🚩Chapter -160
Arc_7.နေရာလွဲမှားနေသောသမီး [ 26 ]
_____
Whisper မှထွက်လာပြီးနောက် ကျန်းယိုက စုမိသားစုအိမ်သို့ အလောတကြီးပြန်သွား၏။ အသည်းအသန်ဖြင့် စုဝမ်နှင့် ကိစ္စတို့ကိုရှင်းချင်သော်လည်း စုမိသားစုအိမ်မှ အစေခံက စုဝမ်မှာ ယခုလေးတင် နိုင်ငံခြားသို့ ထွက်သွားကြောင်း ပြောလာသည်။
နောက်ဆုံး၌ အစမှအဆုံး၏ စုဝမ်၏ လှည့်စားမှုခံခဲ့ရကြောင်းကို သဘောပေါက်သွားသော ကျန်းယိုက စိတ်ပျက်အားလျော့စွာဖြင့် မြေပြင်ပေါ်သို့ ထိုင်ချလိုက်မိသည်။
သူမ၏တစ်ဘဝလုံး အဆုံးသတ်သို့ရောက်သွားသကဲ့သို့ သူမခံစားလိုက်ရသည်။
သူမနှင့်ဝမ့်ဝမ်ဟောက်ကြားမှ ကိစ္စရပ်များကို လူအတော်များများထံတွင် အမြင်ခံရပြီး တစ်ချိန်တည်းမှာပင် အိုးယန်လော့၏ ခြိမ်းခြောက်မှုကိုခံရပြီးနောက် သူမဖုန်းဟန်ကျောင်းတွင် ဆက်နေ၍မရတော့ကြောင်း သဘောပေါက်သည်။ ထို့အပြင် Dမြို့တစ်မြို့လုံးတွင် သူမက ပြက်ရယ်ပြုစရာဖြစ်လာလိမ့်မည်။
နောက်တစ်နေ့တွင် ကျန်းယိုနှင့် ဝမ့်ဝမ်ဟောက်၏ဗီဒီယိုများက Dမြို့တစ်ခွင်၌ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားကာ စုဟိုင်ချန်းပင် ကော်ပီတစ်ခုရရှိခဲ့သည်။ ထိုကဲ့သို့ လူမှုရေးကျင့်ဝတ်ကို ဖောက်ပြားသည့်ကိစ္စမျိုးအတွက် အဖေတစ်ယောက်အနေနှင့် သူ့ဂုဏ်ပုဒ်ကိုဆုံးရှုံးလိုက်ရသလိုခံစားရကာ တစ်ချိန်တည်းမှာပင် သူ့နှလုံးသားကလည်း နာကျင်နေတော့သည်။
စုဝမ်က စုရွေ့နှင့်အတူ အောင်ပွဲခံ၍ နိုင်ငံခြားမှပြန်လာချိန်တွင် Dမြို့တစ်မြို့လုံးရှိ အထက်တန်းလွှာ လူမှုရေးအသိုင်းအဝိုင်းများကြား၌ ကျန်းယိုနှင့် ဝမ့်ဝမ်ဟောက်၏ ကိစ္စက ပျံ့နှံ့နေဆဲဖြစ်သည်။
ဒီတော့ သူမက သမီးအရင်းဆိုတော့လည်း ဘာဖြစ်သေးလဲ.....။ သူမက ကောင်းမွန်တဲ့အရာ သေးသေးလေးကိုတောင်မှ မလုပ်နိုင်ဘူးလေ....။
အတင်းအဖျင်းဆိုသည်က အလွန်ကြောက်ဖို့ကောင်းသောအရာပင်။ မူလတွင် ကျန်းယိုက တောရွာလေးမှ လာခဲ့သူဖြစ်၏။ ယခုတစ်ခေါက်က သူမအတွက် အထက်တန်းလွှာလူတန်းစားဆိုသည့် အတွေ့အကြုံကို ပထမဆုံးခံစားဖူးခြင်းဖြစ်သည်။
