အပိုင်း ၁၂၁
Viewers 32k

မပြန်ခင်တစ်ရက်အလိုတွင် ဖုကျန်းတို့နှစ်ဦးသည် မင်္ဂလာပွဲတစ်ပွဲကိုလည်း တက်ရောက်ခဲ့ကြသည်။ ပွဲတင်ဆက်သူက သူတို့ကို အဖြူရောင် လည်စည်းပဝါလေးတစ်ခုစီပေးသည်။ နှစ်ဦးသား မင်္ဂလာပွဲမှထွက်ခွာလာကြပြီးနောက်တွင် အရှေ့ရှိမျက်စိတစ်ဆုံးလမ်းမကြီးမှ နှင်းဖုံးနေသောတောင်တန်း၏ ခြေရင်းရောက်သည်ထိ လမ်းလျှောက်ဖြစ်ခဲ့ကြသည်။
တောင်ပေါ်တက်ဖို့တော့ သူတို့ စိတ်မကူးထားပေ။ ဖုကျန်း၏ခြေထောက်က အပြည့်အဝပြန်ကောင်းမွန်သွားပြီးဖြစ်သော်ငြား ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်တော့ လုပ်လို့မရပါချေ။
နှင်းတောင်၏အောက်ခြေ၌ လေအနည်းငယ်ထန်နေသည်။ ဖုကျန်း၏လည်တိုင်တွင် ပတ်ထားသော လည်စည်းလေးက လေနှင့်အတူ လွင့်ပါသွားသည်။ ကျန်းဟန်ရှုက လည်စည်းပဝါလေးကို လှမ်းဖမ်းလိုက်ပြီး ဖုကျန်းကို ခပ်တင်းတင်းလေးပြန်ပတ်ပေးလိုက်ကာ သူ၏နဖူးပေါ်သို့ နူးညံ့ညင်သာသော အနမ်းလေးတစ်ပွင့်ခြွေလိုက်သည်။
လင်းယုန်တစ်ကောင်က မိုးသားကောင်းကင်ထက် ဖြတ်ပျံသွားသည်။ မြောက်မြားစွာသော ဝတ်ပြုဆုတောင်းအလံများက လေနှင့်အတူ တဖျပ်ဖျပ် လွင့်နေကြပြီး အဝေးတစ်နေရာမှ ဝတ်ပြုဆုတောင်းသံများနှင့် ရောယှက်လို့သွားသည်။ ရေခဲ၊ ဆီးနှင်းခဲများက အရည်ပျော်ကျကာ စမ်းချောင်းလေးထဲသို့ စီးဆင်းသွားလျက် နေရောင်အောက်တွင် ဖျိုးဖျိုးဖျဖျတောက်လဲ့နေသည်။
ကျန်းဟန်ရှု ဖုကျန်း၏နဖူးလေးကို နမ်းရှိုက်နေသောမြင်ကွင်းက ပတ်ဝန်းကျင်နှင့်ပါ လွန်စွာလိုက်ဖက်ညီနေသည်။ မြင်ကွင်းလေးက အလွန်နွေးထွေးကာ ကြည်နူးဖွယ်ကောင်းနေသဖြင့်
လူတစ်ယောက်က မသိလိုက်ခင်မှာပဲ ဓာတ်ပုံရိုက်ယူလိုက်မိသည်။ သို့တိုင် ထိုလူမှာ သူတို့နှစ်ယောက်ကို မည်သူမည်ဝါမှန်းမသိပါချေ။
ထို့နောက် ထိုလူသည် ပုံကိုအနည်းငယ် ပြင်ဆင်မွမ်းမံလိုက်ပြီး များများစားစားတွေးမနေဘဲ “နှင်းတောင်ခြေမှာ အနမ်းပေးနေကြတဲ့ ချစ်သူနှစ်ယောက်”ဟူသော စိတ်ဝင်စားဖွယ်ခေါင်းစဉ်နှင့်အတူ ပုံကို သူငယ်ချင်းများထံသို့ ပို့လိုက်လေသည်။
ဤဖြတ်သွားဖြတ်လာလူက ကျန်းဟန်ရှုနှင့် ဖုကျန်းကို မသိပါသော်ငြား သူ့သူငယ်ချင်းများထဲတွင်တော့ မျက်စိရှင်သူများရှိသဖြင့် ပုံကိုတစ်ချက်ကြည့်လိုက်တာနဲ့တင် တန်းမှတ်မိသွားလေသည်။ ဒါက ကျန်းဟန်ရှုနှင့် ဖုကျန်းမဟုတ်လား...
