Chapter 186
Viewers 21k

🚩Chapter - 186

Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 22 ]


_____



ကျင်ဖန်းနန်းဆောင်တွင် ထိုကဲ့သို့ ကိစ္စအကြီးကြီးဖြစ်ပျက်သွားမှုကြောင့် ယန်ယွီချင်းတွင် ဆိုးဝါးသည့် အသွင်အပြင်ရှိနေသည်မှာ ပုံမှန်ပင်ဖြစ်သည်။ သို့သော် လုမုရွှင်က ယန်ယွီချင်း၏ သွေးခုန်နှုန်းကို စမ်းသောအခါ သူ့မျက်လုံးများက ရုတ်တရက် လက်သွားသည်။


အစေခံကောင်လေးအဖြစ် ရုပ်ဖျက်ဟန်ဆောင်လာသည့် ယန်ယွီနော့က စကားတစ်ခွန်းမှမဆိုပေ။ သူမက လုမုရွှင် ယန်ယွီချင်းအား စမ်းသပ်ပြီးသည်အထိစောင့်ပြီးမှ စုဝမ်အကြောင်းကို မေးမည်ဟု စီစဥ်ထားလိုက်သည်။ သို့သော် လုမုရွှင်က ရုတ်တရက် မေးလာ၏။ 


“အတင့်ရဲစွာနဲ့ မိန်းမလှလေးယန်ကို မေးပါရစေ…ဒီလအတွက် ဓမ္မတာလာပြီးပါပြီလား”


ဓမ္မတာလား…။


“မလာသေးဘူး” ယန်ယွီချင်းက ကုတင်ပေါ်တွင် လှဲနေရင်း စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ ပြန်ဖြေလာသည်။ 


သို့သော် ပြန်ဖြေပြီးနောက် သူမက ချက်ချင်းတစ်ခုခုကို သတိရသွားသည်။ သူမ၏မျက်လုံးများက ပြူးကျယ်သွားကာ လုမုရွှင်ကို ကြောက်လန့်တကြားနှင့် ကြည့်လိုက်သည်။ 


“နန်းတွင်းသမားတော်လု…နန်းတွင်းသမားတော်လု…ဒါက…”


ထိုအချိန်တွင် အတွင်းဆောင်ထဲ၌ သူတို့သုံးယောက်ပဲရှိနေသောကြောင့် လုမုရွှင်က ကွယ်ဝှက်မနေတော့ပေ။ 


“မင်းရဲ့ သွေးခုန်နှုန်းက ချောချောမွေ့မွေ့ပါပဲ အထူးသဖြင့် တော်တော်လေးအားကောင်းနေတယ် မိန်းမလှလေးယန် မင်း…ကိုယ်ဝန်ရှိနေပြီ”


ဒါက…ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…။


ယန်ယွီချင်းက လုမုရွှင်ပြောသည့်စကားကိုကြားသောအခါ ကြောင်အမ်းသွားသည်။ 


ဘုရင်မင်းမြတ်က သူမကို တစ်ခါပဲထိရသေးသလို ထိုနေ့ကလည်း အထိန်းတော်ဝမ်က သူမထွက်မသွားခင်၌ ပုံမှန်အတိုင်း ကိုယ်ဝန်မရစေသည့် စွပ်ပြုတ်တိုက်ခဲ့သေးသည်။ အချိန်အများကြီးကျော်လွန်ပြီးသွားမှ ရုတ်တရက် သူမက ကိုယ်ဝန်ရလာခဲ့၏။ သူမဘယ်လိုပဲတွေးပါစေ၊ ဗိုက်ထဲမှ မျိုးစေ့လေးက ဘုရင်မင်းမြတ်ဆီမှ မဟုတ်ပေ။ 


“နန်းတွင်းသမားတော်လု…မမ…မမယွီနော့”


