Chapter 85
Viewers 8k

👾Chapter 85

 (အချစ်နဲ့ မရောင့်ရဲမှုက သဘာဝပဲ)



သူတို့ လက်နက်သုံးရတော့မှာလား …


သူတို့က ယခုအချိန်တွင် ဇာ့ဂ်အသံလှိုင်းများကြောင့် အသက်ပြန်ဝင်လာသူများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ သူတို့၏ ခြေလက်များ တောင့်တင်းနေခြင်းနှင့် သွေးစီးဆင်းမှု မချောမွေ့သည်မှအပ သူတို့သည် သာမန်လူများနှင့် မကွာခြားပေ။ ဆက်သွယ်ရေးစက်က ခဏအကြာအထိ တိတ်ဆိတ်သွားခဲ့သည်။ အားလုံးက ရှေ့တွင်မြင်နေရသော သတ္တဝါများကို အကဲဖြတ်နေကြဟန်ပင်။ 


သူတို့သည် သာမန်ဟု မှတ်ယူ၍မရသော အခြေအနေတစ်ခုအတွင်း ကျရောက်သွားကြလေပြီ။


ဟယ့်ယွင်ထင်က အရှေ့ရှိမြင်ကွင်းကို ကြည့်လိုက်၏။ 


ဆာဂျင်တစ်ဦး၏ နေ့စဉ်ထရိန်နင်၌ တပ်သားများ၏ ကျန်းမာရေး တိုးတက်စေရန်သာမက ဇာ့ဂ်များ၏ ခန္ဓာကိုယ်တည်ဆောင်ပုံကိပါ ကျွမ်းကျင်စေရန် သင်ကြားပေးရသည်။ 


ဇာ့ဂ်မျိုးနွယ်ပေါင်း ထောင်နှင့်ချီ၍ ရှိသည့်တိုင် သူတို့က အခြေခံအမူအကျင့်များ တူညီကြ၏။ သူတို့က သူစိမ်းကို မနှစ်သက်ကြသလို သူတို့နှင့်မတူသည့် မျိုးနွယ်ခြားများအား သိသိသာသာ ရန်လိုတတ်ကြသည်။ သူတို့က အလွန်အငြိုးကြီးပြီး ရန်သူအား အသေတိုက်ခိုက်တတ်သည့် စရိုက်လက္ခဏာကိုလည်း ပိုင်ဆိုင်ထား၏။ 


သို့သော် လူသားများနှင့် နှိုင်းယှဉ်လျှင် ဇာ့ဂ်များသည် အလွန်စည်းလုံးကြသည်။ ရန်သူမရှိလာသရွေ့ သူတို့သည် မျိုးနွယ်တူများကို ကြင်နာစွာ ဆက်ဆံကြ၏။ ယခုအခါ ဤလူသားများ၏ ဇစ်မြစ်အမှန်ကို မည်သူမှ မသိနိုင်တော့ချေ။ 


“အသံလှိုင်းတွေ ပိတ်လိုက် …” ဟယ့်ယွင်ထင်က ပြောသည်။ 

“လူသား ကြိမ်နှုန်းအဖြစ် ပြောင်းလိုက် … သိသာတဲ့ ရန်လိုမှုမျိုး … ဒါမှမဟုတ် တိုက်ခိုက်လိုတဲ့ ပုံစံမျိုး ပြလာခဲ့ရင် …” သူက စကားရပ်လိုက်ပြီးမှ စိတ်မသက်မသာဖြစ်ဟန်ဖြင့် ဆို၏။ 

“ပစ်လိုက်တော့ …” 


ဗွီ ပရိုတွန်ဂြိုဟ်ပေါ်၌ အခြေခံအကျဆုံး ငြိမ်းချမ်းရေး မက်ခါပင်မရှိချေ။ ဤလူများသည် ကျန်ရှိနေသော အသက်ရှင်ကျန်ရစ်သူများအတွက် ခြိမ်းခြောက်မှုမဖြစ်လာဟု မည်သည့်အာမခံချက်မှ မရှိချေ။ ထို့ကြောင့် သူတို့အား ဖယ်ရှားပစ်ရန်သာ ကျန်ရှိတော့၏။ 


လုအန်းဟယ်က အသက်ပြင်းပြင်းရှူကာ အမိန့်ကို နာခံလိုက်သည်။ “နားလည်ပါပြီ …” 


