💮Chapter 81
မရဘူး …
ဒါကြီးကိုတော့ ငြင်းတယ်နော် …
ကျောက်စိမ်းများအား အသုံးပြုနေသည်ကပင် ရှက်စရာကောင်းနေပြီဖြစ်သည်။ ဝမ်ချီက ထိုကြီးမားသော ကျောက်စိမ်းချောင်းကြီး သူ့ဖင်ထဲဝင်နေမည်ကို စိတ်ကူးမကြည့်နိုင်ချေ။
“ကျွန်တော် ကိုယ်ခံပညာ လေ့ကျင့်ပါ့မယ် … ဒါပေမယ့် …”
ဝမ်ချီက သူ၏ ဗာဒံစေ့သဏ္ဌာန် မျက်ဝန်းများကို ကျယ်ကျယ်ဖွင့်ကာ ရှစ်ယဲ့အား သနားစဖွယ်ကြည့်လိုက်သည်။ ထို့နောက် စိုးရိမ်စွာဖြင့် တောင်းဆိုလိုက်၏။
“ကျွန်တော် အပြစ်ဒဏ်ကို မကြိုက်ဘူး … တခြားအပြစ်ပေးလို့ မရဘူးလား …”
ရှစ်ယဲ့၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။
အခွင့်အရေးရှိသည်ဟု ထင်ကာ ဝမ်ချီ၏ မျက်ဝန်းများ လင်းလက်သွား၏။
ထို့နောက် ရှစ်ယဲ့က ပြတ်ပြတ်သားသား ငြင်းဆန်လိုက်၏။
“မရဘူး…”
ဝမ်ချီက ရေခဲရိုက်ခံလိုက်ရသည့် ခရမ်းသီးနှယ်ဖြစ်သွားလေသည်။
“ဒါပေမယ့် မင်းဒီလောက်ထိ ငြင်းဆန်နေရင်လည်း ရပါတယ် …”
ရှစ်ယဲ့က စကားကို ရုတ်တရက် ပြောင်းပြောလိုက်ပြီး ဝမ်ချီအား သူ့လက်မောင်းကြားသို့ ဆွဲသွင်းလိုက်၏။ ထို့နောက် ဝမ်ချီ၏ ပါးပြင်အား ညှင်သာစွာ ပွတ်သပ်လိုက်သည်။
“တစ်ကြိမ်မှာ နှစ်ခုဆိုရင်ရော …”
ဝမ်ချီ “…”
မျှော်လင့်ချက်လေး ထားလိုက်မိသည့် ဝမ်ချီ့က လုံးဝစိတ်ဓာတ်ကျသွားခဲ့ရ၏။
ငါ သိသားပဲ …
အဲဒီ့ ခွေးမင်းသားက တစ်စက်မှ မကောင်းဘူး ..
အဲဒီ ခွေးမင်းသားက ခြိမ်းခြောက်ရုံတင်မကဘူး … ငါ့ကို တစ်နေ့လုံး စနေတတ်သေးတယ် …
ထိုခွေးမင်းသားက သူ့အား အဆိုပါ ကျောက်စိမ်းချောင်းများပေးရန် ရှောင်ရွှမ်ကျီအား စေခိုင်းခဲ့ခြင်း ဖြစ်ရမည်။ သူ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ အဆုံးသတ်တွင် ခံစားရသူမှာ ဝမ်ချီသာ ဖြစ်၏။
ဝမ်ချီ တွေးလေလေ၊ ရှစ်ယဲ့သူ့အား ထိုကျောက်စိမ်းချောင်းများကို အသုံးပြုခိုင်းမည့်အစား ၎င်းတို့ကို စားခိုင်းသင့်သည်ဟု တွေးနေမိသည်။
မည်သို့ပင်ဖြစ်စေ၊ သူက အလွန်ကြောက်နေ၏။ သူက သေရမည်ကို ကြောက်ပြီး ပြန်ပေးဆွဲသူများကဲ့သို့ ရှစ်ယဲ့ထံမှ အသတ်မခံလိုချေ။ ထို့ကြောင့် ထိုစကားများက သူ့လျှာပေါ်၌သာ ဝေ့ဝဲနေခဲ့ပြီး အစာအိမ်တွင်းသို့သာ တိတ်တဆိတ် ပြန်လည်မြိုချခံလိုက်ရ၏။
သူ မျက်မှောင်ကြုတ်လိုက်သည်။ သူ့မျက်နှာတစ်ခုလုံး ခါးသက်သက် ဖြစ်နေပြီး ခေါင်းအသာယမ်းလိုက်မိသည်။
“မရဘူး … မရဘူး … နှစ်ခုက များလွန်းတယ် …”
ဆန့်စရာအကြောင်းကို မရှိတာ …
“ဒါဆို တစ်ခု ...”
