💮Chapter 109
ဝမ်ချီက မင်းကြီးထံမှ ထိုသို့သောစကားမျိုး ထွက်လာမည်ဖြစ်ကြောင်း မျှော်လင့်ထားပြီးဖြစ်သည်။ နန်းတော်အတွင်းသို့ ဝင်ရခြင်းက ခက်ခဲသော်လည်း နန်းတော်မှ ထွက်ခွာရခြင်းက ပို၍ခက်ခဲ၏။
သို့သော် ဝမ်ချီ အတွေးမဆုံးမီ မင်းကြီး၏ စကားကို ကြားလိုက်ရသည်။
“အိမ်ရှေ့စံ ထီးနန်းဆက်ခံရင် မင်းကို သွားခွင့်ပြုပါလိမ့်မယ်… အဲဒီ့အချိန်မှဆိုရင်လည်း နောက်မကျသေးပါဘူး…”
ဝမ်ချီ မျက်လွှာချကာ မင်းကြီး၏ အကြည့်ကို ရှောင်လျက် ခပ်တိုးတိုး ဆို၏။
“ကျွန်တော်မျိုး နားမလည်ပါဘူး …”
မင်းကြီးက ပြုံးလိုက်သည်။
“အကြောင်းရင်းကို မသိပေမယ့် မင်းက အိမ်ရှေ့စံအတွက် ထူးခြားတဲ့ ဖြစ်တည်မှုပဲ … လွန်ခဲ့တဲ့နှစ်နှစ်အတွင်း မောင်မင်းဆီကို အိမ်ရှေ့စံက မကြာခဏ အလည်လာခဲ့တယ်မလား …”
ဝမ်ချီ အံ့အားသင့်သွား၏။
“မင်းကြီး … ကျွန်တော်မျိုး အိမ်ရှေ့စံကို လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း တစ်ခါမှ မတွေ့ခဲ့ရပါဘူး …”
“ကြည့်ရတာ သူ မင်းကို မတွေ့ရဲခဲ့ဘူးထင်တယ် …”
မင်းကြီး၏ မျက်ဝန်းထဲ၌ အကူအညီမဲ့မှုများ ထင်ဟပ်လာသည်။
“အိမ်ရှေ့မင်းသားက ဒီလိုပဲ … သူက ကိစ္စအားလုံးကို စိတ်ထဲမှာပဲ ထားတတ်တယ် … ဒါတော့ ကိုယ်တော်လည်း မတတ်နိုင်တဲ့ကိစ္စပဲ …”
ဝမ်ချီ၏ မျက်ဝန်းများက တုန်လှုပ်သွားကာ ပါးစပ်ဟလိုက်သည်။ သို့သော် သူ့နှုတ်ဖျားမှ မည်သည့်စကားမှ ထွက်မလာခဲ့ချေ။
လွန်ခဲ့သော နှစ်နှစ်အတွင်း သူက ရှစ်ယဲ့အား တစ်ကြိမ်တစ်ခါပင် မတွေ့ခဲ့ချေ။ ရှစ်ယဲ့က မြို့တော်၌ ခြေချုပ်မိနေသည်ဟု သူ တွေးခဲ့မိ၏။ သို့သော် သူ ထိုသို့ မမျှော်လင့်ထားခဲ့ပေ။
“ဒီတော့ မင်းက ထွက်သွားလို့မရဘူး …ကိုယ်တော် မင်းကို စေခိုင်းခဲ့တဲ့ ကိစ္စကိုစဉ်းစားပြီး အိမ်ရှေ့စံ မင်းကို အနာဂတ်မှာ သွားခွင့်ပေးခဲ့ရင် ကိုယ်တော့်ရဲ့လူတွေ မင်းကိုလိုက်ရှာစေပြီး ထိုက်ထိုက်တန်တန် ချီးမြှင့်ခိုင်းပါ့မယ် … မင်း ဘဝတစ်လျှောက်လုံး အစားအစာနဲ့ အဝတ်အထည်အတွက် စိုးရိမ်ဖို့ မလိုတော့တဲ့ အထိပေါ့ …”
မင်းကြီးက အားမွေးကာ ပြောလိုက်သည်။