တကယ်တမ်းတွင် ယန်ယွီချင်းက ယန်ယွီနော့အား ဝင်လာကတည်းက သတိထားမိသည်။ သို့သော် သူမက ယန်ယွီနော့နှင့် စကားပြောချင်စိတ်မရှိနေရုံသာဖြစ်သည်။ သို့သော်လည်း ယခုက မတူတော့ပေ။ ယခုတွင် ယန်ယွီနော့နှင့် လုမုရွှင်တို့ကသာ သူမ၏ နောက်ဆုံးမျှော်လင့်ချက်များဖြစ်သည်။ 


“မမ…ကယ်ပါဦး…နန်းတွင်းသမားတော်လု…ကယ်ပါဦး”


ယန်ယွီချင်းက ရုတ်တရက် ကုတင်ပေါ်မှ ဆင်းလာကာ ယန်ယွီနော့နှင့် လုမုရွှင်တို့အရှေ့တွင် ဒူး‌ထောက်ချလိုက်သည်။ 


ယန်ယွီချင်းက ယန်ယွီနော့၏အကျင့်ကို သေချာနားလည်ပြီးဖြစ်သည်။ သူမသာ ငိုယိုပြီးတောင်းပန်လိုက်သည်နှင့် ယန်ယွီနော့က ချက်ချင်းနှလုံးသားထဲတွင် နူးညံ့သွားကာ သူမကိုကူညီလာလိမ့်မည်။ သူမ၏လက်ခံမှုနှင့်အတူ လုမုရွှင်သည်လည်း သူမဘက်တွင် အလိုအလျောက်ရပ်တည်လာလိမ့်မည်။ ဒီကလေးကိုသာ တိတ်တဆိတ် ဖယ်ရှားပစ်လိုက်ပါက သူမ၏ဘဝက ဘေးကင်းပြီဖြစ်သည်။ 


“ဒါက…”


လုမုရွှင်က ယန်ယွီနော့၏မျက်နှာအား ဝန်လေးနေသည့်ပုံဖြင့်ကြည့်လာသည်။ အခြေအနေက တစ်ချက်ကြည့်ရုံနှင့်တင် သိသာလှသည်။ ကျင်ဖန်းနန်းဆောင်တွင် ရွေ့ဝမ်နှင့် ကာမစပ်ယှက်နေသူက ယန်ယွီချင်းသာ ဖြစ်ပြီး စုဝမ်က ကြားဝင်ခံလိုက်သူသာဖြစ်သည်။ 


“နင်ပဲ”


ထိုအခိုက်အတန့်တွင် ယန်ယွီနော့၏မျက်နှာ၌ အုံ့မှိုင်းနေသည့် အမူအရာများပေါ်လာသည်။ သူမက အရှေ့ရှိ ငိုကြွေးနေသည့် ယန်ယွီချင်းကို မယုံကြည်နိုင်မှုများဖြင့် ကြည့်လိုက်သည်။ 


“ယွီချင်း…ရွေ့ဝမ်နဲ့ ဖောက်ပြားခဲ့တဲ့သူက နင်ပဲ ဟုတ်တယ်မလား”


“မမ…ငါစိတ်လွတ်သွားခဲ့တာပါ ခဏလောက်စိတ်ရှုပ်ထွေးသွားခဲ့တာ ငါမသေချင်သေးဘူး အရှင်က ငါ့ကိုသတ်လိမ့်မယ် ငါ့ကိုကယ်ပါ…ကယ်ပါဦး…မမ”


ယန်ယွီချင်းက ယန်ယွီနော့ သူမအားမကူညီမည်ကို ကြောက်ရွံ့သောကြောင့် ပို၍ငိုကြွေးပြလာသည်။ 


သူမ၏ညီမကို မျက်နှာချင်းဆိုင်ရင်း ယန်ယွီနော့က ရက်စက်ရန် မတတ်နိုင်ပေ…သို့သော်…။ 


“စုဝမ်အတွက်ကရော…သူမက အပြစ်ကင်းတယ်လေ”


