🐯Chapter 56
ထန်ယွမ်လေးက ကုယွီမြန်၏ ရင်ခွင်ထဲတွင်ထိုင်ကာ မျက်လုံးများကိုမှိတ်ထားပြီး သူ့ခြေထောက်တိုတိုလေးများကို ခါယမ်းလိုက်သည်။ ထို့နောက် သေးငယ်ပြီး သက်တောင့်သက်သာရှိသော ဆူညံသံလေးများကို သူ လုပ်လိုက်သည်။ နှင်းကျားသစ်လေးက ကုယွီမြန်၏လည်ပင်းပေါ်ရှိ သူ့ခြေသည်းကို ညင်သာစွာဖိထားပြီး ခဲပြာရောင် မျက်ဝန်းများကို ဖုံးအုပ်မိစေရန် သူ၏မျက်တောင်များကို အနည်းငယ် မျက်လွှာချလိုက်သည်။
ပရိသတ်ပင် ဖြစ်စေ ပန်ဒါလေးပဲဖြစ်စေ စိတ်ခံစား ချက်များနှင့် သက်ဝင်ခံစားမှုအားလုံးက အချိန်မှန် အဆင်သင့်ဖြစ်နေကြသည်။
ကုယွီမြန်က မျက်နှာသုတ်ပုဝါကို ချလိုက်ပြီး ပထမဆုံးဘီးကို ကောက်ယူလိုက်သည်။ ပူနွေးသော မျက်နှာသုတ်ပဝါ က ဖြစ်နိုင်ချေရှိသော အညစ်အကြေးများနှင့် သန်းများကို ဖယ်ထုတ်နိုင်သောကြောင့် ကုယွီမြန်က ချောမွေ့ကာ လုံးဝန်းပြီး အသွားတုံးသောပုံသဏ္ဍာန် ရှိသည့် သွားများနှင့်တူသော ဘီးအကျဲကို တိုက်ရိုက်ယူလိုက်သည်။ သူက ခေါင်းငုံ့ကာ ပန်ဒါလေး၏ နှဖူးလေးကိုနမ်းလိုက်ပြီးနောက် အမွေးများကို ညှင်ညှင်သာသာ ဖြီးပေးလိုက်သည်။
ပန်ဒါလေး၏ အမွေးများက အလွန်ရှည်နေသေး၍ အလွှာလိုက်ခွဲဖြီးပေးရန် လိုအပ်သည်။ ပထမဦးစွာ သူက ပန်ဒါလေး၏ နားရွက်နောက်ဘက်ရှိ အမွေးများမှတဆင့် လည်ပင်းဘက်သို့ ဖြီးပေးလိုက်သည်။ ကုယွီမြန်က ဖြည်းညှင်းစွာ ဖြီးပေးနေစဉ် အလယ်တွင် ထုံးနေသည့် အမွေးကိုတွေ့ပါက အရေပြားကို မကပ်ငြိစေဘဲ အတွင်းမှ အပြင်ကို ညင်သာစွာ ဖြီးပေးရသည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာက အလွန်သက်တောင့်သက်သာရှိစေသည့် ခံစားမှုတစ်ခုပင်။ ရှုပ်နေသောဆံပင်များကို စိတ်ရှည်လက်ရှည် ဖြီးပေးခြင်းဖြင့် ပြေလျော့သွားသည်ကို သူခံစားနိုင်သည်။
ထိုအထုံးက အလွန်ရှုပ်ထွေးပါက၊ ၎င်းကို ဖြတ်တောက်ရန်၊ ထိပ်တွင် အသွားတုံးသည့် ကတ်ကြေးလေးတစ်ချောင်းကို ယူကာ ပတ်ပတ်လည်ကို ဖြတ်တောက်ပြီး ထိုသို့ ဖြတ်ထားသည်ကို အခြားသူများ မမြင်နိုင်သောနေရာတွင် ရောနှောသွားစေရန်ပြုလုပ်ပေးရမည် ဖြစ်သည်။