“တစ်ခုလည်း မရဘူး …”
ထိုစကားသံထွက်ပေါ်လာသည်နှင့် ဝမ်ချီ၏ ပါးပြင်အား ဆုပ်ကိုင်ထားသော လက်သည်လည်း တင်းကျပ်လာသည်။
ရှစ်ယဲ့၏ လက်ချောင်းထိပ်လေးများက ရေခဲတမျှ အေးစက်နေပြီး ဝမ်ချီ၏ပါးပြင်များပေါ်သို့ ရေခဲတုံးများဖြင့် လိမ့်နေသည့်နှယ် ခံစားရစေသည်။ အလွန်အေးစက်လှသဖြင့် ဝမ်ချီ တစ်ချက်တုန်သွားကာ ခေါင်းယမ်းနေသည်ကိုလည်း ရပ်လိုက်မိသည်။
သူက ခေါင်းမော့ကာ ရှစ်ယဲ့၏ မျက်ဝန်းများနှင့် ရင်ဆိုင်လိုက်သည်။ တစ်ဖက်လူက သူ့အား အေးစက်စက် ကြည့်နေ၏။
“ပန်ကုန်းက မင်းအမြင်ကို မေးနေတာ မဟုတ်ဘူး…”
ဝမ်ချီက ရှစ်ယဲ့၏ အကြည့်ကြောင့် ကိုယ်လေးကျုံ့လိုက်မိသည်။ သူက ရှစ်ယဲ့၏ အောက်ဆုံးမျဉ်းကို အကြိမ်ပေါင်းများစွာ ခုန်ကျော်မိခဲ့ဟန်ပင်။ ရှစ်ယဲ့၏ သည်းခံမှု ကုန်ဆုံးသွားသည်ကို ကြည့်ရင်း ဝမ်ချီက နောက်ထပ် ဆက်မငြင်းဝံ့တော့ပေ။
သူက သဘောတူရန် တုံ့ဆိုင်းနေမိသည်။ ရုတ်တရက် သူက စိတ်ကူးတစ်ခု ရလိုက်၏။
“အရှင့်သား … ကျွန်တော့်စိတ်ထင် ဒါက သိပ်မကောင်းဘူးထင်တယ် …”
ဝမ်ချီက ဝမ်းဗိုက်ကိုထိကာ အလေးအနက် အဆိုပြုလိုက်သည်။
“အရှင့်သား သတိမပြုမိဘူးလား … ဒီရက်ပိုင်း ကျွန်တော် အရမ်းအန်နေခဲ့တာလေ … ကျွန်တော့်စိတ်ထင် …”
ကိုယ်ဝန်ရှိနေပြီထင်တယ် …
ထိုစကားကို ပြောရခက်နေခဲ့သည်မှာ နှမြောစရာပင်။ ထိုစကားလုံးများက ဝမ်ချီ၏ လည်ချောင်းထဲတွင် တစ်ဆို့နေပြီး မည်သို့မှ ညှစ်ထုတ်၍မရနိုင် ဖြစ်နေ၏။ ထို့ကြောင့် သူက ရှစ်ယဲ့နားလည်ရန်သာ မျှော်လင့်ရင်း တစ်ဖက်လူ၏ မျက်ဝန်းများအား မျှော်လင့်တကြီးကြည့်လိုက်၏။
ဝမ်ချီအား ရှာဖွေရန် ရှစ်ယဲ့က ကျင်းကျိုးသို့ လူများများစားစား အတူခေါ်မလာခဲ့ချေ။ ကျောကျစ်မှတစ်ပါး သူ့အား နေ့စဉ်ခစားနေကျဖြစ်သည့် အစေခံများသာ ပါလာခဲ့၏။ ကျောကျစ်နှင့် အခြားအစေခံများသည်လည်း လက်မထပ်ရသေးသည်ဖြစ်ရာ ကိုယ်ဝန်အကြောင်း များများစားစား မသိကြချေ။
ဤကာလအား ဖြတ်ကျော်ပြီးသည်နှင့် သူက ကိုယ်ဝန်အကြောင်း မသိသဖြင့် အထင်မှားသွားခြင်း ဖြစ်သည်ဟု ရှစ်ယဲ့အား ပြန်လည် ပြင်ဆင်ပြောနိုင်လိမ့်မည်။
