Chapter 142
Viewers 36k

💮Chapter 142



ယောဖန်း၏မျက်နှာထက်ရှိ စိုးရိမ်မှုက လျော့နည်းမသွားခဲ့ 

ပေ။ သူမက မှန်လှပါဟု ဖြေကြားပြီးနောက် ဝမ်ချီ၏ လက်မောင်းကြားရှိ အားကူကိုတွေ့လိုက်ရသည်။ သူမက အံ့အားသင့်သွားကာ စိတ်ရှုပ်သွားပုံရ၏။

“အားကူ ဒီကိုလာလေ … သခင်လေးဆီက မြန်မြန်ဆင်းလာခဲ့နော် …”

 

အားကူက ယောဖန်း၏အသံကြောင့် လန့်သွားကာ အမြှီးထောင်သွား၏။ သူက ယောဖန်းထံမှ ပုန်းကွယ်လိုသဖြင့် ဝမ်ချီ၏လည်တိုင်အကြားတွင် ငှက်ကုလားအုပ်တစ်ကောင်ကဲ့သို့ ဦးခေါင်းကိုဖွက်လိုက်သည်။

 

အားကူက ဝမ်ချီ့ထံမှ ထွက်လာမည်မဟုတ်ကြောင်း ယောဖန်းသိလိုက်၏။ သူမက နှုတ်ခမ်းကိုကိုက်ကာ လက်ဆန့်လျက် အားကူးအား ဝမ်ချီ့ထံမှ ဖယ်ထုတ်ရန် ကြံရွယ်လိုက်သည်။

 

ဝမ်ချီက ယောဖန်း၏ လှုပ်ရှားမှုများကို သတိပြုမိသွားကာ သူမ၏ လက်ကို အမြန်ရှောင်လိုက်၏။

“အားကူကို ငါနဲ့ထားခဲ့ …”

 

ယောဖန်းက ခေါင်းယမ်းကာ တွေးပင်မတွေးဘဲ ငြင်းလိုက်သည်။

“မရပါဘူး သခင်လေး … သခင်လေး အနားယူဖို့လိုပါတယ် … အားကူရှိနေရင် သခင်လေး အနှောင့်အယှက်ဖြစ်ပါလိမ့်မယ် …”

 

ဝမ်ချီက ပြောသည်။

“ဘာမှမဖြစ်ပါဘူး … ငါလည်း ပျင်းနေတာဆိုတော့ သူနေခဲ့လို့ရပါတယ်…”

 

ယောဖန်းက ငြင်းလိုက်သည်။

“သခင်လေး တစ်ယောက်ယောက်နဲ့ စကားပြောချင်ရင် ဒီအစေခံ အဖော်လုပ်ပေးနိုင်ပါတယ် …”

 

ဝမ်ချီ ပြောစရာစကားမရှိ ဖြစ်သွားသည်။ သို့သော် သူက ထပ်ခါထပ်ခါ မတောင်းဆိုလိုချေ။ သူက အားကူကို ခေါင်းမာမာဖြင့် ပွေ့ချီထားကာ လွှတ်မပေးခဲ့ပေ။ အားကူးသည်လည်း လိုက်လျောညီထွေဖြစ်စွာ ဝမ်ချီ၏ လက်မောင်းကြား၌ ရှိနေပြီး ယောဖန်းကို တစ်ချက်ပင် လှည့်မကြည့်ချေ။

 

“သခင်လေး …”

ယောဖန်း၏ လက်ကတန်းလန်းဖြစ်သွားသည်။ သူမက တစ်စုံတစ်ခုကို ပြောရန်ပြင်ပြီးနောက် သက်ပြင်းချလိုက်၏။

“အားလုံးက ယောထောင် ညွှန်ကြားခဲ့တာပါ ... ဒီလိုလုပ်နေရင် ကျွန်မ ယောထောင်ကို ခေါ်ရပါလိမ့်မယ် …”

 

ဝမ်ချီ “…”

 

ဝမ်ချီက ယောဖန်း သူ့ကို ယောထောင်နှင့် ခြောက်နေကြောင်း နားလည်လိုက်သည်။ သို့သော် ယောဖန်း၏ ကြိုးစားမှုက အလုပ်ဖြစ်ခဲ့၏။ သူက ခဏအကြာ၌ အားကူးကို ယောဖန်းထံသို့ မပေးချင်ပေးချင် ပြန်ပေးလိုက်ရသည်။

 

သူက ယောထောင်၏မျက်နှာကို မမြင်ချင်သလို သူမနှင့် ထပ်မံ၍ အငြင်းမပွားလိုချေ။

 

အားကူက ဝမ်ချီ၏ ရည်ရွယ်ချက်ကို ခံစားမိပုံဖြင့် ထိတ်လန့်သွား၏။ သူက ဝမ်ချီ၏အင်္ကျီကို ကုတ်ထားလျက် ခပ်တိုးတိုး အူလာသည်။

