Chapter 98
Viewers 16k

💮Chapter 98



ထိုစကားကို ကြားပြီး ဝမ်ချီက အချိန်အတန်ကြာ တုံ့ဆိုင်းပြီးနောက် မေးမြန်းလိုက်သည်။

“စစ်သူကြီးလင်း… အဲ့အရေးကြီးကိစ္စက ဘာလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား…”



စစ်သူကြီးလင်းက မျက်နှာပျက်နေပြီး မျက်ခုံးများက တောင်ကုန်းသဖွယ် တွန့်ကွေးနေကာ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ဝမ်ချီ့အမေးကို ပြန်ဖြေသည်။

“မင်းကြီး အပြင်းအထန် နာမကျန်းဖြစ်နေလို့ ငါနဲ့ မင်းသား(၄) နန်းတော်ပြန်ပြီး သွားကြည့်ရမှာ…”


ဝမ်ချီလည်း အံ့ဩသွားသည်။

တကယ်ပဲ စာအုပ်ထဲကအတိုင်း ဖြစ်လာတာပဲ…


စစ်သူကြီလင်းက ဝမ်ချီ၏ အံ့ဩနေသည့်အမူအရာကို မြင်ပြီး စိတ်သက်သာရာ ရသွားပုံပေါ်ကာ မျက်လုံးထဲမှ သံသယအကြည့်များ ခဏတာပျောက်ကွယ်သွားသည်။ ထို့နောက် ပြောလက်စ စကားကို ပြန်ဆက်သည်။

“ဝမ်သခင်လေးရော ငါတို့နဲ့အတူ ပြန်လိုက်ချင်လား…”


စစ်သူကြီးလင်းက ဓားနှင့်လှံကိုထမ်းပြီး နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကာ ပြသာနာများကို လက်ရုံးရည် အားကိုး၍ ဖြေရှင်းခဲ့သူ ဖြစ်သောကြောင့် တခြားသူများကဲ့သို့ အတွင်းစိတ်ခံစားချက်ကို မသိုဝှက်ထားတတ်ပေ။ ထိုကြောင့် ဝမ်ချီက မျက်လုံးများမှတစ်ဆင့် သူ့စိတ်ခံစားချက်များကို မြင်နေရသည်။


ဝမ်ချီကလည်း အရူး မဟုတ်သောကြောင့် စစ်သူကြီးလင်းက သူ့ကို အိမ်ရှေ့စံ လွှတ်ထားသော သူလျှို အဖြစ် သံသယဝင်နေမည်ကို ခေါင်းသုံးစဉ်းစားရန် မလိုဘဲ ခန့်မှန်းနိုင်သည်။


ထို့ကြောင့်လည်း စစ်သူကြီးလင်းက အပြင်ဘက်တွင် ညီအစ်ကိုဟု မိတ်ဆက်ထားသော်လည်း သူနှင့် ခပ်ဝေးဝေး နေသည်က အံ့ဩစရာ မဟုတ်ပေ။ သူ့အား စောင့်ကြပ်လေ့လာရန် အစောင့်များပင် လွှတ်ထားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စစ်သူကြီးလင်းက မင်းသား(၄)၏ ဘက်တော်သား ဖြစ်သည်။


မင်းသား(၄)ဘက်ကသာ စစ်သူကြီးလင်းကို ရှောင်နေတာ…


ဝမ်ချီက ရုတ်တရက် မင်းသား(၄)အတွက် စိတ်မကောင်း ဖြစ်သွားသည်။ မင်းသား(၄)က ကျောက်တုံး၏ ဆွဲငင်မှုကို ခံနိုင်ရည်ရှိမည်လား မသေချာပေ။


တကယ်လို့များ မင်းသား(၄)က စိတ်မထိန်းချုပ်နိုင်ဘဲ အချိန်ကြာတာနဲ့အမျှ စစ်သူကြီးလင်းကို သဘောကျသွားရင်… မင်းသား(၄)နဲ့ စစ်သူကြီးလင်းကို တွဲမြင်ရမှာ နည်းနည်းတော့ ထူးဆန်းနေပေမဲ့လည်း တကယ်လို့ သူတို့သာ ကြိုက်သွားခဲ့ရင် အနာဂတ်မှာ ဝမ်လျန်နဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုတော့ဘူး…


အဲဒါက ငါ့အတွက်တော့ ကောင်းတဲ့ကိစ္စပဲ…


ဒါပေမဲ့ အခုက ဒါတွေ တွေးနေရမဲ့ အချိန် မဟုတ်ဘူး…


ဝမ်ချီက အတွေးများကို ပြန်ရုတ်သိမ်းလိုက်ပြီး လေးလေးနက်နက် ပြောသည်။

“ကျွန်တော် မြို့တော်မှာ လုပ်စရာကိစ္စ အထွေအထူး မရှိတဲ့အပြင် ဒီကလည်း ကျွန်တော့်ကို လိုအပ်နေတာဆိုတော့ နေခဲ့လိုက်တော့မယ်…”


