Chapter 177
Viewers 8k

🚩Chapter -177

 Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 13]


_____



ရှင်းကျဲခူသို့ ရောက်ရှိလာသည့် သုံးရက်မြောက်တွင် နေ့ဘက်၌ စုဝမ်က ရှင်းကျဲခူ၏ အကောင်းမွန်ဆုံး ပြုစုမှုများကို ခံစားရပြီး ညဘက်တွင်လည်း သူမကိုခစားပေးသော ဘုရင်မင်းမြတ်ရှိ၏။ ထိုကဲ့သို့ ဇိမ်ရှိနေသည့် ဘဝတွင်နေနေရသည်မှာ ဝမ်ရိတောင် မနာလိုဖြစ်မိသည်အထိပင်။ 


သခင်မစု...မင်းက အစေခံတွေအားလုံးထဲမှာ ဩဇာအလွှမ်းမိုးနိုင်ဆုံး အစေခံတစ်ယောက်ပဲ...။ အရင်မင်းဆက်တွေက မယ်တော်တွေ၊ မိဖုရားတွေတောင်မှ မယှဥ်နိုင်လောက်အောင်ပဲ....။


ထိုအချိန်တွင် ယန်ယွီနော့မှာတော့ သနားစဖွယ်ဖြစ်နေ၏။ သူမက စုဝမ်ကို “ကယ်ဆယ်” မည့်အကြောင်းကိုသာ တွေးမိနေ‌သောကြောင့် ကောင်းကောင်းမအိပ်နိုင်၊ မစားနိုင်ဖြစ်ကာ ဆံပင်များပင် အကျွတ်များလာသည်။ 


ယန်ယွီနော့၏ စရိုက်သဘာဝနှင့်ဆိုလျှင် ငွေစငါးရာကိုရှာဖွေရန်မှာ ခက်ခဲလိမ့်မည်ဟု စုဝမ်ထင်သည်။ ထို့ကြောင့် သူမက ရှင်းကျဲခူတွင် ရက်အနည်းငယ်ဆက်နေရင်း ယန်ယွီနော့ကို စောင့်မည်ဟု စီစဥ်ထားခဲ့သည်။ သို့သော် သုံးရက်မြောက်နေ့၏ နေ့လည်ပိုင်းတွင် ချန့်ကျီးက ငွေစငါးရာကိုကိုင်၍ ရှင်းကျဲခူသို့ ရောက်ရှိလာလိမ့်မည်ဟု စုဝမ်ထင်မထားခဲ့ချေ။ 


ငွေစများကို လက်ခံလိုက်ပြီးနောက် ပိုင်မော့မော့က စုဝမ်ကို ကောင်းကောင်းဂရုစိုက်ပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ ချန့်ကျီးက နောက်နှစ်ရက်အတွင်း စုဝမ်ကို တစ်ယောက်ယောက်လာတွေ့လိမ့်မည်ဟု အရိပ်အမြွက်ဖြင့် ပြောကြားသွားသေးသည်။ 


၎င်းက လူတွေ၏ဘေးဒုက္ခများကို ဖြေရှင်းရန် ငွေများကိုအသုံးပြုခြင်းပင်ဖြစ်၏။ 


ပိုင်မော့မော့က သဘာဝကျကျပင် ချန့်ကျီးကို ကတိပေးများလိုက်ကာ ပြန်လွှတ်လိုက်လေသည်။ ထို့နောက် ပိုင်မော့မော့က သူမလက်ထဲမှ ငွေစငါးရာတန်သည့် ငွေလက်မှတ်များကိုကြည့်လိုက်သည်။ ၎င်းက နာကျင်ရသော်လည်း ပျော်ရွှင်ရသည့် အခိုက်အတန့်ဖြစ်၏။ ဤငွေများက ကောင်းသောငွေများဖြစ်သော်လည်း သူ မယူမထားရဲချေ။ 


“သခင်မစု”


ပိုင်မော့မော့ စုဝမ်အခန်းဆီသို့ရောက်လာချိန်တွင် စုဝမ်က ယနေ့အတွက် နေ့လည်စာစားကာ တရေးအိပ်နေပြီဖြစ်သည်။ 


