🚩Chapter -165
Arc_8.မောင်းမဆောင်နတ်ဘုရားမ [ 1 ]
_____
“စုရှောင်ဝမ် ငါ့ကိုကယ်ပါဦး”
တာဝန်ဆောင်ရွက်ရေး အခန်းနံပါတ်(၂)၏ တံခါးက ရုတ်တရက် ပြင်းပြင်းထန်ထန်ပွင့်လာချိန်၌ စုဝမ်က တာဝန်ချိတ်ဆက်ရေးယာဥ်ထဲမှ ထွက်ခါစလေးရှိသေးကာ မစ်ရှင်စာရင်းများကို စစ်ဆေးနေတာပင်။ တင်းကျားကျားက ဘာကိုမှဂရုမစိုက်ဘဲ ပြေးဝင်လာကာ စုဝမ်၏ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ပစ်ဝင်လိုက်၏။ ကံကောင်းစွာနှင့် စုဝမ်က အချိန်မီ ငုံ့ရှောင်နိုင်လိုက်ရာ တင်းကျားကျားမှာ ဘာကိုမျှမဖမ်းဆုပ်မိလိုက်ချေ။
“စုရှောင်ဝမ်…ဝမ်ဝမ်”
တင်းကျားကျားက စုဝမ်ကို စူပုတ်ပုတ်နှင့်ကြည့်လာ၏။ သူမ နောက်ဆုံးတစ်ခေါက် စုဝမ်ကို တွေ့ခဲ့စဥ်က စုဝမ်တစ်ယောက် ရယ်တတ်၊ ပြုံးတတ်သေးသည်ကို သတိထားမိခဲ့သည်။ ထို့ကြောင့် ရဲဘော်စုရှောင်ဝမ်နှင့် ဆက်ဆံရေးကောင်းကောင်းရှိရန်နှင့် လုပ်ဖော်ကိုင်ဖက်များကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် လိုအပ်သည်ဟု တင်းကျားကျားခံစားမိ၏။
“အလုပ်များနေလား”
တင်းကျားကျား၏ ရုတ်တရက်ဆန်လှသည့် စိတ်အားထက်သန်နေမှုကိုကြည့်ရင်း စုဝမ်မှာ ကူကယ်ရာမဲ့နေတော့သည်။
“ဝမ်ဝမ်”
တင်းကျားကျားက ချစ်စဖွယ်မျက်နှာလေးနှင့်အတူ စုဝမ်ကို သနားကမားပုံစံလေးဖြင့်ကြည့်လာသည်။
“နင်ငါ့ကိုကယ်ရမယ် နင်တစ်ယောက်ပဲငါ့ကိုကယ်နိုင်မှာ”
ထင်ထားသည့်အတိုင်း တစ်စုံတစ်ယောက်က ကပ်တွယ်ကာ နားပူနားဆာလုပ်လာပါက သူတို့၌ သေချာပေါက် တောင်းဆိုစရာများရှိနေ၍ပင်။
“ဘာဖြစ်လို့လဲ”
စုဝမ်က ဌာနထဲမှလူများနှင့် မရင်းနှီးသော်လည်း သူမ၏ စိတ်သဘောထားက တကယ်တမ်းတွင် အေးစက်မနေပေ။
“မစ်ရှင်လေးကူပေးပါလား”
တင်းကျားကျားက သူမ၏ဆက်သွယ်ရေးစက်ကိုဖွင့်လိုက်ပြီး မစ်ရှင်တစ်ခုဆီသို့ တိုက်ရိုက်သွားလိုက်သည်။
“ဒီကလေးလေးကလေ ဒီမစ်ရှင်ကို သုံးကြိမ်တောင်လုပ်ပြီးပြီ သုံးကြိမ်တောင်နော် စုရှောင်ဝမ် အဲ့ဒါကိုလုပ်ဖူးလား ဒါက ငါမြင်ဖူးသမျှထဲမှာ အခက်ခဲဆုံး အမျိုးသမီးဇာတ်လိုက်ပဲ တောင်းဆိုပါတယ် သူမကို ကူဖျက်ဆီးပေးပါ…မဟုတ်ဘူး သူမကိုကျော်ဖြတ်ဖို့ ကူပေးပါ ဒီကလေးလေးရဲ့ လုပ်ဆောင်ချက်တွေ အကုန်လုံးက ကန့်သတ်ချက်ကို ရောက်နေပြီ သူမရဲ့ယောက်ျားကိုခိုးယူတယ်၊ သူမယုံကြည်ရတဲ့သူကိုလည်းသတ်တယ် နင့်အမေ…ထင်မထားဘဲ သူမက ငါ့လမ်းကို လိုလိုလားလားနဲ့ ဝင်လာတဲ့အထိ လုပ်လာခဲ့တယ် ငါတကယ်ကို မူးနောက်နေပြီ တကယ်လို့ ဒီမစ်ရှင်ကို ငါဆက်လုပ်နေမယ်ဆိုရင် တစ်နေ့ ငါ့ကိုမိသွားမှာ ကြောက်မိတယ်”