ဝမ်ချီက ထိတ်လန့်သွားသဖြင့် အချိန်အတန်ကြာသည့်တိုင် မည်သည့်အသံမှ မပြုနိုင်ခဲ့ချေ။
-----
ဝမ်ချီ ထွက်ခွာသွားချိန်၌ မင်းကြီးအနီးရှိ မိန်းမစိုးက စိုးရိမ်ဟန်ဖြင့် ပြော၏။
“မင်းကြီး … ဒီအစေခံရဲ့အတွေးကတော့ ဝမ်သခင်လေးက အိမ်ရှေ့မင်းသားနဲ့ မလိုက်ဖက်လှပါဘူး …”
မင်းကြီးက ချောင်းတဟွတ်ဟွတ် ဆိုးနေသည့်ကြားမှ ခပ်တိုးတိုး ပြောသည်။
“ဒါ သူတို့ကိစ္စပါ …ကိုယ်တော်က ကိုယ်တော်လုပ်သင့်တာ လုပ်ခဲ့တာပဲ … အိမ်ရှေ့စံက ကိုယ်တော့်ရဲ့ ကောင်းမွန်တဲ့ဆန္ဒကို ကြည့်ပြီး သူ့ရဲ့ မောင်နှမတွေကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ် …”
မင်းကြီးက ထိုသို့ပြောပြီးနောက် အားပြတ်သွားဟန်ဖြင့် မျက်လုံးမှိတ်လိုက်သည်။
မင်းကြီး၏ ဖြူလျော်သောမျက်နှာကိုကြည့်ကာ မိန်းမစိုးက သက်ပြင်းချလိုက်၏။
ဘိုးဘေးများက ဤတိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြသည်။ သူတို့သေဆုံးချိန်အထိ ဤတိုင်းပြည်အား တစ်နေ့နေ့တွင် သူတို့၏ လက်အောက်ငယ်သားများ လက်တွင်းသို့ ထည့်ပေးရမည်ဟု တွေးမိခဲ့ကြမည်မဟုတ်ပေ။
ဟွားမိသားစုက တစ်နေ့တခြား ပို၍သန်မာလာသည်။ မင်းကြီးက အိမ်ရှေ့စံအား အခြားမင်းသားတစ်ပါးနှင့် အစားထိုးလိုက်ပါက သွေးလွှမ်းသည့် စစ်ပွဲကြီး ဖြစ်ပွားပေလိမ့်မည်။
မင်းကြီး၏ ဆုံးဖြတ်ချက်က သူရဲဘောကြောင်ရာကျသည့်တိုင် ဘေးအကင်းဆုံးနည်းလမ်း ဖြစ်၏။
….
ဝမ်ချီက ဝါးပလွေအိမ်တော်သို့ ပြန်လာခဲ့သည်။ ထို့နောက် ငါးဆားနယ်တစ်ကောင်၏ဘဝကို ဆက်လက်ဖြတ်သန်းတော့၏။
မြို့တော်၏ ရာသီဥတုမှာ ကျင်းကျိုးရှိ ရာသီဥတုထက် ပိုမိုကောင်းမွန်လှသည်။ နှင်းများ သည်းထန်စွာကျဆင်းနေသည့်တိုင် အဝတ်ထူထူများကို ဝတ်ဆင်ထားသရွေ့ အအေးဒဏ်ကြောင့် တုန်ခိုက်နေမည်မဟုတ်ပေ။ ဝမ်ချီက အများအားဖြင့် မီးသွေးမီးဖိုအနီး၌ ထိုင်နေလေ့ရှိရာ သူက အအေးဒဏ်ကို လုံးဝမခံစားခဲ့ရချေ။
နှင်းများက လဝက်ကြာ ကျဆင်းနေခဲ့ပြီး ဝမ်ချီသည်လည်း လဝက်ကြာ ဆောင်းခိုနေခဲ့၏။
မူလတွင် ဝမ်ချီက လူကြီးမင်းရင်းနှင့် တွေ့ကာ ကျေးဇူးစကား ဆိုချင်ခဲ့သည်။ သို့သော် သူ့နေရာသူ ပြန်ရောက်နေပြီဖြစ်ရာ လူကြီးမင်းရင်းနှင့်တွေ့ပါက သံသယဝင်စရာ ဖြစ်နေပေလိမ့်မည်။ သူက ထိုသူအား ပြဿနာမဖြစ်စေချင်ပေ။
