🌍Chapter 226
ကြက်ဆင်ဥတစ်ဖက်ခြမ်းမှ အခြေအနေတို့ကို ထန်မော့မသိနိုင်ချေ။ အလင်းနံရံတဖန်ပျောက်ကွယ်သွားလျှင်ပစ္စည်းအခု၂၀ပေါ်လာခဲ့ပြန်သည်။
ထန်မော့နှင့် ဖူ၀မ်သော်ကြားမှာ တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်မှုမှာ စကားလုံးများနှင့် ရှင်းပြ၍မရချေ။ ဥပထမာ ထန်မော့သည် ဂိမ်းမှာ အမှန်တကယ်တော့ ရိုးရှင်းကြောင်း အကျဥ်းချုပ်ဆိုလိုက်သည်နှင့် ဖြေရှင်းနည်းကိုသိပြီးဖြစ်ကြောင်း ဖူ၀မ်သော် နားလည်ပြီးဖြစ်သည်။
မှန်၏။ ထန်မော့သည် ဂိမ်းကို အမှန်တကယ် ရှင်းနိုင်မည့်နည်းကိုရှာတွေ့သွားခြင်းဖြစ်လေသည်။
တကယ်တမ်းတွင် အားလုံးက ရိုးရှင်းလှသည်။ အဖြေကိုသိပြီးနောက် အရာအားလုံးကိုပြန်ကြည့်လိုက် ချိန်တွင် အဓိပ္ပါယ်ရှိနေခဲ့သည်။
သူတို့ တစ်ခုခုကြောင့် မမြင်နိုင်အောင် ကာဆီးခံထားရခြင်းသာ။
ထန်မော့ ဤဂိမ်းကို ရှင်းလင်းနည်း၏ ၉၀ရာခိုင်နှုန်းကို ဖမ်းဆုပ်မိထားချေပြီ။ သို့သော် သူအလိုရှိသလို လုပ်၍မရနိုင်သေးပေ။
၆ကြိမ်မြောက် စတင်ခဲ့ပြီး ထန်မော့စကားများများစားစား မဆိုခဲ့ချေ။ ခါတိုင်းလိုပင် အသင်း၂သင်းမှာ ဘုတ်ပြားပေါ်တွင် ရွေ့လျားနေကြပြီး ထန်မော့က မျက်နှာပြောင်လေးအကွက်၏ အလင်းအမှောင် ပြောင်းလဲကာ ၂သင်းလုံးအနိုင်မရရှိခဲ့ချေ။
ထိုကဲ့သို့တူညီသော အခြေအနေမျိုး နောက်ထပ် ၂လှည့်စာ ထပ်၍ဖြစ်ပေါ်ခဲ့သည်။
ကိုးကြိမ်မြောက်တွင် ပစ္စည်း အခု၂၀ထပ်၍ပေါ်လာပြန်သည်။ ပိုင်ရို့ယောင်မှာ စာအုပ်၂အုပ်ရှိနေသော တည်နေရာကိုကြည့်လိုက်သည်။ သူကမျက်တောင်ခတ်လျက် တမင်လုပ်ယူထားသော အသံဖြင့်ဆိုလာသည်။
"ထန်ထန်..မင်း ခုနကတည်းက ငါ့ကိုအတော်လေးစိုက်ကြည့်နေတာပဲ...ဟီးဟီး ငါကချောလို့လား"
ထန်မော့ကသဘောတူလိုက်သည်။
"အင်း...အရမ်းပဲချောတယ်"
ပိုင်ရို့ယောင်"..."
ပိုင်ရို့ယောင်မှာ တမင်လုပ်ယူကာ ထိုအသံဖြင့်မေးခဲ့သော်လည်း ထန်မော့က အမှန်တကယ် သဘောတူလာသောအခါ သူမရယ်နိုင်ခဲ့ချေ။ သသသည်ထန်မော့ကို ဂရုတစိုက်စိုက်ကြည့်လျက် ထန်မော့၏ အမူအရာမှ တစ်ခုခုကိုရှာဖွေရန်ကြိုးစားလိုက်သည်။ ရုတ်ချည်း ထန်မော့ကမေးလိုက်သည်။
"မင်းလည်း ငါ့ကိုကြည့်ကောင်းတယ်ထင်လို့လား"
ပိုင်ရို့ယောင်"..."
