🐯Chapter 77
ကုယွီမြန်က မှတ်ချက်မျက်နှာပြင်အားတစ်ချက်ကြည့်ပြီး သူ၏မျက်လုံးများ တွန့်ကွေးသွားရသည်။
"အင်း... ဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ဒီမှာပဲ ပြီးသွားပါပြီ... ကောင်းသောညပါ...မနက်ဖြန်တွေ့မယ်နော်..."
အလွန်ပေါ့ပါးသော အသံတိုးတိုးနှင့်အတူ တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်မှာ မှောင်သွားသည်။
ကုယွီမြန် တိုက်ရိုက်ထုတ်လွှင့်မှုအား မပိတ်မီ တစ်စက္ကန့်ခန့်တွင် ကြည့်ရှုသူဦးရေ သန်း ၁၅၀ အထိ မြင့်တက်လာခဲ့သည်။ ထို့ပြင် ၎င်းက ယနေ့ လူကြိုက်များသူများစာရင်းတွင် ပထမနေရာကို အခိုင်အမာရရှိထားပြီး ယခုအပတ်၏ လူကြိုက်များသူများ ထိပ်ဆုံး၁၀ယောက်စာရင်းတွင်လည်း
ပါဝင်ခဲ့၍ ကြယ်တာရာကောင်းကင်မြို့၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် တရားဝင်စံချိန်တင်နိုင်ခဲ့သည်။
ကြည့်ရှုသူ သန်း ၁၀၀မှာ တစ်ပတ်တာ လူကြိုက်များမှုစာရင်းတွင် တက်လိုက်ကျလိုက်ဖြစ်ကြောင်း လူတိုင်းသိကြသည်။
"အချိန်နှင့်အလိုက် လူကြိုက်များမှုစာရင်း"၊ "တစ်နေ့တာ လူကြိုက်များမှုစာရင်း"တွင် တိုက်ရိုက်ထုတ်လွှင့်မှုရှိနေခြင်းက အလွန်ကျော်ကြားသော်လည်း လိုက်လုပ်ရန်ခက်ခဲသည်။ တင်ဆက်သူအများအပြားက လူကြည့်များမှုအပေါ် အခွင့်ကောင်းယူပြီး သူတို့ကလည်း ထိုစာရင်း၂ခုတွင် ပါဝင်ခဲ့ဖူးသောကြောင့် စိတ်တည်ငြိမ်ကြသည်။
သို့သော် ဤတစ်ပတ်တာ၏ လူကြိုက်များမှုစာရင်းမှာ မတူညီချေ။ ထိပ်တန်း တင်ဆက်သူများ လက်ဝါးကြီးအုပ်
ထားသော ဤစာရင်းတွင် ပါဝင်ရခြင်းမှာ တင်ဆက်သူတွင် အလွန်ခိုင်မာသောပရိသတ်၊ ဂုဏ်သတင်းနှင့်ကောင်းမွန်သော တိုးတက်မှုလမ်းကြောင်းအား ပိုင်ဆိုင်ထားသည်ဟု ဆိုလိုသည်။ ကြယ်တာရာကောင်းကင်မြို့၏
အကြီးမားဆုံးအနီရောင်နှင့် ခရမ်းရောင်ကြယ်ပွင့်များပင်လျှင် ဤသို့တစ်နေ့တာလူကြိုက်များစာရင်း မှ တစ်ပတ်တာလူကြိုက်များမှုစာရင်းသို့ ရရှိရန်အနည်းဆုံး လေးလမှငါးလအထိကြာလိမ့်မည်။
ထို့ပြင် ကုယွီမြန် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်မှာ တစ်လ ပင်မပြည့်သေးချေ။
အကယ်၍ သူက တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပို၍အာရုံထားပြီး ကလေးများ ပြုစုစောင့်ရှောက်ရန်နှင့် ဘဝအတွက်ကိုင်တွယ်ဆောင်ရွက်ရန် တိုက်ရိုက်ထုတ်လွှင့်သည့်အချိန်အား မလျှော့ခဲ့ပါက ယခုထက်ပင်ပို၍ အချိန်တိုတိုနှင့်ရနိုင်သည်။
တိုက်ရိုက်ထုတ်လွှင့်မှုအား အာရုံစိုက်နေကြသောသူအားလုံးက ယနေ့တိုက်ရိုက်ထုတ်လွှင့်မှု အချက်အလက်
