အပိုင်း ၈၆
Viewers 32k

မစ္စစ်ချင်ကတော့ ဆက်လက်ကြိမ်းမောင်းနေဆဲပင်။ ထန်ဝမ်ဝမ်ကို သူမသားနှင့် ပေးစားကာ ချင်မိသားစုထဲ ဝင်ခွင့်ပြုခဲ့သည်မှာ သူမဘဝအတွက်တော့ နောင်တရစရာတစ်ခုသာ ဖြစ်လာတော့သည်။ စာကလေးငှက်ကိုမှ ဇာမဏီဟု ထင်မိခဲ့လေခြင်း။ အခန်းထဲမှ ထန်ဝမ်ဝမ်၏ အသံကို လုံးဝမကြားရသောအခါတွင်တော့ သူမ၏ ဒေါသမီးလျှံတို့က ပို၍ပင် တောက်လောင်လာတော့သည်။
ချင်ကျောက်က ဘာလို့များ ဒီလိုမိန်းမမျိုးကို ကြိုက်ခဲ့လဲမသိဘူး သူ့အဖေဗီဇတွေ မပါလိုက်ပုံများ...
သူမလည်း ဒေါသတကြီးဖြင့် အပြင်သို့ ထွက်သွားလိုက်တော့သည်။ ချွေးမဖြစ်သူကို ပြစ်တင်ပြောဆိုရင်း လက်ဖက်ရည်သောက်၊ ကတ်ကစားရန် သူငယ်ချင်းများနှင့် သွားတွေ့လိုက်သည်။
သူမထွက်သွားပြီးမှ ထန်ဝမ်ဝမ်က နားကြပ်ကို ချွတ်လိုက်သည်။ အခုအချိန်အထိ ဖုကျန်းကို ဘာလို့ ရန်လိုမိနေလဲဆိုတာ သူမကိုယ်သူမလည်း နားမလည်နိုင်တော့ပေ။ အခု အခွင့်အရေးရလာချိန်တွင်တော့ လုံးဝ လက်လွတ်ခံတော့မည်မဟုတ်ပေ။
ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပါပါရာဇီကို ဖုကျန်းမှာ ကျန်းဟန်ရှု၏ တိတ်တိတ်ပုန်းကောင်လေးဖြစ်ကြောင်း သတင်းသွားပေးလိုက်သည်။ ထိုသတင်းကို ကြားလိုက်ရသော ပါပါရာဇီမှာ သူ့နားကိုပင် မယုံနိုင်တော့။ ကျန်းဟန်ရှုမှာ သူ့ဇနီးအပေါ် အလွန်ကို ချစ်မြတ်နိုးသူဖြစ်ရာ နောင်တစ်ချိန် သူမ ဖောက်ပြန်သွားလျှင်တောင် သူကတော့ ဂေးမည်မဟုတ်ဟုသာ တွေးလိုက်သည်။ သူ့ချစ်သူမှာ အမျိုးသမီးတစ်ဦးဟုသာ တစ်ထစ်ချ လက်ခံထားသည်။
သို့သော်ငြား သူ၏ လုပ်ဖော်ကိုင်ဖက်ကတော့ အမြင်မတူပေ။ သူက ပြောလိုက်သည်။
"မနေ့က သူတံခါးဖွင့်ပေးတော့ လုပ်လိုက်တဲ့ အပြုအမူကို မှတ်မိသေးလား ..."
သူက စေ့စေ့စပ်စပ် ပြန်တွေးလိုက်သည်။ ဖုကျန်း ကုမ္ပဏီမှ ထွက်လာချိန်တွင် ကျန်းဟန်ရှုက ကိုယ်ကိုကိုင်းကာ လက်တစ်ဖက်ကို နောက်ပို့ပြီး ကျန်လက်တစ်ဖက်က ရှေ့ကို သာသာလေး ဆန့်ထုတ်လိုက်သည်။ မိန်းမပျိုလေးကို အတူတွဲကရန် ဖိတ်ကြားသည့် ဟန်ပန်မျိုးပင်။
"သူတို့နှစ်ယောက်က တကယ်ကို တစ်ခုခုပဲနော် ..."