 

ယောဖန်းက အားကူကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး ဝမ်ချီ့ထံသို့ ခုန်မသွားအောင် တားဆီးလိုက်၏။

 

ဝမ်ချီက အားကူ၏ နားရွက်ကလေးများကို ထိတွေ့လိုက်သည်။ သူက တစ်စုံတစ်ခုအား ပြောချင်သော်လည်း ယောဖန်း၏ အကြည့်ကြောင့် ဘာမှမပြောနိုင်တော့ချေ။

 

ယောဖန်းက သတိကြီးစွာ‌ မေးလိုက်သည်။

“သခင်လေး ယောထောင်ကို ခေါ်တာ ဘာများလိုအပ်လို့လဲ…”

 

ဝမ်ချီ ခေါင်းယမ်းလိုက်သည်။

“ဘာမှမဟုတ်ဘူး ..”

 

ယောဖန်းက ပြော၏။

“ဒီအစေခံ အားကူကို အရင်ဆုံး အပြင်ထုတ်လိုက်ပါ့မယ်…”

 

ယောဖန်းနှင့် အားကူတို့ ထွက်သွားသည့်နောက် ဝမ်ချီက အိပ်ရာထံပြန်လာခဲ့သည်။ သူက စောင်အထပ်ထပ်အောက်သို့ တိုးဝင်ရင်း သူ့လက်ဖျားရှိ အားကူ၏ နူးညံ့သောအထိအတွေ့ကို လွမ်းဆွတ်နေမိ၏။ အကြောင်းရင်းအချို့ကြောင့် အထီးကျန်မှုက သူ့ထံ တိုးဝင်လာခဲ့သည်။

 

ထိုစဉ် ပြတင်းပေါက်မှ နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာပြန်၏။

 

ဝမ်ချီက အားကူ ယောဖန်းလက်မှ ပြေးထွက်လာပြီး ပြတင်းပေါက်ထံသို့ ထပ်မံရောက်လာသည်ဟု ထင်လိုက်သည်။ သူက ပျော်ရွှင်စွာဖြင့် အိပ်ရာထဲမှထွက်ကာ အားကူကို သွားခေါ်ရန် ပြင်လိုက်၏။ သို့သော် အိပ်ရာအရှေ့တွင် မည်သည့်အချိန်ကတည်းက ရှိနေမှန်းမသိသော ဖိနပ်တစ်စုံကို တွေ့လိုက်ရသည်။

 

ဝမ်ချီ ထိတ်လန့်သွားကာ မော့ကြည့်လိုက်၏။ မီးဖို၏ အလင်းရောင်နီနီအောက်တွင် ရင်းနှီးနေသည့် မျက်နှာဖုံးအား သူတွေ့လိုက်ရသည်။

 

ဒါက …

 

ဒါက ငါ ဖင်အန်းကိုပေးခဲ့တဲ့ မျက်နှာဖုံးမလား …

 

ဝမ်ချီ၏အာရုံကြောများက ရုတ်တရက် တောင့်တင်းသွား၏။ သူ အားကူကို ခေါ်စဉ်က ပြတင်းပေါက်အား တုတ်ဖြင့် တောက်ထားခဲ့သည်။ ဤပုဂ္ဂိုလ် အသံတစ်ချက်မထွက်ဘဲ ရောက်လာခဲ့သည်မှာ အံ့အားသင့်စရာမရှိတော့ပေ။

 

မည်သို့ပင်ဖြစ်စေ၊ ထိုသူ၌ ရည်ရွယ်ချက်ကောင်းများ ရှိမနေခဲ့ချေ။

 

ဝမ်ချီက စောင်ကိုဆွဲယူကာ ထိုသူ့ထံသို့ပစ်ရန် ကြံစည်လိုက်၏။ သူက ထိုသူ သတိလက်လွတ်ဖြစ်သွားစဉ် လွတ်အောင် ထွက်ပြေးလိုခြင်းဖြစ်သည်။ သို့သော် ထိုသူက တစ်နေရာမှ ပြွန်တစ်ခုကိုထုတ်ကာ သူ့ထံသို့ မှုတ်ထုတ်လိုက်၏။

 

မီးခိုးဖြူဖြူများက ပြွန်မှ ထွက်ပေါ်လာကြသည်။ ပြွန်က ဝမ်ချီ့ထံသို့ ဦးတည်နေသည်ဖြစ်ရာ ဝမ်ချီ၏ အမြင်တစ်ခုလုံး ဝေဝါးသွားပြီး ပတ်ဝန်းကျင်ကိုပင် မမြင်နိုင် ဖြစ်သွားရ၏။

 

ဝမ်ချီက တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသွားကာ အမြန်အသက်အောင့်လိုက်၏။ သို့သော် သူက အသက်လေးရှိုက် ငါးရှိုက်ခန့် ရှူလိုက်မိလေသည်။


