💮Chapter 168
ဝမ်ချီ အတွေးများနေခိုက်တွင် လက်တစ်စုံက သူ့ခေါင်းအားလာထိသည်ကို ခံစားလိုက်ရပြီး အသိပြန်ဝင်လာချိန်တွင် အနက်ရောင်မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံလေသည်။
ရှစ်ယဲ့က မျက်လုံးဖွင့်ပြီး သူ့ကိုကြည့်နေကြောင်း သူသတိမထားမိခဲ့ချေ။
ဝမ်ချီက ရှစ်ယဲ့အား တစ်ခဏမျှ ငေးကြောင်ကြည့်နေပြီးနောက် သူ့အကြည့်တို့က သူ့ခေါင်းပေါ်တွင်တင်ထားသည့် ရှစ်ယဲ့၏လက်ဆီသို့ ရောက်သွားသည်။
သေစမ်း...
ဝမ်ချီ လန့်သွားပြီး မတ်တပ်ထရပ်လိုက်ချင်သော်လည်း ရှစ်ယဲ့၏လက်အား ဖယ်ချမိမည်ကို စိုးရိမ်မိပြန်သည်။ ထို့ကြောင့် ခုတင်ဘေးတွင် ဂရုတစိုက်လှဲချပြီး ငြိမ်ငြိမ်လေးနေရန် ကြိုးစားကြည့်သော်လည်း စိတ်လှုပ်ရှားမှုကြောင့် သူ့မျက်နှာတစ်ခုလုံးက နီရဲနေသည်။
"မင်း အခု ငါ့ကိုထိလိုက်တာလား... ငါ့ကို ထိလို့ရတယ်ပေါ့…"
ရှစ်ယဲ့က စကားပြန်မပြောပေ။ သူ့မျက်နှာအမူအရာနှင့် မျက်ဝန်းများက အလွန်အမင်းတည်ငြိမ်နေ၏။ ဝမ်ချီ့ခေါင်းပေါ်တင်ထားသည့် ရှစ်ယဲ့၏လက်များမှာ ဆံနွယ်တို့ကို ပွတ်သပ်ပေးနေသကဲ့သို့ အာသာအယာလှုပ်ရှားနေသည်။
သူ့ မသိစိတ်က သူ့ခေါင်းပေါ်ရှိ ရှစ်ယဲ့၏လက်တို့ကို အလိုအလျောက် ပြန်လည်ပွတ်သပ်ပေးနေမိသည်။ သူ့နှလုံးသားထဲတွင် ဆူပွက်လာသည့်ပျော်ရွှင်မှုတို့ကို ဝမ်ချီ အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်သော်လည်း မနေနိုင်မထိုင်နိုင် အော်ရယ်လိုက်မိသည်။
"ဟားဟားဟား ကောင်းသားပဲ...ငါလည်းမင်းကို ထိနိုင်သလို မင်းလည်းငါ့ကိုထိနိုင်ပြီ…"
ထိုသို့ပြောရင်း သူ့လက်ချောင်းတို့ဖြင့် ရှစ်ယဲ့၏ ပါးပြင်ကို ခပ်ဖွဖွပုတ်နေမိသည်။
နူးညံ့ပြီး ပျော့ပြောင်းသောအထိအတွေ့...
နွေးထွေးပြီး ကြည်နူးစေသော အထိအတွေ့...
ရင်းနှီးသော်လည်း သူစိမ်းဆန်နေသော အထိအတွေ့...
ထိုတစ်ဒင်္ဂအတွင်း ဝမ်ချီ၏မျက်ဝန်းတို့မှာ မျက်ရည်များဖြင့်စိုစွတ်လာသည်။
ရုတ်တရက်ငိုနေသော ဝမ်ချီကြောင့် ရှစ်ယဲ့က ထိတ်လန့်သွားပုံရကာ သူ့လက်တို့ကို အမြန်ပြန်ရုတ်သွားပြီး အမြဲလိုလိုအေးစက်နေသည့် မျက်ဝန်းတစ်စုံတွင်လည်း ရှားရှားပါးပါး စိုးရိမ်ပူပန်မှုအရိပ်အယောင်တို့က အထင်းသားပေါ်နေသည်။
"ဘာလို့ငိုနေတာလဲ..."
