💮Chapter 140
သူက ခဏတွေးပြီးသည့်နောက် သူကြားလိုက်ရသည်ကို အတည်ပြုရန် ပြတင်းပေါက်ထံသို့ လျှောက်သွားလိုက်သည်။
အပြင်ဘက်တွင် မီးခိုးရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် အစေခံတစ်ဦးက နှင်းများကို တံမြက်စည်းဖြင့် လှည်းကျင်းနေ၏။ ထိုအစေခံက အစောကအသံကို ပြုလုပ်လိုက်မိခြင်း ဖြစ်ပုံရသည်။
အစေခံက ဝမ်ချီ၏ အကြည့်ကို ခံစားမိဟန်ဖြင့် မော့ကြည့်လိုက်၏။ ထို့နောက် ခေါင်းကို အမြန်ငုံ့ချလိုက်သည်။
“သခင်လေး … အိမ်တော်ထိန်းက ဒီအစေခံကို သစ်ကိုင်းတွေရှင်းလင်းဖို့ အမိန့်ပေးခဲ့တာပါ … သခင်လေးကို နှောင့်ယှက်မိပါပြီ …”
“ရပါတယ် …”
ဝမ်ချီက သက်ပြင်းချကာ လက်ယမ်းပြလိုက်သည်။
သူက ဘာမှလုပ်စရာမရှိရာ ပြတင်းပေါက်မှနေ၍ အစေခံ အလုပ်လုပ်နေသည်ကိုသာ ဆက်ကြည့်နေမိ၏။ အစေခံက ဝမ်ချီ၏အကြည့်ကြောင့် လှုပ်ပင်မလှုပ်ရဲတော့ဘဲ ကျောက်ရုပ်ပမာ မတ်တပ်ရပ်နေလေသည်။
ဝမ်ချီက ရှက်ရှက်ဖြင့် နှာခေါင်းကို ပွတ်ရင်း လှည့်ထွက်ရန်ပြင်လိုက်သည်။ သို့သော် သူက မထွက်သွားမီ အသံကို သတိရသွားကာ မေးလိုက်၏။
“စကားမစပ် ဘယ်အချိန်တုန်းက ဒီကိုရောက်လာတာလဲ…”
“အာ …”
အစေခံက နားမလည်ဖြစ်သွားသည်။ သူက ပခုံးကိုကျုံ့ကာ အမှန်အတိုင်း ဖြေလိုက်၏။
“သခင်လေး … ဒီအစေခံက အခုမှ ဒီကို ရောက်လာတာပါ … ဒီအစေခံ မရှင်းလင်းရသေးခင် သခင်လေးက တွေ့သွားခဲ့တာပါ …”
ဝမ်ချီ မျက်မှောင်ကြုတ်လိုက်သည်။
“စောစောက လူတစ်ယောက်လာတာ တွေ့လိုက်သေးလား…”
အစေခံက နားမလည်ဖြစ်သွား၏။
“သခင်လေး ဘာကိုမေးချင်တာပါလဲ…”
အစေခံ၏ အမူအရာကြောင့် ဝမ်ချီက ထိုအစေခံမှာ မည်သည်ကိုမှ မမြင်လိုက်ကြောင်း သိလိုက်၏။ သူက ခေါင်းယမ်းကာ အိပ်ရာထံသို့ လှည့်လာခဲ့သည်။
ခဏအကြာ၌ စကားပြောသံကို ကြားသွားသည့် ယောထောင်က ရေဇလုံ၊ သန့်ရှင်းရေးပစ္စည်းများနှင့်အတူ ရောက်လာခဲ့၏။
“သခင်လေး … ဒီနေ့နေလို့ကောင်းရဲ့လား …”
“သက်သာလာပါပြီ …”
သူက ဆီကြော်မုန့်များ၏ အနံ့ကို မရတော့၍ကြောင့်။ အန်ချင်စိတ်မဖြစ်တော့ချေ။ သို့သော် ယမန်နေ့က မအိပ်နိုင်ခဲ့၍ အနည်းငယ်မူးဝေနေ၏။
