Chapter 53+54
Viewers 15k

💘Chapter 53 

ထေ့ငေါ့လှောင်ပြောင်ခြင်း



နေ့လည်နေက ကျစ်ကျစ်တောက်ပူနေသည်။အဲကွန်းကားထဲမှထွက်ပြီးနောက် ဒုတိယမြောက်ကောင်းကင်ဘုံ၏ ရေခဲနှင့်မီးစမ်းသပ်မှုကို ဖြတ်ကျော်​နေရသလိုခံစားရလေသည်။တစ်ကိုယ်လုံး ပူကျက်နေကာ စားသောက်ဆိုင်ထဲရောက်ပြီး အဲကွန်းလေကသူတို့ကိုရိုက်ခတ်လာမှ အသက်ပြန်ရှင်လာသလိုခံစားရ​တော့သည်။


ဝေ့ချန်က ဤစားသောက်ဆိုင်မှာပုံမှန်ဖောက်သည်ဖြစ်၏။သူဝင်လိုက်သည်နှင့် စားပွဲထိုးက သူ့ကိုမှတ်မိပြီး တန်းရှေ့တက်လာကာ ဝေ့ချန်နှင့်ချန်လီကို သူ၏ပုံမှန်ကိုယ်ပိုင်သီးသန့်ခန်းဆီခေါ်သွားလေသည်။တံခါးပိတ်သွားချိန်မှာ စားပွဲထိုး၏သိချင်စိတ်ဖြစ်နေသောမျက်လုံးများက ဝေ့ချန်နှင့်ချန်လီတို့၏သွယ်ယှက်ထားသောလက်များအပေါ်ကျရောက်သွားပေမဲ့ အလျင်အမြန်အကြည့်ပြန်လွှဲသွားသည်။


ဝေ့ချန်က ခန္ဓာကိုယ်ကိုအားဖြည့်ပေးသော ဆေးဖက်ဝင်ဟင်းလျာတချို့ကိုမှာယူလိုက်၏။တခြားဟင်းများနှင့်ယှဥ်လျှင် ဤဆေးဖက်ဝင်ဟင်းလျာများက ဆေးအရသာပိုပြင်းလေသည်။ချန်လီက ၎င်းတို့ထဲက ဟင်းရည်တစ်မျိုးကိုသောက်ပြီးနောက် ဆက်မသောက်ချင်တော့ပေ။


ဝေ့ချန်က ချန်လီကိုချော့​ပြီး သောက်ခိုင်းသောအခါ ချန်လီက ဝေ့ချန်ကိုကြည့်လာ၏။နောက်ဆုံးမှာ အတော်လေးဆန္ဒမရှိစွာပဲ ဝေ့ချန် သူ့အတွက်မှာပေးထားသော ဆေးဖက်ဝင်ဟင်းရည်ကို သောက်လိုက်​လေသည်။ 


စားသောက်ဆိုင်က ပိုပိုပြီးလူပြည့်လာသည်။သို့ပေမဲ့ ဝေ့ချန်နှင့်ချန်လီက သီးသန့်အခန်းတစ်ခန်းယူထားခြင်းဖြစ်၍ အပြင်ဘက်ရှိ ပျားပန်းခပ်စည်ကားနေမှုကိုသတိမထားမိကြသလို အသိအကျွမ်းတစ်ယောက် ဤဆိုင်ထဲဝင်လာသည်ကိုလည်းမသိခဲ့ကြပေ။


ဝင်လာသူက ဝူဇီခန်းဖြစ်လေသည်။​ဝေ့ချန်က သူ့ဖုန်းကိုချလိုက်ပြီးနောက် ပြန်ခေါ်လာလိမ့်မည်ဟု သူထင်ခဲ့သော်လည်း တစ်နေကုန်စောင့်နေပေမဲ့ ဝေ့ချန်ဆီကဖုန်းတစ်ကောလ်မှဝင်မလာပေ။ဝေ့ချန်က ဤစားသောက်ဆိုင်ကိုမကြာမကြာလာတတ်မှန်း သူသိသဖြင့် သူ သူ့ကိုလာရှာခြင်းဖြစ်သည်။


သူ့မှာ ဝေ့ချန်နှင့်အရေးအကြီးလုပ်စရာကိစ္စရှိ၍ မဟုတ်ပါဘဲ အရူးတစ်ယောက်ရပြီးနောက် ဝေ့ချန်၏ဖြစ်နေမည့် အမူအရာကို မြင်ချင်၍ဖြစ်ပြီး ထိုသို့မြင်ရရန်လည်း သူအတော်လေးစိတ်မရှည်ဖြစ်နေ၏။


