Chapter 127
Viewers 36k

💮Chapter 127




ရှောင်ရွှမ်ကျီက အိမ်ရှေ့စံ၏ မောင်းထုတ်ခြင်း ခံထားရသောကြောင့် အိမ်ရှေ့စံ၏ ခွင့်ပြုချက်မပါဘဲ အနားသို့ ကပ်မလာရဲပေ။ သူက ဝမ်သခင်လေး သူ့နာမည်ကို လှမ်းမခေါ်မီအထိ ယောဖန်း၊ ယောထောင်တို့ကို ကူ၍ နှင်းများ လှဲကျင်းပေးနေသည်။


နာမည်လှမ်းခေါ်သံကိုကြားပြီး ရှောင်ရွှမ်ကျီက အလျင်စလိုဖြင့် တံမြက်စည်းကို ယောဖန်းလက်ထဲ ထိုးထည့်ခဲ့ကာ ရေးကြီးသုတ်ပျာဖြင့် အနားသို့ သွားလိုက်သည်။ 


သူ အနားသို့ မရောက်မီတွင် ဝမ်သခင်လေးနှင့် အိမ်ရှေ့စံတို့ အချင်းချင်း မျက်နှာချင်းဆိုင်၍ နှင်းပေါ် ရပ်နေကြသည်ကို မြင်လိုက်ရသည်။ သူက အိမ်ရှေ့စံ၏ မျက်နှာကို မကြည့်ဝံ့သောကြောင့် ဝမ်သခင်လေးကို ခိုးကြည့်လိုက်ချိန်တွင် ဝမ်သခင်လေးက မျက်မှောင်အနည်းငယ်ကြုတ်ပြီး စိတ်တိုသည့်ပုံ ပေါ်နေသည်။


ထိုမြင်ကွင်းကိုမြင်ပြီး ရှောင်ရွှမ်ကျီက အလွန်ကြောက်ရွံ့သွားကာ နဖူးမှ ချွေးစေးများ စီးကျလာသည်။


ဝမ်သခင်လေးက တကယ်ကိုပဲ…


သူ မည်မျှပင် ဒေါသကြီးသော သူဖြစ်ပါစေ ယခုအချိန်တွင် ဒေါသများကို မြိုသိပ်ထားသင့်သည်။


ဝမ်သခင်လေးက သူ့အရှေ့မှာ ရပ်နေတဲ့သူ ဘယ်သူလဲ ဆိုတာကိုများ မေ့နေတာလား… သူ့အရှေ့မှာ ရပ်နေတဲ့ လူသားက အိမ်ရှေ့စံလေ တိုင်းပြည်ရဲ့ ဘုရင် ဖြစ်လာမဲ့သူ…


နန်းတော်ထဲမှာ အိမ်ရှေ့စံနဲ့ ရင်ဆိုင်ရမှာကို မကြောက်တဲ့သူဆိုတာ မရှိဘူး… အိမ်ရှေ့ရဲ့ ဒေါသကို ဆွမိမှာကို ကြောက်တဲ့ သူချည်းပဲ… အိမ်ရှေ့စံဆီက ချီးမြှောက်ခံထားရတဲ့ ဝမ်သခင်လေးပဲ အခုလို ဆက်ဆံရဲတာ…


ရှောင်ရွှမ်ကျီက ဝမ်ချီကို အချိန် အတန်ကြာ အလုပ်အကျွေး ပြုခဲ့ရသောကြောင့် ဤစိတ်ထားကောင်းသော သခင်လေးကို သဘောကျ၏။ သူက ဝမ်ချီကို သတိပေးရန် ချောင်းဟန့်လိုက်ပြီး ဝမ်ချီ့အနားသို့ ကပ်လိုက်သည်။

“ဝမ်သခင်လေး…”


သို့သော်လည်း ဝမ်ချီက ရှောင်ရွှမ်ကျီ၏ အချက်ပြမှုကို နားမလည်ဘဲ မေးလိုက်သည်။

“ဆေးနဲ့ ပတ်တီးလိပ် ရှိလား…”


ရှောင်ရွှမ်ကျီက တိုးတိတ်စွာ သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့၍ ပြောသည်။