ဝမ်ချီ၏ မလန်းဆန်းသောမျက်နှာကိုကြည့်ရင်း ယောထောင်က စိုးရိမ်လာသည်။ ဝမ်ချီ ဆေးကြောပြီးချိန်အထိ စောင့်ပြီးနောက် သူမက ယောဖန်းနှင့် အစေခံနှစ်ဦးအား ဆန်ပြုတ်၊ အရံဟင်းများကို သယ်ဆောင်လာစေခဲ့၏။
ယောထောင်က စားပွဲခပ်သေးသေး တစ်လုံးကိုပါ ယူထုတ်လာခဲ့သည်။ ထို့နောက် စားပွဲလေးကို ဝမ်ချီ၏ အိပ်ရာပေါ်တင်ရင်း ဆန်ပြုတ်နှင့် အရံဟင်းများကိုနေရာချလိုက်၏။
ယောထောင်က ဆန်ပြုတ်အဖုံးကို ဖွင့်ကာ လက်များဖြင့် အပူကို ယပ်ထုတ်လိုက်သည်။ ထို့နောက် ငွေဇွန်းကို ဝမ်ချီ၏ လက်တွင်းသို့ ထည့်ပေးလိုက်၏။
“သခင်လေး … ဂရုစိုက်ပါ …”
ယောဖန်းနှင့် အခြားအစေခံနှစ်ဦးသည်လည်း ဝမ်ချီအား စိတ်အားထက်သန်စွာ ကြည့်နေမိကြသည်။
ဝမ်ချီ “…”
ပထမဆုံးအကြိမ် သူကိုယ့်သူ ကလေးကြီးတစ်ဦးနှယ် ခံစားလိုက်ရ၏။
သူ ယခင်က ငါးဆားနယ်တစ်ကောင်ကဲ့သို့ အိပ်လိုက်စားလိုက် နေရခြင်းကို အလွန်နှစ်သက်ခဲ့သည်။ သို့သော် လက်ရှိအချိန်၌ မိန်းကလေးများ၏ ပြုစုပေးခြင်းခံရသည်မှာ အနည်းငယ်ထူးဆန်းသည်ဟု ခံစားလာရလေသည်။
ဝမ်ချီက ထိုခံစားချက်ကိုဖိနှိပ်ကာ မိန်းကလေးများ၏ ပူလောင်သော အကြည့်အောက်၌ပင် ဆန်ပြုတ်တစ်ဇွန်း ခပ်သောက်လိုက်သည်။ ထို့နောက် သူထပ်မစားချင်တော့ပေ။
ပျို့အန်ချင်သည့် ခံစားချက်က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။
ဝမ်ချီက ငွေဇွန်းကိုချကာ ပါးစပ်ကိုအုပ်လျှက် ပျို့တက်လာခဲ့သည်။
ယောထောင်က မျက်နှာတစ်ခုလုံး ဖြူလျော်လာသည်အထိ ထိတ်လန့်သွား၏။ သူမက ယောဖန်းအား စားပွဲကို အဝေးသို့ ယူသွားစေခဲ့ပြီး ဝမ်ချီ၏ ကျောပြင်ကို သက်သာလာသည်အထိ ညင်သာစွာ ပုတ်ပေးခဲ့၏။ ထို့နောက် ယောဖန်းကို ပြောလိုက်သည်။
“ယောဖန်း သခင်လေးကို ကြည့်ထားပေးပါဦး … ငါ သမားတော်ကျန်းကို ခေါ်လိုက်မယ် …”
ဝမ်ချီက သမားတော်ကျန်းဟူသော
အမည်ကို ကြားလိုက်သည်နှင့် စိုးရိမ်စိတ်ဝင်လာ၏။ သူက ယောထောင်၏ အင်္ကျီစကို အမြန်ဆွဲထားလိုက်သည်။
“ငါ ဒီအတိုင်း မသက်မသာဖြစ်ရုံလေးပါ .. ပြီးရင်ကောင်းသွားမှာ … သမားတော်ကျန်းကို နှောင့်ယှက်မနေပါနဲ့ …”
သမားတော်ကျန်းသာ သူ့အတွက် အခြားသန္ဓေသားအားဆေး ပြင်ဆင်ပေးလာခဲ့လျှင် သူဘာလုပ်ရမှန်းမသိတော့ပေ။