ဤသည်မှာ သူသိသော ထန်မော့ လုံး၀မဟုတ်ချေ။
ထန်မော့ကပြုံးလိုက်သည်။
"ဒီလိုဆို သူကရော ကြည့်ကောင်းတယ်လို့ထင်လား"
ပိုင်ရို့ယောင် လျို၀မ်ရှန်းကိုလှည့်ကြည့်လိုက်သည်။
လျို၀မ်ရှန်းမှာလည်း တန့်သွားခဲ့လေသည်။
ပိုင်ရို့ယောင်မှာ တွန့်ဆုတ်မနေခဲ့ချေ။
"ရုပ်ဆိုးတယ်"
လျို၀မ်ရှန်း"..."
ထန်မော့ကဆိုသည်။
"သူကအဆင်ပြေပါတယ် အဲဒီဘောင်အနက်နဲ့ မျက်မှန်ကို ချွတ်လိုက်ရင် အဲလောက်မဆိုးပါဘူး"
ပိုင်ရို့ယောင်က ပြုံးလိုက်သည်။
"အဲဒါက သူဘယ်သူနဲ့ အယှဥ်ခံရလဲဆိုတဲ့အပေါ် မူတည်တာပေါ့..ထန်ထန် မင်းနဲ့ယှဥ်ရင် သူက အရမ်းရုပ်ဆိုးတယ်"
ထန်မော့မျက်ခုံးပင့်လိုက်ကာ ဘာမှမဆိုတော့ချေ။
ထိုစဥ် အနက်ရောင်မျှော်စင်၏ ကြေညာသံကိုကြားလိုက်ရသည်။
"တင်းတောင်~ ကိုးကြိမ်မြောက်ဂိမ်း စတင်ပါပြီ ...
ကစားသမား၁ ၆ကွက်ရွေ့နိုင်ပါတယ်
ကစားသမား၂ ၆ကွက်ရွေ့နိုင်ပါတယ်
ကစားသမား၃ ၄ကွက်ရွေ့နိုင်ပါတယ်
ကစားသမား၄ ၃ကွက်ရွေ့နိုင်ပါတယ်"
ဤအလှည့်တွင် စာအုပ်၂အုပ်မှာ B2နှင့် C1တို့တွင် ဖြစ်သည်။ ပိုင်ရို့ယောင် လင်းရှန်းရှီနှင့် လျို၀မ်ရှန်းတို့မှာ ထိုစာအုပ်ကွက်ကိုရောက်ရှိနိုင်သော်လည်း ထန်မော့က မရောက်နိုင်ချေ။ ခါတိုင်းလိုပင် ထန်မော့နှင့် လင်းရှန်းရှီတို့မှာ ရွေ့ရသော အကွက်နည်းပါးလှသည်။ ပိုင်ရို့ယောင်နှင့် လျို၀မ်ရှန်း ၂ကွက်ရွေ့ပြီးသည်အထိသူတို့ ရပ်နေခဲ့ကြသည်။ တတိယအကြိမ်အရွေ့တွင် လင်းရှန်းရှီက ရှေ့သို့တစ်လှမ်းလှမ်းကာ A2တွင်ရပ်လိုက်လေသည်။
ပိုင်ရို့ယောင်နှင့် လျို၀မ်ရှန်းတို့မှာ စာအုပ်၂အုပ်ရှိသော အကွက်များကိုရောက်ရှိသွားကြသည်။
လျို၀မ်ရှန်းက ၂ကွက်လုံးတစ်ဖက်အသင်းမှ ရမသွားစေရန် တစ်ကွက်အနည်းဆုံးရရှိအောင်လုပ်ရတော့မည်ဖြစ်သည်။
နောက်ဆုံးအရွေ့တွင် ပိုင်ရို့ယောင်က C1တွင် ရပ်လိုက်ပြီး လျို၀မ်ရှန်းက B2တွင်ရပ်လိုက်သည်။
ပိုင်ရို့ယောင်၏ အကွက်မှာ လင်းနေပြီး လျို၀မ်ရှန်း၏ အကွက်မှာ မှောင်နေကာ..မျက်နှာပြောင်လေး၏ အကွက်မှာ လင်းနေခဲ့သည်။