ထိုအခါမှ ဝမ်ချီလည်း သူ့အပြုအမူကို သတိထားမိသွားပြီး ပထမဆုံးအကြိမ် ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။ ထို့နောက် မျက်လုံးထောင့်မှမျက်ရည်များကို အမြန်သုတ်လိုက်ပြီး အပြုံးတစ်ခုကို နှုတ်ခမ်းပါးထက်တွင် ဖြစ်တည်စေရင်းပြောလိုက်သည်။
"ဘာရယ်မဟုတ်ပါဘူး... လူသားတစ်ယောက်အနေနဲ့ အသက်ရှင်ခဲ့ရတဲ့နေ့တွေကို လွမ်းလို့ပါ…"
သူ့စကားအဆုံး ရှစ်ယဲ့က အကြင်နာမဲ့စွာဖြင့် ပြောလာသည်။
"လူဖြစ်တုန်းကအကြောင်းတွေကို ဘာတစ်ခုမှ မမှတ်မိတော့ဘူးဆို... ခင်ဗျားက ဘာတွေကိုလွမ်းနေတာလဲ…"
ဝမ်ချီ: "......."
ဒီသောက်ကလေး....
စကားကောင်းကောင်း မပြောနိုင်ဘူးဆိုရင်လည်း ပါးစပ်ကို အပ်နဲ့သာချုပ်ထားလိုက်ပါတော့...
ထိုသို့နှင့် ဝမ်ချီတစ်ယောက် ဒေါသထွက်ရပြန်သည်။ သို့သော် ထိုဒေါသက အလျင်အမြန်ပျောက်ကွယ်သွားသည်။ အချိန်တိုင်းလိုလို ရှစ်ယဲ့က လျစ်လျူရှုနေတတ်ပြီး ဝမ်ချီကသာ တစ်ဖက်သတ် ဒေါသထွက်နေတတ်သည်။ ထို့နောက် မကြာမီအချိန်တွင် ဝမ်ချီက ရှစ်ယဲ့အနားတွင် အနာကပ်ပလာစတာတစ်ခုသဖွယ် ကပ်တွယ်နေပေဦးမည်။
ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် ရှစ်ယဲ့၏ လျစ်လျစ်ရှုမှုကို ဝမ်ချီနေသားကျနေပြီဖြစ်သည်။ ထိုကောင်လေး လျစ်လျူရှုနေလျှင်လည်း ဝမ်ချီဘာမှမတတ်နိုင်ပေ။ သူ့အနားသာ ကပ်တွယ်မနေနိုင်လျှင် အထီးကျန်မှုက ဝမ်ချီအား ခြစားနေလောက်ပြီဖြစ်သည်။
ထို့နောက် ဒေါသတို့ကို ထွက်ပေါက်ရှာသည့်အနေဖြင့် ရှစ်ယဲ့၏ပါးပြင်ကို သူ့လက်ချောင်းထိပ်လေးများဖြင့် နှစ်ကြိမ်မျှ ခပ်ဖွဖွပုတ်မိသည်။ ရှစ်ယဲ့ ဘာမှမတုံ့ပြန်နိုင်မီ ဝမ်ချီက စာရေးခုံဘေးသို့ အမြန်ပြေးထွက်ကာ လျှာထုတ်ပြီးပြောင်ပြလိုက်သည်။
"ဟားဟား...မင်းအခုဒေါသထွက်နေပြီမလား..."
ရှစ်ယဲ့က သူ့ကို တိတ်တဆိတ်စိုက်ကြည့်ပြီး တစ်ဘက်သို့လှည့်ကာ မျက်လုံးမှိတ်သွားသည်။
"ကလေးဆန်လိုက်တာ..."
ဝမ်ချီလည်းခါးထောက်ရင်း မျက်နှာပြောင်တိုက်ကာ ပြန်ပြောလိုက်သည်။
"ငါက ကလေးဆန်တယ်..."
ရှစ်ယဲ့ ထိုလူနှင့် စကားမပြောချင်တော့ပေ။
ဝမ်ချီလည်း လုပ်စရာမရှိသဖြင့် စာရေးခုံဘေးတွင် သုန်သုန်မှုန်မှုန်နှင့် ရပ်လိုက်သည်။ တစ်ဖက်တွင် ရှစ်ယဲ့က သူ့ကို ဥပက္ခာပြုထားသဖြင့် ဒေါသထွက်မိသလို တစ်ဖက်တွင်လည်း စာရေးခုံ၊ ထိုင်ခုံတို့ကို ထိကိုင်၍မရသဖြင့် မတ်တပ်သာရပ်နေရသောအဖြစ်ကို ဒေါသထွက်မိပြန်သည်။
တစ်ခဏမျှရပ်နေပြီးနောက် ရှစ်ယဲ့ထံမှအသံထွက်လာသည်။
"ဒီကိုလာခဲ့..."
