Chapter 156
Viewers 36k

💮Chapter 156




ဤကာလအတွင်း ဝမ်လျန်က လမ်းပေါ်တွင် အမြဲလျှောက်သွားနေသော ဖုတ်ကောင်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ 


သူက နေ့တိုင်းနီးပါး နန်းတော်တံခါးဝသို့လာပြီး ကံစမ်းကြည့်ကာ ရဲမက်များကို လက်ဆောင်တန်ဆာများပေး၍ လာဘ်ထိုးကြည့်သော်လည်း ရဲမက်များက သူ့အား နန်းတော်ထဲသို့ ဝင်ခွင့် မပေးပေ။


သူက ရှစ်ကျင်းနာမည်ကို ထုတ်ပြောသော်လည်း ရဲမက်များက ရယ်မော၍ကာနေ၏။


နေ့တိုင်း အနှောင့်ယှက်ခံနေရသော ရဲမက်က အရွှန်းဖောက်၍ ပြောသည်။

“ငါ မင်းကို နည်းလမ်း တစ်ခုပေးမယ် ဘယ်လိုလဲ… မင်းသားရွှမ်က အပြစ်ကျူးလွန်ထားလို့ အကျဉ်းချခံထားရတာ… မင်းလည်း ရာဇဝတ်မှုတစ်ခု ကျူးလွန်လိုက်မယ်ဆိုရင် မင်းသားရွှမ်နဲ့အတူ အကျဉ်းချခံရပြီး အထဲမှာ မင်းပြောချင်တာ ပြောလို့ရလိမ့်မယ်၊ ၃ရက်၃ည ထိုင်ပြောလည်း မင်းကို ဂရုစိုက်ကြမှာ မဟုတ်ဘူး…”


ထိုသို့ပြောပြီး ရဲမက်က ကျယ်လောင်စွာ ရယ်မောလေသည်။


အခြားရဲမက်များပါ ဝိုင်းရယ်ကြ၏။


လှောင်ရယ်သံများက ဘက်ပေါင်းစုံမှလာကာ ဝမ်လျန့်နားထဲ ဓားသွားများသဖွယ် စိုက်ဝင်လာ၏။


ဝမ်လျန့်မျက်နှာက ဖြူဖျော့သွားပြီး နှုတ်ခမ်းကို တင်းတင်းကိုက်ကာ လက်များကို ဆုပ်တင်းလိုက်၊ ပြန်ဖြန့်လိုက်ဖြင့် စ်ိတ်လျှော့ရန် ကြိုးစားသော်လည်း ခံစားချက်များ မတည်ငြိမ်သွားပေ။


သူ ရက်ပေါင်းများစွာ စုစည်းထားရသော သတ္တိခွန်အားများ ထိုခဏတွင်း အကုန်ကုန်ဆုံးသွားပြီး ဤနေရာတွင် ဆက်နေရန် သတ္တိမရှိတော့ပေ။


ဝမ်လျန်က အသက်ပြင်းပြင်းရှူလိုက်ပြီး လှည့်ပြန်ရန် ပြင်လိုက်သည်။


အနောက်မှရဲမက်က ရုတ်တရက် ထအော်သည်။

“ခဏနေဦး… မင်း တကယ်ပဲ မင်းသားရွှမ်နဲ့ တွေ့ချင်ရင် ငါ မင်းကို လမ်းပြပေးလို့ရတယ်…”


ဝမ်လျန့်မျက်နှာပေါ်က စိတ်ပျက်အားငယ်မှုများက ခဏအတွင်း အံ့အားသင့်မှုအဖြစ် ပြောင်းလဲသွားပြီး ထိုစကားပြောနေသော ရဲမက်ကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။


ထိုရဲမက်ဆက်ပြောသည့် စကားကိုကြားပြီး ဝမ်လျန်၏ နဂို ပျော်ရွှင်နေသော မျက်နှာက ပြန်၍ ရုပ်ဆိုးသွားသည်။ ခန္ဓာကိုယ် အနည်းငယ် ယိုင်သွားပြီး ခြေထောက်များကို မနည်းထိန်းကာ အားစိုက်ထုတ်၍ မေးလိုက်သည်။ သူ အသံထွက်လာရန်ပင် မနည်းကြိုးစားလိုက်ရသည်။

“သူ အကွပ်မျက်ခံရတော့မှာလား…”


ထိုရဲမက်က စိတ်မရှည်စွာဖြင့် ပြောသည်။

“နောက်၃ရက်နေရင် လာခဲ့စမ်းပါ မဟုတ်တာတွေ လျှောက်မေးမနေနဲ့၊ မင်းမလာချင်ရင်လည်း မလာလို့ရတယ်…”


ထိုသို့ပြောပြီး ၎င်းရဲမက်က ဝမ်လျန်နှင့် စကားဆက်ပြောချင်ပုံမရဘဲ သူ့နေရာတွင်သူ သွားပြန်ထိုင်လေသည်။ 