သူမက ရှင်းကျဲခူတွင် ကျဥ်းကြပ်ကာ အညစ်ပတ်ဆုံးအခန်းတွင်နေနေသော်လည်း ကုတင်ထက်တွင်တော့ ကျောက်စိမ်းခေါင်းအုံးနှင့်အတူ ပိုးသားစောင်တို့နှင့်ဖြစ်၏။ ၎င်းက နန်းတွင်းကိုယ်လုပ်တော်များ၏ ကုတင်များနှင့် အတူတူလောက်ပင်ဖြစ်သည်။ 


“ပိုင်မော့မော့ တစ်ခုခုဖြစ်လို့လား”


စုဝမ်က ပိုင်မော့မော့အား အိပ်မှုန်စုံမွှားနှင့် ကြည့်လိုက်သည်။ ပိုင်မော့မော့က ပြုံးလျက်နှင့် သူမကို ငွေလက်မှတ်များ ပေးအပ်လာသည်။ 


“သခင်မစု ဒါချန့်ကုန်းကုန်းပေးလာတာပါ ကောင်းကောင်းသိမ်းထားပါ”


ချန့်ကျီးပေးတာ...?


ငွေစငါးရာတန်သည့် ငွေလက်မှတ်ကိုကြည့်ရင်း စုဝမ်၏မျက်လုံးများ အရောင်လက်သွား၏။ 


ဒီလောက်ငွေအများကြီးကို ယန်ယွီ‌နော့ ဘယ်လိုရှာလိုက်တာလဲ...သူမ ဘယ်သူ့ဆီကနေ ချေးလိုက်တာလဲ သူမကို ဘယ်သူသင်ပေးလိုက်တာလဲ...။


နတ်ဘုရားမယန်က ထိုမျှလောက်ငွေအများကြီးကို လျင်လျင်မြန်မြန်နှင့် ရှာနိုင်လိမ့်မည်ဟု စုဝမ်မယုံကြည်ပေ။ အထူးသဖြင့် သူမ၏စရိုက်သဘောဝနှင့်ဆိုလျှင် ပို၍တောင်ခက်ခဲဦးမည်။ ဘေးမှ သူမကိုကူညီပေးသူ တစ်‌ယောက်ယောက်ရှိ၍သာ ယခုလိုလုပ်နိုင်ခြင်းဖြစ်သည်။ 


ဘယ်သူလဲ...ယန်ယွီချင်းလား...။


“သခင်မစု”


စုဝမ်၏မျက်လုံးများထဲတွင် မဖတ်နိုင်သည့် ရှုပ်ထွေးနေသောအကြည့်များရှိနေပြီး စကားတစ်ခွန်းမှဆိုမလာသည်ကို ကြည့်ရင်း ပိုင်မော့‌မော့က တွန့်ဆုတ်နေသော်လည်း ဆက်ပြောလာ၏။


 “ဒီနေ့နေ့လည်တုန်းက ရှင်းကျဲခူအပြင်ဘက်မှာ တစ်ယောက်ယောက်က ခိုးကြောင်ခိုးဝှက်နဲ့ ဟိုကြည့်ဒီကြည့်လုပ်နေပါတယ် ဒီအစေခံအိုကြီးက ဝင်ထွက်သွားလာနေတဲ့ အစေခံတွေကို အဲ့လူအကြောင်း ‌မေးကြည့်တော့ သခင်မအကြောင်းကို စုံစမ်းနေတယ်လို့ပြောလာပါတယ် ဒီအစေခံအိုကြီးက တခြားအစေခံတွေကို ရှင်းပြထားပြီးပါပြီ သခင်မနဲ့ပတ်သက်သမျှအရာအားလုံး လုံးဝမပေါက်ကြားစေရပါဘူး”


“အိုး”


ပိုင်မော့မော့၏စကားများကိုကြားပြီးနောက် စုဝမ်က ပြုံးလိုက်၏။ ထိုခိုးကြောင်ခိုးဝှက်လုပ်နေသည့်သူက သေချာပေါက် ဝမ်ရှင်းပင်...။ သူမ တကယ်ထပ်ရောက်လာလိမ့်မည်ဟု ထင်မထားမိချေ။ သို့သော်လည်း စုဝမ်က သူမနှင့်ကစားရန် စိတ်မပါပေ။ 


