Chapter 124
Viewers 5k

🚩Chapter - 124

Arc_6 . တိသမီးပြန်လာခြင်း [ 16 ]


____


စုဝမ် တစ်ညလုံး အေးချမ်းစွာ အိပ်မောကျခဲ့သည်။ နံနက်အိပ်ရာထသောအခါ လျိုရှစ်က သူမအား အတင်းတရားဟောမည်ဟု ထင်ခဲ့သော်လည်း  လျိုရှစ်ကို သူမ လုံးဝမတွေ့ရသေးပေ။  အိမ်၏ ဘဏ္ဍာစိုးကို မေးပြီးနောက်မှ လျိုရှစ်သည် သူမ၏ ကိုယ်ရေးကိုယ်တာ အစေခံကိုခေါ်ကာ၊ ဟွမ်းကြွယ်ဘုရားကျောင်းသို့ နံနက်စောစောကတည်းက သွားသည်ဟု ပြော၏။


အမွှေးနံသာတွေပူဇော်ပြီး ဗုဒ္ဓမြတ်စွာဘုရားကို သွားရှိခိုးတာလား..


မာကျောက်ကစားခြင်းအပြင် လျိုရှစ် မှာ အခြားသော ဝါသနာတစ်ခုလည်း ရှိသေးသည်။၎င်းက သူမသည် ဘုရားကျောင်းသို့ သွားရောက်လည်ပတ်ကာ ဗေဒင်ကြည့်ခြင်းများနှင့် အခြားသော အဆောင်လက်ဖွဲ့များကို တောင်းခံခြင်းကို နှစ်သက်သည်ပင်။


လျိုရှစ်သည် သူမ၏ကိစ္စကြောင့် ဗေဒင်မေးရန် သေချာသွားသည်ဟု စုဝမ် ထင်မိသည်။


အချိန်က မွန်းတည့်ချိန်နီးနေပြီဖြစ်ကာ လျိုရှစ် ပြန်ရောက်မလာသေးသော်လည်း ကျင့်နင် မြို့စားမင်းအိမ်တော်သို့ အခြားဧည့်သည် ရောက်လာသည်။ 


တခြားသူမဟုတ်...ချန်ယွီရှုပင်။


သခင်လေးချန် အလည်လာမည်ဟု  မနေ့ညက လျိုရှစ် ပြောထားသည်ကို စုဝမ် မေ့နေခဲ့ပြီး ချန်ယွီရှုက သူမ မရှိခိုက် တစ်ခေါက်လာလည်ကြောင်း ပြောသည်ကိုသာ မှတ်မိ၏။


သူမသည် ဝမ်ယွီကို အိပ်ဆောင်ထဲတွင် ထားခဲ့ကာ ကျင့်နင် မြို့စားမင်း၏ ပုံဆွဲခန်းသို့ ဝမ်ယွဲ့အား ခေါ်သွားခဲ့သည်။ ချန်ယွီရှုသည် လက်ဖက်ရည်ခွက်ကို လက်ထဲတွင် ကိုင်ထားပြီး မတ်မတ်ထိုင်နေကာ သူ့မျက်နှာအမူအရာမှာလည်း အလွန်တည်ငြိမ်ပြီး ရင့်ကျက်နေဟန်ပေါ်သည်။


 "ချန်သခင်လေး ရောက်လာပါပြီလား"


စုဝမ် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ချန်ယွီရှုကို နှုတ်ဆက်လိုက်သည်။ သူမ၏ လေသံမှာ ရင်းနှီးဟန်မပေါက်ဘဲ ခပ်တန်းတန်းသာဖြစ်နေ၏။ 


စုဝမ်၏အသံကိုကြားသောအခါ ချန်ယွီရှု အံ့ဩသွားသည်။ယခင်ကဆို သူ့ကို တွေ့သည်နှင့် စုဝမ်က "အစ်ကိုယွီရှု"ဟု အမြဲခေါ်လေ့ရှိသည်။