ဝူဇီခန်းက ဝေ့ချန်၏ကားကိုမှတ်မိသဖြင့် ဝင်ပေါက်မှာကားကိုတွေ့သောအခါ ဝေ့ချန် ဤနေရာမှာရှိမှန်း သိသွားလေသည်။စားပွဲထိုးကလည်း ဝူဇီခန်းကိုသိပြီး သူကဝေ့ချန်နှင့်အတူတူမှန်းသိသည်။ထို့ကြောင့် ဝူဇီခန်းဝင်လာသည်ကို မြင်သောအခါ သူကပြောစရာမလိုဘဲ သူ့ဘာသာသူ ဝူဇီခန်းကိုဝေ့ချန်ရှိရာသီးသန့်အခန်းဆီခေါ်သွားလိုက်၏။


တံခါးနားရောက်သည်နှင့် ဝူဇီခန်းက စားပွဲထိုးကိုပြန်လွှတ်လိုက်ပြီး သီးသန့်ခန်းထဲကို တံခါးပင်မခေါက်ဘဲ ဝင်သွားလေသည်။


ထိုအခိုက်အတန့်မှာ ဝေ့ချန်က ချန်လီကို ဆေးဖက်ဝင်ဟင်းလျာတစ်မျိုးကို စားရန် ချော့ပြောနေခြင်းဖြစ်ပြီး နူးညံ့သောလေသံဖြင့် ပြောလိုက်၏။


"လီလီ ဒါလေးစားလိုက်ပါ...​ လီလီရဲ့ကျန်းမာရေးအတွက်ကောင်းတယ်လေ"


ဤစကားက ဝူဇီခန်း၏နားထဲကိုဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားလေသည်။သီးသန့်ခန်းထဲကမြင်ကွင်းကိုမြင်ပြီးနောက် ဝူဇီခန်းတစ်ယောက် လုံးလုံးလျားလျား ကြက်သေသေသွားခဲ့သည်။


ဝေ့ချန်၏မျက်နှာက အမူအရာမဲ့နေဆဲဖြစ်သော်လည်း ဝူဇီခန်း၏ရှုထောင့်ကနေ ချန်လီကိုကြည့်နေသည့် ဝေ့ချန်၏မျက်လုံးများထဲက နူးညံ့မှုများကို ရှင်းရှင်းမြင်နိုင်လေသည်။သူ့မျက်လုံးများထဲရှိနွေးထွေးမှုများက လျှံထွက်တော့မည့်အတိုင်းဖြစ်၏။


ပြီးတော့ အဲဒီတောင်းဆိုနေတဲ့စကားတွေက တေမိမင်းသားဝေ့ချန်ပါးစပ်ကထွက်လာတာရော တကယ်ဟုတ်ရဲ့လား...


ခဏလောက် ဝူဇီခန်း သူ၏(ခွင့်မတောင်းဘဲ)တံခါးဖွင့်လိုက်သည့်ပုံစံက မှားသွားသလိုခံစားလိုက်ရသည်။ထို့ကြောင့် ယုတ္တိမရှိသောမြင်ကွင်းတစ်ခုကို သူမြင်တွေ့လိုက်ရသည်လေ။


"ရောက်နေတာလား"


ဝေ့ချန်က ဝူဇီခန်းကိုမြင်ချိန်မှာ ခံစားချက်ကင်းမဲ့စွာဖြင့် အေးစက်စက်ပြောလိုက်၏။


ဝေ့ချန်ကို မမြင်ရသည်မှာ ရက်အနည်းငယ်ကြာသွား၍ဖြစ်ချင်ဖြစ်မည် သို့မှမဟုတ် ဝေ့ချန်က သူ့ကိုဤပုံစံအတိုင်းပဲ အမြဲစကားပြောခဲ့၍ဖြစ်ချင်ဖြစ်မည်။ဝူဇီခန်း ဝေ့ချန်၏လေသံထဲမှ ဘာစိမ်းကားမှုကိုမှမခံစားရပေ။သူက သူ့ကိုယ်သူပင် တွေးလိုက်သေးသည်။'ဒါကမှ ဝေ့ချန်အစစ်'ဟူ၍။ထို့နောက် ပြုံးကာ သူက ဝေ့ချန်၏ဘေးမှာဝင်ထိုင်ပြီး ပြောလိုက်သည်။


"မြို့တော်ကိုပြန်ရောက်တာတောင် ငါ့ကိုဖုန်းမခေါ်ဘူး...ငါ့ဖုန်းကိုလည်း မင်းမကိုင်ဘူး...မင်းညီအစ်ကိုကို မင်းမေ့သွားပြီလား"