လင်းရှန်းရှီ ထိုအခြေအနေကိုကြည့်လျက် သူမ၏အမူအရာမှာ ပြောင်းလဲမသွားခဲ့ချေ။
သူမသည်B3တွင်ဖြစ်သည်။ လျို၀မ်ရှန်း၏ အကွက်ကိုလင်းမလာစေရန် B4သို့မသွားသ၍ ထန်မော့အသင်းမှာ ဤအလှည့်ကို မနိုင်နိုင်ချေ။ ထန်မော့က လျို၀မ်ရှန်း၏ အကွက်ကို ထိန်းချုပ်နိုင်စွမ်းမရှိပေ။
လင်းရှန်းရှီ သိပ်မတွေးပဲ A3သို့သွားရန်ပြင်လိုက်သည်။ သူ B4သို့မသွားသ၍ ဘယ်ကိုသွားသွား ကိစ္စမရှိချေ။ သူမခြေထောက်ကို မြောက်လိုက်စဥ်မှာပင် တည်ငြိမ်သော အမျိုးသားအသံတစ်ခုကိုကြားလိုက်ရလေသည်။
"၀ံပုလွေပြန်ရောက်လာရင် ပထမဆုံးသေမယ့်လူက မင်းဆိုတာ ပိုင်ရို့ယောင်ပြောခဲ့သေးလား"
လင်းရှန်းရှီ ချက်ချင်းတန့်သွားလျက် ထန်မော့ကို လှည့်ကြည့်လိုက်သည်။
ကျယ်၀န်းသော အပြာရောင်ဘုတ်ပြားပေါ်တွင် ချောမောသော လူရွယ်လေးမှာ အိတ်ကပ်ထဲ လက်ကိုထည့်လျက် တိတ်တဆိတ်ဆိုလာသည်။
"၀ံပုလွေကြီးက ကစားသမားတွေကို ဦးစားပေးမှုအစဥ်လိုက်အတိုင်းအမဲလိုက်တာ..နောက်ဆုံးတစ်ခေါက်က သူမင်းနောက်ကို ၃မိနစ်လောက်လိုက်ခဲ့တယ်...မင်းရဲ့ကျိုးနေတဲ့ ညာလက်က ခုထိပြန်မကောင်းသေးဘူး"
ပိုင်ရို့ယောင်ပါးစပ်ကို ဖွင့်လာခဲ့သည်။
"ဟီးဟီး..ထန်ထန်.."
ထန်မော့ သူ့အားလျစ်လျူရှူလျက် လင်းရှန်းရှီကိုသာ စိုက်ကြည့်နေခဲ့သည်။
"ငါ့အလိုလိုသိစိတ်ကအမြဲမှန်တတ်တယ်...မင်းအသင်းဖော်လည်း ဒါကိုသိနေလောက်မှာပဲ ..နောက်တစ််ခါ၀ံပုလွေရောက်လာရင် သူကမင်းကို ၃မိနစ်ပဲလိုက်မှာမဟုတ်ဘူး ၆မိနစ်...၁၀မိနစ်လည်း ဖြစ်သွားနိုင်တယ်"
ထန်မော့မှာ အလွန်တည်ငြိမ်နေခဲ့သည်။
"လင်းရှန်းရှီ မင်း ၆မိနစ်လောက်တောင့်ခံနိုင်လား"
လင်းရှန်းရှီက တည်ငြိမ်စွာတုန့်ပြန်လာသည်။
"ဦးစားပေးမှုအစဥ်လိုက်လား...ကျွန်မသိသားပဲ ကျွန်မအသင်းဖော်နဲ့ဆွေးနွေးထားပါတယ်"
ပိုင်ရို့ယောင်ကမျက်တောင်ခတ်လိုက်သည်။
"ထန်ထန် မင်းရင်ထဲမှာ ငါကငါ့အသင်းဖော်ကို ဒါလေးတောင်မပြောပြဘဲ သစ္စာဖောက်မယ့်သူမျိုးလား"