အချိန်များကုန်လွန်လာသည်နှင့်အမျှ ဝမ်ချီက ရွေးချယ်စရာမရှိဘဲ ထိုအကြံဉာဏ်အား လက်လျှော့ကာ ဝါးပလွေ အိမ်တော်၌သာ အေးအေးဆေးဆေး အနားယူနေတော့၏။
နှစ်သစ်ကူး နီးကပ်လာသည်နှင့်အမျှ နန်းတော်သည်လည်း သက်ဝင်စည်ကားလာ၏။ သို့သော် ယခုအခါ အနောက်ဆောင်နှင့် ပတ်သတ်၍ ကောလဟာလများ ထွက်ပေါ်နေ၏။ အနောက်ဆောင်ရှိ လူအားလုံးက ဦးနှောက်သုံးကာ မိမိကိုယ်မိမိ ကာကွယ်နေကြရသည်။ ထို့ကြောင့် နန်းတော်အတွင်းရှိ လေထုမှာ အလွန်တောင့်တင်းနေ၏။
ဝမ်ချီကမူ အိမ်ထဲတွင်သာ ရှိနေပြီး ထိုကိစ္စများအား ဂရုစိုက်ခြင်းမရှိပေ။
တစ်ခုသော နေ့လည်ခင်း၌ ဝမ်ချီက မီးသွေးမီးဖိုအနီးရှိ ပက်လက်ကုလားထိုင်ပေါ်တွင် ရှိနေ၏။ သူက ရုတ်တရက် ပြေးလာသည့် ခြေသံများ ကြားလိုက်ရပြီး ယောဖန်း၏ အသံစူးစူးသည်လည်း ထွက်ပေါ်လာ၏။
“မကောင်းတော့ဘူး … သခင်လေး … မကောင်းတော့ဘူး…”
ယောထောင်ကမူ ငုတ်တုတ်ထိုင်လျက် မီးသွေးမီးများအား ညှိပေးနေ၏။ သူမက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ယောဖန်း အသံကို တိုးစမ်း … သခင်လေး အနားယူနေတယ် …”
ယောဖန်းက ထိုအခါမှသာ သူမအသံကျယ်သွားကြောင်း သတိပြုမိသွား၏။ သူမက ပါးစပ်ကို အမြန်ပိတ်ကာ ဘေးဘီတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ဝမ်ချီအား ကြည့်လိုက်၏။
“သခင်လေး …”
ယောဖန၏ အပြစ်မကင်းဟန်အကြည့်ကြောင့် ဝမ်ချီက ရယ်ချင်လာ၏။ သူက သူမအား လက်ဝေ့ယမ်းပြလိုက်ပြီး မေးလိုက်၏။
“ဘာဖြစ်လို့လဲ …”
ယောဖန်း၏ အသက်ရှူသံမှာ အလွန်မြန်ဆန်နေပြီး သူမမျက်နှာမှာလည်း နီရဲနေလေသည်။
“အရှင့်သားက ကွာရှင်းစာချုပ်တွေ ပို့နေတယ် …”
“ကွာရှင်းစာချုပ်တဲ့လား …ဘယ်လို ကွာရှင်းစာချုပ်လဲ…”
ယောထောင် ထိတ်လန့်သွား၏။
ယောဖန်းက ယောထောင်၏ မျက်ဝန်းထဲရှိ အေးစက်မှုကြောင့် ထိတ်လန့်သွား၏။
ခဏအကြာ၌ ယောဖန်းက ပြောလိုက်သည်။
“ကွာရှင်းစာချုပ်ဆိုမှတော့ နင်ရောငါရော သိထားတဲ့ ကွာရှင်းစာချုပ်အပြင် ဘာရှိသေးလို့လဲ …”
ဝမ်ချီက ကုလားထိုင်မှထကာ ပြောလိုက်၏။