ထိုစကားကို ကြားပြီး စစ်သူကြီးလင်းက ကြောင်သွားသည်။

“မင်း ပြန်မလိုက်ဘူးလား…”


ဝမ်ချီက ခေါင်းခါပြီး ဖြေသည်။

“ကျွန်တော် ဒီမှာပဲ နေခဲ့လိုက်မယ်…”


ဝမ်ချီက စိတ်ဆုံးဖြတ်ပြီးပုံ ပေါ်သောကြောင့် စစ်သူကြီးလင်းက အပြင်လူတစ်ယောက်အနေဖြင့် ထပ်မံစွက်ဖက်ရန် မသင့်ဟု ယူဆလိုက်ပြီး ခေါင်းသာညိတ်လိုက်ကာ ဝမ်ချီကို ဂရုစိုက်ရန်နှင့် မြို့တော်ဘက်က မင်းသား(၄) လက်ရှိ ဆောင်ရွက်ဆဲဖြစ်သော ကိစ္စများကို ကိုင်တွယ်ရန် အမှုထမ်း စီစဉ်ပေးမည် ဖြစ်ကြောင်း ပြောလိုက်သည်။ အကယ်၍ ဝမ်ချီတွင် ပြသာနာ တစ်စုံတစ်ရာ ပေါ်လာပါက ထိုအမှုထမ်းထံသို့ သွားပြီး ဆွေးနွေးနိုင်ကြောင်းလည်း ပြောသည်။


ဝမ်ချီက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။


အချိန်လင့်နေပြီ ဖြစ်သောကြောင့် မင်းသား(၄)၏ အစောင့်များက စစ်သူကြီးလင်းကို အမြန်လုပ်ဆောင်ရန် လာလျှောက်တင်သည်။ စစ်သူကြီးလင်းက ဝမ်ချီကို နှုတ်ဆက်ပြီးနောက် ထိူလူများနှင့် ထွက်သွားသည်။


မင်းသား(၄)နှင့် စစ်သူကြီးလင်းတို့ ကျင်းကျိုးမှ ထွက်သွားခြင်းက ဝမ်ချီ့အပေါ်  ကြီးကြီးမားမား သက်ရောက်မှု မရှိချေ။ မင်းသား(၄) စီစဉ်ထားသော ကိစ္စအချို့သာ အနည်းငယ် ပြောင်းလဲသွားသောကြောင့် ဝမ်ချီ့အတွက် ကိုင်တွယ်ရသည်မှာ ယခင်ကထက် အနည်းငယ် အခက်အခဲ ရှိသော်လည်း ပြသာနာကြီး တစ်ခုမဟုတ်ပေ။


မင်းသား(၄)နှင့် စစ်သူကြီးလင်းတို့ ထွက်သွားသည့်ညမှာပင် တစ်စုံတစ်ယောက်က သူ့အခန်းတံခါးကို လာခေါက်လိမ့်မည်ဟု ဝမ်ချီ မထင်မှတ်ထားပေ။


သူ တံခါးသွားဖွင့်လိုက်သည်။


အပြင်ဘက်တွင် သူရင်းနှီးသော မျက်နှာပိုင်ရှင် အစေခံတစ်ယောက် ရပ်နေသည်။


ဝမ်ချီက အနည်းငယ် စဉ်းစားပြီးနောက် သူမက မင်းကြီး ထည့်ပေးလိုက်သော အစေခံအုပ်စုထဲမှ တစ်ယောက်ဖြစ်ကြောင်းကို သတိရသွားသည်။ များသောအားဖြင့် သူမက သူ့အနားတွင် ခစားလေ့မရှိဘဲ စကားလည်း မပြောဖူးပေ။


ထိုမိန်းကလေး ညအချိန်ကြီး သူ့အခန်းတံခါးကို လာခေါက်သည်မှာ ပို၍ထူးဆန်းနေသည်။


ဝမ်ချီက သတိနှင့် အနောက်သို့ တည်ငြိမ်စွာဆုတ်လိုက်ပြီး အခန်းတံခါးကို ပြန်ပိတ်ရန် ပြင်လိုက်သည်။


ထိုအချိန်တွင် သူက ထိုအစေခံ မိန်းကလေး စကားပြောလိုက်သည်ကို ကြားလိုက်ရသည်။

“ဝမ်သခင်လေး…”


ဝမ်ချီ "…..."