"ဒါဆိုနောက်တစ်ကြိမ်၀ံပုလွေရောက်လာတဲ့အခါ သူမင်းကိုကူပေးမလား ဒါမှမဟုတ် မင်းကိုသေခိုင်းလိုက်မလားဆိုတာရောပြောဖူးလား...ဘာလို့ဆို မင်းသေသွားရင် သူတစ်ယောက်တည်းကျန်ပြီး ငါတို့၂ယောက်နဲ့ ရင်ဆိုင်ရရင် သူ့အတွက် အခွင့်မသာဘူးလေ"
ပိုင်ရို့ယောင်အပြုံးကအေးခဲသွားပြီး လင်းရှန်းရှီ၏ မျက်လုံးများက ပြူးကျယ်လာခဲ့သည်။
ထန်မော့ကဆက်၍ပြောလိုက်သည်။
"ဒါဆို နောက်တစ်ကြိမ်၀ံပုလွေရောက်လာတဲ့အခါ မင်းတင်မဟုတ်ပဲ ငါ့အသင်းဖော်လည်း သေမယ်ဆိုရင်ရော"
လျို၀မ်ရှန်း၏ကိုယ်မှာအေးခဲသွားခဲ့သည်။
"မင်းတစ်ယောက်တည်းသေရင် အခြေအနေက မကောင်းလှဘူးပေါ့..သူကအဲလိုဖြစ်ခွင့်မပေးပဲ မင်းကို ကူညီပေးလိမ့်မယ်...ဒါပေမယ့် နောက်တစ်ကြိမ်မှာ ငါ့အသင်းဖော်လည်း ၀ံပုလွေကြီးကိုတောင့်မခံနိုင်လောက်ဘူး ဘာလို့ဆို သူ့ကိုကူပေးရင် ဘာဖြစ်လာမလဲ ဘယ်သူမှမသိတာ..၀ံပုလွေကပိုဒေါသထွက်လာပြီး ၂ယောက်လုံးကိုသတ်လိုက်တာလဲဖြစ်နိုင်တာပဲ...ငါကတောင် လျို၀မ်ရှန်းကို မကူညီနိုင်တာ ပိုင်ရို့ယောင်က မင်းကိုကယ်ပေးမယ်လို့ ဘယ်လိုများ ယုံနေရတာလဲ"
လင်းရှန်းရှီ၏ နှုတ်ခမ်းများလှုပ်ခတ်သွားသော်လည်း ဘာမှမဆိုနိုင်ချေ။
ပိုင်ရို့ယောင်၏ မျက်လုံးများမှာ တဖြည်းဖြည်း အေးစက်လာခဲ့သော်လည်း ထန်မော့၏စကားကို မငြင်းဆန်နိုင်ခဲ့ချေ။
ဂိမ်းထဲသို့၀င်လာပြီးကတည်း ထန်မော့မှာ ပိုင်ရို့ယောင်ထက် ပို၍ ယုံကြည်ရသူဖြစ်ကြောင်း လူတိုင်းမြင်နိုင်သည်။ ထန်မော့သည် အသင်းဖော်ဖြစ်နိုင် ၆၀မှတ်ရှိလျှင် ပိုင်ရို့ယောင်မှာ သုညဖြစ်သည်။ သူသည် အနုတ်သဘောပင်ဆောင်သော အသင်းဖော်မျိုးဖြစ်လေသည်။
ထန်မော့တောင် လျို၀မ်ရှန်းကို ၀ံပုလွေကြီးထံမှ မကူညီလျှင် ပိုင်ရို့ယောင်က လင်းရှန်းရှီကို အဘယ်ကြောင့်ကူညီလိမ့်မည်နည်း။
လင်းရှန်းရှီမှာ အက်ကွဲနေသော အသံဖြင့်ဆိုလာသည်။
"ကျွန်မသေသွားရင် သူတစ်ယောက်တည်းကျန်ခဲ့ပြီး ရှင်တို့၂ယောက်နဲ့ .."