သူတို့နှစ်ဦးမှာ စေ့စပ်ထားသောကြောင့် သူက သူမအား အခေါ်အဝေါ်နှင့်ပတ်သတ်၍ ဘယ်လိုခေါ်ရမည်ဟု အတိအကျ မတောင်းဆိုခဲ့သော်လည်း၊ ယနေ့ကျမှ စုဝမ်၏ သဘောထားသည် သူနှင့် ခပ်တန်းတန်းနေလိုသည့်သဘော ဖြစ်နေ၏။ရုတ်တရက် ဖြစ်သွားသော စိမ်းကားမှုကို သူ ကျင့်သားမရသလို အနည်းငယ် ခံစားလိုက်ရသည်။


“သခင်..သခင်မလေးစု”


ချန်ယွီရှု တုံ့ဆိုင်းသွားသော်လည်း၊ပုံမှန်အတိုင်းလို သခင်မလေးဟုသာ ခေါ်လိုက်၏။တစ်ကယ်တမ်း၊ သူတို့နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် နှစ်ပေါင်းများစွာ သိခဲ့ကြသော်လည်း၊သူ့ဘက်က သူမနှင့် ပိုရင်းနှီးဖို့ ဘယ်တုန်းကမှ အစမပြုခဲ့ချေ။ သူမနာမည်ကိုပင် ဘယ်တုန်းကမှ မခေါ်ဖူးခဲ့။


သူတို့နှစ်ဦးသည် လက်မထပ်ရသေးသော စေ့စပ်ပြီးသား စုံတွဲဖြစ်သော်လည်း ယခုမူ နှစ်ယောက်သားမှာ ခန်းမထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသည်။စုဝမ်က ဘာမှထပ်မပြောတော့၍၊ချန်ယွီရှုလည်း ဘာပြန်ပြောရမှန်းမသိတော့။


ချန်ယွီရှုသည် အိမ်မှာတုန်းက သူမကိုတွေ့ဖို့ ကျင့်နင် မြို့စားမင်းအိမ်တော်ဆီလာပြီး သူမ၏ လက်ရှိအခြေအနေကို မေးမြန်းကာ၊သာကြောင်းမာကြောင်း စသည်ဖြင့် ပြောဆိုမေးမြန်းဖို့ စိတ်ကူးခဲ့သော်ငြား၊ယခုတော့ မရင်းနှီးသလို၊သူ့ကို လျစ်လျူရှုထားသည့် မျက်လုံးတစ်စုံကြောင့် သူ ဘာပြောရမှန်းမသိအောင် ကြောင်စီစီဖြစ်နေရသည်။


ဤသို့ဖြင့် နှစ်ယောက်လုံး စကားမပြောဖြစ်ကြ။စုဝမ်က သစ်သားကုလားထိုင်ပေါ်တွင် တည့်မတ်စွာ ထိုင်နေပြီး ချန်ယွီရှုသည် လက်ဖက်ရည်ခွက်မကုန်မချင်း ဆက်သောက်လျက်ရှိသည်။


အတန်ကြာပြီးနောက်တွင် စုဝမ်သည် ဘေးတွင်ထိုင်နေသော သူ့ကို ကြည့်ပြီး "လက်ဖက်ရည်က ဘယ်လိုလဲ"


 "အင်း"


ချန်ယွီရှု အံ့အားသင့်သွားပြန်သည်။စိုးရိမ်သောက ရောက်နေတာကြောင့် လက်ဖက်ရည် အရသာကိုပင် သတိမထားမိခဲ့ပေ။


 “လက်ဖက်ရည်က…..”


