(14)
(၈)လပိုင်း၏လလယ်တွင် ချန်နယ်စားဆက်ခံသူရှောင်းမုန်သည် သူ၏တာဝန်များကို အစီရင်ခံတင်ပြရန် မြို့တော်သို့ပြန်လာခဲ့သည်။
ရှောင်းလန့် ရုံးတော်မှပြန်ရောက်လာ၏။
သူက အိမ်တံခါးဝသို့ဝင်ရုံရှိသေးသည်၊ ရှောင်းမုန်ပြန်ရောက်နေသည်ဟုကြားပြီး အထဲသို့အမြန်ဝင်လာခဲ့သည်။
ခန်းမထဲတွင် ဝေ့သခင်မကြီးက ရှောင်းမုန်၏လက်ကိုကိုင်ကာ စကားတွေဖောင်ဖွဲ့နေသည်။ ရှောင်းမုန်က သူ့ချပ်ဝတ်တန်ဆာကို မချွတ်ရသေးပေ။ သူက နေ့လည်ခင်းမှပြန်ရောက်လာပြီး နန်းတော်ထဲဝင်ကာ ဧကရာဇ်ကိုတွေ့ဖို့ အရင်ခေါ်ခံရသည်။ လွန်ခဲ့သည့်တစ်နာရီကမှ အိမ်ပြန်ရောက်လာခြင်းဖြစ်သည်။
ရှောင်းလန့် အခန်းထဲဝင်ဝင်လာချင်းမှာ ရှောင်းရုန်က သူ့ကိုမျက်စိမှိတ်ပြသည်။ သဘောက သူနှင့်ကျုယန့်ထင်အကြောင်းကို အဒေါ်က အစ်ကိုကြီးကို ပြောပြလိုက်ပြီဟု ယူဆလို့ရပေသည်။
ရှောင်းလန့်က ရှေ့ကိုတည်တည်ငြိမ်ငြိမ်ပဲလျှောက်လာကာ သူ့အမေနဲ့သူ့အစ်ကိုကြီးကို နှုတ်ဆက်လိုက်သည်။
ဝေ့သခင်မကြီး၏အကြည့်တွေက အေးစက်နေ၏။ ဒီအတောအတွင်း ဒေါသတွေက ပျောက်ပြယ်ပုံမရသေးပေ။ ရှောင်းမုန်က ပြုံးလိုက်ပြီး “နှစ်နည်းနည်းလောက်မတွေ့လိုက်တာနဲ့ အားလန့်က အစ်ကိုကြီးလောက်အရပ်ရှည်လာပြီ”
ရှောင်းမုန်က ရှောင်းလန့်ထက် (၅)နှစ်ပိုကြီးသည်။ ညီအစ်ကိုနှစ်ယောက်က အတူရှိချိန်ကနည်းပြီး ခွဲခွာချိန်ကပိုများပေမယ့် သူတို့၏ဆက်ဆံရေးက အမြဲတစေကောင်းမွန်သည်။
“အစ်ကို.. ကျွန်တော်က…”
ရှောင်းလန့်ပြောမှာကိုမစောင့်ဘဲ ရှောင်းမုန်က လက်ကိုဝှေ့ယမ်းပြလိုက်သည်။ ထပ်ပြောစရာမလိုဘူးဟု ပြောလိုက်တာဖြစ်သည်။
သူက ဝေ့သခင်မကြီးဘက်ကိုလှည့်ပြီး “အမေ.. အားလန့်ပြန်လာပြီ.. ညစာအရင်စားရအောင်”
ဝေ့သခင်မကြီးက ဒေါသကိုမြိုချရင်း ခေါင်းညိတ်ပြသည် “အင်း.. ညစာအရင်စားကြတာပေါ့”
နှစ်အကြာကြီးခွဲခွာနေခဲ့ပြီးမှ ပြန်လည်ဆုံတွေ့ရသော မိသားစုညစာစားပွဲပင်။ နှမြောစရာကောင်းသည်က ချန်နယ်စားမင်းက ထိုနေရာတွင်ရှိမနေခဲ့။
