🌌Chapter 26
လုမော့ အသွင်ပြောင်းပြီးနောက်--
သူ၏ အရှိန်အဝါက အတွင်းမှ အပြင်သို့ ခြားနားစွာ ပြောင်းလဲသွားပြီး "ဘယ်သူမှ အနားကို ကပ်မလာနဲ့" နှင့် "ဇာ့ဂ်တွေအားလုံး နောက်ဆုတ်နေကြစမ်း" ဟု ပြောနေသယောင်ဖြစ်နေ၏။
သူက အမျိုးသမီးအများစု လက်မထပ်ချင်သော အမျိုးအစားပင်။
အမျိုးသားက မျက်မှောင်ကြုတ်ကာ ပရိသတ်၏ မျက်နှာပေါ်ရှိ ရှုပ်ထွေးသောအမူအရာများကို လျစ်လျူရှုခဲ့သည်။ သူက ခေါင်းငုံ့ပြီး မြေကြီးပေါ်ထိုင်နေသည့် အမျိုးသမီးကို အေးစက်စွာ ပြောလိုက်သည်။
"မင်းက ငါ မင်းကို မတ်တပ်ရပ်ဖို့ ကူညီတာကို စောင့်နေတာလား ငါ့အိမ်သူဘုရင်မ..."
ဪ…
အရမ်းရက်စက်တယ်...အရမ်းအေးစက်တာပဲ...
ပထမအကြည့်တစ်ချက်နဲ့တင် သူက အိမ်ထောင်ကျပြီးနောက် သူ့အမျိုးသမီးဘုရင်မကို အပြစ်ပေးတတ်တဲ့ အေးစက်တဲ့ အမျိုးသားဇာ့ဂ်မျိုးဖြစ်ပြီး အိမ်သူဘုရင်မကိုတောင် နှိပ်စက်မယ့် လူမျိုးဖြစ်နိုင်တယ်...
အမျိုးသားများက ၎င်းတို့၏ အသွင်ပြောင်းပြီးနောက် နူးညံ့သိမ်မွေ့ခြင်းမှ အလွန်အမင်းအေးစက်ခြင်း၊ ဆိုးသွမ်းခြင်းမှ အလွန်အပြစ်ကင်းစင်ခြင်းသို့ ပြောင်းလဲသွားတတ်ကြ၏။ ၎င်းတို့၏ စိတ်နေသဘောထားကို ပြင်းထန်စွာ ပြောင်းလဲလိမ့်မည်ဟု ဆိုကြ၏။ သို့ဖြစ်၍ "အသွင်မပြောင်းရသေးတဲ့ ဘယ်အမျိုးသားကိုမှ မယုံကြနဲ့" ဟူသော ဆိုရိုးတစ်ခု ရှိလာသည်။
အခုပဲ ဗိုလ်မှူးကို ကြည့်လိုက်လေ...
ဤသည်က သွေးနှင့်ရင်းသည့် သင်ခန်းစာဖြစ်၏။
အမျိုးသမီးစစ်သည်များ၏ မျက်လုံးများက နာကျင်မှုနှင့် ပြည့်နေသော်လည်း သူတို့က ကြီးစိုးတတ်သော အမျိုးသားငယ်များကို ပိုကြိုက်နေကြဆဲပင်။
အဟင်း...
လုမော့နှင့် ယှဉ်ပါက လင်းက ပို၍ စိတ်ရှုပ်ထွေးနေပုံပေါ်၏။ သူ့ပခုံးနှင့် လည်ပင်းတွင် သွေးများ ထွက်နေပုံရပြီး အဖြူရောင်ဝတ်စုံမှာ သွေးများစွန်းထင်းနေသည်။ ၎င်းက တုန်လှုပ်စရာကောင်းပြီး သူတို့ကြားက အဖြစ်အပျက်ကို မှန်းဆရခက်စေ၏။
အမျိုးသားက လက်ကို မောက်မာစွာ ဆန့်တန်းလိုက်၏။
"မင်းရဲ့ အားနည်းတဲ့ ရုပ်ရည်က ငါ့အတွက် တကယ်ကို အံသြစရာပဲ...ဒီနေ့ကစပြီး S-အဆင့် အမျိုးသမီးတွေရဲ့ အကဲဖြတ်မှုကို ပြောင်းလဲရလိမ့်မယ်ထင်တယ်..."