အာ…
တင်းကျားကျား၏စကားများကိုကြားပြီးနောက် စုဝမ်၏မျက်နှာတွင် တွေးတောနေသည့် အမူအရာပေါ်လာသည်။
တင်းကျားကျားလို လူမျိုးကိုတောင် ဖိအားများအောင်လုပ်နိုင်တာ ဒီအမျိုးသမီးဇာတ်လိုက်က သေချာပေါက် အင်အားကြီးတာပဲ။ သေချာပေါက် ကြာပန်းဖြူအရောင်အဝါတွေ အထွတ်အထိပ်ရောက်နေတာပဲ…။
“စုရှောင်ဝမ် ဝမ်ဝမ် ငါ့ကိုဖြေပါဦး”
တင်းကျားကျား စုဝမ်ကိုမျှော်လင့်တကြီးနှင့် ကြည့်ရင်း သူမ၏ကြီးမားသည့်မျက်ဝန်းများအား သနားစဖွယ် တဖျတ်ဖျတ်ခတ်လာသည်။
“ကောင်းပြီ ငါ့ကိုမစ်ရှင်ပို့လိုက် ကြည့်ကြည့်မယ် ဇာတ်ကောင်ကအဆင်ပြေတယ်ဆို ငါယူလိုက်မယ်”
“ပြေတယ် ပြေတယ် ဒီဇာတ်ကောင်က သေချာပေါက် နင့်အတွက်ပဲ”
စုဝမ် သဘောတူလိုက်သည့်အခါ တင်းကျားကျားက စိတ်လှုပ်ရှားစွာနှင့် မစ်ရှင်အချက်အလက်များအား စုဝမ်၏ ဆက်သွယ်ရေးစက်ထဲသို့ ကူးပြောင်းပေးလိုက်သည်။
စုဝမ်၏မစ်ရှင်လိုအပ်ချက်များနှင့် ပတ်သက်၍ တင်းကျားကျားက ရှင်းရှင်းလင်းလင်းသိသည်။ ပထမဆုံး ဇာတ်ကောင်က ရည်းစားဟောင်းဖြစ်ရမည်။ ဒုတိယအနေနှင့် မစ်ရှင်ထဲသို့မဝင်ခင် ဇာတ်ကောင်သည် မူရင်းကမ္ဘာထဲမှ မည်သူနှင့်မျှ အလွန်နီးကပ်သည့်ဆက်ဆံရေးရှိမနေရပေ။
ထိုလိုအပ်ချက်များအား တင်းကျားကျားက ထူးဆန်းသည်ဟုမြင်မိသော်လည်း ကံကောင်းစွာနှင့် ယခုတာဝန်ကျကမ္ဘာတွင် ထိုအချက်နှစ်ချက်နှင့် ပြည့်စုံသည့် အရေးပါသော ဇာတ်ကောင်တစ်ခု ရှိလေသည်။
ဇာတ်ကြောင်းအား အကြမ်းဖျင်းဖတ်ပြီးနောက် စုဝမ် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ ငါဒီမစ်ရှင်ကို ယူလိုက်မယ်”
“ကျေးဇူးပါ မွ…မွ”
တင်းကျားကျားက အရှေ့သို့တိုး၍ ခြေဖျားထောက်ကာ စုဝမ်ကို နမ်းရန်ကြိုးစားလိုက်သော်ငြား စုဝမ်က နောက်တစ်ခါ ငုံ့ရှောင်လိုက်၍ အလဟဿဖြစ်သွားပြန်သည်။
တင်းကျားကျား : ဝူးဝူးဝူး ငါအမြဲတမ်း စုရှောင်ဝမ်ဆီက အစွန့်ပစ်ခံရတယ်...နှစ်သိမ့်ပေးဖို့ လိုအပ်နေပြီ…။
