💮Chapter 100
ရှစ်ယဲ့ အချိန်ကြာမြင့်စွာ အိပ်မောကျနေခဲ့သည်။
သူ နိုးလာသောအချိန်တွင် ပြတင်းပေါက်အပြင်ဘက်ရှိ ကောင်းကင်က အတန်အသင့် မည်းမှောင်နေပြီ ဖြစ်သည်။
စားပွဲပေါ်ရှိ ဖယောင်းတိုင်မီးနှစ်ချောင်းမှ မီးတောက်က လေထဲတွင် ကွန့်မြူးနေပြီး အဝါရောင် အလင်းဖျော့ဖျော့က အခန်းကို ဖုံးလွှမ်းထားသော်လည်း ရှစ်ယဲ့က နွေးထွေးမှုကို မခံစားရပေ။
ဆောင်းဦးကာလ ရောက်နေပြီဖြစ်သောကြောင့် ရာသီဥတုက ပို၍အေးလာသည်။
ရှစ်ယဲ့က ခေါင်းကိုက်မှုကို ခံစားလိုက်ရပြီး နားထင်ကြောကိုဖိနှိပ်ကာ အိပ်ရာပေါ်မှ ထလိုက်သည်။
ထိုအရာကိုမြင်ပြီး အိပ်ရာဘေးတွင် စောင့်ကြပ်နေသော မိန်းမစိုးကျိုးက စားပွဲနားသို့ အလျင်အမြန်သွားကာ ရေနွေးခွက်ထဲ ရေနွေးလောင်းထည့်လိုက်သည်။ မိန်းမစိုးကျိုးက ဦးညွှတ်ကာ ခေါင်းငုံ့၍ ရေနွေးခွက်ကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး ဂရုတစိုက် ကမ်းပေးလိုက်သည်။
“အရှင့်သား လည်ချောင်း စိုစွတ်အောင် ရေနွေး သုံးဆောင်တော်မူပါ…”
ရှစ်ယဲ့က ခန္ဓာကိုယ်မှ စောင်ကိုဖယ်ကာ အိပ်ရာဘေးတွင် ခေတ္တထိုင်ပြီး မိန်းမစိုးကျိုးထံမှ ရေနွေးခွက်ကို လှမ်းယူလျက် မေးမြန်းသည်။
“မင်း ဘယ်အချိန်က ပြန်ရောက်တာလဲ…”
မိန်းမစိုးကျိုးက တိုးညှင်းသောအသံဖြင့် ဖြေသည်။
“အရှင့်သားကို လျှောက်တင်ပါတယ်… ကျွန်တော်မျိုး မြို့တော်ကို ညနေက ပြန်ရောက်တာပါ…”
ရှစ်ယဲ့က လက်ထဲတွင် ရေနွေးခွက်ကို ကိုင်ထားသော်လည်း သောက်သုံးမည့်စိတ်ကူး ရှိပုံမပေါ်ပေ။ သူက ခွက်ကို ဆုပ်ကိုင်ထားသော လက်ငါးချောင်းကို စိုက်ကြည့်ပြီး အတွေးအိမ်ထဲတွင် နစ်မျောနေသည်။
မိန်းမစိုးကျိုးက တိုးညှင်းစွာ ခေါ်လိုက်သည်။
“အရှင့်သား…”
ရှစ်ယဲ့က အသိပြန်ဝင်လာပြီး မိန်းမစိုးကျိုးကို ကြည့်လိုက်သည်။
မိန်းမစိုးကျိုးက ရှစ်ယဲ့ဘေးတွင် အလုပ်အကျွေးပြုလာသည်မှာ ကြာပြီ ဖြစ်သော်လည်း ထိုတစ်ခဏတွင် ရှစ်ယဲ့၏ စူးရှရှအကြည့်ကြောင့် တုန်လှုပ်သွားပြီး အသက်ကင်းမဲ့သော သစ်သားတုံးကဲ့သို့ မလှုပ်မယှက် ရပ်နေပြီး နဖူးပေါ်မှ ချွေးစေးများ ကျနေသည်။
ရှစ်ယဲ့က သူ့ကိုယ်သူပြန်ထိန်းချုပ်လိုက်ပြီး မျက်လုံးထဲမှ ဒေါသအရိပ်အယောင်များကို ချိုးနှိမ်ကာ အသံခပ်တိုးတိုးဖြင့် မေးသည်။
