Chapter 113
Viewers 50k

💘Chapter 113 

ဟက်ကာကွတ်ကီး



ဆိုင်ရှင်၏သူငယ်အိမ်များ အနည်းငယ်ကျုံ့သွားသည်။ ဝေ့ချန်၏ လေသံမှာ သေချာလွန်းသဖြင့် သူ့အား နောက်ဆုတ်ရန် နေရာမရှိဖြစ်စေသည်။


သူက သူ့ရှေ့က အမူအရာမဲ့​နေ​သောလူကို စူးစူးစိုက်စိုက်စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက တစ်စုံတစ်ခုကို ဖြေရှင်းရန် စိတ်အားထက်သန်နေသကဲ့သို့ စိတ်ပိုင်း​ဖြတ်ထားမှုများနှင့် ပြည့်နေသည်။ နောက်ဆုံးမှာ သူက ခေါင်းညိတ်ပြီးပြောလိုက်၏။


"ကောင်းပြီ ငါ မင်းကို ကူညီနိုင်တယ်...ငါ့ကို ဖုန်းနံပါတ်ပေးပါ"


စိတ်လှုပ်ရှားမှုကြောင့် တင်းမာနေသည့် ဝေ့ချန်၏ အာရုံကြောများ ထိုအချိန်တွင် ပြေလျော့သွားခဲ့သည်။ စားပွဲပေါ်မှ မှတ်စုစာရွက်ကို ယူကာ ဂဏန်းများ အလျင်အမြန် ချရေးပြီးနောက် ဆိုင်ရှင်ထံ ကမ်း​ပေးလိုက်သည်။


ဆိုင်ရှင်က ဖုန်းနံပါတ်ကိုယူကာ ကောင်တာဆီသို့ ပြန်သွားပြီး ကွန်ပြူတာဖွင့်ပြီး ကီးဘုတ်ပေါ်တွင် လက်ချောင်းသွယ်သွယ်တို့ဖြင့် စာရိုက်နေ​လေတော့သည်။


ဝေ့ဟွားက ဝေ့ချန်ကို ကြည့်လိုက်ကာ သူ့မျက်နှာမှာ ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။ဝေ့ချန် ဘာတွေလုပ်နေလဲ သူမသိဖြစ်နေ၏။


"ဘာ​တွေဖြစ်​နေတာလဲ အားချန်" 

ဝေ့ဟွားက လုံးဝ ပဟေဠိဖြစ်၍နေကာ မေးလိုက်သည်။ သူက ယခုအချိန်တွင် အမှောင်ထဲတွင် ရှိနေသည်။(နားမလည်/မသိဖြစ်နေ)


"ငါမင်းကို နောက်မှပြော​ပြမယ်"

ဝေ့ချန်က အနည်းငယ် စိတ်သက်သာရာရစွာ ပြောလိုက်သည်။


ချန်လီက တစ်ဖက်လူ၏စိတ်ခံစားချက်ကို ခံစားသိရှိလွယ်သည်။သူက ဝေ့ချန်၏ စိတ်ခံစားချက်အပြောင်းအလဲကို ခံစားမိပြီး သူ့ကို လှည့်ကြည့်ကာ  တိုးတိုးလေး မေးသည်။

"ဖြေရှင်းနည်းရှာ​​တွေ့သွားတာလား" 


သူဘာဖြစ်ခဲ့သည်ကို မသိသော်လည်း ချန်လီသည် အစောပိုင်းက ဝေ့ချန်နှင့် စကားပြောနေစဉ်ရှိ ကျူးကောယွီ၏ လေးနက်သောအမူအရာမှ တစ်ခုခုဖြစ်ခဲ့သည်ကို သိနိုင်ပြီး ခက်ခဲသောအခြေအနေဖြစ်လောက်မှန်းလည်းသူသိသည်။


"ဟုတ်တယ် ကူညီပေးနိုင်တဲ့သူကို ရှာတွေ့ပြီ" 

ဝေ့ချန်က ချန်လီ၏ခေါင်းလေးကို ပွတ်ပြီး ပြောလိုက်သည်။


"ဪ"