"မိန်းကလေးလင်း"
ထန်မော့သူမကိုဖြတ်ပြောလိုက်သည်။
"ငါဆိုလိုတာကို နားမလည်ပုံပဲ..ငါပြောတာ မင်းသေတာနဲ့ ငါ့အသင်းဖော်မှာလည်း အသက်ရှင်ဖို့နည်းလမ်းမရှိဘူး..မင်းတို့၂ယောက်လုံးသေတာနဲ့ ငါနဲ့ပိုင်ရို့ယောင်ပဲ ကျန်ခဲ့မှာ.. 1vs2က သူ့အတွက်ဆိုးပေမယ့် 1vs1ကတော့ အရေးမကြီးဘူးလေ...ပြီးတော့ ငါကသူ့ထက်အရင်သေရမှာ...ပြီးတော့ သူနိုင်သွားမယ် အခုထိ မင်းနားမလည်သေးဘူးပဲ"
ထန်မော့ခေါင်းကိုမော့လျက် ပြုံးလိုက်သည်။
"မိန်းကလေးလင်း ပိုင်ရို့ယောင်ရဲ့မျက်လုံးထဲမှာ မင်းရဲ့အသက်ဆိုတာ ဘာမှမဟုတ်ဘူး"
သူ၏အသံမှာ ၀န်းတစ်ခုလုံးပျံ့နှံ့သွားလျက် ပဲ့တင်ထပ်နေခဲ့သည်။
မျက်နှာပြောင်လေးမှာ စားပွဲတွင်မေးထောက်လျက် လင်းရှန်းရှီနှင့် ထန်မော့တို့အားကြည့်နေခဲ့လေသည်။
ထို့နောက် လင်းရှန်းရှီ ဖြူဖျော့လျက် ပိုင်ရို့ယောင်ကိုလှည့်ကြည့်လိုက်သည်။
ပိုင်ရို့ယောင် ပုခုံးကိုတွန့်ကာ ပြုံးလိုက်သည်။
"ငါ့ကိုလာမကြည့်နဲ့...ငါဘာမှမပြောဘူးနော်...သူပဲပြောတာ"
လင်းရှန်းရှီ အေးခဲသွားမိသည်။
သူမဤလူ၏စကားကို ယုံနိုင်ပါမည်လား..
ထန်မော့ နှုတ်ခမ်းကိုဖွင့်လျက် ထပ်ဆိုလိုက်သည်။
"မိန်းကလေးလင်း B4ကိုသွားပြီး ငါ့အသင်းဖော် အကွက်မီးလင်းအောင် လုပ်ပေးပါ"
ပိုင်ရို့ယောင်မှာ ပြုံးနေဆဲဖြစ်ပြီး ထန်မော့အား ထူးဆန်းသော မျက်၀န်းတို့ဖြင့်ကြည့်နေခဲ့လေသည်။
လင်းရှန်းရှီမှာ တုန်လှုပ်စွာ ထန်မော့ကိုကြည့်နေခဲ့လေသည်။ သူမ၏နှုတ်ခမ်းတို့လှုပ်ရှားသွားသော်လည်း ဘာမှမဆိုနိုင်ခဲ့ချေ။
"အခု မင်းနဲ့ငါက မရွေ့ရသေးပဲနောက်ဆုံးကျန်တဲ့သူတွေပဲ...ငါတို့မှာ ၁ကွက်စီပဲ ရွေ့ခွင့်ရှိတော့တယ်..ငါတို့၂သင်းပူးပေါင်းတာက ပိုင်ရို့ယောင်နဲ့ရော လျို၀မ်ရှန်းနဲ့ရောမဆိုင်ဘူး မင်းနဲ့ငါ့ရဲ့ကြားပဲ...မင်းB4ကိုသွားပြီး ငါ့အသင်းဖော်ရဲ့ အကွက်ကိုလင်းအောင်လုပ်ပေးရင် ငါ E4ကိုသွားပြီး မျက်နှာပြောင်လေးရဲ့ အကွက်ကို
မပိတ်အောင်လုပ်ပေးမယ်...ဒီနည်းနဲ့ ပိုင်ရို့ယောင်ရော လျို၀မ်ရှန်းရော ၂ယောက်လုံး စာအုပ်ကို မျက်နှာပြောင်လေးဆီပေးလို့ရတယ် ဒါဟာငါတို့ပူးပေါင်းမှုပဲ"