စုဝမ်ကို မစ်ရှင်ကို လက်ခံကာ တာဝန်ဆောင်ရွက်သည့်အခန်းထဲသို့ ဝင်သွားသည်ကိုကြည့်ရင်း တင်းကျားကျားက တာဝန်ဆောင်ရွက်ရေးအခန်းတံပါတ်(၂)ထဲတွင် တွန့်ဆုတ်စွာ ရပ်နေဆဲပင်။
ငါဘယ်တော့မှ ဒီမှာ မစ်ရှင်လုပ်လို့ရမှာလဲ တာဝန်ဆောင်ရွက်ရေးအခန်းနံပါတ်(၂)က နံပါတ်(၃)ထက်ပို သက်တောင့်သက်သာရှိတယ်လို့ပြောကြတယ်…။
တင်းကျားကျားက မစ်ရှင်အခန်းထဲသို့ အားကျမှုများနှင့်ကြည့်လိုက်သောအခါ သူမ၏ဆက်သွယ်ရေးစက်မှ အသိပေးမီးသီးလေးက တဖျက်ဖျက်လက်လာသည်။
ဘုရားရေ နတ်ဘုရားကနောက်ဆုံးတော့ မစ်ရှင်လုပ်ပြီဟ…။
တင်းကျားကျားက ချက်ချင်း စိတ်လှုပ်ရှားစွာဖြင့် အသိပေးနေရာမှ “တည်နေရာအချက်ပြ” ကို နှိပ်လိုက်သော်လည်း ဘာမှပေါ်မလာတော့ပေ။
သူမက စုဝမ်၏တာဝန်ဆောင်ရွက်သည့်အခန်းကိုကြည့်ကာ စုဝမ်၏ဆက်သွယ်ရေးစက်မှ အသိပေးမီးသီးလေးကို စူပုတ်ပုတ်နှင့်ကြည့်လိုက်သည်။
နတ်ဘုရားက တာဝန်ကျကမ္ဘာထဲသို့ ဝင်သွားပြီး ထိုကမ္ဘာမှာ မူလက သူမ၏မစ်ရှင်ဖြစ်သော်လည်း ယခုလေးတင် သူမကိုယ်တိုင် စုဝမ်ဆီသို့ လွှဲပြောင်းပေးလိုက်သည်။
တင်းကျားကျား : ငါ့ကိုလာမနှစ်သိမ့်ပါနဲ့ ခဏလောက်ငိုပါရစေ…။
တာဝန်ကျ ကမ္ဘာတွင်…။
စုဝမ်၏ အသိစိတ်က တာဝန်ကျကမ္ဘာမှ ခန္ဓာကိုယ်နှင့်ချိတ်ဆက်နေသည်။ ခဏကြာပြီးနောက် သူမ၏တစ်ကိုယ်လုံးက အေးစက်နေကြောင်း ဝေဝေဝါးဝါးနှင့် ခံစားလိုက်ရသည်။
“အေးလိုက်တာ”
သူမက မသိစိတ်အရ ရေရွတ်လိုက်မိသည်။ ထိုအချိန်တွင် သူမဘေးမှ နွေးထွေးနေသည့် ခန္ဓာကိုယ်လေးတစ်ခုက သူမကို တင်းကြပ်စွာ ပွေ့ဖက်လာသည်။
“ရှောင်ဝမ် နည်းနည်းလောက်ပဲသည်းခံလိုက်နော် ဒီညကုန်သွားရင် အကုန်အဆင်ပြေသွားမှာ”
ထိုအသံက နူးညံ့ကာ နားဝင်ချိုလှသည့် မိန်းကလေးတစ်ယောက်၏ အသံပင်။
စုဝမ်က ဖြေးညင်းစွာနှင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူမ၏မျက်စိအရှေ့တွင် ပိန်းပိတ်နေအောင် မှောင်နေပြီး လရောင်၏အကူအညီဖြင့် သူမဘေးရှိ ကိုယ်ထည်လေးကို မှုန်ဝါးဝါးသာမြင်နိုင်သည်။
ဒါက…
“အစ်မ ယွီနော့လား”
စုဝမ်က နူးညံ့စွာ တီးတိုးဆိုလိုက်၏။ သူမအသံကိုကြားပြီးနောက် ယွီနော့က သူမလက်ထဲတင် ပွေ့ဖက်ထားသည့် ကိုယ်လေးကို ငုံံကြည့်လာသည်။
“ဒီမှာရှိတယ် ရှောင်ဝမ် ဘာဖြစ်လို့လဲ”