လက်ရှိအချိန်၌ ထိုသို့ပြောခြင်းဖြင့် သူက ကိုယ်ခံပညာအား သင်ယူခြင်းမှသာမက ကျောက်စိမ်းချောင်းများကိုလည်း ရှောင်တိမ်းနိုင်မည်ဖြစ်၏။
ဝမ်ချီ ပျော်ရွှင်စွာ တွေးလိုက်သည်။
သို့သော် ရှစ်ယဲ့၏ မျက်နှာက ခံစားချက်ကင်းမဲ့နေပြီး သူ့ဆိုလိုရင်းကို နားလည်ပုံမရချေ။
“မင်း ပြောချင်တာဘာလဲ …”
ဝမ်ချီ “…”
ရှစ်ယဲ့၏ အကြည့်က သူ့အကြည့်မှတစ်ဆင့် အစာအိမ်ကို အုပ်ကာထားသည့် သူ့လက်ပေါ်သို့ ကျရောက်သွားသည်။ ရှစ်ယဲ့က ခဏတွေးကာ မေးလိုက်၏။
“မင်း အစားမှားလို့လား …”
ဝမ်ချီက သွေးအန်ချင်စိတ်ကို မနည်းချုပ်တီးလိုက်ရ၏။ သူက တစ်ခဏချင်း ဆုံးဖြတ်ချက်ချလိုက်ကာ အံကြိတ်သံဖြင့် ပြောလိုက်သည်။
“ကျွန်တော် ကိုယ်ဝန်ရှိနေတာထင်တယ် … အရှင့်သား အဖေဖြစ်တော့မှာ …”
ရှစ်ယဲ့ “…”
ရှစ်ယဲ့က သူ့အမူအရာကို ထိန်းထားသည့်တိုင် သူ့နှုတ်ခမ်းများ လှုပ်စိစိဖြစ်သွားသည်ကို ဝမ်ချီ သတိပြုမိလိုက်၏။
ရှစ်ယဲ့၏ မျက်ဝန်းများက တစ္ဆေတစ်ကောင်အား မြင်လိုက်ရသကဲ့သို့ မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူက ဝမ်ချီအား ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။ ထို့နောက် တစ်ဖက်လူ၏ ဝမ်းဗိုက်အား ကြည့်လိုက်မိသည်။
လတ်တလောတွင် ဝမ်ချီက အများအပြား စားသောက်ထားသည်ဖြစ်ရာ သိသိသာသာ ဝိတ်တက်လာခဲ့၏။ သို့သော် သူက ခြုံငုံကြည့်လျှင်မူ ပိန်သွယ်သည်ဟု ထင်နေရဆဲပင်။ အနက်ရောင်ဝတ်ရုံအောက်ရှိ ဝမ်းဗိုက်နေရာသည်ပင် စူထွက်ခြင်းမရှိပေ။
ရှစ်ယဲ့၏ အကြည့်က ဝမ်ချီ၏ ဝမ်းဗိုက်ပေါ်တွင် အတန်ကြာ ရပ်တန့်နေ၏။
ဝမ်ချီက လိမ်ညာပြီးမှ အပြစ်ရှိစိတ်ကို ခံစားလာရသည်။ ရှစ်ယဲ့က သူ့အား အတန်ကြာ စိုက်ကြည့်နေသည်ဖြစ်ရာ သူထိုအရာအား မတွေးဘဲ မနေနိုင်တော့။ ရှစ်ယဲ့သာ သူသိုင်းပညာမသင်ချင်၍ ထိုသို့ပြောခြင်းဖြစ်ကြောင်း သိသွားပါက မည်သို့ဖြစ်သွားမည်ကို မတွေးရဲတော့ပေ။ အခြားအရာနှင့် ပတ်သတ်၍ လိမ်ညာနိုင်သည့်တိုင် ကိုယ်ဝန်ကဲ့သို့ လေးနက်သော ကိစ္စအား လိမ်ညာခြင်းမှာ….