ဇုစ်နတ်ဘုရားဒိုင်းကာသည် မယုံနိုင်လောက်အောင် ခံနိုင်ရည်မြင့်မားလှသည်။ သူက ပြောသည့်အတိုင်းပင် ဇာ့ဂ်အသံလှိုင်းများကို ပိတ်ဆို့လိုက်သည်။ အပြင်ဘက်ရှိလူများက ဇဝေဇဝါဖြစ်သွားဟန်ဖြင့် ရပ်တန့်သွားကြ၏။ သို့သော် လုအန်းဟယ်က လူသားများနှင့် သက်ဆိုင်သည့် ကြိမ်နှုန်းကို ဖွင့်လိုက်ချိန်၌မူ အခြေအနေမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ 


ဒေါင်လိုက်မျက်ဆံများက တောင့်တင်းသွားကြပြီး ချက်ချင်းဆိုသလို ရက်စက်မှုအား ပြသလိုက်ကြ၏။ သူတို့က လူသားကြိမ်နှုန်းများကို တိုက်ခိုက်စရာ အရာတစ်ခုအဖြစ် မှတ်ယူလိုက်ကာ အသံလာရာအား စတင်ရှာဖွေကြတော့သည်။ သူတို့၏ လည်ပင်းများက တောင့်တင်းနေပြီး လူသံနှင့်မတူသည့် အသံများကို ထုတ်လွှင့်လာကြ၏။ 


သူတို့က သဘာဝအလျှောက် တစ်စုတစ်စည်းထဲ ရှိနေပြီး တစ်ဦးချင်း လျှောက်ပြေးနေခြင်း မပြုခဲ့ချေ။ သို့သော် အသံဖြင့် အချင်းချင်း ဆက်သွယ်လျှက်ရှိကြ၏။ သစ်ပင်အောက်တွင် စုဝေးနေကြသူများ၊ အများသုံးယာဉ်ပျံ၌ ပုန်းကွယ်နေသူများက ခြေလက်များကို ဆန့်တန်းလိုက်ကြ၏။ ထို့နောက် တစ်ဒါဇင်ကျော်ခန့် စုဝေးလိုက်ကြရင်း အသံလာရာသို့ ဦးတည်လိုက်ကြသည်။ 


သူတို့၏ အမြန်နှုန်းသည် ပုံမှန်မဟုတ်စွာပင် မြန်ဆန်နေပြီး စောစောကကဲ့သို့ တောင့်တင်းနေခြင်း မရှိတော့ချေ။ သူတို့က သာမန်ပြေးနှုန်းထက် ပို၍မြန်ဆန်သော အမြန်နှုန်းဖြင့် လုအန်းဟယ်၏ မက်ခါထံသို့ ဦးတည်လာကြသည်။ သူတို့က ခြေလက်များကို လက်နက်အဖြစ် အသုံးချကာ မက်ခါအား ဘက်ပေါင်းစုံမှ ဝိုင်းဝန်းတိုက်ခိုက်ကြ၏။


ဇုစ်နတ်ဘုရား ဒိုင်းကာ၏ ခံနိုင်ရည်မှာ မြင့်မားလှသည်။ လုအန်းဟယ်သည် ဒိုင်းကာကို ဖွင့်ထားခဲ့ပြီးပြီဖြစ်ရာ အင်ပါယာ ပိုင်းလော့များ၏ မျက်စိရှေ့၌ ရုန်းရင်းဆန်ခတ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ 


လူများက ခြေလက်များကို အသုံးပြုကာ သံမဏိအား ရက်ရက်စက်စက် ထုနှက်နေကြ၏။ ၎င်းက လူသားတို့၏ ခြေလက်များဖြစ်သည့်တိုင်၊ ကြောက်မက်ဖွယ် အရိုးကျိုးသံများ ထွက်ပေါ်နေသည့်တိုင်၊ သူတို့၏ ခြေလက်များအားလုံး သွေးလွှမ်းသွားသည့်တိုင် သူတို့က မရပ်တန့်ကြချေ။ 


မကြာခင်မှာပင် လုအန်းဟယ်၏ မက်ခါဝန်းကျင်၌ သွေးလွှမ်းနေသည့် ခြေလက်ပြတ်များဖြင့် ပြည့်နှက်သွား၏။ သို့သော် ထိုလူများကမူ နာကျင်မှုကို ခံစားမိပုံမရချေ။ 


“ပစ် …” အမိန့်ပေးခန်းမှ အသံထွက်ပေါ်လာ၏။ ဟယ့်ယွင်ထင်၏ အသံက အခက်တွေ့နေပုံပေါ်သည်။ 

“ပြင်းအားများတဲ့ လက်နက်တွေ သုံးစရာမလိုဘူး … သံလိုက်ဒုံးခွင်းအမြောက်ဆို လုံလောက်ပြီ … အဲဒီ့ …” 

ဟယ့်ယွင်ထင်က ခဏတာတုံ့ဆိုင်းနေပြီး ပြောလိုက်သည်။ 

“အမည်မသိသတ္တဝါတွေကို ပစ်လိုက် …” 