“အဆင်ပြေပါတယ် နည်းနည်းအေးနေသေးလို့”
စုဝမ်က တိုးတိုးလေးတုံ့ပြန်လာသည်။ သူမက ယခုလို အေးစက်သည့် ညအလယ်တွင် သူမကို ပွေ့ဖက်ထားသည့်သူမှာ အမျိုးသမီးဇာတ်လိုက်ဖြစ်ကြောင်း ဟုတ်မဟုတ်အတည်ပြုံချင်ရုံသာ။
“အေးနေတုန်းပဲလား”
ယန်ယွီနော့က မနေနိုင်ဘဲ သူမလက်ကိုလွှတ်၍ ကိုယ်ပေါ်မှ အစေခံအဝတ်အစားအလွှာကိုချွတ်လိုက်သည်။
“ဒါလေးခြုံလိုက်”
သူမကစုဝမ်၏တစ်ကိုယ်လုံးကို ထိုအဝတ်ဖြင့် ထွေးပေးလိုက်ပြီး လက်များကိုဆန့်၍ စုဝမ်ကို တင်းကြပ်စွာ ပြန်ပွေ့ဖက်လိုက်သည်။
အေးစိမ့်နေသောညတွင် တိတ်ဆိတ်ပြီး လူအသွားအလာပြတ်နေသော နန်းတွင်းလမ်းတစ်နေရာ၌ ငယ်ရွယ်သည့် နန်းတွင်းသူနှစ်ယောက်က ဒူးထောက်၍ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားကြသည်။
“အဆင်ပြေသွားလိမ့်မယ် အခုလိုဆို မအေးတော့ဘူး”
ယန်ယွီနော့က သူမဘာသာသူမ တီးတိုးရေရွတ်လိုက်ပြီး အသံက ညင်သာနေ၏။
အနည်းငယ်နွေးထွေးလာရာ စုဝမ်က ဖြေးညင်းစွာဖြင့် မျက်လုံးများကို မှိတ်ချလိုက်ပြီး ဤကမ္ဘာမှ ဇာတ်ကြောင်းကို တွေးတောလိုက်သည်။
ဤကမ္ဘာ၏ အဓိကဇာတ်လိုက်က သူမဘေးတွင်ရှိနေသည့် ယန်ယွီနော့ပင်ဖြစ်သည်။ ယန်ယွီနော့က ယခင်က ယန်ယွီနော့ဟူ၍မဟုတ်ချေ။ သူမက ကျင့်ကျိုးယန်ကျား၏ အစေခံဖြစ်ခဲ့ပြီး မိသားစုထဲသို့ သူမရောက်ရှိလာချိန်က နန်းတွင်း၏ သုံးနှစ်တစ်ကြိမ် အစေခံရွေးချယ်ခြင်းနှင့် တိုက်ဆိုင်သွားခဲ့သည်။ နှစ်ယောက်ရွေးချယ်ခဲ့သော်လည်း ယန်ကျား၏ တရားဝင်မယားကြီးသမီးက နန်းတွင်းသို့မဝင်ချင်ခဲ့ပေ။ ထို့ကြောင့် သခင်ကြီးက မိသားစုဝင်များကို လာရောက်ရွေးချယ်သော အရာရှိကိုလာဘ်ထိုး၍ မယားငယ်၏သမီးဖြစ်သည့် ယန်ယွီချင်းနှင့် အမျိုးသမီးဇာတ်လိုက် ယန်ယွီနော့တို့ကို နန်းတွင်းသို့ ဝင်ရောက်စေခဲ့သည်။
တော်ဝင်မိသားစု၏ အစေခံအဖြစ် အသစ်စက်စက်ရွေးချယ်ခံခဲ့ရသောသူများမှာ ၁၃နှစ်သာရှိသေးပြီး အပြစ်ကင်းစင်ကြသည့်အရွယ်များဖြစ်ကြသည်။ အတွင်းဘက်ဆောင်မှ ကိစ္စများကို ဆောင်ရွက်ရန် ရွေးချယ်ခြင်းခံရသောသူများက အမျိုးသမီးအိုကြီးတစ်ယောက်၏ စီမံခန့်ခွဲခြင်းနှင့် နည်းလမ်းတို့ ညွှန်ကြားသင်ပြခြင်းခံရ၏။
