Chapter 90
Viewers 8k

👾Chapter 90

 (သူက ဒီအတိုင်းပင်ပန်းနေရုံပါ)




အခန်းတစ်ခုလုံး လစ်ဟာနေ၏။ ဟယ့်ယွင်ထင် ဝတ်နေကျ ရှပ်အင်္ကျီကိုမူ မီးပူတိုက်ကာ အခန်းတစ်နေရာ၌ ချိတ်ဆွဲထားလေသည်။ လင်းဟန်က အနည်းငယ် ရှက်ရွံ့မိသော်လည်း ဤနေရာ၌ သူနှင့်ကူးလုလုမှအပ မည်သူမှ ရှိမနေခဲ့ချေ။ ထို့ကြောင့် သူက ဟယ့်ယွင်ထင်၏ သေသပ်သော အိပ်ရာထံ ဦးတည်လိုက်၏။


ရုတ်တရက်ဆိုသလို သူက ဟယ့်ယွင်ထင်သူ့အား စစ်ဆေးခိုင်းခဲ့သည့် ကိစ္စကို သတိရသွား၏။ လင်းဟန်သည် ကောင်းစွာ နားမလည်သည့်တိုင် စိုးရိမ်နေမိနေဆဲပင်။ 


သို့သော် တစ်ဖက်လူအား မည်သို့မှ မေး၍ရမည်မဟုတ်ပေ။ 


ဟယ့်ယွင်ထင်သည် သတင်းကောင်းများကိုသာ မျှဝေလေ့ရှိပြီး သတင်းဆိုးများကိုမူ သေချာပေါက် မျှဝေမည်မဟုတ်ပေ။ သူက ကိုင်တွယ်ရအခက်ဆုံး အခြေအနေနှင့် ကြုံရပါက လျှို့ဝှက်ထားမည့် လူစားမျိုး ဖြစ်၏။ သူ အဆင်ပြေကြောင်းနှင့် သူပြန်အလာကို စောင့်နေရန်သာ ပြောပေလိမ့်မည်။ 


ကူးလုလုက လင်းဟန် အတန်ကြာသည့်အထိ မလှုပ်သည်ကို သတိပြုမိသွား၏။ သူက လင်းဟန်၏ ခြေထောက်ပေါ်သို့ ခုန်တက်လာပြီး အမွှေးများကို ခါယမ်းလိုက်သည်။ ထို့နောက် လင်းဟန်နှင့်အတူ ဟယ့်ယွင်ထင်၏ ကုတင်ထက်သို့ တက်လိုက်၏။ သူ၏ ခန္ဓာကိုယ်သေးသေးလေးက တိမ်များထဲသို့ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ 


သူက လင်းဟန်၏ အမူအရာကို ကောင်းစွာ မမြင်ရသဖြင့် တစ်ဖက်လူ မည်သို့ခံစားနေရမှန်း မသိချေ။ ထို့ကြောင့် နံဘေးတွင်သာ ငြိမ်ငြိမ်လေး နေနေခဲ့သည်။ 


ဟယ့်ယွင်ထင်၏ အခန်းပြတင်းပေါက်သည် တစ်ဝက်ပွင့်နေ၏။ ထိုပြတင်းမှ လေညှင်းတစ်ချက် တိုက်ခတ်လာခဲ့သည်။ လူငယ်လေးက ဒူးတစ်ဖက်ထောက်လျှက် အနေအထားဖြင့် အိပ်ရာခင်းကို ပွတ်သပ်လိုက်၏။ သူ့နှလုံးသားသည်လည်း အိပ်ရာခင်းကဲ့သို့ပင် နူးညံ့လျှက်ရှိနေသည်။ သူက ခေါင်းငုံ့ကာ အိပ်ရာခင်းထဲသို့ မျက်နှာအပ်လိုက်မိ၏။ 


လေထဲ၌ မပြီးဆုံးနိုင်သည့် လတ်ဆတ်သော ရနံ့တစ်ခု ရှိနေသည်။ သူက လေထဲတွင် ပျော်ဝင်သွားချင်မိ၏။ သို့မှသာ ၎င်းနှင့်ရွေ့လျားနေသည့် မီးခိုးမှုန်များကို ချစ်မေတ္တာဖြင့် ပျယ်လွင့်စေနိုင်လိမ့်မည်။ 