ငါ ဘာလုပ်ရမလဲ …
လိမ်မိတာမှားပြီ …
အခုပြင်ပြောလို့ အချိန်မီလောက်သေးလား …
အစောပိုင်းကအထိ ကျေနပ်နေခဲ့သည့် ဝမ်ချီက ရုတ်တရက်ဆိုသလို ကပ်ဘေးအား မြင်ယောင်လာ၏။ သူက ရှစ်ယဲ့၏ ခန္ဓာကိုယ်မှ ရနံ့ကြောင့် ရှစ်ယဲ့သူ့အနီးသို့ တိုးကပ်လာကြောင်း သတိပြုမိလိုက်သည်။
သူ မည်သို့မှ မတုံ့ပြန်နိုင်မီ လက်တစ်ဖက်က သူ၏ အစာအိမ်နေရာသို့ ကျရောက်လာသည်။
ဝမ်ချီက ကြောင်အသွားသော်လည်း မရှောင်ရဲခဲ့ချေ။
သူ့ခြေထောက်များက တောင့်တင်းနေပြီး ရှစ်ယဲ့၏ လက်မောင်းအကြားသို့ သစ်သားချောင်းများသဖွယ် ကျဆင်းသွားသည်။ ရှစ်ယဲ့၏ လက်ဖဝါးက သူ့အစာအိမ်နေရာအား ခပ်ဖွဖွ ထိကပ်လျက်ရှိသည်။
အခန်းထဲတွင် ဖယောင်းတိုင်မီးရောင်များဖြင့် လက်ဖြာနေ၏။
တိတ်ဆိတ်နွေးထွေးသော လေထုထဲတွင် ဝမ်ချီက သူ့နှလုံးခုန်သံကိုပင် ကြားနေရသည်။ သူက အလွန်စိုးရိမ်ပြီး ကြောက်ရွံ့လာ၏။ တစ်ချိန်ထဲမှာပင် ရှစ်ယဲ့၏ အသက်ရှူသံပြင်းပြင်းကိုလည်း ခံစားမိနေသည်။ ရှစ်ယဲ့အဘယ့်ကြောင့် စိတ်လှုပ်ရှားနေသည်ကိုမူ သူ မသိချေ။
ဝမ်ချီက ကျားစီးနေရင်း ကျားပေါ်မှ မဆင်းနိုင်သူကဲ့သို့ နောင်တရလာ၏။ သူက အမြန်ပြန်ဖြေလိုက်သည်။
“ကျွန်တော် … ကျွန်တော် မသေချာပါဘူး … ဒီတိုင်းခံစားမိတာ …”
ရှစ်ယဲ့က ခဏကြာတိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
“ပန်ကုန်းသိပြီ …”
သူ သိတယ်လား …
သူက ဘာသိတာလဲ …
ဝမ်ချီက စိတ်တွင်း၌ ခန့်မှန်းချက်တစ်ခု ရှိလာသည်။ သူက အံ့အားသင့်သွားကာ မယုံနိုင်မှုနှင့် ပျော်ရွှင်မှုအား တပြိုင်နက် ခံစားလိုက်ရသည်။ သူက ရှစ်ယဲ့ အလွယ်တကူ ယုံသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူတို့ ထိုညက တစ်ဝက်တစ်ပျက်သာ ဖြစ်ခဲ့ခြင်းပင်။ ထို့နောက် ရှစ်ယဲ့ကလည်း ကန်ထုတ်ခံခဲ့ရသည်။
ရှစ်ယဲ့က ဒီအကြောင်း ဘာမှမသိတာများလား … ဒီတိုင်း ထိုးသွင်းလိုက်ရုံနဲ့ ကိုယ်ဝန်ရနိုင်တယ်လို့ တွေးနေတာများလား …