“ရှိပါတယ်… ရှိပါတယ်… ကျွန်တော်မျိုး သခင်လေးအတွက် သွားယူပေးပါ့မယ်… ဘာလို့ ဆေးနဲ့ပတ်တီး အလိုရှိတာပါလဲ သခင်လေး…”


အကြောင်းရင်း မေးလိုက်သော အချိန်တွင် ဝမ်ချီက အနည်းငယ် နေရခက်သွားသော အမူအရာဖြင့် ပြောသည်။

“အိမ်ရှေ့စံရဲ့လက်မှာ ဒဏ်ရာရသွားလို့…”


“အရှင့်သား ဒဏ်ရာရသွားတာလား…”


ရှောင်ရွှမ်ကျီ၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားပြီး ရှစ်ယဲ့၏ လက်ကို လှမ်းကြည့်ကာ ပြောသည်။

“အရှင့်သား…”


သို့သော်လည်း သူ့စကား မဆုံးမီ ရှစ်ယဲ့က ဖြတ်ပြောလိုက်သည်။

“သွားယူချေ…”


ရှောင်ရွှမ်ကျီ၏အသံက တန်းလန်းရပ်တန့်သွားပြီး မေးခွန်း ထပ်မမေးရဲတော့ဘဲ အလျင်အမြန် ထွက်သွားသည်။


ရှောင်ရွှမ်ကျီ ဆေးနှင့်ပတ်တီးလိပ် ယူလာသော အချိန်တွင် ဝမ်ချီနှင့် ရှစ်ယဲ့တို့ အိမ်ခန်းထဲ ရောက်နေပြီ ဖြစ်သည်။ သူတို့ ခြေထောက်နားရှိ မီးဖိုက ကျောက်မီးသွေးများဖြင့် ပြည့်နေပြီး လောင်ကျွမ်းနေကာ တစ်ခန်းလုံးကို အနွေးဓာတ်ပေးထားသည်။


ရှစ်ယဲ့က ဝမ်ချီ ထိုင်လေ့ရှိသော ကျောမှီကုလားထိုင်ပေါ်တွင် ထိုင်နေပြီး မီးဖိုမှ အနီရောင်မီးအလင်းရောင်က သူ့မျက်နှာပေါ် ကျရောက်နေသည်။ သူ့မျက်နှာက အပြစ်အနာအဆာ ကင်းရှင်းနေပြီး မီးလောင်အမာရွတ်များ မရှိဘဲ ချောမွေ့နေသည်။


ရှစ်ယဲ့၍ အမူအရာက လှိုင်းလုံးမရှိသော ရေကန်မျက်နှာပြင်ကဲ့သို့ တည်ငြိမ်အသက်မဲ့နေသော်လည်း သူ့အကြည့်များက ငြိမ်ငြိမ်လေးထိုင်နေသော ဝမ်ချီ့ထံသို့ ကျရောက်သွားသော အချိန်တွင် အမူအရာက မသိမသာ ပျော့ပျောင်းနူးညံ့သွားသည်။


ထို့နောက် သူက လက်မြှောက်လိုက်ပြီး ဝမ်ချီ့၏ ခေါင်းကို ဖြည်းညှင်းစွာ ပုတ်ကာ ပြောသည်။

“ကိုယ် အဆင်ပြေပါတယ်…”


ဝမ်ချီက ရှစ်ယဲ့၏စကားကို ကြားသည့်ပုံမရဘဲ ရှစ်ယဲ့၏ လက်ကိုသာဆွဲယူပြီး ဂရုတစိုက် ကြည့်ရှူနေသည်။


ဝမ်ချီက ခေါင်းမော့လိုက်ပြီး ပြောသည်။ သူ့၏ မျက်နှာတွင် နားမလည်နိုင်မှုများနှင့် ပြည့်နေ၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ… အချိန်ကြာနေပြီကို ဘာလို့ အနာက ပြန်မကောင်းသွားသေးတာလဲ…”


