💮Chapter 124
အခန်းတွင်းမှ အလင်းရောင်မှာ ကွယ်ထားခြင်းခံရပြီး မှိတ်တုတ်တုတ်သာ လင်းနေသော်လည်း ဝမ်ချီမှာ မျက်စိစူးသောကြောင့် မျက်လုံး ပြန်ပိတ်လိုက်ရသည်။
သတိမေ့နေစဥ်က ကျထားသော မျက်ရည်များ မျက်လုံးထဲတွင် ပြည့်နှက်နေသည်။
သူက မျက်စိရှေ့မှ အလင်းရောင်နှင့် ကျင့်သားရသွားပြီနောက် မျက်ရည်ငွေ့များဖြင့် မှုန်ဝါးနေသောမြင်ကွင်းမှာလည်း တဖြည်းဖြည်း ပြန်ကြည်လင်သွားသည်။ ထို့နောက် သူ့ကို စိုက်ကြည့်နေကြသော ခေါင်းလုံးလေးများကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။
ထိုခေါင်းပိုင်ရှင်များက မျက်တောင်ခတ်လိုက်ကြပြီး အံ့ဩသွားသော အမူအရာများမှတစ်ဆင့် ပျော်ရွှင်မှုသို့ ကူးပြောင်းသွားကြသည်။
ယောထောင်၊ ယောဖန်းနှင့် ရှောင်ရွှမ်ကျီတို့က တစ်ပြိုင်နက်တည်း အံ့အားတကြီး ရေရွတ်လိုက်ကြသည်။
“သခင်လေး နိုးလာပြီ…”
ထိုခဏတွင် ဝမ်ချီက သူထပ်မံ၍ အချိန်ကူးပြောင်းသွားသည်ဟု ခံစားလိုက်ရသည်။
ဘယ်လိုလုပ်ပြီး ရှောင်ရွှမ်ကျီက ရောက်နေတာလဲ….
သူတို့၏ သခင်လေးဟု တစ်ယောက်တစ်ပေါက် အော်နေသံက ဝမ်ချီ့ကို အလွန်အမင်း ခေါင်းကိုက်စေသည်။
ဝမ်ချီက နားထင်ကြောများကိုနှိပ်ရန် ကြိုးစားလိုက်သော်လည်း သူ့လက်များတွင် အားမရှိသောကြောင့် မတတ်သာဘဲ လက်လျှော့လိုက်ရသည်။ သူက ပါးစပ်ဟလိုက်ပြီး ခက်ခက်ခဲခဲဖြင့် ကွဲအက်နေသော လေသံဖြင့် ပြောသည်။
သူနှင့် အနီးဆုံးတွင် ရှိသော ယောဖန်းက အလျင်အမြန် ပြေးလာပြီး စိုးရိမ်တကြီးဖြင့် မေးမြန်းသည်။
“ရေသောက်ချင်လို့လား သခင်လေး…”
ဝမ်ချီက ဖြည်းညှင်းစွာ ခေါင်းခါလိုက်ပြီး စကားနှစ်လုံးကို ကြိုးစား ပြောယူလိုက်သည်။
“ရှစ်ယဲ့…”
ယောဖန်းက အေးခဲသွားပြီး ဆွံ့အသွား၏။
ရှောင်ရွှမ်ကျီက လိမ္မာပါးနပ်စွာဖြင့် အလျင်အမြန် ဝင်ဖြေသည်။
“အိမ်ရှေ့စံက လုပ်စရာ အရေးတကြီးကိစ္စ ရှိသေးလို့ ဒီမှာ အကြာကြီး စောင့်နေပေးဖို့ အဆင်မပြေလို့ပါ ဝမ်သခင်လေး… ဝမ်သခင်လေး ပြန်သက်သာသွားပြီဆိုတာနဲ့ ကျွန်တော်တို့ သခင်လေးကို နန်းတော်ကို ပြန်ခေါ်သွားပေးပါမယ်…”
ဝမ်ချီက ထိုအဖြေသာ ရလိမ့်မည်ဟု ကြိုတင် ခန့်မှန်းထားသော်လည်း ဆုံးရှုံးသွားရသလို ခံစားလိုက်ရသော ခံစားမှုများက ဒီရေအလား မွန်းကြပ်စေသည်။
ယောထောင်က ဝမ်ချီ၏ ခံစားချက်ကို သတိပြုမိပုံကာ ညင်သာစွာ နှစ်သိမ့်ပေးသည်။
“သခင်လေး ကောင်းကောင်း အနားယူပါ… ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်… ဒီအစေခံက သခင်လေးအတွက် ရေသွားယူပေးပ့ါမယ်…”
