Chapter 249
Viewers 23k

Volume 12 : ရူပဗေဒဌာန


Chapter 249 (ကြယ်ရောင်ကောင်းကင်ချောက်နက် ၀၁)

ခယ်ရှောင်ပင်းသည် သူ့အဖွဲ့ဝင်များ၏ စွမ်းရည်များကို ရေတွက်ပြီးသောအခါ ကျောင်းသားများကို အချင်းချင်း စွမ်းရည်နားလည်လာစေရန် ကူညီပေးသည့် ဇယားကို လူတိုင်း၏ တက်ဘလက်ကွန်ပျူတာသို့ ပေးပို့ခဲ့သည်။

ယွဲ့ရှင်းဝမ်သည် လူတိုင်းကို သူတို့ဘေးနားက အနားယူသည့်နေရာမှာ ထိုင်ခိုင်းပြီး နောက်အစီအစဉ်ကို စပြီး ဆွေးနွေးကြသည်။

လက်ရှိတွင် C-183 သုတေသနအဖွဲ့၏ အဖွဲ့ဝင်အားလုံးသည် မသင်မနေရသင်တန်းများမှ Credit 74 မှတ်၊ ကျောင်းအားကစားပြိုင်ပွဲမှ Credit 2 မှတ်နှင့် စိတ်ကြိုက်သင်တန်းများမှ Credit 2 မှတ် စုစုပေါင်း Credit 78 မှတ် ရရှိထားသည်။ လန်ယာရုန်နှင့် ကျန်းရှောင်နျန်တို့သည် ပထမအပတ်တွင် အများသူငါစိတ်ကြိုက်သင်တန်းများမှာ မပါဝင်သောကြောင့် သူတို့သည် အခြားသူများထက် 2 မှတ်ပိုနည်းနေသည်။

ယွဲ့ရှင်းဝမ်က သေချာပေါက် သူ့အဖွဲ့ဝင်အားလုံးကို ဂရုစိုက်ရမည်။ အခြားသူများက အမှတ် 100 နဲ့ အောင်သွားသောအခါ လန်ယာရုန်နှင့် ကျန်းရှောင်နျန်တို့က 98 မှတ်ဖြင့် ဘွဲ့ရနိုင်မှာမဟုတ်ဘဲ သူတို့နှစ်ယောက်တည်း ထားခဲ့ဖို့က တော်တော် ဒုက္ခရောက်လိမ့်မည်။

သေချာစဉ်းစားပြီးနောက် ယွဲ့ရှင်းဝမ်က အကြံပြုခဲ့သည်။ "စီနီယာအစ်မလန်နဲ့ ရှောင်နျန်တို့က X အဖွဲ့ဝင်အဖြစ် အခြားသုတေသနအဖွဲ့ကို ပူးပေါင်းပြီး စိတ်ကြိုက်သင်တန်းအောင်ဖို့ အချိန်ယူလိုက်ပါလား။"

လန်ယာရုန်က သဘောတူသည်။ "ဒါက နည်းလမ်းကောင်းတစ်ခုပဲ။ ငါတို့ စိတ်ကြိုက်သင်တန်းကို ကျသွားရင်တောင် Credit တွေကို ထိခိုက်မှာ မဟုတ်သလို စာမေးပွဲပြန်ဖြေဖြို ငါတို့ကို ပထမထပ်ပို့မှာမဟုတ်ဘူး။ ငါ ချန်မုယွင်ကို သွားရှာလိုက်မယ်၊ သူတို့အဖွဲ့က ဥပဒေဌာနရဲ့ စိတ်ကြိုက်သင်တန်းကို ဖြေမှာဆိုတော့ Credit 2 မှတ်ရဖို့ ငါ သူတို့နဲ့ ပူးပေါင်းလိုက်မယ်။"

ကျန်းရှောင်နျန်က သူ့ခေါင်းနောက်ကို ကုတ်လိုက်ပြီး ပြောသည်။ "ဒါဆို ကျွန်တော်က စိတ်ကြိုက်သင်တန်းတတ်ချင်တဲ့ အဖွဲ့ရှိမရှိ ကြည့်ဖို့ 3 ထပ်မှာရှိတဲ့ ဗိသုကာဌာနကို သွားလိုက်မယ်။ Credit 2 မှတ်အတန်းက အရမ်းမခက်ခဲလောက်တာကြောင့် သာမန်အဖွဲ့တွေလည်း အောင်နိုင်ပါတယ်။"