လင်း၏ ပါးစပ်ထောင့်က မသိမသာ ကော့တက်လာပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"သခင်ရဲ့ အသွင်အပြင်အားလုံးကို ကျွန်တော် မှတ်မိနေမှာပါ..."
လုမော့: "...."
သူက မောက်မာစွာ ခေါင်းညိတ်လိုက်၏။
"ဒါ မင်းရဲ့တာဝန်ပဲ…"
လုမော့: [ငါ မကြီးပြင်းလာခင်က ဘာနဲ့တူလဲဆိုတာကို သူ မှတ်မိချင်တာလား...]
စနစ်- [အနက်ရောင် အခန်းငယ်လေးမှာ ပိုက်ဆံမီးရှို့နေရလို့ မအားဘူး... ]
လုမော့: […]
သူက လင်းကို ဆွဲထူလိုက်သည်။ ထိုအချိန်တွင် သူတို့ဘေး ရပ်စောင့်နေသည့် ဆေးစစ်သူများက နောက်ဆုံး စကားပြောရန် အခွင့်အရေးရလာ၏။ သူတို့က လုမော့ကို ရိုသေလေးစားစွာ ပြောလိုက်သည်။
"ဆရာ...အသွင်သဏ္ဍာန်ပြောင်းလဲပြီးနောက် ဇာ့ဂ်အများစုရဲ့ အဆင့်ကို မွမ်းမံပြင်ဆင်ထားဖို့ လိုပါတယ်...ဒါကြောင့် ထပ်ပြီး စမ်းသပ်ပေးပါ..."
လုမော့က မျက်မှောင်ကြုတ်၍ သူတို့ကို ကြည့်လိုက်ရာ ဆေးစစ်သူဇာ့ဂ်အနည်းငယ်က ချွေးစေးများထွက်လာ၏။
"ငါ ငြင်းတယ်..."
ဆရာဝန်က အံ့အားသင့်သွားသည်။
"အာ...ဒါပေမယ့် ဒါက စည်းမျဉ်းတွေနဲ့ မကိုက်ညီပါဘူး..."
လုမော့က သူ့ခြေထောက်ကိုမြှောက်လိုက်ပြီး ထွက်သွားချင်နေသည်။
အမှန်က သူ အနည်းငယ်အပြစ်ရှိသလို ခံစားရ၏။ အသွင်ပြောင်းချိန်အတွင်း သူ၏ မှတ်ဉာဏ်က မသေချာမရေရာဖြစ်နေ၏။ ဤအချိန်တွင် စနစ်က အနက်ရောင်အခန်းငယ်ထဲသို့ ထပ်မံဝင်နေပြီးဖြစ်၏။ ထို့ပြင် သူ့ခန္ဓာကိုယ်ထဲ၌ မည်သည့်အရာများပြောင်းလဲသွားသည်ကို သူ ရှင်းလင်းစွာ မသိပေ။
တကယ်လို့ ငါသာ B အဆင့်ထိရောက်ခဲ့ရင်...
မည်သို့ပင်ဆိုစေကာမူ D အဆင့်အမျိုးသားများက တစ်လခွဲအတွင်း B အဆင့်သို့ တက်လာခြင်းက မျက်စိကျစရာ ကောင်းလွန်းလှသည်။
သို့သော် သူထွက်သွားချင်လျှင်ပင် နောက်ကျသွားချေပြီ။
"လုမော့...မင်း သူတို့ကို ဘာလို့ အခက်တွေ့အောင် လုပ်နေတာလဲ...ဒါက သူတို့အလုပ်ပဲ..."
စုန့်ကျန်းရှူးက လုမော့ကို ပူလောင်သောမျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။
"ပြီးတော့ ဒါက ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတစ်ခုပဲကို...မင်းက ဘာကြောက်နေတာလဲ..."
လုမော့က ယခုအခါ စုန့်ကျန်းရှူးထက် ဦးခေါင်းတစ်လုံးစာ အရပ်ပိုရှည်လာ၏။ သူက စုန့်ကျန်းရှူးကို အထင်အမြင်သေးစွာကြည့်၍ အေးစက်စွာပြောလိုက်သည်။
"ငါက ကြောက်တယ်တဲ့လား..."