ချန်လီက ပြန်ဖြေပြီး ခေါင်းဆက်ငုံ့ကာ လိမ္မော်ရည်ကို သောက်​​လေသည်။ သူက တစ်စုပ်သောက်ကာ မျိုချလိုက်ပြီးနောက် သူကဆက်မေး၏။

"ဒါဆို မနက်ဖြန် အလုပ်ကိစ္စနဲ့ ခရီးသွားဦးမှာလား"


"မနက်ဖြန်မသွားဘူး သဘက်ခါ"

ဝေ့ချန်က ပြန်ဖြေသည်။


ချန်လီ၏ အကြည့်များ ချက်ချင်း မှိန်သွားသည်။ဝေ့ချန် ဖြေရှင်းနည်းကို ရှာတွေ့ခဲ့သွားလျှင်အလုပ်ကိစ္စနှင့် ခရီးထွက်စရာမလို​တော့ဟု သူထင်ခဲ့ပေမဲ့ နောက်ဆုံးမှာ သွားရဦးမည်ဖြစ်နေသည်။


ဝေ့ချန်က ချန်လီ၏ခံစားချက်ကို သိသည်။ သူက ချန်လီ၏ ဆံပင်များကို ဆွဲဖွပြီးပြောလိုက်၏။

"ကိုယ် မကြာခင် ပြန်လာခဲ့မှာ...စိတ်မပူပါနဲ့ လီလီရဲ့"

ချန်လီက သူနှင့်မခွဲချင်ကြောင်းကို သူသိသည်၊ သို့သော် သူလုပ်ရမည့်အရာများနှင့် သင်ခန်းစာ​​ပေးရန် လိုအပ်သောလူအချို့ရှိ​နေသည်။


"ဒါဆို မြန်မြန်ပြန်လာ"

ချန်လီက ဝေ့ချန်ကို လေးနက်သောအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။


"ကောင်းပါပြီ"

ဝေ့ချန်က အပြုံးရိပ်သန်းနေသောမျက်လုံးများနှင့် ခေါင်းညိတ်ကာဆိုသည်။


ဖြစ်စဉ်တစ်လျှောက်လုံး ဝေ့ဟွားက သူတို့ဘာတွေပြောနေမှန်းမသိဘဲ အံ့သြ​နေ​သောအမူအရာနှင့်သူတို့ကိုကြည့်နေခဲ့သည်။


ဝေ့ချန် နှင့် ချန်လီတို့ စကားပြောပြီးသောအခါ ဆိုင်ရှင်က သူတို့နားကို ​ရောက်လာသည်။ သူက ဝေ့ချန်ကို USB flash driveတစ်ခု ပေးပြီး ဆို​လေသည်။

"မင်း လိုအပ်တာ အားလုံး ဒီထဲမှာပါတယ်... ခေါ်ဆိုမှုမှတ်တမ်း​တွေတင်မကဘူး...အွန်လိုင်းပေါ်က စကားပြောမှတ်တမ်း​တွေလည်း ပါတယ်...ခေါ်ဆိုမှုမှတ်တမ်းတွေက လွန်ခဲ့တဲ့ခြောက်လအတွင်းကဟာတွေ... အရေးမကြီးတဲ့ ကိုယ်ရေးကိုယ်တာခေါ်ဆိုမှု​တွေကို ငါစစ်ထုတ်ထားပြီးပြီမလို့ အများ​ကြီးမကျန်တော့ဘူး... ကျန်တာကို ကိုယ်ဘာကိုယ် စစ်ဆေးရလိမ့်မယ်...​​ငွေလွှဲမှတ်တမ်း​တွေနဲ့ပတ်သက်ပြီး​တော့ ငါ ပုံပို့ထားတဲ့မှတ်တမ်းတွေကိုပဲဖြတ်ယူထားတယ်... လုံလောက်တဲ့ သက်သေဖြစ်​မယ်လို့ ငါထင်တယ်"


"ဒါတွေက လုံလောက်ပါတယ်"

ဝေ့ချန်က USB flash drive ကိုယူကာ "ကျေးဇူးတင်ပါတယ် ကွတ်ကီး(Cookie)"