အဖြူရောင်မီးခိုးများက ဝမ်ချီ့ထံသို့ အလုံးအရင်းနှင့် ဦးတည်လာခြင်းဖြစ်၏။ ဝမ်ချီက သူ့ကိုယ်သူ အကောင်းဆုံး ကြိုးစားသည့်တိုင် ထိုမီးခိုးများက သူ၏ အာရုံကြောစနစ်ထဲသို့ နည်းနည်းချင်း စိမ့်ဝင်လာကြသည်။

 

မကြာမီမှာပင် ဝမ်ချီ၏ခြေထောက်များ ပျော့ခွေသွားကာ မြေပေါ်သို့ လဲကျသွား၏။ သူ့လည်ချောင်းတွင် တစ်ခုခု တစ်ဆို့နေသည့်အလား ခံစားနေရပြီး အော်သံကိုပင် မပြုနိုင်တော့ပေ။

 

မျက်နှာဖုံးနှင့် အမျိုးသားက ဝမ်ချီ့နံဘေးသို့ လျှောက်လာပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက် ဝမ်ချီ၏ အကြောများကို ပိတ်လိုက်၏။

 

ဝမ်ချီက မျက်လုံးများကိုဖွင့်လျက် အမျိုးသားအား ကြောက်လန့်တကြား ကြည့်နေမိသည်။

 

သူက မျက်နှာဖုံးကို ဖြတ်သန်း၍ မြင်ချင်နေမိ၏။

 

ဒီလူက ဘယ်သူလဲ …

 

ရှစ်ကျင်းရဲ့လူလား … ကိုယ်လုပ်တော်ရုန်ရဲ့လူလား …

 

ဒါပေမယ့် ဒီလူက ဘာလို့ ဖင်အန်းကို ငါ ပေးဖူးတဲ့ မျက်နှာဖုံးဝတ်ထားရတာလဲ … ဖင်အန်းက မသေသေးတာလား …

 

ယခင်က ရှောင်ရွှမ်ကျီမှာ ဖင်အန်း၏ သေဆုံးမှုကို အတည်ပြုခဲ့ကြောင်း ပြောခဲ့သော်လည်း ဖင်အန်း၏ သေဆုံးမှုက ထူးဆန်းသည်ဟု သူခံစားခဲ့ရ၏။

ဖင်အန်း အဲဒီ့တုန်းက လွတ်လာခဲ့တာလား …

 

ဝမ်ချီ၏ဦးခေါင်းထဲတွင် လူများစွာ၏အမည် ပေါ်ထွက်လာခဲ့သော်လည်း သူ့အရှေ့ရှိလူအား သေချာမသိနိုင်ခဲ့ပေ။ ရှစ်ယဲ့၌ ရန်သူအမြောက်အများရှိပြီး သူသည်လည်း ရှစ်ယဲ့၏ လူဖြစ်နေရာ အတော်များများ၏ ပစ်မှတ် ဖြစ်လာမည်ပင်။

 

လက်ရှိအချိန်၌ ရှစ်ယဲ့အဘယ့်ကြောင့် သူနှင့် စည်းခြားထားခဲ့ကြောင်း ဝမ်ချီ နားလည်သွားသည်။ သူက ထိုအကြောင်းရင်းကြောင့် ဝမ်ချီအား နန်းတော်အပြင်ဘက်သို့ ပို့ခဲ့ခြင်းဖြစ်၏။

 

သူက ထိုလူများ ဤနေရာသို့တိုင် လိုက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ 

 

ဝမ်ချီက မလှုပ်နိုင်သလို စကားလည်း မပြောနိုင်ခဲ့ပေ။ ထို့ကြောင့် ထိုအမျိုးသား ပခုံးပေါ်ထမ်းတင်လိုက်သည်ကို ငြိမ်ခံလိုက်ရသည်။

 

သူ၏ ဝမ်းဗိုက်က အမျိုးသား၏ပခုံးထက်၌ ရှိနေပြီး သူ့အား နာကျင်စေလျက်ရှိသည်။ သူက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း မီးခိုးများရှူရှိုက်မိကာ အကြောပိတ်ခံရပြီးနောက် အသံတစ်သံပင် မပြုနိုင်ခဲ့ချေ။

 

အမျိုးသားက သူ့အားသယ်လျက် ပြတင်းပေါက်မှ ခုန်ထွက်လိုက်သည်။ ထို့နောက် ခြံဝန်းအား အလွယ်တကူ ဖြတ်ကျော်သွားခဲ့၏။

 

ဝမ်ချီက ခြံဝန်းထဲတွင် ကင်းလှည့်နေသည့် အစောင့်များ သူတို့ကို မြင်တွေ့သွားကြောင်း သတိပြုမိလိုက်သည်။ သို့သော် ထိုသူတို့က မည်သည်ကိုမှ မမြင်လိုက်သကဲ့သို့ ခေါင်းကိုလှည့်သွားကြ၏။