ရှစ်ယဲ့က ရယ်မောလိုက်ပြီး ပြောသည်။

“ကိုယ်က နတ်မင်းမှ မဟုတ်တာ၊ ဘယ်လိုလုပ်ပြီး အချိန်တိုင်း ချက်ချင်း ကုနိုင်မှာလဲ…”


ဝမ်ချီက ပြောသည်။

“ဒါပေမဲ့ ဒီအနာ သေးသေးလေးလေ…”


ရှစ်ယဲ့၏ လက်က ဝမ်ချီ့ခေါင်းပေါ်မှ ရွေ့လျားသွားပြီး ဝမ်ချီ့မျက်နှာပေါ် ရောက်သွားကာ နှာခေါင်းထိပ်ကို ညစ်လိုက်သည်။ သူက ဝမ်ချီ့စကားကို ဆက်ပြောလိုက်သည်။

“အနာသေးသေးလေးမို့ မကြာခင် ကောင်းသွားလိမ့်မယ်…အရမ်း စိတ်မပူနဲ့…”


သူ မည်သို့ပင် နှစ်သိမ့်ပါစေ၊ ဝမ်ချီ့၏ ဝမ်းနည်းနေသော စိတ်များ မသက်သာသွားပေ။ ဝမ်ချီက အရူး မဟုတ်သောကြောင့် ရှစ်ယဲ့၏ ကျန်းမာရေးအခြေအနေ ဆိုးရွားနေသည်ကို ခံစားမိ၏။ 


သူက အကြောင်းရင်းကို မေးချင်သော်လည်း သူ့ခြေထောက်ကို ရှစ်ယဲ့ ကုသပေးခဲ့သည့် အကြောင်းကို ရုတ်တရက် မှတ်မိသွားပြီး နားလည် သဘောပေါက်သွားတော့သည်။


“ရှစ်ယဲ့…”

ဝမ်ချီက ရှစ်ယဲ့နာမည်ကို ခေါ်လိုက်ပြီး လက်ဆန့်တန်းထုတ်ကာ ရှစ်ယဲ့၏ခါးကို တင်းကျပ်စွာ ဖက်လိုက်သည်။


ဝမ်ချီက သူ့မျက်နှာကို ရှစ်ယဲ့၏ရင်ခွင်ထဲ မြှုပ်ထားပြီး ရှစ်ယဲ့၏ ခန္ဓာကိုယ်မှ အနံ့သင်းသင်းလေးကို ရှူရှိုက်လိုက်သည်။ ရုတ်တရက် နက်ရှိုင်းသော နောင်တတရားများ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။


“ကျွန်တော် တောင်းပန်ပါတယ်…”

သူက ထိုသို့ပြောပြီး အံကြိတ်လိုက်သည်။


လောကဓံ အတက်အကျများစွာကို ကျော်ဖြတ်ဖူးသော ရှစ်ယဲ့က ထိုခဏတွင် ပြောစရာ စကား ပျောက်ဆုံးနေခဲ့သည်။ သူ့ခန္ဓာကိုယ်က တောင့်တင်းသွားပြီး လက်များကို မည်သည့်နေရာတွင် ထားရမည်ကိုပင် မသိတော့ပေ။ သူ့လက်များက လေထဲတွင် ခေတ္တမျှရပ်တန့်နေပြီးနောက် လက်များကိုချကာ ဝမ်ချီ့ကို ပြန်ဖက်လိုက်သည်။


ရှစ်ယဲ့က သက်ပြင်းချပြီး ပြောသည်။

“ဘာမှ မဖြစ်သွားပါဘူး… ဒဏ်ရာ သေးသေးလေးပါ…”


ဝမ်ချီက ခေါင်းခါပြီး ငြင်းသည်။

” ကျွန်တော် ပြောချင်တာ ဒါ မဟုတ်ဘူး…”


“ဟမ်…”


ဝမ်ချီက မျက်ရည်များကို ရှစ်ယဲ့၏အင်္ကျီဖြင့် သုတ်လိုက်သည်။ သူက သူ့၏ အားနေငိုကြွေးတတ်သောအကျင့် ပျောက်သွားပြီဟု ထင်ခဲ့သော်လည်း ခေါင်းမော့လိုက်သော အချိန်တွင် သူ့မျက်ရည်များက အထိန်းအကွပ်မရှိဘဲ မျက်လုံးထဲမှ စီးကျနေပြီး ပါးပြင်ပေါ်တွင် မျက်ရည်စီးကြောင်းကြီး ရှိနေသည်။


