🚩Chapter -83
Arc_4 . အွန်လိုင်းဂိမ်းနတ်ဘုရားက ငါ့ကိုအလိုလိုက်နေတယ် [ 21 ]
_____
“ဒါ…ဒါမဖြစ်နိုင်ဘူး။”
ပတ်ဝန်းကျင်မှထွက်ပေါ်လာသည့် ချီးကျူးမှုများနှင့်အားပေးသံများကြားတွင် တိရှစ်ထျန်းသည် မထိမခိုက်ဘဲရှိနေသည့် စုရွေ့အား တွေဝေစွာကြည့်နေမိသည်။ ဂိမ်းကချမှတ်ထားသည့် တိုက်ခိုက်မှုအကွာအဝေးများကို တစ်ယောက်တည်းရှောင်ရှားနိုင်ခဲ့တာကို သူမယုံနိုင်ပေ။
ဒါလုံးဝမဖြစ်နိုင်ဘူး။ ဒါတကယ်မဟုတ်ဘူး။
ယခုတွင် တိရှစ်ထျန်းအမြင်အာရုံတို့သည် ဝေဝါးနေချေပြီ။ စိတ်ရှုပ်ထွေးနေပြီး စုရွေ့အားဆက်လက်တိုက်ခိုက်ရန်ပင်မေ့နေ၏။ ထိုအခိုက်တွင် စုရွေ့သည် ရုတ်တရက် အဆင့်၇၅မှော်ပညာရှင် စွမ်းရည် ‘အချိန်ပိတ်လှောင်မှု’ကိုထုတ်လွှတ်လိုက်သည်။ ၎င်းကအုပ်စုလိုက်ပိတ်လှောင်သည့်စွမ်းရည်ဖြစ်ပြီး ပစ်မှတ်ဇာတ်ကောင်များကို တိကျသောအကွာအဝေးတစ်ခုတွင် ဆယ်စက္ကန့်ကြာပိတ်လှောင်ထားနိုင်သည်။
တိရှစ်ထျန်းဆယ်စက္ကန့်ကြာအောင် မလွတ်မြောက်နိုင်ဖြစ်နေကာ ပြင်းထန်သည့် နှင်းခဲစွမ်းရည်များနှင့် ရေခဲကျိန်စာတို့ သူ့ထံအဆက်မပြတ်ကျရောက်လာတော့သည်။ တိရှစ်ထျန်း၏အသက်အမှတ် ကုန်ဆုံးသွားပြန်သည်။
ယခုတစ်ကြိမ်တွင် စုဝမ်သည် အချိန်ကိုက်လုပ်ဆောင်နိုင်လိုက်သည်။ တိရှစ်ထျန်းလဲကျမသွားခင်လေး၌ ယခင်တစ်ခေါက်ကလိုပင် အဆင့်မြှင့်ပြန်လည်ရှင်သန်ခြင်းနှင့် တစ်ဆက်တည်း ကုသရေးစွမ်းရည်တို့ကို ချက်ချင်းသုံးလိုက်သည်။
“ဆက်လုပ်”
စုရွေ့က တိရှစ်ထျန်းအား အေးစက်စွာကြည့်နေဆဲဖြစ်သည်။
“ဆန်ကုန်မြေလေးကောင်တွေအပေါ်မှာ အချိန်မဖြုန်းချင်ဘူး။”
ဆန်ကုန်မြေလေး....။
နှစ်နှစ်ဆယ်လုံးတွင် ပထမဆုံးအကြိမ်အဖြစ် ယဲ့ထျန်းသည် ဆန်ကုန်မြေလေးဟုအခေါ်ခံလိုက်ရ၏။
ထိုအချိန်တွင် သူကလက်ထဲရှိ ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်၍ စုရွေ့ထံရုတ်တရက် ပြေးဝင်လာလေသည်။
“စစ်ထူယဲ့... မင်းအနိုင်ကျင့်လွန်းနေပြီ။”
နောက်ဆုံးတော့ အကျင့်ကောင်းချင်ယောင်ဆောင်ထားတာတွေ အကုန်ကွာကျသွားတဲ့ပုံပဲ။ နာမည်အရင်းကိုတောင် ခေါ်လာပြီ။