ဟု ပြောလိုက်သည်။ အလွန်လျှို့ဝှက်ဆန်းကြယ်သော နာမည်တစ်ခုဖြစ်သည့် ကွတ်ကီးက နိုင်ငံတကာတွင် ထိပ်တန်းဟက်ကာများထဲမှ တစ်ဦးဖြစ်သည်။


ဤအင်္ဂလိပ်စကားကြားသောအခါ ဆိုင်ရှင်က အံ့သြမသွားပေ။ စောစောက ဝေ့ချန် ထိုခိုင်မာသေချာသောလေသံနှင့်ပြောလိုက်ကတည်းက ဝေ့ချန်က သူ့မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းမိမှန်း ဆိုင်ရှင်သိထားပြီး​ပြီဖြစ်သည်။


"ကျေးဇူးတင်စရာ မလိုပါဘူး"

ဆိုင်ရှင်က ပြုံးပြကာဆိုသည်။


"ကွတ်ကီး..." 

ဝေ့ဟွားက ဘာမှနားမလည်ပေမဲ့ "ကွတ်ကီး"ဆိုသည့် စကားလုံးကို ဖမ်းမိလိုက်ပြီး စိတ်လှုပ်ရှားစွာပြောလိုက်၏။

"ဒါ ခင်ဗျားရဲ့အင်္ဂလိပ်နာမည်လား... ဘာသာပြန်လိုက်ရင်'ကွတ်ကီး' လို့ အဓိပ္ပာယ်ရတယ်မလား... ခင်ဗျားနာမည်က ကွတ်ကီးလို့ခေါ်တာလား သူဌေး"


ဆိုင်ရှင်၏ အပြုံးက ချက်ချင်းပျောက်ကွယ်သွားပြီး ပြောလေသည်။

"လိုအပ်တာမှန်သမျှ ဆွေးနွေးပြီးပြီ... အခုဆိုပိတ်တော့မှာမို့ ထွက်သွားပေးပါ"


ဝေ့ဟွားက ဆိုင်ရှင်၏ အေးစက်သော တုံ့ပြန်မှုကြောင့်စိတ်ကွက်မသွား​​ပေ။သူက ဆိုင်ရှင်၏နာမည်ကို ကွတ်ကီးဟု ဆုံးဖြတ်ထားပြီးသားဖြစ်ပုံရပြီး မတ်တပ်ရပ်ကာ ငွေပေးချေရန်အတွက် ဆိုင်ရှင်၏နောက်ကနေ ကောင်တာဆီသို့ လိုက်သွားခဲ့သည်။


"ကွတ်ကီး ကိုယ်က ဝေ့ဟွားပါ... 'ဝေဖာ' နဲ့အသံထွက်တူတယ်မလား...ကိုယ်တို့နှစ်ယောက်လုံးက ဘီစကွတ်တွေဆိုတော့ ကိုယ်တို့က မိသားစုဖြစ်ဖို့ မွေးဖွားလာတာပဲနော်"

ဝေ့ဟွားက ​​ပိုက်ဆံကိုကမ်း​ပေးရင်း ရွှင်မြူးစွာပြောသည်။


ဆိုင်ရှင်က သူ့ကို လျစ်လျူရှုပြီး အကြွေရေရာမှာ အာရုံစိုက်နေခဲ့သည်။


ချန်လီနှင့်ဝေ့ချန်တို့က ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ဝေ့ဟွားက တုံ့ပြန်မှုမရရှိခဲ့ပေမဲ့ စိတ်ပျက်မသွားပေ။သူက အကြွေကို ကိုင်ကာ ဆိုင်ရှင်ကို တာ့တာ့ပြကာပြောလိုက်သည်။

"နောက်မှတွေ့မယ်နော် ကွတ်ကီး" 

သူစကားပြောရင်းနှင့် ဆိုင်ရှင်ကို မျက်လုံးတစ်ဖက်မှိတ်ကာ လေပေါ်အနမ်းတစ်ပွင့်ပေးလိုက်သေးသည်။


ဆိုင်ရှင်က ဝေ့ဟွားထံမှ လေပေါ်အနမ်းကို ငြင်းပယ်ကာ လှည့်၍ စားပွဲကို သန့်ရှင်းရေးလုပ်​​နေသည်။