အား လက်မခံနိုင်ဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ကုယွီမြန်နှင့် သူ့မိသားစု အိပ်မောကျနေကြစဉ်တွင် ကုယွီမြန်ငှားထားသည့် သစ်လုံးအိမ်နှင့် တူညီသော ရေပူစမ်းကန်ဘက်တွင် ဖောင်တစ်ခုပေါ်တွင်ရပ်နေသည့် ထူးဆန်းသော သက်ရှိတစ်ကောင်ရှိသည်။
၎င်းက ထူထဲသော အမွေးဖြူများနှင့် မီးခိုးနက်ရောင်အမွေးများက ကျောပြင်မှ နဖူးအထိရှိပြီး ဝံပုလွေနှင့်တူကာ
ဟက်စကီးနှင့်လည်း ခင်ဆင်ဆင်တူသည်။ ၎င်းက ခွေးပေါက်လေးထက် အနည်းငယ်သာကြီးသော်လည်း ရက်စက်ကြမ်းကြုတ်မှုအား စတင်ပြသခဲ့သည်။
အထူးခြားဆုံးမှာ သူ၏မျက်လုံးများပင်ဖြစ်သည်။ ပထမအကြည့်တစ်ချက်မှာပင် အညိုရောင်မျက်လုံးများကစောင်းသွားပြီး ဝံပုလွေနှင့်တူသည့် အမူအရာအားပြကာ
ရက်စက်ပြီး မထီမဲ့မြင်ပြုသော မျက်လုံးများဖြစ်လာသည်။
သို့သော် လကို မော့ကြည့်လိုက်ပြီး ခေါင်းမော့ကာအော်လိုက်သည်။
"အာဝူး..."
၃စက္ကန့်ကြာပြီးနောက်…
"အာဝူး...အာဝူး..."
၎င်းက သူ့ကိုယ်ပိုင်အသံ၏ ပဲ့တင်သံ ပြန်ထွက်လာသည်မှာ ထင်ရှားသော်လည်း အကောင်ပေါက်လေးမှာ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူ၏အမြီးကို မြှောက်ကာ သတိရှိသော တိုက်ခိုက်မှုပုံစံအားပြင်ဆင်၍ မရှိသော ရန်သူများကို ရှာဖွေနေခဲ့သည်။
ထို့နောက် အောက်သို့ငုံ့ကြည့်လိုက်ပသောအခါ ပူပြင်းသော ရေပူစမ်းရေကန်ထဲတွင် ရောင်ပြန်ဟပ်နေသည့် သူ့ပုံရိပ်အား မြင်လိုက်ရသည်။ သူ့ရန်သူအား မဲ့ပြုံးပြုံးပြလိုက်သောအခါ ရန်သူမှ ပြန်ပြုံးပြသည်။ ၎င်းက သေချာပေါက် စိန်ခေါ်မှုပင်။
အကောင်ပေါက်လေး :"..."
ကောင်းပြီလေ...
အရပ်မျက်နှာအနှံ့မှ "ကလေး မင်းဖေဖေက ဘယ်သူလဲ"ဟု မေးသံများ ထွက်ပေါ်လာသည်။
သူ့ရင်ဘတ်ထဲတွင် စစ်မီးများတောက်လောင်လာတော့သည်။
-----
နောက်နေ့မနက်တွင် ရေပူစမ်းဗီလာဝန်ထမ်းများ၏ အကူအညီဖြင့် အခန်းတံခါးအားဖွင့်လိုက်သောအခါ အခန်းထဲတွင် ရှုပ်ပွနေသည်အား တွေ့လိုက်ရသည်။ သစ်သားတံခါးကြီးက ပျက်စီးနေပြီး အသစ်ပြုပြင်ထားသော နံရံတွင် အပေါက်တစ်ပေါက် ဖောက်ထားသည်။ အခန်းထဲတွင် စာရွက်များ၊စာအုပ်များနှင့် ပစ္စည်းများထဲတွင် သွားဘက်ဆိုင်ရာစာမှုများအပါအဝင် အားလုံး ရောထွေးနေသည်။
အဆိုးဆုံးမှာ ရေပူစမ်းရေကန်ပင်။
ဖောင်ငယ်လေးက ရေကန်ထဲတွင် တဖြည်းဖြည်း မျောနေခဲ့ပြီး ရေထဲတွင် လုံးဝစိုစွတ်နေသော ဟက်စကီးပေါက်လေးက ညှိုးနွမ်းနေခဲ့သည်။ သူ၏ခေါင်းပေါ်တွင် နှင်းအပုံလိုက်ရှိနေပြီး ရေကန်၏အစွန်းတွင် ထူးဆန်းသောအနေအထားဖြင့်နစ်မြုပ်နေခဲ့သည်။ အယ်ဒီတာ ဝင်လာသောအခါ
သူ နှာချေလိုက်သည်။
"အာဝူး...ဟပ်ချိုး..."