ဝမ်လျန်က ယခင်နေရာတွင်သာရပ်နေပြီး အေးစက်သော လေပြင်းတစ်စင်းက သူ့ခြေဖဝါးမှ တစ်ဆင့် ဦးခေါင်းထိပ်ထိ တိုးဝင်လာသည်။ အဝတ်မပါဘဲ နှင်းတောထဲ ပစ်ချခံရသကဲ့သို့ အေးခဲမှုကို ခံစားနေရသည်။


ရှစ်ကျင်း၏ အခြေအနေကို တွေးထားမိသော်လည်း သူ မယုံကြည်နိုင် ဖြစ်နေသည်။


ရှစ်ကျင်းက သူ့အနာဂတ်ခင်ပွန်းလောင်းဖြစ်ကာ သူ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပြီး သူ့ထံသို့ တောက်ပသော အနာဂတ်ကို ဆောင်ကျဉ်း ယူဆောင်ပေးလာနိုင်မည်ဟု စနစ်က ပြောဖူးသည်။


စနစ်ကိုယ်တိုင် ထိုစကားများကို ပြောခဲ့ခြင်း ဖြစ်သည်။


ထိုစနစ်က ယခု သူ့လက်ထဲတွင် မရှိသော်လည်း ၎င်းက သူ့အား တစ်ကြိမ်မျှ မလိမ်ခဲ့ဖူးပေ။


ရှစ်ကျင်းက ဘယ်လိုလုပ်ပြီး အလွယ်တကူ သေနိုင်မှာလဲ…


မဟုတ်ဘူး… ရှစ်ကျင်း သေလို့မရဘူး…


ငါ ရှစ်ယဲ့ကို ဆုံးရှုံးပြီးပြီ… ရှစ်ကျင်းကိုပါ ထပ်မဆုံးရှုံးနိုင်ဘူး… လက်ဗလာနဲ့ ဇာတ်မသိမ်းသွားချင်ဘူး…


အဲ့လိုသာဆို ငါဘာလို့ စစတည်းက ကြိုးစားပြီး တိုက်ခိုက်နေတော့မှာလဲ… အစတည်းက အဖေ့ရဲ့စကားကိုပဲ လိမ်လိမ်မာမာ နားထောင်၊ ထိမ်းမြားလက်ထပ်ပြီး အရှေ့နန်းတော်ထဲ လိုက်သွားမှာပေါ့… ဒါဆို အခုနန်းတော်ထဲ ရှစ်ယဲ့ရဲ့ ကာကွယ်ပေးတာ ခံနေရမဲ့လူက ဝမ်ချီ မဟုတ်ဘဲ ကါ ဖြစ်နေရမှာ…


ဝမ်လျန်က နှုတ်ခမ်းကို တင်းတင်းကိုက်ထားစဉ် သွေးအရသာကို ခံစားလိုက်ရသည်။


သူက သူ့ကို မသိကျိုးကျွန်ပြုထားသော ရဲမက်များကို ခေတ္တရပ်ကြည့်နေရင်းမှ ဖြည်းဖြည်းချင်း နောက်ဆုတ်လိုက်သည်။


မမျှော်လင့်ထားစွာပင် နောက်ဆုတ်လိုက်သည့် အချိန်တွင် သူ့အနောက်တွင် ရပ်နေသော လူတစ်ယောက်နှင့် တိုက်မိသွားသည်။


ပိန်ပါးလှသောဝမ်လျန်က တိုက်မိသောအရှိန်ကြောင့် အနည်းငယ် ယိုင်သွားသည်။


သို့သော်လည်း ထိုလူက မလှုပ်မယှက် ရပ်နေပြီး ဝမ်လျန့်ကို မယုံကြည်နိုင်သောအမူအရာဖြင့် စိုက်ကြည့်နေသည်။


ဝမ်လျန်က ခန္ဓာကိုယ်ကို ပြန်ထိန်းလိုက်ပြီး ရပ်လိုက်ကာ ထိုလူ့ကို ကြည့်လိုက်သည်။ သူက ငွေပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မိန်းမစိုးများ ဆောင်းသော ဦးထုတ်ကို ဆောင်းထားသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ့သရုပ်မှန်ကို အလွယ်တကူ သိနိုင်သည်။


ထိုမိန်းမစိုး၏အသံက အလွန်ကျယ်လောင်လှပြီး နှိမ်ချပြောဆိုလိုသော အမူအရာက ဝမ်လျန့်ကို စိတ်မသက်မသာ ဖြစ်စေသည်။

“မိန်းမစိုးကျိုးက အမိန့်ပေးလိုက်လို့ သခင်လေးဝမ်လျန်ကို မှာကြားစရာလေး ရှိလို့ ရောက်လာတာပါ… သခင်လေးဝမ်လျန်က ဒီစကားတွေကို နားထောင်ရတာ ကြိုက်ပါ့မလားတော့ မသိဘူး…”