သူ့မှန်းဆချက်မှာ ယုတ္တိမတန်လွန်း၍ သူကိုယ်တိုင်ပင် မယုံကြည်နိုင်။
"ဒါကြီးက အရမ်းကြီး ယုတ္တိမဲ့မနေလွန်းဘူးလား ငါတို့ရိုက်ခဲ့မိတာကသာ အမှန်ဆိုလို့ကတော့ ဟား ငါ့ကောင်ရေ ငါတို့ကတော့ အနုပညာလောကရဲ့ နံပါတ်တစ် ပါပါရာဇီ ဖြစ်ပြီကွ ..."
သို့သော် သူ့လုပ်ဖော်ကိုင်ဖက်ကတော့ ပူပန်မှုကို မဖျောက်ထားနိုင်သေးပေ။
"ဒါပေမယ့် ကျန်းမိသားစုရဲ့ နောက်ခံက သေးသေးမွှားမွှားတော့ မဟုတ်ဘူးနော် ငါတို့ကို လက်စားချေလာရင် ဘယ့်နှယ့်လုပ်မလဲ ..."
" လူတွေအများကြီးက စောင့်ကြည့်နေတာပဲကွာ တကယ်လို့ ငါတို့သာ တစ်ခုခုဖြစ်သွားရင် လူတိုင်းက ကျန်းမိသားစုရဲ့လက်ချက်လို့ပဲ ထင်ကြမှာလေ သူတို့လို ရေပေါ်ဆီမျိုးက ပိုတောင် ပြဿနာဖြစ်မှာ ကြောက်သေးတယ် ..."
"ဟုတ်ပါ့မလား ..."
သူ့လုပ်ဖော်ကိုင်ဖက်မှာ ကြောက်စိတ်က မပျောက်သေး။
"တကယ်ပါကွ ..."
ဖုကျန်းမှာလည်း ကျန်းဟန်ရှုနှင့် သတင်းထွက်ပြီးကတည်းက ပိုပြီး အာရုံစိုက်ခံလာရကာ သတင်းထောက်များက အင်တာဗျူးရန်ပင် ဆက်သွယ်လာကြသည်။ သို့သော် သူက သရုပ်ဆောင်ရွေးချယ်ရန်နှင့် ရိုက်ကွင်းနေရာသတ်မှတ်ရန် အလုပ်များနေသည့်အတွက် ဖိတ်ကြားချက်အားလုံးကို ငြင်းပယ်လိုက်သည်။
စတူဒီယိုကို ဟဲရှီဖျော်ဖြေရေးလက်အောက်သို့ ထည့်ပြီးနောက်တွင်တော့ လုပ်ငန်းပိုင်းတို့က ပိုပြီး ချောမွေ့လာသည်။ တက်သစ်စသရုပ်ဆောင်အချို့ကိုသာမက အောဝ်ကျန်းမှ ဝါရင့်စတားတစ်ဦးကိုပင် ရွေးချယ်လိုက်သည်။ ထိုသူ၏ အနုပညာကြေးမှာ တက်သစ်စများထက်တော့ မြင့်မားသော်ငြား သူတတ်နိုင်သည့် ပမာဏအတွင်းတွင်ပင် ရှိနေသေးသည်။
ထို့သို့ဖြင့် အဓိကဇာတ်လိုက်နေရာမှတစ်ပါး ကျန်ဇာတ်ကောင်အားလုံးကို အတည်တကျ ရွေးချယ်ပြီးစီးသွားလေသည်။
ဖုကျန်းက ချန်းမန်၏ ကျောင်းအကြောင်းကို စုံစမ်းရန်နှင့် သူမ၏မိဘများကို တွေ့ဆုံရန် ညွှန်ကြားလိုက်သည်။ သူမပြောခဲ့သည့် အချက်အားလုံးမှာ မှန်ကန်ကြောင်း အတည်ပြုပြီးချိန်တွင်တော့ အမျိုးသမီးဇာတ်လိုက်နေရာမှာလည်း အဆင်သင့် ဖြစ်လာတော့၏။
ဖုကျန်း၏အလုပ်ချိန်ကို မကြာမြင့်စေရန် ကျန်းဟန်ရှုက ကြီးကြပ်ရုံသာမက ချန်းမန်၏မိဘတို့ကလည်း သီးသန့်ဆရာတစ်ဦး ထပ်ငှားပေးထားသည့်အတွက် သူမ၏ စာလေ့လာမှုအပိုင်းမှာ များစွာ နှောင့်နှေးခဲ့ခြင်း မရှိပေ။