အဆုံးတွင် ယန်ယွီချင်းနှင့် ယန်ယွီနော့တို့က သွေးသားတော်စပ်သည့် ညီအစ်မများမဟုတ်ကြသည့်တိုင် ဆန်းသစ်ပြီး ထူးဆန်းသည့် ပတ်ဝန်းကျင်အသစ်တွင် ရှင်သန်ရန်အလို့ငှာ တစ်ယောက်နှင့်တစ်ယောက် အမှီပြုနေထိုင်ခဲ့ကြသည်။ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက သူတို့၏ တကယ့်ညီအစ်မများထက်ပင် ပို၍နီးစပ်လေသည်။
တစ်နှစ်ကြာပြီးနောက် ကြီးကြပ်ကွပ်ကွဲရေးဌာနက ယန်ယွီချင်းနှင့် ယန်ယွီနော့ကို ခြားနားသောနေရာအသီးသီးသို့ ပို့ဆောင်လိုက်သည်။ ယန်ယွီနော့က ငယ်စဥ်ကပင် အစေခံဖြစ်ခဲ့သောကြောင့် သူမ၏ အပ်ချုပ်လက်ရာများနှင့် ပန်းထိုးအထည်တို့မှာ အသိအမှတ်ပြုဖွယ်ရာဖြစ်ခဲ့သည်။ ထို့ကြောင့် သူမက ပန်းထိုးခြင်းအတွက် ပုံစံ၊အပြင်အဆင်များ ရွေးချယ်ပေးရန် တာဝန်ယူရသော ရှန့်ဖူနန်းဆောင်သို့ ပို့ဆောင်ခြင်းခံရသည်။ နန်းတွင်း၌ ရာသီလေးပါးတို့ လှည့်ပတ်နေမှုနှင့်အတူ ရာထူးအဆင့်များ၏ ပြောင်းလဲမှုများလည်းဖြစ်သွားခဲ့သည်။
ငယ်ရွယ်စဥ်ကပင် ယန်မိသားစု၏ သဘောကျနှစ်သက်ခြင်းမခံခဲ့ရသည့် ယန်ယွီချင်းက အလွန်ပွင့်လင်းပြတ်သား၏။ စည်းရုံးပြောဆိုနိုင်သည့် နှုတ်ခမ်းလွှာလေးတစ်စုံနှင့်အတူ သူမက ရှန့်ကုံးများတဆင့် နန်းဆောင်သို့ ဝင်ရောက်ခွင့်ရကာ ယခုလေးတင်မှ နန်းတွင်းထဲသို့ ရောက်ရှိလာသည့် အမျိုးမြင့်ယောက်ျားတစ်ယောက်ကို ခစားရလေသည်။
ထိုအချိန်တွင် ညီအစ်မနှစ်ယောက်၏ဘဝများ ပြောင်းပြန်လန်ရန် ဖြစ်လာခဲ့သည်.....။
ယန်ယွီနော့က တုံးအပြီး စကားနည်းသည်။ ကလေးအရွယ်ကပင် သူမက ညင်ညင်သာသာနှင့် ရိုးသားပြီး အခြားသူများကိုလည်း ကူညီရန်အဆင်သင့်ဖြစ်နေတတ်သည်။ ရှန့်ဖူနန်းဆောင်တွင် အသစ်ရောက်လာသောသူများနှင့် ရှိနှင့်နေပြီးသားသူများအကြား တင်းမာသည့် ပြိုင်ဆိုင်မှုများရှိသည်။ နာခံတတ်မှုများနှင့် ကြိုးစားမှုများကြောင့် ယန်ယွီနော့က အခမ်းအနားပြင်ဆင်ရေးအကြီးအကဲလျို၏ တန်ဖိုးထားခြင်းခံရသည်။ ၎င်းက ယန်ယွီနော့အတွက် ပြဿနာများစွာဖြစ်ပေါ်စေခဲ့ပြီး အခြားနန်းတွင်းသူတစ်ယောက်ထံမှ အကူအညီရခဲ့သည်။ ထိုနန်းတွင်းသူက သူမနှင့်အတူ နန်းတွင်းထဲသို့ ဝင်လာသည့် စုဝမ်ဖြစ်သည်။