ဝမ်ချီ့စိတ်ထဲတွင် သံသယအနည်းငယ် ရှိနေသည့်တိုင် သူက အမြန်ဖယ်ရှားပစ်လိုက်၏။
သူက အံ့အားသင့်သွားသည့်တိုင် သူ့ကိုယ်သူအတွက် လွတ်လမ်းရှာရန် မမေ့ချေ။ သူက မျက်မှောင်ကြုတ်ကာ ရှက်ရွံ့နေဟန်ဖြင့် နှုတ်ခမ်းစူလိုက်သည်။
“ဒီကိစ္စအားလုံး ပြီးသွားရင် ကျွန်တော် သမားတော်ခေါ်ပြီး ကြည့်ခိုင်းလိုက်ပါ့မယ် … အခုတော့ အနားယူချင်တယ်…”
ရှစ်ယဲ့က ပြောလိုက်၏။
“ကောင်းပြီ …”
ဝမ်ချီ၏ မျက်ဝန်းအတွင်းတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။ သူက မျက်လုံးအမြန်မှိတ်ကာ ပင်ပန်းဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော် ပင်ပန်းနေလို့ …”
ရှစ်ယဲ့က သူ၏ဝမ်းဗိုက်ပေါ်တွင် လက်ကို အတန်ကြာ တင်ထားခဲ့သည်။ ထို့နောက် သူက လက်ကို ခပ်ဖြည်းဖြည်း ဖယ်ရှားကာ ဝမ်ချီအား အိပ်ရာပေါ် လှဲရန်ခွင့်ပြုလိုက်၏။
“နားတော့ …”
ဝမ်ချီက သူ့မျက်နှာအား စောင်အောက်တွင် ပုန်းကွယ်စေလိုက်သည်။ လိမ်ညာပြောခဲ့မိသည့်အတွက် သူ့ပါးပြင်များ ပူပြင်းနေ၏။ သူ၏ ထွက်သက်သည်ပင် ပူလောင်နေခဲ့သည်။ သူက အသံမထွက်အောင် ခပ်တိုးတိုး ညည်းညူလိုက်၏။
ထို့နောက် ရှစ်ယဲ့က ထထွက်သွားသည်။
ခဏအကြာတွင် ကျောကျစ်နှင့် အခြားအစေခံများက သူရေချိုးရန် သစ်သားဇလုံကြီးအား သယ်လာကြသည်။ အဆိုပါ အစေခံများသည်လည်း ကိုယ်ခံပညာ တတ်ကျွမ်းပုံရသည်။ အဆိုပါ လေးလံလှသည့် သစ်သားဇလုံကြီးအား သယ်လာရသည့်တိုင် ကျောကျစ်ကဲ့သို့ပင် မျက်မှောင်တစ်ချက်ကြုတ်ခြင်း မရှိကြပေ။
ဝမ်ချီက အခြားလူများကို စောင့်ဆိုင်းစေခြင်းနှင့် အသားမကျချေ။ ထို့ကြောင့် သူက အစေခံများအား အပြင်ထွက်စေကာ အဝတ်များချွတ်လျှက် ရေဇလုံအတွင်းသို့ ဝင်စိမ်လိုက်လေသည်။
…
နောက်တစ်နေ့၌ …
ဝမ်ချီက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခဲ့ပြီး နေ့မွန်းတည့်ချိန်မှသာ ကြည်ကြည်လင်လင် နိုးလာခဲ့၏။