၎င်းက နှုတ်ခမ်းကိုနမ်းသောအကြင်နာအနမ်းမဟုတ်သော်ငြား နဖူးကိုနမ်းရှိုက်ခြင်းက နှုတ်ခမ်းကိုနမ်းရှိုက်ခြင်းထက် ခံစားချက်ပိုနက်ရှိုင်း၏။ ဤနှစ်ယောက်က လုံးဝအဖြောင့်မဖြစ်နိုင်ပါချေ...
သေသေချာချာ ပြန်စစ်ဆေးကြည့်လိုက်ပြီးနောက်တွင် ပုံကို Edit လုပ်ထားခြင်းမဟုတ်ဘဲ အမှန်တကယ် နမ်းရှိုက်နေကြခြင်းသာဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
တကယ့်သတင်းကြီးကို ရှာတွေ့သွားသည့် သူငယ်ချင်းလေးမှာ ဝေးပေါ်တွင် ချက်ချင်းပို့စ်တင်လိုက်သည်။ ထိုမျှမကသေး ကျန်းဟန်ရှုနှင့် ဖုကျန်း၏သတင်းခေါင်းစဉ်အားလုံးကိုပါ တင်လိုက်လေသည်။
ထိုဓာတ်ပုံကို ပထမဆုံးတွေ့ရှိသွားသူမှာ ပါပါရာဇီများဖြစ်၏။ သူတို့မှာ ထိုပုံကို တွေ့တွေ့ချင်း ငိုချင်းပါချချင်လာသည်။ သူတို့ တစ်လျှောက်လုံး ကျန်းဟန်ရှုနောက်ကို လိုက်ကာ ဓာတ်ပုံရိုက်ကူးခဲ့ကြသော်လည်း အဘယ်ကြောင့်များ ဒီလိုနမ်းနေကြသည့်ပုံကို တစ်ခါမှ မရိုက်ကူးမိခဲ့ရသနည်း။ ဒီ ဖြတ်သွားဖြတ်လာကျမှ အဘယ်ကြောင့် ရိုက်ကူးမိလိုက်ရသနည်း။ ယခင်က ဘယ်လောက်ပြောပြော ထိုသူနှစ်ယောက်ကို အဖြောင့်များဟု ဖင်ပိတ်ငြင်းခဲ့ကြသော အင်တာနက်သုံးစွဲသူများအတွက် ပါပါရာဇီများသည် ကျန်းဟန်ရှုနှင့် ဖုကျန်း၏ဓာတ်ပုံကို ပို့စ်ပြန်တင်လိုက်ကြလေသည်။
ယခုတလော ပါပါရာဇီများကို ဂရုတစိုက်စောင့်ကြည့်နေကြသူများမှာ ဖုကျန်းနှင့် ကျန်းဟန်ရှု၏ CP fans များဖြစ်ကြ၏။ သူတို့ဟာ ခွေးစာစာရဖို့ ပါပါရာဇီများထံမှ လျှို့ဝှက်ဓာတ်ပုံများကို မှီခိုနေကြရသည်။ ယနေ့တွင် ခွေးစာအကြီးကြီးရလိုက်သော်လည်း CP Fans များမှာ မပျော်နိုင်ကြပေ။
CP Fans များက ကျန်းဟန်ရှုနှင့် ဖုကျန်းကို အလွန်သဘောကျကြသော်လည်း သူတို့သာ တကယ်တွဲနေကြသည်ဆိုပါက ၎င်းက အိမ်ထောင်ရေးဖောက်ပြန်မှုပင်။ မည်မျှပင် ချိုမြိန်နေသည်ဆိုပါစေဦး CP fans များက လုံးဝလက်ခံကြမည်မဟုတ်ပါချေ။
ပါပါရာဇီများ၏ တစ်ယောက်ပြီးတစ်ယောက် ပို့စ်တင်မှုကြောင့် ထိုသတင်းက