ရှောင်းရန့်လီနှင့်ရှောင်းမုန် သားအဖနှစ်ယောက်မှာ အနောက်မြောက်ဘက်နယ်စပ်တွင် တပ်စွဲထားသည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ်သည်။ မြို့တော်သို့ပြန်လာသည့်အကြိမ်မှာ လက်တစ်ဖက်နှင့်ပင် ရေတွက်နိုင်သည်။ ထို့အပြင် သူတို့က ဘယ်သောအခါမှ အတူပြန်မလာကြ။ အကြောင်းက မြောက်ပိုင်းစစ်တပ်ထဲ ရှောင်းမိသားစုမရှိလျှင် မဖြစ်သောကြောင့်ပင်။ ရှောင်းရုန်၏ဖခင်တောင်မှ အနောက်မြောက်ဘက်စစ်မြေပြင်မှာပဲ သေဆုံးသွားခဲ့သည်။
အရာအားလုံးက အဆင်မပြေဖြစ်နေပေမယ့်လည်း ဝေ့သခင်မကြီးက သူမသားအကြီးဆုံးကို မြင်တဲ့အခါ မလန်းဆန်းမတက်ကြွဘဲ မနေနိုင်။ သည့်အပြင်ကို သူမချွေးမက တစ်နှစ်နီးပါးရှိပြီဖြစ်တဲ့ မြေးကိုမွေးပေးထားသေးသည်။ ယနေ့မှပထမဦးဆုံးအကြိမ် တွေ့ရခြင်းဖြစ်၏။
ဝေ့သခင်မကြီးက အကြီးဆုံးမြေးမလေးကို အနားမှာထိုင်ခိုင်းထားပြီး မြေးငယ်လေးကို ပွေ့ဖက်ထားသည်။ ကလေးတွေကိုချော့မြူနေရင်းမှာ သူမက ရေရွတ်လာသည်
“အိမ်မှာ အသက်ဝင်နေဖို့က ကလေးတွေ နောက်ထပ်လိုအပ်နေသေးတယ်၊ တကယ်လို့ အားလန့်သာ စောစောလက်ထပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် နောက်နှစ်လောက်ဆို မင်းတို့ကို ညီလေးညီမလေးတစ်ယောက်လောက် ပေးနိုင်မှာပဲ”
ငါးနှစ်အရွယ်ကလေးမလေးက နားမလည်နိုင်သေးပါ။ မိခင်နို့တစ်မျိုးတည်းပဲ စို့သည့်ကလေးကတော့ လုံးဝကိုမတုန့်ပြန်ခဲ့။
ရှောင်းမုန်၏ဇနီး ရန်သခင်မက ပြုံးပြီးပြောလိုက်သည် “အမေ.. တအားစိတ်လောစရာမလိုပါဘူး၊ အားလန့်က ဒီလိုမျိုးခန့်ညားတဲ့သခင်လေးပါ.. လူရည်ချွန်လည်း ဖြစ်သေးတယ်၊ သူ့ကိုသဘောကျတဲ့ ယောက်ျားလေးတွေ မိန်းကလေးတွေ အများကြီးရှိမှာသေချာတယ်၊ ကျွန်မတို့က အကောင်းဆုံးကို ရွေးရမယ်လေ.. အားလန့်ကြိုက်တဲ့လူ ဆိုရင်တော့ ပိုကောင်းတာပေါ့”
ရန်သခင်မက စိတ်နေသဘောထား နူးညံ့သိမ်မွေ့ပြီး ရှောင်းမုန်နှင့် ခံစားချက်တွေ နက်ရှိုင်းကြသည်။ သူမက စစ်တပ်နှင့်အတူ အဝေးရောက်နေသော်လည်း ဝေ့သခင်မကြီးနှင့် သမီးယောက္ခမနှစ်ယောက်ဆက်ဆံရေးမှာ အလွန်သဟဇာတရှိ၏။