အယ်ဒီတာ : "..."
သုံးနှစ်မက ရေပန်းစားခဲ့သော နာမည်ကျော် စာရေးဆရာကြီးက အထက်တန်းလွှာနယ်မြေတွင် အိမ်တစ်လုံးဝယ်နိုင် မတတ်နိုင်သေးကြောင်း သူနောက်ဆုံးသိလိုက်သည်။ သူရှာသမျှငွေအားလုံးက လျော်ကြေးငွေအမျိုးမျိုးအတွက် ပေးချေခဲ့ရသည်။ သူလုပ်ခဲ့သည့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးမပေးရလျှင်သာ ထူးဆန်းပေလိမ့်မည်။
သူ့အား ပြုစုစောင့်ရှောက်ရန် ကလေးထိန်း သို့မဟုတ် အုပ်ထိန်းသူ တစ်ယောက် ရရှာတွေ့စေချင်သ။
"ဆရာ'ဟာ'... ကျွန်တော်စာမူယူဖို့ ဒီကိုရောက်လာတာပါ..."
ဆယ်မိနစ်ကြာ နှာချေနေသော ကလေးငယ်အား မျက်နှာမူပြီးနောက် အယ်ဒီတာက ထောင့်စွန်းမှ ကြေမွနေသော စာမူ စာရွက်အားတွေ့ခဲ့သည်။
“ဟုတ်သား… ဘေးအခန်းက ဧည့်သည်က သူဖက်ထုပ်တွေအများကြီးလုပ်ထားတယ်လို့ပြောပြီး နည်းနည်းပို့ပေးထားတယ်... မြည်းကြည့်ချင်လား..."
"အာဝူး..."
အကောင်ပေါက်လေးက မထီမဲ့မြင်ပြုကာ ရက်စက်ကြမ်းကြုတ်မှုအား သူ့မျက်လုံးထဲတွင် ပြသထားသည်။
၎င်းမှာ အယ်ဒီတာက အပူခံဘူးအားဖွင့်ပြီး အတွင်းမှ အဖြူရောင်ဖက်ထုပ်စွပ်ပြုတ်နှစ်ထုပ်အား မထုတ်ခင်အထိသာဖြစ်သည်။
မထီမဲ့မြင်ပြုတတ်သော ဟက်စကီးလေး အံ့အားသင့် သွားရသည်။
ထို့နောက် အယ်ဒီတာ၏ မျက်နှာပေါ်ရှိ အမူအရာမှာ တဖြည်းဖြည်း မထိန်းချုပ်နိုင် ဖြစ်သွားသည်။
"..."
-----
တစ်ချိန်တည်းမှာပင် နံရံ၏တစ်ဖက်၌…
ကုယွီမြန်၏ ဇီဝနာရီက အချိန်မှန်၍ မနက် ရှစ်နာရီတွင် နိုးလာခဲ့သည်။တစ်ညလုံး နှင်းများကျပြီးနောက် ရပ်တန့်သွားကာ နောက်တစ်နေ့မနက်တွင် နေထွက်လာသည်။
"မနက်ဖြန်နဲ့ သဘက်ခါကျရင် ကလေးတွေကို နေထွက်တာကြည့်ဖို့ ခေါ်သွားမယ်...ချိုက်ခဲ့တောင်ရဲ့ နေထွက်ချိန်က အရမ်းလှတယ်လို့ ကြားဖူးတယ်..."