ဝမ်ချီ ဟွန့်ကနဲနှာမှုတ်လိုက်သည်။ ထိုနေရာသို့ သူ လုံးဝသွားမည်မဟုတ်ချေ။ သူက ထိုကောင်လေး သွားဆိုသွား လာဆိုလာမည့် ခွေးပေါက်လေးတစ်ကောင် မဟုတ်ပေ။
ငါက ဘာကိစ္စနဲ့ အဲ့ကလေးရဲ့စကားကို နားထောင်ရမှာလဲ...
ဤတစ်ကြိမ်တွင်လည်း ရှစ်ယဲ့က သူ့အား လျစ်လျူရှုလိမ့်မည်ဟု ဝမ်ချီ ထင်မှတ်လိုက်မိသော်လည်း သူက အိပ်ရာပေါ်မှ ကုန်းရုန်းထလာသည်။
အဖျားရှိနေသေး၍ လူက ခေါင်းချာချာလည်အောင်မူးနေ၏။ ခန္ဓာကိုယ်တစ်ဝက်ခန့် ထထိုင်ရန်ပင် အတော်လေးအားယူလိုက်ရပြီး ရှစ်ယဲ့၏ပုံစံက အလွန်အမင်းအားနည်းနေပုံပင်။
ရှစ်ယဲ့၏ထိုပုံစံကို မြင်လိုက်ရသောကြောင့် ဝမ်ချီ ချက်ချင်း နောင်တရသွားသည်။
ငါဘာလို့ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်နဲ့ ပြိုင်ပြီး စိတ်ကောက်နေမိတာပါလိမ့်...
ထို့ကြောင့် အနားသို့အမြန်ပြေးသွားပြီး ရှစ်ယဲ့ကို အတင်းပြန်လှဲအိပ်ခိုင်းရသည်။
"ဘာတွေလုပ်နေတာလဲ....အဖျားအဲ့လောက်ကြီးနေတာကို လျှောက်လုပ်မနေနဲ့…"
ဝမ်ချီ သက်ပြင်းချလိုက်ပြီး မိဘတစ်ယောက်သဖွယ် အမူအရာဖြင့် ရှစ်ယဲ့ကို စိုက်ကြည့်လိုက်သည်။ ရှစ်ယဲ့နှင့်သိကျွမ်းလာသည့်အချိန်မှစ၍ ဤမျှ ဒေါသထွက်ဖူးခြင်းမှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။
"သမားတော်ဆီ မသွားချင်တာဘယ်သူလဲ... အခုတော့ ဖြည်းဖြည်းချင်း လှိမ့်ခံနေရပြီမလား…"
ခုတင်ပေါ်လှဲနေသည့်ရှစ်ယဲ့က သူ့အား ဇဝေဇဝါအကြည့်များဖြင့်ကြည့်လာသည်။
ဝမ်ချီ စိတ်လျှော့လိုက်ပြီး သက်ပြင်းချလျက် ခေါင်းအုံးဘေးတွင်ကျနေသော တဘက်ကိုကောက်ယူပြီး ရေစွတ်ကာ ရှစ်ယဲ့၏နဖူးပေါ်တွင် ပြန်တင်လိုက်သည်။
"ဒါနဲ့အဖျားကျလောက်မလား စောင့်ကြည့်ကြတာပေါ့... အဖျားလုံးဝမကျရင် မနက်ဖြန် မင်းအမေနဲ့ မင်းဦးလေးကိုသွားရှာပြီး အကျိုးအကြောင်းပြောပြနော်... ခန္ဓာကိုယ်က မျက်နှာထက်ပိုပြီး အရေးကြီးတယ်…"
ရှစ်ယဲ့က မျက်လုံးမှိတ်ထားသည်။
"အင်း..."
ထို့နောက် ရုတ်တရက် ဆက်ပြောလာသည်။
"ဒီပေါ်တက်ပြီး လာနားလှည့်..."
ထိုသို့သော စကားလုံးမျိုး ရှစ်ယဲ့၏ပါးစပ်မှ ထွက်လာလိမ့်မည်ဟု ဝမ်ချီ တစ်ခါမှ စိတ်မကူးဖူးခဲ့သဖြင့် ကြောင်အသွားမိသည်။
"မင်း ဘာပြောလိုက်တာလဲ..."