“မော့မော့ ကိစ္စတွေကိုကိုင်တွယ်နေတဲ့သူက မော့မော့ဖြစ်နေလို့ ကျွန်မတကယ် စိတ်ချမိပါတယ်”


စုဝမ်ကလက်မြှောက်၍ ငွေစငါးရာတန်သည့် ငွေလက်မှတ်များကို ပိုင်မော့မော့၏လက်ထဲသို့ ပြန်ထည့်ပေးလိုက်သည်။ 


“ဒီရက်တွေမှာ မော့‌မော့ အရမ်းအလုပ်ကြိုးစားခဲ့လို့ ဒီငွေတွေက မော့မော့ရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ထိုက်တန်ပါတယ် မော့မော့သာအကောင်းဆုံးလုပ်နေသရွေ့ ကျွန်မက မော့မော့ကို ဆိုးဆိုးဝါးဝါးဆက်ဆံမှာ မဟုတ်ပါဘူး”


“ကျေးဇူး...ကျေးဇူးတင်ပါတယ် သခင်မစု”


ပိုင်မော့မော့၏အသံက စိတ်လှုပ်ရှားနေသောကြောင့် အနည်းငယ်တုန်ယင်နေသည်။ 


ဘုရားရေ ငွေစငါးရာတောင်...နန်းတွင်းက အလှလေးတွေနဲ့ အမျိုးမြင့်တွေတောင် ဒီလောက်ငွေအများကြီးကို တစ်ခါတည်း ဆုမချနိုင်ဘူး....။


ဒီသခင်မစုက တကယ်ကို သာမန်လူမဟုတ်ဘူးပဲ...ဒီအစေခံအိုကြီး တကယ်ကံကောင်းတာပဲ....။


ပိုင်မော့မော့က အလွန်အမင်းပျော်ရွှင်နေသည့် စိတ်အခြေအနေဖြင့် စုဝမ်၏အခန်းထဲမှ ထွက်သွားလေသည်။ ဤမျှလောက်များသည့် ငွေကိုရလိမ့်မည်ဟု တစ်ခါမှမျှော်လင့်မထားမိပေ။ သူမအခန်းဆီသို့ ပြန်သည့်လမ်းတွင် နန်းတွင်းအလုပ်သမားဆောင်မှ မိန်းမစိုးတစ်ယောက် သူမ၏အခန်းတံခါးအရှေ့တွင် အပြုံးလေးနှင့် ရပ်နေကြောင်း တွေ့လိုက်ရသည်။ 


“ပိုင်မော့မော့မလား ဒီအစေခံက နန်းတွင်းအလုပ်သမားဆောင်က ရှောင်ရွှင်းကျစ်လို့ခေါ်ပါတယ်...”


ရှောင်ရွှင်းကျစ်က အပြုံးလေးနှင့်အတူ ပိုင်မော့မော့အား ငွေအိတ်လေးကမ်းပေးလာသည်။ 


“မော့မော့ ဒီအစေခံက ဒီလအတွက် မော့မော့ရဲ့ လုပ်အားခကို လာပေးတာပါ ပြီးတော့ဒါလေး...”


ရှောင်ရွှင်းကျစ်က ဝတ်ရုံထဲမှ စာအိတ်တစ်အိတ်ကိုထုတ်လိုက်သည်။ စာအိတ်နှင့်အတူ ငွေလက်မှတ်တစ်စောင်လည်း ပါ၏။ ၎င်းက ငွေစတစ်ရာတန်လက်မှတ်ဖြစ်သည်။


“ဒါက...”