ငါ လူတစ်ယောက်ကို ဘယ်လောက်ထိ ချစ်နိုင်မှာပါလိမ့် … 


လင်းဟန် တွေးလိုက်သည်။ 


လက်ရှိအချိန်၌ သူသည် တစ်ဖက်လူ၏ အသံကို မကြားရသလို မျက်နှာအား မမြင်ရချေ။ သို့သော် တစ်ဖက်လူ၏ ရနံ့အား ရရုံဖြင့်ပင် သူ့နှလုံးသားတစ်ခုလုံး ပြောမပြတတ်လောက်အောင် နူးညံ့လာခဲ့လေသည်။



နေ့အလင်းရောင်သည် ဗွီပရိုတွန်အား ဖြည်းညှင်းစွာ ဝင်ရောက်လာ၏။ 


မြေပုံအရ အပြင်းထန်ဆုံးနေရာမှာ ခရစ်စ်ပေါ့ ဖြစ်သည်။ ထိုနေရာသည် ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် လီကိုရိုမြို့နှင့် ဒီဆာ့မြို့တို့အကြား ရှိ၏။ ထိုမြို့များသည် လူသစ်ဝင်ရောက်ရန် နေရာမရှိချေ။ ဗွီပရိုတွန်၏ လူဦးရေအရ နယ်မြို့များ၏ လူဦးရေစုစုပေါင်းသည် မြို့တော်လူဦးရေ၏ ထက်ဝက်ခန့်ပင် မရှိချေ။ သို့သော် ထိုမြို့ရှိ လူသားအားလုံးသည် ဂြိုဟ်သားများအဖြစ် အမှန်တကယ် ပြောင်းလဲသွားကြ၏။ ထို့ကြောင့် မြို့တစ်မြို့လုံး တိတ်ဆိတ်ခြောက်ကပ်လျှက် ရှိသည်။ 


သူတို့က လူသားများ၏ ဖိအားကို မခံစားရသည့်အလျောက် တစ်ဦးနှင့်တစ်ဦး မတိုက်ခိုက်ကြချေ။ ထောက်ပို့အသင်း၏ ပထမတာဝန်မှာ အဆိုပါမြို့များရှိ ဂြိုဟ်သားမျိုးစိတ် ကူးစက်ခံရသူများကို ရှင်းလင်းရန်ဖြစ်သည်။ ထို့နောက် အခြားမြို့များသို့ ကူးစက်ခြင်း ရှိမရှိ စစ်ဆေးကာ မြို့တော်သို့ ကူးစက်လာနိုင်ချေ မရှိကြောင်း အတည်ပြုရန်ဖြစ်သည်။ 


ချန်းလင်က ဂြိုဟ်တစ်ခုလုံး၏ အသေးစိတ်မြေပုံနှင့် ရပ်နားစခန်းများ၊ စွမ်းအင်ဖြည့်တင်းရာ နေရာများ၏ အချက်အလက်များကို ပို့ပေးခဲ့သည်။ သူက တုန်တုန်ယင်ယင်ဖြင့် သူ့အား ကူညီရန် လာရောက်ကြသည့် တော်ဝင်တပ်မတော်အား လေးလေးနက်နက် အလေးပြုလိုက်သည်။ သူ၏ မျက်လုံးများမှာလည်း နီရဲလျှက်ရှိ၏။ တစ်ချိန်ထဲမှာပင် ဤမက်ခါများ စတင်မောင်းနှင်သည်နှင့် သူသည်လည်း သောင်းနှင့်ချီသည့် လူများကို ဆုံးရှုံးရတော့မည် ဖြစ်ကြောင်း နားလည်ထားလေသည်။ 


သို့သော် တုံ့ဆိုင်းနေခြင်းက အဖြေမဟုတ်ချေ။ မြို့တော် ပြန်လည် အသက်ဝင်လာရန်အတွက် သူသည်လည်း အဆိုပါ အစီအစဉ်အားလုံးကို သဘောတူခဲ့ရသည်။ 