အဲ့ဒါ ကျောကျစ်ရဲ့ အသံ မဟုတ်ဘူးလား…


သူမက ထပ်မံပြောသည်။

“ဝမ်သခင်လေး ကျွန်တော်မျိုးမ အထဲကို ဝင်လို့ ရမလား…”


သေချာပေါက် ကျောကျစ်၏ အသံပင် ဖြစ်သည်။


ဝမ်ချီက အပြင်ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ခြံဝင်း အပြင်ဘက်မှာ ထူထည်းသော ညအမှောင်ထုဖြင့် ဖုံးလွှမ်းနေကာ အကြမ်းဖျင်းသာမြင်ရပြီး ကံကောင်းစွာဖြင့် လူတစ်ဦးတစ်ယောက်မျှ ရှိမနေပေ။


ထို့ကြောင့် သူက ဘေးရွှေ့လိုက်ပြီး ကျောကျစ် အထဲသို့ ဝင်သွားပြီးသည်အထိ စောင့်ကြည့်နေလိုက်သည်။


အစေခံမိန်းကလေးအနေဖြင့် ရုပ်ဖျက်ထားသော ကျောကျစ်က မူလပုံစံကို ပြန်ပြောင်းရန် စိတ်ကူးမရှိဘဲ စားပွဲရှေ့သို့ တည့်တည့်လျှောက်သွားကာ ရပ်လိုက်ပြီး စိတ်ရှုပ်ထွေးပုံ ရနေသော ဝမ်ချီကို လှည့်ကြည့်လိုက်၍ ပြောသည်။

“ဝမ်သခင်လေး… ညအချိန်အတော် လာနှောင့်ယှက်မိလို့ ခွင့်လွှတ်ပါ…”


ဝမ်ချီက လက်ခါပြရင်း ပြောသည်။

“ကိစ္စမရှိပါဘူး…”


သူက ခွေးမင်းသားကို ဘဝခေါင်ခိုက်နေသူဟု အမြဲ ထင်ခဲ့ဖူးသည်။ ထိုခွေးမင်းသားက တစ်ဖက်တွင် ဒုက္ခိတ မသန်စွမ်းသူကဲ့သို့ ဟန်ဆောင်နေပြီး တစ်ဖက်တွင်လည်း တခြားသူများ သိရှိသွားမည်ကို ဂရုမစိုက်ဘဲ နန်းတော်နံရံများကို ခုန်ပျံကျော်လွှား လုပ်လေ့ရှိသည်။


ခွေးမင်းသား တစ်ယောက်တည်းသာ မာနထောင်လွှားနေခြင်း မဟုတ်ဘဲ ရှစ်ယဲ့လက်အောက်က လူများကလည်း ရှစ်ယဲ့ကဲ့သို့ပင် ဖြစ်ကြောင်းကို ဝမ်ချီ ယခုမှ သဘောပေါက်သွားတော့သည်။


မင်းသား(၄)နှင့် စစ်သူကြီးလင်း ထွက်သွားသည်နှင့် တပြိုင်နက် ကျောကျစ်က ရုပ်ဖျက်ပြီး ချက်ချင်းရောက်ရှိလာသည်။


သူ့အခန်းအနီးတွင် စောင့်ကြပ်နေကြသော အစောင့်များကမူ မဖိတ်ခေါ်ထားသော ဧည့်သည်မှာ နံရံကို တိတ်တဆိတ် ကျော်မဝင်လာဘဲ ပွင့်ပွင့်လင်းလင်း တံခါးခေါက်ပြီး ဝင်လာလိမ့်မည်ဟု စိတ်ကူးမိမည် မဟုတ်ပေ။


အကြောင်းပြချက်မရှိဘဲ ဘုရားကျောင်း သွားလိမ့်မည် မဟုတ် (အရေးကြီး ကိစ္စမရှိဘဲ လာရောက် တွေ့ဆုံမည် မဟုတ်) ဟူသော ဆိုရိုးစကားအရ ကျောကျစ်က သူနှင့် ညဘက်ကြီး ထွေရာလေးပါးပြောရန် လာရောက်ခြင်း မဟုတ်နိုင်ပေ။


ဝမ်ချီက ခွက်ထဲရေနွေးထည့်လိုက်ပြီး စားပွဲပေါ်တင်ကာ ကျောကျစ် အရှေ့သို့ တွန်းပေးပြီး ပြောသည်။

“ထိုင်ပြီး ပြောကြတာပေါ့…”


“ကျေးဇူးပါ သခင်လေး…”

ကျောကျစ်က ထိုသို့ ပြောလိုက်သော်လည်း ထိုင်မည့် စိတ်ကူး မရှိပေ။


ဝမ်ချီလည်း ထိုင်ရန် အတင်းအကျပ်မပြောတော့ဘဲ သူ့အတွက်သူသာ ရေနွေးငှဲ့လိုက်သည်။


ကျောကျစ်က ဝမ်ချီ ဖြည်းညှင်းစွာ ရေနွေးကြမ်း သုံးဆောင်နေသည်ကို စောင့်ဆိုင်းပြီးနောက် ခပ်တိုးတိုး ပြောသည်။