ကုယွီမြန်က သူ့လက်ထဲတွင် ပန်ဒါလေးကို ပွေ့ဖက် ထားသည်။ သူ့အမွေးကို ဖြီးပေးသည့်ပုံစံက နှိပ်နယ်ပေးနေသည်နှင့်ပင် တူသည်။ ပထမဦးစွာ ဦးခေါင်းနောက်ကျော လည်ပင်းနေရာကို ဖြီးကာ၊ ထို့နောက် ပခုံးနှင့် နောက်ကျောဘက်သို့ လှည့်ဖြီးပေးပြီး နောက်တွင် ရင်ဘတ်နှင့်ဗိုက်ကို ဖြီးပေးသည်။ ကျန်လက်တစ်ဖက်ကို ပန်ဒါလေး၏လည်ကုပ်ပေါ်တွင် ဂရုတစိုက်တင်ထားပြီး ညင်သာစွာ ဆုပ်ကိုင်ထားသည်။
အသွားတုံးသည့် ခေါင်းဘီး၏ အထူးခံစားရသည့် အထိအတွေ့မှာ သစ်သားမွှေးရနံ့လေးရကာ အလွန်သက်တောင့် သက်သာရှိလှသည်။ အဆင်မပြေ ဖြစ်ခြင်းမျိုးလည်း မရှိပေ။
သက်တောင့်သက်သာ မရှိမှုများ မဖြစ်ရုံသာမက စိတ်အပန်းပြေစေသည့် ခံစားမှုမျိုးလည်း ရနိုင်သည်။ အဝေးကလာသည့် မိုးသံ၊ လူငယ်လေး၏ ဝင်သက်ထွက်သက် နှင့် မိုးသံများက ရောထွေးနေသည်။ ခန္ဓာကိုယ်အား ဖြီးသင်ပေးခြင်းက သက်တောင့်သက်သာရှိပြီး အနည်းငယ် ယားယံကာ သဘက်မှလာသည့် ရေနွေးနွေးလေးက သူအား စိတ်အပန်းပြေစေသည်။
တစ်နေကုန်ခါနီးအချိန်သို့ ရောက်လာချိန် အထိ လိုချင်သည်များ အများအပြား ရှိနေသေး သည်။ ကုယွီမြန် အမွေး ဖြီးပေးပြီးသည်နှင့် နောက်ထပ် ဖြီးပေးရန်အတွက် ဘီးအစိတ်ကို အစားထိုးပြီးနောက်၊ မှတ်ချက်ရေးသည့် မှန်သားပြင်ပေါ်တွင် မှတ်ချက်အနည်းငယ်မှ နောက်ထပ်တစ်ခုပြီးတစ်ခု တဖြည်းဖြည်း ကြီးထွားလာပြီး အရူး အမူးပေါက်ကွဲသွားသည်။
[လေပြေ အပိုင်းအစလေး: အားးးးး ငါ သေပြီ...]
[ဗီဗီယန် : ဒါက ဘီးအတုဖြစ်ရမယ်… ဘာလို့ မနာဘဲ ဆွဲချလို့ရတာလဲ… အဲ့ဒါက အရမ်းသက်တောင့်သက်သာ နဲ့ စွဲလမ်းစေတာလား… နောက်နေ့အတွက်ရောဘယ်တော့ ပြင်ဆင်ပေးမှာလဲ… အဲဒီ အချိန် မတိုင်ခင်အထိ ဒီစတူဒီယိုမှာပဲ နေတော့မယ်…]
[အဖြူရောင်ခြေဖဝါးနဲ့ မိန်း: ငါးဆားနယ် အနေအထားနဲ့ ကြောင်တစ်ကောင်က ဝမ်းဗိုက်လှန်ကြီး အိပ်ရာပေါ်မှာ လဲလျောင်း နေပါတယ်…]
[အဖြူရောင် သစ်တော်ပန်းပွင့်လေး လီလီ: ဟင် အရမ်းအဆင်ပြေတာလား... ငါဘာတွေ လွတ်သွားတာလဲ… ငါ အခု သုံးဖက်မြင်ကိရိယာဝတ်ဖို့ အချိန်ရှိသေးလား…]