ဝမ်ချီက အိပ်ရာပေါ်မှ မဆင်းနိုင်မီ ၂ရက်တိတိ ထပ်၍ လှဲနေခဲ့ရသည်။
ဤပြင်းထန်သောဒဏ်ရာက သူ့ကို နောက်ဆက်တွဲ ဆိုးကျိုးများ ထားပေးခဲ့ပြီး သူ့ခြေလက်များက အလွန် အားနည်းကာ စစချင်း၌ လမ်းပင်မလျှောက်နိုင်ခဲ့ပေ။
အိပ်ရာပေါ်မှ ထနိုင်သည့်အချိန်တွင် ဝမ်ချီက ထိုင်ခုံပေါ်၌ ထိုင်ပြီး ခြေထောက်များကို စမ်းကြည့်လိုက်သည်။ ခြေထောက်များက မဖြတ်ပစ်လိုက်ရဘဲ ထိတွေ့မှုကိုလည်း ခံစားသိရှိနေသည်။
သို့သော် သူခြေထောက်များမှာ အေးခဲသွားသောကြောင့် ဖြတ်ပစ်ရန်လိုအပ်ကြောင်း သမားတော် ပြောနေခဲ့သည်ကို ဝမ်ချီ နိုးတစ်ဝက်မေ့တစ်ဝက် အချိန်တွင် သေသေချာချာ ကြားခဲ့ရသည်။
ငါ နားကြားမှားခဲ့တာများလား…
သူက ခေတ္တစဉ်းစားပြီးနောက် သူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့သော အစေခံ ၂ယောက်ကို ခေါ်ပေးရန် ယောဖန်းကို ပြောလိုက်သည်။
သူ့စိတ်ထဲမှရှိနေသော သံသယများကို ထုတ်မေးလိုက်သည်။
သူ့အမေးကို ကြားသောအချ်ိန်တွင် ထိုအစေခံ မိန်းကလေးနှစ်ယောက်က ဘာဖြေရမှန်းမသိ ဖြစ်နေသည်။
သူတို့ကိုယ်တိုင်လည်း ဝမ်ချီ့ခြေထောက်များ အဘယ်ကြောင့် အလျင်အမြန် ကောင်းမွန်းလာသည်ကို နားမလည်ကြပေ။ မကြာမီက သမားတော်က ဝမ်ချီ၏ ကျိုးနေသောခြေထောက်များကို ကုသရန် လူတစ်ယောက်ကို ခေါ်လာခဲ့သည်။ မမျှော်လင့်ထားစွာပင် သူ၏ ခြေထောက်များက ရုတ်တရက် ပြန်ကောင်းသွားခဲ့သည်။ ထိုအချိန်တွင် ရှိနေသော လူများအားလုံး အံ့အားသင့်သွားခဲ့ရ၏။ သမားတော်ကိုယ်တိုင်ပင် ပြန်ကောင်းသွားရသည့် အကြောင်းရင်းကို မသိခဲ့ပေ။ သူတို့အားလုံးက ဤသခင်လေးကို ကောင်းကင်ဘုံက စောင့်ရှောက်ပေးခဲ့သည်ဟုသာ ယူဆလိုက်ကြသည်။
ဝမ်ချီက အချိန်အတန်ကြာ မေးမြန်းနေသော်လည်း အကြောင်းရင်းမှန်ကို မသိရသောကြောင့် ထိုမိန်းကလေးနှစ်ယောက်ကို ပြန်လွှတ်လိုက်သည်။
သို့သော်လည်း သူ့စိတ်ထဲတွင် ခန့်မှန်းမိထားသည့်အရာတစ်ခု ရှိ၏။
ဤကမ္ဘာပေါ်တွင် သူ့ခြေထောက်ကို ကုသပေးနိုင်သောသူမှာ ဟွားမိသားစုထံမှ လူသားဆေးပင်ဟု ခေါ်ဆိုခြင်း ခံရသည့် ရှစ်ယဲ့မှလွဲ၍ အခြားတစ်ယောက် မရှိနိုင်ပေ။
သူခြေထောက်များ ပြန်ကောင်းသွားရန် ရှစ်ယဲ့ မည်သည့်အရာများ ပေးဆပ်ခဲ့ရသည်ကိုမူ သူ မသိပေ။
ဝမ်ချီက ဤနေရာတွင် ရက်အနည်းငယ်နေပြီးနောက် ထိုနေရာက ရွှယ်ကျင်းတောင်ခြေတွင်ရှိသော အိမ်တစ်လုံး ဖြစ်ကြောင်း ယောဖန်းနှင့် ယောထောင်ထံမှ ကြားသိခဲ့ရသည်။ မည်သို့ပင် ဆိုစေကာမူ ထိုအိမ်က သာမန်အိမ် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအိမ်၏ပိုင်ရှင်က လူကြီးမင်းရင်း၏ ဆွေမျိုးတစ်ယောက် ဖြစ်သည်။