ဝေ့သခင်မကြီးက ခေါင်းယမ်းလိုက်ကာ သက်ပြင်းချပြီး “ဘာကောင်းတာမကောင်းတာလဲ၊ သူက သူ့အဖေနဲ့ငါ နှစ်ယောက်စလုံး စိတ်ချလက်ချသဘောတူနိုင်တဲ့လူကို လက်ထပ်ပြီး အေးအေးချမ်းချမ်းနေနိုင်ရင်ပဲ ငါ့မှာဘာမှတောင်းဆိုစရာမရှိတော့ပါဘူး”
ရှောင်းလန့်က ခေါင်းငုံ့ထားပြီး ဘာမှစောဒကမတက်လာခဲ့ပေ။
ရှောင်းမုန်ကပင် ဝေ့သခင်မကြီးကို အေးရာအေးကြောင်းဆိုရသည် “ဒီတစ်ခါ အားယွိနဲ့ကလေးတွေ ပြန်လာတာ…ပြန်သွားတဲ့အခါကျရင် ကျွန်တော်နဲ့ပြန်မလိုက်ကြတော့ဘူး၊ အမေ့ကိုအဖော်လုပ်ပေးဖို့ပဲ မြို့တော်မှာနေခဲ့ကြမှာ၊ အမေ နေ့တိုင်း သူတို့ကိုတွေ့လို့ရပြီ၊ ဒီကလေးနှစ်ယောက်က ကြမ်းတော့... နောက်ပိုင်း အမေ့ကိုပင်ပန်းအောင်လုပ်ကြမှာပဲစိုးတယ်”
ဝေ့သခင်မကြီးက အနည်းငယ်အံ့သြသွား၏ “မသွားတော့ဘူးလား”
“အင်း.. အားယွိက ဒီတစ်ခေါက် ကျန်းမာရေးချုချာသွားတယ်၊ သူ့ကို မြို့တော်မှာပဲ အနားယူခိုင်းမလို့လေ၊ ကလေးနှစ်ယောက်ကလည်း ငယ်သေးတယ်၊ သွားလိုက်ပြန်လိုက်လုပ်တာက သူတို့အတွက် အရမ်းပင်ပန်းတယ်၊ အဲ့ဒါကြောင့် ကျွန်တော် မခေါ်သွားတော့ဘူး”
ရှောင်းမုန်က ဤသို့ဆိုလာသည်။ ဝေ့သခင်မကြီးမှာ ကန့်ကွက်စရာမရှိ။ နောက်ပိုင်း ကလေးတွေကို အချိန်တိုင်းမြင်တွေ့နိုင်သည်က မကောင်းတာဘာရှိမည်နည်း။
“ကောင်းတယ် ကောင်းတယ်.. စိတ်မပူနဲ့၊ အားယွိနဲ့ကလေးတွေကို မင်းကိုယ်စားစောင့်ရှောက်ထားမယ်”
ညစာစားပြီးနောက်တွင်တော့ ရှောင်းမုန်က ရှောင်းလန့်ကို စာကြည့်ခန်းထဲခေါ်ကာ ညီအစ်ကိုနှစ်ယောက် လက်ဖက်ရည်သောက်ပြီး အပြင်ဘက်ကကိစ္စတွေကို ပြောဆိုကြသည်။
“ပြီးခဲ့တဲ့ခြောက်လမှာ ငါတို့မြောက်ပိုင်းနယ်ခြားစောင့်တပ်က ပေရိလူမျိုးတွေနဲ့ တိုက်ပွဲအကြီးရောအသေးရော နောက်ထပ်နည်းနည်းလောက် ထပ်ဖြစ်သေးတယ်၊ ရလဒ်ကတော့ သူမသာ ကိုယ်မသာပါပဲ၊ အနည်းဆုံးတော့ မြို့တွေထပ်ရှုံးတာ မရှိဘူး၊ အဖေက စိတ်ရောလူရောပင်ပန်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းက နေမကောင်းဖြစ်တယ်၊ အမေစိတ်ပူမှာစိုးလို့ မပြောရဲဘူး”
စကားဆုံးသည့်အခါ ရှောင်းမုန်က သက်ပြင်းအရှည်ကြီးချလိုက်သည်။ သူ့ပုံစံက ချုံးချုံးကျနေဟန်ရှိပြီး အစောပိုင်း ဝေ့သခင်မကြီးရှေ့မှာ တက်ကြွနေသည့်ပုံစံနှင့် လုံးလုံးကွဲပြားသည်။