အင်တာနက်သုံးစွဲသူများထံ တောမီးသို့နှယ်ပျံ့နှံ့သွားလေသည်။ ကျန်းဟန်ရှုက ဖုကျန်းနှင့် ကောင်းမွန်သော ညီအစ်ကိုဆက်ဆံရေးရှိသည့်တိုင် သူက မစ္စကျန်းကိုတော့ အလွန်ချစ်မြတ်နိုးသော ယောက်ျားတစ်ယောက်ဖြစ်သည်ဟု အားလုံးက ယူဆထားကြသည်။ ၎င်းဓာတ်ပုံထွက်လာသောအခါတွင်မူ ကျန်းဟန်ရှု၏ယခင်က ပုံရိပ်များအားလုံးက ပြိုလဲပျက်စီးသွားတော့သည်။
" ဒီလူချမ်းသာတွေကတော့ ဘယ်လိုကစားရမလဲ ကောင်းကောင်းသိကြပုံပဲ။ ချင်ကျောက်က သူ့ခယ်မကိုဖောက်ပြန်ထားတာမှ မကြာသေးဘူး၊ အခု ကျန်းဟန်ရှုက လိင်တူအိမ်ထောင်ရေးဖောက်ပြန်မှုလုပ်တယ်တဲ့။ အေး မင်းတို့ပဲ ကစားလို့ကောင်းနေလိုက်ကြ။ မစ္စကျန်းက ဒီကိစ္စကို ဘယ်လိုစဉ်းစားနေမလဲဆိုတာတောင် ငါသိချင်လာပြီ။ သူ့ယောက်ျားက ဂေးဆိုတာက သူသိရဲ့လား..."
" သူသိမှာပါ။ ကျန်းဟန်ရှုနဲ့ ဖုကျန်းက တိဗက်ကို နှစ်ယောက်တည်းထွက်သွားတာ မစ္စကျန်းက မသိဘဲဘယ်နေလိမ့်မလဲ။ သူတို့နှစ်ယောက်က စီးပွားရေးအရပဲလက်ထပ်ထားပြီး အချင်းချင်းဝင်မစွပ်ဖက်ကြတာဖြစ်မယ်..."
" ငါအံ့သြလို့ပါ။ ဟိုအရင်တုန်းက ဗွီဒီယိုတွေအရ ကျန်းဟန်ရှုက မစ္စကျန်းကို အတော်ဂရုစိုက်ခဲ့တာပါ၊ ဒါ ငါးစိမ်းမြင်လို့ ငါးကင်ပစ်တာပဲ။ မကြာဘူး သူ နောက်ထပ် ထပ်ဖောက်ပြန်ဦးမှာပဲ..."
" အပေါ်ထပ်က ကိုယ့်လူတို့ရေ ဒီကမ္ဘာမှာ ယောက်ျားကောင်းတွေလည်း အများကြီးရှိပါသေးတယ်နော်။ ပြီးတာ့ ဖုကျန်းက မစ္စကျန်းဖြစ်နိုင်တယ်လို့ တစ်ယောက်မှ မထင်ကြဘူးလား။ အဲ့ဗွီဒီယိုထဲမှာ မစ္စကျန်းရဲ့ပုံကိုလည်း သဲသဲကွဲကွဲမြင်ရတာမှမဟုတ်တာ။ ဒါ့အပြင် သူက အရပ်ကလည်း ရှည်သေးတယ်၊ ယောက်ျားတစ်ယောက်လောက်နီးနီးပဲ..."
" ဟာသတွေပြောနေတာ ရပ်ပေးလို့ရမလား၊ အိုကေ။ ကျန်းမိသားစုက ဘယ်လိုလုပ် သူတို့ရဲ့ တစ်ဦးတည်းသောသားကို ယောက်ျားတစ်ယောက်နဲ့ပေးစားမှာလဲ။ CP fans တွေများ ဦးနှောက်မကောင်းကြတော့ဘူးထင်တယ်။ ဒီနေ့ နေသာနေတယ်၊ အပြင်ထွက်ပြီး မင်းရဲ့ဦးနှောက်ထဲက ရေတွေကို နေသွားလှန်းလိုက်ပါဦး…”
" ငါ မခံစားနိုင်ဘူး၊ ငါအခုမှ ဒီ CP လေးကို သဘောကျနေတုန်းရှိသေးတယ်၊ အခုတော့ ငါနေ့လယ်စာတောင် မစားနိုင်တော့ဘူး..."
" အပေါ်ထပ်ကရေ မင်း ပူစပ်စပ် Crayfish တွေမစားချင်ချင်ဘူးလား..."