သရုပ်ဆောင်အားလုံးနှင့် အချိန်ညှိကာ စာချုပ်ချုပ်ဆိုပြီးချိန်တွင်တော့ ရိုက်ကူးရေးပစ္စည်းများနှင့် အဝတ်အစားတို့မှာလည်း အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ရိုက်ကူးရေးပစ္စည်းများနှင့် အကျွမ်းတဝင်ဖြစ်စေရန် အချိန်နှစ်ရက်ခန့် ယူလိုက်ပြီးနောက်တွင်တော့ လူတိုင်း သိပ်ပြီး မျှော်မှန်းမထားသော အဖြူရောင်ရဲတိုက် ရိုက်ကူးရေးကို တရားဝင် စတင်လိုက်ပြီဖြစ်သည်။
စတင်ရိုက်ကူးမည့်နေ့ကို အောက်တိုဘာလ ၁၆ ရက်နေ့ဟု သတ်မှတ်လိုက်သည်။ သရုပ်ဆောင်အားလုံးက အလှဓာတ်ပုံရိုက်ကူးရန်နှင့် ကြိုဆိုပွဲအတွက် ရိုက်ကွင်းကို နှစ်ရက်စောလာရမည်ဖြစ်သည်။
ဖုကျန်းက ရိုက်ကူးရေးကို လူသိရှင်ကြား ချမပြခဲ့သလို ပါဝင်မည့် သရုပ်ဆောင်စာရင်းကိုပင် ချပြမထားသော်ငြား ကောင်းထျန်း ရိုက်ကွင်းသို့လာသည့်အချိန်တွင် ပါပါရာဇီများနှင့်တိုးကာ ဓာတ်ပုံအရိုက်ခံလိုက်ရသည်။
သတင်းထွက်လာသည်နှင့်တစ်ပြိုင်နက် အဖြူရောင်ရဲတိုက်အပေါ် စိတ်ဝင်စားမှုတို့က တစ်ဟုန်ထိုး တက်သွားတော့သည်။ ရိုက်ကူးရေးအဖွဲ့သားအားလုံးမှာ ကောင်းထျန်းလို နာမည်မကြီးကြသော်ငြား ကောင်းထျန်းသယ်လာသည့် ကျော်ကြားမှုမှာ အလာကောင်းတော့ မဟုတ်ပေ။
အင်တာနက်သုံးစွဲသူများက သူမကိုသာ တွေ့ကြပြီး အခြားသရုပ်ဆောင်များကိုတော့ ရှင်းရှင်းလင်းလင်း မတွေ့ရပေ။ ထို့ကြောင့် သူမမှာ အဓိကသရုပ်ဆောင်ဖြစ်ရမည်ဟုသာ အဓိပ္ပါယ်ကောက်လိုက်ကြပြီး အဖြူရောင်ရဲဝိုက်မှာ ဇာတ်လမ်းကောင်းမဖြစ်နိုင်ဟု တစ်ထစ်ချ မှတ်ယူလိုက်ကြတော့သည်။
---( ဒီဇာတ်ကားသာ ကောင်းလို့ကတော့ တိုက်ရိုက်လွှင့်ပြီးကို ကီးဘုတ် စားပြလိုက်ဦးမယ်)
ရေကိုနှောက်သည့် လူများ မရှားပါးသည့်အပြင် လူတိုင်း၏ရင်ထဲ အမြစ်တွယ်နေသော ကောင်းထျန်း၏ သရုပ်ဆောင်စကေးမှာလည်း အဓိက အကြောင်းပြချက် ဖြစ်နေသည်။ သူမက တီဗီဇာတ်လမ်းတွဲများစွာတွင် ပါဝင်ခဲ့‌သော်ငြား သူမပါဝင်သမျှ ဇာတ်လမ်းတိုင်းမှာ ထောင်ပန်တွင် ငါးမှတ်ပင် မရချေ။ ဖုကျန်းက ဒီလိုလူမျိုးကို ဇာတ်လိုက်အနေနဲ့ ရွေးတယ်ဆိုတော့ သူက အဆဲခံရဖို့ လမ်းရှာနေတာ မဟုတ်ဘူးလား။
ထိုပို့စ်ကိုမြင်သော ကောင်းထျန်းမှာလည်း အတော်ပင် ရှက်ရွံ့မိကာ ဖုကျန်းကိုပင် လာတောင်းပန်တော့သည်။
ဖုကျန်းက သူမကို ခပ်ပြုံးပြုံးနှစ်သိမ့်လိုက်သည်၊၊
"ရပါတယ် ဒါတွေအကုန်လုံးက ပွင့်ပွင့်လင်းလင်း ချပြရမယ့်ကိစ္စတွေပဲကို .."