သူတို့ ဘလူးစ်အပြင်ဘက်ရောက်သည်နှင့် ဝေ့ဟွားက ဝေ့ချန်ကို ဆွဲပြီး ပြောလေသည်။

"အားချန် သူဌေးနဲ့ သိလား... သူက ဟက်ကာတစ်ယောက်ဆိုတာ မင်းဘယ်လိုသိတာလဲ"


​ဝေ့ဟွားက မတုံးပေ။ဖုန်းနံပါတ်တစ်ခုဖြင့် တစ်စုံတစ်ဦး၏ခေါ်ဆိုမှုမှတ်တမ်းများ၊အဆက်အသွယ်များနှင့် အွန်လိုင်းစကားပြောခန်းမှတ်တမ်းများကိုပင် ဝင်ရောက်ကြည့်ရှုနိုင်ခဲ့သည်။ ထိပ်တန်းဟက်ကာတစ်ဦး​ဖြစ်မှသာ ထိုအရာကို အောင်မြင်စွာလုပ်​ဆောင်နိုင်သည်။ဝေ့ချန်က ဆိုင်ရှင်၏လျှို့ဝှက်အလုပ်အကြောင်းကိုသိ​နေသည်။ယင်းက မယုံနိုင်စရာကောင်းသည်ဟုဝေ့ဟွားခံစားရသည်။


ဝေ့ဟွား၏ အဆက်မပြတ် မေးမြန်းမှုများကို မြင်ပြီး ဝေ့ချန်က ရှင်းပြလိုက်ရသည်။

"ဒီနေ့မှ သိလိုက်ရတာ... ဒီနေ့က ဟက်ကာတွေကိုယ်တိုင် စီစဉ်ကျင်းပတဲ့ နိုင်ငံတကာ ဟက်ကာပြိုင်ပွဲ...ဘလူးစ်ကဖီးထဲကို ဝင်လာတုန်းက သူဌေးရဲ့ ကွန်ပြူတာဖန်သားပြင်ကို အမှတ်တမဲ့ ကြည့်မိလိုက်တော့ သိသွားတာ"


ဝေ့ချန် ပြောမပြသည်က သူက တစ်ချက်ကြည့်လိုက်ရုံနှင့် သူဌေး၏ ID ကို မြင်ရုံတင်မက နိုင်ငံတကာ ဟက်ကာပြိုင်ပွဲများရှိ သူ၏အောင်မြင်မှုများကိုပါ မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။


"ဪ"

ဝေ့ဟွား ထိုရှုထောင့်ကို လုံးဝနားမလည်ခဲ့ပေ။ကီးဘုတ်ပေါ်တွင် စာရိုက်နေချိန်မှာ ဆိုင်ရှင်က အလွန်မိုက်သည်ဟုသာ သူ​တွေးခဲ့ပြီး ဘာစာရိုက်နေသည်ကို ဂရုမစိုက်ခဲ့ပေ။

"ဒါဆို သူက တကယ်ကို အရည်အချင်းရှိတာပဲ"

အဆုံးမှာ ဝေ့ဟွားက ဆိုင်ရှင်က သူ့အပိုင်ဖြစ်ပြီး​နေ​သည့်အတိုင်း ဂုဏ်ယူစွာပြောလိုက်၏။ 


ဝေ့ချန် ဝေ့ဟွားကို တစ်ချက်ကြည့်လိုက်ပြီး ဤလူက ကယ်တင်၍မရတော့ဟု ခံစားလိုက်ရသည်။


သို့ပေမဲ့ ဝေ့ဟွားကဝေ့ချန်ကို ဆွဲပြီးထပ်မေးပြန်သည်။

"အားချန် ဟက်ကာတွေအကြောင်း မင်းဘယ်လောက်နားလည်လဲ...ကွတ်ကီးရဲ့ ဒဏ္ဍာရီအကြောင်း ပြောပြပါဦး"


ဝေ့ချန်က အချစ်ရူးရူး​​နေသော ဝေ့ဟွားကို ဂရုမစိုက်ဘဲ ချန်လီ၏လက်ကို ဆွဲကာ ကားပေါ်သို့ တက်သွားခဲ့သည်။ ကားတံခါးကိုပိတ်ပြီးနောက် သူက ဝေ့ဟွားကို ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်"