“သူ ဘယ်လိုနေလဲ…”
မိန်းမစိုးကျိုးက တုန်ယင်စွာဖြင့်ဖြေသည်။
“ဝမ်သခင်လေး ဘေးနားမှာ လျိုတဲနဲ့ ကျောကျစ်ရှိတာမို့ အန္တရာယ်ကင်းပါတယ် အရှင့်သား… ဒါပေမဲ့လည်း…”
ရှစ်ယဲ့က မေးသည်။
“ဒါပေမဲ့ ဘာဖြစ်လဲ…”
မိန်းမစိုးကျိုးက နှုတ်ခမ်းကိုစေ့လိုက်ပြီး အသံ ခပ်တိုးတိုး ပြောသည်။
“ဝမ်သခင်လေး အပြင်ထွက်တာနဲ့ သူ့ဘေးနားမှာ အန္တရာယ်တွေ ဝိုင်းနေတာပါ… အခု အခြေအနေတွေက အရမ်း ပြင်းထန်နေပြီး အကုန်လုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်… ဝမ်သခင်လေးကို စောင့်ကြည့်နေတဲ့ သူတွေ ပိုပိုများလာတာမို့ အရှင့်သား ဝမ်သခင်လေးကို ပြန်ခေါ်လိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်…”
မိန်းမစိုးကျိုး၏ စကားကို ကြားပြီး ရှစ်ယဲ့က ရယ်မောလိုက်သည်။
“သူ ပြန်လာချင်လိမ့်မယ်လို့ မင်းက ထင်နေတာလား…”
"......"
မိန်းမစိုးကျိုးလည်း ဆွံ့အသွားပြီး ပြောရန် ပြင်ဆင်ထားသည့် စကားများပင် ထွက်မလာတော့ပေ။
ယခုအချိန်တွင် ဝမ်သခင်လေး ထိုနေရာမှ ထွက်လာရန် အဆင်မပြေရုံသာမက ဝမ်သခင်လေး၏ စ်ိတ်ဆန္ဒအရ ကြည့်ပါကလည်း ထိုနေရာမှ ထွက်လာချင်မည် မဟုတ်ပေ။ အထူးသဖြင့် ဝမ်သခင်လေးက အိမ်ရှေ့စံ၏ တည်ရှိမှုကို လုံးဝလျစ်လျူရှုထားပြီး အိမ်ရှေ့စံအကြောင်း တစ်ခွန်းမျှပင် မမေးမြန်းချေ။
ထိုအကြောင်းကို စဉ်းစားမိပြီး မိန်းမစိုးကျိုး ချွေးစေးများ ပြန်လာသည်။ သူ အိမ်ရှေ့စံကို ရုတ်တရက် သနားသွားတော့သည်။
ရှစ်ယဲ့ မျက်လုံးမော့၍ ကြည့်လိုက်သောအချိန်တွင် မိန်းမစိုးကျိုး၏ မှိုင်းညို့ညို့ အကြည့်နှင့် ရင်ဆိုင်လိုက်ရပြီး ရုတ်တရက် စိတ်ရှုပ်သွားတော့သည်။ သူက ရေနွေးခွက်ကို မိန်းမစိုးကျိုးထံ ပြန်ကမ်းပေးလိုက်ပြီး ထရပ်လိုက်ကာ အပြင်သို့ ထွက်သွားသည်။
“ထားလိုက်တော့… သူ နေချင်မှတော့ ပန်ကုန်း သူ့ကို ဆက်နေခွင့် ပေးလိုက်မယ်…”
မိန်းမစိုးကျိုးက ခွက်ကို စားပွဲပေါ်တွင် အလောတကြီး လှမ်းတင်ကာ ဦးညွှတ်ပြီး ရှစ်ယဲ့နောက်သို့ အလျင်အမြန် လိုက်သွားကာ လျှောက်တင်သည်။
“ကျွန်တော်မျိုးမှာ လျှောက်တင်စရာ တစ်ခု ကျန်ပါသေးတယ် အရှင့်သား…”
ရှစ်ယဲ့က ခေါင်းလှည့်မကြည့်ဘဲ မေးမြန်းသည်။
“ဘာကိစ္စလဲ…”