ဟယ့်ယွင်ထင် မက်ခါထံသို့ လျှောက်မသွားခင် ချန်းလင်က သူ့အား အကြံပေးလာ၏။ “ကျွန်တော်တို့ လွှတ်လိုက်တဲ့ သုတေသန ပညာရှင်တွေ ဘယ်သူမှ ပြန်မလာခဲ့ဘူး … ဒါကြောင့် ဘာလို့ပဲဖြစ်ဖြစ် ဒီတစ်ခါ ပိုပြီးဂရုစိုက်တာ ကောင်းပါလိမ့်မယ် … ခင်ဗျား သူ့ရဲ့လုံခြုံရေးကို ဂရုစိုက်မှဖြစ်မယ် … မလိုအပ်ပဲ အဲဒီ့ဂြိုဟ်သားတွေအနား ကပ်မသွားပါနဲ့ …” သူက ပြောနေရင်း အသံပိုတိုးလာ၏။ “ဘာပဲဖြစ်ဖြစ် ကျွန်တော် အဲဒီ့အဆုံးမရှိတဲ့နေရာထဲကို တစ်ယောက်ယောက် ထပ်ကျသွားတာ မမြင်ချင်တော့ဘူး …” 


ဟယ့်ယွင်ထင်က သူ့အား တစ်ချက်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ 


မကြာခင်မှာပင် သူက လေယာဉ်ပြေးလမ်းထံသို့ ဦးတည်ကာ သူနှင့် အချိန်အတော်ကြာ ရှိနေခဲ့သည့် မက်ခါထံ ဦးတည်လိုက်သည်။ 


တစ်နည်းတစ်ဖုံ ဆိုရသော် သူ့အမိန့်ကို စောင့်ဆိုင်းနေသည့် စစ်သည်တော်များထံသို့၊ သူလျှောက်လမ်းရတော့မည့် သွေးခင်းလမ်းထံသို့ ဦးတည်လိုက်၏။ 


…..


ချန်းလင် ပေးခဲ့သည့် အသေးစိတ်ကျလှသော လမ်းညွှန်မှုများကြောင့် သူတို့က အနီးဆုံး မြို့သို့ သုံးနာရီအကြာ၌ ရောက်ရှိသွားခဲ့သည်။ အဆုံးသတ်တွင် မြို့တော်၌ နေခြင်းမှာ အားလုံးအတွက် အကျိုးမရှိချေ။ ထို့အပြင် ရှုကျစ်ဟန်သည်လည်း သူတို့နှင့်အတူ လိုက်ပါလာ၏။ ဇုစ်သည် ခံစစ်၏ ရှေ့ဆုံးတန်းတွင် နေရာယူထားသည်ဖြစ်ရာ ဟယ့်ယွင်ထင်က ရှုကျစ်ဟန်အား အနောက်ဘက်ရှိ မက်ခါအတွင်းမှ လိုက်ပါစေခဲ့သည်။ 


အားလုံးက အာရုံစိုက်နေကြပြီး မတော်တဆမှုများကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရန် အဆက်မပြတ် စစ်ဆေးနေကြ၏။ ဆက်သွယ်မှုပို၍ အဆင်ပြေရန်အတွက် ဟယ့်ယွင်ထင်သည် အများသုံးစကားပြောခန်းအပြင် လုအန်းဟယ်နှင့် သီးသန့်စကားပြောခန်းတစ်ခု ဖွင့်ထားခဲ့သည်။ 


မည်သို့ပင်ဖြစ်စေ၊ ဟယ့်ယွင်ထင်သည် စကားနည်းသူဖြစ်၏။ အထူးသဖြင့် အရေးကြီးလှသည့် မစ်ရှင်အား ပြုလုပ်နေသည်ဖြစ်ရာ စကားပြောခန်းသည် တိတ်ဆိတ်နေခဲ့သည်။ လုအန်းဟယ်ကမူ အပြင်ဘက်ရှိ အခြေအနေကို အဆက်မပြတ် သတင်းပို့နေ၏။ ပုံမှန်အားဖြင့် သီးသန့်စကားပြောခန်းသည် ခရီးစဉ်တစ်လျှောက်လုံး တိတ်ဆိတ်နေတတ်၏။ သို့သော် ဤတစ်ကြိမ်၌မူ လမ်းတစ်ဝက်သို့ ရောက်သည့်အချိန်၌ လုအန်းဟယ်၏ ဇုစ်ရှိ သီးသန့်စကားပြောခန်းသည် လင်းလက်လာခဲ့သည်။ 


သူက မနှောင့်နှေးဝံ့ပဲ ချက်ချင်း ဆက်သွယ်လိုက်၏။ 


“မင်း ရှုကျစ်ဟန်ကို ကာကွယ်ခဲ့တုန်းက ပြဿနာတစ်စုံတစ်ခု တွေ့ခဲ့သေးလား …” ဟယ့်ယွင်ထင်က အလေးအနက် ပြောလိုက်သည်။ “ဘာမဆို …” 