ကုယွီမြန် သမ်းဝေရင်း ရေချိုးပြီးနောက် မနက်စာချက်နေစဉ် ပြောလိုက်သည်။
ရက်အနည်းငယ်ကြာသောအခါ သူက သာမန်လူတန်းစားနယ်မြေသို့ ပြန်သွားရမည်ဖြစ်သော်လည်း ထန်ယွမ်၏ကိစ္စအားအနည်းငယ်မျှ မဖြေရှင်းရသေးပေ။ 'ဒန်နီ'၏ မိသားစုမှာ ယမန်နေ့ညက ရေပူစမ်းဗီလာတွင်ရှိနေကြောင်း ကုယွီမြန် အတည်ပြုနိုင်ခဲ့သည်။ သူက ယနေ့မနက် အလည်သွားချင်ခဲ့သော်လည်း မနက်စောအိပ်ရာနိုးသောအခါ သတင်းတစ်ခုကို တွေ့လိုက်ရသည်။
[ကြယ်ပွင့်လေးဒန်နီ၏အိမ်မီးလောင်သွား၍ မိသားစုဝင် အားလုံးအပြေးအလွှား ပြန်လာကြရသည်။]
ကောအာရှစ်စစ်၏အိမ်က အထက်တန်းလွှာနယ်မြေတွင် ယမန်နေ့မှ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ သူတို့ဘိုးဘေးများ၏ အရေးကြီးသောအရာများရှိသောကြောင့် မိသားစု၏သားမြေးများ အပြေးအလွှားပြန်လာကြသော်လည်း ဒန်နီ၏ဘက်တွင် တိတ်ဆိတ်နေဆဲပင်။
ဒန်နီက ပြင်းထန်သောရောဂါတစ်ခုခု ခံစားနေရပြီး မကြာမီ သေသွားနိုင်သည်ဟု ခန့်မှန်းနေကြသည်။
ယခုအခါ သူတို့မိသားစုက တစ်ခဏခန့်အထိ အလုပ်ရှုပ်နေဦးမည်ဖြစ်သည်။ ကုယွီမြန်က မူလတွင် ကောမိသားစု၏ ရေပူစမ်းအိမ်သို့ သွားရောက်လည်ပတ်ချင်ခဲ့သည်။ ယခုအခါတွင်မူ ဤအစီအစဥ်မှာ အလုပ်ဖြစ်လိမ့်မည်ဟု မထင်ချေ။ ယခုအချိန်က မသင့်လျော်ပေ။
၎င်းက ကုယွီမြန်အား တခဏမျှ ဆုံးရှုံးသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း စိတ်သက်သာရာရသွားခဲ့သည်။
အမှန်တကယ်တွင် သူ၏စိတ်က ပန်ဒါနှင့် ပတ်သက်လျှင် အလွန်ရှုပ်ထွေးနေသည်။ ပန်ဒါလေးအား သူ့မိသားစုဝင်များကို ရှာတွေ့ရန် ကူညီချင်သည်။ ကလေးများက
သူတို့၏ဆွေမျိုးသားချင်းများကြားတွင် ပိုမိုပျော်ရွှင်လိမ့်မည်။
သို့သော် ကုယွီမြန်က ပန်ဒါလေးနှင့် မခွဲချင်ပေ။ သူ့မသိစိတ်မှ သူ့ကိုယ်သူ နှင်းကျားသစ်လေး၊ ထန်ယွမ်၊မြေခွေးလေးတို့နှင့် အတူပြီးပြည့်စုံသော အိမ်အဖြစ် ဖန်တီးချင်မိသည်။ သူတို့ထဲမှ တစ်စုံတစ်ယောက် မရှိဟုတွေးမိလျှင် စိတ်မကောင်းဖြစ်သွားရသည်။ ၎င်းက မှားနေကြောင်း သူသိ၏။
ထို့အပြင် ပန်ဒါလေးနှင့် ပန်ဒါကြယ်ပွင့်လေးက ဆက်စပ်နေသည်ဟု ထင်ရပြီး "ဒယ်အိုး၂၄" (ကောအာရှစ်စစ်) ဟူသောအမည်မှာ " ဒယ်အိုး ၂ ၊ ဒယ်အိုး ၃" တို့နှင့် အလွန်ဆင်တူသည်။ အတိုချုပ်ပြောရလျှင် သူ၏သီအိုရီအား အတည်ပြုလိုသည်။ သို့သော် သူ့ပျော်ရွှင်မှုမှာ အချည်းနှီးဖြစ်သွားမည်အား ကြောက်ရွံ့ပြီး အချိန်အတော်ကြာ စိတ်ရှုပ်ထွေးနေခဲ့သည်။
"အာ..."