မိန်းမစိုးကျိုးတဲ့လား…


ဝမ်လျန်က ထိုခဏတွင် ကြောင်အသွားသည်။ မိန်းမစိုးကျိုးဆိုသည်က အိမ်ရှေ့စံဘေးတွင် အိမ်ရှေ့စံတစ်ယောက်တည်းကိုသာ ခစားသော ရာထူးမြင့်သော လူတစ်ယောက်ဆိုသည်ကို သူသိ၏။


ဒါပေမဲ့ ဘာလို့ မိန်းမစိုးကျိုးက ငါ့ကို ရုတ်တရက် လာရှာတာလဲ…


ဒါမှမဟုတ်….


မိန်းမစိုးကျိုးက အိမ်ရှေ့စံရဲ့ အမိန့်တစ်ခုခု ရထားလို့များလား…


ထိုအတွေးက ဝမ်လျန်ကို စိတ်လှုပ်ရှားစေသည်။ သူက ခြေလက်များကိုပင် ဘယ်နားထားရမှန်း မသိအောင် အလွန် စိတ်လှုပ်ရှားနေ၏။ သူ့နှလုံးသားမှ ဆန်တက်လာသော ပျော်ရွှင်မှုများကို ဖိနှိပ်လိုက်ပြီး ဂရုတစိုက်ဖြင့် မိန်းမစိုးနောက်မှ လိုက်သွားသည်။


ထိုမိန်းမစိုးက ဝင့်ကြွားနေဆဲဖြစ်ကာ ဝမ်လျန့်ကို ဂရုတစိုက်ပင် မကြည့်ဘဲ မေးစေ့ပင့်၍ လှည်းထဲဝင်ရန် ညွှန်ပြသည်။

“လှည်းထဲ ဝင်ပါ…”


ဝမ်လျန်က လိမ်လိမ်မာမာဖြင့် ဝင်လိုက်သည်။


မြင်းလှည်းထဲတွင် တစ်ဦးတစ်ယောက်မျှ ရှိမနေပေ။ ဝမ်လျန်ကို မြင်းလှည့်ကို လှည့်ပတ်ကြည့်လိုက်ပြီး အနည်းငယ် စိတ်ပျက်သွားသော်လည်း စိတ်ကို ချက်ချင်း ပြန်လည် စုစည်းလိုက်ပြီး သူ့အနောက်မှ လိုက်ဝင်လာသော မိန်းမစိုးကို ကြည့်လိုက်သည်။


ထိုမိန်းမစိုးက သူ့အားထိုင်ခိုင်းပြီး သူ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်၏။


ဝမ်လျန်က ခပ်မတ်မတ်ထိုင်ကာ လက်များကို ဒူးခေါင်းပေါ်တင်ပြီး အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားသည်။


သူက ထိုမိန်းမစိုး ပြောလာနိုင်သော စကားများကို တွေးကြည့်ထားသော်လည်း သူ့ပါးစပ်မှ ဤစကားများ ထွက်လာလိမ့်မည်ဟု မမျှော်မှန်းထားပေ။

“မင်း မင်းသားရွှမ်ကို တွေ့ချင်နေတယ်လို့ ကြားတယ်…”



ဝမ်လျန်က အိမ်ရှေ့စံဘေးတွင် ခစားသော မိန်းမစိုးထံမှ မင်းသားရွှမ်အကြောင်း ထွက်လာရသည့် အကြောင်းရင်းကို နားမလည်ပေ။ သူက ရှုပ်ထွေးနေပြီး မင်းသားရွှမ်နှင့် ကိုယ်လုပ်တော်ရုန်တို့၏ လက်ရှိအခြေအနေကို တွေးမိကာ လက်လွတ်စပယ် မပြောရဲပေ။ 

“မင်းသားရွှမ်က ကျွန်တော့်အပေါ် ကောင်းပေးခဲ့ဖူးလို့ သူ့ကို အခုအခြေအနေနဲ့ မြင်ရတော့ စိတ်မကောင်းဖြစ်မိလို့ပါ… ဒါကြောင့် သူ့ကို လူကိုယ်တိုင်တွေ့ပြီး ကျေးဇူးတင်စကား ပြောချင်လို့ပါ…”


မိန်းမစိုးက ပြောသည်။

“မင်းသားရွှမ်က ရာဇဝတ်မှု ကျူးလွန်ထားပြီး ပုန်ကန်ဖို့ပါ ကြိုးစားခဲ့တဲ့သူဆိုတာ မင်း မသိဘူးလား… မင်းက မင်းသားရွှမ်နဲ့ တွေ့ချင်ရုံသက်သက်ကြောင့် နန်းတော်အပြင်မှာ စောင့်နေတယ် ဆိုရင်တောင်မှ မင်းသားရွှမ်ရဲ့ ဘက်တော်သားလို့ ယူဆခံရပြီး ကွပ်မျက်ခံရနိုင်တယ်…”