မိန်းမစိုးကျိုးက ရည်ရွယ်ချက်ရှိရှိဖြင့် အသံကို တိုးလိုက်ပြီး ပြောသည်။
“အဲ့လူကို ဖမ်းမိပြီလို့ ကျွန်တော်မျိုး သတင်းရထားပါတယ်… သူက ဟွားအိမ်တော်က လွှတ်လိုက်တဲ့သူဆိုတာ အမှန်ပါပဲ… ဒါပေမဲ့ ဘယ်သူ စေလွှတ်လိုက်လဲဆိုတာတော့ သူကိုယ်တိုင်လည်း မသိပါဘူးတဲ့…”
ရှစ်ယဲ့က ခြေလှမ်းများကို ရပ်လိုက်ပြီး ပြန်လှည့်ကြည့်သည်။ သူ၏ မဟူရာမျက်လုံးများထဲတွင် အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။ ခဏအကြာတွင် သူက ရုတ်တရက် နှုတ်ခမ်းကိုတွန့်ကွေး၍ ပြုံးလိုက်ပြီး မျက်နှာဖုံးဖြင့် မကာထားသော မျက်နှာတစ်ခြမ်းက ရက်စက်မှုအငွေ့အသက်များဖြင့် လွှမ်းခြုံနေသည်။
“ဘယ်မှာလဲ…”
မိန်းမစိုးကျိုးက ရှစ်ယဲ့၏နားနားသို့ကပ်ပြီး နေရာတစ်ခုကို ခပ်တိုးတိုး ပြောသည်။
-----
ကျောကျစ် ဝမ်ချီဘေးသို့ရောက်ပြီး မကြာမီတွင် ဝမ်ချီက သူ့၏ အစောင့်တစ်ယောက် လူစားလဲခံလိုက်ရသည်ဟု သံသယဝင်နေသည်။ မူလအစောင့်တစ်ယောက် မည်သည့်နေရာ ရောက်သွားသည်ကို သူ မသိပေ။ ယခုတစ်ယောက်ကမူ လျိုတဲနှင့် ပို၍တူလာသည်။
တစ်ရက်တွင် ဝမ်ချီနှင့် ရင်းလူကြီးမင်းတို့ တစ်နေ့တာလုံး အပြင်တွင် အလုပ်ရှုပ်နေပြီး သူတို့ အိမ်တော်သို့ ပြန်ရောက်သော အချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။
ဝမ်ချီက အခြားအစောင့်များကို ပြန်လွှတ်လိုက်ပြီး လျိုတဲနှင့်ဆင်သော အစောင့်တစ်ယောက်ကိုသာ ကျန်ရှိခိုင်းသည်။
သူက ထိုအစောင့်ကို အခန်းထဲသို့ခေါ်လိုက်ပြီး သူ၏ မျက်နှာကို ဂရုတစိုက် ကြည့်ရှုလိုက်သည်။
သူ့အရှေ့တွင်ရှိနေသောမျက်နှာက သူနှင့် စိမ်းသက်သော မျက်နှာတစ်ခုဖြစ်ပြီး လူကြားထဲတွင် မပေါ်လွင်သော သာမန် ရွက်ကြမ်းရေကျိုဖြစ်သည်။
ဝမ်ချီ မူလက ထိုမျက်နှာကို အာရုံမရှိသော်လည်း ထိုအစောင့်က ရည်ရွယ်ချက်ရှိရှိဖြင့် အတွင်းအား သုံးပြနေသည်ကို ဝမ်ချီ အကြိမ်ပေါင်းများစွာ ကြုံခဲ့ရသည်။
ထို့ကြောင့် ဝမ်ချီက သူ၏လှုပ်ရှားမှုများမှာ လျိုတဲနှင့် ဆင်နေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ဝမ်ချီက အသေအချာကြည့်ရှုပြီးနောက် တိုးတိုးတိတ်တိတ် ခေါ်လိုက်သည်။
“လျိုတဲလား…”
ထိုအစောင့်က မျက်နှာသေဖြင့် ခေါင်းညိတ်ပြသည်။
ဝမ်ချီ "…..."