ပိုင်မော့မော့၏ အမူအရာများက မသိမသာလေးပြောင်းလဲသွားသည်။ တကယ်တမ်းတွင် သူမက စိတ်ထဲ၌ ခန့်မှန်းထားပြီးသားဖြစ်၏။ 


“မော့မော့ ဒီတလော ရှင်းကျဲခူကို အသစ်ရောက်လာတဲ့သူများရှိပါသလား”


ရှောင်ရွှင်းကျစ်က စာအိတ်နှင့် ငွေလက်မှတ်ကို ပိုင်မော့မော့ကို လက်ထဲသို့ထည့်လာသည်။ 


“အဲ့ဒီမိန်းကလေးအတွက် အရာရှိတစ်ယောက်က ပေးလိုက်တာပါ အနှောင့်အယှက်ပေးမိတဲ့အတွက် ‌တောင်းပန်ပါတယ် မော့မော့”


စာအိတ်ပေါ်တွင် အမည်လည်းမပါသလို မည်သူ့အတွက်ရေးထားသည်ဟူ၍လည်းမပါချေ။ သို့သော် ရှောင်ရွှင်းကျစ်၏စကားများအားအရ ဤစာက စုဝမ်အတွက်ဖြစ်ကြောင်း ပိုင်မော့မော့ သဘောပေါက်လိုက်သည်။ 


“ကုန်းကုန်း စိတ်ချပါ ဒီအစေခံဘာလုပ်ရမလဲ သိပါတယ်”


ပိုင်မော့မော့နှင့် ရှောင်ရွှင်းကျစ်တို့က ယဥ်ယဥ်ကျေးကျေးနှင့် စကားကိုဖလှယ်လိုက်ပြီး သူမက သူ့ကို ရှင်းကျဲခူအပြင်ဘက်သို့ လိုက်ပို့ပေးလိုက်သည်။ ထို့နောက် ပိုင်မော့မော့က သက်ပြင်းချကာ စုဝမ်၏အခန်းဆီသို့ နောက်တစ်ကြိမ်ပြန်သွားလိုက်သည်။ 


စုဝမ်က ပိုင်မော့မော့၏ နောက်တစ်ကြိမ်ရောက်ရှိလာမှုကြောင့် အံ့ဩသွား၏။ 


“‌မော့မော့ ကိစ္စရှိသေးလို့လား”


“သခင်မစု...ဒီစာနဲ့ငွေလက်မှတ်က သခင်မအတွက်ပါ”


ပိုင်မော့မော့က စာနှင့်ငွေလက်မှတ်ကို စုဝမ်အားပေးလိုက်သည်။ သို့သော် စုဝမ်က စာအိတ်ထဲမှစာကို မသေချာမရေရာမှုများဖြင့် ဆွဲထုတ်လိုက်သည်။ သူမလက်ထဲမှ ငွေလက်မှတ်ကိုတော့ မယူလိုက်ပေ။ 


ပိုင်မော့မော့က မလှုပ်မယှက်ရပ်နေသော်လည်း သူမ၏မျက်လုံးများနှင့် မျက်ခုံးအစွန်းများက ပျော်ရွှင်မှုကြောင့် ကွေးညွှတ်နေ၏။


ဒီစာက.....


စုဝမ်က မြန်မြန်‌လေးစာအိတ်ကိုဖွင့်လိုက်သည်။ အထဲတွင်စာတစ်စောင်သာပါ‌‌သော်လည်း လက်ရေးကရှင်းလင်း၍ ပြတ်သားသည်။ 


ချန်ရှန့်ပေပဲ...။


နောက်ဆုံးတွင် စုဝမ်က ပေးပို့လာသူမှာ ချန်ရှန့်ပေဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ အချိန်အတော်ကြာပြီးနောက် သူမဆီသို့ ကိစ္စတို့ ရောက်ရှိလာခဲ့လေပြီ။ 