ဤစကားကို ကြားပြီး ဝမ်လျန်က အေးခဲသွားသည်။


မိန်းမစိုး၏ စကားများကို ပြန်စဉ်းစားကြည့်ပြီး ဝမ်လျန်၏ ဦးရေပြားများ ထုံကျဉ်လာ၍ မိန်းမစိုး၏ သတိပေးမှုကို ကျေးဇူးတင်မိသွားသည်။


သူက ရှစ်ကျင်းနှင့် တွေ့ဆုံရန်သာ အာရုံရှိနေပြီး ဖြစ်လာမည့် အကျိုးဆက်ကို မတွေးခဲ့မိပေ။


တော်ပါသေးရဲ့…


ကံကောင်းပြီး ရှစ်ကျင်းနဲ့ မတွေ့ခဲ့ရလို့ပေါ့… မဟုတ်လို့သာဆို ငါ မြစ်ထဲ ခုန်ချရင်တောင်မှ အပြစ်ကင်းမှုကို သက်သေပြလို့ရမှာ မဟုတ်ဘူး…


ဝမ်လျန့်အတွေးအဆုံးတွင် သူက ထပ်ပြောလာသည်။

“မိန်းမစိုးကျိုးက မှာလိုက်တယ်… မင်းဘာသာ မရှက်လို့ နေ့တိုင်း နန်းတော်အပြင်မှာ အသနားခံနေရင်တောင်မှ မင်းက သခင်လေးဝမ်ချီရဲ့ အစ်ကိုတော်မို့ သခင်လေးဝမ်ချီကို အရှက်ရစေလိမ့်မယ်တဲ့…”


ဝမ်လျန်က ဝမ်ချီ့နာမည်ကို ကြားလိုက်ရသော အချိန်တွင် တိတ်ဆိတ်သွားပြီး နှုတ်ခမ်းကိုကိုက်ကာ မျက်နှာက ပို၍ ဖြူဖျော့သွားသည်။


မိန်းမစိုးက ဆက်ပြော၏။

“သခင်လေးဝမ်ချီရဲ့ မျက်နှာက်ို ထောက်ထားပြီး မိန်းမစိုးကျိုးက မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မယ်၊ မင်းသာ ဆန္ဒရှ်ိရင် မင်းသားရွှမ်ကိုတွေ့ဖို့ မင်းကို အကျဉ်းထောင်ထဲ ခေါ်သွားပေးမယ်…”


ဝမ်လျန် ခေါင်းမော့ကြည့်လိုက်ပြီး ကြောင်အအဖြင့် မေးလိုက်သည်။

“မင်းသားရွှမ်ကို တွေ့ဖို့လား…”


၎င်းမိန်းမစိုး၏ အမူအရာက အေးစက်သွားပြီး မေးသည်။

“ဘာလဲ… မင်းက မိန်းမစိုးကျိုးရဲ့ သနားကြင်နာမှုကို လက်မခံချင်တာလား…”


ဝမ်လျန်က ငြင်းဆို၏။

“မဟုတ်ပါဘူး… ကျွန်တော်က…”


ရှင်းပြချင်သော်လည်း စကားများက လည်ပင်းဝတွင် တစ်သွား၏။


ဝမ်လျန်က သူ ဤမြင်းလှည်းထဲ ထိုင်ခွင့်ရခြင်းမှာ အိမ်ရှေ့စံနှင့် နည်းနည်းမျှ မသက်ဆိုင်ဘဲ သူ့အစ်ကိုတော်၏ ကျေးဇူးကြောင့်ဆိုသည်ကို နောက်ဆုံးတွင် နားလည်သွားတော့သည်။ 


သူက နေရာပေါင်းစံပြေးလွှားပြီး လူများစွာကို အသနားခံခဲ့သော်လည်း အဆုံးတွင်မူ ရဲမက်များထံမှ ရှစ်ကျင်း ကွပ်မျက်ခံရမည့် သတင်းကိုသာ ကြားခဲ့ရသည်။ သို့​သော် ယခုတွင်မူ သူ့အစ်ကိုတော်၏ သနားငဲ့ညှာမှုကြောင့် ရှစ်ကျင်းကို အလွယ်တကူ တွေ့ခွင့်ရပေတော့မည်။


ထိုခဏတွင် ဝမ်လျန်က နှလုံးသားထဲ ဖြစ်ပေါ်လာသော ခံစားချက်မျိုးစုံကို မည်သည့်စကားနှင့် ဖော်ပြရမည် မသိတော့ပေ။