လက်ဆောင်အထူးပြုလုပ်ချက်များက ဖန်သားပြင်ပေါ်တွင် တစ်ဖန်ပေါက်ကွဲလာပြီး ကြည့်ရှုသူအရေအတွက်က ယခင်ထက် အဆများစွာ တိုးလာကာ ၎င်းက အချိန်နှင့်တစ်ပြေးညီ လူကြိုက်များမှု၏ ထိပ်တန်းငါးခုစာရင်းတွင် ဝင်လာခဲ့သည်။
ထိုမျှသာမကသေးပေ။
"ယွမ်ယွမ့်ကို သုတ်ပေးမယ်နော်…"
ကုယွီမြန် က သူ့အမွေးများကို ဖြီးပေးရန် ဝက်မှင်ဘီးလေးကို ဆွဲထုတ်လိုက်တယ်။
"ယွမ်ယွမ် ငါ မင်းရဲ့လက်သည်းလေးတွေကို ပွတ်ပေးရင် မင်းအဆင်ပြေရဲ့လား…”
ကုယွီမြန်က ပန်ဒါလေး၏ လက်ဖဝါးထဲတွင် အဝိုင်းပြားလေးကို ထည့်လိုက်သည်။ ထိုအရာက သူ့လက်သည်းများကိုပွတ်ပေးရန် ဖြစ်သည်။ အမှန်တကယ်တွင် သူများကို လုပ်ခွင့်ပေးခြင်းထက် သူကိုယ်တိုင် လုပ်သည်က ပိုကောင်းသည်။ ထန်ယွမ်လေးက အဝိုင်းပြားလေးကို အာရုံစိုက်၍ ကိုင်လိုက်သည်။ ကုယွီမြန်က သူ့ခြေသည်းလက်သည်းများကို ပွတ်တိုက်ရန် ထိုအရာအား မည်သို့ အသုံးပြုရမည်ကို ပြသခဲ့ပြီး ပန်ဒါကလေးက အဆင်သင့်ဖြစ်၍ ပျော်ရွှင်စွာ ကစားနေသည်ကို တွေ့လိုက်ရသည်။
"ထွမ်ထွမ်ရော ကစားချင်လား…"
နှင်းကျားသစ်လေးက ပျင်းရိစွာ သမ်းနေပြီး ကုယွီမြန်၏ လက်ကောက်ဝတ်ကို အမြီးဖြင့်လှည့်ကာ အသံတိတ်တွန်းလိုက်သည်။ နှင်းကျားသစ်လေးက သူ့အား အာရုံစူးစိုက်မှုကင်းမဲ့နေသည့်အတွက် သူ့အား မကျေနပ်ကြောင်းကို ကုယွီမြန် သိသည်။ ထို့ကြောင့် သူက နှင်းကျားသစ်လေးကို သူ့ပခုံးပေါ်မှ ဆွဲယူကာ သူ့ ဆွယ်တာအင်္ကျီထဲသို့ ထည့်လိုက်ပြီး လည်ပင်းပေါက်မှ နှင်းကျားသစ်လေး၏ ခေါင်းကို ထုတ်လိုက်ပြီး ခေါင်းငုံ့ကာနမ်းလိုက်သည်။
" အမွေးဖြီးပြီး ပုံစံချပြီးရင် နွားနို့ ပူပူလေးသောက်ပြီး အိပ်ရာဝင်လို့ရပြီ…"
သေးငယ်သော စုတ်တံ(ဝက်မှင်ဘီး)လေး၏ အမွေးအမှင်များက ပျော့ပျောင်းကာ အနည်းငယ် မာကျောသည်။ နာကျင်မှု မရှိစေဘဲ ခန္ဓာကိုယ်မှ ကျွတ်ကျလာသော အမွေးအားလုံးကို ဖယ်ရှားပေးသောကြောင့် ယားယံခြင်းမရှိပေ။ ကုယွီမြန်က လက်တစ်ဖက်တွင် ပန်ဒါဝက်ဝံကလေးကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် ၎င်း၏ အမွေးပေါက်ရာ လမ်းကြောင်းအတိုင်း အနည်းငယ်ဖြီးပေးနေသည်။
၎င်းက ခေါင်းဘီးထက် ပိုပျော့သည်ကို ခံစားရသည်။