“ဝမ်သခင်လေး… အိမ်ရှေ့စံ ပို့ပေးလိုက်တဲ့ စာကို ဖတ်ပြီးပြီလား…”


ဝမ်ချီက ကျောကျစ် ဆိုလိုသည့်စာမှာ စာတစ်ကြောင်းတည်းသာ ပါသော စာရွက်ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။


သူက တိုတိုတုတ်တုတ် ဖြေလိုက်သည်။

“ပြီးပြီ…”


ကျောကျစ်က ဝမ်ချီ ဆက်ပြောမည်ဟု ထင်ပြီး အချိန်အတန်ကြာ စောင့်ဆိုင်းခဲ့သော်လည်း ဝမ်ချီထံမှ မည့်သည့် စကားမျှ ထပ်မထွက်လာသောကြောင့် သူမက ထပ်ပြောသည်။

“ကျွန်တော်မျိုးမက ဝမ်သခင်လေးဘေးမှာ တစ်ချိန်လုံး ရှိပါတယ်… သခင်လေး တခုခု လိုတာရှိရင် ကျွန်တော်မျိုးမကို ပြောလို့ရတယ်…”


“ကောင်းပြီ…”

ဝမ်ချီက ပြောပြီး ရေနွေးခွက်ကို လက်နှစ်ဖက်ဖြင့် ကိုက်ကာ နောက်တစ်ကျိုက် ထပ်မံသောက်လိုက်သည်။


ကျောကျစ်က ဝမ်ချီကို တိတ်တဆိတ် အကဲခတ်နေသည်။ သူမက ဝမ်ချီ စာရွက်ထဲရှိ အကြောင်းအရာကို ဂရုမစိုက်ဘဲ ရေနွေးကြမ်းကိုသာ ငြိမ်ငြိမ်သက်သက် သောက်နေသည်ကို ကြည့်နေသည်။


ထိုကဲ့သို့ တိတ်ဆိတ်မှုက အချိန် အတန်ကြာသွားသည်။


ကျောကျစ်က တည်ငြိမ်နေသော်လည်း ဝမ်ချီက ပို၍ စိတ်ရှုပ်ထွေးလာသည်။ သူက ခွက်ကို စားပွဲပေါ် ဂရုတစိုက် တင်လိုက်ပြီး အမူအရာ လေးနက်နေသော ကျောကျစ်ကို ကြည့်လိုက်သည်။


သူက အသံ ခပ်တိုးတိုးဖြင့် မေးလိုက်သည်။

“မိန်းကလေးကျောကျစ်… မင်းမှာ ဘာများ ပြောစရာကျန်သေးလို့လဲ…”


ကျောကျစ်က ခေါင်းခါလိုက်ပြီး နောက်ဆုံးတွင် ခေါင်းပြန်ညိတ်လိုက်တာ ပြောသည်။

“ကျွန်တော်မျိုးမက ဝမ်သခင်လေးကို လာအကြောင်းကြားတာပါ… အခု ပြောလို့လည်း ပြီးပြီဆိုတော့ သခင်လေး အနားယူတာကို မနှောင့်ယှက်တော့ပါဘူး…”


ဝမ်ချီက ထရပ်လိုက်ပြီး ပြောသည်။

“မင်းကို အခန်းပြင်ကို ပြန်လိုက်ပို့ပေးမယ်…”


ကျောကျစ်က ငြင်းဆိုသည်။

“ကျွန်တော်မျိုးမ ကိုယ့်ဘာသာ ပြန်လို့ရပါတယ်… ဝမ်သခင်လေး စောစော အနားယူပါ…”


ဝမ်ချီက သူမ၏ စကားကိုကြားပြီး ချက်ချင်း ပြန်ထိုင်လိုက်ကာ ရေနွေးအိုးကိုကိုင်၍ ခွက်ထဲ ရေနွေးကြမ်း လောင်းထည့်လိုက်ပြီး ခေါင်းမမော့ဘဲ ပြောသည်။

“ဂရုစိုက်ပြန်ပါ မိန်းကလေးကျောကျစ်…”


ကျောကျစ် "….."