ရှစ်ယဲ့က စကားထပ်မပြောလာသည့်တိုင် သူ့ဘေးရှိ နေရာလွတ်ကို တမင်တကာ ပုတ်ပြသည်။
ရှစ်ယဲ့ဆိုလိုသည့် အနက်အဓိပ္ပါယ်ကို နားလည်ပြီးနောက် ဝမ်ချီ၏နှုတ်ခမ်းစွန်းတို့က မပြုံးဘဲမနေနိုင်ချေ။ သို့သော် တစ်ခဏမျှ ဟန်ဆောင်ပန်ဆောင်မူနေလိုက်ပြီးနောက် ခုတင်ပေါ်တက်ပြီး ရှစ်ယဲ့ဘေးတွင် ဝင်လှဲလိုက်သည်။
ခုတင်က လူနှစ်ယောက် ဘေးချင်းယှဥ်ပြီးလှဲအိပ်ရန်အတွက် လုံလုံလောက်လောက်ကြီးမားကျယ်ဝန်းသည်။
ဝမ်ချီ မအိပ်ချင်သေးသောကြောင့် ကုတင်အထက်ကို ငေးကြောင်ကြောင်နှင့် စိုက်ကြည့်နေလိုက်သည်။
ထိုစဥ် ရုတ်တရက်ဆိုသလို ရှစ်ယဲ့၏ ခပ်တိုးတိုးအသံက သူ့နားထဲဝင်လာသည်။
"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပဲ..."
ထိုစကားအဆုံး ဝမ်ချီ၏စိတ်ထဲတွင် ကိန်းအောင်းနေသော ဝမ်းနည်းစိတ်နှင့် မကျေမနပ်ဖြစ်နေသည့်ခံစားချက်တို့အားလုံး တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။
..........
ရှစ်ယဲ့၏ ကိုယ်ကာယကြံ့ခိုင်မှုက ထူးခြားလွန်းလှသည်။
သူနှိုးလာချိန်တွင် အဖျားကျသွားပြီဖြစ်သည်။ ထို့နောက် ဘာမှမဖြစ်ခဲ့သလို အရယ်အပြုံးမရှိသည့် အေးစက်စက်ပုံစံသို့ ပြန်ပြောင်းသွားပြန်သည်။
ခပ်ချေချေ ခပ်မိုက်မိုက်ကောင်လေးက အချိန်ဇယားအပြည့်နှင့် တစ်နေကုန်တစ်နေခမ်း အလုပ်များနေသည်။ ထိုကောင်လေးနှင့် ဟိုပြေးသည်ပြေးလိုက်ပြီး အလုပ်ရှုပ်မခံလို၍ အိမ်ထဲတွင်သာ ဝမ်ချီက အချိန်အတော်ကြာအောင် စောင့်နေလိုက်သည်။
တစ်ခါတစ်ရံတွင် သူ့လက်နှင့် အရာဝတ္ထုပစ္စည်းများကို ထိကိုင်နိုင်သောကြောင့် ရှစ်ယဲ့၏စာအုပ်များနှင့် ပန်းချီများကိုလှန်လှောကြည့်မိသည်။
ရှစ်ယဲ့က လက်ရေးလှရေးရာတွင် တစ်ဖက်ကမ်းခတ် တော်ရုံသာမက လှပလက်ရာမြောက်လွန်းသည့် ပန်းချီများကိုလည်း ရေးဆွဲနိုင်သည်။ ထိုအသက်ဝင်နေသော စာလုံးစုတ်ချက်များနှင့် ရှုခင်းပန်းချီများက ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက် ဆွဲထားသောပန်းချီများနှင့် လုံးဝတူမနေချေ။ ထိုပန်းချီများကို ဝမ်ချီ အကြိမ်ကြိမ်အခါခါကြည့်မိသော်လည်း ကြည့်လိုက်သည့်အချိန်တိုင်း အံ့အားသင့်မိသည်။
ဝမ်ချီ၏ ပုံကြီးချဲ့လွန်းသော တအံ့တဩအမူအရာကိုမြင်သောအခါ ရှစ်ယဲ့က တည်ငြိမ်အေးဆေးစွာဖြင့် မေးလာသည်။
"ခင်ဗျားရော ပန်းချီဆွဲတတ်လား..."