"ဒါက ပထမဆုံးအကြိမ် hot search ထဲ ပါတာပဲလေ ကျိန်ဆဲတာတွေဆိုပေမယ့် အနည်းဆုံးတော့ ဒီရုပ်ရှင်ရိုက်နေမှန်း လူပိုသိသွားတယ်လေ မဟုတ်ဘူးလား ..."
"စိတ်အေးအေးနဲ့သာ လာခဲ့ပါ ..."
ကောင်းထျန်းက သူ့ကို အာမဘန္တေခံလိုက်သည်။
"ဒါရိုက်တာကြီး စိတ်မပူပါနဲ့ ကျွန်မလည်း ဒီတစ်ခေါက်တော့ အရိုးကျေကျေ အရေခမ်းခမ်း ကြိုးစားသွားပါ့မယ် ဒါနဲ့လေ Shazhou Chronicle ထဲမှာ လူနှစ်ယောက် ထပ်သတ်ဦးမှာလား ...''
ဖုကျန်းက လက်ကိုယမ်းပြကာ ဖြေရန် ငြင်းဆန်ရင်း သူမကို လောဆော်လိုက်သည်။
"သွား သွား မင်းနဲ့ မန်မန်က ဟဲလောင်ရှီးနဲ့ ကျိုးလောင်ရှီးဆီ ခပ်သွက်သွက်လေး သွားပြီး သင်ယူလိုက်ကြဦး ဟဲလောင်ရှီးက နှစ်အကြာကြီး သရုပ်ဆောင်လုပ်လာတာ ကျိုးလောင်ရှီးကလည်း နန်ဒီယန်ပါရဂူဘွဲ့ ရထားတာ ..."
"ကျိုးလောင်ရှီးက အရမ်းကို တော်တာလား ..."
ကောင်းထျန်းတွင် ကျိုးဝမ်လင်နှင့်ပတ်သက်၍ ထင်မြင်ချက် တစ်စုံတစ်ရာမှ မရှိသေး။ သူက ချွန်းဟွာတောင်တွင် သရုပ်ဆောင်ခဲ့သည်ဟုသာ သိထားသေးသည်။
ဖုကျန်းက သူနဲ့ခင်လို့ ဒုတိယဇာတ်လိုက်နေရာကို ကမ်းလှမ်းတယ်ပဲ ထင်ထားတာ နန်ဒီယန်က ပါရဂူဘွဲ့ရတဲ့လား ဘုရားရေ အဲ့ဒီနန်ဒီယန်ကနေ ဘွဲ့ရဖို့ ဘယ်လောက်ခက်လဲဆိုတာ ဘုရားမှပဲ တိတိကျကျ သိနိုင်မှာကို...
ဖုကျန်းက ဟမ့်ခနဲလုပ်ကာ သူမကို အလောတကြီး ပြောလိုက်သည်။
"သွားတော့ သွားတော့ ..."