ဟိုင်ချန်မြို့တွင် ယဲ့မိသားစုသည် အရာမဝင်သော်လည်း နာမည်ကြီးသောမိသားစုပင်ဖြစ်သည်။ ဟိုင်ချန်မြို့ရှိ စစ်ထူမိသားစု၏ ကိစ္စများနှင့်ပတ်သက်၍ သူတို့အနည်းနှင့်အများနားလည်ကြသည်။
စစ်ထူယဲ့၏ခန္ဓာကိုယ်သည်အားနည်းကာ ကလေးအရွယ်တည်းကပင် နေမကောင်းဖြစ်နေကြောင်း ယဲ့ထျန်းသိသည်။ ထို့ကြောင့်သူက ဂိမ်းထဲတွင် ဂုဏ်သိက္ခာရှိသည့် ချန်ပီယံတစ်ယောက်ဖြစ်ကြောင်းမယုံခဲ့ချေ။
စွမ်းရည်နဲ့မတိုက်နိုင်ဘူးဆိုမှတော့ အနီးကပ် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုနဲ့ တိုက်ရုံပဲပေါ့။
စစ်ထူယဲ့ အဲ့ဒီထောင်လွှားနေတဲ့ မှော်ပညာရှင်ရဲ့အသက်ပမာဏအရဆိုရင် သေတဲ့အထိသူ့ကို ထိုးကြိတ်နိုင်တယ်။
သူကဒေါသ၏လွှမ်းမိုးမှုအောက်သို့ရောက်နေသော်လည်း ယဲ့ထျန်း၏အိုင်ကျူသည်တဖြည်းဖြည်း မြင့်တက်လာ၏။ ဆိုးသွားသည့်တစ်ချက်က ဤ’စစ်ထူယဲ့’သည် စစ်ထူယဲ့မဟုတ်တော့ကြောင်း သူမသိခဲ့သည်ပင်။
သူ့အရှေ့မှ သွက်လက်ပြင်းထန်သော ဓားချက်များကိုကြည့်၍ စုရွေ့က မထီမဲ့မြင်ပြုံးကာ လက်ထဲမှ မှော်ပညာရှင် နှင်တံအား လေထဲသို့ပစ်မြှောက်လိုက်သည်။ ထို့နောက် ယဲ့ထျန်းအရှေ့သို့လျှောတိုက်သွားလိုက်သည်။
“ဓားဆိုတာ အဲ့လိုအသုံးပြုရတာမဟုတ်ဘူး။”
စုရွေ့ပြောနေစဥ်၌ပင် အဆင့်နိမ့်သစ်သားဓားသည် သူ့လက်ထဲတွင်ပေါ်လာသည်။ လင်ရှန်းတွင် အဆင့်နိမ့်ရွာမှ မွေးဖွားလာသောဇာတ်ကောင်အားလုံးကို စနစ်ကသစ်သားဓားလက်ဆောင်ပေးသည်။ ၎င်းက ဇာတ်ကောင်အလိုက် ကန့်သတ်ထားခြင်းမရှိသဖြင့် လူတိုင်းအသုံးပြုနိုင်သည်။
တိုတုတ်ပြီးအရည်အသွေးညံ့ဖျင်းစွာပြုလုပ်ထားသောစုရွေ့၏သစ်သားဓားသည် ယဲ့ထျန်း၏ချွန်မြသည့် ငွေရောင်ဓားရှည်နှင့် သိသာစွာ ထိတွေ့သွားသည်။ ဓားနှစ်ချောင်းကလေထဲတွင် ရောယှက်သွား၏။ စုရွေ့က လှပသော ဓားချက်ကိုသုံး၍ ယဲ့ထျန်း၏ ခါးကိုထိုးလိုက်သည်။ ထိုအချိန်၌ယဲ့ထျန်း၏ဓားရှည်သည်လည်း စုရွေ့အား ထိုးလိုက်လေသည်။
ထိုအခိုက်တွင် အချိန်များကနှေးကွေးစွာရွေ့လျားနေသကဲ့သို့ပင်။ စုရွေ့၏သစ်သားဓားကသေးငယ်သည်။ လူနှစ်ယောက်၏လက်ရှိအနေအထားနှင့်ဆိုလျှင် ယဲ့ထျန်း၏ဓားက စုရွေ့အား အရင်ဆုံးထိခိုက်သင့်သည်။ သို့သော် မျှော်လင့်ထားသည်နှင့်ကွဲပြားစွာပင် စုရွေ့ရဲ့ ခန္ဓာကိုယ်က ပြီးပြည့်စုံသောတုံ့ပြန်မှုကိုချက်ချင်း လုပ်လိုက်နိုင်သည်။ သူကရှောင်ရှားနိုင်လိုက်ပြီး ယဲ့ထျန်း၏တိုက်ခိုက်မှု မသက်ရောက်လိုက်ပေ။