"ဘာအတွက်လဲ"

ဝေ့ဟွား စိတ်ရှုပ်သွားသည်။ ဝေ့​ချန်ကို ကူညီဖို့ သူဘာလုပ်ခဲ့လို့လဲ...ဝေ့ချန်ကို ဒီည လှမ်းခေါ်ပြီး ဆိုင်ရှင်က ကမ္ဘာ့ထိပ်တန်းဟက်ကာတစ်ယောက်ဖြစ်တဲ့အကြောင်း တွေ့ရှိခဲ့​စေလို့လား...


ဝေ့ချန်က မရှင်းပြပေမဲ့ ကွတ်ကီးက ဒီနေ့ သူ့ကို ကူညီရန် သဘောတူလိုက်သည့် အကြောင်းရင်းက ဝေ့ဟွား​ကြောင့်များစွာပါမှန်းသူရင်ထဲမှာသိ၏။


အကြောင်းပြချက်မရှိဘဲ လူတစ်ယောက်၏အ​ကြိုက်ကို ကောင်းကောင်းမှတ်မိမှာ မဟုတ်ပါ​ချေ။ ယနေ့တွင် ဝေ့ဟွားက အရင်ကအတိုင်းဟုသည့် စကားတစ်ခွန်းသာ ပြောခဲ့ပြီး ဝေ့ဟွား၏ ဆိုလိုရင်းကို ကွတ်ကီးကနားလည်ခဲ့သည်။ ကွတ်ကီးက ဝေ့ဟွား ၏အ​ကြိုက်နှင့် ကိုက်ညီသော ကော်ဖီကို သကြားနှင့် ခရင်မ်ပမာဏကွက်တိဖြင့် ပြင်ဆင်​​ပေးခဲ့သည်။


၎င်း၏နောက်ကွယ်က အဓိပ္ပါယ်က အတွေးပွားစရာဖြစ်စေသည်ကသဘာဝဖြစ်၏။


သို့သော် ဝေချန်က ၎င်းကို ဂရုမစိုက်​ပေ။ဤသည်က ဝေ့ဟွားနှင့်ကွတ်ကီးကြားက ကိစ္စတစ်ခုဖြစ်ပြီး အချစ်ကိစ္စဖြစ်၏။သူတို့ကိုယ်တိုင်ပဲ ဖြေရှင်းကြပါစေလေ။


ထုံးစံအတိုင်း ကိစ္စထဲမှာပါ​ဝင်​​နေသည့်ကာယကံရှင်လူတစ်ယောက်အနေဖြင့် ဝေ့ဟွားက ဝေချန်လောက် ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။သူ့မှာ ကွတ်ကီးက လက်ရှိမှာလူလွတ်ဟုတ်မဟုတ်ပင် စိတ်ထဲ ဗျာပွေနေရသည်။


ဝေ့ဟွား သူ့နှလုံးသား ယားယံနေသလို ခံစားရသည်။ လှမ်း​မျှော်ကြည့်လိုက်သည့်အခါ ဘလူးစ်မှာ မီးများလင်းနေသေးသည်ကို တွေ့လိုက်ရ၏။ သူလှည့်ပြီး ဘလူးစ်သို့ ပြန်ပြေးသွားခဲ့သည်။သူ အဝင်ဝသို့ရောက်သောအခါ ကွတ်ကီးက မီးများပိတ်ပြီးနေပြီဖြစ်သည်။အဝင်ဝကိုလာ​ပြီး တံခါးပိတ်တော့မလိုလုပ်​​​နေချိန်မှာ ဝေ့ဟွားနှင့်တည့်တည့်တိုးလေသည်။


"ဆိုင်ပိတ်ပြီ... ကိစ္စရှိရင် မနက်ဖြန် မှပြန်လာပါ"

ကွတ်ကီးက အေးစက်စက် မျက်နှာနှင့် ပြောလိုက်၏။


"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး... မေးစရာတစ်ခုရှိလို့ အဖြေကို ကိုယ်သိချင်တယ်"