"ငါက မင်း အဲဒါကိုကြည့်ပြီးရင် မင်းရဲ့ နိမ့်ကျတဲ့ တန်ဖိုးထားမှုလေး တိုးတက်လာမှာစိုးလို့ပါ...ပြီးတော့ မင်းမနာလိုဖြစ်မှာကို ငါကြောက်တယ်လေ... တစ်ယောက်ယောက်က အိမ်ထဲမှာ ပိုးဟပ်အသိုက် လာဝှက်ထားသလို ခံစားရလို့...မင်း ဘယ်လိုထင်လို့လဲ မစ္စတာစုန့်..."
စုန့်ကျန်းရှူးက သူ့ကို ဤမျှ လျှာစောင်းထက်လိမ့်မည်ဟု မထင်ထားပေ။ သူက ဇာ့ဂ်များ၏ အလိုလိုက်ပေးခြင်းကို အကျင့်ဖြစ်နေ၍ ဇာ့ဂ်များက သူ့ကို ရတနာတစ်ပါးအဖြစ် အမြဲမှတ်ယူထားပြီး လေးနက်သည့် စကားမျိုးကို ဘယ်တော့မှ မပြောဝံ့ကြပေ။ စုန့်ကျန်းရှူးက အချိန်အကြာကြီး ပြန်လည်တိုက်ခိုက်ရန် စကားလုံးများကို ရှာမတွေ့ဘဲ အထစ်ထစ်အငေါ့ငေါ့နှင့်သာ ပြောနိုင်၏။
"ငါက မင်းလို D အဆင့် အမျိုးသားကို ဘာလို့ မနာလိုဖြစ်ရမှာလဲ..."
လုမော့က မျက်ခုံးပင့်လိုက်ပြီး လင်း၏ မေးစေ့ကိုပင့်ရန် လက်ဆန့်ထုတ်လိုက်ကာ လင်း၏ နှုတ်ခမ်းများကို မထိတထိ ကိုက်လိုက်၏။
"ဒါလေးကြောင့်များလား..."
စုန့်ကျန်းရှူးက အသက်ရှုကြပ်သွားသည်။
လုမော့က သူ့အားနည်းချက်ကို ထိမိသွားကြောင်း သူငြင်း၍ မရပော ထိုအခိုက်တွင် မရပ်တန့်နိုင်သော ဒေါသများက သူ့ငယ်ထိပ်သို့ ရုတ်တရက် ထိုးတက်လာပြီး တစ်ကိုယ်လုံး ဒေါသများဖြင့် ပြည့်နှက်နေကာ အနည်းငယ် တုန်ရီနေသည်။
သို့သော် ကိစ္စမရှိဟု စုန့်ကျန်းရှူးက သူ့ကိုယ်သူ နှစ်သိမ့်လိုက်၏။ သူတို့ စာချုပ်ချုပ်ထားလျှင်ပင် သူတို့မှာ သွေးစာချုပ်မရှိသရွေ့ အရာအားလုံးက ပြန်လည်ပြုပြင်၍ရပြီး အရေးမကြီးချေ။
ယခင်က လင်းနှင့်ပတ်သက်ပြီး သူဘယ်လောက် ဇီဇာကြောင်ခဲ့သည်ကို သူ လုံးဝ မေ့သွားခဲ့သည်။ ယခု လင်းက သူ့ကို ထားသွားသည်ကို သိလိုက်ရသောအခါ ဒေါသထွက်ပြီး လင်းနောက်ကိုပြန်လိုက်ရန် ဆုံးဖြတ်လိုက်၏။
သူ့မျက်စိထဲတွင် ယခင်က ဝင်မဆန့်ခဲ့သော အရာက မျက်စိရှေ့မှ ပျောက်ကွယ်သွားချိန်မှ ပြန်လည်ခြိမ်းခြောက်နေလေ၏။
ဒေါသကို အတင်းအကျပ် မျိုသိပ်ထားလိုက်သောကြောင့် သူ့မျက်နှာက ဖြူဖျော့သွား၏။
"ဒါက ငါတို့ကြားက ကိစ္စပဲ...ဒါပေမယ့် မင်း ဆေးစစ်တာကို ရှောင်ရမယ့် အကြောင်းပြချက်တော့ မဟုတ်ဘူး..."
စုန့်ကျန်းရှူးက လုမော့ မည်သည့်နည်းလမ်းဖြင့် သူ့ကို စိတ်ဆိုးအောင် ပြုလုပ်စေကာမူ လုမော့ကို သူ့မျက်စိအောက်မှ လွတ်မြောက်ခွင့်ပေးမည်မဟုတ်ပေ။ သူက ပိုပြီးထိုသို့ပြုမူလေလေ အပြစ်ရှိကြောင်း ထင်ရှားလေလေဖြစ်၏။
လုမော့ရဲ့ မျိုးရိုးဗီဇအဆင့်က ပြဿနာရှိကိုရှိရမှာ...