ယွဲ့ရှင်းဝမ်: "အင်း၊ မင်းတို့က Credit 2 မှတ်ပဲလိုတော့တာ၊ စိတ်ကြိုက်သင်တန်းကို သွားတက်ပြီး အားလုံးကို အမီလိုက်နိုင်တယ်။"

လန်ယာရုန်နှင့် ကျန်းရှောင်နျန်တို့ နှစ်ယောက်စလုံးက နားလည်မှုကို ပြသရန် ခေါင်းငြိမ့်ပြကြသည်။ မသင်မနေရသင်တန်းများနှင့် မကိုက်ညီသော စိတ်ကြိုက်သင်တန်းများအတွက် စာမေးပွဲအချိန်သည် အများအားဖြင့် နေ့လယ် သို့မဟုတ် ညနေဖြစ်သည်။ သူတို့သည် အဖွဲ့တစ်ဖွဲ့ကို ရှာဖွေပြီး Credit 2 မှတ်တန် စိတ်ကြိုက်သင်တန်းကို အောင်ရန်သာ လိုအပ်သည်။ နောက်ပိုင်း မသင်မနေရသင်တန်းများတွင် 183 သုတေသနအဖွဲ့၏ အဖွဲ့ဝင်များဖြင့် အချိန်ကုန်ဆုံးတာက ပို၍လုံခြုံသည်။

ယွဲ့ရှင်းဝမ်က သူတို့ကို သတိပေးခဲ့သည်။ "ဒီစွမ်းရည်အဆင့်မြင့်တင်မှုမှာ အသက်ကယ်နဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ အများကြီးပါတယ်၊ နောက်သင်တန်းတွေမှာ ရှင်သန်ခြင်းအတန်းတစ်ခုနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်။ အားလုံးက ကိုယ့်ရဲ့အားအင်တွေကို ပြန်ဖြည့်ထားကြပါ။ မနက်ဖြန့် မနက် 7:30 မှာ ကန်တင်းဆိုင်ရှေ့မှာ ဆုံကြမယ်။"

အားလုံး အိပ်ဆောင်ကို ပြန်ရောက်ပြီးနောက် အိပ်ပျော်သွားကြသည်။

တစ်ဆက်တည်း စာမေးပွဲများသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုစမ်းသပ်ခြင်းဖြစ်ပြီး ကိုယ့်စိတ်ကိုယ် လန်းဆန်းစေရန် အချိန်ယူရမည်ဖြစ်သည်။ 

နောက်နေ့မနက်တွင် လူတိုင်းသည် ကန်တင်းမှာ အချိန်မီစုရုံးကြပြီး ထမင်းစားပြီးနောက် နှစ်သုတ်ခွဲကာ ဓာတ်လှေကားထဲသို့ လျှောက်သွားကြသည်။

မျှော်လင့်ထားသည့်အတိုင်း ဓာတ်လှေကားခလုတ်ပေါ်တွင် အထပ်အသစ်တစ်ခု ပေါ်လာသည်။

1 ထပ်: ဆေးပညာဌာန

2 ထပ်: သင်္ချာဌာန

3 ထပ်: ဗိသုကာဌာန

4 ထပ်: ဇီဝသိပ္ပံဌာန

5 ထပ်: အများသူငါစိတ်ကြိုက်သင်တန်းများ

6 ထပ်: ဥပဒေဌာန

7 ထပ်: ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန 

8 ထပ်: ပထဝီဝင်ဌာန

9 ထပ်: အနုပညာဌာန

10 ထပ်: ဓာတုဗေဒဌာန၊ နိုင်ငံခြားဘာသာစကားဌာန၊ စီးပွားရေးဌာန

11 ထပ်: အမည်မသိ (အသစ်)