သူတို့ချီးကျူးမြှောက်ပင့်နေကြချိန်တွင် တိမ်များပေါ်တွင် လွင့်မျောနေနိုင်သော်လည်း သူတို့ချနင်းလိုက်လျှင်တော့ ရွှံ့နွံအနက်ဆုံးအထိ နစ်မြှုပ်ကာ ကိုယ့်ကိုကိုယ်ပြန်အဖတ်ဆယ်၍ပင် မရနိုင်ချေ။
ထိုအချိန်တွင် ကျန်းယိုက “မိသားစု” ၏ အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။ ဝမ်ရှူးကျယ်၏ နေ့ရောညပါ အဖော်ပြုပေးမှုများနှင့်အတူ ကျန်းယို၏ စိတ်အခြေအနေက တဖြည်းဖြည်းတည်ငြိမ်လာခဲ့၏။
သို့သော် စုဝမ်နှင့် စုရွေ့တို့ ပြန်လည်ရောက်ရှိလာမှုက ကျန်းယို၏ ရူးနှမ်းတော့မည့် မီးစလေးကို မီးတို့ပေးလိုက်သလို ဖြစ်သွားခဲ့သည်။
“စုဝမ် အဲ့ဒါနင်ပဲ နင်လုပ်ခဲ့တာ ဘာလို့ငါ့ကိုနာကျင်စေချင်ရတာလဲ ဘာလို့ဒီလောက်တောင်ရက်စက်နိုင်ရတာလဲ...”
ရက်အနည်းကြာအောင် စိတ်ပင်ပန်းနေသောကြောင့် ကျန်းယိုက ပင်ပန်းနွမ်းနယ်နေကာ သူမ၏မျက်လုံးများကလည်း မှေးမှိန်နေသည်။ စုဝမ် တံခါးမှဝင်လာသည်ကိုမြင်လိုက်သည့်အခိုက်အတန့်တွင် ကျန်းယို၏မျက်လုံးများတွင် အေးစက်နေသည့် ဒေါသအရိပ်အငွေ့တို့ ဖြတ်ပြေးသွားသည်။ သူမက စုဝမ်ဆီသို့ ပြေးလာပြီး လက်မြှောက်၍ စုဝမ်ကိုရိုက်ရန်ပြင်လိုက်၏။
အခန်းထဲရှိ လူတိုင်း ကျန်းယိုကို မတားနိုင်လိုက်ကြချေ။ သို့သော် ကျန်းယိုထက်လျင်မြန်သည့်လူတစ်ယောက်က စုဝမ်အနောက်မှထွက်လာခဲ့သည်။
“ဖြန်း”
ကျယ်လောင်သည့်အသံနှင့်အတူ ရိုက်ချက်တစ်ခုက ကျန်းယို၏မျက်နှာပေါ်သို့ ကျရောက်သွားသည်။ သူမက နေရာတွင်သာ တောင့်ခဲနေပြီး သူမအရှေ့ရှိလူကို ငူငိုင်၍ကြည့်နေမိသည်။
“ရှောင်း…..”
“ကျန်းယို အရာအားလုံးအတွက် မင်းကိုယ်မင်းပဲ အပြစ်တင်ရမှာ”
စုရွေ့က ကျန်းယိုကို ဝင်ရောက်နှောင့်ယှက်လိုက်သူဖြစ်၏။ မူလတွင် သူနှင့်စုဝမ်က ဗီဒီယိုကို ဖြန့်ရန် စိတ်ကူးမရှိခဲ့ပေ။ သို့သော် ကျန်းယိုက စုဝမ်အနောက်သို့ မဆုတ်မနစ်လိုက်နေခဲ့ပြီး သူမ၏ဖုန်းတွင်တောင် စောင့်ကြည့်ကိရိယာကို တပ်ဆင်ထားခဲ့သေးသည်။ ၎င်းက စုဝမ်၏သည်းခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့၏။
သူမကို ဘေးဒုက္ခရောက်စေသူမှာ သူမကိုယ်တိုင်သာဖြစ်သည်။
“ကျန်းယို သူများတွေအပေါ်ကိုပဲ အပြစ်လိုက်ပုံချမနေနဲ့”