ထိုသို့ နားလည်ပြီးနောက် စုန့်ကျန်းရှူးက စိတ်တည်ငြိမ်မှုပြန်ရပြီး နွေးထွေးစွာ ပြောလိုက်၏။
"ငါတို့က အမျိုးသားဇာ့ဂ်တွေဖြစ်ရင်တောင် စည်းမျဥ်းတွေကို မထီမဲ့မြင် မပြုသင့်ဘူးလေ... နောက်ပြီး ဒီကိစ္စက မင်းအတွက် အန္တရာယ်ဖြစ်စေမှာလည်း မဟုတ်ဘူးမလား...မဟုတ်ရင်..."
သူက မျက်လုံးများကို မှေးလိုက်၏။
"မင်းက D အဆင့်တောင် မဟုတ်ဘူးဆိုရင် မင်းနဲ့ လင်းတို့ရဲ့ အိမ်ထောင်ရေး ပျက်ပြယ်သွားမှာကို ငါစိုးရိမ်မိတယ်..."
လင်း အကြောင်းပြောချိန်တွင် သူက လင်းကို ချစ်ခင်စွာ စိုက်ကြည့်ရုံမှတစ်ပါး မတတ်နိုင်ပေ။
လုမော့: "..."
စုန့်ကျန်းရှူး၏ အကြံအစည်ကို နောက်ဆုံးတွင် သူနားလည်ခဲ့သည်။ ထိုသူက လင်းအကြောင်းကို အခုထိ တွေးနေဆဲဖြစ်သည်။
"ဟွန့်..."
လုမော့က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။
"ငါမင်းကို ပြောဖို့ မေ့နေတာ...ငါ လွန်ခဲ့တဲ့ တစ်ပတ်က C အဆင့်အထိ ရောက်ပြီးသားနော်... ငါစစ်ဆေးတဲ့အချိန် မင်းမကြောက်ဖို့ပဲလိုတယ်...ငါ့လို အမျိုးကောင်းသားက ရှားတယ်လေ...”
နောက်ဆုံးတွင် ဆေးစစ်သမားဇာ့ဂ်က မအောင့်နိုင်ဘဲ ရယ်လိုက်၏။
လုမော့က သူ့ကို သံသယဖြင့် ကြည့်လိုက်၏။
"မင်းက ဘာလာရယ်နေတာလဲ..."
ဆေးစစ်သမားဇာ့ဂ်က သူ့မျက်နှာပေါ်ရှိ ကဲ့ရဲ့ရှုတ်ချမှုကို ဖုံးကွယ်မထားနိုင်ပေ။
"မင်း မသိလို့ပါ မစ္စတာစုန့်က တစ်နှစ်ခွဲအတွင်းမှာ D အဆင့်ကနေ A အဆင့်အထိ ရောက်သွားခဲ့တာလေ..."
"မဖြစ်နိုင်တာ...ဒီကောင်ကလေ..."
အမျိုးသား၏ မာနမျက်နှာဖုံးက ကွဲအက်သွားပြီး သူ့ကိုယ်သူ အဖက်ဆယ်လိုက်၏။
"ငါ မင်းကို စွမ်းအားအစစ်အမှန်ကို ပြချင်တာ..."
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းက ပျော်ရွှင်မှုပင်လယ်ဖြစ်လာသည်။
[အို ဘုရားရေ...အရမ်းရှက်ဖို့ကောင်းတာပဲ...ငါ့ခြေချောင်းတွေက ကြမ်းပြင်ကို စတူးနေပြီ...]
[သူ တကယ်တော့ စုန့်ကျန်းရှူးရဲ့ အစွမ်းကို သေချာ မသိတာမို့ ဒီလို အဓိပ္ပါယ်မရှိတာတွေ ပြောနေတာ...]