" ငါ ဂေးတွေကို လက်ခံပေမဲ့ လိင်တူဖောက်ပြန်မှုကိုတော့ လုံးဝကန့်ကွက်တယ်။ ပြီးတော့ လိင်တူလက်ထပ်မှုကလည်း ခုထိ လက်မခံထားဘူး။ မျိုးရိုးဆက်ခံဖို့ သားသမီးရှိမရှိဆိုတာ အသာထားတော့..."
" ငါ့အထင် ကျန်းမိသားစုက မျိုးရိုးဆက်ခံမယ့်သူတစ်ယောက်တော့ ရှိလောက်တယ်ထင်တယ်..."
" မင်းတို့က ဘာတွေလဲ။ တစ်ချို့ကလည်း အိမ်ထောင်ရေးဖောက်ပြန်တာတဲ့။ တစ်ယောက်ကကျ မစ္စကျန်းက ဖုကျန်းနဲ့ဆင်တယ်တဲ့။ ဟော ခုကျ ကျန်းမိသားစုက ကျန်းဟန်ရှုကို ယောက်ျားတစ်ယောက်နဲ့မပေးစားနိုင်ဘူး ပြောပြန်ရော။ မင်းတို့ စကားတွေက အဆက်အဟပ်မတည့်လိုက်တာ။ ငါကတော့ အရင်တစ်ခါ ဗွီဒီယိုထဲက မစ္စကျန်းရဲ့ပုံက ဖုကျန်းနဲ့ နည်းနည်းတူနေတယ်လို့ တွေးမိတယ်..."
.......
ထိုသတင်းခေါင်းစဉ်က အင်တာနက်ပေါ်တွင် ဟိုးလေးတကျော်ကျော်ဖြစ်နေတော့၏။ ယေဘုယအားဖြင့် အင်တာနက်သုံးစွဲသူများက နှစ်ဖွဲ့ကွဲနေသည်။ တစ်ဖွဲ့က ကျန်းဟန်ရှုသည် အိမ်ထောင်ရေးဖောက်ပြန်ပြီး ဖုကျန်းက ကြောင်တောင်နှိုက်သူဟု ထင်ကြ၏၊ ကျန်တစ်ဖွဲ့က ဖုကျန်းသည် မစ္စကျန်း ဖြစ်နိုင်သည်ဟု တွေးကြသည်။ သို့သော် ဒုတိယအဖွဲ့က ပထမအဖွဲ့ထက် အလွန်လူအင်အားနည်းလှပြီး သူတို့အသံထွက်လာသည်နှင့်တစ်ပြိုင်နက် အားလုံးက ဝိုင်းဆော်ကြသည်။ သို့ဖြစ်၍ လက်ရှိအခြေအနေမှာ နှစ်ဦးနှစ်ဖက် မမျှမတဖြစ်နေသည်။
ထိုအချိန်တွင် ဂယက်ထချင်ကြသော လူတစ်ချို့က မစ္စကျန်း ဟန်ဆောင်ကာ
Zhihu, weibo, Tieba စသော ဆိုရှယ်ပလက်ဖောင်းများတွင် စာများတက်ရေးကြသည်။
တစ်ယောက်ပြီးတစ်ယောက်ဆိုသလို သူတို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်ပမာ ဇာတ်လမ်းများထွင်ကာ ပြောကြ၏။ ကျန်းဟန်ရှုနှင့် သူမတို့ဟာ လွန်ခဲ့သည့်နှစ်နွေရာသီက မည်သို့ ချစ်ကျွမ်းဝင်ခဲ့ကြပုံ၊ နောက်ပိုင်းတွင် တတိယလူ ဖုကျန်း၏ ကြားဝင်နှောင့်ယှက်မှုကြောင့် ကျန်းဟန်ရှုနှင့်သူမ၏ ဆက်ဆံရေး အေးစက်သွားကာ ချန်လောင်၏ မင်္ဂလာရွှေရတုပွဲကို သူမအား မခေါ်ဘဲ ဖုကျန်းကိုသာ ခေါ်သွားခဲ့ပုံအထိ စီကာပတ်ကုံးဆိုလေသည်။