လုအန်းဟယ်က ဟယ့်ယွင်ထင်၏ မေးခွန်းကြောင့် အံ့အားသင့်မသွားခဲ့ချေ။ သူက ရှုကျစ်ဟန်၏ လျှို့ဝှက်ဓာတ်ခွဲခန်းအား ဝင်ရောက်ပြီးသည့်နောက် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် တစ်ခုချင်းကို ရှင်းပြခဲ့၏။ 

“အချိန်တစ်ခု ကြာတဲ့အထိ ကျွန်တော် မမြင်နိုင်ခဲ့ဘူး … ကျိမုန့်ရဲ့ နာရေးကလွဲလို့ သူက ချီကျားဇယ်ကို စိတ်ပါလက်ပါ ကူညီနေခဲ့တာပဲ …” 


“ပြောရရင် …” 

လုအန်းဟယ်က ခဏတွေးလိုက်သည်။ 

“သူ့အခြေအနေက ကျွန်တော် မထွက်လာခင်က ပိုပြီး တိုးတက်လာပါတယ် … သူ့မှာ ရန်လိုစိတ်မရှိတော့တဲ့အပြင် ဒေါင်လိုက်မျက်ဆံတွေလည်း တစ်ခါတစ်လေ ပျောက်သွားတတ်တယ် … ဒီနောက်ပိုင်းတော့ ဘယ်လိုနေလဲ ကျွန်တော် မခန့်မှန်းတတ်ဘူး …” 


“မစ္စတာလင်းကို သွားကြည့်ပေးဖို့ပြောထားတယ် ..” 

ဟယ့်ယွင်ထင်က ပြောသည်။ 

“ငါ သူ့ကို မေးလိုက်မယ် …”


လုအန်းဟယ် “ကောင်းပါပြီ …”


လင်းဟန်အကြောင်း ပြောရင်း ဟယ့်ယွင်ထင်သည် လွန်ခဲ့သောသုံးနှစ်က တစ်စုံတစ်ခုကို ရှာဖွေပေးရန် ထိုသူ့အား တောင်းဆိုခဲ့ကြောင်း အမှတ်ရသွား၏။


ဟယ့်ယွင်ထင်က နေ့ရက်အား မှတ်မိလိုက်သည်နှင့် သေနတ်ပစ်လေ့ကျင့်ရေး ရှိနေလိမ့်မည်ဟု ခန့်မှန်းမိခဲ့သည်။ သို့သော် လင်းဟန်က သူ့အား ဆန့်ကျင်ဘက်အဖြေကို ပေးခဲ့၏။ ဟယ့်ယွင်ထင် မည်မျှ ပြန်တွေးသည်ဖြစ်စေ၊ မနက်ပိုင်းကိုသာ အသေးစိတ် မှတ်မိလေသည်။ သူက နေ့လည်ခင်း၌ သေနတ်ပစ် လေ့ကျင့်ရေး ရှိကြောင်း သိနေခဲ့သော်လည်း မည်သို့လေ့ကျင့်ခဲ့သည်၊ မည်သူများကို ထုတ်ပယ်ခဲ့သည်၊ အမှားလုပ်ခဲ့ခြင်းရှိမရှိ မမှတ်မိတော့ချေ။ 


သူ့စိတ်တွင်း၌ သူ တစ်စုံတစ်ရာအား ပြုလုပ်ခဲ့သည်ဟု ပြောနေသည့် အသံတစ်သံရှိ၏။ မည်သို့ပင်ဖြစ်စေ၊ သူ မည်မျှတွေးလေလေ၊ အရိပ်အမြွက်လေးတစ်ခုပင် မဖမ်းဆုပ်နိုင်ခဲ့ချေ။ 


ထိုနေ့လည်ခင်းသည် သဲလွန်စတစ်စုံတစ်ရာပင် မရှိပဲ သူ့မှတ်ဉာဏ်ထဲမှ တူးထုတ်ခံလိုက်ရသကဲ့သို့ ရှိနေ၏။ 


လုအန်းဟယ်အား ထိုနေ့လည်ခင်းအကြောင်း မေးလျှင်လည်း ထိုသူက သေချာရှင်းပြမည်မဟုတ်ကြောင်း ဟယ့်ယွင်ထင် နားလည်၏။ ထို့ကြောင့် သူက ချုံပုတ်ကို ရိုက်ကာ မြွေအား ခြောက်ထုတ်ခြင်း ပြုမည်မဟုတ်ပေ။ 