သန္ဓေသားအားဆေးက လူများသောက်ရန် ပြုလုပ်ထားသည့် ဆေးဟုတ်မနေခဲ့ချေ။
ယောထောင်က ခဏကြာ တုံ့ဆိုင်းသွား၏။ သို့သော် ဝမ်ချီက စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ယောထောင်၏အဝတ်ကို လွှတ်မပေးခဲ့ပေ။
ထို့နောက် ယောထောင်က ဝမ်ချီ အစာများများစားလျှင် သမားတော်ကျန်းကို မပင့်ပါဟု ညှိုနှိုင်းလိုက်သည်။
ဝမ်ချီက ချက်ချင်း ခေါင်းညိတ်လိုက်၏။
သို့သော် ညစာစားချိန်၌ ဝမ်ချီက အနည်းငယ်သာ စားသောက်နိုင်ခဲ့သည်။
ထိုအခါ ယောထောင်နှင့် ယောဖန်းက ဝမ်ချီအား အစာစားရန် ဖြောင်းဖျကြပြန်၏။
ဝမ်ချီက မဆာလောင်ခြင်း မဟုတ်ပေ။ သူက ထိုအစားအစာများကို အနံ့မခံနိုင်ခြင်းသာဖြစ်၏။ စားဖိုမှူးက ဆီနှင့်ဆားကို တတ်နိုင်သမျှ လျှော့ထည့်သည့်တိုင် သူကမူ အန်ချင်နေဆဲပင်။
ယောထောင်နှင့် ယောဖန်းတို့က သူ့အား ဆက်လက်ဖြောင်းဖျကြလေသည်။ ထို့ကြောင့် ဝမ်ချီက မတ်တပ်ရပ်ကာ အိပ်ဆောင်ထံသို့ပြန်လျက် အဝတ်ပင်မလဲဘဲ အိပ်ရာထက် လှဲချလိုက်၏။
ယောထောင်နှင့် ယောဖန်းတို့က သူ့အနောက်သို့ လိုက်လာကြသည်။ မူလက ပြေပြစ်နေသည့် အိပ်ရာခင်းပေါ်၌ အဖုလုံးလုံးလေးတစ်ခုရှိနေ၏။ ဝမ်ချီက ကိုယ်ကိုဝပ်ကာ စောင်နှင့် လုံလုံခြုံခြုံ လုံးထွေးလျက် မည်သူမှ မမြင်နိုင်တော့ဟန်ဖြင့် ပြုမူနေသည်။
ယောထောင်နှင့် ယောဖန်းတို့က တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးလုံး တစ်ဦးမျက်ဝန်းအတွင်းရှိ အကူအညီမဲ့မှုကို တွေ့လိုက်ရ၏။
ယောဖန်းက ရပ်သာရပ်နေသည်။ ယောထောင်ကမူ အိပ်ရာပေါ်ရှိ စောင်လုံးလေးထံသို့ လျှောက်သွားလိုက်၏။
“သခင်လေး …”
“မစားချင်ဘူး …”
စောင်လုံးလေးက တစ်ချက်လှုပ်သွားကာ မကျေမနပ်ဖြင့် ပြောလာသည်။
“ငါ မစားနိုင်တော့ဘူး …”
ယောထောင် သက်ပြင်းချလိုက်၏။
“ကောင်းပါပြီ ကောင်းပါပြီ … မစားချင်ရင် မစားပါနဲ့တော့ … ဒီအစေခံ သခင်လေးအတွက် သကြားလုံးယူခဲ့ပေးရမလား …”
ဝမ်ချီက အစားအစာများကို ကောင်းကောင်းမစားနိုင်သော်လည်း အချိုပွဲများကိုမူ နှစ်ခြိုက်နေဆဲပင်။ ယောထောင်၏စကားကို ကြားချိန်၌ သူ၏ တောင့်တင်းနေသော အာရုံကြောများက ပြေလျော့သွားကာ ဗလုံးဗထွေးဖြင့် သဘောတူသည့်အသံ ပြုလိုက်၏။