စကားများထစ်ပြီး အဆင်မပြေ ဖြစ်နေသည့် ချန်ယွီရှု၏ ပုံစံကို မြင်လိုက်ရ၍ စုဝမ် မပြုံးဘဲ မနေနိုင်တော့။


“ချန်သခင်လေး စိတ်ပူနေဖို့ မလိုပါဘူး၊ သခင်လေး လက်ဖက်ရည်ကိုတစ်ခွပြီးတစ်ခွက် သောက်နေတာကို ကျွန်မ မြင်တယ်၊ သခင်လေး ကြိုက်ရင် အစေခံတစ်ယောက်ကိုပြောပြီး နောင်ထပ် အများကြီးတောင်းလို့ရပါတယ်"


“မဟုတ်ပါဘူး၊ မလိုပါဘူး”


ချန်ယွီရှုက ချက်ချင်း လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး စုဝမ်ရဲ့ ပြုံးနေသောမျက်နှာကို ညင်သာစွာကြည့်လိုက်မိသည်။ 


"တကယ်တော့ ကိုယ်ဒီနေ့လာတာ၊ မင်းကိုတွေ့ဖို့လာခဲ့တာ..."


သူသည် ယခင်က စုဝမ်ကို ဂရုမစိုက်ဖူးသော်လည်း အမဲလိုက်ကွင်းတွင် သူမနှင့် ထိတွေ့ပြီးကတည်းက သူမသည် အလွန်ထက်မြက်ပြီး ရိုးရှင်းသော စိတ်ထားရှိသူမှန်းသိကာ သူ့စိတ်ထဲမှာ အမြဲသတိတရဖြစ်နေခဲ့သည်။


လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးရာမှာ အတော်သိမ်မွေ့လှသည်။လူတစ်ယောက်ကို ဂရုမစိုက်သည့်အခါ သူ လုပ်သမျှကို ကိုယ်ကိုယ်တိုင် သတိမထားမိသော်ငြား၊ကိုယ်က သူ့ကို ဂရုစိုက်လာသည့်အခါ သူ့အတွက် စိတ်ပူစပြုလာပါလိမ့်မည်။


ချန်ယွီရှုသည် စုဝမ်က လောလောဆယ် သူ့ကို အနည်းငယ် အေးစက်စွာ ဆက်ဆံနေသည်ဟု ခံစားမိ၏။ 


အရင်တုန်းက သူမနဲ့သူ အနေစိမ်းခဲ့လို့ပဲလား..


"ကျွန်မကို လာတွေ့တယ်ဟုတ်လား...ဒါနဲ့ ချန်သခင်လေးကို ကျွန်မ ပြောစရာတစ်ခုရှိပါတယ်"


 "အို... ဘာများလဲ"


ချန်ယွီရှုသည် သူမ စကားကိုကြားသောအခါ အာရုံစူးစိုက်လျက် သူမမျက်နှာလေးအား ကြည့်လိုက်သည်။


 "ကျွန်မ...."


စုဝမ်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး "ကျွန်မ လိုချင်တာ...  ကျွန်မ လိုချင်တာက... စေ့စပ်ပွဲကို ဖျက်ပစ်ဖို့ပါ"


သူမ ပြောနေစဉ် တွန့်ဆုတ်နေသော်လည်း၊ ပြောပြီးသည့်အခါ သူမတစ်ကိုယ်လုံး ကုလားထိုင်ပေါ်ကို ပြန်ထိုင်ကျသွားပြီး ခန္ဓာကိုယ်မှာရှိသော ခွန်အားများ အကုန်ကုန်သွားသလို ခံစားလိုက်ရသည်။


စေ့စပ်ပွဲကို ဖျက်မယ် ဟုတ်လား။


ချန်ယွီရှု ရုတ်​တရက်​ထရပ်​ပြီး သူမကို မယုံနိုင်​စွာ ကြည့်​လိုက်​သည်​။ 


"မင်းဘာ​ပြောတာလဲ၊ မင်းက ကိုယ်နဲ့ စေ့စပ်ထားတဲ့ကိစ္စကို ဖျက်ချင်တာလား"