ကောင်းထျန်းမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူဖြစ်သည်။ ကင်မရာရှေ့တွင် အမြဲတမ်း လှပလိုနေခြင်းကသာ သူမ၏ အဓိက ပြဿနာဖြစ်သည်။ အမြဲလိုလို လှသာလှချင်သည့်အတွက် ဇာတ်ကောင်စရိုက် မဝင်စားတော့ပေ။ ဘယ်ခံစားချက်မျိုးလာလာ နှုတ်ခမ်းစူကာ မျက်စောင်းထိုးပြီး ချစ်စဖွယ်အမူအယာတို့ကိုသာ ရောင်းချနေပေသည်။
ဖုကျန်းက စကားပြောစက်ကိုယူကာ မော်နီတာရှေ့တွင် ထိုင်လိုက်သည်။ သုံးနှစ်ကျော်ကြာပြီးမှသာ ဒီနေရာသို့ ပြန်ထိုင်ခွင့်ရခြင်းဖြစ်သည်။ သူကိုယ်ဝန်ဆောင်နေစဉ်အတွင်း စက်တည်ဆောက်ပုံများကို လေ့လာထားသော်ငြား အခုအချိန်အထိ စိတ်လှုပ်ရှားနေဆဲပင်။
"ရိုက်ကူးရေး စပါတော့မယ် ဌာနအားလုံး အဆင်သင့်ပြင်ထားပါ ..."
သူ့အသံက စကားပြောစက်မှတစ်ဆင့် ရိုက်ကွင်း၏ နေရာတိုင်းသို့ ပျံ့နှံ့လာသည်။
"သရုပ်ဆောင်တွေ နေရာယူထားပါ ..."
"ကင်မရာတွေ အဆင်သင့်ပြင်ထားပါ ...''
"အခန်း ၁၁ ကို တစ်ဆက်တည်း ရိုက်ပါမယ် ဝမ်း တူး သရီး အက်ရှင်..."
..........
အဖြူရောင်ရဲတိုက်၏ ရိုက်ကူးရေးကို အရှိန်အဟုန်အပြည့်ဖြင့် စတင်လိုက်တော့သည်။ ရိုက်ကွင်းအနီးတွင်လည်း သတင်းထောက်တို့က ခြေချင်းလိမ်နေရာ ကောင်းထျန်းကို ဓာတ်ပုံခိုးရိုက်ရန် လာကြသည်ထင်၍ ဖုကျန်းမှာ သူမကိုပင် သတိပေးလိုက်သေးသည်။ အမှန်တကယ်တော့ ထိုသူများမှာ သူ့ကို ကျန်းဟန်ရှု၏ တိတ်တိတ်ပုန်းကောင်လေး ဟုတ်မဟုတ် အငိုက်ဖမ်းရန် လာနေကြခြင်းဖြစ်သည်။
ထိုအချိန်တွင် ထန်ဝမ်ဝမ်၏ system မှာလည်း ပြန်နိုးလာပြီဖြစ်သည်။ သူမ၏ လတ်တလောအခြေအနေကို ကြားပြီးနောက်တွင်တော့ အလွတ်ဖြစ်နေသော အမှတ်ဇယားကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
"အခုတော့ အပြင်ဘက်ကနေ ချေးဖို့ပဲ ရှိတော့မယ် မင်း ဆန္ဒရှိရဲ့လား ..."
ထန်ဝမ်ဝမ်က တွေးပင် တွေးမနေဘဲ ပြန်ဖြေလိုက်သည်။
.
"ဆန္ဒရှိပါတယ် ..."
ချင်ကျောက် ပြန်လာချိန်တွင် သူမအတွက် သတင်းကောင်းတစ်ခုကို သယ်ဆောင်လာသည်၊၊
"ဟောလိဝုဒ်က မင်းကို "ဣတ္ထိယ" ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်ဖို့ ဖိတ်လာတယ် သွားချင်လား ..."
သူမဘဝ တစ်ဖန်ပြန်လည်ကာ ဦးမော့လာတော့မည်ကို သိနေသော ထန်ဝမ်ဝမ်က ဆိုဖာပေါ်တွင် ပျင်းတိပျင်းရွဲဖြင့် လှဲကာ အတင်းပြောနေရာမှ ချင်ကျောက်ကို ပြန်မေးလိုက်သည်။
"တကယ်ကြီးလား ..."