ဝမ်ချီလည်း ထိတ်လန့်သွားပြီး အချိန်အတန်ကြာ ပါးစပ်ဟပြီးနောက် အသံထွက်ပေါ်လာသည်။
“တကယ် အစ်ကိုလျိုတဲလား…”
ထိုအစောင့်က ဤစိမ်းကားသော မျက်နှာဖြင့် ဆက်လက်၍ ထုံထုံထိုင်းထိုင်း ရပ်နေပြီး ပါးစပ်မှ ထွက်လာသော အသံကမူ လျိုတဲ၏ အသံဖြစ်သည်။
“ဟုတ်ပါတယ် ဝမ်သခင်လေး…”
ဝမ်ချီ့မျက်နှာတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နေကာ လျိုတဲကို အထက်အောက်ကြည့်လိုက်သည်။ လျိုတဲ ရုပ်ဖျက်ထားမှုက ထိုအစောင့်နှင့် ၁၀၀ရာခိုင်နှုန်း တူညီနေသည်။ လျိုတဲသာ တမင်တကာ သူ့သိုင်းပညာကို ထုတ်မပြပါက ဘေးနားက အစောင့် အစားထိုးခံလိုက်ရသည်ကို ဝမ်ချီ လုံးဝ သိမည်မဟုတ်ပေ။
ဝမ်ချီက နှာခေါင်းကိုပွတ်သပ်လိုက်ပြီး မေးသည်။
“ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ… အိမ်ရှေ့စံနဲ့ အတူတူ မြို့တော်ကိုပြန်သွားပြီလို့ ထင်နေတာ…”
လျိုတဲက ပြန်ဖြေသည်။
“လျိုရှန်က မြို့တော်ကို ပြန်လိုက်သွားပြီး ကျွန်တော်က ကျောကျစ်နဲ့ အတူတူ နေခဲ့တာပါ… ဝမ်သခင်လေး မြို့တော်ကို ပြန်မှသာ ကျွန်တော်တို့က အတူတူ ပြန်ကြမှာပါ…”
ဝမ်ချီက အင်းဟု တစ်ချက် တုံ့ပြန်လိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်ကြားတွင် ပြောစရာ မကျန်တော့ပေ။
ဝမ်ချီက အချိန်ကြာလာသည်နှင့်အမျှ နေရခက်လာသည်။ သူနှင့် လျိုတဲကြားတွင် တိုတောင်းသော ဆရာတပည့် ဆက်ဆံရေး ရှိခဲ့သော်လည်း မနက်နဲသောကြောင့် ဤအခြေအနေမျိုးတွင် အတိတ်ကာလအကြောင်း စကားစမြည်ပြောရမည့် ဆက်ဆံရေးမျိုး မဟုတ်ပေ။
ဝမ်ချီက အင်္ကျီအနားစကို တိတ်တဆိတ် ဆုပ်ကိုင်ရင်း လျိုတဲကို ထွက်သွားခိုင်းရန် အကြောင်းပြချက်ကို စဉ်းစားနေ၏။ ထိုအချိန်တွင် လျိုတဲက ရုတ်တရက် ပြောလာသည်။
“ဝမ်သခင်လေး ကျွန်တော့်ကို မှတ်မိသွားပြီ ဆိုမှတော့ လေ့ကျင့်ခန်းတွေ ပြန်စကြတာပေါ့…”
ဝမ်ချီ "..…"
လျိုတဲ တည်ငြိမ်စွာပြုံးနေပုံက အနည်းငယ် ကြောက်ရွံ့ဖွယ် ကောင်းလှသည်။
“ဘာ လေ့ကျင့်ခန်းလဲ…”