စုဝမ်က အရှေ့သို့တိုးလာပြီး ယခုအချိန်ထိ မှားယွင်းနေပြီးခေါင်းမာနေသည့် ကျန်းယိုကိုကြည့်လိုက်၏။
“နင့်ကို ဝမ့်ဝမ်ဟောက်နဲ့အိပ်ဖို့ ငါပြောခဲ့လို့လား အိုးယန်လော့အပေါ်ကိုလည်း မရှင်းမလင်းနဲ့ ကစားဖို့တွန်းအားပေးခဲ့လို့လား ငါနဲ့လော့ယွီကိုရော နောက်ယောင်ခံလိုက်ခိုင်းခဲ့လို့လား နင်က သူများတွေရဲ့ ကိုယ်ရေးကိုယ်တာကို ခိုးကြောင်ခိုးဝှက် ချောင်းမြောင်းကြည့်ချင်နေလို့ ငါကထိုက်တန်တဲ့အကျိုးကို ပြန်ခံစားစေခဲ့တာပဲ နင်ဘယ်လောက်လှလှပပနဲ့ လှုပ်ခါနေတယ်၊ နင်ဘယ်လောက်တောင် အလိုရမ္မက်ကြီးတယ်ဆိုတာ အခုတစ်မြို့လုံးသိသွားကြပြီ ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး နင်က အစ်မကောင်းတစ်ယောက်ပဲလေ နင်ကအချိန်အကြာကြီး ငါ့ကိုစောင့်ကြည့်နေခဲ့တာဆိုတော့ ငါကလည်း ညီမတစ်ယောက်အနေနဲ့ နင့်ရဲ့လက်ဆောင်ကိုပြန်ပေးရတာပေါ့”
“စုဝမ်….နင်”
ကျန်းယိုက စုဝမ်၏စကားများကြောင့် ဒေါသထွက်လာရသည်။ သူမလှုပ်လှုပ်ရှားရှားဖြစ်လာပြီး ရိုက်နှက်ချင်နေသော်လည်း မျက်လုံးထောင့်မှ စုရွေ့၏ အေးစက်နေသော မျက်လုံးများကို မြင်လိုက်ရသည်။ ကျန်းယို၏ လှုပ်ရှားမှုများက နှေးကွေးသွား၏။
“အစ်ကိုကြီးရှောင်း သူမက ဒီလိုကိစ္စမျိုးတွေအထိလုပ်ခဲ့တာ အခုထိ မျက်ကွယ်ပြုနေတုန်းပဲလား ညီမ…ညီမသူ့ကို နောက်ယောင်ခံမလိုက်ခဲ့ဘူး ပြီးတော့ တခြားသူတွေရဲ့ကိုယ်ရေးကိုယ်တာ ဗီဒီယိုကို……လူသိရှင်ကြားဖြစ်အောင်ဖြန့်ပစ်ခဲ့တဲ့ သူမလို မယုတ်မာဘူး”
“ဟက်”
ကျန်းယိုက ယခုထက်ထိ သူမမှန်နေပြီး စုဝမ်ကသာမှားနေကြောင်းပြောနေသည်ကို ကြားသောအခါ ဗိုလ်ချုပ်ကြီးစုက လှောင်ပြောင်လာတော့သည်။
“လူအိုကြီးတစ်ယောက်ပြောတာကြားဖူးတယ် သာမန်လူတွေကို မီးထွန်းဖို့တားမြစ်ထားတဲ့အချိန်မှာ တရားသူကြီးတွေကတော့ အိမ်တွေကို လွတ်လွတ်လပ်လပ်နဲ့မီးရှို့နိုင်ကြတယ်တဲ့… ကျန်းယို မင်းက စုဝမ်ကို နောက်ယောင်ခံလိုက်ပြီး ဖုန်းထဲကိုလည်း စောင့်ကြည့်ကိရိယာထည့်ထားခဲ့မှတော့ စုဝမ်က ဘာလို့ပြန်မတိုက်ခိုက်နိုင်ရမှာလဲ…အဲ့ဒီဗီဒီယိုအတွက်ကတော့ မင်းမလုပ်ခဲ့ဘူးဆိုရင် သူမကမင်းကို