နွေလယ်ညတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေပြေများက ပတ်ဝန်းကျင်ကို ဝန်းရံထားကာ အိမ်အတွင်း နွေးထွေးပြီး သီးသန့်ဆန်သော အငွေ့အသက်ကို ဖြစ်ပေါ်စေကာ သန့်ရှင်းပြီး စိုစွတ်သော မြေဆီလွှာရနံ့ နှင့် မြက်နံ့များက နှာသီးဝသို့ ကလူကျီဆယ်နေကြသည်။
ထိုကဲ့သို့သော အချိန်မျိုးတွင် ရင်းနှီးသည့် မိသားစုဝင်များနှင့် အတူနေကာ မိုးရွာသံများကို နားထောင်ပြီး တစ်ဦးနှင့် တစ်ဦး မှီတွယ်နေကြရန် အသင့်တော်ဆုံးပင်။
ကုယွီမြန်က ပျော့ပျောင်းသောအခင်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေကာ နှင်းကျားသစ်လေးက လူငယ်လေး၏ ကော်လံမှ သူ့ဦးခေါင်းလေးကို ထုတ်ထားသည်။ သူက သူ့ခေါင်း ကို လူငယ်လေး၏ပခုံးတွင် မှီလိုက်ပြီး ပျင်းရိစွာ မျက်လုံးမှိတ်လိုက်သည်။ ပန်ဒါလေးက ကုယွီမြန်၏ရင်ခွင်ထဲတွင်ထိုင်ကာ ခြေထောက်လေးများကို ယမ်းခါလျက် ကုယွီမြန် ၏လက်ဖဝါးကို ဖြည်းညှင်းစွာ ဖက်ထားသည်။
ပင်ပန်းနွမ်းနယ်မှုများ အားလုံးကို လွှတ်ချထားပြီး မိုးလင်းချိန်အထိ အေးအေးဆေးဆေး အချိန်ဖြုန်းကာ အိပ်နေချင်မိသည်။
“……”
ခဏအကြာတွင် မှတ်ချက်ရေးသည့် ဖန်သားပြင် ပေါက်ကွဲသွားပြန်သည်။
[ဂျူနီယာ ဘီ : ဟဲဟဲ ဒါကဘာလဲ… ငါဘာလို့ အရမ်းကျေနပ်ပြီး စိတ် အေးလက်အေး ဖြစ်နေရတာလဲ… ဒါကအရမ်းလုံခြုံတဲ့ ခံစားချက်ပဲ ဒါပေမယ့် ဒါ အမွေးတွေကို ဖြီးလိုက်ရုံပဲ မဟုတ်ဘူးလား…]
[တစ်စီးကို တစ်ထောင် : သေစမ်း…ငါ အခုပဲ အိပ်ချင် တယ်အားးးး… ငါ အိပ်မပျော်တာ ဆယ်နှစ်ရှိပြီ... ငါဘာလို့အိပ်ချင်နေတာလဲ… နောက်ထပ် ဖြီးပေးပါဦးနော်…အားးး…]
[ရွှေရောင်အမွေးပွခွေးက အရမ်းမနူးညံ့ဘူး: မနေ့ က မြို့လယ်မှာ အမွေးအလှပြင်တာနဲ့ ရေချိုးတဲ့ ဝန်ဆောင်မှုအတွက် ကြယ်ဒင်္ဂါးနှစ်သောင်းတန်ကို ငါသုံးခဲ့တယ်… ရလဒ်အနေနဲ့ ငါ ငိုပြီး ခေါင်းမဖြီးနိုင်တော့ဘူး… အိမ်ပြန်ရောက်တော့မှ အမွေးတွေအရမ်းကျွတ်သွားမှန်းသိ လိုက်ရတယ် …ဆိုင်ရှင်ကလည်း အကုန်လုံး အဲ့လိုဖြစ်ကြတယ်လို့ ငါ့ကို လိမ်တယ်….ကြောက်စရာပဲ…တင်ဆက်သူ ဖြီးပေးတာက ဘာလို့များ အရမ်း သက်တောင့်သက်သာရှိရတာလဲ….အားးးး…]