 

အေးစက်သောညလေညင်းက ဝမ်ချီ၏မျက်နှာကို နာကျင်စေခဲ့သည်။

 

ဝမ်ချီက မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း နားလည်သွားကာ နှလုံးသားတစ်ခုလုံး အေးစက်လာ၏။

 

ထိုသူက သူ့အိပ်ခန်းထဲသို့ ဖြတ်ကျော်ဝံ့ခဲ့သည်မှာ အံ့အားသင့်စရာမရှိတော့ပေ။ သူ့ကိုပင် သယ်ဆောင်လျက် ခြံဝန်းအတွင်းမှ ပျံထွက်နိုင်ခဲ့ခြင်းမှာ အစောင့်များအား လာဘ်ထိုးထား၍သာ ဖြစ်တော့၏။

 

ထိုသူက သူ့ကို ရိုးရိုး ပြန်ပေးဆွဲခဲ့ခြင်းမဟုတ်ဘဲ ယခင်ကတည်းက အဆောက်အဦးထဲတွင် ပုန်းနေခဲ့ခြင်း ဖြစ်ရပေမည်။

 

သို့‌သော် ဝမ်ချီက သူ့အနီးအနား၌ အန္တရာယ်ရှိနေကြောင်း သတိမမူမိခဲ့ပေ။

 

သူ တစ်ဦးထဲဆိုပါက ပြဿနာမရှိချေ။ သို့သော် သူ့၌ ကလေးရှိနေပြီဖြစ်၏။

 

ဝမ်ချီ၏ခန္ဓာကိုယ်ထဲရှိ ကိုယ်တွင်းအင်္ဂါများက တောင့်တင်းလာကြသည်။ သူက ညလေညှင်းကြောင့် မသက်မသာဖြစ်နေခဲ့ပြီး အစာအိမ်သည်လည်း စတင်၍ နာကျင်လာ၏။

 

သူ အန်ချင်စိတ်ပေါက်လာရသည်။

 

ဝမ်ချီ၏မျက်နှာတစ်ခုလုံး ပြာနှမ်းလာကာ အမျိုးသား၏ ကျောကို အမြန်ထုရိုက်လိုက်၏။

 

ကံမကောင်းစွာဖြင့် အမျိုးသားက သူ ပြောချင်သည့်အရာကို နားမလည်ခဲ့ပေ။ ထိုသူက အရှိန်ကိုသာ လျှော့ပေးလေသည်။

 

ဝမ်ချီက ထိုလူအား သူ့ကို ခဏချပေးစေချင်ခြင်းဖြစ်သည်။ သို့သော် အတန်ကြာသည့်တိုင် ထိုသူက ရှေ့သို့ ဆက်လက်ပျံသန်းနေဆဲပင်။ အဆုံးသတ်၌ သူက မထိန်းထားနိုင်တော့ဘဲ အန်ချလိုက်၏။

 

ဝမ်ချီသည် မည်သည့်အရာကိုမှ မစားသောက်ခဲ့၍ သူ ပျို့အန်လေတိုင်း ရေများကိုသာ အန်ထုတ်လေ့ရှိသည်။ သို့သော် မကြာမီက ယောထောင်ကြောင့် ဆေးသောက်ခဲ့ရလေသည်။

 

ဤသို့ဖြင့် သန္ဓေသားအားဆေးများက အမျိုးသား၏ ကျောပြင်ပေါ်သို့ ပြန်အန်ထွက်ကုန်တော့၏။

 

အမျိုးသားက ရပ်လိုက်သည်။

 

ညလေပြင်းက ကျယ်လောင်စွာ တိုက်ခတ်နေ၏။ ဝမ်ချီက အမျိုးသား၏မျက်နှာကို မတွေ့ရသော်လည်း ထိုသူ၏ တောင့်တင်းသွားသော ခန္ဓာကိုယ်မှတစ်ဆင့် သူ့ရွံရှာမှုကို ခံစားမိလိုက်လေသည်။

 

ဝမ်ချီက ရှက်နေချိန်ပင် မရခဲ့ပေ။ အန်ချင်စိတ်က သူ့လည်ပင်းအား မြွေတစ်ကောင်နှယ် ရစ်ခွေလာ၏။

 

သူက အမျိုးသား၏ကျောပြင်အား ပုတ်၍အချက်ပြချင်ခဲ့သော်လည်း အန်ချလိုက်မိခြင်းဖြင့် အဆုံးသတ်သွားရသည်။ သူက အမျိုးသား၏ပခုံးအား အမြန်တွန်းလိုက်၏။

 

