အပိုင်း ၂၂
Viewers 32k

ယနေ့ညတွင် ဖုကျန်းသည် ကြောက်ရွံ့နေခဲ့ကာ သူ့အပြုအမူမှာလည်း အနည်းငယ်မှားယွင်းနေခဲ့ပြီး ကျန်းဟန်ရှု၏ အင်္ကျီစကိုဆွဲ၍ ခေါင်းမာသော ကလေးတစ်ယောက်လို မေးလိုက်သည်။
". ငါနဲ့စကားပြောပေးလို့ရမလား....."
ကျန်းဟန်ရှု: ".....မင်း ဘာပြောချင်လို့လဲ..."
အမှန်တကယ် ဖုကျန်းတွင် ကျန်းဟန်ရှုကို ဘာပြောချင်သည်ဟူ၍ အတွေးမရှိခဲ့ပေ။ သူ အိပ်ရာမဝင်ခင် ကျန်းဟန်ရှု သူ့ကို အဖော်ပြုပေးစေချင်ရုံသပ်သပ်သာဖြစ်သည်။
သူ အလွန် တစ်ကိုယ်ကောင်းဆန်မိနေသည်ကို သိသော်ငြား သူ့ကိုယ်သူ မထိန်းချုပ်နိုင်ခဲ့ချေ။
အချိန်အတော်ကြာစဉ်းစားပြီးနောက် ဖုကျန်းသည် ကျန်းဟန်ရှုကို ပြောလိုက်သည်။
".ငါ ငယ်ငယ်တုန်းကအကြောင်းတွေ ပြောမယ်လေ..."
ကျန်းဟန်ရှု ပါးစပ်ကိုတင်းတင်းစေ့လျက် အသံပြုလိုက်သည်။ သူ၏ မျက်လုံး‌ထောင့်စွန်းမှတစ်ဆင့် အိပ်ရာဘေးရှိ စားပွဲပေါ်မှ ဖုကျန်း၏ နှိုးစက်နာရီကို ဖျတ်ခနဲ တွေ့လိုက်သည်။ နာရီလက်တံသည် အလွန်နှေးကွေးစွာ လှည့်ပတ်နေသည်။ အပြင်ဘက်ရှိ ကောင်းကင်မှာ မှောင်နေဆဲဖြစ်ပြီး နေထွက်ချိန်နှင့်လည်း အတော်ဝေးသေးသည်။
".ငါငယ်ငယ်က တအားဆိုးခဲ့တာ.. ငါ့အဖေကလွဲပြီး အိမ်မှာရှိတဲ့လူ ဘယ်သူကမှ ငါ့ကို မထိန်းချုပ်နိုင်ကြဘူး... တစ်ရက်သားက ငါ့အဖေက ခရီးထွက်သွားပြီး ငါ့အကိုကလည်း အိမ်မှာမရှိတုန်းကို အိမ်အနောက်ဘက်က ညောင်ပင်ကြီးပေါ်တက်ပြီး သူတို့တွေ ငါ့ကိုတစ်နေကုန်လိုက်ရှာနေကြတာကို ကြည့်နေခဲ့တာ .... နောက်ဆုံး သူတို့ ဘယ်လိုမှ ငါ့ကိုရှာမတွေ့တော့ အဖေ့ကိုလှမ်းခေါ်ကြလေရော .... ငါ့အဖေကလည်း ညတွင်းချင်း အလုပ်ကနေ တက်သုတ်ရိုက်ပြန်လာပြီး ငါ့ကို သစ်ပင်ပေါ်ကနေ ပွေ့ချီပြီး ပြန်‌ခေါ်လာခဲ့ပေးတာ ....."
ထိုအဖြစ်အပျက်နောက်ပိုင်းတွင်မှ ဖုတင်းမှတစ်ဆင့် ဖုကျန်းသိလိုက်ရသည်မှာ ဖုကျန်ချန်း အိမ်ပြန်မလာခင်က ယွမ်တစ်သန်းကျော်တန်သော အပေးအယူကို ဆွေးနွေးနေခဲ့ခြင်းဖြစ်သည်။
".ပြီးတော့ရော ဘာဆက်ဖြစ်လဲ...."