ဤမစ္စကျန်းက အတော်ကလေး စကားပြောကောင်းလှပြီး ကျန်းဟန်ရှုကို လူယုတ်မာဇာတ်သွင်းကာ လုပ်ကြံဇာတ်ခင်းများခင်းသည်။ သူမသည် လူချမ်းသာမိသားစု၏ချွေးမလေးဖြစ်ခဲ့ရသော်လည်း လူရွေးမှားသွားခဲ့သည်ဟု ဆိုလေသည်။ ဆတ်ဆတ်ထိမခံသော အင်တာနက်သုံးစွဲသူများမှာ ထိုမစ္စကျန်း၏ဝေးပေါ်အောက်တွင် မှတ်ချက်များသွားရေးကာ အားပေးနှစ်သိမ့်ကြပြီး၊ သူမက ပို၍ထိုက်တန်ကြောင်း၊ ဒီလို လူယုတ်မာမျိုးကို မြန်မြန်ကွာရှင်းပစ်သင့်ကြောင့် ပြောကြသည်။
သို့သည့်တိုင် တစ်ချို့လူများသည် မစ္စကျန်းအစစ်က ယခုလိုအချိန်တွင် အင်တာနက်ပေါ်၌ ပြောဆိုနေနိုင်မည်မဟုတ်ဟူ၍ ပြန်လည်ချေပလိုက်ကြသည်။ ရလဒ်အနေဖြင့် ထိုအစစ်အမှန် မစ္စကျန်းကြီးက သူမကို ကျန်းဟန်ရှုက အင်တာနက်မသုံးဖို့ ထိန်းချုပ်ထားသောကြောင့်ဟုဆိုပြီး ယခုတွင် သူမ အိမ်မှ ထွက်ပြေးလာပြီဖြစ်ကြောင်း ပြောလေသည်။
ထိုစကားက အလွန်ပင် ယုတ္တိမရှိသောကြောင့် အင်တာနက်သုံးစွဲသူများက သူမကိုလှောင်ရယ်လိုက်ကြသည်။ " မင်းက အခုအင်တာနက်ပေါ်မှာ လာတိုင်တန်းနေရမှာမဟုတ်ဘူး။ 110 ကိုခေါ်ပြီး ရဲကိုဖုန်းဆက်ရမှာ..."
အားလုံးထဲတွင် မစ္စကျန်းတစ်ယောက်က အလွန်သရုပ်ဆောင်ကောင်းသည်။
ဝေးပေါ်တွင် သူမ၏စကားပြောဟန်က ပညာတတ်အဆင့်အတန်းမြင့်အမျိုးသမီးတစ်ယောက်နှင့်တူပြီး လေယူလေသိမ်းကလည်း အလွန်ရင့်ကျက်လှသည်။ ထို့အပြင် အခြားသော မစ္စကျန်းများကဲ့သို့ မျက်ရည်ချူခြင်းမရှိဘဲ အင်တာနက်သုံးစွဲသူများကို လွယ်လင့်တကူလေး လှည့်စားနေသည်။
ဤသို့ဖြင့် အင်တာနက်သုံးစွဲသူများမှာ ထိုမစ္စကျန်းအစား မခံမရပ်နိုင်ဖြစ်နေကြသည်။ သို့သော်လည်း သူတို့မှာ အင်တာနက်ပေါ်တွင် ဆဲရေးနေရုံကလွဲပြီး မစ္စကျန်းကို ဘာမှ မကူညီပေးနိုင်ခဲ့ကြပါချေ။
ကံကောင်းထောက်မစွာဖြင့် ထိုသတင်းပျံ့ပြီး သိပ်မကြာခင် ကျန့်ရှင်းခယ်က ဖုန်းကျန်းကို ဖုန်းဆက်သွယ်လိုက်သည်။ ရိုက်ကူးရေးပြီးသွားကတည်းက ကျန့်ရှင်းခယ်က ဖုကျန်းကို ဆက်သွယ်လာခဲသည်။ ထို့ကြောင့် ဖုန်းစခရင်ပေါ်တွင် ကျန့်ရှင်းခယ်၏နာမည်ကို မြင်လိုက်ရသောအခါ ဖုကျန်းမှာ အလွန်အံ့သြသွားသည်။ သူ ဖုန်းလက်ခံလိုက်ပြီးနောက် အမေးစကားဆိုလိုက်၏။ " ဘာဖြစ်လို့လဲ..."