ယခုတွင် စုရွေ့၏သစ်သားဓားသည် ယဲ့ထျန်း၏ သံချပ်ကာထဲသို့တိုက်ရိုက်ထိုးဖောက်နေလေသည်။
-၁၈၈၈…
ယဲ့ထျန်း၏ခေါင်းအထက်တွင် ပေါ်လာသော ကြီးမားသည့်ထိခိုက်မှုအမှတ်က လူတိုင်းအား မျက်လုံးကန်းသွားမတတ်ဖြစ်စေသည်။
ကြည့်ရှုသူ A : မင်းအမေ… အဆင့်နိမ့်သစ်သားဓားလေးက တိရှစ်ထျန်းအသက် ၁၈၈၈မှတ်ကျသွားအောင် လုပ်နိုင်တယ်ပေါ့။ စနစ်ရေ ငါ့ကိုကစားနေတာလား။
ကြည့်ရှုသူ B : ဘာသိလို့လဲ။ အဲ့ဒါက ဒဏ္ဍာရီလာ ပြင်းထန်တဲ့ထိုးချက်လို့ခေါ်တယ်။ မင်းရဲ့စွမ်းဆောင်ရည်တွေနဲ့ အာရုံခံစားနိုင်စွမ်းတွေညီမျှနေသရွေ့ လက်ဗလာနဲ့တောင် တစ်ထောင်ကျော်တဲ့ ထိခိုက်မှုကိုဖြစ်စေနိုင်တယ်။ အဲ့လိုမှမဟုတ်ရင် လင်ရှန်းက တစ်ကမ္ဘာလုံးမှာ အကောင်းဆုံးဘယ်ဟုတ်တော့မလဲ။ ဒါပေမယ့် အဲ့လိုလုပ်နိုင်စွမ်းရှိတဲ့သူတစ်ယောက်ကို ငါလည်းအခုမှမြင်ဖူးတာ။ ယဲ့ယွီကတကယ်ကို တော်တာပဲ။ ဒီသခင်လေးတကယ်ယုံသွားပြီ။
ကြည့်ရှုသူ C : ကြီးမြတ်လှတဲ့နတ်ဘုရားယဲ့ယွီ…သက်တော်ရာကျော်ရှည်ပါစေ။
ကြည့်ရှုသူ D : ……
လူအုပ်ကြီးက အံ့ဩချီးကျူးနေကြတုန်း၌ပင် စုရွေ့က ငုပ်လျှိုးသွားကာ တိရှစ်ထျန်း၏အနောက်သို့ တစ္ဆေတစ်ကောင်ကဲ့သို့ရောက်သွားပြီး နောက်ကျောကို လက်ထဲရှိသစ်သားဓားနှင့်ထိုးလိုက်လေသည်။
-၂၀၀၀….
“ချီးပဲဟေ့”
ထိုအချိန်တွင် လူအုပ်ထဲရှိ လုပ်ကြံသတ်ဖြတ်သူများမှာ စိတ်လှုပ်ရှားသွားကြသည်။ ယခုစုရွေ့တစ်ယောက် အဆင့်နိမ့်သစ်သားဓားအား အသုံးပြုလိုက်ပုံမှာ လုပ်ကြံသတ်ဖြတ်သူ၏ ချောင်မြောင်းတိုက်ခိုက်သည့်စွမ်းရည်ဖြစ်သော ‘နောက်ကျောဓားထိုးချက်’ဖြစ်နေသောကြောင့်ဖြစ်၏။
သူ၏အရှိန်နှင့် လှုပ်ရှားမှုတို့သာမက လက်အသုံးပြုပုံနှင့်သန်မာမှုတို့က ကျွမ်းကျင်မှုအဆင့်ဟု ခေါ်ဆိုရန်ထိုက်တန်လေသည်။
လူအုပ်ထဲရှိ လုပ်ကြံသတ်ဖြတ်သူများ အံ့ဩ၍မဆုံးသေးခင်၌ စုရွေ့ကအေးဆေးစွာနှင့် ယဲ့ထျန်းအား အဆက်အပြတ် ထိုးနှက်လေတော့သည်။
-၂၀၀၀၊ -၂၀၀၀၊ -၂၀၀၀…
ထို့နောက် တိရှစ်ထျန်းမှာ မြေပြင်ပေါ်သို့လဲကျသွားကာ သေဆုံးသွားပြန်သည်။