ကျန်းဟန်ရှုမှ မေးလိုက်သည်။
".ပြီးတော့ သူ ငါ့ကို တစ်ညလုံး လေချိုသွေးပြီးချော့တယ် .... နောက်နေ့ကျ ပြင်းပြင်းထန်ထန်ကို ရိုက်ခဲ့တယ် ..."
ဖုကျန်း ထိုသို့ပြောနေစဉ်က ပြုံးနေခဲ့သော်ငြား ထိုအပြုံးဟာ ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။
ဖုကျန်းပြန်ပေးဆွဲခံရစဉ်က သူသည် ဖုကျန်ချန်း လာကယ်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားချေ။ သူ ဆေးခန်းရှေ့က လမ်းကို ဖြတ်သန်းလာခဲစဉ်က ကလေးတစ်ယောက်၏ သူ့အဖေကို ခေါ်နေသံအားကြားခဲ့သည်။ အတိတ်က ဖုကျန်းချန်ကို ရုတ်တရက် လွမ်းဆွတ်မိတော့သည်။
တစ်ချိန်က သူ့ကို ချစ်ခင်ပေးမည့် အဖေ၊ အကိုနှင့် ပျော်ရွှင်စရာ အိမ်ကလေးတစ်လုံးကို ပိုင်ဆိုင်ခဲ့ဖူးသည်။
".ငါ့အဖေကို လွမ်းတယ် .. ဒါပေမဲ့ သူ ဘယ်တော့မှ ပေါ်လာတော့မှာမဟုတ်မှန်းလည်း သိတယ်...သူတို့တွေ နောက်ထပ်မရှိတော့ဘူးဆိုတာကို လက်မခံနိုင်တာမဟုတ်ပါဘူး .. ဒါပေမဲ့ တစ်ခါတစ်‌ လေတော့ သူ့ကို ရုတ်တရက် သတိရမိတယ် ...."
ဖုကျန်း၏ မျက်တောင်များမှာ စင်းသည်ထက်စင်းလာပြီး သူ့အသံမှာလည်း တိုးသည်ထက်တိုးလာသည်။ ကျန်းဟန်ရှုသည် ဖုကျန်း၏ အသံတိတ်ဆိတ်သွားပြီး အသံရှုသံတိုးတိုးလေး ထွက်ပေါ်လာသည်အထိ အိပ်ရာဘေးတွင် ရှိနေပေးခဲ့သည်။ မျက်ရည်စက်များသည် ပါးမှတစ်ဆင့် အပြာရောင်ခေါင်းအုံးစွပ်ပေါ်သို့ ကျဆင်းသွားပြီးနောက် မျက်ရည်စီးကြောင်းတစ်ခုသာ စွန်းထင်ကျန်ရစ်နေလေသည်။
ကျန်းဟန်ရှု ထိုအကြောင်းအရာမှာ အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားမိသည်။ သူသည် တုံ့ဆိုင်းနေခဲ့ပြီးနောက် လက်ကို‌မြှောက်၍ ဖုကျန်း၏မျက်နှာပေါ်မှ မျက်ရည်စက်များကို ခြောက်သွေ့စေခဲ့သည်။
".မသွားပါနဲ့..."