[ခန့်မှန်းမိတာက သူ့မှာ D အဆင့်တောင် မရှိဘူးလို့ ထင်တာပဲ...C အဆင့် ဒါမှမဟုတ် အခြားဘာပဲဖြစ်ဖြစ် အရာအားလုံးက မှုန်ဝါးဝါးပါပဲ... အဲဒါကို စစ်ဆေးပြီးတာနဲ့ ပျော်စရာ အချိန်လေး ဖြစ်လာလိမ့်မယ်...ဟား ဟား ဟား…]
[မျက်နှာဖြတ်ရိုက်တာလေးကို စောင့်နေပြီနော်...မြန်မြန်လေးလုပ်...]
အားလုံးကို မြင်ကွင်းကျယ်မှ မြင်နေရသော လက်ထောက်က စိတ်ပူနေပြီး သူ့လက်သီးများကို ဆုပ်ထားရုံအပြင် ဘာမှ မတတ်နိုင်တော့ပေ။
လုမော့၏ အဆင့်က D အဆင့်ထက်နိမ့်သည်ဟု သူ မထင်ထားသော်လည်း သူ့အမျိုးသမီးအဆင့်က အမျိုးသားတစ်ဦး၏ အသွင်အပြင်ကို အကဲဖြတ်နိုင်သည်။ ထို့ပြင် လုမော့၏ ရှုပ်ယှက်ခတ်နေသော စွမ်းဆောင်ရည်က သူ့ကို အလွန်စိုးရိမ်သွားစေခဲ့၏။
သူက ဗိုလ်မှူး၏ပုံရိပ်ကို ရှာဖွေရန် မသိမသာကြည့်လိုက်သောအခါ လင်းက အကောင်းဆုံး ကြည့်ရှုသူ၏ ထိုင်ခုံတွင် အချိန်အတန်ကြာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။
သူက ခြေတံရှည်များကို ကွေး၍ ကုလားထိုင်နောက်ဘက်သို့ မှီကာ ပါးစပ်ထဲ၌ မီးမလင်းသော စီးကရက်တစ်လိပ်ကို ကိုက်ထားရင် လက်ထောက်ကို ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။
ထိုတစ်ခဏတွင် လက်ထောက်က ဗိုလ်မှူးကို ယခင်ပုံဖြစ်သည့် အမြဲတမ်း နူးညံ့သိမ်မွေ့သော ဗိုလ်မှူး ပြန်ရောက်လာသည်ဟု ခံစားလိုက်ရ၏။
သို့သော် မကြာမီမှာပင် လင်းက သူ့ခေါင်းကို ပြန်လှည့်ပြီး စိတ်စွမ်းအားစမ်းသပ်စက်ပေါ်၌ ထိုင်နေသော အမျိုးသားကို စိုက်ကြည့်လိုက်၏။
နည်းနည်းတော့ ကြည့်ရတာ မတူတော့ဘူး…
အရာအားလုံးကို လက်ခံနိုင်သည့် နူးညံ့သော သခင်တစ်ဦးကဲ့သို့ အသင့်တော်ဆုံးလူကို ဗိုလ်မှူးက ရှာတွေ့ခဲ့ပြီဟု လက်ထောက်က တွေးလိုက်မိသည်။
"အရင်က စစ်ဆေးမှုတွေလုပ်သလိုပဲ ကျေးဇူးပြုပြီး အနားယူပေးပါ..."