ကျောကျစ်သည် တံခါးအပြင်ဘက်တွင် စောင့်နေပြီး အတွင်းဘက်ရှိ အသံအား ကြားသည်နှင့် တံခါးကို ခပ်ဖွဖွ ခေါက်လာသည်။
“ဝမ်သခင်လေး … နိုးပါပြီလား …”
ဝမ်ချီက အိပ်ရာထက်တွင် လှဲလျောင်းရင်း အိပ်ချင်မူးတူး အသံပြုလိုက်သည်။
သူ ယမန်နေ့ညက အိပ်ရာဝင်နောက်ကျသွားခဲ့သည်။ ယနေ့ သူ့၌ လုပ်စရာများများစားစား မရှိရာ အိပ်ရာထဲ၌ ခဏနေရန်စိတ်ကူးလိုက်၏။
သို့သော် ကျောကျစ်က နောက်တစ်ခွန်း ဆက်ပြောလိုက်သည်။
“ခဏနေရင် ဧည့်သည်တွေလာဖို့ရှိပါတယ် … ဝမ်သခင်လေး မြန်မြန်ထလိုက်တာ ကောင်းပါလိမ့်မယ် .. ဒီအစေခံတွေက ရေဖြည့်ပြီးပါပြီ …”
ဧည့်သည်ဟူသည့် စကားကြောင့် အိပ်ချင်မူးတူး ဖြစ်နေသည့် ဝမ်ချီ ရုတ်တရက် နိုးသွား၏။ သူက အိပ်ရာမှ ဖျတ်ခနဲထလိုက်ကာ ဝတ်ရုံကို အမြန်ဆွဲယူဝတ်ဆင်လျက် တံခါးထံသို့ လျှောက်သွားလိုက်၏။
ကျောကျစ်က ရေဇလုံတစ်လုံးကိုကိုင်ကာ စောင့်ဆိုင်းနေသည်။ သူအိပ်နေစဉ်တစ်လျှောက် ကျောကျစ်က မျက်နှာသစ်ရေအား အကြိမ်မည်မျှ လဲလှယ်ခဲ့ကြောင်း ဝမ်ချီ မသိတော့ပေ။
သူက အပြစ်ရှိစိတ်အား ခံစားလိုက်ရပြီး စိတ်မကောင်းပါဘူးဟု ခပ်တိုးတိုး ရေရွတ်ကာ ကျောကျစ်အား ရေဇလုံနှင့်အတူ အခန်းတွင်းသို့ ဝင်စေရန် အမြန်ဖယ်ပေးလိုက်၏။
“ကျောကျစ် … အခုတင် ဧည့်သည်လာမယ်လို့ ပြောလိုက်တာ မဟုတ်လား …”
ဝမ်ချီ၏ စိတ်ထဲတွင် ခန့်မှန်းချက်အချို့ ရှိနေ၏။
ကျောကျစ်က သစ်သားခုံပေါ်၌ ရေဇလုံကို တင်လိုက်သည်။ ထို့နောက် ဗီရိုအတွင်းမှ မျက်နှာသစ်သည့် ပစ္စည်းများကို ထုတ်ယူကာ ဝမ်ချီအား ကမ်းပေးရင်း ညှင်သာစွာ ပြောလိုက်၏။
“ကျွန်မသေချာမသိပါဘူး … ဝမ်သခင်လေး အောက်ထပ်ကိုဆင်းလိုက်ရင် သိပါလိမ့်မယ် …”
ဝမ်ချီက မျက်နှာသစ်သည့် ပစ္စည်းများကို ယောင်ဝါးဝါးဖြင့် ယူလိုက်သည်။ ရှေးအခါက ပစ္စည်းများက ခေတ်သစ်ရှိ သွားတိုက်တံ၊ သွားတိုက်ဆေးများနှင့် မတူချေ။ ၎င်းတို့မှာ အချောသပ်ထားသည့် မိုးမခကိုင်း သို့မဟုတ် ဆားဖြင့်ပြုတ်ထားသည့် ဆေးဖက်ဝင်အပင်များသာ ဖြစ်၏။ ၎င်းက အလွန်အခက်တွေ့စေသည်။