သို့သော်လည်း ထိုလူများက ရှစ်ယဲ့နှင့် သူ၏သရုပ်မှန်ကို သိပုံ မရပေ။
အဘယ်ကြောင့်ဆိုသော် ညနေခင်းတစ်ခုတွင် ဝမ်ချီက စင်္ကြန်ထောင့်ချိုးတွင် ထိုင်နေသော အစေခံငယ်လေး နှစ်ယောက်၏ စကားပြောနေသံကို ကြားလိုက်ရပြီး သူတို့က ရွှယ်ကျင်းတောင်ပေါ်တွင် ဖြစ်သွားသော ကိစ္စအကြောင်းကို ပြောနေခြင်း ဖြစ်သည်။
ဝမ်ချီ သူတို့အနောက်မှဖြတ်၍ လျှောက်လာမှသာ သူတို့က ဝမ်ချီ ရှိနေသည်ကို သတိပြုမိသွားသည်။ နှစ်ယောက်လုံးက ထိတ်လန့်မှုကြောင့် နောက်ဆုတ်သွားပြီး အလျင်အမြန် ပါးစပ်ပိတ်လိုက်ကြသည်။
ဝမ်ချီက သူတို့ဘေးတွင် ထိုင်လိုက်ပြီး ပွင့်ပွင့်လင်းလင်း မေးမြန်းလိုက်သည်။
“ဟွားအိမ်တော်မှာ ဘာတွေဖြစ်သွားလို့လဲ…”
ထိုအစေခံနှစ်ယောက်က သူတို့ ကြားလိုက်သည့် မေးခွန်းကြောင့် အံ့အားသင့်သွားပြီး ပြောသည်။
“သခင်လေးက ဟွားအိမ်တော်ကို သိတာလား…”
ဝမ်ချီက ပြောသည်။
“ဟွားမိသားစုက ဒီလောက် နာမည်ကြီးတာ ဟွားအိမ်တော်ကို မသိဘဲ နေပါ့မလား…”
ထိုအစေခံကောင်လေးက သဘောပေါက်သွားပြီး အလျင်အမြန် ပြန်ပြောသည်။
“မဟုတ်ဘူး… မဟုတ်ဘူး… ကျွန်တော်မျိုး ပြောချင်တာက တောင်ပေါ်ကဟွားအိမ်တော်ကို ပြောတာပါ…”
ထိုသို့ ပြောရင်းနှင့် ကောင်လေးက စကားမှားသွားသည်ကို သူ့ဘာသာ သတိပြုမိသွားပုံရပြီး ပါးစပ်ကို လက်ဖြင့် အလျင်အမြန် အုပ်လိုက်ကာ ပါးစပ်ပိတ်လိုက်သည်။
ဝမ်ချီလည်း မတတ်သာတော့ဘဲ နောက်တစ်မျိုး ပြောင်းမေးလိုက်သည်။
“ရွှယ်ကျင်းတောင်ပေါ်မှာ တစ်ခုခု ဖြစ်သွားခဲ့လို့လား…”
ထိုအစေခံနှစ်ယောက်က ဝမ်ချီက တစ်ခုခုကို သိနေကြောင်း သဘောပေါက်သွားသော်လည်း ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့် အလုံးစုံ မပြောပြချင်ပေ။ သူတို့က ဒေါသထွက်ခံရမည်ကို စိုးထိတ်ပြီး ဝမ်ချီကိုလည်း အလုံးစုံ မပြောပြချင်ပေ။ ထိုကြောင့် နှစ်ယောက်သား အချင်းချင်း ကြည့်လိုက်ပြီး မရေမရာ ပြောသည်။
“တောင်ပေါ်မှာ မတော်တဆတစ်ခု အကြီးအကျယ် ဖြစ်ခဲ့ပြီး လူအများကြီး သေသွားလို့ပါ… သခင်လေး…”
ကောင်လေးနှစ်ယောက်က စကားအချို့ ထပ်ပြောပြီး အလျင်အမြန် နှုတ်ဆက်ကာ ပြန်ထွက်သွားကြသည်။
“အဲ့ကလူတွေအကုန်လုံး အလောင်းဖြစ်သွားတယ်လို့ ကြားတယ်… ကိစ္စကြီး တစ်ခုမို့ မြို့တော်ကလည်း ဒီသတင်းကို ကြားမယ်လို့ ထင်တယ်…”
ဝမ်ချီလည်း ဆက်၍ထိုင်မနေနိုင်တော့ဘဲ လက်ရှိနေထိုင်နေသော ခြံဝင်းထဲသို့ အလျင်အမြန် ပြန်လိုက်ကာ ထွေရာလေးပါး ပြောနေသော ရှောင်ရွှမ်ကျီနှင့် ဆုံသည်။
ဝမ်ချီက အလောတကြီး ပြောသည်။