ကုယွီမြန်ခေါင်းခါပြီး မနက်စာပြင်ရန် ထွက်သွားသည်။
ချိုက်ခဲ့တောင်မှာ အဓိကအားဖြင့် အားလပ်ရက်အတွက်ဖြစ်ပြီး နောက်ကျသည်အထိအိပ်ခြင်း၊ ရေပူစမ်းတွင် ရေစိမ်ပြီး အပန်းဖြေခြင်းတို့အတွက် ဖြစ်သည့်အတွက်
ကုယွီမြန်က မြေခွေးလေးနှင့် ပန်ဒါလေးအား မနှိုးခဲ့ချေ။ယခုအခါ နှင်းကျားသစ်လေးက သူ့ပခုံးပေါ်တွင် အိပ်နေလေသည်။
သူတို့တွင် ယမန်နေ့ညမှ ဝက်ရိုးခေါက်ဆွဲနှင့် ဖက်ထုပ်စွပ်ပြုတ် ရှိသေးသည်။ မနက်စာအတွက်မူ ကုယွီမြန်က
ထွေထွေထူးထူး လုပ်ရန် မစီစဉ်ထားသည့်အတွက် တရုတ်ယာဂုဆန်ပြုတ် နှင့် အရံဟင်းသာ လုပ်ခဲ့သည်။
"ဒီကို ထပ်လာဖို့မလွယ်ဘူး... ငါတို့ရေပူစမ်းစိမ်ကြမယ်..."
ကုယွီမြန်က ပါဝင်ပစ္စည်းများအားပြင်ဆင်ရင်း အိပ်ရာမှ နိုးလာကာစ မျက်လုံးပွတ်နေသော နှင်းကျားသစ်လေးနှင့် စကားစမြည်ပြောရင်း ပြောလိုက်သည်။
"ဒီနေ့ နေဝင်ချိန်နဲ့ နေထွက်တာကို သွားကြည့်ရအောင်…"
လက်သည်းလေးများနှင့် မျက်လုံးများအား ပွတ်တိုက်နေသည့် နှင်းကျားသစ်၏အမြီးမှာ တောင့်တင်းသွားသည်။
ကုယွီမြန် မသိခဲ့သည်မှာ ချိုက်ခဲ့တောင်၏ နေထွက်ချိန်နှင့်
နေဝင်ချိန်အားကြည့်ခြင်းက ကြယ်တာရာမြို့တော်မှ
ချစ်သူများအတွက် ကျော်ကြားသည့်နေရာတစ်ခုဖြစ်ကြောင်းပင်။ ကြယ်တာရာမြို့တော်မှ တစ်စုံတစ်ယောက်က အခြားတစ်ယောက်အား နေထွက်ချိန်ကြည့်ရန်
ဖိတ်ခေါ်ခြင်းမှာ ချစ်သူဖြစ်လိုကြောင်း လျှို့ဝှက်ကြေညာလိုက်သကဲ့သို့ပင်။
နှင်းကျားသစ်လေး၏ နားရွက်များနီလာသည်။
ကုယွီမြန် ထိုအကြောင်းစဥ်းစားလိုက်သည်။ သူက အာလူးအားအခွံခွာ၍အတုံးတုံးပြီး ဆန်ဆေးရင်း ပြောလိုက်သည်။
"ယွမ်ယွမ်နဲ့ ချိုးချိုးက ထနိုင်ပါ့မလားမသိဘူး… နေထွက်တာကြည့်ဖို့ဆိုရင် အနည်းဆုံး ၅နာရီလောက်ထမှရမှာ...
ယွမ်ယွမ်ကတော့ မထနိုင်လောက်ဘူး..."
ထိုအခါမှသာ သူတို့အားလုံးအတူတကွသွားကြမည်
ဖြစ်ကြောင်း သိလိုက်ရ၍ နှင်းကျားသစ်လေးမှာ လဲကျသွားတော့သည်။
အဲဒီအရူးနှစ်ကောင်က နေရာတကာ အမြဲပါနေတာပဲ…
-----
ကုယွီမြန်၏မိသားစုက နံနက်ခင်းတွင် ရေပူစမ်းဗီလာ၌ ဆော့ကစားအပန်းဖြေနေကြစဥ် တစ်ဖက်ရှိ အထက်တန်းလွှာနယ်မြေတွင်လည်း ကောမိသားစု၌ စည်ကားသိုက်မြိုက်နေသည်။
ယခုကဲ့သို့ မဖြစ်သည်မှာ အချိန်အတော်အတန်ကြာခဲ့ပြီပင်။
ကောမိသားစု၏ သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်းမိသားစုဝင်များက သီးသန့်နေထိုင်ကြပြီး ကောအာရှစ်စစ်ကဲ့သို့ လူငယ်များက ကြယ်တာရာတစ်ခွင် လှည့်လည် သွားလာနေထိုင်ကြသည်။ သူတို့က အိပ်မက်နောက်သို့ လိုက်ရန်ကြိုးပမ်းနေစဥ် မိသားစုအကြီးအကဲများ၏ အခြေအနေကိုလည်း သတင်းမပြတ်ရရှိကြသည်။
နောက်ဆုံး သတင်းအသစ်က အိမ်ဟောင်းတွင် မီးလောင်နေသည်ဟုဖြစ်ပြီး ၎င်းကဖြစ်နိုင်ချေမရှိသောပြဿနာဖြစ်သည်။
ကြယ်တာရာခေတ်ထဲမှာ ဘယ်ကမီးလောင်တဲ့အမှုရှိမှာလဲ...