ဘယ်လိုလုပ် အမျိုးသားဇာတ်လိုက်ကိုမေ့သွားရတာလဲ...။


ရှန့်ဖူနန်းဆောင်မှ အဖြစ်အပျက်များက တော်တော်လေး ပျံ့နှံ့သွားသည့်ပုံပင်။ ထို့အပြင် ဤအချိန်က ချန်ရှန့်ပေတစ်ယောက် စုဝမ်အပေါ်တွင်ရှိနေသည့်သူ၏ခံစားချက်များကို နားလည်သွားပြီး တစ်ယောက်နှင့် တစ်ယောက် ခံစားချက်များဖလှယ်နေသည့်အချိန်ဖြစ်သည်။ သို့သော် ချန်ရှန့်ပေ၏စာမရောက်လာခင်တွင် ရှန့်ဖူနန်းဆောင်၌ ကိစ္စတို့ကဖြစ်ပျက်သွားခဲ့သည်။ နန်းတွင်းအစောင့်တပ်တွင်ရှိနေသောသူသည်လည်း သေချာပေါက် သတင်းတို့ကိုကြားခဲ့သည်။ ချန်ရှန့်ပေက စိုးရိမ်တကြီးနှင့် နှစ်ရက်လောက် စုံစမ်းမေးမြန်းရာမှ စုဝမ်က ရှင်းကျဲခူသို့အပို့ခံလိုက်ရကြောင်း သိခဲ့ရသည်။ ကံကောင်းစွာနှင့် ချန်မိသားစုက ကောင်းကောင်းမွန်မွန်ရှိနေသေးသောကြောင့် ချက်ချင်းငွေစတစ်ရာလက်မှတ်ကိုယူ၍ စာတစ်စောင်ရေးခဲ့သည်။ ထို့နောက်သူက နန်းတွင်းအလုပ်သမားဆောင်မှ မိန်းမစိုးတစ်ယောက်အား ငွေပေး၍ ဤစာနှင့်ငွေလက်မှတ်အား ရှင်းကျဲခူသို့ ယူသွားပေးရန် အကူအညီတောင်းခဲ့သည်။ 


ချန်ရှန့်ပေ၏စာက တိုတိုတုတ်တုတ်ပင်ရေးထားသည်။ စာထဲတွင် သူ၏လက်ရှိအခြေအနေအား အကျဥ်းချုပ်ရေးထားပြီး စုဝမ်ကိုကယ်ရန် နည်းလမ်းရှာမည်ဖြစ်ကြောင်းနှင့် ရက်အနည်းငယ်လောက် သည်းခံနေပေးရန် ပြောထားသည်။ 


စာကိုတစ်နေရာသို့ တင်လိုက်ပြီးနောက် စုဝမ်က ကုတင်ပေါ်တွင် မှီလိုက်ရင်း နှုတ်ခမ်းစွန်းတို့ ကော့တက်သွားသည်။


အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်က နန်းတွင်းထဲကိုရောက်နေပြီ...အရံအမျိုးသမီးဇာတ်ကောင်ကလည်း ရည်မှန်းချက်တွေ ပြင်းထန်နေပြီ...အရံအမျိုးသားဇာတ်ကောင်ကတော့ ကိစ္စတွေကို အရှိန်မြင့်ဖို့ အဆင်သင့်ဖြစ်နေပြီ...ကဲ လူကြီးမင်းတို့ ရှိုးပွဲလေးစလိုက်ကြတော့မလား...။


ဘယ်သူက ဘယ်သူကိုနင်းချေသွားမလဲ သူမပဲရှုံးနိမ့်ပြီးထွက်သွားရမလား ဒါမှမဟုတ် နတ်ဘုရားမယန်ကို အလင်းထဲက ဆွဲထုတ်ပြီး အမှောင်ထုထဲကို တွန်းပို့လိုက်နိုင်မလား အားလုံးပဲ အဆုံးထိ ဆက်စောင့်ပေးကြပါဦး...။


“ပိုင်မော့မော့”


စုဝမ်၏အကြည့်များက ပိုင်မော့မော့ထံသို့ ကျရောက်သွားသည်။ 


စုဝမ်၏အသံကိုကြားသောအခါ ပိုင်မော့မော့ပြုံးလျက် အရှေ့သို့တိုးလာ၏။ 


“သခင်မစု ညွှန်ကြားချင်တာများ ရှိပါသလား”


ငွေကအရာအားလုံးကို စွမ်းဆောင်နိုင်သည်ဟုပြောကြသည်။ ယခုတွင် ပိုင်မော့မော့က စုဝမ်၏ လက်အောက်သို့ ကျရောက်သွားပြီဖြစ်သည်။ သူမက စုဝမ်အနောက်သို့သာ လိုက်လိမ့်မည်ပင်။ 


“ချန့်ကျီးကို ဆက်သွယ်နိုင်မယ့်နည်းလမ်းရှာပြီး သဘက်ခါက ကျွန်မကိုတွေ့ဖို့ လူတွေခေါ်လို့ရတဲ့ အခွင့်အရေးကောင်းတစ်ခုပဲလို့ ပြောပေးပါ”