“ရှောင်ရွှမ်ကျီ… ငါ နန်းတော်ကို ပြန်ချင်တယ်…”
-----
မင်းကြီး နာမကျန်း စဖြစ်သည့် အချိန်ကစပြီး ဟဲယွီက မင်းကြီးဘေးတွင် တောက်လျှောက် ပြုစုလာခဲ့ခြင်း ဖြစ်၏။ မင်းကြီးက ယခင်ကကဲ့သို့ ကိစ္စများစွာကို စီမံခန့်ခွဲခြင်း မပြုတော့သော်လည်း နန်းတွင်းနှင့် တရားစီရင်ရေးဌာနများရှိ မှူးမတ်များ၏ သဘောထားကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
မူလတွင် အားလုံးက မင်းကြီးကို အနည်းငယ် နာမကျန်း ဖြစ်နေရုံသာဟု ထင်ထားပြီး မကြာမီ ပြန်ကောင်းလာမည်ဟု တွေးထားကြသည်။
ယခုတွင်မူ နာမကျန်းဖြစ်သည့် အချိန်က ကြာရှည်လာပြီး မင်းကြီး၏အချိန် မကျန်တော့သည်ကို သိရှိသွားကြသောကြောင့် အားလုံးက မင်းကြီးကို မျက်လုံးထဲ မထည့်ကြတော့ပေ။ မင်းသား(၄)၏ ဘက်တော်သား အဖြစ် ပွင့်ပွင့်လင်းလင်း ခံယူသူက ခံယူကြပြီး အချို့ကမူ ရှစ်ယဲ့ဘက်မှ အတိအလင်း ရပ်တည်ကြကာ မင်းကြီးကို လူသေကောင်ကဲ့သို့သာ သဘောထားကြ၏။
အထူးသဖြင့် တစ်ချိန်က မင်းကြီး၏ အချစ်တော် ဖြစ်ခဲ့သော ကိုယ်လုပ်တော်ရုန်ပင် တော်ဝင်မိသားစုပွဲတော်ကို ဦးစီး ကျင်းပရန် အချိန်ရှိသော်လည်း မင်းကြီးကို လာတွေ့ရန် အချိန် မရှိပေ။
တစ်ဖက်တွင်မူ ကိုယ်လုပ်တော်ရုန်၏ သားတော်ဖြစ်သော မင်းသားရွှမ်က အချိန်ရတိုင်း မင်းကြီးကို လာရောက် အဖော်ပြုပေး၏။
ဟဲယွီက ဤနန်းတော်တွင် ဆယ်စုနှစ်များစွာ အမှုထမ်းလာသည်ဖြစ်၍ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း မင်းကြီးက ကိုယ်လုပ်တော်ရုန်ကို နေ့စဉ်နေ့တိုင်း လွမ်းဆွတ်နေသောကြောင့် မင်းကြီးကို ထိုစကားများ မပြောသင့်ကြောင်း သူသိ၏။
ယနေ့နေ့လည်ခင်းတွင် မင်းကြီး ပြန်နိုးလာသောကြောင့် ဟဲယွီက မင်းကြီး သောက်သုံးရန် ရေနွေးခွက်ကိုကိုင်ပြီး အရှေ့သို့ တိုးလာသည်။
မင်းကြီး၏ အသားအရေက အဝါရောင်သို့ ပြောင်းလဲနေပြီး ခန္ဓာကိုယ်တစ်ခုလုံး ဆေးအနံ့များဖြင့် ပြည့်နှက်နေသည်။ သူ စကားပြောရန် ပါးစပ်ဟလိုက်သော အချိန်တွင် ဆေးအနံ့က ပို၍ ပြင်းထန်လာသည်။
“ဟဲယွီ… ကိုယ်လုပ်တော်ရုန် လာသေးလား…”
ဟဲယွီ၏ လက်ချောင်းများက ရေနွေးခွက်ကို ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ကာ မျက်လွှာချ၍ လျှောက်တင်သည်။
“မင်းကြီးကို လျှောက်တင်ပါတယ်… ကိုယ်လုပ်တော်ရုန် လာကြည့်တဲ့ အချိန်တုန်းက မင်းကြီး အိပ်မောကျနေလို့ အနားယူတာကို မနှောင့်ယှက်ရဲတဲ့အတွက် ပြန်သွားပါတယ်…”
အမှန်တွင်မူ ဘုရင့်အိပ်ဆောင်ကို ကိုယ်လုပ်တော်ရုန် မလာခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သို့သော်လည်း ဟဲယွီက မင်းကြီးကို ဝမ်းမနည်းစေချင်သောကြောင့် လိမ်ညာလျှောက်တင်လိုက်သည်။