ခါးသီးမှု၊ ထုံကျဉ်မှု၊ မွန်းကြပ်မှု၊ နောင်တရမှု…


ခံစားချက်မျိုးစုံက ကြီးမားသော ပိုက်ကွန်သဖွယ် သူ့အား တစ်ကိုယ်လုံး ရစ်ပတ်နေသည်။ သူက ပါးစပ်ဟလိုက်ပြီး ကြာမြင့်စွာ အချိန်ယူလိုက်သော်လည်း သက်ပြင်းသာ ချလိုက်နိုင်သည်။


“ကြင်နာသနားမှုအတွက် ကျေးဇူးတင်ပါတယ်… မိန်းမစိုးကျိုးရဲ့ ကြင်နာမှုကို ကျွန်တော့်တစ်ဘဝလုံး အမှတ်ရနေမှာပါ…”


“ကိစ္စမရှိဘူး…”

၎င်းမိန်းမစိုးက လက်မခံလိုစွာဖြင့် လက်ခါပြပြီး ဝမ်လျန်ကို မည်သည်မျှ ထပ်မပြောဘဲ  အရှေ့သို့သွားကာ လှည်းသမားနားကပ်၍ စကားအနည်းငယ် ခပ်တိုးတိုး ပြောနေ၏။


ဝမ်လျန်က လက်ဆန့်ထုတ်၍ သူ့ဘေးရှိ လိုက်ကာကို ဖွင့်ကာ အပြင်ဘက်ကို ကြည့်လိုက်သည်။ ဘေးပတ်ဝန်းကျင် ရှူခင်းများ တဖြည်းဖြည်းမှုန်ဝါးသွားကာ သူနှင့် စကားပြောခဲ့သော ရဲမက်များက ခေါင်းလှည့်၍ သူ့အား ကြည့်နေကြသည့် မြင်ကွင်းမှာလည်း အနောက်တွင် ကျန်ရစ်ခဲ့၏။


မြင်းလှည်းက နန်းတော်ဂ်ိတ်တံခါးဝကို ကျော်ဖြတ်ပြီး အထဲသို့ ဆက်လက်မောင်းနှင်သွားသည်။


ဝမ်လျန်က လိုက်ကာကိုပြန်ချလိုက်ပြီး ခြေမထိပ်ကို တွေဝေစွာဖြင့် စိုက်ကြည့်နေသည်။  ထိုမိန်းမစိုးက သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေကာ သူနှင့် စကားပြောရန် စိတ်ကူးရှိပုံမရဘဲ မျက်စိမှိတ်၍သာ အနားယူနေသည်။


ဝမ်လျန်က အချိန်မည်မျှ ကြာသွားသည်ကို မသိလိုက်သော်လည်း နောက်ဆုံးတွင် မြင်းလှည်းက ရပ်သွား၏။


၎င်းမိန်းမစိုးက အိပ်မောကျနေခြင်း မဟုတ်ဘဲ မြင်းလှည်းရပ်သွားသည်နှင့် တစ်ပြိုင်နက် မျက်စိကို ချက်ချင်း ဖွင့်လိုက်ပြီး ဝမ်လျန်ကို ကြည့်ကာ ပြောသည်။

“မြင်းလှည်းပေါ်က ဆင်းပါ…”


ဝမ်လျန်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီ သူ့နောက်မှ လိုက်ကာ မြင်းလှည်းပေါ်မှ ဆင်းလိုက်သည်။


လှည့်ပတ်ကြည့်ရှူလိုက်သော အချိန်တွင် သူရောက်နေသော နေရာက တိတ်ဆိတ်ငြိမ်သက်ပြီး ချောင်ကျသော နေရာတစ်ခု ဖြစ်၏။  အကျဉ်းထောင်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ရဲမက်များမှလွဲ၍ အခြားလူ တစ်ဦးတစ်ယောက်ကိုမျှ မမြင်ရပေ။ အကျဉ်းထောင် အပြင်ဘက်တွင် ရပ်နေရရုံဖြင့် လည်ပင်းအညစ်ခံထားရသကဲ့သို့ အသက်ရှူကြပ်သော ခံစားချက်က ဝမ်လျန့်နောက်သို့ အရိပ်လို လိုက်ပါလာ၏။


ဝမ်လျန် ပါးစပ်ဟလိုက်သော်လည်း အသက်ရှုကြပ်နေဆဲပင် ဖြစ်သည်။


ပတ်ဝန်းကျင်က အလွန်စိတ်ဓာတ်ကျဖွယ် ကောင်းပြီး မြင်းလှည်းပေါ်မှ ဆင်းဆင်းချင်းပင် ထိုခံစားချက်များက ဖုံးလွှမ်းသွားသည်။


သို့သော်လည်း အရှေ့မှသွားနေသော မိန်းမစိုးက ဤနေရာကို မကြာခဏ လာဖူးပုံ ရသည်။ သူက ပေါ့ပေါ့ပါးပါး လျှောက်လှမ်းနေပြီး ရဲမက်တစ်ယောက်နှင့်ပင် စကားတီးတိုး ပြောနေသေးသည်။