ဝမ်ချီက သရဲမြင်လိုက်ရသကဲ့သို့ ကြောက်လန့်သော အမူအရာဖြင့် လျိုတဲကို ကြည့်ပြီး မေးသည်။
လျိုတဲကမူ မှားယွင်းနေသည်ဟု မထင်ဘဲ လေးနက်စွာဖြင့် ရှင်းပြသည်။
“ကိုယ်ခံပညာ သင်ယူတယ်ဆိုတာက ဝီရိယရှိရှိနဲ့ နေ့တိုင်း လေ့ကျင့်နေဖို့ လိုတယ်… လမ်းတစ်ဝက်မှာ လက်လျှော့လိုက်ရင် အရင်က ကြိုးစားထားတာတွေ သဲထဲရေသွန် ဖြစ်ကုန်မှာ စိုးတယ် ပြီးတော့ …”
လျိုတဲ ဆက်မပြောဘဲ ရပ်လိုက်သည်ကို မြင်ပြီး ဝမ်ချီက သိချင်စိတ်ဖြင့် မေးမြန်သည်။
“ပြီးတော့ ဘာလဲ…”
လျိုတဲက အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ဝမ်ချီကို ကြည့်ပြီး ပြောသည်။
“ပြီးတော့ ဝမ်သခင်လေးက သိုင်းပညာမှာ ပါရမီ ပါတဲ့သူ မဟုတ်လို့ သေသေချာချာ စိတ်ထည့်ပြီး လေ့ကျင့်မှ ရမယ်…”
ဝမ်ချီ "..…"
အရှေ့တစ်ခွန်းနဲ့တင် လုံလောက်ပြီကို နောက်ဆုံးတစ်ခွန်း ဆက်ပြောစရာမလိုပါဘူး…
ဆယ်ရက်တာကာလက မျက်စိတစ်မှိတ် အတွင်းမှာပင် ကုန်ဆုံးသွားခဲ့သည်။
ဆောင်းဦးကုန်ဆုံးသွားပြီနောက် ဆောင်းရာသီ ရောက်ရှိလာပြီး ရာသီဥတုက ပို၍အေးလာ၏။
ဝမ်ချီထံသို့ မြို့တော်မှ မည်သည့်သတင်းမျှ ရောက်မလာပေ။ ကျောကျစ်နှင့် လျိုတဲက သိရှိကောင်း သိရှိနိုင်သော်လည်း ဝမ်ချီဘက်မှ စတင်၍မမေးမချင်း မပြောသည်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့ ၃ယောက်က ထိုကိစ္စနှင့်ပတ်သက်ပြီး အချင်းချင်း နားလည်မှု ရှိကြ၏။
ထို့နောက် သိုင်းလေ့ကျင့်မှု အဆင်ပြေစေရန် ဝမ်ချီက မင်းကြီး စေလွှတ်ထားသော အစေခံများကို အခြားခြံဝင်းထဲတွင် ပြောင်းနေခိုင်းလိုက််သည်။ လျိုတဲနှင့် ကျောကျစ်၏ သင်ကြားပေးမှုအောက်တွင် ဝမ်ချီ၏ ကိုယ်ခံပညာက တိုးတက်လာသည်ဟု ဆိုနိုင်၏။
နှစ်သစ်ကူး နီးလာသည်နှင့်အမျှ ကျင်းကျိုးရှိ အိမ်တိုင်းနီးပါး နှစ်သစ်ကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။
ကျိုးအိမ်တော်လည်း ထို့နည်းတူပင် ဖြစ်သည်။ မြို့တော်ဝန်ကျိုးက အိမ်တော်၏ အတွင်းနှင့် အပြင်ကို သေချာသန့်ရှင်းပြီး ယခင်မီးပုံးများ နေရာတွင် အနီရောင် မီးပုံးကြီးများ အစားထိုးအလှဆင်ရန် အစေခံများကို အမိန့်ပေးလိုက်သည်။