“ကွာရှင်းစာချုပ်ကို ဘယ်သူတွေ အပို့ခံရတာတဲ့လဲ … ပြီးတော့ ဘာလို့လဲ…”
ယောဖန်းက အခြားအစေခံများထံမှ စုံစမ်းခဲ့သည့် သတင်းကို အသေးစိတ်ပြန်ပြောတော့၏။
အိမ်ရှေ့စံက ကွာရှင်းစာချုပ်များ ကိုယ်တိုင်လိုက်မပို့ခဲ့ဘဲ မိန်းမစိုးကျိုးမှတစ်ဆင့် ပို့ခိုင်းခြင်းသာဖြစ်၏။ သူက လက်ထပ်ခြင်းကို ပယ်ဖျက်ကာ မိန်းမစိုးများအား ထိုသူများနှင့်အတူ နန်းတော်မှ ဘေးကင်းစွာ ထွက်ခွာသွားစေခြင်းဖြစ်၏။
အတိုချုပ်ပြောရပါက အိမ်ရှေ့စံသည် အနောက်ဆောင်ကို ရှင်းလင်းနေခြင်းဖြစ်သည်။
ယောဖန်းက ခေါင်းကုတ်လိုက်၏။
“မင်းကြီး ဖျားနာနေကတည်းက ကိုယ်လုပ်တော်တွေလည်း အကွက်ရွှေ့နေကြပြီတဲ့… အားလုံးက ကိုယ့်လမ်းကိုယ် ဖောက်နေကြပြီ … ဒါပေမယ့် အရှင့်သားက ဘာ့ကြောင့် ကွာရှင်းစာချုပ် ပို့ရတာလဲ … အနောက်ဆောင်ထဲမှာ လူများတယ်ဆိုပြီးတွေးမိလို့ ထီးနန်းမဆက်ခံခင် ရှင်ပစ်နေတာလား …”
ယောထောင်က ယောဖန်းအား ခေါင်းခေါက်လိုက်သည်။
“အရှင့်သားမှာ အစီအစဉ်ရှိလို့ပဲပေါ့ … ငါတို့အစေခံတွေ ဆွေးနွေးရမယ့် ကိစ္စမဟုတ်ဘူး …”
ယောဖန်းက ဤအခြေအနေ၌ပင် အရှင့်သားအား ကာကွယ်နေသည့် ယောထောင်အပေါ် အလိုမကျဖြစ်သွားသည်။ သူမက ခေါင်းကိုအုပ်ကာ ဒေါသတကြီးဆို၏။
“ငါက သခင်လေးကို စိုးရိမ်တာပါ … မိန်းမစိုးကျိုးသာ ကွာရှင်းစာချုပ်ပို့လာခဲ့ရင် …”
သူမ၏ စကားမဆုံးသေးမီ ပါးစပ်ပိတ်ခံလိုက်ရ၏။
ယောထောင်က ယောဖန်း၏ ပါးစပ်ကိုအုပ်ကာ တည်ကြည်သော မျက်နှာထားဖြင့် ဆိုသည်။
“အဓိပ္ပာယ်မရှိတာ … မိန်းမစိုးကျိုးက ဒီနေရာကို ဘာလို့ ကွာရှင်းစာချုပ် ပို့ရမှာလဲ …”
မူလက စိတ်ပူနေခဲ့သည့် ယောဖန်းမှာ ယောထောင်၏ စကားက မှန်ကန်သည်ဟု ရုတ်တရက်ခံစားလိုက်ရ၏။
အဆုံးသတ်တွင် သူတို့သခင်လေးသာ အရှင့်သားအား နီးနီးကပ်ကပ် ခစားရခြင်းဖြစ်သည်။ အရှင့်သားက အနောက်ဆောင်အား ရှင်းလင်းမည် ဆိုသည့်တိုင် သူတို့က နောက်ဆုံးမှသာ အလှည့်ကျပေလိမ့်မည်။
ထိုသို့တွေးပြီးနောက် ယောဖန်းက စိတ်သက်သာရာရသွား၏။
မိန်းကလေးနှစ်ဦးက ထိုကိစ္စအား အလေးအနက်မထားခဲ့ကြချေ။ နှစ်ဦးသား တွတ်ထိုးနေပြီးနောက် သူတို့အလုပ်ကိုယ်စီအား ဆက်လုပ်လိုက်ကြသည်။