အကျွမ်းတဝင်ရှိသော "အမည်မသိ" ဟူသော စကားလုံးက ယွဲ့ရှင်းဝမ်ကို သက်ပြင်းချနိုင်စေခဲ့သည်။ "11 ထပ်က ကိုယ်တိုင်ရွေးချယ်ရတဲ့ ဌာနဖြစ်နေတုန်းပဲ။"

ကျန်းဖျင်စစ်က ပြောခဲ့သည်။ "ဒါက သိပ္ပံနှင့်နည်းပညာ မဟုတ်ရင် စာပေနှင့်သမိုင်းဖြစ်နိုင်ခြေများတယ်။"

ဤသည်မှာ မပေါ်သေးသော ဌာနများဖြစ်သည်။ 11 ထပ်တွင် ဓာတ်လှေကားရပ်ရန် လူတိုင်းစောင့်ဆိုင်းပြီးနောက် အမြန်ထွက်လာခဲ့ကြသည်။ သေချာတာကတော့ သူတို့ရှေ့မှာ အနီရောင်ဖြင့် ရေးထားသော သတိပေးစာတန်းတစ်ခုနဲ့အတူ ကြီးမားသော LCD ဖန်သားပြင်ကြီးကို တွေ့လိုက်ရသည်။

[စာကြည့်တိုက် 11 ထပ်မှ ကြိုဆိုပါသည်။]

[11 ထပ်တွင် အဓိကဌာနနှစ်ခု ပါဝင်ပါသည်: ရူပဗေဒဌာနနှင့် အင်ဂျင်နီယာဌာန]

[ရူပဗေဒဌာနတွင် ပါဝင်သော အဓိကဘာသာရပ်သုံးမျိုးမှာ: အသုံးချရူပဗေဒ၊ လေထုရူပဗေဒနှင့် နက္ခတ္တရူပဗေဒ တို့ဖြစ်သည်။ အင်ဂျင်နီယာဌာနတွင်ပါဝင်သော အဓိကဘာသာရပ်များမှာ: ဟိုက်ဒရောလစ်အင်ဂျင်နီယာ၊ အာကာသအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်ယာ၊ ဒြပ်ဝတ္ထုအင်ဂျင်နီယာ စသည်တို့ဖြစ်သည်။ ၎င်းတို့အနက်မှ ဌာနတစ်ခုကို သင်ရွေးချယ်နိုင်ပြီး မသင်မနေရသင်တန်းများကို ဖြေဆိုနိုင်သည်။]

[ဌာနတစ်ခုကို ရွေးချယ်ပြီးနောက် သင်သည် ထိုဌာန၏ သင်တန်းစင်တာသို့ ဝင်ရောက်မည်ဖြစ်သည်။ ဌာန၏သင်တန်းကို သင်ပြီးမြောက်သရွေ့ စာကြည့်တိုက်က 11 ထပ်ကို သင်တန်းရှင်းလင်းရေးအဖြစ် မှတ်ယူလိမ့်မည်။]

ရူပဗေဒဌာနနှင့် အင်ဂျင်နီယာဌာနဟူ၍ ရွေးချယ်စရာနှစ်ခုပေါ်လာသည်။ သုတေသနအဖွဲ့ 183 တွင် အင်ဂျင်နီယာနှင့်ပတ်သက်သော ဘာသာရပ်ကျောင်းသားများ မရှိပါ။ လူတိုင်းက သံသယမရှိဘဲ ရူပဗေဒကို ရွေးချယ်လိမ့်မည်။

ယွဲ့ရှင်းဝမ်က ကျိုဖုန်းကိုကြည့်ကာ ပြောလိုက်သည်။ "စီနီယာအစ်ကို ရူပဗေဒဌာနကို သွားရအောင်။"

"သေချာတာပေါ့။" ကျိုဖုန်းက ခေတ္တရပ်လိုက်ပြီး ဆိုသည်။ "ဌာနမရွေးခင် ငါ ဘာသာရပ်များစွာကို တမင်တကာ စာရင်းပြုစုခဲ့တယ်၊ စာမေးပွဲရဲ့ အကြောင်းအရာမှာ ဗဟုသုတ ကဏ္ဍပေါင်းစုံ ပါဝင်မယ်လို့ ငါသံသယဖြစ်မိတယ်။"