ဖုကျန်းက တိုးတိုးလေးညည်းလိုက်သည်။ သူ့လက်ချောင်းများက ကျန်းဟန်ရှု၏ အင်္ကျီစကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ကျန်းဟန်ရှု အိပ်ရာပေါ်မှ လူငယ်လေးကို ငုံ့ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများမှာ သူကိုယ်တိုင်ပင် သတိမပြုမိစွာ ကြင်နာသနားခြင်းများဖြင့် ပြည့်နှက်နေသည်။ ထို့နောက်တွင် ကုတင်အစွန်း၌ တင်ပုလွဲထိုင်လိုက်သည်။
မနက်ဖြန်တွင် သူ ပျောက်ဆုံးနေသောကိစ္စကို စစ်ဆေးရန် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သွားရမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင်မူ သူ အနည်းငယ် လှုပ်လိုက်လျှင်ပင် ဖုကျန်းမှာ မျက်မှောင်ကြုတ်ပြီး နိုးလာတော့မယောင်ဖြစ်နေသည်။ ကျန်းဟန်ရှုသည် ပထမဆုံးအကြိမ် လူပျိုတစ်ဦး၏ စွမ်းရည်နှင့်ပတ်သက်၍ တစ်ခုခု လုပ်သင့်သည်ဟု ခံစားရသည်။
သူ့ ကုတ်အင်္ကျီကိုချွတ်လိုက်ပြီး ဖုကျန်းကိုခြုံပေးလိုက်ကာ အိပ်ရာဘေးတွင် ဝင်လှဲလိုက်သည်။ ဖုကျန်းမှာ တစ်ခုခုကို အိပ်မက်မက်နေပုံပေါ်သည်။ သူ တစ်ဖက်သို့လှည့်လိုက်ပြီး ကျန်းဟန်ရှု၏ ခန္ဓာကိုယ်ကို သူ့လက်မောင်းများဖြင့် ပွေ့ဖက်လိုက်သည်။
ကျန်းဟန်ရှုသည် မီးပိတ်လိုက်ပြီးနောက် အမှောင်ထဲတွင် သူတို့၏ခန္ဓာကိုယ်များမှာ ပူးကပ်သွားပြီး အသက်ရှူသံများမှာလည်း ရောယှက်ထွက်ပေါ်လာသည်။
သူ ဘားတွင်ဖြစ်ခဲ့သည့်ညကို ပြန်စဉ်းစားသော်ငြား ဝိုးတဝါးအလင်းစနှင့် အရိပ်‌ဖျော့ဖျော့မှတစ်ပါး မည်သည့်အရာကိုမျှ မမှတ်မိနိုင်ခဲ့ချေ။
မြို့တော်၏ တစ်ခြားတစ်ဖက်တွင်မူ ရေနှင့်လရောင်သဖွယ်၊ ကမ္ဘာမြေပေါ်မှ နတ်ဘုံသဖွယ် ဖုမိသားစု၏စံအိမ်သည် တိတ်ဆိတ်ခြင်းတို့ ကြီးစိုးနေသည်။
ဖုကျန်းချန် အိပ်မက်တစ်ခုမက်နေခဲ့သည်။ အိပ်မက်မှာ အဆုံးမရှိသော သမုဒ္ဒရာကဲ့သို့ပင်။
သူ၏သားငယ်မှာ လှေပေါ်တွင် တစ်ကိုယ်တည်းထိုင်နေပြီး မျက်လုံးဝိုင်းများဖြင့် သူ့ကိုငေးကြည့်နေခဲ့သည်။ ကလေးငယ်၏ မျက်ဝန်းများမှာ မြူနှင်းလွှာတစ်ထပ်ဖြင့် ဖုံးအုပ်ခံထားရပြီး စိတ်ပျက်အားငယ်ကာ အထီးကျန်နေပုံပေါ်သည်။ ဖုကျန်းချန်၏ နှလုံးသားမှာ နာကျင်လာပြီး သူ့သားငယ်ထံ သွားလိုသောကြောင့် သူ့လက်ကို ပြင်းပြင်းထန်ထန်လှုပ်ရှားလိုက်သည်။