သူက ရှစ်ယဲ့၏ ပိန်ပါးနေသော မျက်နှာကိုကြည့်ပြီး နှလုံးသားထဲ ဓားနှင့် အထိုးခံထားရသကဲ့သို့ နာကျင်နေသည်။


ဝမ်ချီက မျက်လုံးများကို မှိတ်လိုက်ပြီး မျက်ရည်များကို ထိန်းမထားဘဲ စီးကျစေလိုက်သည်။ သူက ရှစ်ယဲ့၏ အင်္ကျီစကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

“ကျွန်တော် ပြောနေတာ အဲ့အနာကို မဟုတ်ဘူး… ကျွန်တော်က မင်းသားအတွက် အများကြီး လုပ်ပေးချင်ခဲ့ပေမဲ့ အဆင်ပြေအောင် မလုပ်ပေးနိုင်ခဲ့ဘူး… မင်းသားကို တကယ် ကူညီပေးချင်ခဲ့တာ… ဒါပေမဲ့ ဒုက္ခပဲ ဖြစ်စေခဲ့ပုံပဲ…”


သူက ထိုကိစ္စကို အကြိမ်များစွာ စဉ်းစားခဲ့သည်။ အကယ်၍ သူသာ ဟွားအိမ်တော်ကို မသွားခဲ့ပါက ရှစ်ယဲ့လည်း ယခုကဲ့သို့ နှင်းတောထဲတွင် သေလုနီးပါး ဖြစ်ခဲ့မည် မဟုတ်ပေ။ ကျောကျစ်ကလည်း သူ့အား ထားခဲ့မည် မဟုတ်ချေ။


သို့သော်လည်း နောက်တစ်ကြိမ် ထပ်ရွေးချယ်ရပါက သူ ယခင်တစ်ကြိမ်ကဲ့သို့ တူညီသော ဆုံးဖြတ်ချက်ကိုပင် ချခဲ့မည် ဖြစ်သည်။


ဝမ်ချီ ယခုကဲ့သို့ အသက်ရှူမဝသည့် ခံစားချက်မျိုး တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးပေ။ သန်မာသော လက်တစ်စုံက သူ့လည်ပင်းအား တင်းကြပ်စွာ ညစ်ထားသကဲ့သို့ ခံစားနေရပြီး ပါးစပ်ဟ၍ အသက်ကြိုးစားရှူခဲ့ရသည်။


ရှစ်ယဲ့၏လက်က သူ့ပါးပြင်ကို လာရောက်ထိတွေ့သည်။


ဝမ်ချီက မျက်လုံး မှိတ်ထားသော်လည်း သူ့ပါးပြင်ပေါ်တွင် ရွေ့လျားနေသော ရှစ်ယဲ့လက်ချောင်းများ၏ နူးညံ့မှုကို ထင်ထင်ရှားရှား ခံစားနေရသည်။ ရှစ်ယဲ့က ဝမ်ချီ့ပါးပြင်ပေါ်ရှိ မျက်ရည်များကို လက်ဖမိုးဖြင့် သုတ်လိုက်သည်။


ဝမ်ချီ လန့်သွားပြီး မျက်လုံးဖွင့်လိုက်ချင်သော်လည်း ရှစ်ယဲ့၏ လက်က ရုတ်တရက် ဖယ်ခွာသွားပြီး နွေးထွေး နူးညံ့သောအရာတစ်ခုက သူ့မျက်နှာကို ဖြည်းဖြည်း လာရောက် ထိကပ်နေသည်။


ဝမ်ချီလည်း ခေတ္တမျှ ကြောင်အသွားပြီနောက် ထိုအရာမှာ ရှစ်ယဲ့၏ နှုတ်ခမ်းဖြစ်နေသည်ကို သဘောပေါက်သွားတော့သည်။ ရှစ်ယဲ့က သူ့မျက်နှာပေါ်ရှ်ိ မျက်ရည်စက်များကို ထိနမ်းနေသည်။