ဝေ့ဟွားက သူ့​အကြည့်များကို ကွတ်ကီးပေါ်မှာ ပိတ်လှောင်ထားပြီး သူ့နှုတ်ခမ်း​ပေါ်မှာ တောက်ပနေသော အပြုံးတစ်ပွင့်ရှိ​နေသည်။


အခိုက်အတန့်တစ်ခုမျှ ကွတ်ကီး ကြောင်အသွားသော်လည်း အမြန်ပြန်အသိဝင်လာသည်။ သို့သော် သူ့အကြည့်များက ရှောင်ဖယ်လိုသော အရိပ်အယောင်များ ရှိနေသည်။

"ငါ့မှာ အဖြေမရှိဘူး"


"မမေးရ​သေးဘဲနဲ့ အဖြေမရှိဘူးဆိုတာ ဘယ်လိုသိတာလဲ"

ဝေ့ဟွားက ကွတ်ကီး၏ ရှောင်ဖယ်မှုကို မသိဘဲ ​မေးရန်အတွက် မသိစိတ်ဖြင့် ကွတ်ကီး၏အနားကို ကပ်လာခဲ့သည်။


"အဖြေမရှိဘူးဆိုရင် အဖြေမရှိဘူးပဲ" ကွတ်ကီးက အေးစက်သောအမူအရာကို ထိန်းသိမ်းရန် ခက်ခက်ခဲခဲ ကြိုးစားခဲ့သော်လည်း တစ်စုံတစ်ခုကို ဖိနှိပ်ထားသကဲ့သို့ လက်သီးများ တင်း​နေ​အောင်ဆုပ်ထားသည်။


"မင်း စိတ်လှုပ်ရှားနေတယ်"

ဝေ့ဟွားက ကွတ်ကီးကို စိုက်ကြည့်ရင်း ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။ 


ကွတ်ကီးက ဝေ့ဟွား၏ကို ​ပြန်ကြည့်လာပြီး သူ့မျက်လုံးများက ခံစားချက်ကင်းမဲ့​​​​နေကာ တိတ်ဆိတ်နေခဲ့သည်။


"မင်း လက်ရှိမှာ လူလွတ်လားလို့ ကိုယ်မေးချင်တယ်"

ဝေ့ဟွားက အရင်ဆုံးအလျှော့ပေးကာ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး သူ၏အမူအရာမှာ အလွန်လေးနက်သည်။


"အမ်…"

ကွတ်ကီးက ဝေ့ဟွား ဤမေးခွန်းမေးလိမ့်မည်ဟု မမျှော်လင့်ထားမှန်း သိသာသည်။ ခဏတာ မှင်တက်သွားသော်လည်း အေးစက်သောအမူအရာ အမြန်ပြန်ရလာသည်။

"ငါက လူလွတ်ဟုတ်သည်ဖြစ်စေ ​မဟုတ်သည်ဖြစ်စေ မင်းနဲ့ဘာဆိုင်လဲ"


​ဝေ့ဟွားက မဆိုင်းမတွပြန်ဖြေသည်။

"ဆိုင်တာ​ပေါ့...မင်းသာလူလွတ်ဆိုရင် 

ကိုယ်မင်းကိုလိုက်(ပိုး)မလို့"


ဤစကားများပြောပြီးချိန်မှာ လေထုက  တောင့်တင်းသွားသလိုပင်။ကွတ်ကီးက ဝေ့ဟွားကို ကြောင်တက်တက်ဖြင့် ကြည့်​​နေကာ သူ့နှလုံးသားက နောက်စက္ကန့်တွင်ပဲ လည်ချောင်းထဲမှ ခုန်ထွက်သွား​တော့မလိုမျိုး သူ့ရင်ဘတ်ထဲတွင် တဒုန်းဒုန်းခုန်နေသည်။


"ဘာပြောလိုက်တယ်"

ကွတ်ကီးက ထပ်မေးလိုက်ပြီး  သူ့အသံမှာ အနည်းငယ် အက်ကွဲ၍နေကာ သူကိုယ်တိုင်ပင် မတွေ့နိုင်သော တိတ်တခိုးမျှော်လင့်ချက်​လေးတစ်ခု ပါရှိ၍​နေသည်။