အမျိုးသား၏ခန္ဓာကိုယ်က တောင့်တင်းနေပြီး ဝမ်ချီ၏ အပြုအမူကိုပင် ခံစားမိပုံမရချေ။ သူက အမြန်လှုပ်ရှားလိုက်၏။ သို့သော် ဤတစ်ကြိမ်၌ ကိုယ်ဖော့ပညာ မသုံးတော့ဘဲ ခြေလှမ်းကိုသာ မြန်မြန်လှမ်းလိုက်၏။

 

ဝမ်ချီက အလွန့်အလွန် မသက်မသာဖြစ်နေသည်။ သူ မကြာသေးမီ အန်ထားခဲ့သည်ဖြစ်ပြီး ယခုအခါ ဇောက်ထိုးထားခံရပြန်၏။ ထိုလူ၏ လမ်းလျှောက်နှုန်းကြောင့် ဟိုဘက်သည်ဘက်လည်း လွှဲယမ်းနေသေး၏။ ၎င်းက သူ့ကို ပို၍ မူးဝေလာစေခဲ့သည်။

 

အန်ချင်စိတ်က သူ့လည်ချောင်းထဲသို့ ဆန်တက်လာသည်။

 

ထိုအချိန်မှာပင် အမျိုးသား၏ ရေခဲတမျှ‌အေးစက်သောအသံ ထွက်ပေါ်လာသည်။

“မျိုချလိုက် …”

 

ဝမ်ချီ “…”

 

အမျိုးသားက ဆက်ပြော၏။

“ထပ်အန်ရဲရင် ငါမင်းကို ဒီနေရာမှာတင် သတ်ပစ်မယ်…”

 

အမျိုးသားက သူ့အသံကို နိမ့်လိုက်သော်လည်း ဝမ်ချီကမူ ထိုသူမည်သူဖြစ်ကြောင်း သိလိုက်၏။

 

ဝမ်ချီက ပါးစပ်ကိုအထိတ်တလန့်ဖွင့်ကာ တစ်စုံတစ်ခု ပြောလိုခဲ့သည်။ သို့သော် သူ့နှုတ်ဖျားမှ အသံတစ်သံပင် ထွက်မလာခဲ့ပေ။

 

အမျိုးသားက သူ့အားစွန့်ပစ်အိမ်တစ်လုံးထံသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုလူက နေရာနှင့် အကျွမ်းတဝင်ရှိနေ၏။ အဆုံးသတ်တွင် သူက အခန်းတစ်ခု၏ ကျောက်တုံးတံခါးကိုဖွင့်ကာ လျှို့ဝှက်ခန်းထဲသို့ လျှောက်ဝင်လိုက်လေသည်။

 

လျှို့ဝှက်ခန်းအတွင်းသို့ ရောက်လာသည့်နောက် မူလက မှိန်ဖျော့နေသည့် မြင်ကွင်းက ပို၍ ထင်ရှားလာ၏။

 

ထိုနေရာ၌ ဖယောင်းတိုင် အများအပြားထွန်းညှိထားကာ အပြင်ဘက်ရှိ ဖယောင်းတိုင်များကဲ့သို့ သက်တမ်းရင့်နေခြင်း မရှိကြချေ။ အခန်းထဲ၌ ကုလားထိုင်များ၊ ထိုင်ခုံများနှင့် အိပ်ရာတစ်ခု ရှိနေ၏။

 

အမျိုးသားက ဝမ်ချီအား မြေပေါ်သို့ပစ်ချလိုက်သည်။

 

ဝမ်ချီက နာကျင်မှုကို ခံစားလိုက်ရပြီး ထရန် ကြိုးစားလိုက်၏။ သို့သော် သူက အကြောပိတ်ခံထားရသည်ဖြစ်ရာ သူ့မျက်လုံးများကိုမှိတ်ရင်း အနားယူနေရတော့သည်။

 

အမျိုးသားက တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ အခန်းတွင်း လှည့်ပတ်သွားလာနေသည်။ သူ ပြန်လှည့်လာချိန်၌ မျက်လုံးများကိုမှိတ်ထားပြီး အိပ်ပျော်လုဆဲဆဲဖြစ်နေသည့် ဝမ်ချီအား တွေ့လိုက်ရ၏။ အမျိုးသားက တောင့်ခဲသွားကာ ဒေါသတကြီးဖြင့် ဝမ်ချီ့ထံလျှောက်လာလေသည်။

 

သူက ငုတ်တုတ်ထိုင်ချကာ ဝမ်ချီ အင်္ကျီကော်လံအား ဆုပ်ကိုင်လိုက်၏။

“မင်း သက်သက်လုပ်တာမဟုတ်လား …”

 

ဝမ်ချီက အနည်းငယ် သက်သာလာသည့်တိုင် အပြည့်အဝ မကောင်းမွန်သေးချေ။ သူက မျက်လုံးများကို ဖွင့်ကာ မျက်နှာဖုံးအား ကြည့်လိုက်၏။ ထို့နောက် ပါးစပ်ဟကာ သူဘာမှမပြောနိုင်ကြောင်း ပခုံးတွန့်ပြလိုက်၏။