“မင်းပြောသလိုဆို … ရှီးယွမ် ဟောပြောပွဲကို လာတော့ သူနဲ့ သူ့ဆရာအပြင် အခြားလူရှိနေသေးလား …” 


“ဒါက …” 

လုအန်းဟယ်က ကြောင်အသွားသည်။ 

“ပရော်ဖက်ဆာရှုရဲ့ သင်ကြားပို့ချမှုက အရမ်းအဆင့်မြင့်တဲ့အတွက် ဘဝသိပ္ပံကျောင်းသားတွေအပြင် အခြား အဖွဲ့ဝင်တွေလည်း လာရောက်ခဲ့ပါတယ် …” 


“အဲဒီ့ ကျောင်းသားတွေက ပြဿနာမရှိပါဘူး … သူတို့ရဲ့ မေဂျာတွေက မတူပေမယ့် အိုင်ဒီကဒ်ရှိတာကြောင့် ရှာလို့ရပါတယ် … ဒါပေမယ့် ဒီအတိုင်းလာနားထောင်တဲ့လူတွေကိုတော့ ရှာရခက်ပါလိမ့်မယ် …” 


“ကောင်းပြီ …”

ဟယ့်ယွင်ထင်က ခေါင်းညိတ်လိုက်၏။ 


“ဘော့စ် …” 

လုအန်းဟယ်က စကားစလိုက်သည်။ 

“ဘာဖြစ်လို့လဲ …” 


“ဘာမှမဟုတ်ပါဘူး …” 

ဟယ့်ယွင်ထင်က တည့်မေးလိုက်သည်။ 

“တစ်စုံတစ်ခုကို ကြုံတွေ့ပြီးရင် အဲဒီ့လူရဲ့ မှတ်ဉာဏ်ပျက်ခံလိုက်ရတဲ့ ဖြစ်နိုင်ချေမျိုး ရှိလား …” 


လုအန်းဟယ်က ဤတစ်ကြိမ်၌ ချောမွေ့စွာ ပြန်မဖြေနိုင်ခဲ့ချေ။ သူက ခဏကြာ တိတ်ကျသွားပြီးနောက် ခြောက်ကပ်ကပ် ရယ်လိုက်၏။ 

“ကျွန်တော် စစ်သင်တန်းကျောင်းမှာတော့ အဲဒီ့လိုမသင်ခဲ့ဖူးပါဘူး … ပြီးတော့ စစ်တပ်ကို တိုက်ရိုက်လာခဲ့တာကြောင့် ကျွန်တော် အဲဒီ့အကြောင်း မသိပါဘူး …” 


“အင်း …” 

ဟယ့်ယွင်ထင်က ထိုသို့သာ ပြန်ဖြေလိုက်သည်။ 


ဤတစ်ကြိမ်၌ လုအန်းဟယ်သည် အတန်ကြာသည့်တိုင် စကားဆိုမလာခဲ့ချေ။ ဆက်သွယ်ရေးစက်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။ 


သူတို့ ကန္တာရမြို့တော်သို့ ရောက်လာချိန်၌ မွန်းလွဲနေပြီဖြစ်၏။ 


ဂြိုဟ်၏ ဂေဟစနစ်အရ ရာသီဉတု နှစ်ခုသာ ရှိလေသည်။ အပူချိန်သည် တစ်နှစ်ပတ်လုံး မြင့်မားနေတတ်၏။ သို့သော် ၎င်း၏ ပတ်ဝန်းကျင် အနေအထားကမူ နယ်စပ်ဒေသများထက် များစွာ သာလွန်နေသေးသည်။ 


ကန္တာရမြို့တော်၏ သယ်ယူပို့ဆောင်ရေး စခန်းအားလုံး ပိတ်ဆို့ထား၏။ စစ်တပ်က ၎င်းတို့၏ အတောင်များကို ဖွင့်ကာ မြို့အလယ်ရှိ ရင်ပြင်သို့ ဆင်းသက်လိုက်ကြသည်။ 


မြို့တစ်မြို့လုံး တိတ်ဆိတ်နေ၏။ သို့သော် ထိုနေရာ၌ လူနှင့်တူသည့် ဂြိုဟ်သားများကမူ နေရာအနှံ့ပျံ့ကျဲနေလေသည်။ 