“ခဏနေပါဦး …” လုအန်းဟယ် အမိန့်အတိုင်း လုပ်ဆောင်မည့်အချိန်၌ ရှုကျစ်ဟန်က မနေနိုင်တော့ပဲ ဝင်ပြောလိုက်သည်။ 

“သူတို့ကို ကယ်လို့ရကောင်းရမှာပါ … သူတို့ ပြန်မကောင်းနိုင်ရင်တောင် ပိုကောင်းလာနိုင်ပါတယ် … ဒါ့ကြောင့် ကျွန်တော် ဒီကိုရောက်နေတာမဟုတ်လား .. ဘာလို့ ကျွန်တော်တို့ ရောက်ရောက်ချင်း သူတို့ကို ချေမှုန်း …”


လုအန်းဟယ်က စွမ်းအင်သိုလှောင်ခြင်းကို မရပ်တန့်ပဲ နှုတ်ခမ်းတင်းတင်းစေ့လိုက်၏။

“ပရော်ဖက်ဆာရှု… ဒါက အမိန့်ပါ …”


ရှုကျစ်ဟန်သည် အချိန်တစ်ခုအထိ လူလုံးထွက်ပြခွင့်မရှိရာ ဟယ့်ယွင်ထင်အား တိုက်ရိုက်စကားဆိုနိုင်စွမ်း မရှိချေ။ သူက စိုးရိမ်မှုကြောင့် ချွေးပျံလာ၏။ “သူတို့က ဘယ်နေရာမှများ လူနဲ့မတူလို့လဲ … သူတို့က အသက်ရှူနေတုန်းလေ … နှလုံးခုန်နေတုန်း …” 

သူက စကားရပ်ကာ ဆက်ပြောသည်။

“ဒုဗိုလ်မှူးလု … ကျွန်တော့်ကို ဗိုလ်ချုပ်နဲ့ တိုက်ရိုက်စကားပြောဖို့ ပြောပေးပါ … မရဘူး … ခင်ဗျားဒီလိုလုပ်လို့မဖြစ်ဘူးလေ …” 


ဟယ့်ယွင်ထင်သည် ဇုစ်နတ်ဘုရား၏ နှေးကွေးသော လှုပ်ရှားမှုများကို သတိပြုမိပုံရသည်။ သူက အကြောင်းရင်းမှာ ရှုကျစ်ဟန်ဖြစ်နိုင်ကြောင်း နားလည်သွားကာ ဆက်သွယ်ရေးစက်ကို ထပ်မံဖွင့်လိုက်၏။ 

“ဘာပဲဖြစ်ဖြစ် … ဒီအုပ်စုကို အရင်ရှင်းလိုက် … ဗွီ ပရိုတွန်မှာ ဒီတစ်အုပ်ထဲ ရှိနေတာ မဖြစ်နိုင်ဘူး … ကျန်တာ နောက်မှဆွေးနွေးမယ် …” 


“နားလည်ပါပြီ …” 


လုအန်းဟယ်က အမိန့်ကို လက်ခံရရှိသည်နှင့် ဆက်သွယ်ရေးစက်အား ပိတ်လိုက်၏။ ထို့နောက် ရှုကျစ်ဟန်အား တောင်းပန်သည့်ဟန် ခေါင်းတစ်ချက်ညိတ်ပြလိုက်သည်။ သူက တစ်ဖက်လူ၏ တုန်ယင်နေသော နှုတ်ခမ်းများကို မကြည့်တော့ပဲ မျက်လုံးမှိတ်လျှက် သံလိုက်ပတ်လမ်း အမြောက်ကို တိုက်ခိုက်နေသည့် လူသားများထံသို့ ချိန်လိုက်သည်။ 


ဘုန်း ….. ကျယ်လောင်လှသည့် အသံကြီးက ပဲ့တင်ထပ်သွား၏။ 


ရှုကျစ်ဟန်သည် အသံကြောင့် တုန်ယင်သွားသည်။ သူ့ခန္ဓာကိုယ်မှာ အေးစက်သွားပြီး သူ့နှုတ်ခမ်းများမှာလည်း ဖြူဆုတ်သွား၏။ သူ့မျက်ဝန်းများ၌ မလိုလားမှုများ ထင်ဟပ်လျှက်ရှိသည်။ 


“မလုပ် …”


သို့သော် လုအန်းဟယ်သည် ဟယ့်ယွင်ထင်၏ အမိန့်ကိုသာ နာခံပြီး ဆယ်ဦးကျော်လူများကို တစ်ဦးချင်းစီ ပစ်ခတ်လိုက်၏။ 


