတ်သော အမျိုးသား၏ နှလုံးသားကို မထိနိုင်တော့ကြောင်း သိလိုက်ကာ ဝမ်းနည်းနေသော အသွင်အပြင်ကို ချက်ချင်း ဖယ်ပစ်လိုက်၏။ သူ ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်၏။

"ဒါက အမျိုးသားဇာ့ဂ်ရဲ့ တာဝန်ပဲလေ..."


လုမော့ ထိုအချက်ကို ဒေါသထွက်သွားပြီး သူမျက်ခုံးများက ကျွတ်ထွက်ကာ ဆံပင်များထဲ ခုန်ဝင်သွားမတတ် ဖြစ်သွား၏။

"အမျိုးသားဇာ့ဂ်ရဲ့ တာဝန်က ဇာ့ခ်မျိုးနွယ်စုဖို့ မျိုးပွားပေးရုံဆိုရင်တော့ ဒီလိုလုပ်ဖို့ ငါငြင်းမှာ..."


ကြက်ကို သတ်ပြီး ကြက်ဥကိုယူတဲ့အပြင် ငါးကို ဖမ်းဖို့ အိုင်ကို ဖော်နေတာပဲ…


ငါ နည်းနည်းလောက် အသုံးတော်ခံရတာကနေ သက်သာနိုင်မလား...


ယခုအခါ သူက ဇာ့ဂ်မျိုးနွယ်ကို လေးလေးနက်နက် နားလည်လာသော်လည်း ခုနစ်ရက်အတွင်း စနစ်က သူ၏ မသင့်တော်သော အပြုအမူများကြောင့် အချိန်တိုင်း မတတ်နိုင်စွာ ဒေါသထွက်နေရပြီး အမှောင် အခန်းငယ်အတွင်းသို့ လွှင့်ပစ်ခြင်းခံနေရ၏။


ဘယ်လိုပဲဖြစ်ဖြစ်  ဒါက ပုံမှန်မဟုတ်ဘူးလေ...



🌌🌌🌌


ကျန်ခဲ့တဲ့စာက ဒီမှာ မဆုံးသေးဘူးနော် နောက်Chapterအစမှာလည်း ပါပါသေးတယ် 💙