ယန်ယွီနော့က အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။ သူမစိတ်ထဲတွင် စုဝမ်၏အပြုံးလေးများနှင့် သူမအပေါ် လုပ်ပေးခဲ့သည့်အရာများအားလုံးကိုပြန်တွေးလိုက်သည်။ 


“စုဝမ်က ဝင်ခံခဲ့တာ…သူမကိုယ်တိုင် ဆန္ဒရှိရှိနဲ့ကူညီခဲ့တာ…မမ…နင်ငါသေမှာကို ထိုင်ကြည့်နေတော့မလို့လား”


ယန်ယွီနော့က စုဝမ်၏အမည်ကိုပြောလာသည့်အခါ ယန်ယွီချင်းက ကျယ်လောင်စွာအော်၍ သူမကိုယ်သူမ ကာကွယ်လိုက်သည်။ 


စုဝမ်…သူမက ဝင်ခံပေးခဲ့တာ…။


သူမက အလွန်ကြင်နာလွန်းသည်။ လူတို့အား သူတို့ကိုယ်သူတို့ ရှက်မိစေသည်ထိ ကြင်နာလွန်း၏။


ယန်ယွီနော့က စုဝမ် သူမအစားရှင်းကျဲခူသို့ ရောက်သွားခဲ့ပုံနှင့် သူမ၏လက်မောင်းပေါ်မှ ဒဏ်ရာကို ပြန်တွေးလိုက်သည်။ ထိုအမာရွတ်က သူမနှင့်အတူ ဘဝတစ်လျှောက်လုံး ကျန်ရစ်နေလိမ့်မည်။


သို့သော် ယခုတစ်ခေါက်ကရော…။


နန်းတွင်းအကျဥ်းတိုက်ကို ဝင်သွားပြီးရင်ရော သူမ အသက်ရှင်လျက်နဲ့ ပြန်ထွက်လာနိုင်ပါ့မလား…။


“ဟင့်အင်း…ငါမကူညီနိုင်ဘူး”


ယန်ယွီ‌‌နော့က အနောက်သို့ ခြေတစ်လှမ်းထပ်ဆုတ်လိုက်သည်။ သူမခေါင်းမာနေသည်ကိုတွေ့သောအခါ ယန်ယွီချင်း၏မျက်လုံးထဲတွင် ယုတ်ညံ့သည့်အလင်းရောင်အချို့ဖြတ်ပြေးသွားသည်။ ရုတ်တရက် သူမက ခေါင်းထက်မှ ဆံထိုးကို ဆွဲယူလိုက်ကာ လည်တိုင်သို့ ထောက်ထားလိုက်သည်။


“မမ…နင်နဲ့ နန်းတွင်းသမားတော်လု ငါ့ကိုမကယ်ဘူးဆိုရင် ငါသေရလိမ့်မယ် ဒါပေမယ့် စုဝမ်က မတူဘူး…သူမက ဒီအတိုင်း နန်းတွင်းအစေခံတစ်ယောက်…ဘုရင်မင်းမြတ်က သူမကို နှိပ်စက်ရုံလောက်ပဲ ပြစ်ဒဏ်ချပေးမှာ ဘုရင်မင်းမြတ်က ငါ့ကို ချစ်မြတ်နိုးနေတုန်းပဲ ငါ့ရဲ့ကိစ္စသာ မပေါ်ပေါက်ဘူးဆိုရင် ဘုရင်မင်းမြတ်ဆီမှာ စုဝမ်အတွက် ငါအသနားခံပေးလို့ရတယ် ဒါပေမယ့်…တကယ်လို့ ငါနဲ့ရွေ့ဝမ်အကြောင်းသာ ပေါ်သွားခဲ့မယ်ဆိုရင်…မမ တွေးကြည့်စမ်းပါ ဘုရင်မင်းမြတ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကျင့်စရိုက်နဲ့ဆိုရင် ကျင်ဖန်းနန်းဆောင်မှာ အသက်ရှင်ကျန်ရစ်တဲ့သူ ရှိနိုင်ပါဦးမလား အဲ့လိုဆိုရင် စုဝမ်လည်းပြေးလွတ်မှာမဟုတ်ဘူး”