"စီနီယာအစ်ကိုက ဘယ်ဘာသာရပ်ကို သင်ယူတာလဲ။" ချင်လုက သိချင်စွာ မေးလိုက်သည်။

"ငါက အသုံးချရူပဗေဒဘာသာရပ်ကို လေ့လာပြီး စက်ပြင်၊ အလင်း၊ လျှပ်စစ်သံလိုက်ပညာ၊ အက်တမ်ရူပဗေဒ၊ ကွမ်တမ်ရူပဗေဒနဲ့ အခြားသင်တန်းတွေကို လေ့လာဖို့ လိုတယ်။ ဒါပေမဲ့ လေထုရူပဗေဒနဲ့ နက္ခတ္တရူပဗေဒအကြောင်း ငါ သိပ်မသိဘူး။" ကျိုဖုန်းက ကူကယ်ရာမဲ့ပြောခဲ့သည်။

"..." ချင်လုသည် အထက်တန်းကျောင်းတွင် ရူပဗေဒကို ဘယ်တော့မှ မအောင်မြင်ခဲ့ပါ။ ဒီလိုပရော်ဖက်ရှင်နယ်စကားတွေကို နားထောင်ရုံနဲ့ ခေါင်းကိုက်လာသည်။ သူမက ပြုံးပြီးပြောလိုက်သည်။ "စီနီယာအစ်ကိုက ကျွန်မတို့လို ဘာမှမသိတဲ့သူတွေထက် ရူပဗေဒနဲ့ပတ်သက်တဲ့ သင်တန်းတွေကို အများကြီးတက်ဖူးတာပဲ။"

"ဟုတ်တယ်၊ အရမ်းဖိအားမများပါနဲ့။" လျှိုကျောင်ချင်းက ကျိုဖုန်း၏ပခုံးကို ပုတ်လိုက်သည်။ "မင်းတစ်ယောက်တည်း တိုက်ခိုက်နေတာမှ မဟုတ်တာ။ ငါတို့အဖွဲ့ထဲမှာ လူတွေအများကြီးနဲ့ မင်းကို ကူညီပေးနိုင်ပါတယ်။"

"မှန်တယ်။" ကျိုဖုန်းသညမ ယွဲ့ရှင်းဝမ်ကိုကြည့်ကာ ပြောလိုက်တော့သည်။ "သွားရအောင်၊ ရူပဗေဒဌာနကို သွားကြမယ်။"

ယွဲ့ရှင်းဝမ်သည် [ရူပဗေဒဌာန] [အင်ဂျင်နီယာဌာန]၏ ရွေးချယ်ရေးဘောက်စ်တွင် ရှေ့တစ်ခုကို နှိပ်လိုက်သည်။

သူ့ရှေ့ရှိ ဖန်သားပြင်သည် ဖြည်းညှင်းစွာ ပွင့်လာပြီး တံခါးပေါ်လာသည်။ အားလုံးဝင်ပြီးတာနဲ့ သူတို့ခြေထောက်အောက်က ကြမ်းပြင်သည် ရုတ်တရက် ကွဲအက်သွားကာ လူ 12 ယောက် မတုံ့ပြန်ခင်မှာ သူတို့သည် လျင်မြန်စွာ ပြုတ်ကျပြီး အောက်ခြေမရှိသော တွင်းနက်ကြီးထဲကို ကျရောက်ခဲ့သည်။ သူတို့ခန္ဓာကိုယ် အလေးချိန်ပျောက်ဆုံးပြီး အမြင့်ကနေ ပြုတ်ကျရသည့်ခံစားချက်က ရိုလာကိုစတာစီးတာထက် ပိုစိတ်လှုပ်ရှားစရာကောင်းသည်။

အနီးနားရှိ ကျောင်းသားအများအပြားက မနေနိုင်ဘဲ အော်ဟစ်ခဲ့ကြသည်။

ယွဲ့ရှင်းဝမ်က ဒီလိုအတွေ့အကြုံမျိုး တစ်ခါမှ မကြုံဖူးဘူး။ ပတ်ဝန်းကျင်သည် မှောင်နေပြီး သူ့ခြေဖဝါးအောက်က တွင်းသည် ဘယ်လောက်နက်သလဲ သူမသိချေ။ သူ ဒီလိုပြုတ်ကျရင် လူတိုင်း တစ်စစီကျမှာမဟုတ်ဘူးလား။