စုဝမ်က မြို့တော်မှဖြစ်ပြီး သူမ၏မိသားစုက ပညာတတ်များဖြစ်ကြသည်။ သို့သော်လည်း စုဝမ်အဖေ၏ လောင်းကစားကို စွဲလမ်းမှုများကြောင့် မိသားစု၏ကံကြမ္မာက ကျဆင်းသွားခဲ့၏။ ထိုမျှမကသေး...သူက အခြားသူများအား ငွေစ အများကြီးကြွေးတင်နေကာ ပြန်မဆပ်နိုင်ဘဲဖြစ်နေသေးသည်။ နောက်ဆုံးတွင်တော့ သူက စုဝမ်အား နန်းတွင်းသို့ရောင်းလိုက်တော့၏။
စုဝမ်နှင့် ယန်ယွီနော့တို့က ရှန့်ဖူနန်းဆောင်သို့ အတူပို့ဆောင်ခံရသူများဖြစ်သည်။ နှစ်ယောက်က အစတွင် တစ်ယောက်နှင့်တစ်ယောက်မသိကြသော်လည်း စုဝမ်က ယွီနော့အား အခြားသူများ ဝိုင်းအနိုင်ကျင့်နေကြခြင်းကို ရပ်မကြည့်နိုင်ခဲ့ချေ။ ယွီနော့ကတော့ အမြဲနှုတ်ဆိတ်နေကာ သည်းခံခဲ့သည်။ ထို့ကြောင့် စုဝမ်က သူမဘက်မှ ပြန်တိုက်ခိုက်ခဲ့၏။ နောက်ပိုင်းတွင် နှစ်ယောက်က ညီအစ်မကောင်းများဖြစ်လာကြသည်။
စုဝမ်က ယန်ယွီနော့နှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခု တည်ဆောက်ပြီးသည့်နောက် သူမ၏ ဘဝဇာတ်ကြောင်းတစ်ခုလုံးနှင့် အတွေးများကို ယန်ယွီနော့အားပြောပြခဲ့သည်။ စုမိသားစုမကျဆင်းခင်တွင် စုဝမ်၏အဖေက စုဝမ်အတွက် လက်ထပ်ထိမ်းမြားရန် စီစဥ်ထားခဲ့တာမျိုးရှိသည်။ သို့သော် စုမိသားစု ငွေကြေးကျဆင်းပြီးနောက် ထိုထိမ်းမြားခြင်းအကြောင်း မေ့လျော့သွားကြသည်။
စုဝမ် နန်းတော်ထဲကို ဝင်လာတဲ့နောက်မှာ သူမရဲ့စေ့စပ်သတို့သားလောင်းဖြစ်တဲ့ ချန်ရှန့်ပေဖြင့် မတော်တဆတွေ့လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...။
ချန်မိသားစုက ပေကျင်းတွင် တက်သစ်စကြယ်ပွင့်များဖြစ်သည်။ ချန်ရှန့်ပေက ယခုနှစ်တွင်မှ ၁၆နှစ်ပြည့်ကာ နန်တွင်းသို့ တော်ဝင်ကိုယ်ရံတော်တစ်ယောက်အနေနှင့် ဝင်လာခဲ့သည်။ သူ၏အနာဂတ်က အကန့်အသတ်မဲ့ပင်။
သူတို့နှစ်ယောက်က ငယ်ချစ်များဖြစ်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် နှစ်အများကြီးကြာအောင် မတွေ့ဖြစ်ကြသော်လည်း ချန်ရှန့်ပေက မြို့တော်သို့အလည်လာချိန်တွင် ရှန့်ဖူနန်းဆောင်၌ အလုပ်လုပ်နေသော သူတစ်ယောက်ကို တွေ့သွားခဲ့၏။ စုဝမ်ဆွဲထားသည့် ကျောက်စိမ်းဆွဲသီးလေးကြောင့် လူအုပ်ထဲမှ စုဝမ်ကို သူမှတ်မိသွားခဲ့သည်။ နောက်ပိုင်းတွင် သူက စုဝမ်ကို စာတစ်စောင်ပို့ခဲ့သည်။