ဤနေရာ၌ လူတစ်ဦးပင် မရှိတော့ပြီဖြစ်ရာ ဂြိုဟ်သားများသည်လည်း တိုက်ခိုက်ရန် မလိုအပ်တော့ချေ။ သို့သော် စွမ်းအင်ကုန်ခမ်းမှု နှေးကွေးစေရန်အတွက် အိပ်စက်နေကြ၏။ ကုန်စုံဆိုင်များထက်၌ အစားအစာများ ရှိနေဆဲဖြစ်သည့်တိုင် သူတို့က မြေကြီးအောက်ရှိ အမြစ်များ၊ သစ်ကိုင်းများကိုသာ စက်များကဲ့သို့ ဝါးမြိုစားသောက်နေကြသည်။ 


ဇာ့ဂ်များကဲ့သို့ပင် သူတို့သည်လည်း စားသောက်ပြီးသည်နှင့် အချိန်အတော်ကြာ အိပ်စက်နိုင်ကြ၏။ သူတို့က တစ်စုံတစ်ခုကြောင့် ထိတ်လန့်သွားမှသာ လန့်နိုးလာခဲ့ကြသည်။ 


၎င်းက နွေးထွေးတောက်ပသည့် မြို့တော်တစ်ခု ဖြစ်ခဲ့၏။ သို့သော် ယခုအခါ၌မူ ကမ္ဘာပျက်ကပ်မစခင် စစ်မြေပြင်နှင့် ဆင်တူနေသည်။ 


သူတို့တွင် စကြဝဠာထဲသို့ ခရီးထွက်ရန်ပင် လုံလောက်အောင် မာကျောသည့် သံချပ်ကာများ၊ စစ်အင်အား၊ သံလိုက်ဒုံးခွင်းသေနတ်များရှိ၏။ သူတို့၏ စက်လက်မောင်းများသည်လည်း တာဝေးပစ် အမြောက်များ တပ်ဆင်ထားလေသည်။ 


အချို့မက်ခါများ၏ စက်လက်မောင်းများဆိုပါက ထက်မြသော ဓားများ၊ လေဆာအလင်းတန်းများပင် ရှိလေသည်။ သူတို့တွင် အမာကျောဆုံး ဒိုင်းကာများ၊ အပူလက်နက်၊ အအေးလက်နက်များလည်း ရှိ၏။ ထို့အပြင် ဇာ့ဂ်များ၏ ခြေထောက်များကိုသာမက ဦးနှောက်ကို စုတ်ဖြဲပစ်နိုင်သည့် အဆင့်မြင့်လက်နက် အမျိုးမျိုးလည်း ပိုင်ဆိုင်ထားလေသည်။ 


သို့သော် ဤမြို့ထဲရှိ လူများသည် နူးညံ့ကျိုးကျေလွယ်သည့် လူသားများသာ ဖြစ်ကြသည်။ ဟယ့်ယွင်ထင်က ရှုကျစ်ဟန်ရှိနေသည့် မက်ခါအား ကြည့်ကာ ပြောလိုက်၏။

“ပရော်ဖက်ဆာရှုရဲ့ ခံစားချက်ကို စောင့်ကြည့်ထားပါ … သူ မမြင်ရင် ပိုကောင်းတယ် …”


ရှုကျစ်ဟန်သည် သူ့အား မုန်းကောင်းမုန်းသွားနိုင်သည်။ သို့မဟုတ် မည်သည့်အခါမှ ခွင့်မလွှတ်တော့သည်လည်း ဖြစ်နိုင်၏။ သူ အင်ပါယာသို့ ပြန်ရောက်သည်နှင့် သူ၏ လုပ်ရပ်များကို အားလုံး သိကုန်ကြပေလိမ့်မည်။ သူသည်လည်း မရေတွက်နိုင်သော တည်ရှိမှုများ၏ သွေးများ စွန်းထင်းနေသော ရက်စက်သည့် လူသတ်သမား တစ်ဦး ဖြစ်လာပေလိမ့်မည်။ 


သို့သော် ဟယ့်ယွင်ထင်အတွက်မူ မည်သို့မှ မခံစားရချေ။ သူက အေးစက်သည့် လူသတ်သမားတစ်ဦးသာဖြစ်၏။ 


“မြို့လယ်ခေါင်ကနေ မက်ခါတွေ စထွက်မယ် …” 

သူက အမိန့်ပေးလိုက်သည်။ 

“ဇာ့ဂ်လှုံ့ဆော်မှုကို အမြင့်ဆုံးအထိ တင်ထားပါ … တစ်မြို့လုံးက ဂြိုဟ်သားတွေအကုန် ထွက်လာပါစေ …” 