ထို့နောက် ယောထောင်နှင့် ယောဖန်းတို့က ထွက်သွားကြလေသည်။
အတန်ကြာသည့်နောက် တိတ်ဆိတ်နေသော အိပ်ခန်းထဲ၌ ခြေသံများ ထွက်ပေါ်လာ၏။
“သခင်လေး … ဒီအစေခံ သကြားလုံးတွေယူခဲ့ပါတယ် … ဒီသကြားလုံးတွေကို ရှောင်ရွှမ်ကျီက ဈေးထဲကဝယ်ခဲ့တာလေ … အရသာလည်း အမျိုးမျိုးပါတယ် … သခင်လေး … စားကြည့်ပါဦး …”
ဝမ်ချီက ရှောင်ရွှမ်ကျီ ချိုချဉ်အသစ်များ ဝယ်လာမည်ဟု မထင်ထားခဲ့ပေ။ သူက စောင်ကို ဖယ်ရှားကာ ယောထောင်အား ကြည့်လိုက်သည်။ သူမလက်တွင်း၌ ရောင်စုံချိုချဉ် လေးငါးလုံး ရှိနေ၏။
ယောထောင်က ဝမ်ချီ စောင်ထဲမှ ထွက်လာသည်ကို တွေ့သည်နှင့် လက်ကို ဆန့်ပေးလိုက်သည်။
“ဒီမှာပါ … သခင်လေး …”
“ကျေးဇူးပါ …”
ဝမ်ချီက နှင်းဆီရောင်သကြားလုံးထံသို့ လက်ဆန့်လိုက်သည်။ အနံ့ပြင်းပြင်းတစ်ခုက သူ့နှာခေါင်းထဲသို့ ရုတ်တရက် တိုးဝင်လာ၏။
သူက ထိုရနံ့အား သေချာမပိုင်းဖြတ်နိုင်ခင် ယောထောင်အနောက်၌ ပုန်းနေသော ယောဖန်း၏ လက်တွင်း၌ အဖြူနှင့်အပြာရောစပ်ထားသည့် ကြွေပန်းကန်တစ်လုံးရှိနေကြောင်း သတိပြုမိလိုက်သည်။ အနံ့က ထိုပန်းကန်လုံးထဲမှ ထွက်ပေါ်လာခြင်းပင်။
ဝမ်ချီ ယမန်နေ့က ထိုပန်းကန်လုံးကို မြင်ဖူးထားခဲ့၏။ သို့ဖြစ်ရာ ပန်းကန်လုံးထဲတွင် မည်သည့်အရာများရှိနေကြောင်း မသိစရာအကြောင်းမရှိချေ။ အနံ့နှင့်ပင် သူက နားလည်လိုက်လေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် မီးသွေးမီးများကြောင့် ပန်းရောင်သမ်းနေသည့် ဝမ်ချီ၏ မျက်နှာက အရောင်အမျိုးမျိုး ပြောင်းသွား၏။ သူ ယမန်နေ့ညက ခါးသက်သောအရသာကို ပြန်လည်အမှတ်ရသွားကာ အန်ချင်စိတ်ပေါက်လာခဲ့သည်။
ယောဖန်းက ယောထောင်အနောက်တွင် ပုန်းနေ၏။ သူမနှင့် ယောထောင်တို့က ဝမ်ချီ သကြားလုံးစားပြီးချိန်၌ သန္ဓေသားအားဆေးတိုက်ရန် ကြံစည်ခဲ့ကြသည်။ သို့သော် ဆေးနံ့မှာ ပြင်းထန်လှလေရာ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။
ဝမ်ချီ၏အကြည့်ကြောင့် ယောဖန်းက ဆေးပန်းကန်လုံးကို ဘယ်နားထားရမည်မသိ ဖြစ်သွားရသည်။
ယောဖန်းက ခဏတုံ့ဆိုင်းနေပြီးနောက် ပို၍ ပြတ်သားပုံပေါ်နေသည့် ယောထောင်အား ကြည့်လိုက်၏။