ကိုယ်လုပ်တော်ရုန်လာကြောင်း ကြားသောအချိန်တွင် မင်းကြီး၏ မှောင်မိုက်နေသော မျက်လုံးထဲတွင် အလင်းတန်းလေး ဖြတ်ပြေးသွားပြီး ပြောသည်။
“ကိုယ်လုပ်တော်ရုန်ကို သွားဆင့်ခေါ်လိုက်…”
ဟဲယွီက စိတ်ထဲတွင် တုံ့ဆိုင်းသွားသော်လည်း လက်တွေ့တွင် မငြင်းဆန်ရဲဘဲ အမိန့်ကို လက်ခံလိုက်ရသည်။
ကိုယ်လုပ်တော်ရုန် လာရန်ဆန္ဒရှိမည်လားကို သူ မသိပေ။
သို့သော်လည်း မင်းကြီးက မင်းအာဏာရှိနေဆဲဖြစ်၍ နာမကျန်း ဖြစ်နေလျှင်ပင် တိုင်းပြည်၏ခေါင်းဆောင် ဖြစ်နေဆဲ ဖြစ်သည်။ ကိုယ်လုပ်တော်ရုန်က မင်းကြီး၏ အမိန့်ကို လွန်ဆန်ရဲမည် မဟုတ်ဟု သူထင်သည်။
ဟဲယွီက စိတ်မသက်မသာဖြင့် မင်းကြီးကို အလုပ်အကျွေးပြုနေသော အစေခံနှင့် မိန်းမစိုးများကို မှာစရာရှိသည်များ မှာကြားကာ အခန်းအပြင်သို့ အလျင်အမြန် ထွက်လိုက်သည်။
အပြင်ဘက်တွင် ကောင်းကင်က မှောင်မည်းနေပြီး နန်းတော်တစ်ခုလုံးကို လှောင်အိမ်ထဲထည့်၍ ပိတ်ထားသကဲ့သို့ ဖြစ်နေသည်။
နှင်းကျဆင်းခြင်း ရပ်တန့်သွားသော်လည်း မိုးရွားသွန်းနေကော မိုးစက်များက ကုလားကာတစ်ချပ်သဖွယ် ဖြစ်နေပြီး ဟဲယွီ၏ အမြင်ကို ဝေဝါးစေသည်။
ဟဲယွီ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းပြီးနောက် သူ့ထံသို့ မိန်းမစိုးငယ်လေးတစ်ဦး အလျင်စလို ပြေးလာသည်ကို မြင်လိုက်ရသည်။
ထိုမိန်းမစိုးငယ်လေးက ခပ်တိုးတိုးပြောသည်။
“အိမ်ရှေ့စံ ရောက်နေပါတယ်…”
အိမ်ရှေ့စံလည်း ကိုယ်လုပ်တော်ရုန်ကဲ့သို့ပင် မင်းကြီးအိပ်ဆောင်သို့ မလာသည်မှာ ကြာပြီ ဖြစ်သည်။ ဟဲယွီက စိတ်ထဲတွင် တွေးလိုက်၏။
တော်သေးတာပေါ့… မင်းသားရွှမ်ကတော့ အချိန်ရတာနဲ့ မင်းကြီးကို လာပြီး အဖော်ပြုပေးလို့…
ရာသီဥတု ဆိုးရွားနေသောအချိန်တွင် အိမ်ရှေ့စံ ဤနေရာသို့ ရောက်လာရသော အကြောင်းရင်းကို သူ မသိပေ။
သူက ကိုယ်လုပ်တော်ရုန်ကို သွားရောက် ခေါ်ဆောင်ရန်သာ တွေးနေပြီး မင်းကြီး နိုးလာသော အချိန်များတွင် အိမ်ရှေ့စံအကြောင်း မပြောသောကြောင့် အိမ်ရှေ့စံကို စကားကြည့်ကောင်းအောင်ပြောပြီး ပြန်ပို့ရန် စိတ်ကူးလိုက်သည်။
သူက အတွေးကို ရုပ်သိမ်းလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည်။
“သူ ဘယ်မှာလဲ…”
မိန်းမစိုးငယ်လေးက အနောက်ဘက်ကို ကြည့်ပြီး ပြောသည်။
“အနောက်မှာပါ…”
ဟဲယွီက မိန်းမစိုးငယ်လေးနောက် လိုက်သွားပြီးနောက် မှောင်မိုက်နေသော မိုးရေထဲတွင် ရပ်နေသည့် အလွန်ပိန်ပါးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