အဖြစ်အပျက်များကမြန်ဆန်လွန်းလှသည်။ စုဝမ်က ယဲ့ထျန်းအား ပြန်လည်ရှင်သန်ခြင်းစွမ်းရည်ဖြင့် အသက်ပြန်သွင်းနေချိန်တွင် စုရွေ့သည်သစ်သားဓားနှင့်တကွ လေထဲမှမှော်ပညာရှင်နှင်တံကိုလည်း ဖမ်းယူလိုက်ပြီးဖြစ်သည်။
ယခုတွင် ယဲ့ထျန်း၏မျက်နှာသည်ဖြူဖျော့နေကာ ဘဝအတွက် ယုံကြည်ချက်ကုန်ဆုံးသွားသကဲ့သို့ဖြစ်နေ၏။
ပတ်ဝန်းကျင်မှအသံများမှာ ရုတ်တရက်တိတ်ဆိတ်သွားသည်။ လူတိုင်းသည် ပြိုင်ပွဲအစမှလာကြည့်သူများဖြစ်ပြီး အမျိုးမျိုးသောခံစားချက်တို့ကိုဖြစ်တည်နေသည့်တိုင် ယခုတွင် အားလုံးသည်တိတ်ဆိတ်နေကြသည်။
ယဲ့ယွီကကြောက်ခမန်းလိလိပင်။ ထိုနတ်ဘုရားကဲ့သို့ ယှဥ်ပြိုင်၍မရနိုင်သည့် အင်အားမျိုးက မနာလိုအားကျလိုသည့် သတ္တိတို့ကိုပျောက်ကွယ်သွားစေသည်။
တိရှစ်ထျန်းကိုလည်း မည်သူမှမရယ်ရဲကြချေ။
ယဲ့ယွီအရှေ့တွင် တိရှစ်ထျန်းနေရာ၌ သူတို့သာဆိုလျှင် အပိုင်းပိုင်းစုတ်ဖြဲခံရမည်ကိုသိနေသောကြောင့်ဖြစ်သည်။
“ဆက်တိုက်ဦးမှာလား။”
တည်ငြိမ်အေးဆေးနေသည့်စုရွေ့အသံထွက်လာ၏။
စုရွေ့က လက်ထဲတွင်ကိုင်ထားသော မှော်ပညာရှင်နှင်တံအား ကစားနေပြီး မျက်ခုံးပင့်ကာ ယဲ့ထျန်းအားကြည့်လိုက်သည်။
ထိုအကြည့်တစ်ချက်သည် ရန်စခြင်း၊ လှောင်ပြောင်ခြင်းတို့မရှိဘဲ တည်ငြိမ်အေးစက်နေကာ လူတို့ကိုပကတိတုန်လှုပ်သွားစေသည်။
ထိုအခိုက်အတန့်တွင် ယဲ့ထျန်းက စုရွေ့သည် အစတည်းက သူ့အား ရန်စနေခြင်းမဟုတ်ကြောင်း သဘောပေါက်သွား၏။
ဆင်တစ်ကောင်အား လှုပ်ရမ်းရန်အပြင်းအထန်ကြိုးစားနေသော ပုရွက်ဆိတ်တစ်ကောင်သည် သူ့လုပ်နိုင်စွမ်းအပေါ် အလွန်အထင်ကြီးနေခြင်းသာ။
ဆင်ကတော့လမ်းတစ်လျှောက်အေးဆေးစွာပင်ဖြတ်လျှောက်သွားကာ ပုရွက်ဆိတ်များကို လျစ်လျူရှုနေခြင်းမဟုတ်ပေ၊ ပုရွက်ဆိတ်များက သူ့မျက်လုံးထဲတွင် မပေါ်နေသောကြောင့်ပင်။
အရပ်ကွာခြားကာ အမြင်အာရုံချင်းလည်းမတူသလို စိတ်နေစိတ်ထားချင်းလည်းကွာလေသည်။
စုရွေ့မေးခွန်းကိုဖြေကြားလာသူမရှိချေ။ ယဲ့ထျန်းခန္ဓာကိုယ်က အနည်းငယ်လင်းလက်သွားကာ လူတိုင်း၏အရှေ့မှ ပျောက်ကွယ်သွားတော့သည်။
တိရှစ်ထျန်းလိုင်းဆင်းသွားခဲ့သည်။
ယဲ့ထျန်းသည်အနည်းဆုံး ယောက်ျားတစ်ယောက်၏ မာနကိုတော့ထိန်းသိမ်းနိုင်လိုက်၏။