အမှန်တွင် ဝေ့ဟွားက ထိုစကားထွက်လာသည်နှင့်ပင် တန်းနောင်တရမိသွားသည်။ သူ့ကိုယ်သူ စိတ်မြန်လွန်းသလို ခံစားရ၏။ကွတ်ကီးကို လန့်​အောင်လုပ်သွားပြီလား မသိ။သို့ပေမဲ့ ပြောပြီးသား စကားဆိုသည်က ဖိတ်သွားသည့်ရေလိုပါပင်၊ပြောပြီးသွားသည်နှင့် ပြန်ယူ၍မရတော့​ပေ။ ဝေ့ဟွားအတွက် သူပြောသမျှကို ပြန်ရုတ်သိမ်းဖို့ရာမဖြစ်နိုင်ပေ။


​ဝေ့ဟွား ဖြစ်ချင်ရာဖြစ် အကုန်လုံးဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။

"ကိုယ် မင်းကိုချစ်မိနေပြီထင်တယ်... မင်းသာလူလွတ်ဆိုရင် ကိုယ် မင်းကို လိုက်လို့မလား"

ထိုစကားပြောနေစဉ်မှာ ဝေ့ဟွားက အဖြေရရန်မျှော်လင့်ချက်ဖြင့် ကွတ်ကီးကို စိုက်ကြည့်နေခဲ့သည်။


သို့သော် ဝေ့ဟွားကို စောင့်ကြိုနေသည့်အရာမှာ သူ့ရှေ့က တံခါးကို ဘန်းခနဲပိတ်လိုက်ခြင်းပင်။သို့ပေမဲ့ တံခါး လုံးလုံးပိတ်မသွားခင်မှာ ဝေ့ဟွား "လူလွတ်ဖြစ်နေတုန်းပဲ"ဟူသော စကားကို ဖျတ်ခနဲ ကြားလိုက်ရသည်။


ထိုစကားလုံးသုံးလုံးက အလွန်တိုးညှင်းပြီး ဝေ့ဟွားမကြားလုမတတ် တိုးညှင်းသော်လည်း ဝေ့ဟွား၏နှလုံးသားကို ပြင်းပြင်းထန်ထန် ထိမှန်သွားခဲ့သည်။


"မင်းကို လိုက်ခွင့်ပြုလိုက်တာလို့ ကိုယ်ယူဆလိုက်မယ်နော်"

ဝေ့ဟွားက ဆိုင်တံခါးကို တဘုန်းဘုန်းပုတ်ကာပြီး အရူးတစ်ယောက်လို ပြုံးနေသည်။သူချက်ချင်းလက်ငင်းသာဆိုင်ထဲကို ဖောက်ထွင်းဝင်ရောက်ပစ်လိုက်ချင်သည်။


အတွင်းမှ တုံ့ပြန်မှု မရှိခဲ့​ပေ။ ဝေ့ဟွားက တံခါးမခေါက်ဘဲ ထိုနေရာမှာပဲ အူကြောင်ကြောင် ရပ်နေကာ ဝမ်းသာပီတိအဟုန်အား သူ့စိတ်နှလုံးကို လွှမ်းခြုံခွင့်ပေးလိုက်သည်။သူ့မှာ ထကချင်စိတ်ကို ထိန်းထားရန် များစွာကြိုးစား​နေရသည်။


"ကွတ်ကီး ကိုယ်ပြန်တော့မယ်... မရှက်ပါနဲ့"

ဝေ့ဟွားက ဆိုင်တံခါးကို ထပ်ခေါက်ပြီး မထွက်သွားခင် အလွန်ကိုတွေးပေးတတ်စွာ ပြောလိုက်၏။


ထပ်ပြီး အတွင်းမှ တုံ့ပြန်မှု မရှိခဲ့ပေ။ဝေ့ဟွားက ဆိုင်တံခါးကို လွမ်းတသသစိုက်ကြည့်ပြီးနောက် ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့သည်။ယနေ့ သူခံစားရသည့် ​ကြည်နူးမှုက သူဘယ်တုန်းက မကြုံဖူးသည့်အရာဖြစ်သည်။



<< >>


💘