ထိုသို့ပြောပြီးနောက် သူက ဝေ့ချန်ကိုဘာယဥ်ကျေးမှုမှပြမနေဘဲ တူတစ်စုံကောက်ကိုင်ပြီး ဟင်းတစ်ဖတ်ကိုဆယ်စားလိုက်၏။


တူများက တိုက်တိုက်ဆိုင်ဆိုင်း ခါးပြီးအရသာမကောင်းသော ဆေးဖက်ဝင်ဟင်းလျာထဲကို နှိုက်မိသွားရာ ဝူဇီခန်းက ချက်ချင်း ထွေးထုတ်လိုက်လေသည်။


"အော့...ဘာဟင်းကြီးမှာထားတာလဲအားချန်...ဘာလို့ဒီလောက်အရသာဆိုးရွားရတာလဲ...ဝက်စာကျနေ"


ဝူဇီခန်း၏မျက်နှာက ရွံရှာမှုများဖြင့်ပြည့်နေ၏။ထို့နောက် သူကချန်လီကိုကြည့်ပြီး မျက်မှောင်ကြုတ်ကာပြောလိုက်သည်။


"အားချန် မင်းချန်ချင်းရဲ့အော်တစ်ဇင်ရောဂါသည်ညီနဲ့လက်ထပ်လိုက်တယ်ဆို...ငါတို့ရှေ့ကသူများလား"


ဝူဇီခန်းက မေးခွန်းများမေးနေဟန်ရှိပေမဲ့ သူက ဤစကားများကိုဝက်စာ နောက်မှာထည့်လိုက်ခြင်းဖြင့် ချန်လီစားနေသည်က ဝက်စာဟုပြောလိုက်ခြင်းဖြစ်ကာ အဓိပ္ပါယ်က ဤထက်ပိုမရှင်းနိုင်တော့ပေ။



<< >>


💘Chapter 54 

ကိုယ့်ဒုက္ခကိုယ်ရှာခြင်း



ဝေ့ချန်က ဝူဇီခန်း၏စကားများနောက်ကွယ်ရှိအဓိပ္ပါယ်ကို မည်သို့နားမလည်ဘဲ နေမည်နည်း။သူက ဝူဇီခန်းကို သတိပေးသည့်အနေဖြင့် အေးစက်စက်အကြည့်တစ်ချက်ပေးလိုက်၏။


ဝူဇီခန်းက ဝေ့ချန်၏အေးစက်စက်အကြည့်အောက်မှာ ကျောရိုးများအေးစက်သွားသလို ခံစားလိုက်ရလေသည်။

ဝေ့ချန်က သူပြောလိုက်သည့်တစ်ခုခုကြောင့်လှုံ့ဆော်ခံလိုက်ရ၍ဖြစ်မည်ဟု

သူမှန်းဆမိလိုက်ပြီး ရှက်လည်းရှက်သလိုဒေါသလည်းထွက်သွားသည်။


သို့ပေမဲ့ သူမနေနိုင်ဘဲ ကျေနပ်သွားသလိုလည်း ခံစားလိုက်ရသည်။သူက သူ့ဘက်ကနေစ၍ ချန်လီနားကိုကပ်သွားပြီး ပေါ့ပေါ့ပါးပါးပြုံးကာနှုတ်ဆက်လိုက်၏။


"နိဟောင်...ငါက အားချန်ရဲ့သူငယ်ချင်း ဝူဇီခန်းပါ...မင်းက အားချန်နဲ့လက်ထပ်ထားတဲ့သူဆိုတော့ ငါတို့လည်း သူငယ်ချင်းတွေဖြစ်သွားပြီပေါ့"


ဝူဇီခန်းက သူ့ဘာသာသူတွေးလိုက်သည်။ဝေ့ချန်က ချန်လီနှင့်လက်ထပ်ပွဲကိုမကျေနပ်သဖြင့် သူ့ရှေ့မှာ ထိုအကြောင်းကို ပြောချင်မှာမဟုတ်ပေ။သူ ယခုလိုထည့်ပြောလိုက်ခြင်းက သိသာသောအကျိုးဆက်များမရှိသော်လည်း ယင်းက အနည်းဆုံး ဝေ့ချန်ကို မသိမသာ လက်သီးပုန်းထိုးနိုင်မှာဖြစ်၏။