ဝမ်ချီ တစ်ဦးတည်းသာ အချိန်အတန်ကြာ သတိလက်လွတ် မတ်တပ်ရပ်နေမိ၏။ ထို့နောက် သူက ကုလားထိုင်ပေါ်သို့ ပြန်ထိုင်ချလိုက်သည်။
နေ့လည်ခင်း၌ ယောဖန်းက အိမ်ကို သန့်ရှင်းရေးလုပ်နေစဉ် တစ်စုံတစ်ခုကို ရှာတွေ့သွား၏။ သူမက ထိုအရာအား ဝမ်ချီ့ထံသို့ ယူလာခဲ့လေသည်။
“သခင်လေး … ဒီမှာ …”
ယောဖန်းက လက်တွင်းရှိ မျက်နှာဖုံးကို မြှောက်ပြလိုက်ပြီး သူမမျက်နှာတစ်ခုလုံး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။
“ဒီမျက်နှာဖုံးကို ဒီအစေခံ ဘယ်ကတွေ့ခဲ့တယ်ထင်လဲ …”
ဝမ်ချီက ထထိုင်လိုက်ရင်း မျက်နှာဖုံးကို ကြည့်လိုက်သည်။ သူက ထိုမျက်နှာဖုံးအား ဖင်အန်းအတွက် လက်ဆောင်ပေးခဲ့ခြင်းပင်။
ဖင်အန်းအား မိန်းမစိုးများက သေသည်အထိ ရိုက်သတ်ပြီးသည့်နောက် သူ၏ အဝတ်များကိုလည်း ယူဆောင်သွားခဲ့ကြ၏။ ဤမျက်နှာဖုံးသည်လည်း ကျန်မနေခဲ့သင့်ချေ။
မကြာမီ ယောဖန်းက သူ့ကို အဖြေပေးလိုက်သည်။
“ဒီအစေခံက မျက်နှာဖုံးကို သိုလှောင်ခန်းထဲမှာ တွေ့ခဲ့တာပါ … ဖင်အန်းက တကယ့်ကို နှလုံးသားမဲ့တာပဲ … သခင်လေး သူ့အပေါ် ဒီလောက်ကောင်းတာတောင် သခင်လေးရဲ့ ရွှေဖရဲစေ့တွေကို ခိုးသွားခဲ့သေးတယ် …”
ယောဖန်းက ပြောရင်း စိတ်ဆိုးလာဟန်ဖြင့် လက်သီးဆုပ်ကာ မျက်နှာဖုံးအား အကြိမ်ရေအနည်းငယ်ခန့် ထိုးလိုက်သည်။
မျက်နှာဖုံးက အလွန်မာ၏။ ယောဖန်းက အလွန်အားနည်းလှရာ မျက်နှာဖုံးအား အနည်းငယ်ပင် မထိခိုက်စေခဲ့ချေ။
အဆုံးသတ်၌ ဖင်အန်းအပေါ် အလွန်ကြင်နာသည်ဟု အပြောခံလိုက်ရသည့် ဝမ်ချီက ရှက်ရှက်ဖြင့်ရယ်လိုက်မိ၏။
ထိုစဉ်က သူ ဖင်အန်းအား အလုပ်ကြမ်းများ လုပ်ခိုင်းခဲ့သည်။ နေ့စဉ်နှင့်အမျှ ပင်ပန်းရသည့် ဖင်အန်းက သူ့အပေါ် သေသည်အထိ မုန်းတီးနေမည်ပင်။ ယောဖန်းကဲ့သို့ သူ့အပေါ် အမြင်ကောင်းရှိသူသာ သူက ဖင်အန်းအပေါ် ကောင်းသည်ဟု ပြောပေလိမ့်မည်။
ဝမ်ချီက မျက်နှာဖုံးကိုကြည့်ရင်း အပြစ်ရှိစိတ်အား ခံစားလိုက်ရ၏။
“လွှင့်ပစ်လိုက်ပါ … ဒါကို ထပ်ပြီးသုံးစရာမှ မလိုတော့ပဲ
…”
ယောဖန်းက မျက်နှာဖုံးကို ထိလိုက်၏။