ပြင်ဆင်ပြီး ဒုတိယမြောက်နေ့တွင် ကျိုးအိမ်တော်၌ ကိစ္စကြီးတစ်ခု ပေါ်ပေါက်သွားသည်။ လူကြီးမင်းရင်းက ပြန်ပေးဆွဲသမားများကို ကူညီပေးခဲ့သောသူကို ရှာဖွေတွေ့ရှိခဲ့သည်။
ပြန်ပေးဆွဲသမားများက ကျိုးအိမ်တော်ထဲသို့ သူတို့သဘောနှင့်သူတို့ ထိုးဖောက် ဝင်ရောက်လာခြင်း မဟုတ်ဘဲ အိမ်တော်ထဲရှိလူနှင့် ပူးပေါင်းကြံစည်ပြီး မြို့တော်ဝန်ကျိုး၊ မင်းသား(၄)နှင့် စစ်သူကြီးလင်းတို့အုပ်စု အိမ်တော်မှ ထွက်သွားသည့်အချိန်ကို အခွင့်ကောင်းယူကာ ကျိုးအိမ်တော်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ထိုပြန်ပေးဆွဲသမားများနှင့် ပူးပေါင်းကြံစည်ခဲ့သည့် သူများက မြို့တော်ဝန်ကျိုး၏ညီလင်မယား ဖြစ်နေခဲ့၏။
မြို့တော်ဝန်ကျိုးကို ကျေးရွာလေးတစ်ရွာတွင် မွေးဖွားခဲ့ပြီး နောက်ခံအင်အား မတောင့်တင်းပေ။ ဤနေရာအထိ ရောက်ရှိလာရန် ကိုယ့်အားကိုယ်ကိုးခဲ့ရခြင်း ဖြစ်သည်။
သူ့ညီများက ကိုယ်တိုင်ကြိုးစားလိုစိတ်မရှိဘဲ သူ့အရှိန်ဖြင့် မောက်မာထောင်လွှားနေခဲ့ပြီး အပြင်တွင်လည်း သူ့နာမည်ကိုသုံးကာ မင်းမဲ့စရိုက်ဆန်စွာ ပြုမူ၍ ယခုတွင်မူ ရာထူးကြီးမားသော ဧည့်သည့်တော်များကိုပင် အပြစ်လုပ်လာကြ၏။
မူလက ထိုလင်မယားက လူကြီးမင်းရင်း၏ ချောက်ချခြင်းဟု ငြင်းဆန်နေခဲ့ကြပြီး ပြန်ပေးဆွဲသမားများကို မသိရှိကြောင်း ပြောဆိုသည်။ မမျှော်လင့်ထားစွာပင် လူကြီးမင်းရင်းက အေးစက်စွာတုံ့ပြန်ပြီး သူတို့နှင့် ပြန်ပေးဆွဲသမား ဆက်သွယ်ထားသော စာများကို ပစ်ပေးလိုက်သည်။
ထိုလင်မယားက စာထဲရှိ အကြောင်းရာများကိုမြင်ပြီး မျက်လုံးများ အမှောင်ကျသွားကာ မေ့လဲသွားတော့သည်။
အခြေအနေ ပိုမိုဆိုးလာသည်ကိုမြင်ပြီး မြို့တော်ဝန်ကျိုးက မြေပြင်ပေါ်မှ ၎င်းစာရွက် တစ်စောင်ကို ကောက်ယူလိုက်သည်။ အနီးကပ် ကြည့်ပြီးနောက် စာရွက်ထဲရှိ စာလုံးများမှာ သူ့ညီဖြစ်သူသာ ရေးသားနိုင်သော ပဲပင်ပေါက် လက်ရေးဖြစ်ကြောင်း တွေ့ရှိသွား၏။