“အနာဂတ်မှာ ပြန်လည်ပြုပြင်ဖို့အတွက် အဆောက်အဦးတွေကို မထိအောင် ဂရုစိုက်ကြ …” 

ရေခဲတမျှ အေးစက်သည့်အသံက အများသုံးစကားပြောခန်းမှ ထွက်ပေါ်လာ၏။ 

“ဒါပေမယ့် ဂြိုဟ်သားတွေ အားလုံးကိုတော့ သတ်ရမယ် …” 


“ထပ်ပြောမယ် …” 


“သူတို့အားလုံးကို သတ်ရမယ် …” 


ထိုအမိန့်ကြောင့် မက်ခါများအတွင်း တိတ်ဆိတ်မှုဖြင့် ကြီးစိုးသွားခဲ့သည်။ 


“ဟယ့်ယွင်ထင် … ခင်ဗျားက မျိုးတုန်းသတ်ဖြတ် …” 


ရှုကျစ်ဟန်၏ အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာ၏။ 


မကြာခင်မှာပင် သူ့အား သူရှိနေသည့် မက်ခါအတွင်းရှိ ဆာဂျင်က အနောက်သို့ ဆွဲခေါ်လိုက်လေသည်။ 


…..


ဤအချိန်သည် ကန္တာရမြို့တော်၏ အတိုဆုံးညနေခင်း ဖြစ်ပေလိမ့်မည်။ 


ယခုကဲ့သို့ မည်သည့်အခါကမှ ညဉ့်အခါသို့ မြန်မြန်ဆန်ဆန် ရောက်ရှိမလာခဲ့ဖူးချေ။ မြို့တစ်မြို့လုံးသည် ဖိတ်ကြားမထားသည့် ရွှေနှင့်သတ္တုစပ် ဧည့်သည်များဖြင့် ပြည့်နှက်နေ၏။ ထိုအရာများက ဖျားချင်စရာ အသံလှိုင်းများကို ဖွင့်ကာ အိပ်စက်နေသည့်၊ အစာစားနေသည့် ဂြိုဟ်သားများအား နှိုးလိုက်ကြသည်။ ဂြိုဟ်သား အုပ်စုသည် အသံ၏ လားရာအတိုင်း မည်သူမှ နားလည်နိုင်မည် မဟုတ်သော အော်သံများကို ပြုလုပ်ရင်း ပြေးလွှားလာကြ၏။ 


သူတို့က ဒေါသတကြီး ပြေးလွှားနေကြပြီး ခြေလက်များ ကျိုးကျေသွားသည့်တိုင် နာရကောင်းမှန်း မသိကြချေ။ ရူးသွပ်နေသကဲ့သို့သာ တိုက်ခိုက် ကိုက်ဖြတ်လိုကြ၏။ သူတို့က အတူတကွ ပြေးလွှားရင်း ထိုအသံဖြင့် အသေအကြေ တိုက်ခိုက်ရန် မျိုးနွယ်တူများကို ခေါ်ရင်း ပြေးလွှားလာကြခြင်းဖြစ်သည်။ 


ဖျက်ဆီးရန် … ဖျက်ဆီးရန် … 


ဤသို့ဖြင့် သူတို့က ပန်းခြံ၏ ငြိမ်းချမ်းသော ထောင့်တစ်နေရာ၊ တစ်ချိန်က ဆူညံနေခဲ့သည့် ကျောင်းဝင်း၊ အေးချမ်းခြင်းနှင့် ချစ်ခြင်းမေတ္တာအား ကိုယ်စားပြုသော ဘုရားကျောင်း တို့ထံသို့ ပြေးလွှားလာကြ၏။ 


ထိုနေရာများ၌ သူတို့အား စောင့်ကြိုနေခဲ့သည်က ပြင်းထန်လှသည့် အမြောက်များ ဖြစ်ကြသည်။ 


လွတ်လမ်း တစ်ခုပင် မရှိချေ။ 


မက်ခါများသည် မြို့အနှံ့ ဖြန့်ကျက်လျှက်ရှိ၏။ ၎င်းတို့က ဂြိုဟ်သားတစ်ဦးကိုပင် အလွတ်မပေးခဲ့ကြချေ။ အချို့ဂြိုဟ်သားများသည် အိပ်ပျော်နေကြပြီး အပြည့်အဝ သန္ဓေပြောင်းခြင်း မရှိသေးရာ သာမန်လူတစ်ဦးကဲ့သို့ပင် ရှိနေသေး၏။ သို့သော် ထိုသူတို့သည်လည်း အသက်ချမ်းသာရာ မရခဲ့ကြချေ။ 