၎င်းက အချက်ပြစကားတစ်ခုဖြစ်သည်။
" မီး ဆိုတော့... သူပြန်လာတာများလား..."
" ဂျူနီယာ၂၄က ဘာလို့ပြန်မလာတာပါလိမ့် ပုံမှန်ဆို သူကအတက်ကြွဆုံးမဟုတ်ဘူးလား ... အော် သူ့အေးဂျင့်ဆီကကြားမိတာတော့နေမကောင်းဘူးဆိုလားပဲ ရံဖန်ရံခါတော့သွားလည်ဦးမှပါ..."
" အစ်မ ငါစိတ်လှုပ်ရှားနေပြီ..."
ခန်းမထဲတွင် ပန်ဒါများဖြင့်ပြည့်နှက်နေသည်။ မိန်းမ ယောကျာ်း ၊ လူငယ်လူကြီး အားလုံးက ခေါင်းတကုတ်ကုတ်ဖြင့် စိတ်လှုပ်ရှားစွာ စကားတွတ်ထိုးနေကြသည်။ အားလုံးက ထူးခြားနေ၏။
ဂလက်ဆီတစ်ခွင်တွင် ကောမိသားစုက တစ်ခုတည်းသော ပန်ဒါမိသားစုဖြစ်သည်။ ဟောခန်းတစ်လျှောက်နေရာယူထားသော ပန်ဒါအရေအတွက်မှာ အကြမ်းဖျင်းအားဖြင့် ၅၀ကျော်ခန့်ရှိပြီး အချို့မှာ ရောက်မလာသေးဘဲ လမ်းတစ်ဝက်တွင်သာရှိသေးသည်။ ကောအာရှစ်စစ်က ငယ်ရွယ်သော်လည်း အဆင့်အတန်းမှာမူ မနိမ့်ကျချေ။ သူနှင့် သက်တူရွယ်တူဝမ်းကွဲ၏ နံပါတ်မှာ ၅၄ဖြစ်၏။
( နံပါတ်က ရှေ့ရောက်လေ ရာထူးကြီးလေဆိုတဲ့သဘောလားမသိ အသက်အရွယ်တူဆိုပေမယ့် ကောအာရှစ်စစ်က ၂၄ဆိုဝောာ့ ၅၄ထက်စာရင် မိသားစုထဲမှာ အဆင့်ပိုမြင့်တယ်လို့ ပြောချင်တာနေမယ် )
ထိုစဥ် အဖြူနှင့်အညိုရောစပ်ထားသော ပန်ဒါတစ်ကောင်ရောက်ရှိလာသောအခါ ခန်းမတွင်းရှိစကားသံများတိတ်ဆိတ်သွားပြီး အားလုံးက ထိုပန်ဒါကို စိတ်အားထက်သန်စွာ လှမ်းကြည့်လိုက်ကြသည်။
ကောရှစ်စန်း(ဒယ်အိုး၁၃)က အများသူငှာနှင့် နှိုင်းယှဥ်ပါက ထွားကျိုင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူက ငယ်ရွယ်စဥ်ကာလများတွင် ဆူမိုပြိုင်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုကိုဆွတ်ခူးခဲ့၏။ အိမ်ဟောင်းတွင် အဓိကအာဏာရှိသူက ကောချီ(ဒယ်အိုး ၇) ဖြစ်သော်ငြား ကောချီက အိပ်ယာထဲလဲနေသည့်အတွက် သဘာဝကျကျပင် ကောရှစ်စန်းက ကိစ္စအများစုအတွက် တာဝန်ရှိသူဖြစ်လာသည်။
ပန်ဒါများ၏ ထူးကဲသောအရည်အသွေးများအရ ၎င်းတို့မှာ အသက်အရွယ်တစ်ခုသို့ရောက်ရှိပါက အိမ်ဟောင်းတွင်ပြန်လည်လာရောက်နေထိုင်ရန် မဖြစ်မနေလိုအပ်ပေသည်။ ထိုသို့မဟုတ်ပါက ကျန်းမာရေးနှင့် သက်တမ်းပေါ်သက်ရောက်မှုများရှိနိုင်၏။
ကောရှစ်စန်းက ဝတ်ရုံရှည်ကိုဝတ်ဆင်ကာ လက်ဖက်ရည်ခွက်ကိုကိုင်၍ နှေးကွေးစွာလှုပ်ရှားလေ့ရှိသော်လည်း ယနေ့တွင် သာမန်အဝတ်တစ်ထည်ကိုဝတ်ဆင်၍ ဆံပင်ကိုပင်ဖြီးသင်ခြင်းမရှိဘဲ ဖရိုဖရဲဖြစ်နေသည်။
" အဝေးကြီးကနေပြန်လာရတာ အားလုံးအတွက် အခက်အခဲဖြစ်မှာပဲ..."