သို့ပေမဲ့ ဝူဇီခန်း၏ကျေနပ်မှုက ကြာရှည်မခံခဲ့ပေ။ရုတ်တရတ် မပူ့တပူဟင်းရည်တစ်ပန်းကန် သူ့ပေါ်ကို လောင်းကျလာသည်။ယင်းက သူ့မျက်နှာကို ရွှဲရွှဲစိုသွား​စေကာ သူ၏ပုံသွင်းထားသောဆံပင်​ကေကို ဖျက်စီးပစ်လိုက်ပြီး သူ့အား ဖိုသီဖတ်သီအခြေအနေမှာချန်ထားခဲ့၏။ဟင်းရည်က တစ်စက်စက်ကျနေပြီး သူ့အားပို၍ပင် စိတ်ဆင်းရဲစရာကောင်းသွားစေသည်။


အမှန်တွင် ချန်လီက သူ့ဘာသာသူ ဟင်းရည်သောက်နေခြင်းဖြစ်ပြီး သူ့နားကို တစ်စုံတစ်ယောက်ချဥ်းကပ်လာသည်ကိုမြင်သောအခါ လန့်ပြီး မသိစိတ်ဖြင့် ​နောက်ကိုရို့ကာရှောင်လိုက်၏။သူ့လက်ထဲဟင်းရည်က ချန်လီ၏လှုပ်ရှားမှုများအတိုင်း ဖိတ်ကုန်ကာ မတော်တဆ ဝူဇီခန်း၏မျက်နှာပေါ်ကိုကျသွားခဲ့လေသည်။


ဝူဇီခန်းက ရှက်ရွံ့မှုရောဒေါသထွက်မှုကိုပါခံစားရပြီး လက်သီးဆုပ်လိုက်၏။သူ ချန်လီကိုသင်ခန်းစာတစ်ခုပေးချင်ပေမဲ့ ချန်လီက ဝေ့ချန်၏​ဘေးကို​ရောက်သွားပြီဆိုသည်ကိုသတိပြုမိလိုက်သည်။ယခုနက သူ့မျက်နှာပေါ်ရှိ အသက်မဲ့နေသောအမူအရာက ကာကွယ်မှုအပြည့်နှင့် ကြောက်လန့်နေသောပုံစံဖြင့် အစားထိုးခြင်းခံလိုက်ရ၏။


သေစမ်း...သူ့မျက်နှာတစ်ခုလုံးပေါ်က ဟင်းရည်တွေရဲ့တရားခံက သူမဟုတ်ဘူးလား...ဘာလို့ ဒီအရူးက ခံရသူနဲ့ပိုတူနေတာလဲ...


သို့ရာတွင် ဝူဇီခန်းကို ပို၍ပင် အံ့အားသင့်စေသည်က ချန်လီအပေါ်ရှိ ဝေ့ချန်၏သဘောထားဖြစ်၏။

​

သူ့အပေါ် ဟင်းရည်နှင့်လောင်းခဲ့သူက ချန်လီဖြစ်သော်လည်း ဝေ့ချန်က ချန်လီကို အန္တရာယ်မှကာကွယ်နေသည့်အတိုင်း သူ့အနောက်ပို့၍ ကာ​ပေးထားလေသည်။ဆိုးဆိုးရွားရွားအခြေအနေမှာရှိနေသည့် ဝူဇီခန်းကိုမူ အကြည့်လေးတစ်ချက်ပင် မစွန့်ကြဲလာပေ။ထိုအစား သူက ချန်လီ၏လက်ကိုကိုင်ကာ တစ်ခုခုတီးတိုးပြောလိုက်ပြီး ချန်လီ၏မျက်နှာပေါ်ကကြောက်ရွံ့မှုကို တဖြည်းဖြည်း ပျောက်ကွယ်သွားစေခဲ့သည်။သို့ပေမဲ့ ချန်လီက ဝေ့ချန်၏​ဘေးနားမှာ ကပ်ထိုင်လိုက်ပြီး ဝူဇီခန်းကပဲ တချို့တချို့သော အန္တရာယ်ပြုနိုင်သည့် မိစ္ဆာဝိညာဥ်တစ်ကောင်ဖြစ်နေသည့်အတိုင်းပါပင်။


ဝူဇီခန်း ရင်ခံသွားသည်။ရုတ်တရတ် ချန်ချင်း မနေ့က သူ့ကိုပြောခဲ့သောစကားများကို သူ့နားထဲမှာ ပြန်ပြီးကြားယောင်လာသည်။


"သူ့ခေါင်းထဲမှာ သူ့မိန်းမအရူးနဲ့ပဲပြည့်နေတာလေ...တခြားအတွေးတွေတွေးဖို့အာရုံမရဘူး"