ကျိုးဖန်က ခေါင်းထဲရှိသွေးများ ဆောင့်တက်လာမှုကို ခံစားလိုက်ရပြီး ခေါင်းမူးသွားသည်။ သူက ခြေထောက်ကို တည်ငြိမ်အောင် ပြန်ထိန်းရပ်လိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကျနေသော သူ့ညီလင်မယားကို လက်ညှိုးထိုးကာ ဒေါသတကြီး ပြောသည်။
“မင်းတို့… မင်းတို့က ကျေးဇူးကန်းတဲ့ သူတွေပဲ… ငါ မင်းတို့အပေါ် ဘယ်လောက်တောင် ကောင်းပေးခဲ့လဲ… အခုလိုမျိုး ငါ့အပေါ် ကျေးဇူးဆပ်လိုက်တာလား…”
“ကျွန်တော်တို့ မှားသွားပါတယ် အစ်ကိုကြီး… ကျွန်တော်တို့လည်း သူတို့ လှည့်စားတာ ခံလိုက်ရတာပါ… ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ပါဘူး… အပြစ်တင်ရမယ်ဆို အဲ့ရာဇဝတ်သားတွေကိုသာ အပြစ်ယူရမှာပါ…”
သူတို့ ငြင်းဆန်မရတော့ကြောင်းကို သိသွားသောကြောင့် မြို့တော်ဝန်ကျိုးထံသို့ တွားတွားသွားကာ သူ့ခြေထောက်တစ်ဖက်တစ်ချက်စီကို ဖက်ပြီး အသနားခံကြသည်။
မြို့တော်ဝန်ကျိုး၏မျက်နှာက ဖြူဖျော့နေပြီး ဦးနှောက်မှာ ဗလာဖြစ်ကာ တစ်ကိုယ်လုံး အေးခဲသွားသကဲ့သို့ မတုန်မလှုပ် ရပ်နေသည်။
တရားမျှတမှုရယူရန် လူကြီးမင်းရင်းက ကျိုးအိမ်တော်ထဲတွင် နေထိုင်နေသောဧည့်သည်များ အထူးသဖြင့် သူနှင့်အတူ ကျင်းကျိုးသို့ လိုက်ပါလာသော အမှုထမ်းအရာရှိများကို ခေါ်ယူလိုက်သည်။ ခန်းမထဲရှိ လူအားလုံးက စကားတစ်ခွန်းမျှ ဝင်မပြောဘဲ မြို့တော်ဝန်ကျိုး ဆုံးဖြတ်ချက်ချမည်ကို စောင့်ဆိုင်းနေကြသည်။
ဝမ်ချီက လူအုပ်အစွန်တွင် ရပ်နေလေသည်။ မြို့တော်ဝန်ကျိုး၏ ခြေထောက်ကို ဖက်တွယ်ကာ ဒူးထောက်၍ သနားခံနေသည့် လင်မယားကို နက်နက်နဲနဲ စိုက်ကြည့်နေသော လူကြီးမင်းရင်းကို ဝမ်ချီ ကြည့်နေရင်း စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
သူက တည်ငြိမ်စွာဖြင့် အနောက်သို့ဆုတ်လိုက်ပြီး တံခါးဝတွင် ရပ်နေသော ကျောကျစ်နားသို့သွားကာ ခပ်တိုးတိုး မေးလိုက်သည်။
“လူကြီးမင်းရင်းက ရုတ်တရက်ကြီး အရင်က ကိစ္စတွေကို ပြန်စုံစမ်းနေတာ ဘာလို့လဲလို့ မင်းပြောကြည့်…”