 

အမျိုးသားက ခဏကြာတောင့်ခဲသွားသည်။ ထို့‌နောက် ဝမ်ချီ၏ ကိုယ်ပေါ်ရှိအကြောများကို ဖွင့်ပေးလိုက်၏။

 

ဝမ်ချီ ခံစားနေရသည့် ကြိုးများဖြင့် တုပ်နှောင်ထားသကဲ့သို့ ခံစားချက်က ပျောက်ကွယ်သွားခဲ့သည်။ သူက ချက်ချင်း သက်သောင့်သက်သာ ထိုင်လိုက်၏။ သို့သော် အမျိုးသားက သူ့အင်္ကျီကော်လံအား ဆွဲထားလေရာ သူ၏ အသက်ရှူမှုကို ပြတ်လပ်လာစေ၏။

 

ဝမ်ချီက ပြောသည်။

“လွှတ်ဦး …”

 

ကံမကောင်းစွာဖြင့် အမျိုးသားက သူ့အင်္ကျီကော်လံကို မလွှတ်သည့်အပြင် ပို၍တင်းကျပ်စွာ ဆွဲလိုက်၏။ သူက ဝမ်ချီ့အနီးသို့ ချဉ်းကပ်လာရင်း အလွန်အေးစက်သော အသံဖြင့် ဆိုသည်။

“မင်း ထွက်ပြေးလို့မရဘူး... သူလာမယ်လို့လည်း မျှော်လင့်မနေနဲ့ …”

 

“ငါမပြေးနိုင်မှန်း သိပါတယ် …”

ဝမ်ချီက ပင့်သက်ရှိုက်လိုက်သည်။

“ငါ မပြေးပါဘူး …”

 

အမျိုးသားက ဝမ်ချီ ဤမျှ သိတတ်မည်ဟု မျှော်လင့်မထားခဲ့။ သူက ခဏကြောင်သွားကာ ပြောလိုက်သည်။

“ငါ့ကို လှည့်စားဖို့မကြိုးစားနဲ့ … ငါ သိတာနဲ့ မင်းကို ချက်ချင်းသတ်ပစ်မှာ …”

 

ဝမ်ချီ ရယ်ချင်သွားသည်။

 

အမျိုးသား၏မျက်ဝန်းများက ထက်မြနေပြီး လူသတ်ငွေ့များကို သိသိသာသာ ထုတ်လွှတ်နေ၏။ ၎င်းတို့က ဝမ်ချီ့ထံသို့ ဓားမြှောင်တစ်ခုနှယ် ပျံသန်းလာလျက်ရှိသည်။

 

သို့သော် သူက ဝမ်ချီအား ဘာမှမလုပ်ခဲ့ပေ။ ထိုသူ၌ အခြားအကြံရှိနေသည်မှာ သိသာလှ၏။

 

“မင်း ငါ့ကိုသတ်ချင်ရင် သတ်ပြီးနေလောက်ပြီ … ဘာလို့ ဒီအထိခေါ်လာဦးမလဲ …မင်း ပင်ပန်းနေပြီလား … ဟွားကျစ်ချန် …”

ဝမ်ချီက မျက်နှာဖုံးကိုကြည့်ကာ ပြောလိုက်သည်။


ဟွားကျစ်ချန်က ဝမ်ချီ သူ့အမည်ကို ပြောလိုက်သည်နှင့် ဝမ်ချီ၏ ကော်လံအား အမှတ်တမဲ့ လွှတ်ပေးလိုက်၏။

 

ဝမ်ချီက နောက်သို့ အနည်းငယ်ဆုတ်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“မင်းအသံကို ငါမမှတ်မိဘူးများ ထင်နေတာလား …”

 

ထိုသို့ ပြောပြီးသည့်နောက် ဟွားကျစ်ချန်က ဖုံးကွယ်ရန် မလိုတော့ကြောင်း နားလည်သွားသည်။ ထို့ကြောင့် သူက ဝမ်ချီ၏ကော်လံကို လွှတ်ကာ မျက်နှာဖုံးကို ချွတ်လိုက်၏။


ဝမ်ချီ ခေါင်းမော့လိုက်သည့်အခါ ဖြူလျော်လျော် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ ဟွားကျစ်ချန်နှင့် သူ မတွေ့သည်မှာ အချိန်အတော်ကြာလေပြီ။ သူက ဝမ်ချီ၏ မှတ်ဉာဏ်ထဲကထက် ပို၍ ပိန်ပါးနေ၏။ သူ၏ အနက်ရောင်ဆံပင်များက ရှုပ်ပွနေကာ ပခုံးထက်သို့ ဖြာကျလျက်ရှိသည်။ သူက ခေါင်းငုံ့လိုက်ရင်း ဝမ်ချီအား အသက်မပါသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

 