လုမော့က ထိုသူပြောသည့်အတိုင်း မျက်လုံးများကို မှိတ်လိုက်သည်။
စုန့်ကျန်းရှူးက သူ့ရှေ့တွင် ရှိနေပြီဖြစ်သောကြောင့် သူ့အဆင့်က B သို့ ရောက်သွားသည်ဆိုသော အချက်မှာ အလွန်ထင်ရှားလိမ့်မည်မဟုတ်ပေ။
၎င်း၏ ပုံပန်းသဏ္ဍာန်အရ စိတ်စွမ်းအားစမ်းသပ်စက်က သာမန်သံသေတ္တာကြီး တစ်ခုမျှသာ ဖြစ်သည်။ စက်က အသုံးပြုသူအား အထူးမျဉ်းကြောင်းတစ်ခုကို ဖြတ်ကျော်ရန် စိတ်စွမ်းအားကို ထုတ်လွှတ်စေပြီး နောက်ဆုံးတွင် သံသေတ္တာက ကွဲပြားသောအရောင်များကို ထုတ်လွှတ်စေ မည်။
D အဆင့်က အဖြူရောင်ဖြစ်သည်။
C အဆင့်က အပြာရောင်ဖြစ်သည်။
B အဆင့်က ခရမ်းရောင်ဖြစ်သည်။
A အဆင့်က ရွှေရောင်ဖြစ်သည်။
S အဆင့်က မပေါ်ပေါက်သည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။
အမျိုးသားက မျက်လုံးမှိတ်ထားလိုက်သည်နှင့် ပရိသတ်များ တိတ်ဆိတ်သွားသည်။
ဆယ်စက္ကန့်ပြည့်အောင် စောင့်ပြီးနောက် စက်က လှုပ်ရှားမှုမရှိပေ။
အများဆုံးရိုးရိုးအဆင့်ဖြစ်သည့် အဖြူရောင်အလင်းပင် မပေါ်ခဲ့ပေ။
ထိုအချိန်တွင် လက်ထောက်က မတ်တပ်ထရပ်၍ စက်အား အံကြိတ်ကာ ကြည့်နေသည်။ ရင်ခွင်ထဲရှိ ကလေးက စိတ်လှုပ်ရှားစွာဖြင့် လက်ထဲမှ ဘီစကစ်ကို အသဲအသန်ကိုက်နေပြီး ဆေးစစ်သမားဇာ့ဂ်က အံ့သြမှုဖြင့် ပါးစပ်ဟောင်းလောင်းဖြစ်သွား၏။
စုန့်ကျန်းရှူးက အစပိုင်းတွင် လန့်ဖျပ်သွားပြီး သူ့ပါးစပ်ထောင့်ကို ဖြည်းညှင်းစွာပင့်လိုက်ကာ လုမော့အနားတွင် ရပ်လိုက်၏။
"စိတ်မပူပါနဲ့...မင်း ပိုစိတ်လှုပ်ရှားလေလေ မင်းရဲ့ စိတ်စွမ်းအားက ပိုပြီး ဖရိုဖရဲ ဖြစ်လေလေပဲ..."
ဆံပင်အနက်ရောင် မျက်လုံးစိမ်းနှင့်အမျိုးသားက သူ့မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ စုန့်ကျန်းရှူးက သူ၏ ပုံစံက မည်သို့ဖြစ်မည်ကို စိတ်ကူးနေမိသည်။
ခါးခါးသီးသီးနဲ့ သူ့ကိုယ်သူ ဖက်ငိုနေမလား...ယုံကြည်ဖို့ ငြင်းဆန်နေမလား ဒါမှမဟုတ် မာနကြီးဦးမလား...ဘာပဲဖြစ်ဖြစ် အံ့ဩစရာဖြစ်လိမ့်မယ်…
သူ မစောင့်နိုင်တော့ဘူးပေ။
သို့သော် လုမော့က သူစိတ်ကူးထားသည့်အရာနှင့် မတူပေ။
သူက လက်ထဲက သံသေတ္တာကို ကိုင်လိုက်ပြီး အပြင်ခွံကို တိုက်ရိုက်ဖယ်ရှားပစ်လိုက်၏။
"ကလစ်..."
စုန့်ကျန်းရှူး: "မင်း..."
ဆေးစစ်သမားဇာ့ဂ်က သူ့ထက် ပိုစိတ်လှုပ်ရှားနေသည်။ သူက လုမော့၏ ကော်လံကို အမြန်ဆွဲလိုက်သည်။
"မင်း...မင်း...မင်း...ဒီပစ္စည်းက ဘယ်လောက်စျေးကြီးတယ်ဆိုတာ မင်းသိလား...တစ်သန်းကွ..."
တစ်သန်းတဲ့...သူ မျက်ရည်တွေ ကျလာပြီ…
“တစ်သန်းက ပါးပါးလေးပါ...ငါမင်းကို အသစ်တစ်လုံး ပို့ပေးမယ်..."
လုမော့က ခေါင်းမမော့ဘဲ စမ်းသပ်စက်၏ အစိတ်အပိုင်းအချို့ကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။
"နောက်တစ်ကြိမ်ဆို လုမိသားစုစက်ရုံက ထုတ်လုပ်တဲ့ စမ်းသပ်ကိရိယာကိုဝယ်ဖို့ မမေ့နဲ့နော်... သူဌေးက အရမ်းသဘောကောင်းတယ်..."