လုအန်းဟယ်က သူတို့၏ ဦးနှောက်များကို ချိန်ရွယ်ပစ်ခတ်ခဲ့သဖြင့် ဦးနှောက်များသည် ချက်ချင်းဆိုသလို ပေါက်ကွဲကာ ပြာကျသွားကြသည်။ ထိုမျှသာမက တစ်ချက်ထဲနှင့် ပစ်သတ်ခံလိုက်ရသူများမှာ လုံးဝပျောက်ကွယ်သွားသဖြင့် အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ 


ငါးမိနစ်အကြာ၌ လမ်း၏ ငါးကီလိုမီတာခန့်သည် အပြည့်အဝ ရှင်းလင်းသွားခဲ့သည်။ အသံလှိုင်းများ ထွက်ပေါ်နေသည့်တိုင် ထွက်ပေါ်လာသည့် လူတစ်ဦးပင် မရှိတော့ချေ။ 


“ဗွီ ပရိုတွန်အစိုးရဆီကို တိုက်ရိုက်သွားမယ် ….” ဟယ့်ယွင်ထင်၏ အသံက လူသတ်ခိုင်းခဲ့သည့် အမိန့်မှာ သူ့ထံမှ လာရောက်ခဲ့ခြင်း မဟုတ်သည့်အလား အတက်အကျမရှိချေ။ 

“ဘာတွေဖြစ်နေလဲ ကြည့်ရအောင် …”


သို့သော် မြို့တော်သို့ သွားရောက်ခြင်းသည် မလွယ်ကူလှချေ။ သူတို့က စောစီးစွာ ရောက်လာခဲ့သော်လည်း ဤသို့သော အခြေအနေမျိုးကို မျှော်လင့်မထားခဲ့ကြ။ ယခုအခါ မြို့တော်ခန်းမအား မဆက်သွယ်နိုင်တော့မည့်အပြင် အခြေအနေမှာလည်း မည်သို့ရှိကြောင်း မသိနိုင်သဖြင့် အခြားခေါင်းဆောင်တစ်ဦးကိုသာ အရင်ဆက်သွယ်ရတော့မည် ဖြစ်၏။ 


ရှုကျစ်ဟန်သည် လူသားများ အသတ်ခံရပြီးသည့်နောက် နေ့တစ်ဝက်ကြာသည့်တိုင် မျက်နှာမကောင်းဘဲ ရှိနေ၏။ သူက အာဟာရဓာတ်စာမရှိပဲ အသက်မရှင်နိုင်သည့် လင်းဟန်ကဲ့သို့ အားမနည်းသော်လည်း သူသည်လည်း အိုမီဂါတစ်ဦးသာဖြစ်၏။ သူက အနည်းငယ်မျှ ထိုးအန်ပြီးသည့်နောက် အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ 


သူတို့အဖွဲ့သည် ရပ်နားခြင်းမရှိသေးချေ။ ထို့ကြောင့် ရှုကျစ်ဟန်သည် ဒေါသများ အပြည့်ဖြစ်နေသည့်တိုင် ဟယ့်ယွင်ထင်နှင့် ရင်ဆိုင်နိုင်ခြင်းမရှိချေ။ 


ဗွီ ပရိုတွန်ဂြိုဟ်သည် ဖွံ့ဖြိုးခြင်း မရှိသော်လည်း ကုန်းမြေမှာ ကျယ်ပြောပြီး မိုးသစ်တောတန်းများပင် ရှိ၏။ ထို့ကြောင့် နေ့အချိန်၌ ရောက်ရှိလာသူများအဖို့ အနည်းငယ် အခက်တွေ့နေရသည်။ စစ်သင်္ဘောပါသည့် အခေါက်နှင့်မတူပဲ မက်ခါသည် ရာသီဉတုဒဏ်ကို ခံနိုင်ရည်ရှိသည့်တိုင် ခရီးရှည်သွားပြီးသည့်နောက် ပြင်ဆင်ချိန်ညှိရန် အမြဲအချိန်ယူနေရ၏။ 


ထို့အပြင် လုအန်းဟယ်သည် မူလက အရှိန်တင်ချင်နေခဲ့သော်လည်း လမ်းတစ်ဝက်မှာပင် ဟယ့်ယွင်ထင်နှင့် ဆက်သွယ်နေရာမှ ခြားနားချက်ကို သတိပြုမိလိုက်သည်။ 


သူက ချက်ချင်းဆိုသလို ဟယ့်ယွင်ထင်နှင့် သီးသန့်စကားပြောခန်း ဖွင့်လိုက်၏။ 

“ဘော့စ် … ခင်ဗျား …” 