သူ့ကိုယ်သူ ပြုတ်ကျတာကို ရပ်တန့်ဖို့ တွန်းအားတစ်ခု ရှာချင်ပြီး တင်းမာမှုအောက်မှာ သူ့လက်ချောင်းတွေကို ဆုပ်ကိုင်လိုက်ပေမဲ့ သွယ်လျပြီး နွေးထွေးသောလက်ကို ဆုပ်ကိုင်ထားလိုက်မိသည်။ တစ်ဖက်လူက ချက်ချင်း သူ့ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ရင်းနှီးသော ခန္ဓာကိုယ်အပူချိန်က ထိတွေ့မှု အပိုင်းကနေ ထွက်လာသည်။ သူ ဘာမှ မမြင်ရသော်လည်း ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ဖြစ်တယ်ဆိုတာ ချက်ချင်း အကဲဖြတ်နိုင်လိုက်သည်။

သူသည် ကျန်းဖျင်စစ်ကို ကြုံသလို ဖမ်းမိလိုက်ပေမဲ့ တကယ့်ကိုဆိုးရွားပါသည်။

ကျန်းဖျင်စစ်၏အသံက သူ့နားထဲတွင် ထွက်ပေါ်လာသည်။ "အားလုံး မထိတ်လန့်ကြနဲ့၊ စာမေးပွဲမစသေးဘူး၊ ဒါက သွေးပူလေ့ကျင့်ခန်းလုပ်ရုံပဲ၊ စာကြည့်တိုက်က ငါတို့ကို ဘာမှလုပ်မှာမဟုတ်ဘူး။"

ခယ်ရှောင်ပင်းက ထောက်ခံသည်။ "ဟုတ်တယ်။ စာကြည့်တိုက်က ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီး မပြောပေမဲ့ နည်းနည်းတော့ စည်းကမ်းရှိနေတုန်းပဲ။ စာမေးပွဲမစခင် ငါတို့ကို သေအောင်ပစ်ချလိုက်တာ အရမ်းမိုက်မဲတယ်။ ဒါက ကြိုဆိုပွဲအခမ်းအနားလို့ ငါထင်တယ်။"

လျှိုကျောက်ချင်းက မကျေမနပ်ဖြစ်ကာ ဆဲသည်။ "ရူပဗေဒဌာနရဲ့ ကြိုဆိုပွဲအခမ်းအနား သောက်ရမ်းဖောက်ပြန်လွန်းတယ်။ ငါတို့ ဆက်ပြီးပြုတ်ကျနေဦးမှာလား။"

အသံကျသွားသည်နှင့် လူတိုင်း၏ခြေထောက်များသည် အလွန်ထူးဆန်းသော အရာဝတ္ထုများဖြင့် ရုတ်တရက် ထိမိသွားပြီးနောက်—

လူတိုင်းသည် ဖျင်ချပ်ကို နင်းလိုက်သကဲ့သို့ လေထဲတွင် ပျံဝဲနေကြသည်။

ကျိုဖုန်းက ကူကယ်ရာမဲ့ ပြောလိုက်သည်။ "အောက်မှာ စပရင်တွေရှိတယ်။"

လူတိုင်း: "..."

ရွှီယိရှန်းသည် သူ့နားထင်ကို အကူအညီမဲ့စွာ ဖိလိုက်သည်။ "အရင်ဆုံး ငါတို့က အလေးချိန်မရှိဘဲ ပြုတ်ကျတယ်၊ ပြီးတော့ ငါတို့ကို စပရင်နဲ့ ခုန်ခိုင်းတယ်။ ဒါကိုရပ်တန့်ဖို့ ငါတို့ နည်းလမ်းမရှာရင် ငါတို့က ပြုတ်ကျလိုက်၊ ခုန်လိုက်၊ ပြုတ်ကျလိုက်၊ ခုန်လိုက်နဲ့ မနက်ဖြန်အထိ ထပ်ကာထပ်ကာ လုပ်လို့ရတယ်။"