ယန်ယွီချင်း၏ စည်းရုံးသည့်စွမ်းရည်က အမြင့်ဆုံးသို့ရောက်ရှိသွားသည်ဟုပြောရမည်။ သူမ၏ စည်းရုံးမှုအောက်တွင် ယန်ယွီနော့၏ နှလုံးသားက ယိမ်းယိုင်လာ၏။


“ငါ…ငါမသိဘူး”


သူမက စိတ်ရှုပ်ထွေးလာသောကြောင်း ခေါင်းကို ခါရမ်းလိုက်သည်။ 


“ငါစုဝမ်နဲ့ တွေ့ချင်တယ် ငါသူမနဲ့တွေ့ပြီးမှ အဲ့အကြောင်းတွေကို ပြောကြတာပေါ့”


ပြောပြီးသည်နှင့် ယန်ယွီနော့က လှည့်၍ ပြေးထွက်သွားတော့လေသည်။


ယန်ယွီနော့က ထိုကဲ့သို့ ရှုပ်ထွေးမှုမျိုးကို ရင်ဆိုင်ရသည်မှာ ပထမဆုံးပင်…။ ယခုအချိန်တွင် သူမက စုဝမ်နှင့် နေရာချင်းလဲလိုက်ချင်မိသည်။ ထိုသို့ဆိုလျှင် စုဝမ် ခံစားရလိမ့်မည်မဟုတ်ချေ။ 


ယန်ယွီနော့ ပြေးထွက်သွားသည်ကို ကြည့်ရင်း ယန်ယွီချင်းက သူမ၏အကြည့်များကို လုမုရွှင်ထံသို့ ကျရောက်စေလိုက်သည်။


“နန်းတွင်းသမားတော်လု ရှင်က အမြော်အမြင်ကြီးတဲ့သူတစ်ယောက်ပါ ကျွန်မရဲ့အစ်မကို ရူးမိုက်တဲ့အရာတွေမလုပ်ဖို့ ကူပြောပေးပါဦး သူမနဲ့ကျွန်မက ညီအစ်မအရင်းတွေပါ ကျွန်မသာ မောင်းမဆောင်ထဲမှာ ရှိနေသရွေ့ သူမအတွက်အနည်းနဲ့အများ အကာအကွယ်ဖြစ်နေမှာပဲ ကျွန်မသာ ဒီကိစ္စထဲသို့ ပါသွားမယ်ဆိုရင် သူမအတွက်လည်း အဆုံးသတ်ကောင်းမှာမဟုတ်ဘူး”


အများအမြင်တွင်ယန်ယွီနော့က ယန်ယွီချင်း၏ အစ်မအရင်းပင်…။ ယန်ယွီချင်း နန်းတွင်းသို့ဝင်လာချိန်တွင် သူမ၏သရုပ်မှန်ကို ဖုံးကွယ်ရန်အတွက် ယန်ယွီနော့အား မမဟု၍သာခေါ်ခဲ့သည်။ ဤသို့ဖြင့် အချိန်အတော်ကြာလာပြီးနောက် ယန်ယွီနော့က သူမအား အမှန်တကယ်သွေးသားတော်စပ်သည့် ညီမတစ်ယောက်အဖြစ် ထင်မှတ်လာခဲ့သည်။


ထို့ကြောင့် လုမုရွှင်က လက်ရှိတွင် ယန်ယွီချင်းနှင့် ယန်ယွီနော့တို့မှာ သွေးသားလုံးဝမတော်စပ်ကြောင်း မသိသေးချေ။ 


“မိန်းမလှလေးယန်… ကျွန်‌တော် မင်းအတွက် ဆေးအချို့ရေးပေးခဲ့ပါ့မယ် အရင်ဆုံး ကိုယ့်ကိုကိုယ်ဂရုစိုက်လိုက်ပါဦး ကျန်တဲ့ကိစ္စတွေကိုတော့ ကျွန်တော်တို့ဖြေးဖြေးချင်း ဖြေရှင်းလိုက်ပါ့မယ်”