ကောရှစ်စန်းကပြောသည်။ ထို့နောက်သူက သွယ်ဝိုက်မနေဘဲ လိုရင်းကိုရောက်အောင်ပြောလိုက်၏။
"သူပြန်ရောက်လာပြီ..."
"..."
အရေအတွက် ငါးဆယ်မကသော ပန်ဒါတို့၏ မျက်လုံးများက ခေတ္တနှေးကွေးသွားသည်။ သို့သော် အချိန်မည်မျှပင်မကြာလိုက်ဘဲ ကောမိသားစု၏ ဧည့်ခန်းအတွင်းပွက်လောရိုက်သွားလေသည်။ တစ်ဝက်မကသော ပန်ဒါတို့က မတ်တပ်ထရပ်ကာ စိတ်လှုပ်ရှားမှုဖြင့် စက်ဝိုင်းပုံစံလှည့်ပတ်လျှောက်နေကြသည်။ ၎င်းတို့၏ လုံးဝန်းသောဗိုက်များက တစ်ခုနှင့်တစ်ခု ထိရိုက်မတတ်ဖြစ်နေသည်။
" တကယ်ကြီးလား မလိမ်နဲ့နော်..."
" သူ ဘယ်မှာလဲ..."
" ဦးလေးရှစ်စန်း သူ့ကိုဖွက်တော့မထားဘူး မလား..."
အခန်းတစ်ခန်းလုံးက ဟင်းရွက်စျေးတန်းကဲ့သို့ အသံဗလံပေါင်းစုံဖြင့် ဆူညံနေလေသည်။ အချို့ဆိုလျှင် ကောရှစ်စန်း၏နောက်သို့ အပြေးသွားကာ ကန့်လန့်ကာကိုလှပ်၍ စစ်ဆေးကြည့်ကြသည်။
" တိတ်မယ် တိတ်ကြမယ်...အခုငါပြောတာကိုနားထောင်ကြ..."
ကောရှစ်စန်းက စားပွဲခုံကိုခေါက်လိုက်သည်။
ကောရှစ်စန်းက တိတ်ဆိတ်သွားသော အချိန်တစ်ခဏကို အမိအရဖမ်းဆုပ်၍ စကားလုံးများကိုအသက်တစ်ရှိုက်အတွင်းပြောလိုက်သည်။
" သူ ပြန်လာပြီ ဒါပေမယ့် သူဘယ်ရောက်နေလဲ ဘာတွေဖြစ်လာလဲ ငါတို့မသိဘူး… သူ့အသက်၊ မျိုးနွယ်စု၊ ကိုယ်ရေးအချက်အလက်၊ ကျားမ ဘာကိုမှမသိရသေးဘူး သူကအားလုံးကိုမှတ်မိချင်မှလည်း မှတ်မိမယ်… ငါတို့သူ့ကိုဆက်တိုက်ရှာဖွေနေရမယ်… ကိုယ့်စိတ်ကိုယ်ပြင်ဆင်ထားဖို့လည်းလိုအပ်မယ် သူကကိုယ်ပိုင်ဘဝလည်းရှိနေနိုင်လောက်ပြီ..."
ယမန်နေ့ည အချိန်လေးနာရီခန့်တွင် အိပ်ယာထဲတွင်လဲနေခဲ့သော ကောချီက သတိပြန်လည်လာကာ ဤစကားလုံးများကို ထပ်တလဲလဲရေရွတ်၍ ပြန်လည်အိပ်မောကျသွားခဲ့သည်။ မည်သူကမျှ မေးခွန်းတစ်ခုတစ်လေမေးရန် အခွင့်အရေးမရလိုက်ချေ။
အသက်ငယ်ငယ် ဝဖြိုးဖြိုးပန်ဒါလေးက မေးခွန်းထုတ်ရန် သူ့လက်ကိုမြှောက်လိုက်သည်။
" အသစ်မွေးလာတဲ့လူရှိလို့လား..."