၎င်းကို စစ်ပွဲဟူ၍ပင် မခေါ်ထိုက်ချေ။ 


အဘယ့်ကြောင့်ဆိုသော် နိုင်ခြင်းရှုံးခြင်း မရှိ၍ဖြစ်၏။ 


အဘယ့်ကြောင့်ဆိုသော် အနိုင်အရှုံးများ ဖြစ်တည်လာရန်အတွက် နှစ်ဦးနှစ်ဖက်သည် တူညီသည့် အင်အားရှိနေရမည် ဖြစ်၏။ 


၎င်းက ပျင်းရိစရာကောင်းလှသည့် သွေးစွန်းညတစ်ညသာ ဖြစ်လေသည်။ 


….


သို့ရာတွင် ညအချိန်၏ ကြယ်ရောင်များ ပျောက်ကွယ်သွားသည့်နောက် ပုံမှန်အတိုင်း အာရုံတက်ချိန်သို့ ရောက်ရှိလာခဲ့၏။ 


ကန္တာရမြို့တော်၏ အပူချိန်မှာ အနည်းငယ်အေးစက်နေခဲ့သည်။ မနက်ခင်းသည်လည်း ပုံမှန်အတိုင်း တိတ်ဆိတ်လျှက်ရှိ၏။


အဖွဲ့သည်လည်း တစ်ညလုံး တိုက်ခိုက်ခဲ့ပြီး မစ်ရှင်အား အပြီးသတ်နိုင်ခဲ့သည်။ ပိုင်းလော့များက သူတို့ထံသို့ ဦးတည်ပြေးလာသည့် ဒေါင်လိုက်မျက်ဆံပိုင်ရှင် လူသားတစ်ဦးမှ မရှိတော့ကြောင်း သတင်းပို့ခဲ့၏။ 


မက်ခါများသည် ပြန်လည် စုစည်းခဲ့ကြသည်။ သူတို့က မရေမတွက်နိုင်သော သွေးများနှင့် မီးခိုးများကို သယ်ဆောင်လာခဲ့ကြ၏။ 


အဆုံးသတ်တွင် တစ်နေ့လုံး စစ်ဆင်ရေးရှိနေခြင်းက အလွန် အားကုန်ခမ်းစေ၏။ ထို့ကြောင့် အဖွဲ့တွင်းရှိ မက်ခါများအား ပြန်လည်စုစည်းပြီးသည်နှင့် ရိုးရှင်းသော စာရင်းကောက်ခြင်းကိုသာ ပြုလုပ်ခဲ့လေသည်။ ထို့နောက် အားလုံးက အနားယူရန် ပြင်ဆင်လိုက်ကြ၏။ ပိုင်းလော့များနှင့် မက်ခါများ အနားယူပြီးသည်နှင့် နောက်ထပ်တစ်နေရာသို့ ဆက်လက်ထွက်ခွာကြမည် ဖြစ်သည်။ 


“ဘော့စ် … အနားယူပါဦး …” 

လုအန်းဟယ်၏ ပင်ပန်းနေသော အသံက ဆက်သွယ်ရေးစက်မှ ထွက်ပေါ်လာသည်။ 

“ဒီနေရာနဲ့ဆို ခရစ်စ်ပေါ့က သိပ်မဝေးတော့ဘူး … နည်းနည်း အနားယူလိုက်ပါလား …” 


ဟယ့်ယွင်ထင်က အားလုံးအား အနားယူခိုင်းလိုက်သည်။ ထို့နောက် သူသည်လည်း ထိုင်ခုံနောက်မှီအား မှီလိုက်ရင်း အတွေးနစ်သွား၏။ 


ရှုကျစ်ဟန်သည် ဖြစ်စဉ်တစ်ခုလုံးအား ကြည့်ရန်ပင် အားအင်မရှိခဲ့ကြောင်း သူကြားသိခဲ့ရသည်။ သို့သော် ဟယ့်ယွင်ထင်က ရှားရှားပါးပါး အနားရချိန်အား အဆိုပါ ပရော်ဖက်ဆာအကြောင်း တွေးရင်း မဖြုန်းတီးလိုချေ။ 


သူ အနားယူချင်နေခဲ့၏။


👾