ခယ်ရှောင်ပင်းက တိုးတိုးလေးပြောသည်။ "ဒါက ဖျင်ချပ်ထက် ပိုစိတ်လှုပ်ရှားစရာကောင်းတယ်။"

ချင်လုသည် အော့အန်ချင်စိတ်ကို တွန်းလှန်ပြီး အားနည်းစွာ ပြောခဲ့သည်။ "ဘယ်လိုရပ်ရမလဲ။ ဒါကို နှစ်ကြိမ်ထပ်ကစားရင် ကျွန်မ အန်မိလိမ့်မယ်…"

ကျိုဖုန်းသည် ချက်ချင်းပင် ညာလက်ကို မြှောက်လိုက်ပြီး အလင်းတန်းတစ်ခုကို ထုတ်လွတ်လိုက်ကာ ပတ်ဝန်းကျင်ကို လင်းထိန်စေသည်။

သူတို့ရောက်နေသည့်နေရာက ဓာတ်လှေကား၏ဟင်းလင်းပြင်နဲ့ ခပ်ဆင်ဆင်တူတာကို အခုမှ လူတိုင်းမြင်နိုင်တော့သည်။ ဘေးပတ်ပတ်လည်နံရံများသည် အလွန်ချောမွေ့နေပြီး ငှားရန်နေရာမရှိပေ။ သို့သော် ဟင်းလင်းပြင်အလယ်တွင် တံခါးတစ်ပေါက်ရှိ၍ အကွာအဝေးသို့ ဦးတည်သော စင်္ကြံတစ်ခုကို ဖော်ထုတ်ရန် ဖွင့်ထားသည်။

ကျန်းဖျင်စစ်က ချက်ချင်းပဲ ပြောလိုက်သည်။ "အဲဒီတံခါးက သင်တန်းရွေးချယ်ရေးစင်တာရဲ့ ဝင်ပေါက်ပဲ။"

လျှိုကျောက်ချင်းက မေးလိုက်သည်။ "ဖျင်စစ်၊ ငါတို့ကို ပါရာဘိုလာနဲ့ ပို့ပေးလို့ရမလား။"

ကျန်းဖျင်စစ်က ခေါင်းယမ်းသည်။ "မရဘူး၊ ဒီဟင်းလင်းပြင်က စက်ပြင်ရဲ့ သက်ရောက်မှုကြောင့်ပဲ။ စပရင်က ကျွန်တော့်ကို တွန်းကန်လိုက်တာနဲ့ လူတိုင်းရဲ့ အမြန်နှုန်းက ပြောင်းလဲသွားပြီး ပါရာဘိုလာရဲ့ လမ်းကြောင်းက ဆွဲငင်အားအောက်မှာ ပြောင်းသွားလိမ့်မယ်။"

ကျိုဖုန်းက ပြုံးလိုက်သည်။ "ငါဆီအပ်လိုက်ပါ။ ဘယ်လိုလုပ်ရမလဲ ငါသိတယ်။"

သူစကားပြောပြီးသည်နှင့် ညာလက်ကိုဆန့်ကာ သံလိုက်ကြီးကို ညှိယူကာ တံခါးထဲသို့ N ဝင်ရိုး သံလိုက်ကို ပစ်ချပြီးနောက် လင်းမန့်လော်ကို လှည့်ကြည့်လိုက်သည်။ "မန့်လော်၊ အားလုံးကို မြန်မြန်ချိတ်ဆက်လိုက်ပါ။"

လင်းမန့်လော်သည် နွယ်ပင်များကို လျင်မြန်စွာ ပစ်လိုက်ပြီး အစိမ်းရောင်နွယ်ပင်များသည် လူတိုင်းကို အလျင်အမြန် ဝိုင်းသွားစေသည်။ ကျောင်းသားများသည် ကျိုဖုန်း ဘာလုပ်တော့မည်ကို သဘောပေါက်ကြပြီး ပူးပေါင်းကာ နွယ်ပင်များကို တွယ်ကပ်ကြသည်။