ယောထောင်က လက်ဆန့်လိုက်သည်။
“ငါ့ကိုပေး …”
ယောဖန်းက ယောထောင်လက်ထဲရှိ သကြားလုံးကို အမြန်ယူကာ ဆေးပန်းကန်လုံးအား အစားထည့်ပေးလိုက်၏။
ယောထောင်က ဆေးပန်းကန်လုံးကို ဂရုတစိုက် သယ်ဆောင်သွားခဲ့သည်။ သူမက ဝမ်ချီအား သောက်ရန်ပြောတော့မည့် အချိန်၌ ဝမ်ချီက စကားတစ်ခွန်းမှမပြောဘဲ စောင်ခြုံထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။
ယောထောင်က ခေါင်းယမ်းလိုက်သည်။ သို့သော် သူမက လက်မလျှော့ဘဲ အိပ်ရာပေါ်တွင် ထိုင်ကာ ကလေးချော့သလို ပြောလိုက်၏။
“သခင်လေး … ဆေးသောက်ပြီးရင် ဒီအစေခံက သကြားလုံးပေးမယ်လေ …”
ဝမ်ချီက မလှုပ်မယှက် ရှိနေဆဲပင်။
ယောထောင်က ပြောသည်။
“သခင်လေး …”
ယောဖန်းသည်လည်း ဝင်ရောက်နှစ်သိမ့်လိုက်၏။
“သခင်လေး … ဒီအစေခံက နည်းနည်းပဲထည့်ခဲ့တာပါ … သခင်လေး နှစ်ငုံသုံးငုံပဲသောက်ရမှာ… မအေးခင် သောက်လိုက်ပါနော် …”
ခဏအကြာ၌ ဝမ်ချီ၏ ဗလုံးဗထွေးအသံထွက်လာသည်။
“ယူသွား … ငါမသောက်ချင်ဘူး …”
ယောဖန်းက စိုးရိမ်စွာ ပြောလိုက်၏။
“ဒါပေမယ့် သမားတော်ကျန်းက သခင်လေးရဲ့ သန္ဓေသားက မတည်ငြိမ်သေးဘူးလို့ ပြောပါတယ် … သခင်လေးရဲ့ရင်သွေးအတွက် ဒီဆေးကို သောက်ပြီး အားဖြည့်ဖို့လိုအပ်ပါတယ် … စိတ်မဆိုးပါနဲ့ …”
“ဒါပေမယ့် ငါတကယ်မသောက်ချင်ဘူး …”
ဝမ်ချီသည်လည်း သူ့ကိုယ်သူ ဘာဖြစ်နေသည်အား မသိပေ။ သူက အခက်အခဲများကို သည်းမခံနိုင်သူ မဟုတ်ပေ။ သို့သော် ဤတစ်ကြိမ်၌ သူ့နှလုံသားထဲရှိ ခေါင်းမာမှုမှာ အလွန်ပြင်းထန်၏။
သူက ထိုဆေးကို မသောက်ချင်ပေ။ ယမန်နေ့ညက ခါးသက်လှသည့်အရသာကြောင့် သူအသက်ရှူကျပ်မတတ် ဖြစ်ခဲ့ရလေသည်။
သူက ငယ်စဉ်ကတည်းက ဆေးခါးခါးများကို မုန်းတီးခဲ့သူဖြစ်သည်။
ယောဖန်းနှင့် ယောထောင်တို့က သူ့အား အတန်ကြာ ချော့မော့နေခဲ့ကြသည်။ သို့သော် ဝမ်ချီက မလှုပ်မယှက်ဖြင့်သာရှိနေပြီး စောင်ခြုံထဲမှ ခေါင်းပင် မထွက်လာခဲ့ချေ။
ယောဖန်းက နှုတ်ခမ်းအသာကိုက်လိုက်ပြီး ယောထောင်၏ လက်တွင်းရှိ ဆေးပန်းကန်လုံးကို ယူလိုက်၏။
“ယောထောင်… ငါဒါကို မီးဖိုထဲယူသွားပြီး နွှေးလိုက်မယ်… သခင်လေး သောက်ချင်မှ ဒါကိုယူလာပေးရအောင်…”