သူက အံ့သြထိတ်လန့်နေသည့်အကြည့်ဖြင့် စုဝမ်ကို မမှိတ်မသုန်စိုက်ကြည့်နေသည်။


"ဘာလို့လဲ၊စေ့စပ်ပွဲကို ဘာကြောင့် ဖျက်ချင်ရတာလဲ”


အနည်းဆုံးတော့ သူ့ကို ရှင်းရှင်းလင်းလင်း အဖြေပေးသင့်သည်လေ။


"ဘာအကြောင်းပြချက်မှ မရှိဘူး၊ ကျွန်မ ရှင့်ကို မကြိုက်တော့ဘူး၊အရင်က ရှင့်ကို အရမ်းချစ်ခဲ့ပေမဲ့၊ရှင်က ကျွန်မကို လုံးဝမကြိုက်ခဲ့ဘူးလေ၊  ဒါကြောင့် အရမ်းပင်ပန်းတယ်လို့ ခံစားရတယ်"


သူမကလည်း သူ့ကို ခပ်တည်တည်ပင် ပြန်စိုက်ကြည့်ပေးလိုက်သည်။


"ကျွန်မကို အရမ်းချစ်တဲ့သူတစ်ယောက်၊ ကျွန်မကို တကယ်ကောင်းကောင်း ဆက်ဆံတဲ့ ခင်ပွန်းမျိုးကိုပဲ ရှာချင်တယ်"


ဤစကားသည် စိတ်ရင်းမှန်ဖြင့် ပြောနေခြင်းဖြစ်ကာ သူမ၏ မျက်လုံးများမှာလည်း အလိုအလျောက် နီရဲနေခဲ့သည်။


ထိုစကားကြောင့် ချန်ယွီရှု တုန်လှုပ်သွားပြီး သူမကို အပြစ်ရှိစိတ်ဖြင့် ကြည့်လိုက်မိသည်။


"တကယ်တော့ ကိုယ်လည်း လုပ်နိုင်တယ်... ကိုယ် မင်းကို ကောင်းကောင်း ဆက်ဆံနိုင်ပါတယ်"


“နောက်ကျသွားပြီလေ"


ထို့နောက် စုဝမ် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်ပြီး “တချို့ကိစ္စတွေက ပြီးသွားရင် ပြန်မရနိုင်တော့ဘူး၊ချန်ယွီရှု ၊ ရှင်နဲ့ကျွန်မ ဒီဘဝမှာ ဆုံဖို့အခွင့်ရေးမရှိဘူးလို့ ကျွန်မ ထင်တယ်၊ကျွန်မ တော်တော်ပင်ပန်းနေပြီမို့ ရှင့်ကိုဆက်မတွေ့ချင်တော့ဘူး"


ပြောဆိုပြီးနောက် ချန်ယွီရှု၏ အဖြေကို စောင့်မနေဘဲ သူမသည် ဝမ်ယွဲ့ကို ခေါ်ကာ ဖြည်းညှင်းစွာ ထွက်ခွာသွားတော့၏။


ပန်းချီဆွဲခန်းထဲမှာ ချန်ယွီရှု အကြာကြီးရပ်နေမိပြီး သူ့ပုံစံက အနည်းငယ် အထီးကျန်နေပုံပေါ်လေသည်။


 ............................



ချင်းချွမ်မြို့စားမင်းအိမ်တော်


ချန်ယွီရှု သည် နံနက်စောစောကတည်းက စုအိမ်တော်သို့သွားကြောင်း ချန်ချင်းကျင်း ကြားရသည်။ ထိုကိစ္စကြောင့်ပင် သူမ မနေနိုင်၊မထိုင်နိုင် ဖြစ်နေရသည်။ချန်ယွီရှု ရှေ့မှာ စုဝမ်၏ တစ်ကယ့်စိတ်ရင်းအစစ်ကို ဘယ်လိုဖော်ထုတ်ရမလဲဆိုသည်ကို တွေးဖို့ သူမ၏ ဦးနှောက်ကို ညှစ်ထုတ်နေချိန်မှာပဲ၊ချန်ယွီရှုသည် အစေခံတစ်ယောက်နှင့်အတူ ပြန်ရောက်လာလေသည်။