[အလှကုန်တွေကို လွှင့်ပစ်မယ်: ငါအိပ်တော့မယ်... တကယ်ကို အဆင်ပြေပါတယ်…]
[တိမ်လေးတစ်ခုရှိတယ်: အငွေ့အသက်ကောင်းကိုဖန်တီးတာနဲ့ စည်းချက်ကိုထိန်းချုပ်နိုင်တဲ့ တင်ဆက်သူရဲ့ စွမ်းရည်က အရင်ကထက်ပိုအားကောင်းလာတယ်…အရမ်းပျော်လို့ မီးရှူးမီးပန်း ဆယ်ကြိမ်လောက် ပို့ပေးထားတယ်…]
ကုယွီမြန်က စတူဒီယိုတစ်ခုလုံး၏ စည်းချက်ကို ခိုင်မြဲ စွာ ဆုပ်ကိုင်ထားနိုင်ပြီး အလျင်စလို အရှိန်မလျှော့ပစ်ချေ။ သူက တစ်စုံတစ်ရာကို ရုတ်တရက်စတင်ခြင်း သို့မဟုတ် အမြင့်ဆုံးအချိန်တွင် အဆုံးသတ်ခြင်းမျိုးကို ပြုလုပ်မည်မဟုတ်ပေ အချိန်တိုင်းလိုလိုပင် သူက နူးညံ့သော အငွေ့အသက်ဖြင့် စတင်ကာ တဖြည်းဖြည်းချင်း လေထုကို ထိပ်ဆုံးသို့ ပို့ဆောင်ပြီးနောက် နူးညံ့သိမ်မွေ့သော ကျေနပ်မှုဖြင့် အဆုံးသတ်ခဲ့သည်။
ထိုအရာက ပရိသတ်များအတွက် အံ့ဩစရာကောင်းသည့် ခံစားချက်ကို ရရှိစေသည်။
မှတ်ချက်များ တစ်ခုပြီးတစ်ခု တဖွဲဖွဲကျလာပြီး လက်ဆောင် အထူးပြုလုပ်ချက်များသည်လည်း ယခင်အကြိမ်ထက် ပို၍ပင် ရူးသွပ် သွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ကြည့်ရှုသူဦးရေက သန်းလေးဆယ်ကျော်မှ ခုန်တက်သွားပြီး သန်းငါးဆယ်အထိ တိုးလာသည်။ သူ၏ထုတ်လွှင့်မှုစတင်ပြီးနောက် နှစ်နာရီအကြာတွင် ကုယွီမြန်၏တိုက်ရိုက်ထုတ်လွှင့်မှုစတူဒီယိုက တစ်နေ့တာ၏ရေပန်းစားမှုအတွက် ထိပ်တန်းဆယ်ဦးစာရင်းတွင် ထပ်မံဝင်ရောက်ကာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။ သူ စာရင်းဝင်သည်နှင့်တစ်ပြိုင်နက် ရေပန်းအစားဆုံးတင်ဆက်သူ နှစ်ယောက်ကို တစ်ဖန်ကျော်တက်ခဲ့သည်။
ပထမအချီ လူသစ်ပြိုင်ပွဲတွင် သူအနိုင်ရမည်မှာ သံသယရှိစရာ မလိုပေ။
-----
ကြယ်တာရာကောင်းကင် ဌာနချုပ်၊ လူသစ်တမ်း ပရောဂျက် အဖွဲ့တွင် …
တာဝန်ရှိပုဂ္ဂိုလ်များထဲမှ တစ်ဦးက အဖွဲ့၀င်တစ်ဦးစီထံ မက်ဆေ့ချ်ပို့ခဲ့သည်။
[တင်ဆက်သူ ကုယွီမြန်က လူသစ်ပြိုင်ပွဲ ပထမအကျော့တွင် နောက်ထပ် ငါးရက်အတွင်း လူကြိုက်များမှု တွက်ချက်မှုတွင် ပါဝင်ရန် မလိုအပ်ပါ။ သူက နောက် တစ်ဆင့်သို့ တိုက်ရိုက်ရာထူးတိုးခံရသည်။]