"ကု"မိသားစုကား လူသားမျိုးနွယ်များဖြစ်ကြပြီး သူတို့၏ဘိုးဘေးဆိုသူက ထိုကုမိသားစုမှဖြစ်သည်။ ကောမိသားစုက ကုမိသားစုအပေါ် အချိန်အတော်ကြာ အာရုံစိုက်လာခဲ့ခြင်းဖြစ်သည်။ စီးပွားရေးမစတင်မီကလည်း ကောမိသားစုက အရိပ်ထဲမှတစ်ဆင့် အဆင်ပြေချောမွေ့စေရန် ပံ့ပိုးကူညီခဲ့သည်။
သူတို့၏ ဘိုးဘေးက မည်သည့်အချိန်တွင်ပြန်လည်ရောက်ရှိလာမည်ဟူ၍ မသိနိုင်သည့်အတွက် အသစ်မွေးဖွားလာသောကလေးတိုင်းကို အထူးတလည်အာရုံစိုက်ရပေသည်။
လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အသစ်မွေးဖွားလာသောကလေးငယ် တစ်ဦးရှိပြီး သူ့ကို ကုယွီမြန်ဟုခေါ်ဆိုကြသည်။ ၎င်းက သူတို့ဘိုးဘေး၏ အမည်အတိုင်းပင်။ လူတိုင်းက ၎င်းကို သက်သေတစ်ခုအဖြစ်ယူဆကာ ကလေးငယ်ကိုကြည့်ရှုရန် သွားရောက်ခဲ့ကြ၏။ ကလေးငယ်မှာ အလွန်ချစ်စဖွယ်ဖြစ်သောလည်း သူတို့ရှာဖွေနေသူ မဟုတ်ခဲ့ချေ။
ထပ်လောင်းဆိုရပါလျှင် ကောမိသားစုက ရှေးဆန်၍ မျိုးဆက်သစ်အချို့ကသာ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဥ်များကို ကြည့်ရှုကြမည်ဖြစ်သည်။
ကောအာရှစ်စစ်၏ အဘိုးနှင့် အဖေက အိမ်ထောင်ပြုနောက်ကျသည့်အတွက် သူက အသက်ငယ်ရွယ်ပြီး ဝါစဥ်ကြီးသူဖြစ်နေ၏။ ထို့ကြောင့် သူက ကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်သောအခါ ပြဿနာကိုချက်ချင်းသတိပြုမိသည်။ အခြားကလေးများကမူ မည်သည်ကမှားနေသည်ကို မသိရှိနိုင်ပေ။
ဤအချက်က သဲလွန်စဖြစ်နေခဲ့၏။
"ဟင့်အင်း... အသစ်မွေးလာတဲ့လူမရှိဘူး ငါဘာမှရေရေရာရာမသိဘူး ဦးလေးချီထပ်နိုးလာတာကိုပဲ စောင့်ရလိမ့်မယ်..."
ကောရှစ်စန်းက ခေါင်းခါလိုက်သည်။
ဘိုးဘေးနှင့် ပတ်သက်သမျှက အရေးကြီးသောအကြောင်းရာဖြစ်ပြီး ထိုအကြောင်းကိုအသိပေးရန် မိသားစုအားလုံးအား အိမ်တော်ကိုဆင့်ခေါ်ရန်အပန်းမကြီးပေ။ မည်သည့် သဲလွန်စ သတင်းအချက်အလက်မျှမရှိသည့်တိုင် သူပြန်ရောက်လာပြီဟူသော စကားတစ်ခွန်းက အဝေးမှလာရောက်ခဲ့ကြသောလူတိုင်းအားချွေးသိပ်စေ၏။
၎င်းမှာ သူတို့၏ဘိုးဘေးဟန်ဆောင်နေသော လူလိမ်ကိုတွေ့ရန် နိုင်ငံအနှံ့ကိုဖြတ်ကျော်၍ လာရောက်ရခြင်းထက် များစွာအကျိုးရှိပေသည်။ မည်မျှပင် ဝေးလံသောနေရာမှ လာရောက်ရပါစေ မျှော်လင့်ချက်တစ်ခုတော့ ရရှိခဲ့ကြပြီဖြစ်၏။
အားလုံးက သက်ပြင်းချလိုက်ကြပြီး မှိန်ဖျော့ဖျော့ မျှော်လင့်ချက်လေးများရှိနေကြသည်။
🐯🐯🐯