သို့သော် ယောဖန်း၏လက်ချောင်းထိပ်များ ပန်းကန်လုံးကို ထိလိုက်သည်နှင့် ယောထောင်က ဘေးဘက်သို့ ရှောင်ထွက်သွားလိုက်၏။
ယောဖန်းက နားမလည်နိုင်ဖြစ်သွားသည်။
“ယောထောင်…”
ယောထောင်က ယောဖန်း၏ အသံကို ကြားပုံမရချေ။ သူမက ဝမ်ချီရှိနေသည့်စောင်လုံးကိုသာ အေးစက်စက် ကြည့်နေ၏။ သူမ၏ အကြည့်က ပို၍ လေးနက်လာခဲ့သည်။
“ယောထောင် …ဘာဖြစ်နေတာလဲ …”
ယောဖန်းက ခံစားချက်မကောင်းဖြစ်လာကာ ယောထောင်၏ ပခုံးကို ထိလိုက်သည်။
ယောဖန်း၏စကားဆုံးသည်နှင့် ယောထောင်က ဝမ်ချီ၏ ကိုယ်ပေါ်ရှိ စောင်ကို ဆွဲယူလိုက်၏။
ဝမ်ချီက ယောထောင် သူ့စောင်ကို ဆွဲယူရသည်အထိ အတင့်ရဲလိမ့်မည်ဟု မျှော်လင့်မထားခဲ့ရာ စောင်ကို တင်းတင်းဆွဲမထားခဲ့ပေ။ ဝမ်ချီ၏ အံ့အားသင့်နေသော မျက်နှာထက်သို့ ဖယောင်းတိုင်မီးရောင်ဖျော့ဖျော့က ဖြာကျလာခဲ့သည်။
ယောထောင်က သူမ၏ ပခုံးကို ကိုင်ထားသည့် ယောဖန်းကို လျစ်လျူရှုကာ ထရပ်လိုက်သည်။
သူမက ဆေးပန်းကန်လုံးကိုကိုင်လျက် ဝမ်ချီအား ငုံ့ကြည့်လိုက်၏။
“သခင်လေး … အရှင့်သားသာ သခင်လေးနေရာမှာဆို ဒီဆေးပန်းကန်လုံးကို သေချာပေါက် သုံးဆောင်မှာပါ …”
ယောထောင်၏ အမူအရာသည် လှိုင်းတစ်ချက်ပင် ထမသွားခဲ့ပေ။ သူမ၏ အသံက တည်ငြိမ်နေသော်လည်း တစ်ချိန်ထဲမှာပင် အေးစက်မှုများ ပါဝင်နေ၏။
“ဒီဆေးက အရသာမကောင်းမှန်း ဒီအစေခံသိပါတယ် … ဒါပေမယ့် သခင်လေး ဒေါသတကြီး ငြင်းဆန်ရလောက်တဲ့အထိ သောက်ရခက်မယ်လို့ ဒီအစေခံမထင်ပါဘူး …”
ယောဖန်းက ထိတ်လန့်သွားသည်။ သူမက ဝမ်ချီ၏အရှေ့၌ ယောထောင် ဤစကားများကို ဆိုဝံ့လိမ့်မည်ဟု မယုံနိုင်ခဲ့ပေ။
“ယောထောင် … နင့်ကိုယ်နင် ဘာပြောနေမှန်းသိရဲ့လား …”
ယောဖန်းက ယောထောင်အား တုန်ယင်နေသော လက်များဖြင့် ဆွဲလိုက်သည်။ သူမက ကြက်သီးပင်ထလာ၏။
“သခင်လေးကို အမြန်မတောင်းပန်သေးဘူးလား …”
ယောထောင်၏ အမူအရာက ပြောင်းမလဲရှိနေပြီး ကြောက်ရွံ့မှု စိုးစဉ်းမျှ ရှိမနေခဲ့ပေ။ သို့သော် သူမက ဝမ်ချီ့အပေါ် စိတ်မရှည်ခြင်း သို့မဟုတ် အခြား မကောင်းသော ခံစားချက်များမရှိချေ။ ဝမ်ချီ ဆေးမသောက်ချင်သည်ကိုသာ လက်မခံလိုခြင်းဖြစ်၏။
💮💮💮