အမှန်တွင် အိမ်ရှေ့စံ ဝမ်ချီထံသို့ ရေးပေးလိုက်သော စာတွင် မည့်သည့်အကြောင်းအရာများ ပါနေမည်ကို ကျောကျစ်က မသိရှိထားပေ။ မိန်းမစိုးကျိုးက  ဝမ်သခင်လေး ထိုစာကို ဖတ်ပြီးသော အချိန်တွင် နေရာတစ်ခုသို့ သွားလိမ့်မည်ဖြစ်ကြောင်းနှင့် ဝမ်သခင်လေးနှင့်အတူ လိုက်သွားရန် သူ မထွက်သွားမီတွင် ကျောကျစ်ကို မှာကြားခဲ့သည်။


ထိုကြောင့် သူမက အခန်းရှေ့သို့ ရောက်လာရခြင်း ဖြစ်သည်။


သို့သော်လည်း ဝမ်သခင်လေးက ထိုပေးစာကို ဂရုမစိုက်ဘဲ အိမ်ရှေ့စံ၏ လက်ရှိအခြေအနေကိုလည်း စိတ်မဝင်စားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ယခင်တစ်ကြိမ်တွင် ဝမ်သခင်လေးက သူမအား မည်သည်မျှ မမေးမြန်းခဲ့သော်လည်း ယခုတွင်မူ မေးခွန်း အနည်းငယ် မေးမြန်းလောက်မည်ဟု ကျောကျစ်က တွေးထားခဲ့သည်။


စိတ်မကောင်းစရာပဲ…


ကျောကျစ်က ရေနွေးကြမ်း အေးဆေးထိုင်သောက်နေသော ဝမ်ချီကိုကြည့်ပြီး မိန်းမစိုးကျိုး ပြောခဲ့သည့် စကားများကို ပြန်စဉ်းစားနေသည်။ သူတို့၏အရှင့်သားက နန်းတော်မှ ပြန်လာသည့်အချိန်တိုင်း ဝမ်ချီ ထိုင်နေကြ ထိုင်ခုံတွင် တစ်နာရီ/နှစ်နာရီနီးပါး ထိုင်လေ့ရှိသည်။


ငါတို့ရဲ့ အရှင့်သား အနားမှာလည်း မရှိရော ဝမ်ချီက ဟန်တောင် မဆောင်တော့ဘူးလား …


ကျောကျစ်က တစ်စုံတစ်ခု ပြောလိုက်ချင်သော်လည်း မပြောရဲပေ။ အကယ်၍ အိမ်ရှေ့စံသာ ဝမ်ချီအရှေ့တွင် သူမ လျှာရှည်ခဲ့သည်ကို သိသွားပါက သူမကို သေဒဏ်ပင် ပေးနိုင်သည်။


ခွက်ထဲရှိ ရေနွေးကြမ်း ကုန်လုနီးပါးအချိန်တွင် ဝမ်ချီက ခေါင်းမော့ပြီး ကြည့်လိုက်ရာ သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသော အကြည့်တစ်စုံနှင့် ဆုံလိုက်ရသည်။ ကျောကျစ်က ယခင်နေရာတွင် မလှုပ်မယှက်ရပ်နေပြီး မည်သည်ကို တွေးနေမှန်းမသိသော မျက်လုံးများနှင့် သူ့ကို စူးစိုက်ကြည့်နေသည်။


ဝမ်ချီက ကျောကျစ်၏ အကြည့်ကြောင့် ကြောက်လန့်သွားပြီး ကြက်သီးမွှေးညင်းများ ထလာသည်။ သူက လက်ထဲမှ ရေနွေးခွက်ကို အလျင်အမြန် အောက်ချလိုက်ပြီး ဒုတိယ အကြိမ် ထပ်မေးသည်။

“မိန်းကလေးကျောကျစ် ဘာများ လိုအပ်တာ ရှိသေးလို့လဲ…”


ကျောကျစ်က သတိပြန်ကပ်သွားပြီး ပြောလိုက်သည်။

“ကျွန်တော်မျိုးမ နှုတ်ဆက်ပါတယ်…”


သူမက ထိုသို့ ပြောပြီး အနောက်သို့ လှည့်ကာ ထွက်သွားသည်။


ကျောကျစ်၏ ပုံရိပ်ကို ကြည့်ပြီး ဝမ်ချီက ရုတ်တရက် တစ်စုံတစ်ခုကို မှတ်မိသွားကာ မေးလိုက်သည်။

“ဒါနဲ့ မိန်းကလေးကျောကျစ်…”


ကျောကျစ်က ချက်ချင်း ရပ်လိုက်ပြီး အလျင်အမြန် ပြန်လှည့်လာသည်။ လှုပ်ရှားမှုက မြန်ဆန်သောကြောင့် သူမ မျက်နှာပေါ်မှစိတ်လှုပ်ရှားပျော်ရွှင်မှုများကို ဖုံးမထားလိုက်နိုင်ပေ။

“ဝမ်သခင်လေး… ဘာပြောစရာများ ကျန်သေးပါလဲ…”


ဝမ်ချီ "...…"


ဝမ်ချီက ကျောကျစ် မည်သည့် အကြောင်းရင်းကြောင့် ပျော်ရွှင်သွားကြောင်း နားမလည်ပေ။ သူက နှာခေါင်းကို ပွတ်သပ်လိုက်ပြီး မေးသည်။