ယခုချိန်တွင် ကုယွီမြန်က လူတိုင်းကို အပြေးအလွှား ကျော်တက်သွားသောအခါ အခြားကစားသမား များ အချင်းချင်း ပုတ်ခတ်ပြောဆိုနေကြသည်။
အဖွဲ့ခေါင်းဆောင်က သူ့ နဖူးကို ကူကယ်ရာမဲ့ ပွတ်လိုက်သည်။
[ပြီးတော့ လူသစ်ပြိုင်ဆိုင်မှုကို ကြည့်ရှူနှုန်း မကျစေဖို့အတွက် သူ့ကို လျှို့ဝှက်စစ်ဆေးမှုတစ်ခုကို ကြိုလုပ်ခိုင်းရမယ်။]
-----
အထက်တန်းလွှာနယ်မြေ၊ သိပ္ပံအကယ်ဒမီတွင်…
စနေ၊ တနင်္ဂနွေနှင့် ညနေများတွင် အချိန်ပိုလုပ်ရသော သုတေသီများပင်လျှင် အလွန်အေးအေးဆေးဆေးဖြစ်နေသည်။ သူတို့က တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးနောက် အချင်းချင်း စကားစမြည်ပြောကာ ဘူးတစ်ခုသယ်ပြီး စားသောက်ရန် ထွက်သွားကြသည်။
"ငါ သိပ္ပံအကယ်ဒမီကို လာရောက်လည်ပတ်ဖို့ တင်ဆက်သူကို ဖိတ်ချင်ပါတယ်…"
ဝမ်လီကျန်းက သူတို့ အဖွဲ့၏ မျိုးဆက်သစ်လူငယ်များနှင့် စကားပြောဆိုခဲ့သည်။
"မကြာသေးခင်ကမှ လူအများနဲ့ အဆင်ပြေစေတဲ့ စည်းမျဥ်းကို လိုက်နာဖို့ တောင်းဆိုခဲ့တာပဲ… ငါတို့ ဘာလုပ်နေတယ် ဆိုတာကို ပြည်သူတွေကို အသိပေးပြီး နောက်ထပ် လူသိရှင်ကြားဖြစ်အောင် လုပ်ဖို့လိုတယ်... ပြောရရင် သူက ငါတို့ကိုကူညီပြီး ထမင်း တစ်နပ်စာ ချက်ပေးနိုင်ရင် ပိုကောင်းမှာပါ…"
လူငယ်မျိုးဆက်က တစ်ခုခုပြောချင်နေပြီး ဝမ်လီကျန်းကို ရုတ်တရက် ထိတ်လန့်တကြား ကြည့်လိုက်သည်။
ဝမ်လီကျန်း၏ နှလုံးက အခုန်မြန်သွားပြီး သူ လှည့်ကြည့်လိုက်သောအခါ သိပ္ပံအကယ်ဒမီ၏ အသက်အငယ်ဆုံးနှင့် အလေးအနက်ဆုံးအကြီးအကဲကို တွေ့ လိုက်ရသည်။ သူက သိပ္ပံသုတေသနကို ဖျော်ဖြေရေး နှင့် သတင်းများ ရောထွေးလာသည်ကို မုန်းတီးပုံရသည်။ သိပ္ပံသုတေသီများမှာ သူတို့၏ နားများကို ပြတင်းပေါက်မှ ခွာသင့်သည်ဟု သူ အခိုင်အမာ ပြောကြားခဲ့သည်။
(ပတ်ဝန်းကျင်ကိုမစပ်စုဘဲ ကိုယ့်အလုပ်ကိုယ်လုပ်သင့်တယ် ဆိုတဲ့ သဘောပါ)
သူ ကန့်ကွက်မှာလား…
ကောင်လေး၏ ပိန်ပိန်ပါးပါးခန္ဓာကိုယ်က အဖြူရောင် ကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး ခဏငြိမ်သက်စွာ ရပ်နေပြီး သူက ပြတ်ပြတ်သားသား ပြောလိုက်သည် ။
“သူ့ကို ဖိတ်လိုက်ပါ...”