ပင့်သက်ရှိုက်သံက သူ့သံသယကို အတည်ပြုပေးလိုက်သည်။ 


လုအန်းဟယ်သည် ချက်ချင်း အသံတိတ်သွားကာ စိုးရိမ်စွာဖြင့် သက်ပြင်းချလိုက်မိ၏။ 


ဟယ့်ယွင်ထင်နှင့် လုအန်းဟယ်တို့သည် ဤမစ်ရှင်အား မပြုလုပ်စဉ်က သဘောတူညီချက်တစ်ခု ရှိခဲ့၏။ သဘောတူညီချက်မှာ ဟယ့်ယွင်ထင်သည် မမျှော်လင့်သော အခြေအနေတစ်ခု ကြုံရပါက လုအန်းဟယ်က သူ့ကိုယ်စား ဆုံးဖြတ်ချက်ချပေးရမည်ဟု။ 


RUT ကာလသည် အယ်လ်ဖာတိုင်းအတွက် မလွတ်မြောက်နိုင်သည့် အိပ်မက်ဆိုးကြီးဖြစ်လေသည်။ ထိုနေရာ၌ လုအန်းဟယ်သာဆိုလျှင် ဟယ့်ယွင်ထင်သည် နှစ်ရက်ကြာ ခွင့်ပေးပေလိမ့်မည်။ သို့သော် သူကိုယ်တိုင်ဖြစ်လာသည့်အခါ၌မူ ထိုသို့လုပ်၍မရတော့ချေ။ 


“ဘယ်လောက်လိုသေးလဲ …” ဟယ့်ယွင်ထင်က မေးလိုက်သည်။ 


“ဗွီ ပရိုတွန်ရဲ့ မိုးသစ်တော အနေအထားကြောင့် ကျွန်တော်တို့ နောက်နေ့မနက်ခင်း ဒါမှမဟုတ် နေ့လည်မှပဲ ရောက်နိုင်ပါလိမ့်မယ် …” လုအန်းဟယ်က ခဏကြာ တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။ “ဘော့စ် …”


“ငါဘာမှမဖြစ်ပါဘူး …” ဟယ့်ယွင်ထင်က ခြောက်ကပ်ကပ် ပြန်ဖြေ၏။ “ငါ့ကို အချိန်ခဏပေး …” 


ဟယ့်ယွင်ထင် ထိုကာလကို မည်မျှကြာကြာ ဖြတ်သန်းခဲ့မှန်း လုအန်းဟယ် မသိချေ။ သူက မစ်ရှင်ရှိမနေပါက ဒီအတိုင်း ဖြည်းဖြည်းချင်း ဖြတ်ကျော်လေ့ရှိပြီး မစ်ရှင်ရှိနေလျှင်မူ ပုံမှန်အယ်လ်ဖာတစ်ဦးအတွက် တစ်ရက်နှစ်ရက် ကြာမြင့်သည့် ကာလကို စိတ်စွမ်းအားသုံးကာ လျင်မြန်စွာ ဖြတ်သန်းလေ့ရှိ၏။ 


“ဘယ်လောက်ကြာလဲ …” လုအန်းဟယ်၏ အသံက အနည်းငယ် ပြင်းထန်နေ၏။ “ဒီဘက်မှာ ဇာ့ဂ်ရဲ့အရိပ်အယောင်မရှိကြောင်း အတည်ပြုပြီးပါပြီ … ပြီးတော့ မက်ခါကလည်း အနားယူဖို့လိုပါတယ် … ကျွန်တော် ဘော့စ်ကို နေ့ဝက် …”


“နေ့တစ်ဝက်မလိုဘူး …” ဟယ့်ယွင်ထင်က ဖြတ်ပြောလိုက်သည်။ “နာရီနည်းနည်းဆိုရပြီ …” 


လုအန်းဟယ်က စိုးရိမ်လာသည်။ “ဒါပေမယ့် ဘော့စ် …” 


၎င်းက အလွန်တိုတောင်းလှသည့် အချိန်ကာလဖြစ်သည်။ သူမည်ကဲ့သို့ တောင့်ခံနိုင်ပါ့မည်နည်း။ 


“မစ္စတာလင်းကို မပြောနဲ့ …” ဟယ့်ယွင်ထင်သည် ထိုသို့ဆိုပြီးနောက် ဆက်သွယ်မှုအား ဖြတ်တောက်လိုက်လေသည်။ 


သို့သော် လုအန်းဟယ် မပြောသည်နှင့် လင်းဟန် သတိမပြုမိမည်မဟုတ်ပေ။ 


သူ ထွက်ခွာသွားစဉ်ကတည်းက တစ်ခုခုမှားယွင်းနေမှန်း လင်းဟန် ခံစားမိခဲ့၏။ ခွဲခွာခါနီး ပွေ့ဖက်မှု၊ သူ လျစ်လျူရှုလုနီးနီး ဖြစ်ခဲ့သည့် ဖယ်ရိုမုန်း၊ ထို့အပြင် အချိန်အတော်ကြာသည့်တိုင် ဟယ့်ယွင်ထင် သူ့အား မဆက်သွယ်လာခြင်း …။