စာကိုလက်ခံရရှိသော စုဝမ်က အလွန်ပျော်ရွှင်သွားခဲ့သည်။ သူမက ချန်ရှန့်ပေထံသို့ ပြန်စာရေးခဲ့သည်။ သို့သော် နန်းတွင်းထဲတွင် သူမ၏စာအား ပို့ပေးနိုင်မည့်သူကို ရှာမတွေ့ခဲ့ပေ။ ထိုအချိန်တွင် ယန်ယွီနော့က ယန်ယွီချင်းကို သတိရသွားခဲ့သည်။
ယန်ယွီချင်းက အဆင့်မြင့်ကိုယ်လုပ်တော်လျို၏ အစေခံအဖြစ်ဆောင်ရွက်နေသူဖြစ်သည်။ ထိုအချိန်တွင် အဆင့်မြင့်ကိုယ်လုပ်တော်လျိုက ဘုရင်၏မျက်နှာသာပေးခံနေရချိန်ဖြစ်၏။ ယွီချင်းသည် သူမ၏ထက်မြက်ပြီး လျင်မြန်စွာတုံ့ပြန်တတ်သည့် စကားလုံးများကြောင့် အဆင့်မြင့်ကိုယ်လုပ်တော်လျိုက သူမကို အလွန်နှစ်သက်၏။ လူတွေပြောကြသလို တစ်စုံတစ်ယောက်က အမြင့်သို့တက်သွားပါက သူ့ခွေးသည်လည်း ကောင်းကင်ဘုံထိတိုင် မြင့်သွားသည်ပင်။ အဆင့်မြင့်ကိုယ်လုပ်တော်လျို၏ မျက်နှာသာပေးမှုနှင့်အတူ ယွီချင်းက ပိုမြင့်မားသည့်နေရာကို ရောက်ရှိသွားခဲ့၏။
ယန်ယွီနော့က စုဝမ်အား ယန်ယွီချင်းနှင့်မိတ်ဆက်ပေးခဲ့ပြီး သူတို့သုံးယောက်က ရင်းနှီးသည့်ညီအစ်မများ ဖြစ်လာခဲ့သည်။ အသက်အလိုက် ယွီနော့က အကြီးဆုံးဖြစ်ပြီး ယွီချင်းက ဒုတိယအကြီးဆုံးဖြစ်ကာ စုဝမ်က အငယ်ဆုံးဖြစ်သည်။
သူမ၏ညီမလေးအား ယန်ယွီချင်းက အလွန်ဂရုစိုက်၏။ ထို့ကြောင့် စုဝမ်က ချန်ရှန့်ပေဆီသို့ စာများစတင် ပို့နိုင်ခဲ့သည်။ မူလတွင် သူတို့နှစ်ယောက်က စေ့စပ်ထားကြပြီးသားဖြစ်၏။ နန်းတွင်းထဲတွင် သုံးနှစ်ကုန်ဆုံးသွားပြီးလျှင် စုဝမ်က နန်းတွင်းအပြင်ဘက်သို့ ထွက်နိုင်မည်ဖြစ်ရာ ချန်ရှန့်ပေက နန်းတွင်းထဲတွင် ရှိနေသည့်ရက်များ၌ ငွေသုံး၍ သူမ၏ လွတ်လပ်ခွင့်ကိုဝယ်ပေးနိုင်ရန် တစ်စုံတစ်ယောက်ကို ရှာဖွေခဲ့သည်။ ထိုအခါမှသာ သူက သူမကို ထိမ်းမြားလက်ထပ်နိုင်မှာဖြစ်သည်။
နန်းတွင်း၌ အခြေမခိုင်ဖြစ်နေသည့် ယန်ယွီချင်းက သူမအသုံးပြုရန်အတွက် သစ္စာရှိပြီး မှီခိုအားထား၍ရသည့်သူတစ်ယောက် လိုချင်ခဲ့သည်။ မူလတွင် သူမက ယန်ယွီနော့ကို သဘောကျသော်လည်း သူမက အလွန်ရိုးသားကာ အလုပ်အပေါ်တွင် စိတ်ရင်းမှန်ထားလေ့ရှိသည်။ အဆင့်မြင့်ကိုယ်လုပ်တော်လျို၏ ဘေးတွင်နေရင်း နန်းတွင်း၌ ရှင်သန်ရန်က ခက်ခဲသောလမ်းကြောင်းတစ်ခုဖြစ်ကြောင်း သင်ယူခဲ့ရသည့် ယန်ယွီချင်းက နောက်ဆုံးတွင် စုဝမ်ကိုသာရွေးချယ်ခဲ့သည်။