နောက်အခိုက်အတန့်မှာပဲ ကျိုဖုန်းက S ဝင်ရိုး သံလိုက်ကို ထုတ်လိုက်သည်။

တူညီသော ဝင်ရိုးစွန်းများရှိသော သံလိုက်များသည် တစ်ခုနှင့်တစ်ခု တွန်းကန်ကြပြီး ဆန့်ကျင်ဘက်ဝင်ရိုးစွန်းများက အချင်းချင်း စွဲဆောင်သည်။ ရူပဗေဒဌာနရှိ ကျောင်းသားများသို့ စာကြည့်တိုက်မှ ပေးပို့သော သံလိုက်များ၏ လုပ်ဆောင်ချက်ကို အကြိမ်များစွာ ချဲ့ထွင်ခဲ့သည်။ N ဝင်ရိုး၏ ဆွဲငင်အားကို လက်ခံရရှိပြီးနောက် S ဝင်ရိုးသည် ၎င်းနှင့် ချိတ်ဆက်ထားသော လူ သို့မဟုတ် အရာဝတ္ထုနှင့် အလိုအလျောက် ချဉ်းကပ်လာမည်ဖြစ်သည်။

ကျယ်လောင်သော "ဘမ်း" အသံကိုကြားလိုက်ရုံဖြင့် သံလိုက်နှစ်ခုသည် တင်းတင်းကျပ်ကျပ် ဆွဲငင်သွားပြီး သံလိုက်ဖြင့် ချိတ်ဆက်ထားသော လူများကို တံခါးထဲသို့ ချက်ချင်း စုပ်သွားခဲ့သည်။

"အားးးးးး" အနီးနားတွင် နောက်ထပ်အော်သံတစ်ခု ထွက်ပေါ်လာပြီး သံလိုက်ဖြင့် စုပ်ယူလိုက်သော အရှိန်သည် လေဆင်နှာမောင်းတိုက်ခတ်သွားသလိုပင်။

မိနစ်ဝက်အတွင်းမှာပင် လူတိုင်းသည် အစပိုင်းတွင် အလေးချိန်မရှိပြုတ်ကျပြီးနောက်မှာ စပရင်ဖြင့် ကောင်းကင်သို့ ခုန်ဆင်းကာ ယခုအခါ သံလိုက်၏ စုပ်ယူမှုအောက်တွင် တံခါးအတွင်းသို့ တယ်လီပို့လိုက်ကြသည်။ ထိုအချိန်တွင် လူအများစုမှာ မှောက်လျက် မူးဝေနေကြသည်။

ယွဲ့ရှင်းဝမ်သည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး ကျန်းဖျင်စစ်၏လက်ကို တင်းတင်းကျပ်ကျပ် သူ ဆုပ်ကိုင်ထားမိကြောင်း သတိပြုမိကာ နားရွက်များ ပူနွေးလာပြီး ရှက်ကိုးရှက်ကန်းဖြင့် တစ်ဖက်လူ၏လက်ကို ချက်ချင်း လွတ်လိုက်လေသည်။

ကျန်းဖျင်စစ်သည် သူ့လက်ကို အေးအေးဆေးဆေး ရုတ်လိုက်ပြီး သူ့အနီးနားက ကျောင်းသားတွေကို ကြည့်လိုက်သည်။ "မင်းတို့ အဆင်ပြေရဲ့လား။"

ချင်လုက ချောင်းဆိုးပြီး ဆိုသည်။ "ရပါတယ်၊ ငါ ရုတ်တရက် ပြုတ်ကျပြီး အပေါ်မြှောက်ခံရတော့ ငါ့ဗိုက်က နည်းနည်းအဆင်မပြေဖြစ်သွားရုံပါ။"

လျှိုကျောက်ချင်းက မနေနိုင်ဘဲ ညည်ူးညူသည်။ "ရူပဗေဒဌာနမှာ လှည့်ကွက်တွေ အများကြီးရှိတယ်၊ ကြိုဆိုပွဲအခမ်းအနားက ငါတို့ကို အသက်ထက်ဝက်လောက် ဆုံးရှုံးလုနီးပါးပဲ။ ရူပဗေဒဌာနရဲ့ သင်တန်းတွေက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းလိမ့်မယ်လို့ ငါ့မှာ ဆိုးရွားတဲ့ ကြိုတင်သတိပေးချက်တစ်ခုရှိတယ်။"

ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောလိုက်သည်။ "ကျန်တဲ့ဌာနနှစ်ခုကလည်း ဓာတုဗေဒဌာနလို့မဟုတ်ဘဲ ပိုကောင်းဖို့ ငါမျှော်လင့်တယ်။ Credit မှတ် ပိုမြင့်လေ၊ အခက်အခဲ ပိုများလေပဲ။"

သူတို့ရှေ့မှာ အလင်းတန်းတစ်ခု ပေါ်လာပြီး လူတိုင်းက အလင်းရင်းမြစ်နောက်ကို လိုက်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီး ရင်းနှီးပြီးသား သင်တန်းရွေးချယ်ရေး တက်ဘလက်ကို တွေ့လိုက်ရသည်။ ယွဲ့ရှင်းဝမ်က အထက်ဖော်ပြပါ အတန်းအချိန်ဇယားကို ဖွင့်လိုက်သည်—

ရူပဗေဒဌာနသည် မသင်မနေရသင်တန်းတစ်ခုသာ စီစဉ်ပေးထားသည်။

ကျောင်းသားများသည် ယွဲ့ရှင်းဝမ်ကို ပြောစရာစကားမဲ့စွာ ကြည့်နေကြသည်။ 'နတ်ဘုရားအဆင့် ကျီးကန်းပါးစပ်၊ သူ တကယ်ပြောလိုက်တာ၊ တကယ်ဖြစ်လာပြီ။'

တနင်္လာနေ့မှ သောကြာနေ့အထိ မနက် 8:00 နှင့် 2:00 နာရီတွင် “ကြယ်ရောင်ကောင်းကင်ချောက်နက်” မသင်မနေရသင်တန်းကို ထပ်ခါတလဲလဲဖြစ်ပြီး Credit မှာ 7 မှတ်ဖြစ်သည်။ အခြားအချိန်များတွင် “နျူကလီးယားရောင်ခြည်မြို့”နှင့် “သံလိုက်စက်ကွင်းဝင်္ကပါ” စသည်ဖြင့် စိတ်ကြိုက်သင်တန်းများစွာရှိသည်။

ဒီ Credit 7 မှတ်တန်က နည်းနည်းကြောက်စရာကောင်းပါသည်။

ရှင်းယန်က မျက်မှောင်ကြုတ်လိုက်သည်။ "Credit 7 မှတ်က ငါတို့ကြုံဖူးသမျှထဲမှာ အမြင့်ဆုံး Credit သင်တန်းပဲ။"

ရွှီယိရှန်းက ကူကယ်ရာမဲ့စွာ သက်ပြင်းချခဲ့သည်။ "ဟုတ်တယ်၊ အရင်သင်တန်းအများစုက Credit 4 မှတ်ဝန်းကျင်ပဲရှိတယ်။ ဇီဝသိပ္ပံဌာနရဲ့ ရှင်သန်ခြင်းသင်တန်း Credit 6 မှတ်နဲ့ ဓာတုဗေဒဌာနရဲ့ ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်း Credit 6 မှတ်က အရမ်းခက်ခဲနေပြီးပြီ။ ရူပဗေဒဌာနမှာ တိုက်ရိုက် Credit 7 မှတ်သင်တန်း လာခဲ့တယ်ဆိုတော့… အဲဒါက ဘယ်လောက်ခက်ခဲမလဲဆိုတာ ငါမသိဘူး။"

ကျိုဖုန်းက ခါးသက်သက်ပြူံလိုက်သည်။ "‘ကြယ်ရောင်ကောင်းကင်ချောက်နက်’၊ ဒီသင်တန်းရဲ့နာမည်ကို ကြည့်ရတာ နက္ခတ္တရူပဗေဒနဲ့ ဆက်စပ်နိုင်တယ်။"

ခယ်ရှောင်ပင်းသည် သူ့မျက်မှန်ကို ပင့်တင်ကာ လေးလေးနက်နက် တွေးဆလိုက်သည်။ "ဒါက စကြဝဠာထဲမှာ လူသားတွေရဲ့ စူးစမ်းရှာဖွေခြင်းနဲ့ ရှင်သန်ခြင်းများ ဖြစ်နိုင်သလား။"

#TK