ကျန့်ရှင်းခယ်က တစ်ဖက်ဖုန်းမှ အလောတကြီးမေးမြန်းလာသည်။ " ခင်ဗျားနဲ့ အစ်ကိုကျန်းက အခုဘယ်ရောက်နေတာလဲ..."
" လာဆာမှာ..."
" ခင်ဗျား အခုထိ အွန်လိုင်းပေါ်မှာ ဘာတွေဖြစ်နေလဲ မသိသေးဘူးလား။ ခင်ဗျားနဲ့ အစ်ကိုကျန်း လျှို့ဝှက်ဓာတ်ပုံရိုက်ခံရတာရော မသိဘူးလား..."
" အဲ့တာဘာဖြစ်လို့လဲ..." ဖုကျန်းက အေးအေးလူလူသာ ပြောလိုက်သည်။ သူနှင့် ကျန်းဟန်ရှု လျှို့ဝှက်ဓာတ်ပုံရိုက်ကူးခံရသည်က ပထမဆုံးအကြိမ်မဟုတ်တော့ပေ။
" အဲ့တာဘာဖြစ်လို့လဲ တဲ့လား..." ကျန့်ရှင်းခယ်မှာ ယခုအချိန်ထိ တည်ငြိမ်နေဆဲ ဖုကျန်းကို ကြည့်ပြီး လေးစားသွားမိသည်။
" ဒီတစ်ခေါက်က အရင်ကနဲ့မတူဘူး။ ဓာတ်ပုံထဲမှာ အစ်ကိုကျန်းက ခင်ဗျားရဲ့နဖူးကို နမ်းနေတာ။ အခုဆို အင်တာနက်သုံးစွဲသူတွေက ခင်ဗျားကို အစ်ကိုကျန်းရဲ့အိမ်ထောင်ရေးမှာ ကြားဝင်နှောင့်ယှက်တဲ့သူလို့ ပြောနေကြပြီ..."
ဖုကျန်းသည် သူနှင့်ကျန်းဟန်ရှု၏ဆက်ဆံရေးက သူတို့နှစ်ယောက်နှင့်သာဆိုင်သော ကိုယ်ရေးကိုယ်တာကိစ္စဟု သတ်မှတ်ထားသောကြောင့် ပါပါရာဇီများ၏လျှို့ဝှက်ရိုက်ကူးမှုများကို မရှောင်တိမ်းခဲ့သလို၊ တိတိကျကျ ဖြေရှင်းချက်ထုတ်ခဲ့ခြင်းလည်း မရှိခဲ့ပါချေ။ သို့သော် ကိစ္စများက ဤမျှကြီးထွားလာခဲ့ပြီဖြစ်သဖြင့် မဖြေရှင်းလို့မရတော့ပေ။ သူ ကျန့်ရှင်းခယ်ကို ပြောလိုက်သည်။
" ငါနားလည်ပြီ။ ငါ ခနနေ ဖြေရှင်းချက်ထုတ်လိုက်မယ်..."
ကျန့်ရှင်းခယ်က သူ့အား လောဆော်သည်။ " ခင်ဗျား မြန်မြန်လုပ်လိုက်တာ ကောင်းမယ်။ နှေးနေရင် Box office က သန်းချီပြီး လျော့သွားတော့မှာ..."
" << လွတ်မြောက်ခြင်း>> ရဲ့ Box Office က အခု ဘယ်လောက်ရှိနေပြီလဲ..."
" မဟုတ်သေးပါဘူး၊ ခင်ဗျားက ဒါကိုတောင် ဂရုစိုက်မနေဘူးပေါ့လေ..."
" ငါ လိုင်းမတတ်ဖြစ်ဘူး..." ဖုကျန်းသည် ဆောင်းဦးလယ်ပွဲတော်နေ့က Box office ကိုသာ ကြည့်ရသေးပြီး နောက်တစ်ကြိမ် ထပ်မကြည့်ဖြစ်ခဲ့ပါချေ။ သူ သည်းထိတ်ရင်ဖိုရုပ်ရှင်ကို ရိုက်ကူးဖို့ရွေးချယ်လိုက်ကတည်းက ဒီရုပ်ရှင်ဟာ လူတိုင်းနှင့်မကိုက်ညီကြောင်း၊ နာမည်လည်းသိပ်ကြီးမှာ မဟုတ်ကြောင်း မျှော်လင့်ထားပြီးသားဖြစ်လေသည်။
xxxxxx