ရှောင်းလန့်က မျက်မှောင်ကျုံ့လိုက်ရင်း “အရင်ရှုံးတာက ရိက္ခာတွေမရလို့လား”
ရှောင်းမုန်က ခါးခါးသီးသီးပြုံးလိုက်ပြီး
“နန်းတွင်းက စစ်သည်လစာတွေ ရိက္ခာတွေနဲ့မြက်တွေကို ပေးဖို့ပျက်ကွက်တယ်လေ၊ ငါတို့ကို ချက်ချင်းလိုက်စုဆောင်းခိုင်းတယ်၊ ငါတို့က ဘယ်လောက်လိုက်စုနိုင်မှာလဲ၊ စစ်သည်တွေက ဆောင်းရာသီမှာ အနွေးထပ်တွေမဝတ်နိုင်ဘူး စွပ်ပြုတ်ပူပူလေးတစ်ခွက် မသောက်နိုင်ဘူး၊ အဖေက ဘယ်လောက်ပဲရဲရင့်ပါစေ သူလုပ်နိုင်တာ ဘာမှမရှိဘူး..... မထင်လိုက်တာကတော့ နန်းတွင်းက လျှိုမိသားစုကို စတေးလိုက်တာပဲ၊ ငါသတင်းရတဲ့အချိန်မှာ လျှိုမိသားစုကို စီရင်ချက်ချပြီးပြီ”
လျှိုမိသားစုအကြောင်းရောက်လာတဲ့အခါ ရှောင်းလန့်၏မျက်လုံးများ အနည်းငယ်မှေးမှိန်သွားသည်။
ရှောင်းမုန်က ပြောလိုက်သည် “လျှိုမိသားစုက ယုံကျိုးကို နယ်နှင်ဒဏ်ပေးခံတယ်၊ ငါ လူလွှတ်ပြီး သူတို့ကိုသွားရှာခိုင်းလိုက်တယ်၊ သူတို့မိသားစု လွန်ခဲ့တဲ့လက အဲ့နေရာကို အန္တရာယ်ကင်းကင်းရောက်သွားတယ်၊ အရှင်မင်းကြီးရဲ့ဆန္ဒပဲလေ.. ငါတို့လည်း ဘာလုပ်နိုင်မလဲ၊ သူတို့နဲ့ အဆက်အသွယ်အရမ်းလုပ်ဖို့က ပိုဆိုးတယ်၊ လူလွှတ်ပြီး သူတို့ကို ငွေနည်းနည်းပို့လိုက်တယ်၊ နည်းနည်းပါးပါးစောင့်ရှောက်ပေးဖို့ တစ်ယောက်ယောက်ကို တောင်းဆိုပေးလိုက်တယ်၊ အခု ငါတို့လုပ်နိုင်တာ ဒါပဲရှိတယ်”
“အစ်ကို့ကို.. ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်စရာမလိုပါဘူး၊ လုပ်သင့်တာပါ၊ ဒါနဲ့ အားလန့် မင်း…” ရှောင်းမုန်က သူ၏ရှေးရိုးဆန်သောညီငယ်လေးကို ကြည့်ပြီး စကားပြောဖို့ တုန့်ဆိုင်းနေသည်။
“အစ်ကို ဘာမေးချင်လဲ သိပါတယ်” ရှောင်းလန့်က အသံကိုတိုးလိုက်ပြီး “အမေက အစ်ကို့ကို ကျွန်တော်နဲ့မင်းသားဟွိုင်အိမ်တော်ကသခင်လေးအကြောင်း ပြောပြပြီးလောက်မှာပါ၊ ကျွန်တော်က သူ့ကိုရည်ရွယ်ထားပါတယ်၊ သူကလည်းကျွန်တော့်အပေါ်မှာ ရည်ရွယ်ထားပါတယ်၊ အစ်ကိုဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ပါတယ်”