လင်းဟန်သည် အလွန်ဉာဏ်ကောင်း၏။ ထို့ကြောင့် သူက ပုံဖော်နိုင်ခဲ့သည်။ 


ချီကျားမူက သူ့အား လာရောက်စစ်ဆေးသည့်အခါ လင်းဟန်သည် တစ်ဖက်လူအား အမှန်အတိုင်းပြောကာ စိတ်အေးချမ်းစွာ ထွက်ခွာသွားစေခဲ့သည်။ ထို့နောက် သူက ဟယ့်ယွင်ထင်၏ နောက်ဆုံး RUT ကာလမှစ၍ ရက်တွက်လိုက်သည်။ 


ထိုအချိန်က တစ်ဖက်လူသည် သူတို့၏ ပွေ့ဖက်မှု၊ ဖယ်ရိုမုန်းများကို မှီခိုကာ ဖြတ်သန်းခဲ့သည်။ သို့သော် ယခုမူ … 


လင်းဟန်က မထိန်းနိုင်တော့ပဲ ဟယ့်ယွင်ထင်အား သီးသန့်ဆက်သွယ်မှု ဖွင့်လိုက်၏။ သူက အရင်ဆုံး လုအန်းဟယ်ကို မေးခဲ့သည်။ သို့သော် ထိုသူက မည်သည်ကိုမှ မပြောခဲ့ပဲ အသင်းတစ်ခုလုံး အနားယူနေကြပြီး ဟယ့်ယွင်ထင်ကမူ အိပ်စက်နေသည်ဟုသာ ဆိုခဲ့၏။ သို့သော် လင်းဟန်က လက်မလျှော့ခဲ့ချေ။ ဟယ့်ယွင်ထင်ကိုသာ ထပ်မံ ခေါ်ဆိုလိုက်၏။ 


မည်သို့ပင်ဖြစ်စေ၊ ဟယ့်ယွင်ထင်ကမူ ခေါ်ဆိုမှုကို ရှောင်တိမ်းလိုခဲ့ပုံရ၏။ ပြည့်စုံသော ချိတ်ဆက်ခြင်း၏ အချက်ပြမှုသည် အတန်ကြာမှသာ ထွက်ပေါ်လာခဲ့သည်။ 


သူက ဟယ့်ယွင်ထင်သည် သူ၏ခေါ်ဆိုမှုကို ငြင်းဆန်လိုခြင်းမဟုတ်ပဲ တစ်စုံတစ်ခုအား တောင့်ခံနေသည်ဟု ခံစားမိလိုက်၏။ ထိုသူက အခက်အခဲများကို တစ်ဦးထဲ ရင်ဆိုင်နေချင်ပုံပင်။ 


အယ်လ်ဖာများ၏ RUT ကာလသည် မည်သို့ရှိသနည်း။ သူတို့၏ စိတ်အစဉ်မှာ ဖျက်ဆီးလိုသော၊ သို့မဟုတ် အပြီးအပိုင် ပိုင်ဆိုင်လိုသည့် ဆန္ဒများ၊ ထုတ်ဖော်ပြော၍မရသော ကြောက်မက်ဖွယ် အတွေးများဖြင့် ပြည့်နှက်နေလေ့ရှိ၏။ ဟယ့်ယွင်ထင်က တစ်ဖက်လူအား မခြောက်လှန့်လိုသဖြင့် အတွေးများကို ထိန်းချုပ်ထားသည့်တိုင် တစ်ချို့တစ်ဝက်ကမူ သူ့အသံ၌ ပါဝင်နေဆဲပင်။ 


ဗွီ ပရိုတွန်၏ ဆက်သွယ်ရေးစနစ်သည် အင်ပါယာကဲ့သို့ ကောင်းမွန်ခြင်းမရှိချေ။ ဟယ့်ယွင်ထင်၏ အသံသည် ရေဒီယိုလှိုင်းများကို ဖြတ်သန်းလျှက် ခပ်ထစ်ထစ် ထွက်ပေါ်လာ၏။ 


“မစ္စတာလင်း …”

ဟယ့်ယွင်ထင်သည် သူ့အမည်ကိုသာ ခေါ်နေဆဲဖြစ်သည်။ သို့သော် လင်းဟန်က သူ့အား ပြင်ဆင်ရန် မပြောခဲ့ချေ။ 