ဟွားကျစ်ချန်က တစ်နေ့တွင် ဤမျှအခြေအနေထိ ရောက်သွားလိမ့်မည်ဟု သူာမထင်ထားခဲ့ပေ။

 

ဤကာလအတွင်း ဟွားကျစ်ချန်၌ အချိန်ကောင်းများ မရှိခဲ့သည့်ပုံပင်။

 

ဟွားကျစ်ချန်က ဝမ်ချီ၏ မျက်နှာထက်ရှိ နားမလည်သော အမူအရာကို သတိပြုမိလိုက်သည်။ သူ့အကြည့်များက မှုန်ဝါးသွား၏။

 

ဖယောင်းတိုင်၏ ဝါကျင့်ကျင့်မီးရောင်က ဟွားကျစ်ချန်၏ ညာဘက်ပါးပြင်အား ရောင်ပြန်လျက်ရှိသည်။ သူ့မျက်နှာတစ်ဖက်ကမူ အမှောင်ဘက်ခြမ်းတွင် ရှိနေ၏။ သူ၏ မကျေမချမ်း အမူအရာက ထင်ရှားနေပြီး အလင်းနှင့်အမှောင်တို့ တစ်ဝက်စီ ကျရောက်နေမှုကြောင့် ငရဲမှတွားတက်လာသည့် နတ်ဆိုးတစ်ကောင်နှင့်ပင် တူနေသည်။

 

ဝမ်ချီက ဟွားကျစ်ချန်၏ အေးစက်စက် မျက်ဝန်းများကြောင့် ဦးရေပြားတစ်ခုလုံး ထုံကျင်သွားရသည်။ သူက ချက်ချင်း ပါးစပ်ပိတ်လိုက်၏။

 

ကံကောင်းစွာဖြင့် ဟွားကျစ်ချန်က သူ့အား ဘာမှမလုပ်ခဲ့ဘဲ အတွင်းခန်းသို့သာ ဝင်သွားခဲ့၏။ ဟွားကျစ်ချန် ပြန်ထွက်လာချိန်၌ နက်ပြာရောင်ဝတ်စုံအား လဲလှယ်ထားလေသည်။ ဆံပင်ကိုလည်း စည်းနှောင်ထား၏။

 

လျှို့ဝှက်ခန်းထဲ၌ အစားအသောက်များ ရှိသော်လည်း ရေချိုးစရာနေရာ မရှိပေ။ ဟွားကျစ်ချန်က ရေဇလုံကိုယူ၍သာ သူ့ကျောပြင်အား ဆေးကြောနိုင်၏။

 

သို့သော် ဝမ်ချီ အန်လိုက်သည့်အရည်များမှာ အနံ့ပြင်းလွန်းလှသည်။ ဟွားကျစ်ချန် အသက်ရှူလိုက်တိုင်း ထိုအနံ့ကို ခံစားမိနေဆဲပင်။

 

ဟွားကျစ်ချန်က အသန့်ကြိုက်သူဖြစ်၏။ သို့သော် သူ့နောက်သို့ လူများတစ်ချိန်လုံး လိုက်နေသည်ဖြစ်ရာ သူသည်လည်း ကြွက်တစ်ကောင်ကဲ့သို့ ပုန်းကွယ်နေရခြင်းဖြစ်သည်။

 

သူက ထိုသို့နေထိုင်ရခြင်းကို မနှစ်မြို့သည့်တိုင် ပုန်းကွယ်ရခြင်းနှင့် သူအသားကျနေပြီဖြစ်၏။ သို့သော် ဆေးနံ့ပြင်းပြင်းက သူ့အား အလွန်စိတ်ဓာတ်ကျလာစေသည်။

 

ဟွားကျစ်ချန်က စတင်၍ ဒေါသထွက်လာ၏။ သူ့စိတ်အခြေအနေသည်လည်း သူ့ခန္ဓာကိုယ်ထဲရှိ သားရဲကြီးက အပြင်သို့ ခုန်ထွက်ချင်နေသည့်အလား ပို၍ ဆိုးဝါးလာ၏။

 

သူ အတွင်းခန်းမှ ပြန်ထွက်လာချိန်တွင် ဝမ်ချီသည် မြေပေါ်မှထကာ တစ်ခုထဲရှိသည့် အိပ်ရာပေါ်သို့ တက်ရင်း သက်သောင့်သက်သာ လှဲနေသည်ကို တွေ့လိုက်ရသည်။ ထိုသူက ဗိုက်ပေါ်ကိုပင် စောင်ခေါက်တင်ထားသေး၏။

 

ဟွားကျစ်ချန်  “…”

 

သူက အသက်ပြင်းပြင်းရှူလျက် ဒေါသကို ဖိနှိပ်လိုက်သည်။ ထို့နောက် အိပ်ရာထံသို့ ဦးတည်လိုက်၏။

 