ယခုတွင် တိရှစ်ထျန်းလိုင်းဆင်းသွားသည်ကိုတွေ့သောအခါ ပတ်ဝန်းကျင်ရှိလူများမှာ တုန်လှုပ်အံ့ဩသွားကြသည်။
တိရှစ်ထျန်းလိုင်းဆင်းသွားသည်နှင့်တစ်ပြိုင်နက် စုရွေ့၏လွှမ်းမိုးမှုအောက်တွင် အံ့အားသင့်ခဲ့ကြသော ရှစ်ထျန်းအုပ်စုမှလူများလည်း ထွက်ခွာသွားကြတော့သည်။ မြို့တော်သို့ပြန်သည့်သူများကပြန်ကြပြီး လိုင်းဆင်းချင်သည့်သူများက လိုင်းဆင်းသွားကြသည်။
ဟွေ့မော့ယိရှောင်ကမူ မျက်နှာဖြူဖျော့နေလျက် နေရာတွင်သာရပ်နေမိ၏။
သူမအားလေဒဏ်၊မိုးဒဏ်များမှကာကွယ်ပေးပြီး သူမအတွက်မည်သည့်အရာမဆိုပြုလုပ်ပေးနိုင်သော ယောက်ျားသည် သူမမျက်စိအရှေ့၌ပင် အနိုင်ယူခြင်းခံလိုက်ရသည်။
ဟွေ့မော့ယိရှောင်နှလုံးသားထဲတွင်တုန်လှုပ်သွား၏။
ပထမဆုံးအကြိမ်အဖြစ် ဂိမ်းထဲတွင် ထိုကဲ့သို့ အမှန်တကယ်အင်အားကြီးမားသည့်သူ ရှိကြောင်း သူမသိရှိလိုက်ရသည်။
ထိုကဲ့သို့ထူးချွန်သောသူသည် ရူးသွပ်နေသည့်လူသတ်နတ်ဆိုး စုချန်းဝမ်ယွဲ့၏ သွေးဆောင်ဖြားယောင်းခြင်း ခံနေရသည်။ ၎င်းကမဖြစ်သင့်ပေ။
“ယဲ့ယွီ”
သူမကခွန်အားတို့ကုန်ဆုံးနေသည့်ပုံပေါက်နေပြီး ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးကာ စုရွေ့ကိုခေါ်လိုက်သည်။
“ရှင့်ကိုပြောချင်တာရှိလို့... အဲ့ဒါက....စုချန်းဝမ်ယွဲ့နဲ့ပတ်သက်နေတယ်။”
“ဟင်”
စုရွေ့ကမျက်ခုံးတို့ပင့်တက်သွားပြီး မျက်လုံးများတွင် ဖုံးကွယ်မရနိုင်သည့်ရွံ့ရှာမှုတို့ပြည့်နှက်နေသည်။
“ရူးအလိုက်တာ”
သူကပြောပြီးသည်နှင့် တုံ့ဆိုင်းမှုမရှိ စုဝမ်ဆီသို့အပြေးသွားတော့သည်။
“ယဲ့ယွီ... ရှင်တကယ်ပဲ စုချန်းဝမ်ယွဲ့က တိရှစ်ထျန်းကိုဘယ်တုန်းကမှမချစ်ခဲ့ဘူးဆိုတာကိုယုံလား”
ယဲ့ယွီကသူမအား လုံးဝအဖက်မလုပ်တာကိုတွေ့လျှင် ဟွေ့မော့ယိရှောင်က အားကုန်သုံး၍အော်လိုက်သည်။ သူမ၏အော်သံက လှည့်ထွက်သွားနေကြသော ကြည့်ရှုသူများ၏ခြေလှမ်းများကိုရပ်တန့်သွားစေသည်။
မင်းအမေ... ဒီနေ့ငါ့ကိုလာကြည့်စေခဲ့တဲ့ ဒီဒရာမာက တိုက်ခိုက်သတ်ဖြတ်မှုတွေကနေ ပြင်းပြမှုတွေနဲ့အချစ်တွေအဖြစ်ပြောင်းလဲသွားတော့မှာလား။
ဘာပဲဖြစ်ဖြစ် ကြည့်ရတာကြိုက်တယ်။ တိတ်တိတ်လေးဆက်ကြည့်ကြတာပေါ့.....။
____
🚩