"ဒါပေါ့ ..."
ချင်ကျောက်က သူမကို ခေါင်းငြိမ့်ပြလိုက်သည်။
ထန်ဝမ်ဝမ်က အိပ်ယာပေါ်မှ ထရပ်ကာ သူ့ကိုဖက်ရင်း ဝမ်းသာတကြီး ပြောလိုက်သည်။
"ကောင်းလိုက်တာ ကောင်းလိုက်တာ ကျေးဇူးပါ အချစ်ရေ ..."
သေချာပေါက်ကို သူမအတွက် အခွင့်အရေး တစ်ပတ်ပြန်လည်လာတာပဲ။
ချင်ကျောက်က သူမကို ပြောချင်သည့် စကားများအား မျိုသိပ်ထားလိုက်တော့သည်။ သူမသာ ဟောလိဝုဒ်ကို တကယ်သွားလိုပါလျှင် သူတို့နှစ်ဦးမှာ အကြာကြီး ခွဲနေရတော့မည်ဖြစ်သည်။ သူမကို မသွားဘဲ နေလို့ရလားဟု မေးလိုက်ချင်သော်ငြား အငြင်းခံရမည်ကိုလည်း ကြိုသိနေပြီးဖြစ်သည်။ သူပြောလိုက်သည့်စကားမှာ နာကျင်စေရုံကလွဲ၍ အကျိုးမရှိသည့်အတွက် ဘာမှမပြောဘဲ မျိုသိပ်ထားလိုက်တော့သည်။
မဒမ်ချင်ကလည်း ထန်ဝမ်ဝမ်မှာ ဒီနေ့ အတော်စိတ်ကြည်သာနေကြောင်း သတိထားမိသည်။ သူမက ဟောလိဝုဒ်သို့ သွားရတော့မည်ဟု သိလိုက်ရချိန်တွင် ထပ်တူ ဝမ်းသာသွားသော်ငြား ထန်ဝမ်ဝမ်၏အမြင်တွင်တော့ သူမ၏ တုန့်ပြန်မှုတို့မှာ မျက်နှာကြီးရာ ဟင်းဖတ်ပါသူသပ်သပ်ပင် ။
ဟောလိဝုဒ်မှ အမှန်တကယ် ဖိတ်ခဲ့ကြောင်း အတည်ပြုပြီးချိန်တွင်တော့ ထန်ဝမ်ဝမ်သည် မီဒီယာပေါင်းစုံကို သတင်းလွှင့်ကာ ကြေငြာပြီး ဝေ့ပေါ်တွင် အဟော့ဆုံးသတင်း ဖြစ်လာခဲ့တော့သည်။
ထိုသတင်းကိုကြားသူအများစုက ဟောလိဝုဒ်ကို မျက်စိများကန်းနေသလားဟု ကြိမ်းမောင်းရန် အားခဲထားသော်ငြား သတင်းကို ဖွင့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူမမှာ အရင်လိုမျိုး မနှစ်မြို့ဖွယ် မဟုတ်တော့ဟု ခံစားလိုက်ရသည်။ ကြည့်လေလေ ပိုလှလာကာ သူမ၏ သရုပ်ဆောင်စွမ်းရည်ကို ဟောလိဝုဒ်ကတောင် အသိအမှတ်ပြုရသည်မှာ ဝမ်းမြောက်စရာပင်ဟု တွေးလာကြသည်။ သူတို့၏လက်ချောင်းတို့မှာ ထိန်းချုပ်မှု ကင်းမဲ့စွာဖြင့် ဆုမွန်ကောင်းတို့ကိုသာ အလုအယက် ရေးပေးနေတော့သည်။
ထိုသို့ဖြင့် ထန်ဝမ်ဝမ်၏ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြန်သည်။ သူမမှာ ယခင်အနေအထားသို့ ပြန်ရောက်လာကာ သူမလိုချင်သမျှကို မည်သူကမှ ငြင်းဆန်တော့မည်မဟုတ်ကြောင်း သိလိုက်ရသည်။ ထိုအကြောင်းကို သဘောပေါက်လိုက်သည်နှင့် ဖုအိမ်သို့ ချက်ခြင်းသွားကာ ဖုကျန်းချန်နှင့်တွေ့ရန် တောင်းဆိုလိုက်တော့သည်။
သူမက ဖုကျန်းချန်ရှေ့တွင်ရပ်ရင်း နူးနူးညံ့ညံ့လေး ပြောလိုက်သည်။
"အဖေရေ သမီးကို အခုထိ ချစ်နေသေးတယ်မဟုတ်လား ဟင် ..."