ဝမ်ချီ မျက်နှာသစ်ပြီးနောက် ကျောကျစ်က ရေဇလုံနှင့်အတူ ထွက်ခွာသွား၏။
ဝမ်ချီက စိတ်မပါလက်မပါဖြင့် အဝတ်ဝတ်လိုက်သည်။ သူက အစေခံနှစ်ဦးယူလာသည့် နေ့လည်စာကို စားသောက်ကာ ကျောကျစ်နှင့်အတူ အောက်ထပ်သို့ ဆင်းလာခဲ့၏။
အိမ်မှာ လေးထပ်ဖြစ်ပြီး မကြာမီမှာပင် သူတို့က ပထမထပ်ရှိ ခန်းဆောင်သို့ ရောက်လာကြသည်။
အကွာအဝေးတစ်ခုမှ တစ်ဆင့် ဝမ်ချီက အဓိကထိုင်ခုံ၏ ဘယ်ဘက်ထိုင်ခုံ၌ ရှိနေသော ရင်းနှီးသည့်ပုံရိပ်ကို တွေ့လိုက်ရသည်။ ထိုသူက လက်ဖက်ရည်ခွက်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် အဖုံးကို ကိုင်ထား၏။ ထိုသူ၏ မျက်ဝန်းများက အတွေးနက်နေဟန်ဖြင့် တစ်ဝက်မှေးစင်းလျက်ရှိသည်။ ထိုသူက လက်ဖက်ရည်အား အချိန်အတော်ကြာ သောက်သုံးနေ၏။
ကျောကျစ်နှင့် ဝမ်ချီ၏ ခြေသံများကို ကြားသည့်နောက် ထိုအမျိုးသားက မျက်လုံးလှန်ကြည့်လိုက်သည်။ သူက ဝမ်ချီ၏ မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါ သူ့မျက်နှာထက်၌ ရှက်ရွံ့မှုများ ဖြတ်ပြေးသွား၏။
အဓိကထိုင်ခုံတွင်မူ အနက်ရောင်ဝတ်လူက မေးထောက်လျက် တည်တည်ငြိမ်ငြိမ် ထိုင်နေသည်။ သူက ဝမ်ချီအား တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ဝမ်ချီ၏ ဝမ်းဗိုက်နေရာအား စိုက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်လေသည်။
ဝမ်ချီက အင်္ကျီလက်အတွင်း၌ တိတ်တဆိတ် လက်သီးဆုပ်လိုက်မိသည်။ သူက ကျည်ဆန်ကိုကိုက်လျက် ကျောကျစ်အနောက်မှ လိုက်ပါလာ၏။
ထို့နောက် ကျောကျစ်က ရပ်ကာ ရှစ်ယဲ့အား အရိုအသေပေးလိုက်သည်။
“အရှင့်သား … ဝမ်သခင်လေး ရောက်လာပါပြီ …”
“အင်း …မင်းထွက်သွားလို့ရပြီ …”
ရှစ်ယဲ့က အေးစက်စက် ပြန်ဖြေသည်။
“မှန်လှပါ …”
ကျောကျစ်ထွက်သွားသည့်နောက် ဝမ်ချီ့အရှေ့၌ ကာမည့်လူ မရှိတော့ချေ။ သူက ရှစ်ယဲ့အကြည့်အောက်သို့ လုံးလုံးလျားလျား ရောက်ရှိသွား၏။ သူ၏ လက်သီးဆုပ်လေးများက ဖြည်းဖြည်းချင်း ပြေလျော့လာကာ လက်ဖဝါးတစ်ခုလုံး ချွေးများဖြင့် ရွှဲစိုလာတော့သည်။