ရှောင်းမုန်က နည်းနည်းတော့ အလိုမကျ “မင်း တကယ်စဉ်းစားပြီးပြီလား”
“ကျွန်တော် စဉ်းစားပြီးပါပြီ”
ခဏတာတိတ်ဆိတ်သွားပြီးနောက်မှာ ရှောင်းမုန်က သက်ပြင်းချလိုက်ရင်း “အရင်က မင်းနဲ့ လျှိုအိမ်ကသခင်လေးကို အပြန်အလှန်စိတ်တွေရှိကြတယ်လို့ ထင်ခဲ့တာ”
ရှောင်းလန့်က ခပ်တိုးတိုးရှင်းပြ၏
“ကျွန်တော်နဲ့သူနဲ့က ငယ်ငယ်ကတည်းက စေ့စပ်ထားကြတာမို့ သူ့အပေါ်မှာတာဝန်ရှိပါတယ်၊ ဘာကိစ္စမှမရှိခဲ့ဘူးဆိုရင် ကျွန်တော် သူ့အပေါ်မှာ အပြစ်လုပ်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် ကံတရားက လူတွေကိုကျီစားပါတယ်၊ သူနဲ့ကျွန်တော်နဲ့ ရေစက်မရှိတာဖြစ်မှာပါ၊ အခု သူအန္တရာယ်ကင်းကင်းရှိတာ သိရရင်ပဲ လုံလောက်ပါပြီ၊.. ယန့်ထင်.. သူကတော့ ကျွန်တော်ချစ်တဲ့သူပါ၊ ကျွန်တော် သူ့ကိုပဲယူမှာပါ”
ရှောင်းမုန်က ဘာပြောရမှန်းမသိအောင်ပင်
“အမေက မင်းကို သတိပေးဆုံးမစကားတွေ အများကြီးပြောပြီးပြီဆိုတော့ ငါထပ်မပြောတော့ပါဘူး၊ ဒါပေမယ့် မင်း သေသေချာချာ စဉ်းစားရမယ်၊ အရှင်မင်းကြီးက ငါတို့ချန်နယ်စားအိမ်တော်ကို ဘယ်တော့မှမယုံကြည်ဘူး၊ မင်းတို့လက်ထပ်လိုက်ကြရင် အရှင်မင်းကြီးနဲ့ညီတော်မင်းသားက သံသယဖြစ်ကြမှာပဲ၊ အဖေနဲ့ငါက အဝေးမှာမို့လွတ်ပေမယ့် မင်းက ရုံးတော်မှာ အခက်အခဲတွေရှိလာလိမ့်မယ်”
“ကျွန်တော်သိပါတယ်.. ကျွန်တော်ခံနိုင်ရည်ရှိပါတယ်” ရှောင်းလန့်က ခိုင်ခိုင်မာမာပင် “ကျွန်တော်သတိထားမှာပါ၊ မိသားစုကိုလည်း သေချာပေါက်ကာကွယ်မှာပါ”
“ထားပါတော့” ရှောင်းလန့် ထိုကဲ့သို့ ပြတ်သားလွန်းနေသည်ကို မြင်သည့်အခါ ရှောင်းမုန်က သူ့ကို ထပ်ပြီးနားမချတော့၊ သတိပေးစကားသာ ပြောလိုက်သည်
“အမေက ဒီအကြောင်းတွေကို အဖေ့ဆီစာရေးပြီး ပြောလိုက်ပြီးပြီ၊ အဖေ့သဘောထားကတော့ မင်းကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်နိုင်ဖို့ပဲ၊ မင်းက ယောကျ်ားလေး… သမီးမိန်းကလေးမဟုတ်ဘူး၊ တချို့အရာတွေမှာ မိသားစုက မင်းကို နေရာတကာလိုက်ပူပေးရမှာမဟုတ်ဘူး၊ ပြီးတော့ ငါတို့ရှောင်းမိသားစုက လောဘတက်ပြီး သေမှာကြောက်တဲ့လူတွေလည်း မဟုတ်ဘူး၊ မင်း သူ့ကို တကယ်ပဲနှစ်သက်တယ်ဆိုရင် ကိုယ့်စိတ်ဆန္ဒသဘောအတိုင်းသာလုပ်၊ အမေ့ကိုတော့ ကူညီပြီးဖျောင်းဖျပေးမှာပေါ့”