အိမ်ရှေ့စံက အမည်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရှည်လျားသောဆံပင်များကို သပ်ရပ်စွာ ချည်နှောင်ထားသည်။
သူက ခြေသံကြားသော အချိန်တွင် မိုးရေထဲသို့ ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြန်လှည့်သွားသည်။
အိမ်ရှေ့စံ၏ အသားအရေက အလွန် ဖြူဖျော့နေပြီး ကျောက်စိမ်းဖြူကဲ့သို့ ဖွေးစွတ်နေကာ သွေးရောင်ပင် မမြင်ရချေ။ နှုတ်ခမ်းများမှာလည်း ဖြူဖျော့နေ၏။
ထိုကဲ့သို့ ဖြူဖျော့နေရုံသာမက ခန္ဓာကိုယ် အလေးချိန်ပါ ကျဆင်းနေပြီး လေတိုက်သည့်အချိန်တိုင်း မိုးရေထဲ လွင့်သွားမတတ် ဖြစ်နေသည်။
ထိုမြင်ကွင်းကို မြင်ပြီး ဟဲယွီက မိန်းမစိုးငယ်လေး၏ မျက်နှာပေါ်မှအမူအရာ ထူးဆန်းနေရခြင်းကို ရုတ်တရက် နားလည်သွားတော့သည်။ မိန်းမစိုးငယ်လေး၏ တုံ့ပြန်မှု ထူးဆန်းနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူကိုယ်တိုင်ပင် အိမ်ရှေ့စံ ယခုကဲ့သို့ အလွန်ပိန်သွားမည်ဟု မမျှော်လင့်ထားပေ။ သူက အပြင်းအထန် နားမကျန် ဖြစ်နေသော မင်းကြီးနှင့်ပင် ဆင်တူသယောင် ဖြစ်နေသည်။
ဟဲယွီက အတွေးများစွာဖြင့် အိမ်ရှေ့စံနားသို့ လျှောက်သွားလိုက်သည်။
ဟဲယွီက အိမ်ရှေ့စံ၏ မျက်နှာပေါ်က အမာအရွတ်များ ပြန်လည် ကောင်းမွန်နေသည်ကို မြင်ပြီး ခြေလှမ်းများ ရပ်တန့်သွားတော့သည်။
အိမ်ရှေ့စံရဲ့ မျက်နှာက …
အိမ်ရှေ့စံရဲ့ မျက်နှာပေါ်က မီးလောင်အမာရွတ်တွေ မရှိတော့ဘူး…
ဟဲယွီက သူကိုယ်သူ အမြင်မှားသည်ဟု ထင်မိပြီး မျက်တောင်များကိုခတ်၍ မျက်လုံးများကို ပွတ်သပ်ကာ ထပ်မံ ကြည့်လိုက်သည်။ ဖြူဖျော့နေသော မျက်နှာက အပြစ်အနာကင်းသော စိန်ပွင့်ကဲ့သို့ ကြည်လင် ဖြူဖွေးနေ၏။
ဟဲယွီက ထိတ်လန့်သွားပြီး ကြောက်ရွံ့သွားကာ မနည်း ကြိုးစားပြုံးယူ၍ ပြောသည်။
“အိမ်ရှေ့စံကို နှုတ်ဆက် ကြိုဆိုပါတယ်… အရှင့်သားရဲ့ မျက်နှာက…”
ဟဲယွီက စိတ်ခံစားချက်ကို ထိန်းရန် ကြိုးစားသော်လည်း သတိလက်လွတ် မေးလိုက်မိကာ ကြောက်ရွံ့သွားပြီး လျင်မြန်စွာ ခေါင်းငုံ့လိုက်သည်။
ရှစ်ယဲ့က ထိုအကြောင်းကို ပြောချင်ပုံ မရဘဲ ဟဲယွီ၏ စကားကို အေးစက်သော အသံဖြင့် ဖြတ်ပြောလိုက်သည်။
“မင်းကြီး ဘယ်မှာလဲ…”
“အိမ်ရှေ့စံကို လျှောက်တင်ပါတယ်… မင်းကြီးက အနားယူနေတုန်းပါပဲ…”
ဟဲယွီက ရှုပ်ထွေးသောအတွေးများမှ ရုန်းထွက်လိုက်ပြီးနောက် ကိုယ်လုပ်တော်ရုန်ကို သွားရောက်ခေါ်ဆောင်ရမည့် ကိစ္စကို ပြန်သတိရသွား၏။ မင်းကြီး သတိကပ်နေသော အချိန်က တိုတောင်းသောကြောင့် အချိန်မဆွဲရဲဘဲ ကြိုပြင်ဆင်ထားသည့် စကားများကို ပြောလိုက်သည်။