၎င်းရဲမက်က တောင့်တင်းနေသော ဝမ်လျန်ကိုကြည့်ပြီး ခေါင်းညိတ်ပြကာ နောက်ရဲမက်တစ်ယောက်ကို လှမ်းခေါ်လိုက်သည်။

“ကျေးဇူးပြုပြီး အနောက်က လိုက်ခဲ့ပါ ကုန်းကုန်း…”


မိန်းမစိုးက အနောက်မှ လိုက်ရန် ပြင်လိုက်ပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံ ပေါ်ကာ ယခုထိ အရူးကဲ့သို့ ရပ်နေသော ဝမ်လျန်ကို လှည့်ကြည့်၍ မကျေမချမ်း ပြော၏။ 

“မင်း မလိုက်လာဘူးလား… အကျဉ်းထောင်ထဲ ဝင်ဖို့တောင် မင်းကို ဖိတ်ခေါ်ပေးမဲ့ တစ်ယောက်ယောက်ကို ရှာပေးရဦးမှာလား…”


ဝမ်လျန်လည်း အသိပြန်ကပ်သွားပြီး မိန်းမစိုးနောက်မှ အလျင်အမြန် လိုက်သွားလိုက်သည်။


ထိုနေရာက ပြစ်မှုကြီးကျူးလွန်သော ရာဇဝတ်သားများကို ထားသောနေရာ ဖြစ်သောကြောင့် ကောင်းကင်အကျဉ်းထောင်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။ ခေတ်အဆက်ဆက် အာဏာရှိခဲ့ဖူးသော ဘုရင့်ဆွေမျိုးများ၊ ရာထူးကြီးမူးမတ်များကို ဤနေရာတွင် အကျဉ်းချဖူးသည်။ ပတ်ဝန်းကျင်က အခြားသာမန် အကျဉ်းထောင်များနှင့် ယှဉ်လို့မရပေ။ 


ဝမ်လျန် အထဲသို့ ဝင်သွားသောအချိန်တွင် လေထုထဲမှ ထင်ရှားသော အနံ့စူးစူးကြောင့် မွန်းကြပ်လာပြီး နှာခေါင်းကို လက်ညှိုးဖြင့် ပိတ်ထားလိုက်သည်။


ဤနေရာရှိ အပြင်အဆင်က သာမန်အိမ်တော်များကဲ့သို့ပင် စားပွဲ၊ ကုလားထိုင်၊ အိပ်ရာနှင့် ဗီဒိုများ ရှိသော်လည်း မှောင်မည်းပြီး စိုထိုင်းနေသောကြောင့် အမည်းရောင် ပိုးကောင်များ မကြာခဏ ဖြတ်ပြေးနေကြသည်။


ဝမ်လျန် ငယ်စဉ်တည်းက ထိုပိုးကောင်များကို ကြောက်ရွံ့သောကြောင့် တုန်တုန်ယင်ယင်နှင့် လက်မောင်းနှစ်ဖက်ကို ပွတ်သပ်ကာ ကြက်သီးများပြေလျော့သွားရန် ကြိုးစားလိုက်သည်။


အရှေ့မှသွားသော အစောင့်နှင့် မိန်းမစိုးက ဝမ်လျန်၏ စိတ်ခံစားချက်ကို သတိမပြုမိပေ။ ဝမ်လျန်ကို ဂရုမစိုက်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။


အခန်းတစ်ခုကို ရောက်မှသာ အရှေ့မှ လမ်းပြနေသော အစောင့်က ရပ်တန့်လိုက်သည်။


ထိုအစောင့်နောက်မှ မိန်းမစိုးကလည်း ရပ်လိုက်၏။


ထို့နောက် အစောင့်က ခါးတွင်ချိတ်ထားသော သော့တွဲကို ဖြုတ်ယူကာ အထဲမှ သော့တစ်ချောင်းဖြင့် လေးလံသော သံထည်သော့ကို ဖွင့်လိုက်သည်။


သူ ဝင်ရန် လက်အမူအရာ ပြပြီး ပြောသည်။

“အချိန် အကန့်သတ်ရှိတာမို့ ပြောချင်တာရှိရင် အတိုချုပ်ပြောပါ…”


မိန်းမစိုးက သူတို့နောက်တွင် ရပ်နေသော ဝမ်လျန်ကို လှည့်ကြည့်လိုက်သည်။


ဝမ်လျန်က နေ့ရက်များစွာ ကြိုးစားအားထုတ်ပြီးနောက် ရှစ်ကျင်းကို ယခုကဲ့သို့ အလွယ်တကူ တွေ့ခွင့်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အိပ်မက်ထဲတွင် လျှောက်လှမ်းနေရသကဲ့သို့  သူ့ခြေလှမ်းက ယိမ်းယိုင်နေပြီး အစောင့်များနှင့် မိန်းမစ်ိုးတို့၏ အကြည့်များအောက်တွင် အကျဉ်းခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်သွားသည်။