သို့သော် ရုတ်တရက် မုန်တိုင်းက တိုက်ခတ်လာသည်။ တည်ငြိမ်နေသော ပင်လယ်ပြင်မှာ လှိုင်းတံပိုးထန်လာပြီး လှေငယ်လေးသည် လှိုင်းလုံးကြီးများ၏ ဝါးမြိုမှုကိုခံလိုက်ရသည်။ လှေပေါ်မှ ကလေးမှာတော့ တစ်ချက်သာ အော်ဟစ်အကူအညီတောင်းနိုင်လိုက်သည်။ ထို့နောက်တွင်မူ ဘာမှမရှိတော့၊ အားလုံး နစ်မြုပ်သွားပြီဖြစ်သည်။
ပင်လယ်ပြင်သည် လှိုင်းတလိမ့်လိမ့်တက်နေသော်ငြား သူ့သားငယ်သည်တော့ ပြန်မလာနိုင်တော့ချေ။
ဖုကျန်းချန် အိပ်မက်မှလန့်နိုးလာခဲ့ပြီး သူ့လက်ဖဝါးမှာ ချွေးများဖြင့် စိုစွတ်နေခဲ့သည်။ ထို့နောက် သူ့အိပ်မက်ကို အမှတ်ရမိချိန်‌တွင်တော့ နောက်တစ်ကြိမ် တုန်လှုပ်မိပြန်သည်။
ထိုနေ့နောက်ပိုင်းတွင် သူသည် ပြန်ပေးဆွဲသူများထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကိုမျှပင် မရရှိခဲ့တော့။ ထန်ဝမ်ဝမ်နှင့် မျက်နှာခြင်းဆိုင်ရှိနေခဲ့သော နေ့အတွင်းတွင် သူသည် ဖုကျန်းပြန်ပေးဆွဲခံရသည်ကို လုံးဝအမှတ်မရချေ။ အိပ်မက်ဆိုးမက်သည့်အချိန်တွင်သာ သတိရခြင်းဖြစ်သည်။
ဖုကျန်းချန် အိပ်ရာဘေးမှ ဖုန်းကို ယူလိုက်ပြီးနောက် ပြန်ပေးဆွဲသူ၏ ဖုန်းနံပါတ်မှာ blacklist အသွင်းခံထားရသည်ကို တွေ့လိုက်ရသည်။ သူ အချိန်အတော်ကြာ အေးခဲသွားပြီးနောက် တုန်လှုပ်နေသောလက်ချောင်းများဖြင့် ဖုန်းမျက်နှာပြင်ကို အကြိမ်အနည်းငယ်ပွတ်ဆွဲပြီး ဖုန်းခေါ်လိုက်သည်။
ဖုန်းမဝင်သွားခင်အထိ အချိန်အတော်ကြာ မြည်နေခဲ့သည်။ ဖုန်းတစ်ဖက်မှလွီ့ဟန်သည် သေပြေးရှင်ပြေး ပြေးခဲ့ရသကဲ့သို့ အသက်ရှုသံပြင်းပြင်းဖြင့် ဖြေလိုက်သည်။
" ဖုကျန်းချန် ..."
အဆဲစကားအတွဲလိုက်ဖြင့် လွီ့ဟန်အော်ငေါက်ပြီးနောက် ဖုကျန်းချန်က မေးလိုက်သည်။
".အခု ဖုကျန်း ဘယ်လိုနေလဲ..."
ဖုန်းတစ်ဖက်မှ လွီ့ဟန်သည် လှောင်ရယ်၍ ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေလိုက်သည်။
".သေပြီနေမှာပေါ့ ...."