”မင်းကြီးက ဒီနေ့ နေထိုင်မကောင်းလို့ အပြင်လူတွေနဲ့ တွေ့ဖို့ အဆင်မပြေပါဘူး… အိမ်ရှေ့စံ ဒီနေ့တော့ အရင် ပြန်လိုက်ပါ… မင်းကြီး ပြန်သက်သာလာတဲ့နေ့ကျ ကျွန်တော်မျိုး အိမ်ရှေ့စံကို လာရောက် လျှောက်တင်ပါ့မယ်…”
ထိုသို့ပြောပြီးနောက် ဟဲယွီက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငုံ့လိုက်သည်။
အိမ်ရှေ့စံ၏ အေးစက်သောအကြည့်များ သူ့ ဂုတ်ပိုးပေါ်သို့ ကျရောက်နေကြောင်းကို ဟဲယွီ ခံစားမိနေသည်။ သူက လည်ပင်းကို ဓားနှင့်ထောက်ထားခံရသကဲ့သို့ အေးစက်နေမှုကို ရုတ်တရက် ခံစားလိုက်ရသည်။
မိုးရွာပြီး အေးစိမ့်နေသောရာသီဥတုတွင် သူ ချွေးစေးများ ထွက်လာ၏။
အိမ်ရှေ့စံက မိုးစက်များထက်ပင် အေးစက်နေသော အသံဖြင့် မေးသည်။
“မင်းကြီး နိုးလာပြီလား…”
“မင်းကြီး က…”
ဟဲယွီ၏အသံက ရပ်တန့်သွားပြီး ကြောက်ရွံ့မှုကြောင့် လည်ချောင်းထဲမှ အသံ ထွက်မလာတော့ပေ။ သူက ဂရုတစိုက် တံတွေးမြိုချလိုက်ပြီး မလိမ်ညာဝံ့တော့ချေ။
“မင်းကြီး အခုလေးတင် နိုးလာပါတယ်…”
ရှစ်ယဲ့က ပြောသည်။
“ကောင်းပြီ… ပန်ကုန်းကို သူ့ဆီ ခေါ်သွားပေး…”
ဟဲယွီက တုန်ရီစွာဖြင့် ပြောသည်။
“ဒါပေမဲ့… မင်းကြီးက တွေ့ချင်တယ်လို့ ပြော…”
သူ “ကိုယ်လုပ်တော်ရုန်” ဟူသော နာမည်ကို မပြောလိုက်မီတွင် အိမ်ရှေ့စံ၏လက် မြှောက်သွားသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရပြီး သူ့ရင်ဘတ်ကို အားပြင်းတစ်ခုဖြင့် ရိုက်ချခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ သူ ဘာဖြစ်သွားသည်ကို မသိလိုက််မီ ရင်ဘတ်ထဲတွင် စူးရှသော နာကျင်မှု ဖြစ်ပေါ်လာပြီး မရေမတွက်နိုင်သော ပုရွက်ဆိတ်များ သူ့နှလုံးကို ထိုးဖောက်စားသောက်နေကဲ့သို့ ခံစားနေရသည်။
ဟဲယွီက နန်းတော်ထဲတွင် ဆယ်စုနှစ်များစွာ အလုပ်အကျွေး ပြုလာပြီး အောက်ခြေမှတစ်ဆင့် မင်းကြီး၏ဘေးသို့ ဖြည်းဖြည်းချင်း ရောက်ရှိလာခြင်း ဖြစ်ကာ အပြစ်ဒဏ်များစွာကို ခံခဲ့ရဖူးသည်။
သို့သော်လည်း ဤခဏတွင် သူက တောင့်မခံနိုင်တော့ဘဲ ချက်ချင်း မြေပြင်ပေါ် ဒူးထောက်ကျသွားကာ နဖူးပေါ်မှ ချွေးစေးများကို တုန်ယင်နေသော လက်ဖြင့် သုတ်လိုက်သည်။
သူ လက်ကို ငုံ့ကြည့်လိုက်သော အချိန်တွင် သူ့လက်မှာ ချွေးများဖြင့် စိုရွှဲနေ၏။
အိမ်ရှေ့စံ၏ အသံက သူ့ခေါင်းထက်မှ ပျံ့လွင့်လာသည်။
“ငါ စကားတစ်ခွန်းကို နှစ်ကြိမ် မပြောချင်ဘူး…”