ထိုခဏတွင် သူ့ရင်ထဲက ဝမ်းနည်းမှုများ အငွေ့ပျံ့ပြီး ပျောက်ကွယ်သွားတော့သည်။


သူနှင့် ရှစ်ယဲ့၏ လက်ရှိပုံစံကို ပုံဖော်လိုက်မိပြီး ဝမ်ချီက အနည်းငယ် ရှက်ရွံ့သွားသည်။ သူက နောက်ဆုတ်လိုက်ချင်သော်လည်း ဤနေရာတွင်သာ ရပ်နေမိသည်။


သူ ရှစ်ယဲ့နှင့် ပထမဆုံးတွေ့သောအချိန်ကစပြီး ယခုအထိ သူ့ဘက်မှ ဦးဆောင်၍ ခြေလှမ်းစခဲ့လေ့ မရှိပေ။ သူက ဖားလေးတစ်ကောင်ကဲ့သို့ပင် ရှစ်ယဲ့ဘက်က ရှေ့တစ်လှမ်းတိုးမှသာ လိုက်တိုးလေ့ ရှိ၏။


သို့သော် သူ ဆက်တုံ့ဆိုင်းနေ၍ မဖြစ်ပေ။


သူက ထိုသို့တွေးပြီးနောက် မည်သည့်နေရာမှ သတ္တိများ ရလာမှန်း မသိကာ ခန္ဓာကိုယ်ထဲ ခွန်အားအပြည့်ဖြင့် ထရပ်လိုက်ပြီး ရှစ်ယဲ့ပေါင်ပေါ်  ထိုင်ချလိုက်သည်။ သူက တစ်ကိုယ်လုံးဖိပြီး မထိုင်ဝံ့သောကြောင့် ဖွဖွလေးထိုင်ရုံသာ ထိုင်နေ၏။


ရှစ်ယဲ့က သူ့၏ ရုတ်တရက်ဆန်သော အပြုအမူကြောင့် ကြောင်အသွားပုံ ရပြီး သူ့အမူအရာတွင် မြင်ရခဲသော အံ့ဩမှုများဖြင့် ပြည့်နေသည်။ ရှစ်ယဲ့က သူ့၏ မေးစေ့ကို နူးညံ့စွာ မတင်လိုက်ပြီး လှပသော ဇာမဏီမျက်လုံးဝိုင်းဝိုင်းဖြင့် သူ့အား စိုက်ကြည့်နေသည်။ ရှစ်ယဲ့ပုံစံက ကြောက်ရွံ့နေသော အကောင်ငယ်လေးတစ်ကောင်နှင့် တူနေသည်။


ဝမ်ချီက ရုတ်တရက် ရယ်ချင်သွားပြီး မရယ်မိရန် နှုတ်ခမ်းထောင့်များကို ကြိုးစား ဖိကိုက်ထားရသည်။ သူက ချောင်း၂ချက်ဟန့်ကာ တည်ငြိမ်သည့်ပုံစံ ဟန်ဆောင်လိုက်ပြီး ရှစ်ယဲ့၏မျက်နှာကို ဖိညှစ်လိုက်သည်။


ဝမ်ချီက ယခုကဲ့သို့ ရဲတင်းစွာ မပြုမူခဲ့ဖူးသောကြောင့် သူ့ခွန်အားသူ မထိန်းချုပ်နိုင်ပေ။ ထို့ကြောင့် ရှစ်ယဲ့၏ ပိန်နေသော မျက်နှာမှာ သူ့ဖိညှစ်မှုကြောင့် ဝိုင်းသွားပြီး နှုတ်ခမ်းပါ စူထွက်လာ၏။


အံ့ဩစရာ ကောင်းသည်မှာ ရှစ်ယဲ့က မရုန်းဆန်ပေ။ သူက ဝမ်ချီအား သူ့မျက်နှာကို ညှစ်ကိုင်ထားခွင့် ပြုပြီး ဝမ်ချီကို နားမလည်သော မျက်လုံးများဖြင့် ကြည့်နေသည်။