ထိုအချိန်တုန်းက ဝူဇီခန်း ချန်ချင်း၏စကားများကို အတည်မယူခဲ့ပေ။သို့ပေမဲ့ ယခုကြည့်ရသည်မှာ ၎င်းတို့ထဲမှာ အမှန်တရားတချို့ရှိနေပုံရသည်။


ထိုသို့ဖြစ်လင့်ကစား အစတုန်းက ဤသို့ဟုတ်ပုံမရသည့် ဝေ့ချန်က ရှန်ဟိုင်းကို ပြန်ပြီးနောက်မှာ ဘာကြောင့်ဤမျှ ပြောင်းလဲသွားရသည်ကို ဝူဇီခန်းနားမလည်နိုင်ပေ။


ဝေ့ချန်ရဲ့သရုပ်ဆောင်စွမ်းရည်တွေက ခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်လွန်းလို့ သူ့ရဲ့ခံစားချက်အစစ်အမှန်တွေကို ဟာကွက်မရှိအောင်ဖုံးကွယ်နိုင်တာလား...ဒါမှမဟုတ် သူက ဒီအမှန်တရားကို တကယ်ကြီးလက်ခံပြီး ချန်လီနဲ့အတူရှိဖို့ ဆုံးဖြတ်လိုက်တာလား...


ဝူဇီခန်းက ဝေ့ချန်ကိုသေချာလေ့လာကြည့်ပြီး ချန်လီကိုဂရုစိုက်ပေးနေသောသူ့အပြုအမူများထဲမှ မလိုလားမှုအရိပ်အယောင်တစ်စွန်းတစ်စကို ရှာဖွေရန်ကြိုးစားလိုက်၏။သို့ပေမဲ့အဆုံးမှာ မလိုလားမှုတစ်ခုခုရှိလားဆိုသည်ကို သူမဆုံးဖြတ်နိုင်ခဲ့ပေ။ထိုအစား သူ့ဆံပင်​ပေါ်ကနေကျလာသည့် ဟင်းရည်က သူ့မျက်လုံးများထဲကိုဝင်သွားသည်။


"အားချန် ငါအရင်ပြန်နှင့်လိုက်မယ်"


ဝူဇီခန်းက သူ့ခေါင်းနှင့်မျက်နှာပေါ်ကဟင်းရည်ကို စားပွဲပေါ်ကတစ်ရှူးနှင့် သာမန်ကာလျှံကာသုတ်လိုက်သည်။ဝေ့ချန်အနားမှာရှိ​နေလျှင် သူချန်လီကို ဘာမှမလုပ်နိုင်မှန်းသူသိသည်။ထိုအပြင် ဟင်းရည်များစိုရွှဲနေသဖြင့် သူအလွန်အမင်းအဆင်မပြေသလိုခံစားရပြီး ဤနေရာမှာဆက်ပြီးမနေနိုင်တော့ပေ။


ဝေ့ချန်၏အရှက်တကွဲအ​ခြေအနေကို မျက်မြင်ကြုံရရန်သူလာခဲ့ပေမဲ့ ဘာအရှက်ရမှုကိုမှမတွေ့ခဲ့ရရုံသာမက သူကိုယ်တိုင်ပါ အရှက်တကွဲအခြေအနေမှာအဆုံးသတ်ခဲ့ရလိမ့်မည်ဟု ဝူဇီခန်းဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ပေ။


မည်သို့ပင် သူတွေးပါစေ ဤဒေါသကို ဝူဇီခန်းမျိုမချနိုင်ဖြစ်နေသည်။နောက်ဆုံးမှာ သူတံခါးကိုဆောင့်ပိတ်ပြီးထွက်လာခဲ့၏။


ဝေ့ချန်က ဝူဇီခန်းကိုတားရန်မကြိုးစားပေ။ဝူဇီခန်းထွက်သွားပြီးနောက် ဝေ့ချန်က ချန်လီကိုပင် လက်မထောင်ပြပြီး ချီးကျူးလိုက်သေးသည်။


"လီလီက တော်လိုက်တာကွာ"


ချန်လီက သူ၏အသက်မဲ့နေဆဲမျက်နှာနှင့် နားမလည်စွာဖြင့် ဝေ့ချန်ကိုကြည့်လာ၏။


ဝေ့ချန် မနေနိုင်ဘဲချန်လီ၏ခေါင်းလေးကိုဆွဲဖွလိုက်ပြီး ရင်ထဲမှာ​အနည်းငယ်​ကျေနပ်နေလေသည်။


<< >>

💘