ဟဲယွီက အလွန်ကြောက်ရွံ့နေပြီး အိမ်ရှေ့စံရှေ့တွင် ကိုယ်လုပ်တော်ရုန်ကို သွားရောက်ဖိတ်ခေါ်ရန် နေနေသောသာ “ကိုယ်လုပ်တော်ရုန်” ဟူသော အမည်ကိုပင် ထုတ်မပြောရဲတော့ပေ။ သူက ဒူးထောက်နေရာမှ တုန်တုန်ယင်ယင်ထရပ်လိုက်ပြီး ပြောသည်။
“ကောင်းပါပြီ အရှင့်သား… ကျွန်တော်မျိုးနောက် လိုက်ခဲ့ပေးပါ…”
အိပ်ဆောင်ထဲတွင် ဖယောင်းတိုင်မီး အနည်းငယ်သာ ထွန်းထားပြီး အပြင်ဘက်တွင်လည်း မှောင်မည်းနေကာ နေရောင်ခြည် မရှိသောကြောင့် အခန်းတွင်းရှိ အလင်းရောင်မှာ မှိန်ဖျော့ဖျော့သာ ဖြစ်နေ၏။
သို့သော်လည်း ထိုအလင်းရောင်က လုံလောက်သည်။ မင်းကြီးက နာမကျန်း ဖြစ်သည့် အချိန်ကစပြီး အလင်းရောင် ထိန်ထိန်လင်းလင်းကို သဘောမကျတော့ပေ။
ဟဲယွီက အိပ်ရာအရှေ့တွင် မိန်းမစိုးနှင့် အစေခံများ ရပ်နေသည်ကို မြင်သောကြောင့် မင်းကြီး မမေ့မျောသွားသေးကြောင်း သိလိုက်သည်။ ထိုကြောင့် သူက အရှိန်တင်လိုက်ပြီး ခေါင်းငုံ့၍ အိပ်ရာအရှေ့သို့ လျင်မြန်စွာ လျှောက်သွားသည်။
မင်းကြီးက သတိရှိနေပြီး လှုပ်ရှားသံကို ကြားသော အချိန်တွင် ဝေဝါးနေသော မျက်လုံးများကို အားစိုက်၍ သူ့အနောက်သို့ လှမ်းကြည့်ပြီး ခြောက်သွေ့နေသော နှုတ်ခမ်းများကိုဟကာ ခက်ခက်ခဲခဲ ပြောသည်။
“ကိုယ်လုပ်တော်ရုန်…”
ဟဲယွီက နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ပြောသည်။
“မင်းကြီး… အိမ်ရှေ့စံက မင်းကြီးကို တွေ့ဖို့ ရောက်လာပါတယ်…”
မင်းကြီးက သူ့စကားကို နားမလည်ခြင်းလား သို့မဟုတ် သူ့အဖြေကို မကြားချင်၍ မသိဟန်ဆောင်ခြင်းလား မသိပေ။ သူ့စကားကို လျစ်လျူရှူပြီး ပြောသည်။
“ကိုယ်လုပ်တော်ရုန်ကို လာခိုင်းလိုက်…”
ဟဲယွီက အကျပ်ရိုက်နေပြီး ချွေးပြန်နေသော လက်နှစ်ဖက်ကို အချင်းချင်း ဆုပ်ကိုင်၍ လျှောက်တင်သည်။
“မင်းကြီး အပြင်မှာ မိုးရွာနေပြီး အိမ်ရှေ့စံက မင်းကြီးကို တွေ့ဖို့ အပြင်မှာ အကြာကြီး ရပ်စောင့်နေတာမို့ အိမ်ရှေ့စံကို စာကြည့်ခန်းထဲ ခေါ်ဆောင်လာပြီး စောင့်ခိုင်းထားပါတယ်…”
ထိုသို့ ပြောပြီးချိန်တွင် ဟဲယွီက သူ့အနောက်မှ လူတစ်ယောက် လျှောက်လာသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ မကြာမီတွင် သူ့အနောက်သို့ အိမ်ရှေ့စံ ရောက်လာပြီး ပြောသည်။
“အကုန်လုံး ထွက်သွားကြ…”
ဟဲယွီက အိပ်ရာပေါ်တွင် ငြိမ်သက်စွာ လှဲနေသော မင်းကြီးကို လှမ်းကြည့်လိုက်ပြီး ခဏတာ ချီတုံချတုံ ဖြစ်နေခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင် ကြောက်ရွံ့သော စိတ်က အနိုင်ယူသွားပြီး မိန်းမစိုးနှင့် အစေခံများကို ခေါ်ဆောင်ကာ အလျင်အမြန် ထွက်သွားလိုက်သည်။
💮💮💮