ဖုကျန်းချန်မှာ သူမ၏မျက်လုံးထဲသို့ အတော်ကြာ ငေးကြည့်နေလိုက်သည်။ သူမကို ဖုအိမ်သို့ ပြန်ခေါ်လာကာ သူပိုင်ဆိုင်သမျှအားလုံးကို လွှဲပြောင်းပေးလိုသည်ဟု ခံစားမိလိုက်သည်။
သို့သော် လေထဲမိုးထဲတွင် အိမ်ကနှင်ထုတ်ခဲ့သည့် သူ၏ သနားစဖွယ်သားငယ်ကို ရုတ်တရက် အမှတ်ရမိလိုက်သည်။ သူ့သားမှာ အေးစက်နေသည့်ကမ္ဘာကြီးထဲတွင် အကြာကြီး ကျင်လည်ခဲ့ရပြီး အခုမှ အနွေးဓာတ်လေး ရကာစဖြစ်သည်။ ဘယ်လိုနည်းနှင့်မှ သူ့ကို ထပ်ပြီး မနာကျင်စေလိုတော့။
ရှင်းမပြတတ်သော တွန်းအားကို ခုခံရန်အလို့ငှာ ဖုကျန်းချန်သည် သွေးကြောများ ထလာသည်အထိ ကုလားထိုင်လက်ရမ်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ သူမ၏ မေးခွန်းတို့ကို သဘောမတူမိစေရန် စားပွဲပေါ်မှ ဘောပင်ကိုယူကာ သူ့လက်ကို ထိုးစိုက်လိုက်သည်။ နာကျင်မှုက သူ့ကို အသိပြန်ဝင်လာစေသည်။ သူက ခေါင်းကိုမော့ကာကြည့်ရင်း ဘေးနားမှ အိမ်စေကို ပြောလိုက်သည်။
"ဘယ်သူက မစ်ထန်ကို အထဲဝင်ခွင့်ပေးလိုက်တာလဲ အခုချက်ခြင်း ပြန်ပို့လိုက် ..."
အစေခံတို့က တုတ်တုတ်မှ လှုပ်မလာခဲ့။ သူတို့က ထန်ဝမ်ဝမ်ထံတွင်သာ နစ်ဝင်နေကြသည်။
"သခင်ကြီး မစ်ထန်က ဒီကိုလာဖို့ဆိုတာ လွယ်မှမလွယ်တာ ..."
"မင်းတို့က ဖုအိမ်မှာဆက်ပြီး အလုပ်မလုပ်ချင်ကြတော့ဘူးထင်တယ် ..."
ဖုကျန်းချန်က ဖြတ်ပြောလိုက်သည်။
ငွေမျက်နှာက ထန်ဝမ်ဝမ်၏ ညှို့အားကို ကျော်လွန်နိုင်သွားရာ မကြာမီပင် သူမသည် ဖုအိမ်အပြင်ဘက်သို့ ဆွဲထုတ်ခြင်းကို ခံလိုက်ရတော့သည်။
သူမ ဖုအိမ်မှ ထွက်သွားပြီးသော်ငြား ဖုကျန်းချန်မှာ အနားမယူနိုင်သေး။ သူသာ လုံလုံလောက်လောက် သန်မာပါမှ ထိုကိစ္စမျိုး နောက်ထပ် ဖြစ်မလာနိုင်မည်ကို သဘောပေါက်လိုက်သည်။
အိမ်တော်ထိန်းက အနားရောက်လာကာ သူ၏ သွေးထွက်နေဆဲလက်ကိုကြည့်ပြီး မေးလိုက်သည်။
"ဆရာ , လက်ကို ပက်တီးစည်းထားမလား ..."
xxxxxxx