သူက သူ့ထိုင်ခုံကိုလှည့်၍စဉ်းစားပြီး နောက်လှည့်ကာ ဆက်ပြောသည်။
"ကျေးဇူးပြုပြီး မြန်မြန်လုပ်ပါ…"
ဝမ်လီကျန်း နှင့် လူငယ်မျိုးဆက််များ “…”
-----
အချိန်တန်ပြီဖြစ်သည်။
ပရိသတ်များက သူနှင့်ခွဲခွာရန် တွန့်ဆုတ်နေကြသော်လည်း ကုယွီမြန်က နှုတ်ဆက်ပြီး ပုံမှန်အချိန်၌ တိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်ခဲ့သည်။ အချိန်မှန်အိပ်ရာဝင်၊ စောစောအိပ်ပြီး စောစောထခြင်းက အကျင့်ကောင်းတစ်ခုပင်။ ကုယွီမြန်က သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုရန် ပရိသတ်ကို နောက်ကျမှ အိပ်ခြင်းကို မဖြစ်စေချင်ပေ။ သူ့ပရိသတ်အများစုမှာ ကျောင်းသားများနှင့် ရုံးဝန်ထမ်း များဖြစ်သည်။
"လာ ထွမ်ထွမ် မင်းကို နေရာချပေးပြီး အိပ်ကြမယ်နော်…"
ကုယွီမြန်က သမ်းဝေပြီး နှင်းကျားသစ်လေးကို သူ့ရင်ခွင်ထဲတွင် ပွေ့ထားသည်။
"ယွမ်ယွမ်ရော အိပ်ချင်နေတာလား၊ အိပ်ချင်ရင် အိပ်လိုက်နော်…"
ပန်ဒါလေးက အိပ်ငိုက်နေပုံရပြီး နှစ်ကြိမ် တိုးတိုးလေး ညည်းကာ ကုယွီမြန်၏ ဒူးပေါ်မှီပြီး ဖြေးညှင်းစွာ အသက်ရှုလိုက်သည်။ နှင်းကျားသစ်လေးက ကုယွီမြန် ၏ရင်ခွင်ထဲတွင် ကိုယ်လုံးလေးကိုကွေး၍ ပျင်းရိစွာ ခွေခေါက်နေရင်း နွေးထွေးသော မျက်နှာသုတ်ပုဝါကို ကိုင်ဆောင်ထားသည့် လူသားထံမှ နူးညံ့သောထိတွေ့မှုကို ခံစားလိုက်ရသည်။
သူ တစ်ခုခုကို တွေးတောနေဆဲပင်။ ကုယွီမြန်က သူ့ ရှေ့တွင် ကိစ္စအများစုကို ဖုံးကွယ်ထားခြင်းမရှိ၍ အရာများစွာကိုလည်း ခန့်မှန်းရမခက်ပေ။ ဥပမာ အားဖြင့်၊ သူ့လူသားသည် ဤခေတ်မှမဟုတ်ခြင်း သို့မဟုတ်...
သုတ်ပေးနေသည့် မျက်နှာသုတ်ပုဝါက ရုတ်တရက် ရပ်သွားသည်။
နှင်းကျားသစ်ငယ်လေးက ပေါ့ပေါ့ပါးပါး မော့ကြည့်လိုက် သည်။ ကုယွီမြန်က သူ့ကို ပေါင်ပေါ်တွင်တင်လိုက်ပြီး မျက်ခွံများ မှေးစင်းကျသွားသည်။ ခဏမျှ နိုးထရန် ရုန်းကန်ပြီးနောက် သူ အိပ်ပျော်သွားသည်။
နှင်းကျားသစ်လေး ” ….”