ရှောင်းလန့်၏မျက်လုံးတွေ ဝင်းပသွား၏။ သူက ရှောင်းမန့်ကို နောက်တစ်ခါကျေးဇူးတင်လိုက်သည် “ကျေးဇူးတင်ပါတယ် အစ်ကို”
“မင်းနဲ့ငါ ညီအစ်ကိုကြား ကျေးဇူးတင်ဖို့ မလိုပါဘူး” ရှောင်းမုန်က ဖြတ်ပြောလိုက်ပြီး “နောက်ပိုင်း မင်းမရီးနဲ့ တူတူမတွေက မြို့တော်မှာ နေခဲ့ကြမှာ၊ သူတို့ကိုစောင့်ရှောက်ဖို့ ငါ့ညီကိုပဲ ဒုက္ခပေးရတော့မယ်”
“လုပ်ရမှာပါ” ရှောင်းလန့်က ခပ်မြန်မြန်ပင် သဘောတူလိုက်သည်။ ခဏလောက်ရပ်သွားပြီးမှ သူက ချီတုံချတုံဖြင့် ရှောင်းမုန်ကို ထပ်မေးလိုက်သည် “မရီးနဲ့ကလေးတွေ မြို့တော်မှာ နေခဲ့တာက… အရှင်မင်းကြီးရဲ့သဘောလား”
ရှောင်းမုန်က မျက်နှာကွက်ခနဲပျက်သွားပြီးမှ လေသံကိုလျှော့လိုက်ရင်း
“ဒီနေ့ နန်းတော်ထဲဝင်ပြီး အရှင်မင်းကြီးကိုသွားတွေ့တယ်၊ အရှင်မင်းကြီးပုံစံက အရင်ထက်ပိုပြီး ကတ်သီးကတ်သတ်နိုင်လာတယ်၊ အဲ့ဒိတောက်ဆရာဆိုတဲ့လူက ဘာအောက်လမ်းနည်းတွေသုံးလဲမသိဘူး၊ အရှင်မင်းကြီးကို သူပြောသမျှနာခံလာအောင် လုပ်နိုင်တယ်၊ တကယ်ပါပဲ…”
သို့ရာတွင် ထိုကဲ့သို့ဧကရာဇ်နိုးကြားလာသောအခါတွင် ၎င်းအတွက် ကြိုးစားပမ်းစားလုပ်ဆောင်ပေးကြသော မှူးကြီးမတ်ရာများကို စာရင်းရှင်းရန် မမေ့သေးပေ။
“အရှင်မင်းကြီးက ဘာမှမပြောပါဘူး၊ မိသားစုကို မြို့တော်မှာထားဖို့ပဲ အရိပ်အမြွက်ပြောလိုက်တာ၊ ငါဒီကိုမလာခင်ကတည်းက အဖေက ဒါကို ကြိုမြင်ပြီးသား”
မိသားစုကိုထားခဲ့ခိုင်းသည်က အပြင်မှာ တခြားရည်ရွယ်ချက်တစ်ခု ရှိလာခဲ့လျှင် ဓါးစာခံအဖြစ်ထိန်းသိမ်းထားရန်သာဖြစ်သည်။ ဧကရာဇ်မင်း၏အပြုအမူက အလွန်ကျောချမ်းစရာကောင်းပေ၏။
ရှောင်းလန့်က မျက်မှောင်ကျုံ့ရင်း စဉ်းစားနေခဲ့ပြီးမှ အဆုံးမှာတော့ ရှောင်းမုန်ကိုသာ နှစ်သိမ့်ပေးလိုက်နိုင်သည် “ဒီမှာ ကျွန်တော်လည်းရှိပါတယ်၊ သူတို့ကို ကောင်းကောင်းကာကွယ်ပေးမှာပါ၊ အစ်ကိုစိတ်မပူပါနဲ့”
......
မင်းသားဟွိုင်အိမ်တော်၊ ဝါးပင်စိမ်းခြံဝင်း....