“မင်း အယောင်ဆောင်ထားတဲ့ ဟိုအစေခံ မိန်းကလေးကို ဘယ်မှာ ထားထားလဲ… သူ အဆင်ရော ပြေရဲ့လား…”


ကျောကျစ် "...…"


ကျောကျစ့်မျက်နှာပေါ်မှ စိတ်လှုပ်ရှား ပျော်ရွှင်မှုများ ခဏချက်ချင်း ပျောက်သွားသည်ကို ဝမ်ချီ မြင်လိုက်ရသည်။


ဝမ်ချီက ပို၍နားမလည်နိုင် ဖြစ်သွားရသည်။


အချိန် အနည်းငယ်အကြာတွင် ကျောကျစ်က မနည်းဖျစ်ညှစ်ပြုံးလိုက်ကာ ပြောသည်။


“ဝမ်သခင်လေး စိတ်ပူနေတာ အဲ့မိန်းကလေးကိုး… ကျွန်တော်မျ်ိုးမ ထင်တာက ဝမ်သခင်လေး စိတ်ပူနေတဲ့လူက…”


ဝမ်ချီက ခေါင်းကုတ်ပြီး ပြန်မေးလိုက်သည်။

“ဘယ်သူ့ကို စိတ်ပူရမှာလဲ…”


ကျောကျစ်က စိတ်ထဲမှ “အိမ်ရှေ့စံကိုလေ” ဟု ပြောနေသော်လည်း ပါးစပ်မှ ထုတ်မပြောရဲပေ။


သူမက ခေါင်းခါလိုက်ပြီး ပြောသည်။

“ဘာမှ မဟုတ်တော့ပါဘူး… စိတ်မပူပါနဲ့ ဝမ်သခင်လေး ကျွန်တော်မျိုးမ အဲ့မိန်းကလေးကို လုံခြုံတဲ့နေရာမှာ ထားထားပါတယ်၊ ဝမ်သခင်လေး မြို့တော်ကိုပြန်ဖို့ ဆုံးဖြတ်ပြီးတာနဲ့ အဲ့မိန်းကလေးကို ပြန်လွှတ်ပေးမှာပါ၊ ဘာဒုက္ခမှ မရောက်စေရပါဘူး…”


ကျောကျစ်၏ အာမခံမှုကြောင့် ဝမ်ချီက စိတ်သက်သာရာ ရသွားသည်။

“ဒါဆိုလည်းကောင်းပြီ…”


-----


နောက်တစ်နေ့တွင်...


ဝမ်ချီက ကျောကျစ်ကို သူ့ဘေးနားတွင် ထားရန် ယောဖန်းကို စီစဉ်ခိုင်းလိုက်သည်။ ထို့အပြင် ကျောကျစ်ကို သူနှင့်အတူ အပြင်ကိစ္စများ အတူလိုက်ပါဆောင်ရွက်ရန် ပြောလိုက်သည်။


ယောဖန်းက ဝမ်ချီ၏ ထိုအမိန့်ကြောင့် အနည်းငယ် စိတ်မကျေနပ် ဖြစ်နေသော်လည်း ဝမ်ချီရှေ့တွင် ဒေါသမထွက်ရဲပေ။ ဝမ်ချီ မနက်စာ သုံးဆောင်နေသော အချိန်တွင် ယောဖန်းက ဘေးမှ တစ်ချိန်လုံးစိုက်ကြည့်နေပြီး သူ့မ ခန္ဓာကိုယ်မှ ဝမ်းနည်းဒေါသထွက်မှုအရှိန်များ ပျံ့လွင့်နေသည်။


ဝမ်ချီလည်း ထိုမြင်ကွင်းကို မြင်ပြီး ရယ်ရခက် ငိုရခက် ဖြစ်ကာ အနည်းငယ် စဉ်းစားပြီးနောက် ယောဖန်းနှင့် ကျောကျစ်ကို ရှေ့သို့ခေါ်လိုက်ပြီး ယောဖန်းကို အတိုချုပ် ရှင်းပြလိုက်သည်။ 

“ကျောကျစ်က ကိုယ်ခံပညာတတ်တဲ့အပြင် သူ့ရဲ့ သိုင်းပညာက ကောင်းမွန်တာမို့  အစောင့်တွေထက်ပိုပြီး ငါ့ကိုကာကွယ်ပေးနိုင်တယ်…”


သို့သော်လည်း ယောဖန်းက သူ့စကားကို မယုံကြည်ပေ။ သူမက နှုတ်ခမ်းကို တင်းတင်းကိုက်ကာ စိတ်ဆိုးသော လေသံဖြင့် ပြောသည်။