ရှစ်ယဲ့က သူ့အား လက်ယပ်ခေါ်လိုက်သည်။
“ဒီကိုလာ …”
ဝမ်ချီက ခဏကြာ တုံ့ဆိုင်းသွားသော်လည်း သူ့ထံသို့ လျှောက်သွားလိုက်၏။
ရှစ်ယဲ့နှင့် ခြေလှမ်းသုံးလှမ်းအကွာသို့ ရောက်ချိန်၌ သူက သတိကြီးစွာ ရပ်ပစ်လိုက်သည်။
ဝမ်ချီက ရှစ်ယဲ့အား အသာငေးကြည့်လိုက်၏။ ရှစ်ယဲ့က သူ၏ မီးလောင်ရာများအား မျက်နှာဖုံးတစ်ဝက်ဖြင့် ဖုံးအုပ်ထားလေသည်။ ထို့ကြောင့် သန့်ရှင်းလှပသော မျက်နှာတစ်ခြမ်းသာ လှစ်ဟလျက်ရှိ၏။
ရှစ်ယဲ့က သူ၏ ဇာမဏီမျက်ဝန်းများကို တစ်ဝက်မှေးကျဉ်းလျက် ဝမ်ချီအား ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲ၌ ဒေါသ၊ ပျော်ရွှင်မှု တစ်ခုမှ ရှိမနေခဲ့ပေ။
ဝမ်ချီက အဆိုပါ ဇာမဏီမျက်ဝန်းများကို ရင်ဆိုင်ရချိန်၌ စိတ်ထဲလှစ်ဟာသွားခဲ့သည်။ သူက အတွေးများကို အမြန်စုစည်းကာ နှုတ်ဆက်လိုက်၏။
“အရှင့်သား …”
ထို့နောက် သူက ဘယ်ဘက်ရှိလူကို ကြည့်လိုက်သည်။ သူ့မျက်နှာထက်ရှိ ရှက်ရွံ့မှုသည်လည်း ထိုသူ့ထက် လျော့မနေခဲ့ချေ။
“ဟွားသခင်လေး … ရောက်နေတာပဲ …”
ဟွားကျစ်ချန်၏ ပါးစပ်ထောင့်ရှိ ဒဏ်ရာများက ပျောက်ကွယ်မသွားသေးချေ။ သူက ဝတ်စုံပြည့် ဝတ်ဆင်ထားသည့်တိုင် ပင်ပန်းပုံပေါ်နေဆဲဖြစ်၏။ ထိုစကားကို ကြားသည့်နောက် သူက လက်ထဲရှိ ခွက်ကိုချကာ ရှက်ရွံ့မှုအား ဖုံးကွယ်ရန် အကောင်းဆုံးကြိုးစားရင်း အပြုံးဖြင့် ဖြေလိုက်သည်။
“အရှင့်သားက ဝမ်သခင်လေးကို ကြည့်ဖို့ ကျွန်တော့်ကို အမိန့်ပေးလိုက်လို့ပါ …”
“သမားတော်နဲ့ ပြဖို့လား …”
သူက ရှစ်ယဲ့သူ့အား အလွယ်တကူ လွှတ်ပေးမည်မဟုတ်ကြောင်း တွေးမိခဲ့သင့်သည်။ ဝမ်ချီက သက်ပြင်းရှိုက်ကာ တုန်တုန်ယင်ယင် မေးလိုက်၏။
“ကျွန်တော့်ကို ဘာလို့လဲ …”
ဤတစ်ကြိမ်၌ ရှစ်ယဲ့က ပြောလိုက်၏။
“သူ့မှာ ကိုယ်ဝန်ရှိနေလား ကြည့်ပေးပါ…”
သူက ဟွားကျစ်ချန်ကို ပြောလိုက်ခြင်းဖြစ်သည်။
💮💮💮