တစ်ချိန်က ထိုအသံသည် တင်းကျပ်ပုံပေါ်ခဲ့၏။ ယခုအခါ နူးညံ့ညှင်သာခြင်းတို့ စွက်နေလျှက်ရှိသည်။ သို့သော် မည်မျှ ထစ်အနေသည်ဖြစ်စေ၊ လင်းဟန်သည် တစ်ဖက်လူ၏ အသံမှတဆင့် သူ၏ ဖိနှိပ်ရန်အားစိုက်ထားမှုများကို ခံစားနိုင်ဆဲပင်။ 


သူက တစ်ဖက်လူ၏ အသံကို ကြားသည်နှင့် ထိုအသံထဲ၌ နစ်မျောသွား၏။ စက္ကန့်အနည်းငယ် ကြာမှသာ တစ်ဖက်လူ၏ အမည်ကို ခေါ်လိုက်နိုင်ခဲ့သည်။ 


“အင်း …” 

ဟယ့်ယွင်ထင်က တိုတောင်းစွာ ပြန်ဖြေခဲ့သည်။ လင်းဟန်က တစ်ဖက်လူ တစ်စုံတစ်ခု ပြောချင်နေမှန်း ခံစားမိလိုက်၏။ သို့သော် ပင့်သက်ရှိုက်သံကိုသာ ကြားလိုက်ရပြီး တိတ်ဆိတ်မြဲတိတ်ဆိတ်လျှက်ရှိလေသည်။ 


ဟယ့်ယွင်ထင်သည် “မင်းအဆင်ပြေလား ..” ဟု မေးခဲ့သင့်သည်။ သို့မဟုတ် သူ၏ လက်ရှိအခြေအနေအကြောင်း ပြောပြသင့်သည်။ 


သို့သော် မည်သည့်စကားကိုမှ မပြောခဲ့ချေ။ 


လင်းဟန်၏ နှလုံးသားသည် အနည်းငယ် တင်းကျပ်သွားရ၏။ 


သူ့အတွက် အရမ်းခက်ခဲနေမှာပဲ … 


“ကျွန်တော် အာဟာရဓာတ်စာ စားပြီးပြီ ..” လင်းဟန်က စကားစလိုက်သည်။ 

“အချိန်လည်းမှန်တယ် … ပမာဏသင့်တင့်အောင်လည်း စားတယ် …”


“အင်း …” သူက တိုတောင်းသော တုံ့ပြန်မှုကိုသာ ဆက်လက်ရရှိခဲ့၏။ 


“ကျွန်တော် ဌာနမှာ အိပ်တာတို့ … အိုဗာတိုင် ဆင်းတာတို့ မလုပ်တော့ဘူး … ချီကျားမူကိုလည်း အားလုံးပြောပြထားတယ် … ရှီးယွမ်ကိုလည်း သွားမရှာဘူး … မနေ့ညကလည်း ကောင်းကောင်း အိပ်ခဲ့တယ် …”


လင်းဟန်က ရယ်လျှက်ဆို၏။ သူက လွန်ခဲ့သော ရက်အနည်းငယ်က ဆူညံလွန်းသဖြင့် ဟယ့်ယွင်ထင်၏ နှာခေါင်းကို တို့ခဲ့သည်။ သို့သော် ယခုမူ သူကသာ စကားများသူဖြစ်နေ၏။ သို့သော်  အလင်းနှစ်များစွာအား ဖြတ်သန်းပြီးလျှင် ထိုအတွေးများသည် မီးခိုးငွေ့များသဖွယ် ပျောက်ကွယ်သွားပေလိမ့်မည်။ ၎င်းက နဂါးငွေ့တန်းထဲ၌ ပျော်ဝင်သွားကာ ကြယ်ပင်လယ်ထဲသို့ ပျံ့ကျဲသွားပေလိမ့်မည်။ 


ဒါကြောင့် ကြယ်စုံတဲ့ ကောင်းကင်ကို မော့ကြည့်တိုင်း … လေကို ရှူသွင်းလိုက်တိုင်း …  ကျွန်တော် ခင်ဗျားအကြောင်း တွေးနေမိတယ် … 


လျှပ်စစ်သံလိုက်လှိုင်းတွေပဲဆိုရင်တောင် ကျွန်တော့်ရဲ့ ကိုယ်ငွေ့ကို ခင်ဗျားထံ သယ်ဆောင်သွားမှာပါ …