စိုစွတ်ပြီး မနှစ်မြို့ဖွယ်အနံ့က အပြင်မှာထက် အထဲတွင် ပိုပြင်း၏။


ဝမ်လျန်က နှာခေါင်းကို ပိတ်ထားသော လက်ကို အောက်ပြန်ချကာ သတ္တိရှိရှိဖြင့် ဝင်လိုက်သည်။ သူ ဦးဆုံး မြင်ရသောအရာက အိုဟောင်းနေသော စားပွဲ၊ကုလားထိုင်နှင့် ဗီဒိုဖြစ်ပြီး စားပွဲပေါ်တွင် ထိတွေ့ခြင်း မခံထားရသည့် အေးစက်နေသော ဟင်းပွဲအချို့ ရှိနေသည်။


ဝမ်လျန်က အလွန်အမင်း တုန်လှုပ်နေပြီး ခြေလက်များကို မည်သို့ ထားရမှန်းပင် မသိတော့ချေ။ သူက တောင့်တင်းသော ခြေလှမ်းများဖြင့် စားပွဲနားသို့ လျှောက်သွားလိုက်သော်လည်း ထိုတိတ်ဆိတ်သော အခန်းထဲတွင် ရှစ်ကျင်းက ရှိမနေပေ။


သို့သော်လည်း သူက အနားယူ အိပ်စက်သော နေရာဖြစ်မည့် အတွင်းခန်းတစ်ခုကို တွေ့လိုက်ရသည်။


ဝမ်လျန် ပြန်လှည့်ပြီး အလယ်တွင်ကာထားသော အဝတ်စကိုဖယ်ကာ ထိုအတွင်းခန်းထဲသို့ ဝင်သွားလိုက်ရာ အိပ်ရာပေါ်တွင် လှဲနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။


ထိုလူက အိပ်ပျော်နေသကဲ့သို့ မလှုပ်မယှက် လှဲနေသည်။


ထိုမြင်ကွင်းကို မြင်ပြီး ဝမ်လျန် ခြေသံဖွဖွ နင်းကာ အိပ်ရာနားသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ယောကျာ်းတစ်ယောက်က ဖိနပ်နှင့် အဝတ်အစားများပင် မချွတ်ဘဲ အိပ်ရာတစ်ဖက်တွင် ကျောပေးလှဲနေပြီး ချည်နှောင်ထားခြင်း မရှိသော ဆံနွယ်များက ခေါင်းအုံးပေါ်တွင် ပြေကျနေသည်။


ဝမ်လျန်က ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် လည်ချောင်းကို ရှင်းကာ ခေါ်လိုက်သည်။

“မင်းသားရွှမ်…”


ထိုယောကျာ်းက သူ့အသံကို ကြားပုံမရဘဲ မလှုပ်ပေ။


ဝမ်လျန်က အလွန် စိတ်လှုပ်ရှားနေသောကြောင့် သူ့အသံများက တုန်နေသည်။ ရှစ်ကျင်းနှင့် ယခုကဲ့သို့ အနီးကပ် ရှိရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။  အတိတ်ကာလများက လူအုပ်ကြီး ဝိုင်းရံထားသော ရှစ်ကျင်းကို အဝေးမှသာ အမြဲ ငေးကြည့်နေရပြီး အနားမကပ်နိုင်ခဲ့ပေ။


သူက စိတ်ပြန်လည် တည်ငြိမ်ရန် လက်သည်းများနှင့် လက်ဖဝါးကိုအားထည့်၍ ထိုးဆိတ်ပြီး ပြောသည်။ 

“မင်းသားရွှမ် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ကျွန်တော့်မှာ ပြောစရာ ရှိလို့ပါ…”


သူက အနည်းငယ်မျှ မလှုပ်လာပေ။


ဝမ်လျန်က ရှစ်ကျင်း အိပ်မောကျနေသည်ဟု တွေးမိပြီး တွေဝေသွားသည်။  သို့သော်လည်း အကယ်၍ ရှစ်ကျင်းသာ အိပ်ပျော်နေပါက သူဤနေရာအထိ လာရသည်မှာ အကျိုးမထူးတော့ပေ။


ဝမ်လျန်က ရှစ်ကျင်းကိုနှိုးရန် အနားသို့ ကပ်လိုက်သည်။

“မင်းသားရွှမ် ခဏထလာပြီး ကျွန်တော် ပြောတာ နားထောင်ပေးလို့ ရမလား… ကျွန်တော် ပြောမယ့် ကိစ္စက အရမ်း အရေးကြီးလို့ပါ… မင်းသားလည်း နားထောင်ပြီးရင် နားလည်သွားပါလိမ့်မယ်…”