ပိုင်ရို့ယောင်ကရုတ်တရက်ဆိုလာခဲ့သည်။
"၂သင်းလုံးစာအုပ်ကိုပေးလိုက်ရင် ငါတို့၄ယောက်လုံး ၀ံပုလွေလက်ချက်နဲ့ သေမှာမဟုတ်ဘူးလား"
လင်းရှန်းရှီ သူမ၏ခေါင်းကို တောင့်တင်းစွာလှည့်ကြည့်လာခဲ့သည်။
ထန်မော့ပြုံးလိုက်သည်။
"ဒါဆို ဇာတ်ကြောင်းကဆက်သွားမှာပေါ့ သူတို့၂ယောက်သေသွားမယ် မင်းနဲ့ငါကျန်ခဲ့မယ် ဒီရွေးချယ်မှုကအရေးမကြီးပါဘူး ဒါပေမယ့် ဦးစားပေးအစဥ်လိုက် မရှိတော့ဘူးဆိုတော့ မင်းငါ့ထက် အရင်သေလည်း သေသွားနိုင်တာပေါ့"
ပိုင်ရို့ယောင်ရယ်လိုက်သည်။
"ဟီးဟီး...ရှောင်လင်းရှန်းရှီလေး..."
လျို၀မ်ရှန်းအံကိုကြိတ်လျက် ထန်မော့ကိုကူညီရန်ဆုံးဖြတ်လိုက်သည်။
"မိန်းကလေးလင်း ငါတို့၂ယောက်လုံးကဒီဂိမ်းမှာ ပိတ်မိနေတာအတော်ကြာပြီ...ဖြစ်နိုင်ရင် ဒီဂိမ်းထဲဘယ်တော့မှရောက်မလာမိဖို့ငါဆုတောင်းမှာ...ထန်မော့က လောလောဆယ်မှန်တယ်..သူကတရုတ်ပြည်မှာ ပထမဆုံး မျှော်စင်တတိယထပ်ကိုရှင်းထားတဲ့သူပဲ...သူ့သန်မာမှုကိုလည်းပြောနေစရာမလိုဘူး သူပေးတဲ့နည်းက ကျိန်းသေငါတို့အားလုံးအသက်ရှင်နိုင်မယ့်နည်းမျိုးပဲဖြစ်မှာ ငါကတော့ သူ့ကိုယုံတယ်"
ပိုင်ရို့ယောင်က မီးလောင်ရာလေပင့်လိုက်သည်။
"အားလုံးအတူသေကြတာပေါ့နော်"
လျို၀မ်ရှန်းမှာ ဒေါသထွက်စွာ ထိုငကြောင်အား ပါးစပ်ပိတ်ထားရန်အော်ပစ်ချင်ခဲ့သည်။ သို့သော် သူမလုပ်ရဲချေ။
အချိန်များကုန်လွန်သွားသော်လည်း လင်းရှန်းရှီ B3တွင်ရပ်နေရာမှ မလှုပ်ခဲ့ချေ။
အနက်ရောင်မျှော်စင်၏ အေးစက်သော အသံကိုကြားလိုက်ကြရသည်။
"တင်းတောင်~ ကစားသမား၃ ကျေးဇူးပြု၍ ရွေ့မယ့်အကွက်ကိုသွားပေးပါ"
ပိုင်ရို့ယောင်" ထန်ထန်နဲ့အတူသေရမှာဆိုးတော့မဆိုးပါဘူး"
လျို၀မ်ရှန်းကလည်းဆိုလာသည်။
"မိန်းကလေးလင်း ငါကတော့ ထန်မော့ကိုယုံတယ်"
ထန်မော့ကပြုံးလိုက်သည်။
"ဟမ်း...ငါ ဘာပြောရမလဲ ငါ့ကိုယ်ငါယုံတယ်လို့လား"