ကျောကျစ်က ခပ်တိုးတိုး ပြန်ဖြေသည်။
“ကျွန်တော်မျိုးမ မသိပါဘူး…”
ဝမ်ချီက တုံ့ဆိုင်းသွားပြီးနောက် ထပ်ပြောသည်။
“လူကြီးမင်းရင်းရဲ့ လုပ်ရပ်တွေက အိမ်ရှေ့စံရဲ့ အမိန့်ကြောင့်လို့ မင်းထင်လား…”
ရင်းလူကြီးမင်း ကျင်းကျိုးကို ရောက်လာသည့်အချိန်မှစပြီး သူသွားလေရာ နေရာတိုင်း ဝမ်ချီကို ခေါ်သွားလေ့ရှိသည်။ တာဝန် ထမ်းဆောင်ရာတွင်လည်း နှစ်ယောက်က မခွဲမခွယ အတူရှိနေ၏။ သူတို့နှစ်ယောက်က အလုပ်အကြောင်းအပြင် အခြားထွေရာလေးပါးများ ပြောလေ့ရှိသော်လည်း ထိုကိစ္စနှင့် ပတ်သက်ပြီး လူကြီးမင်းရင်းက တစ်ခွန်းမျှ မဟပေ။
ကျောကျစ်က ထပ်တူညီသော အဖြေကိုသာ ပေး၏။
“ကျွန်တော်မျိုးမ မသိပါဘူး…”
ဝမ်ချီက ကျောကျစ်ကို လှည့်ကြည့်လိုက်၏။
ကျောကျစ်က သူမ မည်သည်မျှ မသိထားသကဲ့သို့ ရိုးသားစွာ ပြုမူနေသည်။
ကျောကျစ်နှင့် ဆက်ဆံရေးက အချိန်ကာလတစ်ခု ရှိပြီ ဖြစ်သောကြောင့် ဝမ်ချီက ကျောကျစ်၏ အကျင့်စရိုက်ကို သေချာသိ၏။ ကျောကျစ် ပြောသမျှကို ယုံကြည်၍ မရပေ။
ဝမ်ချီက လူကြီးမင်းရင်းကို တိုက်ရိုက် မေးချင်ခဲ့သော်လည်း လူကြီးမင်းရင်းက မြို့တော်ဝန်ကျိုး၏ မိသားစုရေးရာများကို ဆောင်ရွက်ရန် ကြီးကြပ်ပေးနေရသောကြောင့် အလွန်အလုပ်ရှုပ်နေလေ၏။ အစည်းအဝေး မပြီးမချင်း ဝမ်ချီက လူကြီးမင်းရင်းနှင့် သီးသန့် စကားပြောဆိုရန် အခွင့်အရေး မရခဲ့ပေ။
ထို့နောက် နှစ်သစ်ကူးနေ့သို့ ရောက်ရှိလာလေသည်။
ရှေးခေတ်က ထိုနေ့ကို နှစ်သစ်ကူးနေ့(ယွမ်တမ်း) ဟု မခေါ်ပေ။ ထိုခေတ်မှလူများက နှစ်သစ်၏ ပထမဆုံးနေ့ရက်ကို "ဆွေ့တမ်း" ဟု သုံးနှုန်းကြပြီး တစ်နေရာနှင့် တစ်နေရာ အခေါ်အဝေါ်ချင်း မတူညီကြပေ။ လူကြီးမင်းရင်းက ထိုနေ့ကို “ခိုင်းနျန်ကျေးရစ်” နှစ်စရက် ဟု သုံးနှုန်းပြီး ၃ရက်တာ အနားပေးမည် ဖြစ်ကြောင်း ပြောသည်။
ဝမ်ချီလည်း နှစ်ရက်တိတိ အခန်းထဲ အောင်းနေရသောကြောင့် နောက်ဆုံးတွင် ဆက်လက်သည်းမခံနိုင်တော့ပေ။ ရှစ်ယဲ့ သူ့ထံသို့ ပါးလိုက်သောစာကို သတိရသွားပြီး သေတ္တာထဲမှ ထုတ်ကြည့်လိုက်သည်။
💮💮💮