“သခင်လေးက အဲ့မိန်းကလေးကို တစ်ခါပဲ တွေ့ဖူးပြီး သူ  သိုင်းတော်တယ်ဆိုတာ ဘယ်လိုသိလဲ…”


သူမဘက်က ထိုသို့ ပြောလိုက်သည်နှင့် ကျောကျစ်က စားပွဲရှေ့သို့ တိတ်တဆိတ် လျှောက်သွားပြီး တူများကို လက်ဝါးပေါ်တင်ကာ အတွင်းအား အနည်းငယ်ဖြင့် ဆုပ်ကိုင်လိုက်သည်။ လက်ဖဝါး ပြန်ဖွင့်လိုက်သော အချိန်တွင် ၎င်းတူများမှာ တစ်စစီ ကျိုးနေသည်။


ယောဖန်းက ထိုတူများကို ကြည့်လိုက်၊ ကျောကျစ်၏ အမူအရာ ကင်းမဲ့နေသော မျက်နှာသေကို ကြည့်လိုက် လုပ်ပြီး ငြိမ်သက်သွားသည်။


နေခင်းပိုင်းတွင် အစေခံ တစ်ယောက်က ဝမ်ချီကို မင်းသား(၄)နေရာတွင်ကိုင်တွယ်မည့် အရာရှိရောက်ရှိလာပြီ ဖြစ်ကြောင်းနှင့် ထိုအရာရှိနှင့် သွားဆုံတွေ့ရန် လာရောက် လျှောက်တင်သည်။


ဝမ်ချီ ခန်းမထဲသို့ ရောက်သော အချိန်တွင် သူ့ကို နောက်ကျောပေးပြီး မြို့တော်ဝန်ကျိုးနှင့် စကားလက်ဆုံ ကျနေသော ရင်းနှီးသည့် ပုံရိပ်ကို မြင်လိုက်ရသည်။ ထိုအရာရှိက အရပ်မပုသော်လည်း ခပ်ဝဝ ဖြစ်သည်။


ဝမ်ချီက ဂရုတစိုက် ကြည့်လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။


သူ အနားသို့ မရောက်မီတွင် ထိုအမျိုးသားက သူ့ခြေသံကို ကြားလိုက်ပြီး အနောက်လှည့်ကြည့်လာသည်။ ခြေသံပိုင်ရှင်က ဝမ်ချီ ဖြစ်နေသည်ကို မြင်ပြီး ထိုလူက မျက်လုံးများ မှိတ်သွားသည်အထိ ပြုံးလိုက်ပြီး ပြောသည်။

“မတွေ့ရတာ ကြာပြီ ဝမ်သခင်လေး…”


ဝမ်ချီက တအံ့တသဖြင့် မေးလိုက်သည်။

“လူကြီးမင်းရင်းလား…”


မင်းသား(၄)နေရာတွင် အစားထိုး ကိုင်တွယ်မည့် အရာရှိမှာ ယခင်က သူ့အား တစ်ကြိမ် ကူညီပေးခဲ့ဖူးသော ရင်းရှန့်ရှူး ဖြစ်နေသည်။


မြိို့တော်ဝန်ကျိုး၏ မျက်လုံးများက အံ့ဩမှုကြောင့် ပြူးကျယ်နေပြီး ရင်းရှန့်ရှူးနှင့် ဝမ်ချီကို နှစ်ကြိမ်/သုံးကြိမ် ကြည့်ကာ တုံ့တုံ့ဆိုင်းဆိုင်း မေးလိုက်သည်။

“လူကြီးမင်းရင်းနဲ့ ဝမ်သခင်လေးက မိတ်ဆွေဟောင်းတွေလား…”


မြို့တော်ဝန်ကျိုး၏ စကားကို ကြားပြီး ဝမ်ချီက ရင်းရှန့်ရှူးမှာ သူ သရုပ်မှန် ပြောင်းလဲထားသည်ကို မသိဟု တွေးမိကာ  ရုတ်တရက် ရင်တုန်သွားသည်။


သူ ပြန်မဖြေလိုက်မီတွင် ရင်းရှန့်ရှူးက ခေါင်းတစ်ချက် ညိတ်ပြပြီး ပြုံး၍ ဖြေသည်။

“ဝမ်သခင်လေးက စစ်သူကြီးလင်းရဲ့ ညီငယ်(၄)မို့ ကျုပ်က စစ်သူကြီးလင်းနဲ့ သိကျွမ်းတာကြောင့် ဝမ်သခင်လေးနဲ့လည်း ရင်းနှီးပါတယ်…”


မူလက လည်ချောင်းတွင် တင်းကြပ်နေသော ဝမ်ချီက ထိုစကားကြားမှသာ စိတ်သက်သာရာ ရသွားသည်။


မြို့တော်ဝန်ကျိုးက အနေရခက်စွာ ပြုံးပြီး ပြောလိုက်သည်။

“အဲ့လိုကိုး…”