စကားမဆုံးမီတွင် ဝမ်လျန်က အေးစက်သော အကြည့်တစ်စုံနှင့် ရင်ဆိုင်လိုက်ရသည်။


ဝမ်လျန် ကြောက်လန့်သွားပြီး အနောက်သို့ အမြန်ဆုတ်လိုက်ကာ အိပ်ရာပေါ်မှ ဖြည်းညှင်းစွာ ထလာသော ရှစ်ကျင်းကို ကြည့်နေလိုက်သည်။ သူက အိပ်ရာအစွန်တွင် ထိုင်လိုက်ပြီး အနက်ရောင်ဆံနွယ်များက ပခုံးပေါ်တွင် ပြေကျနေကာ မျက်နှာက စက္ကူစထက်ပင် ဖြူဖျော့နေ၏။ သူ့မျက်လုံးများက ဗလာကျင်းနေပြီး နှုတ်ခမ်းများက ပြာနှမ်းအက်ကွဲနေကာ မေးစေ့တွင် မုတ်ဆိတ်မွှေးများဖြင့် ဖုံးလွှမ်းနေ၍ အလွန်အမင်း စိတ်ဓာတ်ကျဆင်းနေပုံ ပေါ်သည်။ ယခင်က ချောမောခန့်ညားသော လူငယ်လေး၏ အရိပ်ယောင်များပင် မရှိတော့ပေ။


ရှစ်ကျင်းက အိပ်မောကျနေခြင်း မဟုတ်ဘဲ ဝမ်လျန်နှင့် စကားမပြောချငခြင်းသာ ဖြစ်သည်။


ဝမ်လျန်က ခေတ္တမျှ ထိတ်လန့်သွားပြီး ရှစ်ကျင်းကို မမှတ်မိပေ။ 


ငါ့ရှေ့မှာ ရှိနေတဲ့ လူက ငါ့မှတ်ဥာဏ်ထဲက နူးညံ့သိမ်မွေ့ပြီး စွဲမက်ဖွယ်ကောင်းတဲ့ မင်းသား(၄)ရှစ်ကျင်းရော ဟုတ်ရဲ့လား…


အို့ ဘုရားရေ….


ဘာလို့ ရှစ်ကျင်းက အခုလိုပုံ ဖြစ်သွားရတာလဲ…


ဝမ်လျန်က အလွန်ထိတ်လန့်နေပြီး စကား မပြောနိုင်ပေ။


ရှစ်ကျင်းက စောင့်ဆိုင်းနေသော်လည်း မည်သည့် အသံမျှ မကြားရသောကြောင့် ခေါင်းမော့ပြီး ခံစားချက်ကင်းမဲ့သော မျက်လုံးများဖြင့် ဝမ်လျန်ကို ကြည့်လိုက်သည်။ သူက ဝမ်လျန့်ကို မှတ်မိပုံရသည်။ သူ့မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားသော်လည်း ချက်ချင်း ပြန်တည်ငြိမ်သွားပြီး မေးသည်။

“သူတို့က မင်းကို ဒီကို လွှတ်လိုက်တာလား…”


ဝမ်လျန်က ရှစ်ကျင်းပြောသည့် “သူတို့” ဆိုသည်မှာ ရှစ်ယဲ့နှင့် ဝမ်ချီ့ကို ဆိုလိုကြောင်း နားလည်သွားပြီး အလျင်အမြန် ခေါင်းခါလက်ခါပြ၍ ပြောသည်။

“မဟုတ်ပါဘူး…ကျွန်တော် ကိုယ်တိုင် ဆန္ဒရှိလို့ လာတာပါ…”


သူက ထိုသို့ပြောပြီး အပြင်တွင် ရပ်စောင့်နေသော မိန်းမစိုးကို သတ်ိရသွားသည်။ ထိုမိန်းမစိုးက ရှစ်ယဲ့၏ လူဖြစ်သောကြောင့် သူက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို အလျင်အမြန် ရှင်းပြလိုက်သည်။

“မင်းသားကို တွေ့ဖို့ အိမ်ရှေ့စံရဲ့ လူတွေ ခေါ်လာပေးတာတော့ မှန်ပါတယ်… ဒါပေမဲ့ အိမ်ရှေ့စံ လွှတ်လိုက်တာ မဟုတ်ဘဲ ကျွန်တော့်ဘာသာ ဆန္ဒရှိလို့ ရောက်လာတာပါ…”


ရှစ်ကျင်းက ဝမ်လျန်ကို တည်ငြိမ်စွာဖြင့် ကြည့်နေပြီး သူ့အကြည့်ထဲတွင် ရန်လိုမှုနှင့် သံသယများ ရှိမနေပေ။ သူ့မျက်လုံးများက ရေကဲ့သို့ ဗလာကျင်းနေပြီး မေးလိုက်သည်။

“မင်း ငါ့ကို ဘာပြောစရာ ရှိလို့လဲ…”




💮💮💮