စုဝမ် ပြင်ဆင်ချက်အချို့ပြုလုပ်ထားရန်လိုအပ်သည်။ သူမကိုယ်သူမ အဆိုးဝါးဆုံးနှင့် သနားစဖွယ်ဖြစ်နေအောင် လုပ်ရမည်။ သူမ၏ပုံစံက နတ်ဘုရားမယန်၏နှလုံးသားကို ထိုးနှက်နိုင်ရမည်။ သို့မှသာ ကျန်ရှိနေသည့်ဘဝတစ်လျှောက်လုံး သူမ၏ညီမက သူမအစား မည်မျှခက်ခဲဆင်းရဲစွာ ရုန်းကန်ခဲ့ရကြောင်း မမေ့မှာဖြစ်သည်။ ဤနည်းဖြင့် စုဝမ်က မကြာခင်လာတော့မည့် ဒရာမာတွင် ကောင်းကောင်း သရုပ်ဆောင်နိုင်လိမ့်မည်။ 


“ဒီအစေခံအိုကြီး နားလည်ပါပြီ”


စုဝမ်၏ညွှန်ကြားချက်များကို ပိုင်မော့မော့က ခေါင်းညိတ်၍တုံ့ပြန်လိုက်သည်။ ဤကိစ္စကအရမ်းလွယ်သည်။ သူမ ဤကိစ္စကို သေချာပေါက် အေးအေးဆေးဆေးကိုင်တွယ်နိုင်၏။


****

ရှန့်ဖူနန်းဆောင်တွင်....။


ပိုင်မော့မော့ လွှတ်လိုက်သည့်သူထံမှ သတင်းတို့ကို ချန့်ကျီးလက်ခံရရှိသည့်အချိန်တွင် သူကရှန့်ဖူနန်းဆောင်သို့ ပြန်ရောက်ရုံလေးတင်ရှိသေး၏။ တံခါးကိုဖြတ်၍ ဝင်လာချိန်တွင် ယန်ယွီနော့နှင့် ရွှီပင်းယွဲ့တို့ အတူရှိနေကြောင်းတွေ့လိုက်ရသည်။ 


ချန့်ကျီးက သူ၏ဖီးနစ်မျက်လုံးများကို ကျုံ့လိုက်ရင်း ရွှီပင်းယွဲ့ကို ကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ထိုကလေးမလေးက သူမနေရာကို စိတ်ကျေနပ်မှုမရှိနေကြောင်း သိနိုင်သည်။


အာ...ငါ သူမကို သဘောမကျလိုက်တာ...။


“ချန့်ကုန်းကုန်း”


ယန်ယွီနော့နှင့် ရွှီပင်းယွဲတို့က အပြင်သွားရန် ပြင်ဆင်နေကြသောကြောင့် ချန့်ကျီးနှင့် တံခါးပေါက်တွင် တွေ့ချိန်၌ လက်ထဲတွင် ပိုးထည်အချို့ကိုကိုင်ထားကြသည်။ သူတို့နှစ်ယောက်က ချက်ချင်း အရှေ့သို့တိုး၍ တရိုတသေနှင့် ဦးညွှတ်လိုက်ကြ၏။


“ယွီနော့ ဒီကိုခဏလာဦး ငါမင်းကိုပြောစရာရှိတယ်”


ချန့်ကျီးက ယန်ယွီနော့ကို လက်ယပ်၍ခေါ်လိုက်သောကြောင့် ယန်ယွီနော့ကချက်ချင်း စိတ်လှုပ်ရှားစွာနှင့် အပြေးသွားလိုက်သည်။


 “ချန့်ကုန်းကုန်း ရှောင်ဝမ့်ဘက်မှာ အခြေအနေတစ်ခုခုများပြောင်းလို့လား”


ထိုအချိန်တွင် ယန်ယွီနော့က စုဝမ်အကြောင်းကို တွေးမိသည်။ ယနေ့နေ့လည်ကမှ သူမက ငွေစများကို ပို့ပေးလိုက်၏။