ဘယ်လိုလုပ် စွပ်စွဲလို့ရမှာလဲ မင်းလိုချင်ရင် မင်းလည်း သူမကိုဗီဒီယိုရိုက်ယူထားလေ အိုး ဟုတ်သားပဲ မေ့သွားတာ ငါ့ဇနီးလေးက ‘တခြားသူတွေ’လို တွေ့ကရာယောက်ျားနဲ့ အိပ်ရာပေါ်မတက်တတ်ဘူး ဗီဒီယိုကိုလိုချင်ရင် ငါတို့နှစ်ယောက်လက်ထပ်ပြီးတဲ့ မင်္ဂလာဦးညအထိစောင့်နေလိုက် သေချာပေါက် ငါမင်းကို အဲ့ဒီအခွင့်အရေးပေးမှာတော့ မဟုတ်ဘူး”
စုရွေ့က လက်မြှောက်၍ စိတ်မရှည်စွာဖြင့် ကျန်းယိုကို ဘေးသို့တွန်းထုတ်လိုက်သည်။ သူကဘေးသို့လှည့်၍ စုဝမ်ကို ညင်သာစွာကြည့်လိုက်၏။
“ဇနီးလေး သူမကိုလျစ်လျူရှုထားလိုက် သူမကစိတ်အခြေအနေမကောင်းဘူး လေယာဥ်အကြာကြီးစီးလာရလို့ပင်ပန်းနေပြီလား မင်းအတွက် ရေချိုးရေပြင်ပေးမယ် သေချာလေးကိုယ်လက်ဆေးကြောကြတာပေါ့”
တစ်စုံတစ်ယောက်ကို စားပစ်ချင်နေသည့် ကျန်းယို၏အကြည့်များအောက်တွင် ဗိုလ်ချုပ်ကြီးစုက သူဇနီးလေးကို ညင်သာနေသည့်အမူအရာဖြင့် အပေါ်ထပ်သို့ခေါ်သွားတော့သည်။
ထွက်ခွာသွားသည့် လူနှစ်ယောက်၏နောက်ကျောကိုကြည့်ရင်း ကျန်းယို အံကြိတ်လိုက်သည်။ သူမ၏ လှပသည့်မျက်နှာလေးက အကျည်းတန်နေသည်။
“ရှောင်ယို ဒီကိစ္စမှာ မင်းရဲ့ညီမလည်း အနည်းနဲ့အများမှားတာပဲ ဒါပေမယ့် မင်းလည်းပဲ…ဟင်း အိမ်မှာ အခုလို ကိစ္စကြီးကြီးမားမားဖြစ်လာတာ ငါနဲ့မင်းအမေမှာလည်း တာဝန်ရှိပါတယ်”
တိတ်ဆိတ်နေခဲ့သော စုဟိုင်ချန်းမှာ သူ့မိသားစုတကွဲတပြားဖြစ်နေသည်ကို မကြည့်နိုင်ပေ။ သူက မတတ်နိုင်ဘဲ နှစ်သိမ့်သည့်အနေနှင့် စကားအချို့ကိုတီးတိုးပြောလာသည်။
သူ့စကားများကို ကျန်းယိုက နှလုံးသားအောက်ခြေမှ သရော်လိုက်၏။
စုမိသားစုတဲ့လား….။
စုဝမ်ပြန်ရောက်မလာခင်၌ သူမ၏မိဘများအား လုံခြုံရာနေရာလေးအဖြစ် ခံစားခဲ့ရသည်။ သို့သော် စုဝမ် ပြန်ရောက်လာချိန်တွင် သူမကိုနာကျင်စေခဲ့သည့် တရားခံက သူမအရှေ့တွင် ရှိနေသော်ငြား စုဇနီးမောင်နှံက စုဝမ်ကျူးလွန်ခဲ့သည်များကို မျက်ကွယ်ပြုနေခဲ့ကြသည်။
ထိုကဲ့သို့မိဘမျိုးများက အလွန်စိတ်ပျက်ဖို့ကောင်းသည်။
“ပင်ပန်းနေပြီ အပေါ်ထပ်ကို တက်နှင့်တော့မယ်”