နေ့လည်ခင်းတွင် ကျုယန့်ထင်က ခေါင်းကိုထောက်ကာ ငိုက်မျဉ်းနေသည်။
ရှောင်းလန့်က ဘေးမှာထိုင်နေပြီး ကျုယန့်ထင်ရွှေ့ထားသည့် စစ်တုရင်ခုံကို စူးစိုက်လေ့လာနေသည်။ အမှတ်မထင်.. သူက ကျုယန့်ထင်မျက်လုံးတွေပိတ်ထားတာကို မြင်လိုက်ရသည်။ နေရောင်က ပြတင်းပေါက်ပုံစံကွက်တွေကြားမှ ဖြာကျနေပြီး ဖြူဖွေးသောပါးပြင်ပေါ်မှာ အရိပ်တွေ ပြောက်ကျားပြောက်ကျားဖြစ်နေသည်။
သူက ခဏတာငေးမောမိသွားပြီးမှာတော့ အခုလေးတင်စဉ်းစားမိလာသည့် ရွှေ့ကွက်က ဦးနှောက်ရဲ့ဟိုးအနောက်ထဲကို ပြန်ရောက်သွားသည်။
ကျုယန့်ထင်က တစ်ခုခုကို ခံစားမိလိုက်သလိုဖြင့် မျက်တောင်တွေ လှုပ်ခတ်လာပြီး မျက်လုံးကို ဖြည်းဖြည်းဖွင့်လာသည်။ ရှောင်းလန့်၏အကြည့်တွေကိုမြင်လိုက်ရတော့ သူက လန့်ဖျန့်သွားရင်း “ဘာဖြစ်လို့ ကျွန်တော့်ကို တစ်ချိန်လုံးကြည့်နေတာလဲ”
ရှောင်းလန့်က ကျုယန့်ထင်၏မျက်လုံးထောင့်စွန်းတွေကို လက်မဖြင့် သုတ်ပေးလိုက်ပြီး
“ကိုယ်က ကြည့်လို့မရဘူးလား”
ကျုယန့်ထင်က ရယ်လိုက်သည်။ အနီးကိုကပ်လာကာ ရှောင်းလန့်နှင့် ပြင်းပြင်းပြပြအနမ်းတစ်ခုကို ဖလှယ်လိုက်ကြ၏။
“ဝမ်းကွဲအစ်ကို.. သဘက်ခါအမဲလိုက်ပွဲကို ဆက်ခံသူက သွားမှာလား”
“အင်း” ရှောင်းလန့်က မတွေးတတ်ဖြစ်သွားသည့်အတွက် မေးလိုက်သည် “ဘာဖြစ်လို့လဲ”
ကျုယန့်ထင်က တည်ငြိမ်စွာပင်ဖြေ၏
“ဘာမှမဟုတ်ပါဘူး၊ ဆက်ခံသူအကြောင်းကို ကြားဖူးတာကြာပါပြီ၊ ကျွန်တော်က သူ့ကို အမြဲတမ်းလေးစားခဲ့ရတာ၊ မိတ်ဆွေဖွဲ့ချင်ခဲ့တာလည်း ကြာပြီ၊ အဲ့ဒိကျရင် ကျွန်တော့်ကိုမိတ်ဆက်ပေးဖို့ ခင်ဗျားကိုပဲ ဒုက္ခပေးရမှာ”
ရှောင်းလန့်က သိပ်ဘဝင်မကျ “မင်းက သူနဲ့တွေ့ပြီး ဘာလုပ်မှာလဲ၊ နောက်ပိုင်း မိသားစုတစ်ခုတည်း ဖြစ်လာမှာပဲ… အဲ့ကျရင် တစ်ယောက်နဲ့တစ်ယောက်တွေ့ရမှာပဲကို”
“ဝမ်းကွဲအစ်ကို.. ခင်ဗျား သဝန်တိုနေတာလား” ကျုယန့်ထင်က ပြုံးကာ စနောက်လေသည်။
ရှောင်းလန့်၏နားရွက်တွေ နီမြန်းသွားပြီး တုံးတိတိငြင်းလိုက်သည် “မဟုတ်ပါဘူး”
ကျုယန့်ထင်က စနောက်နေတာကို ရပ်လိုက်ပြီးမှ အလေးအနက်ဆိုသည် “ကျွန်တော်က ကောင်းကောင်းပြုမူပြီး ဆက်ခံသူရှေ့မှာ မျက်နှာရအောင်လုပ်ချင်တာပါ၊ ဒါမှ သူက ကျွန်တော်တို့ကိစ္စကို သဘောတူပေးမှာပေါ့၊ ခင်ဗျားက သိပ်မတွန့်တိုပါနဲ့”
ရှောင်းလန့်က ပြောလိုက်သည် “အစ်ကိုကြီးက သဘောတူပြီးသွားပြီ”
“တကယ်လား”