ဝမ်ချီက ရယ်ချင်သည်ကို ထိန်းထားလိုက်ပြီး ခေါင်းငုံ့၍ ရှစ်ယဲ့၏ နှုတ်ခမ်းများကို လှမ်းနမ်းလိုက်သည်။


ရှစ်ယဲ့၏ အံ့ဩထိတ်လန့်နေသော အမူအရာက ပို၍ ထင်ရှားလာသည်။


ဝမ်ချီက ခေါင်းငုံ့၍ ထပ်မံကုန်းနမ်းလိုက်ပြီး ယခုတစ်ကြိမ်တွင် အလောတကြီး ပြန်မဖယ်သွားဘဲ ရှစ်ယဲ့၏ နှုတ်ခမ်းကို ကြာကြာဖိနမ်းပြီး ပြောသည်။

“ကျွန်တော် မေးခွန်းတစ်ခု မေးလို့ရမလား…”


ရှစ်ယဲ့က ဝမ်ချီ၏ နှစ်ကြိမ်ဆက်တိုက်အနမ်းကြောင့် စိိတ်ထဲဝေဝါးနေပုံရပြီး တိုးတိုးလေး ပြောသည်။

“ဘာကိုလဲ…”


ဝမ်ချီက ရှက်ရွံ့နေသော်လည်း နောက်ပြန်မဆုတ်ချင်ပေ။ သူက ရှစ်ယဲ့၏ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး အသက် ခပ်ပြင်းပြင်းရှူကာ လေးလေးနက်နက် ပြောသည်။


“ကျွန်တော်တို့ ကလေး ရနိုင်မယ်လို့ မင်းထင်လား…”


ယခုတွင်မူ ရှစ်ယဲ့၏ အမူအရာက အံ့ဩနေရုံသာမက ကြောက်မက်ဖွယ် အကြောင်းအရာကို ကြားလိုက်ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်နေသည်။ သူ့အကြည့်များက ဗလာကျင်းနေကာ ပါးစပ်အဟောင်းသားဖြစ်နေပြီ အချိန် အတန်ကြာသည့်အထိ စကားတစ်ခွန်းမျှ ထွက်မလာပေ။


ဝမ်ချီက စိတ်ရှည်ရှည်နှင့် စောင့်နေသော်လည်း ရှစ်ယဲ့၏ အဖြေကို ရမလာခဲ့ပေ။ သူ့၏ စိတ်အားထက်သန်မှုများက တဖြည်းဖြည်း လျော့နည်းသွားကာ ရှစ်ယဲ့၏ ပါးနှစ်ဖက်ကို ကိုင်ထားသော လက်များပင် အနည်းငယ် တုန်ယင်လာသည်။


သို့သော်လည်း သူက လက်မလျှော့ဘဲ တောက်ပသော မျက်လုံးများဖြင့် ရှစ်ယဲ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။


ရှစ်ယဲ့ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ တိကျသော အဖြေတစ်ခုကို ရမှဖြစ်မည်။


အချိန်ကြာလာသည်နှင့်အမျှ ရှစ်ယဲ့က စိတ်ပြန်စုစည်း၍ ရသွားပြီး သူ့မျက်နှာကို ကိုင်ထားသော ဝမ်ချီ့လက်ကို အုပ်မိုးလိုက်ကာ လက်ချောင်းများကို ကွေးပြီး ဝမ်ချီ့လက်ကို ဆုပ်ကိုင်လိုက်သည်။


ထို့နောက် သူက ပြောသည်။

“ကောင်းပြီ…”


ငြင်းဆန်ခံရမည်ဟု စိတ်ပြင်ဆင်ထားသော ဝမ်ချီက ရုတ်တရက် ကြောင်အသွားသည်။

“ဟမ်… ဘာပြောလိုက်တာလဲ…”


ရှစ်ယဲ့က လက်များကို နှုတ်ခမ်းပေါ်သို့ တင်လိုက်ပြီး နမ်းကာ ပြောသည်။

“ကိုယ်ပြောတာက ကောင်းပြီ ကိုယ်လက်ခံတယ်…”