ကျန်းယိုက ကျစ်ကျစ်ဆုပ်ထားသော လက်သီးကို ဖြေလျှော့လိုက်ကာ အပေါ်ထပ်သို့ ဖြေးညင်းစွာတက်သွားလိုက်သည်။ သူမအခန်းထဲသို့ ပြန်ရောက်ချိန်တွင် ကျန်းယို၏မျက်လုံးထဲ၌ မှိန်ပျပျ အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ သူမက ဖုန်းကိုထုတ်၍ ဝမ့်ဝမ်ဟောက်ဆီသို့ အလျင်စလိုနှင့် ဖုန်းခေါ်လိုက်သည်။
“ကိစ္စရှိလို့လား”
ထိုအဖြစ်အပျက်ပျံ့နှံ့သွားသည့်အချိန်မှစ၍ ဝမ့်ဝမ်ဟောက်လည်း ဖုန်းဟန်ကျောင်းတွင် ခက်ခဲစွာဖြတ်သန်းရသည်။
ဘယ်သူက အိုးယန်မိသားစုပိုင်တဲ့ ဖုန်းဟန်ကျောင်းမှာ ပြဿနာတွေကိုဖြစ်စေခဲ့တာလဲ…။
ဝမ့်မိသားစုကလည်း မိသားစုကြီးဖြစ်သည့်တိုင် မြို့ခံမိသားစုမဟုတ်ပေ။ အဝေးတစ်နေရာမှရေသည် ယခုလက်ရှိတွင် ရေငတ်နေသည်ကို ဖြေသိမ့်နိုင်စွမ်းမရှိချေ။ ကံကောင်းစွာနှင့် ဝမ့်ဝမ်ဟောက်က ကောင်းမွန်စွာ ပြုမူနေထိုင်တတ်ပြီး အခြေအနေတို့ကို ကိုင်တွယ်ရာတွင်လည်း ကျွမ်းကျင်သည်။ ထိုအချိန်အတောအတွင်း သူက ကျန်းယိုကို မဆက်သွယ်ဘဲနေခဲ့ကာ အိုးယန်မိသားစုမှ အိုးယန်လော့၏အဘိုးထံသို့ လူကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့သည်။ ‘နှစ်ဖက်ကြားတွင် ပဋိပက္ခကြီးကြီးမားမားမရှိခဲ့ပေ။ ၎င်းက “ကလေးများ၏ အချစ်ကိစ္စ” ကျူးလွန်မှုလေးသာဖြစ်သည်။’ ဤသို့သဘာဝကျစွာနှင့် ပြဿနာအကြီးကြီးအား အသေးလေးအဖြစ် လျှော့ချနိုင်ခဲ့ကာ အသေးလေးမှသည် ဘာမှမဟုတ်သည်လည်း ဖြေရှင်းနိုင်ခဲ့၏။
ယနေ့တွင် ရုတ်တရက် ကျန်းယိုထံမှ ခေါ်ဆိုမှုကို လက်ခံရရှိလာသောအခါ ဝမ့်ဝမ်ဟောက်၏အသံက အတော်လေး အေးစက်နေ၏။
နှစ်ပေါင်းများစွာကြာအောင် သူ့တွင် မရေမတွက်နိုင်သည့်မိန်းမများစွာရှိခဲ့သည်။ ကျန်းယိုက အကောင်းဆုံးများထဲမှ တစ်ယောက်ဖြစ်ပြီး ထိုပျော့ပြောင်းသည့်ကိုယ်လုံးလေးက သူ့ကိုပို၍စွဲလန်းစေသော်လည်း သူမကယခုတွင် မြို့ခံမိသားစုကြီးနှစ်စုဖြစ်သည့် အိုးယန်မိသားစုနှင့် လော့မိသားစုကို စော်ကားထားသူဖြစ်သည်။ ဤအခြေအနေ၌ ဝမ့်ဝမ်ဟောက်တွင်သာ အိုင်ကျူအနည်းငယ်ကျန်နေသေးပါက ကျန်းယိုနှင့်သူ့အကြား၌ မျဥ်းတစ်ကြောင်းဆွဲထားသင့်သည်။
ဖုန်းတစ်ဖက်တွင် ကျန်းယိုက ဝမ့်ဝမ်ဟောက်၏ အေးစက်နေမှုကိုခံစားမိ၏။ သို့သော် သူမဂရုမစိုက်ချေ။ သူမက ဝမ့်ဝမ်ဟောက်ကို ကြိုက်ပင်မကြိုက်ပေ။