လုမုရွှင်က ကျင်ဖန်းနန်းဆောင်မှ ထွက်မလာခင် ယန်ယွီချင်း၏ စိတ်အခြေအနေများကို တည်ငြိမ်အောင်လုပ်ပေးပြီး ဆေးညွှန်းအချို့ကိုလည်း ရေးထားခဲ့လိုက်သည်။ 


လုမုရွှင်ထွက်သွားပြီးနောက်တွင် ယန်ယွီချင်းက မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ကာ သူမ၏ ဗိုက်ကို မသိစိတ်အရ ပွတ်သပ်လိုက်သည်။


သူမက တုန်းဖန်းလီကို အမှန်တကယ် သဘောကျသော်လည်း ဤကလေးကိုမွေးလို့မရပေ။ လုံးဝမွေး၍မဖြစ်ပေ။ လုမုရွှင်နှင့် ယန်ယွီနော့တို့သာ သူမကို ကူညီရန် ငြင်းဆန်ပါက သူမရွေးချယ်စရာမရှိဘဲ အခြားနန်းတွင်းသမားတော်တစ်ယောက်အား အကူအညီတောင်းရလိမ့်မည်။ 


ဆောင်းရာသီသို့ ရောက်နေပြီဖြစ်သောကြောင့် နန်းတွင်းမြို့တော်ရှိ ညများက ပို၍အေးစိမ့်လာသည်။


ယန်ယွီနော့ ကျင်ဖန်းနန်းဆောင်မှ ထွက်လာပြီး‌နောက် စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ မောင်းမဆောင်တစ်လျှောက် လျှောက်သွားနေမိသည်။ ယခုတွင် သူမစိတ်ရှုပ်ထွေးနေ၏။ သူမက ယန်ယွီချင်းကိုလည်း ဘာမှမဖြစ်စေချင်ပေ။ သို့သော်လည်း ယန်ယွီချင်းကို ကူညီလိုက်လျှင် စုဝမ်ဘာဖြစ်သွားနိုင်သည်လဲ...။ 


သွားနေရင်းနှင့် ယန်ယွီနော့သည် နန်းတွင်းဆေးကုသဆောင်အရှေ့သို့ ရောက်လာခဲ့သည်။ ရင်းနှီးနေသည့် နန်းဆောင်ကိုကြည့်ရင်း သူမက သက်ပြင်းချလိုက်၏။ သူမကတကယ်ကို အသုံးမဝင်သည်ပင်...။ သူမလုပ်နိုင်သည့်အရာ ဘာမှမရှိပေ။ 


လုမုရွှင်က ယခုအချိန်တွင် ကျင်ဖန်းနန်းဆောင်၌ ယန်ယွီချင်းအား ကုသပေးနေဆဲဖြစ်၏။ နန်းတွင်းဆေးကုသဆောင်သို့ ရောက်လာသည်က သူမအတွက် အကူအညီမပေးနိုင်ပေ။


“အစ်မယွီနော့”


ထိုအချိန်တွင် ရင်းနှီးနေသည့် ပုံရိပ်လေးတစ်ခုက ယန်ယွီနော့၏ မြင်ကွင်းအတွင်းသို့ ခုန်ဝင်လာခဲ့သည်။ မူလတွင် ဖုလုနှင့် လုမုရွှင်တို့က ကျင်ဖန်းနန်း‌ဆောင်သို့ အတူသွားရမည်ဖြစ်သော်လည်း ယန်ယွီနော့အား ကျင်ဖန်းနန်းဆောင်သို့ ခေါ်သွားရန်အတွက် ဖုလု၏အဝတ်အစားများကို ယန်ယွီနော့ထံ ငှားပေးလိုက်ရသည်။ 


“အစ်မယွီနော့...ဘာလို့တစ်ယောက်တည်းပြန်လာတာလဲ”