နှင်းကျားသစ်လေး မျက်လုံးကို ပြန်ဖွင့်လိုက်သောအခါတွင် နှင်းကျားသစ်ငယ်လေးက ပျောက်ကွယ်သွားပြီး အရပ်ရှည်သော အမျိုးသားတစ်ယောက်ဖြင့် အစားထိုးလာသည်။ သူက ဆူဖြိုးနေသော ပန်ဒါလေးကို ကုတင်ခြေရင်းသို့ ပစ်ချကာ တိုင်ကိုပွေ့ဖက်ပြီး အိပ်စေခဲ့သည်။ ထို့နောက် သူက မတ်တတ်ထကာ သူ့လူသားကို ကောက်ချီလိုက်သည်။
သူ့အကြည့်များက ပစ္စည်းအတိုအစလေးများဖြင့် ပြည့်နှက်နေသည့် ဗီရိုလေးကို ဖြတ်ကျော်သွားသည်။ လက်ဖက်ခြောက်အိတ်ငယ်၊ ငွေရောင် သားမွေးဘောလုံးတစ်လုံး၊ မိုက်မဲသောအကောင်မှ သူနှင့်အတူယူဆောင်လာသည့် လက်ပတ်ကွန်ပြူတာနှင့် ယခုပန်းကန်လုံး။
ကုယွီမြန်ကို ငါ့ရဲ့အဖိုးတန်ဆုံးအရာတွေကို ပေးလိုက်ရင် ရော သူ ပျော်မှာလား….
ထိုလူကနှုတ်ခမ်းများကို အနည်းငယ် ဖိလိုက်ပြီး ခဲပြာရောင် မျက်လုံးများ ခဏမျှမှိတ်သွားကာ ခဏအကြာတွင် မပျော်မရွှင် ဖြစ်သွားသည်။
ကုယွီမြန်က ငါ့လူ … ငါ ကုယွီမြန်ကို မပေးနိုင်လိုက်ဘူး…
“...”
ရှို့ဟန်က ကုယွီမြန်ကို အိပ်ရာထဲသို့ ပို့ပေးပြီး စျေးဝယ် စာရင်း(ဝယ်ဖို့ စီစဉ်ထားပြီး မဝယ်ရသေးတဲ့စာရင်း)ကိုကြည့်ရန် လေထဲတွင် အလင်းပြသည့်စခရင်ကို ဆိုင်းငံ့ထားသည်။
“မင်း ဘာကြိုက်လဲ...”
သူ့လူသားကို မေးလိုက်သည်။
ကုယွီမြန်က အိပ်ပျော်နေသည်မှာ သေချာသောကြောင့် အဖြေ မရှိပေ။
ထို့ကြောင့် တစ်စုံတစ်ယောက်က ဝန်ထုပ်ဝန်ပိုး ဖြစ်မနေဘဲ မြင်မြင်သမျှအရာအားလုံးကို ဝယ်ယူသည်။
ထို ညနေခင်းတွင်
ကြယ်ကွန်ရက်၏ အကြီးဆုံး အမြန်ချောပို့ကုမ္ပဏီ ကြီးမှာ ဖောက်သည်အချို့က ကြယ်ကွန်ရက်၏ အဓိကစျေးဝယ်ပလပ်ဖောင်းတွင် သန်းပေါင်းများစွာတန်သော ဇိမ်ခံအိမ်ခြံမြေများနှင့် သာမာန်လူများ စိတ်ကူးမယဉ်နိုင်သည့် ဇိမ်ခံကားများထဲတွင် ဇိမ်အရှိဆုံးသန်းပေါင်းများစွာသော ဇိမ်ခံလေပေါ်ဝဲ ကိရိယာများကို ဝယ်ယူပြီးနောက် သူတို့ တစ်ညတာလုံး အလုပ်လုပ်ခဲ့ရသည်။
နောက်တစ်နေ့တွင် ကုယွီမြန်က သမ်းဝေလျက် တံခါးကိုဖွင့်လိုက်သည်။
ထို့နောက် သူက တောင်ငယ်တစ်ခုကဲ့သို့ အမြန်ချောပို့ ပစ္စည်းမျိုး စုံကြားထဲတွင် နစ်မြုပ်သွားခဲ့သည်။
ကုယွီမြန် : "ဟမ် …"
🐯🐯🐯