“ရှင့်အကူအညီလိုတဲ့ ကိစ္စတစ်ခုရှိတယ်”
“ငါမကူညီနိုင်ဘူး”
ဝမ့်ဝမ်ဟောက်က တည့်တိုးငြင်းလာသည်။ ကျန်းယိုက သူ့အကူအညီကို ဘာကြောင့်လိုသည်ကိုပင် သူမသိချင်ပေ။
“စုဝမ်ရဲ့ကိုယ်လုံးကို ရှင်ဘယ်လိုမြင်လဲ”
ရုတ်တရက် ကျန်းယိုက ဖုန်းကိုဖြတ်၍ ညင်သာစွာပြောလာသည်။
“လူတော်တော်များများက ကျွန်မရဲ့ညီမကို ကြိုက်ကြတာနော်”
စုဝမ်လား…။
ဝမ့်ဝမ်ဟောက်က ချက်ချင်းဖုန်းချမသွားပေ။ စုဝမ်ကလှပသည်။ သို့သော် သူမ၏ လျစ်လျူရှုတတ်သည့်မျက်နှာလေးက သူ့စိတ်ထဲတွင်ပေါ်လာ၏။
သူမက ကျောင်းပန်းကလေးအဖြစ် ရွေးချယ်ခံထားရမှတော့ သေချာပေါက် လှတာပေါ့…။
ဝမ့်ဝမ်ဟောက်က ထိုကဲ့သို့သော အလှလေးများအပေါ် ခံနိုင်ရည်မရှိပေ။
“ကြိုက်ရင် ကျွန်မရှင့်အတွက် စီစဥ်ပေးမယ်”
ကျန်းယို၏အသံက ခပ်နိမ့်နိမ့်ဖြစ်နေကာ အလွန်ယုံကြည်မှုရှိနေသည်။
“ဘာလို့လဲ”
နိုးနိုးကြားကြားဖြစ်သွားသော ဝမ့်ဝမ်ဟောက်က မေးလာသည်။ “ဗီီဒီယိုကြောင့် သူမကို လက်စားချေချင်လို့လား”
“သူမ လုပ်ခဲ့မှတော့ ကျွန်မလည်း ပြန်လုပ်ရမှာပေါ့ သူမက ကျွန်မကို နာမည်ပျက်အောင်လုပ်ချင်နေတာ ကျွန်မကလည်း သူမရဲ့ ဂုဏ်သတင်းကို ဖျက်စီးပစ်မယ်”
ကျန်းယို၏အသံထဲမှ ဒေါသတို့ကိုခံစားမိသောအခါ ဝမ့်ဝမ်ဟောက် ရုတ်တရက် ကြက်သီးထသွားတော့သည်။
ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးအရာက တကယ်ကို မိန်းမတွေရဲ့ နှလုံးသားဖြစ်နေတာပဲ…။
ဒီကမ္ဘာကြီးမှာ အန္တရာယ်အများဆုံးကလည်း မိန်းမတွေပဲ…။
ဒါပေမယ့်လည်း ကျောင်းပန်းကလေးက သူ့အရှေ့မှာရှိနေပြီး သူမနဲ့ပျော်ပါးဖို့အခွင့်အရေးက သူ့အရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာမှတော့ ဝမ့်ဝမ်ဟောက် ဘယ်လိုလုပ် လက်လွှတ်ခံနိုင်ပါ့မလဲ…။
“ကောင်းပြီ ငါတို့ရဲ့ အတိတ်က ဆက်ဆံရေးကိုထောက်ထားပြီး ဒီလက်စားချေတာကို ကူညီပေးမယ်”
ဝမ့်ဝမ်ဟောက်က မှန်ကန်သည့်ပုံဖြင့် ပြောလာသည်ကိုကြားသောအခါ ကျန်းယိုက စိတ်ထဲတွင် သရော်လိုက်၏။
သူနဲ့စုဝမ်က အမွေးတူတဲ့ငှက်တွေပါပဲ…။
_~_
Translated By IQ-Team.🚩