 "အစ်ကိုကြီး"


ချန်ချင်းကျင်းသည် ခြံဝင်းအတွင်း ချန်ယွီရှု ဖြတ်သွားသည်ကို မြင်သောအခါ၊ ချက်ချင်းပင် သူမ၏ ဝတ်ရုံစကို မကာ ချက်ချင်းပင် သူ့ထံ အမြန်ပြေးသွားသည်။


"အစ်ကို စုအိမ်တော်ကို သွားတာမဟုတ်ဘူးလား၊ ဘာလို့ဒီလောက်မြန်မြန်ပြန်လာတာလဲ"


စုအိမ်တော် ……


ချန်ချင်းကျင်းက စုအိမ်တော်ဟု ပြောလာသည်ကိုကြားသောအခါ ချန်ယွီရှု၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် မှုန်မှိုင်းသွားသည်။


ထိုအခါ ချန်ချင်းကျင်း၏အကြည့်များ တောက်ပလာပြီး ထုံးစံအတိုင်း အစ်ကိုဖြစ်သူ၏ လက်ကိုဆွဲကာအပြစ်ကင်းပြီး နားမလည်သေးသည့် မျက်နှာဖြင့် ဆက်ပြောသည်။ 


"နေ့လည်စာစားချိန်ရောက်နေပြီ အစ်ကိုရဲ့၊ ကျင့်နင် မြို့စားမင်းအိမ်တော်ကလည်း အကျင့်စာရိတ္တ ကင်းမဲ့လိုက်တာ၊ သူတို့အိမ်မှာ အစ်ကို့ကို ထမင်းစားဖို့ မဖိတ်ဘူးလား”


သူမက တမင်တကာ နှုတ်ခမ်းစူလိုက်ပြီး အလွန်ဒေါသဖြစ်သွားသလိုမျိုးဖြင့်ပြောသည်။


"အရင်တုန်းကတော့ သခင်မလေးစုက ကျင့်နင် မြို့စားမင်းအိမ်တော်မှာဆို သဘောအကောင်းဆုံးသူလို့ ညီမ ထင်ခဲ့တာ၊ဒါပေမယ့် သူတို့ အိမ်တော်ထဲက လူတိုင်းက ဧည့်သည် တစ်ယောက်ကို တစ်ကယ် ဒီလိုဆက်ဆံလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ အစ်ကို့ကို ဂရုမစိုက်ဘူးဆိုတာ သိသာတယ်"


 "တော်စမ်း"


ချန်ယွီရှု ရုတ်​တရက် အော်​ဟစ်​လိုက်သည်။ချန်ချင်းကျင်း၏ မှတ်ဉာဏ်ထဲတွင်၊ သူမ တစ်သက်တာလုံး ယခုအချိန်အထိ အစ်ကိုဖြစ်သူသည် သူမအား ဤကဲ့သို့ ကြမ်းတမ်းသော လေသံမျိုး တစ်ခါမျှ မသုံးခဲ့ဖူးပေ။ 


ဒီတစ်​ခါ သူတစ်ကယ်​​ အော်​လိုက်တာလား၊ ဒါက စုအိမ်တော်ကို အပြစ်ပြောလို့လား။


သူမ စိတ်ထဲမှာ ပိုလို့တောင် မကျေမနပ်ဖြစ်သွားကာ မျက်ရည်များ စီးကျလာရသည်။


“အစ်ကို ညီမကို တခြားလူကို ပြောလို့ အော်နေတာလား၊ညီမ ပြောတာ မှားသွားလား၊မြို့တော်တစ်ခုလုံးမှာ သခင်မလေးစုက ဘယ်နေရာမှ မတော်ဘူးဆိုတာ မသိတဲ့လူရှိလို့လား၊သူတို့မိသားစုနဲ့ ညီမတို့မိသားစုက အိမ်ထောင်ရေးအရသာ ဆက်စပ်လာတာလေ၊ နောက်လည်း သူတို့နဲ့ တစ်သက်လုံး မဆက်ဆံချင်ဘူး၊ညီမ စုအိမ်တော်ကို မကြိုက်ဘူး၊ စုဝမ်ကို ပိုမကြိုက်ဘူး၊ သူမက အစ်ကိုနဲ့ လုံးဝ မလိုက်ဖက်ဘူး"