“လွှင့်ပစ်ရမှာ နှမြောစရာပဲ .. ယောထောင်က ဒီမျက်နှာဖုံးကို သဘောကျတယ်လို့ ပြောဖူးတယ် … ဒီအစေခံ သူ့ကိုပေးလိုက်မယ်လေ …”
ဝမ်ချီ၌ ကန့်ကွက်စရာမရှိပေ။
ယောဖန်းက ဝမ်ချီ၏ ခွင့်ပြုချက်အား ရသည်နှင့် ယောထောင်ထံသို့ ပျော်ရွှင်စွာပြေးသွားရန် ပြင်လိုက်သည်။
သို့သော် သူမ တံခါးသို့ ရောက်သည့်အချိန်တွင် အပြင်ဘက်မှ ပြေးလာသည့် မိန်းမစိုးလေးနှင့် တိုက်မိမတတ် ဖြစ်သွားခဲ့ရ၏။
မိန်းမစိုးလေးက ဟန်ချက်အမြန်ထိန်းလိုက်ရသည်။ သူတိုက်မိမတတ် ဖြစ်သွားသည့် လူက ယောဖန်းဖြစ်ကြောင်း သတိပြုမိသည်နှင့် သူက အလွန်ထိတ်လန့်သွား၏။ ထို့နောက် မြေပေါ်သို့ ဖုတ်ခနဲ ဒူးထောက်ချကာ ပြောလိုက်သည်။
“မမလောဖန့် … တစ်ယောက်ယောက် အပြင်မှာ ရှိနေပါတယ်…”
ယောဖန်းက တံခါးဘောင်ကိုကိုင်ကာ ဟန်ချက်ထိန်းလိုက်ပြီး မေးလိုက်၏။
“ဘယ်သူလဲ …”
မြေပေါ်တွင် ဒူးထောက်လျက် တုန်ရီနေသည့် မိန်းမစိုးလေးက ပြောလိုက်၏။
“မိန်းမစိုးကျိုးပါ …”
ယောဖန်း ထိတ်လန့်သွားပြီး မသိစိတ်ဖြင့် ဝမ်ချီအား လှည့်ကြည့်လာ၏။
ယောဖန်းက အတွင်းခန်းထဲတွင် အလုပ်ရှုပ်နေသည့် ယောထောင်အား အမြန်ခေါ်လိုက်သည်။
ယခုအခါ ဝါးပလွေအိမ်တော်က ယခင်တစ်ခုထက် ပို၍ ကျယ်ဝန်းလာပြီဖြစ်ရာ ပင်မခန်းဆောင်သို့ ရောက်ရန်ပင် အချိန်အနည်းငယ် ယူရ၏။ ဝမ်ချီက အမြန်လျှောက်လာရင်း ဝါးပလွေအိမ်ရာဂိတ်ဝ၏ အရှေ့၌ရပ်နေသော မိန်းမစိုးကျိုးတို့အုပ်စုအား တွေ့လိုက်ရသည်။
မိန်းမစိုးကျိုးက နှင်တံကို ကိုင်လျှက် ဝမ်ချီအား တည်ငြိမ်စွာ ကြည့်နေ၏။ သူက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဝမ်သခင်လေး … အရှင့်သားက သခင်လေးကို ဒီဟာပေးခိုင်းလိုက်ပါတယ် …”
သူက ပြောနေရင်း သူ့နံဘေးရှိ မိန်းမစိုးအား မျက်လုံးမှိတ်အချက်ပြလိုက်သည်။
မိန်းမစိုးလေးက နားလည်ဟန်ဖြင့် စာတစ်စောင်အား ချက်ချင်းထုတ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် ကိုင်ကာ ခါးညွှတ်လျက် ဝမ်ချီ့ထံ ဂရုတစိုက်ကမ်းပေးလိုက်၏။
ဝမ်ချီက စာအိတ်ပေါ်တွင် ရေးသားထားသည့် စကားလုံးများကို ငုံ့ကြည့်လိုက်သည်။
“ကွာရှင်းစာချုပ်…”
💮💮💮