လင်းရှန်းရှီ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်နှင့် အသက်ကိုပြင်းစွာရှူနေခဲ့သည်။ သူမ၏နဖူးတွင် ချွေးများစို့လျက် သူမ၏အင်္ကျီမှာလည်း ချွေးများနှင့် စိုရွှဲနေခဲ့သည်။ ပိုင်ရို့ယောင်၏ တွန့်လိမ်လိမ်အသံ လျို၀မ်းရှန်းနှင့်တောင်းဆိုသံနှင့် ထန်မော့၏ ပူပန်မှုကင်းသော အသံတို့မှာ သူမ၏နားထဲတွင်ရောထွေးလျက် သူမကိုတုန်လှုပ်လာစေသည်။
"တော်ကြတော့"
ရုတ်ချည်း သူမ၏နီရဲနေသော မျက်လုံးများကို ဖွင့်လိုက်ပြီး B4သို့လှမ်းလိုက်တော့သည်။
တပြိုင်တည်းမှာပင် လျို၀မ်ရှန်း၏ အကွက်မှာ မီးလင်းလာပြီး လေပေါ်တွင် ၀ဲနေသော စာအုပ်မှာလည်း အပြာရောင် ဖျော့ဖျော့လင်းလာခဲ့သည်။
ပိုင်ရို့ယောင်၏မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှရှိမနေပါချေ။ သူကပြုံးသာပြုံးနေခဲ့သည်။ ဒေါသထွက်မနေသလို ပျော်နေပုံလည်းမပေါက်ချေ။ ခံစားချက်မှန်သမျှအား ထိုထူးဆန်းသော အပြုံးအောက်တွင် ဖုံးကွယ်ထားပြီး ခန့်မှန်းရခက်စေသည်။
လျို၀မ်ရှန်း လဲပြိုကျလုနီးပါးပင်။ သူလည်းအသက်ရှင်လိုသည်။ ထန်မော့သာ သူ့ကိုမကူညီပါက သူ့အနေနှင့် ၀ံပုလွေ၏တိုက်ခိုက်မှုကို ခံနိုင် မခံနိုင်မသေချာချေ။
ယခုတွင် ထန်မော့သည် မျက်နှာပြောင်လေး၏ အကွက်ကို မီးမပိတ်စေသ၍ သူတို့ ဤဂိမ်းကို ရှင်းနိုင်လိမ့်မည်။
ထန်မော့ လင်းရှန်းရှီ၏ ရွေးချယ်မှုကိုမြင်လျှင် ခန့်မှန်းရခက်သော အမူအရာတစ်ခု သူ၏မျက်နှာပေါ် ဖြတ်ပြေးသွားခဲ့သည်။ သူသည် E4တွင်ရပ်လိုက်ကာ မျက်နှာပြောင်လေး၏ အကွက်ကို မီးမပိတ်စေခဲ့ချေ။
သူထိုအကွက်ကိုနင်းလိုက်သည်နှင့် မြူးကြွသော တေးသွားတစ်ခုက ပီကင်းတက္ကသိုလ်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့လေသည်။ ကလေးများသံပြိုင်သီဆိုနေသော ပျော်ရွှင်ဖွယ်သီချင်းသံက မျက်နှာပြောင်လေးအား စိတ်ပျက်လက်ပျက်နှင့် နားကိုပိတ်လိုက်စေသည်၊
"မကြားချင်ဘူး ဒါကြီးကိုနားမထောင်ချင်ဘူးလို့"
"နေရောင်ဟာတောက်ပနေပါတယ်...ပန်းကလေးတွေက ရယ်မောနေကြတယ် ..ငှက်ကလေးတွေကမေးတယ် ..ဘာလို့အိတ်ကလေးကို အစောကြီးသယ်လာတာလဲတဲ့..."