ဝမ်ချီ တစ်ခဏမျှဆွံ့အသွားသည်။ လူတိုင်းက ရှစ်ယဲ့ကဲ့သို့ စောင်းတီးခြင်း၊ စစ်တုရင်ထိုးခြင်း၊ လက်ရေးလှရေးခြင်းနှင့် ပန်းချီဆွဲခြင်းတို့ကို တတ်ကျွမ်းကြသူများ မဟုတ်ပေ။ သူ့လို ငပျင်းတစ်ယောက်က စားသောက်ရန်နှင့် ပြဿနာရှာသာသိသည်။
သို့သော် ထိုသို့သော ရှက်စရာစကားလုံးများကိုသေချာပေါက် သူ့ပါးစပ်မှ ပြောထွက်မည်မဟုတ်ချေ။ ထို့ကြောင့် တစ်ခဏမျှစဥ်းစားပြီး ခပ်တည်တည်ပြောလိုက်သည်။
"ဒါပေါ့ ဆွဲတတ်တာပေါ့... ပန်းချီဆွဲတယ်ဆိုတာ ဒီလောက်လွယ်တာ... လက်ပါတဲ့လူတိုင်း ဆွဲတတ်တယ်…"
လိမ်ပြောနေ၍ ပါးပြင်မှာရှက်သွေးလွှမ်းနေသည့် ဝမ်ချီအား ရှစ်ယဲ့က တစ်ချက်မျှလှမ်းကြည့်ပြီး စကားတစ်ခွန်းမျှမဆိုဘဲ စာရွက်ဗြောင်တစ်ရွက်ကိုဖြန့်ကာ မှင်သွေးရန် ရေစွတ်လိုက်သည်။
ဝမ်ချီ လန့်သွားသည်။
"မင်းဘာလုပ်တာလဲ..."
ရှစ်ယဲ့က မော့ပင်မကြည့်ချေ။
"ခင်ဗျားရဲ့အရည်အချင်းတွေကိုထုတ်ပြဖို့ အခွင့်အရေးပေးနေတာလေ..."
ဝမ်ချီ: "........."
ငါ အခုမှ နောင်တရဖို့ တော်တော်လေးနောက်ကျသွားပြီလား...
သူ အမှန်တကယ်ကို နောက်ကျသွားပြီဖြစ်သည်။ ရှစ်ယဲ့က ဂရုတစိုက် မှင်သွေးပြီး ဝမ်ချီကို ဖိတ်ခေါ်သည့်အမူအရာပြနေသည်။
ဤအခိုက်အတန့်တွင် ဝမ်ချီ၏အခြေအနေမှာ ကျားစီးရန် ကျားပေါ်ရောက်နေပြီဖြစ်၍ ပြန်မဆင်းနိုင်တော့သည့် အခြေအနေမျိုး ဖြစ်နေသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိတော့ဘဲ စုတ်တံကိုကောက်ကိုင်ကာ နက်ဆွေးနေသော မှင်ထဲနှစ်လိုက်သည်။ ဝမ်ချီက စာရေးခုံရှေ့တွင်ရပ်ရင်း စာရွက်အလွတ်ကိုကြည့်ကာ တစ်ခဏမျှစဥ်းစားလိုက်ပြီး အင်္ကျီလက်ကိုပင့်လျက် ပန်းချီစဆွဲတော့သည်။
မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် ပန်းချီကိုလက်စသတ်လိုက်သည်။
ထို့နောက် စုတ်တံကိုချကာ ဘေးတွင် တိတ်တဆိတ်ရပ်နေလိုက်သည်။
ရှစ်ယဲ့က အနားသို့ရောက်လာပြီး ဝမ်ချီဆွဲထားသော ပန်းချီကို ယူကြည့်သည်။ သူ့မျက်နှာအမူအရာက ရုတ်တရက် နားမလည်နိုင်သည့်ဟန်သို့ ပြောင်းလဲသွားသည်။ သူက စိတ်ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ဝမ်ချီကိုတစ်လှည့် ပန်းချီကိုတစ်လှည့်လှမ်းကြည့်ပြီး ချီတုံချတုံမေးလာသည်။
"ဒါက...ကြက်ပုံလား..."
".........."
ရှစ်ယဲ့၏စကားအဆုံး ဝမ်ချီ၏မျက်နှာမှာ ချက်ချင်း မည်းမှောင်သွားသည်။
"အဲဒါ ဇာမဏီမီးငှက်ပုံ..."
💮💮💮