တစ်ဖက်ကဒီလောက်မြန်မြန်ကြီး တုံ့ပြန်လာစရာအကြောင်းမရှိဘူးမဟုတ်လား…။


“စုဝမ်အကြောင်းပဲ ဒါပေမယ့် သတင်းကောင်း”


ယန်ယွီနော့၏ စိုးရိမ်တကြီးဖြစ်နေသည့် ပုံစံလေးကိုတွေ့နေရသောကြောင့် ချန့်ကျီးက ကွေ့ဝိုက်မနေတော့ဘဲ ပိုင်မော့မော့၏စကားများကို ပြောလိုက်၏။


 “သဘက်ခါနေ့လည်ကျရင် အဆင့်သင့်ပြင်ထား ငါမင်းကိုရှင်းကျဲခူဆီခေါ်သွားပေးမယ်”


“တကယ်ပြောတာလား”


ယန်ယွီနော့က ချန့်ကျီးပြောစကာများကို ကြားသောအခါ သူမ၏မျက်လုံးက ချက်ချင်းတောက်ပသွား၏။ 


“ချန့်ကုန်းကုန်းကို တကယ်ကျေးဇူးတင်ပါတယ် ပြီးတော့…နောက်လူနှစ်ယောက်ကိုရော ခေါ်လာခဲ့လို့ရမလား”


“ဟင်”


ယန်ယွီနော့၏စကားများကိုကြားပြီနောက် ချန့်ကျီးက ခဏလောက် တုံ့ဆိုင်းသွားသည်။ ပိုင်မော့မော့က လူအရေအတွက်နှင့်ပတ်သက်၍ ဘာမှမပြောသော်လည်း ရှင်းကျဲခူက အလွန်ညစ်ပတ်သောနေရာဖြစ်သည်။ ဦးနှောက်တွင် ပြဿနာရှိနေသည့်သူများသာ ထိုနေရာကိုသွားချင်ကြလိမ့်မည်။


 အာ…ဖွီ ဖွီ ဖွီ…။ 


ရူးကြောင်ကြောင် အတွေးများတွေးနေသောကြောင့် ချန့်ကျီးက သူ့ကိုယ်သူ မန်မဲလိုက်သည်။ 


သူကိုယ်တိုင်လည်း အဲ့ဒီကို ခဏခဏသွားနေခဲ့တာမဟုတ်ဘူးလား…။


ထိုနေရာသို့ ခဏခဏသွားနေသည့် ဘုရင်မင်းမြတ်လည်း လှဲလျောင်းနေရင်း စကားလုံးများနှင့် ထိမှန်သွားလေသည်။


ဝမ်ရိ : ထိမှန်မယ့်သူနောက်တစ်ယောက်ရှိသေးတယ်….။


“ကောင်းပြီ ကောင်းပြီ”


ယန်ယွီနော့က အလွန်စိတ်ပူနေကြောင်း ချန့်ကျီးတွေ့သောအခါ မနေနိုင်ဘဲ လက်တို့ကို ဝှေ့ရမ်းပြလိုက်သည်။ နောက်ဆုံးတော့ သူကအလွန်ကို နှလုံးသားနူးညံ့သောလူပင်…။


ချန့်ကျီး၏နောက်ကျောကို ဓားနှင့်ထိုးခံခဲ့ရသော မရေမတွက်နိုင်သည့်သူများ : မင်းက နှလုံးသားနူးညံ့တယ်တဲ့လား မင်းအစ်မကြီးကိုပဲ နူးညံ့နေလိုက်…။


တကယ်တမ်းတွင် ၎င်းက အမျိုးသားသမီးဇာတ်လိုက်၏အရောင်အဝါကြောင့် ဖြစ်နိုင်သည်။ လူများကို ကြမ်းကြမ်းတမ်းတမ်းသာ ဆက်ဆံလေ့ရှိသည့် လျောင်စီးရီက ယန်ယွီနော့အပေါ်တွင်တော့ အလွန်ဂရုစိုက်သည်။ ထို့အပြင် နှုတ်ချိုသော်လည်း ရက်စက်တတ်သည့်နှလုံးသားရှိသည့် ချန့်ကျီးသည်လည်း ယန်ယွီနော့ တောင်းဆိုသမျှကို လိုက်လျောပေးလေ့ရှိ၏။


------------

🚩