အချင်းချင်း နှုတ်ဆက်ပြီးနောက်  ရင်းရှန့်ရှူးက အားလုံးကို ခန်းမထဲသို့ ဆင့်ခေါ်လိုက်ကာ ကျိုင်းကောင် ကပ်ဘေး ထိန်းချုပ်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အကြမ်းဖျင်း နားလည်ရန် အစည်းအဝေးကျင်းပလိုက်သည်။


မြို့တော်၏ ပံ့ပိုးမှုအောက်တွင် အားလုံးက တာဝန် ကိုယ်စီ ထမ်းဆောင်နေကြသည်။ လုပ်ငန်းစဉ်က အနည်းငယ် နှေးသော်လည်း ကျင်းကျိုးဒေသ၏ အခြေအနေက တဖြည်းဖြည်း တိုးတက်လာသည်။ “တစ်လုပ်စားရုံဖြင့် ဆူဖြိုးသောလူ ဖြစ်မလာနိုင်” ဟူသော စကားပုံ အတိုင်း ထိုကပ်ဘေးကို ဖြေရှင်းနိုင်ရန် အချိန်နှင့် အင်အား အမြောက်အမြား လိုအပ်သည်။


လက်ရှိအချိန်က ဆောင်းဦးအစ ရောက်နေပြီဖြစ်ပြီး ဆောင်းရာသီတွင် ပိုမိုအက်ခဲနိုင်သောကြောင့် အားလုံးက အလျင်လိုနေကြသည်။


နေဝင်မှသာ အစည်းအဝေးက ပြီးဆုံးသွားပြီး ရင်းရှန့်ရှူးက ပြန်ခွင့်ပေးလိုက်သည်။


ဝမ်ချီတွင် ရင်းရှန့်ရှူးကို ပြောစရာစကား ရှိသော်လည်း ယခုပြောရန် အဆင်မပြေလောက်ဟု တွေးကာ နောက်မှ ပြောရန် စိတ်ကူးလိုက်ပြီး ပြန်ရန်ပြင်လိုက်သည်။ သို့သော်လည်း ရင်းရှန့်ရှူးက သူ့ကို တားလိုက်ပြီး ပြောသည်။

“ဝမ်သခင်လေး… ကျေးဇူးပြုပြီး ခဏနေခဲ့ပါဦး…”


ထိုကြောင့် ဝမ်ချီက အခြားသူများ၏ အားကျမှု အကြည့်များကို ခံယူပြီး နေခဲ့လိုက်သည်။


ခန်းမထဲတွင် ဝမ်ချီနှင့် ရင်းရှန့်ရှူး နှစ်ယောက်ထဲသာ ကျန်သည့် အချိန်တွင် ဝမ်ချီက ရင်းရှန့်ရှူး အရှေ့ရှိ ထိုင်ခုံနားသို့ အလောတကြီး သွားလိုက်ပြီး ထိုင်လိုက်သည်။

“လူကြီးမင်းရင်း ခုနက ကျွန်တော့်သရုပ်မှန်ကို ကူညီပြီး ဖုံးပေးလို့ ကျေးဇူးတင်ပါတယ်…”


လူကြီးမင်းရင်းက ပြုံးပြီး တုံ့ပြန်သည်။

“ကိစ္စ မရှိပါဘူး…”


ဝမ်ချီက သိချင်စိတ် ပေါ်လာပြီး မေးလိုက်သည်။

“ဒါပေမဲ့ လူကြီးမင်းရင်းက ကျွန်တော် စစ်သူကြီးလင်းရဲ့ ညီငယ်(၄)အဖြစ် ဟန်ဆောင်နေတာကို ဘယ်လိုလုပ်ပြီး သိတာလဲ…”


“အမှန်တိုင်း ပြောရမယ်ဆိုရင်…”

လူကြီးမင်းရင်းက ခဏ ရပ်တန့်ပြီးနောက် ဆက်ပြောသည်။

“အိမ်ရှေ့စံက ကျွန်တော်ကို ဒီကိုလာဖို့ လွှတ်လိုက်တာပါ… မင်းအကြောင်းကိုလည်း အိမ်ရှေ့စံကပဲ ပြောပြလိုက်တာ…”


ရှစ်ယဲ့လား…


ဝမ်ချီက အံ့ဩသွားပြီး စိတ်မထိန်းနိုင်ဘဲ မေးလိုက်သည်။

“အိမ်ရှေ့စံရော အဆင်ပြေရဲ့လား…”


ရင်းရှန့်ရှူးက သက်ပြင်းချလိုက်ပြီး ခဏတုံ့ဆိုင်းကာ ခေါင်းကို ဖြည်းညှင်းစွာခါပြီး ပြောသည်။

“အဆင်မပြေဘူး…”



💮💮💮