ဝမ်ချီက အိပ်ရာပေါ်၌ လှဲရုံသာ လှဲနေခဲ့ခြင်း မဟုတ်ဘဲ  အိပ်မောကျနေလေပြီဖြစ်သည်။

 

ဟွားကျစ်ချန်က ဆက်၍သည်းမခံနိုင်တော့ဘဲ လက်ဖဝါးသိုင်းကိုသုံးကာ ဝမ်ချီ၏ဘေးဘက်ကို ရိုက်လိုက်၏။

 

အိပ်ရာက ရုတ်တရက် နိမ့်ဝင်သွား၏။ ဝမ်ချီ မျက်လုံးဖွင့်လာချိန်တွင် ဟွားကျစ်ချန်၏ မှုန်မှိုင်းသော အကြည့်ကို ရင်ဆိုင်လိုက်ရသည်။ သူ လန့်သွားကာ အိပ်ရာတစ်ဖက်သို့ အမြန်လိမ့်ချလိုက်ပြီးနောက် ဒေါသတကြီးပြောလိုက်သည်။

“မင်း ဘာလုပ်နေတာလဲ …”

 

ဟွားကျစ်ချန်က လက်ကိုရုတ်ကာ အိပ်ရာပေါ်ရှိ ဝမ်ချီအား အေးစက်စက် ကြည့်လိုက်၏။

“ထွက်သွားစမ်း …”

 

ဝမ်ချီက ဟွားကျစ်ချန်၏ဒေါသကြောင့် အံ့အားသင့်သွား၏။ သူက ဟွားကျစ်ချန် မည်မျှ ယဉ်ကျေးခဲ့သည်ကို အမှတ်ရနေမိသည်။ ထိုသူက အလွန်ဒေါသထွက်နေလျှင်ပင် စကားတစ်ခွန်းမှ ပြောမည်မဟုတ်ပေ။ သို့သော် မျက်နှာဖုံးကို ချွတ်လိုက်သည်နှင့် ထိုမျှဒေါသကြီးသည့် လူတစ်ဦးဖြစ်သွားခဲ့သည်။ ဝမ်ချီက ဟွားကျစ်ချန်မှာ ယခင်ကတည်းက ထိုသို့ဒေါသကြီးတတ်သည်လော၊ သို့မဟုတ် လက်ရှိအဖြစ်အပျက်များကြောင့် ပြောင်းလဲသွားရသည်လော မခွဲခြားတတ်တော့ပေ။

 

သူက အိပ်ရာပေါ်မှ ဖြည်းဖြည်းချင်း ဆင်းလာခဲ့သည်။ သို့သော် သူ မဆင်းချင်ချေ။ ဤအခန်းထဲ၌ သက်သောင့်သက်သာ အနားယူနိုင်သည့် နေရာဟူ၍ ဤအိပ်ရာတစ်ခုသာ ရှိ၏။ အခြားအရာများက ဝါးကုလားထိုင်များ၊ ကျောက်ခုံများသာ ဖြစ်ကြသည်။ သူက ထိုအရာများပေါ်၌ စမ်းသပ်၍ ထိုင်ကြည့်ခဲ့ပြီးပြီဖြစ်၏။

 

“မင်း အိပ်ချင်လို့လား … ဒါဆို ငါမလှဲတော့ပါဘူး … ငါ ခဏပဲအိပ်ရာပေါ် ထိုင်မယ်လေ …”

ဝမ်ချီက ညှိနှိုင်းရန် ကြိုးစားလိုက်သည်။

 

“ထွက်သွား …ငါမင်းကို ထွက်သွားချင်အောင် ကူညီပေးရမလား …”

ဟွားကျစ်ချန်က အေးစက်စက် ဆို၏။


ခြိမ်းခြောက်ခံလိုက်ရသည့် ဝမ်ချီက အိပ်ရာထဲမှ အမြန်ထွက်လာခဲ့သည်။

 

ဟွားကျစ်ချန်က အိပ်ရာကို အသုံးပြုလိမ့်မည်ဟု ဝမ်ချီ ထင်ခဲ့၏။ သို့သော် သူက ထိုနေရာ၌ ထိုင်ခြင်း သို့မဟုတ် အိပ်စက်ခြင်း မပြုခဲ့ဘဲ အိပ်ရာကို တစ်ချက်ကြည့်ကာ ကျောက်ခုံတစ်ခုထံ လျှောက်သွားရင်း ထိုင်ချလိုက်လေသည်။

 

ဝမ်ချီ “…”

 

သူ ဘာဖြစ်နေတာလဲ ….

 

ဝမ်ချီ ခဏတွေးပြီးနောက် ဟွားကျစ်ချန်က အိပ်ရာကို လိုအပ်၍ မဟုတ်ဘဲ သူ့ကိုသာ ‌ဒုက္ခခံစေလိုခြင်း ဖြစ်ရမည်ဟု နားလည်လိုက်၏။




💮💮💮