ဝမ်ချီက ရှစ်ယဲ့ အလွယ်တကူလက်ခံမည်ဟု မထင်ထားခဲ့ပေ။ သူက ရှစ်ယဲ့ ကလေး မလိုချင်ပြီး ကလေးလည်း ယူမည် မဟုတ်ကြောင်း ပြောခဲ့ဖူးသည်ဟု မှတ်မိနေသည်။ (ဝမ်ချီ ကလေး မရနိုင်သေးလို့ သူ ကလေးမယူသေးဘူးလို့ ရှစ်ယဲ့က ပြောခဲ့တာကို ဝမ်ချီက သူမှတ်ချင်တဲ့အတိုင်း မှတ်ထားနေတာ)


သူ့နှလုံးသားက တဒုတ်ဒုတ်ခုန်နေပြီး ပါးပြင်နှစ်ဖက်က ရှက်ရွံ့မှုကြောင့် နီရဲနေသည်။ သူ့နှလုံးသားထဲက မီးတောက်ငယ်တစ်ခုက ရင်ဘတ်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားသည်။ သူ့အတွက် ယခုကဲ့သို့ ကိစ္စမျိုးကို တစ်စုံတစ်ယောက်နှင့် ဆွေးနွေးတိုင်ပင်ရသည်က ပထမဆုံး အကြိမ်ဖြစ်၏။ ဘာဆက်လုပ်ရမည်လဲကို သူ မသ်ိပေ။


ပေါ်တင် ပြောလိုက်ရင် အရမ်းရဲတင်းရာ ရောက်သွားမလား…


ဒါပေမဲ့ အဓိကဟာကို မပြောဘဲကျော်လိုက်ရင်လည်း အဖြေတိတိကျကျ ရမှာ မဟုတ်ဘူး…


ဝမ်ချီ ခေါင်းထဲ အတွေးများစွာနှင့် ပြည့်နှက်နေပြီး ဦးနှောက်မှ သေချာမစဉ်းစားနိုင်မီတွင် လက်က ဦးစွာလှုပ်ရှားသွားပြီး ဝတ်ထားသော သိုးမွှေးအင်္ကျီ ကို ချွတ်လိုက်သည်။


သူက လေးလေးနက်နက်ဖြင့် ပြောသည်။

“စရအောင်…”


ရှစ်ယဲ့ "..…"


ဝမ်ချီက သိုးမွှေးအင်္ကျီကို လျင်မြန်စွာ ဆွဲချွတ်လိုက်ပြီး ဘောင်းဘီကြိုးကိုဖြည်ရန် ပြင်သည်။


သို့သော်လည်း သူ့လက်က ဘောင်းဘီကြိုးကို ထိလိုက်သည်နှင့် ရှစ်ယဲ့က သူ့ခါးကို ဆွဲကိုင်လိုက်သည်။


ဝမ်ချီက အံ့ဩတကြီးဖြင့် မော့ကြည့်လိုက်သည့်အခါ ရှစ်ယဲ့၏ အမူအရာက မီးအလင်းရောင်အောက်တွင် အနေရခက်နေပုံ ပေါ်သည်။ ဝမ်ချီသာ ရှစ်ယဲ့၏ မျက်နှာကို ကိုင်ကြည့်ပါက ရှစ်ယဲ့၏မျက်နှာ အလွန်အမင်း ပူလောင်နေသည်ကို သိနိုင်မည်။


ရှစ်ယဲ့က ချောင်းဟန့်လိုက်ပြီး အက်ကွဲသော အသံဖြင့် ပြောသည်။

“အခု အချိန် မကျသေးဘူး…”


ထိုသို့ ပြောပြီးနောက် ဝမ်ချီ၏ အနောက်သို့ လှမ်းကြည့်လိုက်သည်။

“အပြင်မှာ လူတွေ ရှိသေးတယ်…”


ဝမ်ချီလည်း ခေတ္တမျှ အေးခဲသွားပြီး ရှက်ရွံ့စွာ အနောက်သို့ လှည့်လိုက်သောအချ်ိန်တွင် ရှောင်ရွှမ်ကျီ၏ ရှက်နေသောမျက်နှာနှင့် ရင်ဆိုင်လိုက်ရသည်။



💮💮💮