စုဝမ် ယန်ယွီချင်းနောက်သို့လိုက်ပြီးနောက် ယန်ယွီချင်းက တဖြည်းဖြည်းနှင့် ပိုမို၍မျက်နှာသာပေးခံရကာ အပျိုတော်အလှလေးမှ ဘုရင့်ကိုယ်လုပ်တော်အဖြစ် ရောက်ရှိသွားခဲ့သည်။ သူမက အလိုလိုက်အကြိုက်ဆောင်ခံရကာ တစ်ချိန်တည်းမှာပင် ကြွယ်ဝပေါများသည့် ဆုလာဘ်များစွာကိုလည်း ရရှိခဲ့သည်။
နာမည်ကြီးပြီးအဖိုးတန်တဲ့ နှင်းဖဲသားအထည်တွေ၊ ဂျင်ဆင်းတွေ၊ မြပုလဲတွေက ရွှေစတစ်ထောင်နဲ့တောင် အဖိုးမဖြတ်နိုင်ဘူး....။
တဖြည်းဖြည်းနှင့် စုဝမ်၏နှလုံးသားကပြောင်းလဲလာခဲ့၏။ သူမက ယန်ယွီချင်း၏နန်းဆောင်တွင် ဘုရင်မင်းမြတ်ကို တွေ့ခဲ့သည်။
ဒီလို ငယ်ရွယ်ပြီး ချောမောခန့်ညားတဲ့ ဘုရင်ကို တွေ့မြင်မိသမျှ လူတိုင်းက သူတို့စိတ်ထဲမှာ ဘယ်လိုလုပ် မစွဲထင်ကျန်ရစ်ဘဲ နေမှာလဲ...။
သူမ၏နှလုံးသားပြောင်းလဲလာမှုကြောင့် တဖြည်းဖြည်းနှင့် ချန်ရှန့်ပေနှင့် ကင်းကွာလာခဲ့သည်။ သူမက ချန်ရှန့်ပေ၏စာများကို ဖတ်လည်းမဖတ်သလို၊ စာပြန်ခြင်းလည်းမပြုလုပ်တော့ပေ။ သူမက ရက်စက်စွာနှင့် လမ်းခွဲသည့်စာတစ်စောင်ကိုသာ ရေးခဲ့ပြီး ယန်ယွီနော့အား ချန်ရှန့်ပေဆီသို့ ပို့ပေးရန် အကူအညီတောင်းခဲ့၏။
ထိုအချိန်တွင် ယန်ယွီနော့က ရှန့်ဖူနန်းဆောင်၌ ခြေကုတ်မိနေပြီဖြစ်သည်။ သူမက ချန်ရှန့်ပေနှင့်အတူ အကြိမ်အနည်းငယ်လောက်တွေ့ဆုံဖူး၏။ သူက လူကောင်းတစ်ယောက်ဖြစ်ပြီး စုဝမ်နှင့် ချစ်ကျွမ်းဝင်နေသည်ကို သူမသိသည်။ ချန်ရှန့်ပေ အသည်းကွဲကာ ခံစားရမည်ကိုစိုးရိမ်သောကြောင့် စုဝမ်၏ လမ်းခွဲစာအား သိမ်းထားခဲ့၏။ ထိုစာက သူမတွင်သာရှိနေခဲ့ပြီး သူမက စုဝမ်၏လက်ရေးကို တုပရေး၍ ချန်ရှန့်ပေနှင့် တစ်နှစ်ကျော်လောက်ကြာအောင် အဆက်အသွယ်လုပ်နေခဲ့သည်။
နန်းတွင်းသို့ဝင်ရောက်ပြီး သုံးနှစ်မြောက်၌ ချန်ရှန့်ပေက တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ပေးခြင်းခံခဲ့ရသည်။ နောက်ဆုံးတွင် သူက နန်းတွင်းတစ်ဝိုက်ကို ညဘက် ကင်းလှည့်သည့် အခွင့်အရေးရခဲ့၏။ ထိုအချိန်တွင် သူက စုဝမ်နှင့် လူချင်းတွေ့ဆုံခဲ့ပြီး သူမ၏ ငြင်းပယ်ခြင်းကို ခံခဲ့ရသည်။ ထိုအခါမှသာ သူနှင့် တစ်နှစ်ကျော်လောက်ကြာအောင် အဆက်အသွယ်လုပ်နေခဲ့သူက ထင်မှတ်မထားဘဲ ယန်ယွီနော့ဖြစ်နေကြောင်း ချန်ရှန့်ပေသိသွားခဲ့သည်။
____🚩