ဒါက ရှက်စရာမဟုတ်ပါဘူး … 


“ကျွန်တော် ခင်ဗျားကို လွမ်းတယ် …” သူက ပြောလိုက်သည်။ 


သို့သော် ဟယ့်ယွင်ထင်က ချက်ချင်းပြန်မဖြေတော့ချေ။ သူက တစ်စုံတစ်ခုအား ထိန်းချုပ်ရန် ကြိုးစားနေပုံရ၏။ မည်သို့ပင်ဖြစ်စေ၊ သူ နှစ်ပေါင်းများစွာ မွေးမြူခဲ့သည့် အကျင့်က သူ့အား အကောင်းဆုံးလုပ်နိုင်စေခဲ့သည်။ သူက တစ်စက္ကန့်အကြာ၌ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ 

“အင်း …” 


“ဒီတော့ … ဟယ့်ယွင်ထင် …” 

လင်းဟန်က မစောင့်နေတော့ပဲ တိုက်ရိုက်မေးလိုက်သည်။ 

“ခင်ဗျားဘယ်မှာလဲ …” 


“လေယာဉ်ခန်းထဲမှာ …” 

တစ်ဖက်လူက ရေတစ်ငုံသောက်လျှက် တောင့်တမှုအား ထိန်းချုပ်နိုင်ရန် ကြိုးစားနေခဲ့၏။ 


“ခင်ဗျား စိတ်ထိခိုက်လွယ်တဲ့ ကာလမှာမဟုတ်လား …” 

လင်းဟန်က မေးလိုက်သည်။ 


ဟယ့်ယွင်ထင်က တိတ်ဆိတ်သွားခဲ့ကာ ငြင်းဆန်ခြင်း မပြုခဲ့ချေ။ 


“အရင်လိုပဲ … တစ်ယောက်ထဲဖြတ်သန်းဦးမှာလား … ဘယ်သူကမှ ခင်ဗျားကို ဘာမှမပြောပါဘူး … ဖိအားတွေနဲ့ပဲဖြစ်ဖြစ်၊ စိတ်စွမ်းအားနဲ့ဖြစ်ဖြစ် ခင်ဗျားအားလုံးကို ဖြတ်ကျော်ဦးမှာမဟုတ်လား …” 

လင်းဟန်၏ အသံမှာ တည်ငြိမ်ပြီး နူးညံ့နေသည်။ 


RUT ကာလသည် ဆန္ဒများဖြင့် ချိတ်ဆက်နေလေ့ရှိသည်။ ဟယ့်ယွင်ထင်သည် ထိုအရာကု ရွံရှာသဖြင့် သူ့ကိုယ်သူ ထိန်းချုပ်ရန် ကြိုးစားခဲ့၏။ သို့သော် သူသည်လည်း သဘာဝတရားဖြင့် ချည်နှောင်ခံထားရသည်သာ ဖြစ်သည်။ သူက မည်သူမှမသိသောနေရာ၌ ပုန်းကွယ်နေလေ့ရှိပြီး အရှုံးကို ငြင်းဆန်ရန် သွေးချင်းချင်းရဲလျှက် တောင့်ခံလေ့ရှိသည်။ လင်းဟန်သည် လိင်ဆက်ဆံခြင်းနှင့် အချစ်သည် ကွဲပြားနေစရာမလိုကြောင်း ပြောခဲ့သည့်တိုင် သူကိုယ်တိုင်ကမူ သူ၏ ဆန္ဒများထဲသို့ နစ်မျောလိုစိတ် မရှိချေ။ 


“မဟုတ်ပါဘူး …” 

ဟယ့်ယွင်ထင်က သူ့အသံကို ထိန်းချုပ်ကာ ပြန်ဖြေ၏။ သူက တစ်ဖက်လူအား မစိုးရိမ်စေချင်ခဲ့ချေ။ 

“မကြာခင်ပြီးသွားမှာပါ …” 


“ဟယ့်ယွင်ထင် …” လင်းဟန်က သူ့အမည်ကို ခေါ်လိုက်သည်။ 

“ဒါဆို ကျွန်တော်မေးမယ် … ခင်ဗျား ဘာလို့ဂုဏ်သိက္ခာကို ဂရုစိုက်တာလဲ … အဲဒါက အစစ်အမှန်ပဲလား …” 


တစ်ဖက်လူက ထိုမေးခွန်းမျိုး မေးလာမည်ဟု မျှော်လင့်ထားပုံမရချေ။ သူက အသက်ပြင်းပြင်းရှူကာ ပြန်ဖြေလိုက်သည်။ 

“ဒါပေါ့ …” 


“ဒါပေမယ့် ဂုဏ်သရေက မြင်လည်းမမြင်ရဘူး .. ခံစားလို့လည်းမရဘူးလေ … ခင်ဗျားကတော့ အဲဒီ့အတွက် တစ်ဘဝလုံး တိုက်ခိုက်သွားမှာမဟုတ်လား …”


လင်းဟန်က ဖြည်းညှင်းစွာ ပြောမေးလာလေသည်။ 


👾