စိတ်ရှုပ်ထွေးနေပုံရသည့် ယန်ယွီနော့ကိုကြည့်ရင်း ဖုလုက စိုးရိမ်မှုတို့နှင့် မေးလာသည်။


ယန်ယွီနော့က စကားဆိုမလာဘဲ ခေါင်းကိုသာ ယမ်းခါပြလာသည်။ အခြေအနေမကောင်းသည့် သူမ၏ပုံစံကိုကြည့်ရင်း ဖုလု၏အမူအရာသည်လည်း ပြောင်းလဲသွားသည်။ 


“အစ်မစုဝမ်ကို ကယ်ဖို့ နည်းလမ်းရှာနေတာလား ကျွန်‌တော်တို့ လုပ်နိုင်တာဘာရှိလဲ”


ရှောင်ဖုလုမှာ မနေနိုင်ဘဲ မျက်နှာလေးမှာ ညှိုးငယ်လာတော့သည်။


“အစ်မစုဝမ်က လူကောင်းတစ်ယောက်ပါ သူမက သေချာပေါက် အပြစ်ကင်းလိမ့်မယ် သူမက ကျွန်‌တော့်ကို ကောင်းတဲ့ အရာတွေကို လုပ်ဖို့ ပြောခဲ့သေးတာ...လူကောင်းတွေက ကောင်းမွန်တဲ့အရာတွေလက်ခံရတတ်တယ်လို့လည်းပြောခဲ့‌သေးတယ်”


စကားဆုံးသွားသည့်အခါ ဖုလု၏မျက်လုံးများက အနည်းငယ်နီရဲလာသည်။ သူကဆိုးသွမ်းသည့်သူမဟုတ်ပေ။ လောဘကြီးရုံလေးသာ...။သို့သော် နန်းတွင်းဆေးကုသဆောင်တွင် တားမြစ်ထားသည့်တစ်ခုတည်းသောအရာက လောဘပင်။ လောဘကြောင့် အမှားကျူးလွန်မိသည်နှင့် မိမိကိုယ်တိုင်သာမက ဆွေမျိုးမိတ်ဆွေများကိုပါ ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။ 


ယခင်တစ်ခေါက်က စုဝမ်၏သင်ကြားမှုကို ခံလိုက်ရပြီးနောက် ဖုလုက သူ၏လောဘကို တဖြည်းဖြည်းနှင့် ဖယ်ထုတ်လာခဲ့၏။ ထိုအကြောင်းကြောင့်ပင် နောက်ဆုံး၌ သူက လုမုရွှင်၏ အသိအမှတ်ပြုခြင်းကိုခံလိုက်ရပြီး ယခုတွင် လုမုရွှင်လက်အောက်၌ ဆေးဝါးပညာကို သင်ယူလေ့လာနေလေသည်။ 


ယခုအချိန်ထိ ဖုလုက စုဝမ်၏စကားများကို နက်နက်ရှိုင်းရှိုင်းမှတ်မိနေသည်။ 


“ကောင်းတဲ့အရာတွေကို များများလုပ်...အဲ့ဒါဆိုမင်းဆီကို ကောင်းတဲ့အရာတွေရောက်လာလိမ့်မယ်”


ကောင်းတဲ့လူတွေဆီကို ကောင်းမွန်တဲ့အရာတွေရောက်လာလိမ့်မယ်လား။


ယန်ယွီနော့က ငူငူငိုင်ငိုင်လေးဖြစ်သွားသည်။ 


စုဝမ်က သူမနေရာတွင်လည်း အပြစ်ဝင်ခံပေးကာ ယန်ယွီချင်းအတွက်လည်း ထိုနည်းတူပင်...။


သူမကကောင်းမွန်တဲ့အရာတွေအများကြီးလုပ်ခဲ့တာ....သူမဆီကိုရော ကောင်းမွန်တဲ့အရာတွေရောက်လာပါ့မလား သူမတကယ်ပဲ အဆင်ပြေနေရဲ့လား...။


_____🚩