ထိုကျောင်းသီချင်း အဆုံးသတ်သွားပြီးနောက် မျက်နှာပြောင်လေးမှာ စားပွဲတွင်မှောက်ချကာ ငိုတော့သည်။
"စာမဖတ်ချင်ဘူး စာမဖတ်ချင်ဘူးလို့ လုံး၀စာမဖတ်ဘူးလို့"
၅×၅ ဘုတ်ပြားပေါ်တွင် အလင်းများမှာ ပျောက်ကွယ်သွားပြီး အသုံးမ၀င်သော ပစ္စည်းများအားလုံးလည်းပျောက်ကွယ်သွားခဲ့သည်။ ပိုင်ရို့ယောင်နှင့် လျို၀မ်ရှန်း တို့၏ အကွက်မှ စာအုပ်၂အုပ်မှာ လေထဲတွင် ၀ဲနေခဲ့သည်။
လျို၀မ်ရှန်းက စာအုပ်ကို လှမ်းယူလိုက်ပြီး ပိုင်ရို့ယောင်က ခေါင်းကိုခါလျက် ရေရွတ်လာသည်။
"ပျင်းဖို့ကောင်းလိုက်တာ"
စာအုပ်ကိုယူကာဆိုလိုက်သည်။
ဂိမ်းမှာပြီးဆုံးသွားပြီဖြစ်ပြီး ၂ယောက်သားမှာ ထိုစာအုပ်များကို မျက်နှာပြောင်လေးကိုပေးရန်အသင့်ဖြစ်နေကြသည်။ သူတို့မှာ မျက်နှာပြောင်လေး၏ အကွက်ကို သွားရန်ပြင်လိုက်စဥ်မှာပင် အနက်ရောင်မျှော်စင်၏ ကြေညာသံကို တဖန်ကြားလိုက်ရလေသည်။
"တင်းတောင်~ ကစားသမားထန်မော့ဟာ အဓိကမစ်ရှင်ဖြစ်တဲ့'ခပ်ညံ့ညံ့အရည်အသွေးနဲ့ ပစ္စည်းတွေထဲမှာ မျက်နှာပြောင်လေးက အသာဆုံးပဲ' ကိုရှင်းလင်းလိုက်ပါပြီ...ဆုအဖြစ် မျက်နှာပြောင်လေးရဲ့ မှော်မီးခြစ်ဆံကို ရရှိမှာပါ...ကစားသမားထန်မော့က ဂိမ်းကိုတစ်ဦးတည်းသီးသန့်ရှင်းလင်းခဲ့တာကို တွေ့ရတဲ့အတွက် အပိုဆုအဖြစ် မျက်နှာပြောင်လေးရဲ့အနမ်းကို ရရှိသွားမှာဖြစ်ပါတယ်"
အနက်ရောင်မျှော်စင်၏ကြေညာသံရပ်တန့်သွားခဲ့သည်။ ထို့နောက် လျို၀မ်ရှန်း ပိုင်ရို့ယောင်နှင့် လင်းရှန်းရှီတို့အပြင် မျက်နှာပြောင်လေးကပင် သူ့ကိုထူးဆန်းစွာကြည့်လာခဲ့သည်။
ပိုင်ရို့ယောင်၏ လက်များမှာ ပါးလွှာသော စာအုပ်ကို တင်းတင်းဆုပ်လိုက်မိသည်။ ဤသည်မှာ ပထမဆုံး...မဟုတ်သေး...ဤသည်မှာ ဒုတိယအကြိမ် ထန်မော့ကို သူအခုလိုကြည့်မိခြင်းဖြစ်သည်။ သူသည် တည်ငြိမ်စွာရပ်နေသော လူရွယ်ကို ကြည့်လျက် ဒေါသတကြီးဖြင့် သူ၏လက်ထဲမှ စာအုပ်ကို ဆွဲဖြဲပစ်လိုက်သည်။
ပိုင်ရို့ယောင် ရယ်လိုက်သည်။
"ထန်မျိုးရိုး.. မင်း ငါ့ကို သောက်ကျိုးနဲ ကစားသွားတာပဲ"
****
စာရေးသူမှာပြောစရာရှိတယ်:
ထန်ထန်: ဒီဟာကတကယ် ဥာဏ်ရည်မသန်စွမ်းအဆင့်ဂိမ်းပဲ..
လူအိုကြီးဖူ: ငါ့မိန်းမတော်တယ်...
ဥာဏ်ရည်မသန်စွမ်းသူ ပိုင်ရို့ယောင်: ထန်မျိုးရိုး@!##$!
🌍