သူက အခွံကို နောက်ပြန်ပိတ်၍ မျက်လုံးများကို မှိတ်ကာ သူ၏ စိတ်စွမ်းအားကိုသွင်း၍ ထပ်မံဝင်ရောက်စေခဲ့သည်။
ပြိုးပြိုးပြက်ပြက်ပြက်ပြနေသော အဖြူရောင်က တစ်ခဏချင်း မမြင်နိုင်လုနီးပါး လျင်မြန်စွာ တောက်ပလာပြီး မမြင်နိုင်လောက်အောင် ချက်ချင်း အပြာရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
အပြာက C အဆင့်ရှိနေပြီဖြစ်ပြီး လုမော့က လိမ်ညာနေပုံရသည်။
[ဟား...ဟား...ဟား...ငါပြောတယ်လေ...သူက C အဆင့်ရှိပုံရတယ်လို့...]
[ကျွန်တော်လည်း တွေးမိတယ်...သူက ဘယ်လိုတောင် ယုံကြည်ချက်အပြည့် ရှိနေတာလဲ...]
[အံ့ဩစရာပဲ...သူက ဘာကြောင့် လုမိသားစုစက်ရုံအကြောင်း ပြောနေတာလဲ...]
ထုတ်လွှင့်မှုက စတင်ဆူပူလာပြီဖြစ်သည်။
သို့သော် ၎င်းက မရပ်သေးပေ။
အစပိုင်းတွင် အပြာဖျော့ဖျော့က တဖြည်းဖြည်း တိုးလာပြီး နက်ပြာရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ဆိုလိုသည်မှာ တိုးတက်မှုအတွက် နေရာကျန်သေးသည်။ အပြာရောင်က ပိုပိုပြီး နက်လာသည်ကို မြင်လိုက်ရသည်။
[ဘယ်လိုမှ မဖြစ်နိုင်တာ...]
[အာ ဒီလို...]
[အတုကြီးများလား...သူ လွန်ခဲ့တဲ့ တစ်လခွဲလောက်ကမှ C အဆင့်ကို တက်ခဲ့တယ်လို့ ပြောခဲ့တယ်လေ...]
[ကူညီကြပါဦး…ကူညီကြပါ...]
အသက်တစ်ရှိုက်အတွင်း၌ အပြာရောင်က နောက်ဆုံးမျဉ်းကို ဖြတ်ကျော်ကာ ရုတ်တရက် လာဗင်ဒါအရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
အဆင့် B လား...
ယခုအချိန်တွင် ထုတ်လွှင့်မှုက တိတ်ဆိတ်နေသည်။
အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်က တဖြည်းဖြည်း ပိုနက်လာနေသောကြောင့်ပင်။
သူတို့ကြည့်နေစဉ်မှာပင် ၎င်းက ပိုအားကောင်းသထက်ကောင်းလာ၍ ပရိသတ်အားလုံး၏ နှလုံးသားများက ယခုအချိန်တွင် အမြင့်ဆုံးအဆင့်ကို ချိတ်ဆွဲခံထားရပြီး မရေရာသော ခန့်မှန်းချက်များပင် ရှိနေ၏။
မဖြစ်နိုင်တာ အဆင့် A လား...
လာဗင်ဒါအရောင်မှ ခရမ်းရောင်အထိ တက်လာပြီး နောက်ဆုံးတွင် နက်ရှိုင်းသော ခရမ်းရောင်ဖြစ်သွား၏။ ၎င်းက နောက်ဆုံးအချက်ကို ဖြတ်ကျော်တော့မည်ဟု ထင်ရချိန်တွင် အလင်းက ဖြတ်ခနဲလက်သွားသည်။
လူတိုင်း၏ အာရုံစူးစိုက်မှုအောက်တွင် အလင်းရောင်က မျဉ်းကို ဖြည်းညှင်းစွာ ဖြတ်ကျော်သွား ခဲ့သည်။
‘တင်’ ဆိုတဲ့ မြည်သံနဲ့အတူ ရွှေရောင်အလင်းတန်းက တောက်ပနေတယ်...
နောက်ဆုံးရလဒ်ကတော့-
အဆင့် A လား...
[သေရော...]
[သေရော... ]
[ကူညီကြပါဦး အဆင့်A အမျိုးသားဇာ့ဂ် မွေးဖွားခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ...]
[ဒါက စုန့်ကျန်းရှူးထက် ပိုသာသွားပြီး...ခဏစောင့်ပါဦး...ဒါက မိခင်နတ်သမီးက ငါတို့ကို တစ်ဖန် မျက်နှာသာပေးတယ်ဆိုတဲ့ လက္ခဏာပဲလား...စုန့်ကျန်းရှူးက နောက်ဆုံးလို့ ထင်ခဲ့တာ...]