ယခုအချိန်တွင် ချန်ချင်ကျင်းသည် ချန်ယွီရှုက အော်လိုက်သည်ကို အကြောင်းပြ၍ သူမစိတ်ထဲမှ အစိုင်အခဲများအား ဖွင့်ထုတ်ပစ်ဖို့ အခွင့်ယူနေသည်။ချန်ယွီရှုအရှေ့မှာ သူမ ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။ အစ်ကိုဖြစ်သူမှာ အပြောမတတ်သော်လည်း နူးညံ့သော နှလုံးသားရှိပြီး သူမကို အချစ်ဆုံးမှန်း သိသည်။ ဤကိစ္စကြောင့် စုအိမ်တော်နှင့် လက်ထပ်မည့်ကိစ္စကို ပြန်စဉ်းစားမှာ သေချာသည်။


ဒါပေမယ့်....


ချန်ချင်းကျင်း စကားကို ကြားလိုက်သည့်အခါ ချန်ယွီရှု ကိုယ်လုံးမှာ တောင့်တင်းသွားရ၏။


ဧကရာဇ် မြို့တော်ရှိ မင်းမျိုးမင်းနွယ် အသိုင်းအဝိုင်းတစ်ခုလုံးမှာတောင် စုဝမ်က သူနှင့် မလိုက်ဖက်ဘူးဟု ထင်နေကြသည်။ ယခုတော့ သူမ ဘက်မှစ၍ စေ့စပ်ကြောင်းလမ်းမှုကို ဖြတ်တောက်ချင်သည်ဟု ဆိုလာသဖြင့် သူမကို သူ ဆုံးရှုံးသွားခဲ့ပြီဖြစ်၏။


စေ့စပ်ကြောင်းလမ်းမှုကို ပြတ်တောက်ရန် လိုလားကြောင်း သူမက အေးစက်စွာ ပြောနေစဉ်တစ်ချိန်လုံး သူ့အနေနှင့် စိတ်ဆိုးဒေါသမဖြစ်ခဲ့ပေ။သူမ မျက်နှာက အေးစက်မှုနှင့်တင်းမာခက်ထန်မှုကိုကြည့်ပြီး သူ့ကိုယ်သူ အပြစ်ရှိသလိုသာ ခံစားရလေသည်။သူမက တခြားသူများ၏အမြင်မှာ အရည်မချင်းမရှိဘဲ၊အရှက်ကင်းမဲ့သူပင် ဖြစ်ပါစေ၊သူမသည် သူ့အပေါ်ကို အကြွင်းမဲ့ချစ်ခင်ယုံကြည်သည့်သူပင်။သူ့မျက်နှာသာ တစ်ကမ္ဘာထင်ပြီး သူ စိတ်ကျေနပ်၍ သူမအား အာရုံစိုက်လာစေဖို့ အရာများစွာကို လုပ်ခဲ့ဖူး၏။


သို့ရာတွင်၊ သူက သူမကို အဖက်မလုပ်ခဲ့ပေ။ထို့ကြောင့် ကောင်းကင်အောက်က လူတိုင်းက သူမအား လှောင်ပြောင်ရန် အရည်အချင်းပြည့်မီလျှင်ပင်၊ သူကမူ သူမကို နှိမ့်ချ ပြောဆ်ိုရန် အရည်အချင်းပြည့်မီချင်း မရှိချေ။


_

🚩