“အင်း” ရှောင်းလန့်က ကျုယန့်ထင်၏လက်ကို ဆွဲယူလိုက်ပြီး သူ့လက်တွေကြားမှာ ဆုပ်ထားသည် “အစ်ကိုကြီးက အမေ့ကိုလည်း နားချပေးမယ်လို့ ကတိပေးတယ်”
ကျုယန့်ထင်က ရုတ်တရက် ရွှင်ပသွားပြီး “အရမ်းကောင်းတာပဲ”
ရှောင်းလန့်က သူ့ကိုကြည့်လိုက်သည်။ ခဏတာတုန့်ဆိုင်းနေပြီးမှ “မင်းသားကရော သဘောတူရဲ့လား”
“ဒါကို စိတ်ပူစရာမလိုဘူး၊ အစ်ကိုတော်က အမြဲတမ်း ကျွန်တော့်သဘောအတိုင်းပဲ၊ ကျွန်တော်တို့အကြောင်း သူ့ကိုပြောပြီးသွားပြီ၊ သူက သဘောတူတယ်”
ဒီတော့မှ ရှောင်းလန့်က စိတ်အေးသွားသည်။ သူက ကျုယန့်ထင်၏လက်ချောင်းတွေကို ဖျစ်ညှစ်လိုက်ရင်းမှာ “ဒါဆို ကောင်းသွားပြီ”
ခဏတာစကားပြောကြပြီးနောက် ကျုယန့်ထင်၏မျက်လုံးက ရှောင်းလန့်ခါးဆီရောက်သွားသည်။ သူက ခါးမှာချိတ်ထားသောအိတ်ကိုကြည့်ကာ ရှောင်းလန့်ကိုပြောလိုက်သည် “ဝမ်းကွဲအစ်ကို.. ခင်ဗျားကို အမွှေးနံ့ပြောင်းပေးမယ်၊ အနံ့ပိုကောင်းတဲ့ဟာ”
ရှောင်းလန့်က စဉ်းစားမနေဘဲ ဖြုတ်လိုက်ပြီး သူ့ကိုပေးလိုက်သည်။ ထိုနေ့က ကျုယန့်ထင် သူ့ကိုပေးလိုက်သည့်မြင်ကွင်းကို ပြန်သတိရပြီး သူ့နှုတ်ခမ်းက အသာပြုံးသွားသည်။
ကျုယန့်ထင်က အိတ်ကိုယူပြီး ပြတင်းပေါက်ဘောင်ပေါ်က ပုလင်းတွေကို လှမ်းယူလိုက်သည်။ သူက ဘာမှလုပ်စရာမရှိတဲ့အခါ အချိန်ကုန်အောင် အမွှေးနံ့တွေကို ရောထည့်နေတတ်သည်။ ဒါကြောင့် ဒီပုလင်းတွေက အမြဲတမ်းလက်တစ်ကမ်းအလိုမှာရှိနေသည်။
ရှောင်းလန့်က အထဲမှာဘာတွေပါလဲ မပြောတတ်သဖြင့် သူ့ကို အများကြီးမမေးခဲ့။ ကျုယန့်ထင် အမွှေးအိတ်ထဲကပစ္စည်းတွေကို သွန်ချပြီး တခြားအမွှေးအကြိုင်တွေနှင့် ပြောင်းလဲနေသည်ကိုသာ ကြည့်နေခဲ့သည်။ သူက အိတ်ကိုပြန်ချည်ပြီး နှာခေါင်းဖျားမှာတေ့ကာ ရှူကြည့်လိုက်ရင်း ကျေနပ်သည့်ပုံစံဖြစ်သွားသည်။
အမွှေးအိတ်ကို ရှောင်းလန့်ဆီပြန်ပေးပြီးသည့်အခါ ကျုယန့်ထင်က ပြုံးလိုက်ပြီး “မွှေးကြည့်”
ရှောင်းလန့်က ခေါင်းငုံ့ကာအနံ့ခံလိုက်သည်။ အမွှေးနံ့က သူ့နှာသီးဖျားတွင် မွှေးပျံ့နေပြီး ခပ်ဖျော့ဖျော့ရနံ့က ဖော်မပြနိုင်လောက်အောင် အလွန်ကောင်းသည်။
ကျုယန့်ထင်က အမွှေးအိတ်ကို ရှောင်းလန့်ခါးမှာ သူကိုယ်တိုင်ပြန်ချိတ်ပေးရင်း အသံတိုးတိုးနှင့် သတိပေးလိုက်သည်
“ဝမ်းကွဲအစ်ကို.. ဒါကို တစ်ချိန်လုံးဝတ်ထားရမယ်နော်”
“အင်း” ရှောင်းလန့်က လေးနက်စွာခေါင်းညိတ်ပြလိုက်သည်။
ကျုယန့်ထင်က မျက်လွှာကိုချလိုက်ပြီးမှာ ရုတ်တရက်ပြုံးလိုက်၏။
.......