[ရွှေချထားတဲ့ ကျောက်စိမ်းကို ငါမခွဲတတ်ဘူး...ငါ သူ့ကို အခုပဲ စော်ကားထားတာ... သူကA အဆင့်အမျိုးသားတဲ့ ခေါင်းခေါက်မိပြီ...ဘမ်း...ဘမ်း...ဘမ်...]
[ငါ့မျက်နှာကို ငါ့ကိုယ်တိုင် ရိုက်ခဲ့မိပြီး...ငိုကြွေးနေ...]
ရင်ခွင်ထဲရှိ ကလေးက ကုလားထိုင်မှ ခုန်ဆင်း၍ လုမော့ဆီသို့ ရွှင်မြူးစွာ ပြေးသွားခဲ့သည်။ သူက လုမော့၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး ဗလုံးဗထွေး ပြောလိုက်သည်။
"ဂုဏ်သရေရှိလူကြီးမင်း...ကျွန်တော် မင်းရဲ့ ဘုန်းအသရေအပေါ် အရမ်းတုန်လှုပ်မိပါတယ်... နွေဦးရဲ့ ပထမဆုံးရောင်ခြည်နဲ့ ဂုဏ်ယူပါတယ်..."
ယခုအချိန်တွင် မည်သူမည်ဝါပင်ဖြစ်ပါစေ အသွင်အပြင်ကို အမြဲမကျေမနပ်ဖြစ်နေကြသော အမျိုးသမီးစစ်သည်များပင် ခုန်ပေါက်ပွေ့ဖက်လျက်ရှိကြသည်။
အမျိုးသားများက အလွန်တန်ဖိုးရှိပြီး A-အဆင့်အမျိုးသားများက ပိုပြီး ထူးကဲသည်။
ဇာ့ဂ်မျိုးနွယ်ရဲ့ အနာဂတ်က နောက်ထပ်အာမခံချက်တစ်ခုထပ်တိုးလာပြီးလေ...
လက်ထောက်က ထခုန်၍ လင်း၏ အကျီကို အပြင်းအထန် ဆုပ်ကိုင်ကာ သူ့ဆရာကို လှုပ်ယမ်းလိုက်သည်။
လင်းက လက်ထောက်၏ လှုပ်ရှားမှုကြောင့် ဘေးတစ်ဖက်သို့ ရွေ့လျားသွားပြီး သူ့ပါးစပ်မှ စီးကရက်မီးခိုးငွေ့များဖြင့် ရေရွတ်လိုက်၏။
“ငါထင်တယ်…”
သွေးစာချုပ်ကို နိဂုံးချုပ်လိုက်လျှင် အရည်အချင်းနိမ့်သောတစ်ဖက်လူကို အဆင့်တိုးပေးမည် ဖြစ်သော်လည်း ဤအဆင့်က အလွန်အကန့်အသတ်ရှိသည်။ လုမော့က အဆင့် B သို့ တက်နိုင်မည်ဟု မူလက ထင်ခဲ့သော်လည်း နောက်ဆုံးတွင် အဆင့် A ဖြစ်ရန် သူ မမျှော်လင့်ခဲ့ပေ။
တကယ်ကို အံ့သြစရာပါပဲ…
ရွှင်မြူးနေသော သမုဒ္ဒရာထဲတွင် ရေပိုက်ခေါင်း၏ အလယ်ဗဟိုတွင်ရှိသော လုမော့သာလျှင် အာရုံခံကိရိယာကို အေးအေးဆေးဆေးချလိုက်ပြီး သူ့ပါးစပ်ကို လက်ဖြင့် တင်းတင်းဖိထားသည်။
သူ ကြောက်နေသည်။
သူက ပါးစပ်ကို ဟလိုက်သည်နှင့် သံစဉ်သေတ္တာလို အများအပြားပြောမိမည်ကို ကြောက်နေ မိ၏။
ကူညီကြပါ...
စနစ်ရေ...ကူညီပါဦး...
အခု စစ်ဆေးစက်က ပျက်သွားပြီ ငါ့ကို ကယ်ဖို့ အခြားနည်းတစ်ခုခုရှိကြလား...အွန်လိုင်းမှာအမြန်စောင့်နေပါတယ်....(ငိုကြွေးနေ)...
🌌🌌🌌