ဖုကျန်းချန် နောက်ထပ်မေးလာမည်ကိုမစောင့်ဘဲ လွီ့ဟန် ဖုန်းချပစ်လိုက်ပြီး အတုံ့အလှည့်အနေဖြင့် ဖုကျန်းချန်၏ဖုန်းနံပါတ်ကို block လိုက်သည်။
ဖုကျန်းချန် အပေါ်ထပ်တစ်ထည်ဝတ်၍ အခန်းအပြင်သို့ ထွက်လာခဲ့သည်။ လှေကားပေါ်မှဆင်း၍ ဖုန်းကိုကိုင်ကာ မည်သူ့ကိုဆက်ရမည်ကိုမသိသည့်စိတ်ဖြင့် ဧည့်ခန်းထဲမှ ဆိုဖာ၏ရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။
သူ၏နောက်ပါးထံမှ ခြေသံခပ်သွက်သွက်ကိုကြားလိုက်ရသောကြောင့် ဖုကျန်းချန် လှည့်ကြည့်လိုက်ရာ လှေကားပေါ်မှဆင်းလာသော ထန်ဝမ်ဝမ်ကို တွေ့လိုက်ရသည်။
သူမ ဖုကျန်းချန်၏အနီးသို့ ရောက်လာပြီး မေးလိုက်သည်။
".အဖေ တစ်ခုခုဖြစ်လို့လား ...."
ဖုကျန်းချန်သည် ရုပ်ကြွင်းသဖွယ် တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာမှ ခေါင်းကိုအသာယမ်း၍ ထန်ဝမ်ဝမ်ကိုပြောလိုက်သည်။
".အဆင်ပြေပါတယ် ...."
ထန်ဝမ်ဝမ်သည် ပြုံး၍ပြောလိုက်သည်။
".ဒါဆို အဖေ အခန်းပြန်ပြီး နားတော့လေ ..."
".သမီးရောပဲ ကောင်းသောညပါ..."
ဖုကျန်းချန် ထိုသို့ပြောပြီးနောက် ဖုန်းကိုချ၍ အပေါ်ထပ်သို့ ပြန်တက်သွားတော့သည်။
ထန်ဝမ်ဝမ် ထိုနေရာမှာရပ်နေရင်း ဖုကျန်းချန်၏ အတွေးလွန်နေသောနောက်ကျောကို ရပ်ကြည့်နေခဲ့သည်။
......
ကျန်းဟန်ရှု လေးနာရီတောင် မအိပ်လိုက်ရဘဲ နိုးလာခဲ့သည်။ သူ့ဘေးမှ ဖုကျန်းမှာ အိပ်မောကျနေဆဲဖြစ်သည်။ အသက်ရှူသံတိုးတိုးနှင့် သူ့မျက်နှာပေါ်တွင်လည်း နွေးထွေးမှုအနည်းငယ် စွန်းထင်းနေသည်။
သူ ကိုယ်ပေါ်မှ ဖုကျန်း၏လက်ကို အသာဖယ်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ထိုင်ပြီး ဖုန်းဆက်လိုက်သည်။
".ငါ့အတွက် တစ်ယောက်ယောက်ကို စုံစမ်းပေး..."
".ဘယ်သူလဲ..."
".ဖုကျန်း..."
တစ်ဖက်မှသူသည် ပျော်ရွှင်စွာဖြင့် သဘောတူလိုက်သည်။
".သုံးရက်အတွင်း ရစေရမယ် ...."
ကျန်းဟန်ရှု ဖုန်းချပြီးနောက် မျက်လုံးမှိတ်လျက် ဆို‌ဖာပေါ်သို့ မှီချလိုက်သည်။
မနက်နေရောင်သည် ပြတင်းပေါက်မှတစ်ဆင့် ဆိုဖာကိုဖြတ်ကာ ကြမ်းပြင်ပေါ်သို့ ကျရောက်လာလေသည်။
တိတ်ဆိတ်နေသောအိမ်မှာလည်း စကားပြောသံ၊ တံခါးဖွင့်သံ၊ ရေသံ၊ ကလေးသံတို့‌ကြောင့် တစ်ဖြည်းဖြည်းအသက်ဝင်လာသည်။
ဖုကျန်းသည်လည်း ထိုအဆောက်အဦးအတွင်း၌ပင် နိုးထလာခဲ့သည်။ ယမန်နေ့ညက ဖြစ်ပျက်ခဲ့သည်များကိုစဉ်းစားပြီးနောက် သူသည် ကျန်းဟန်ရှုကို မျက်နှာမပြရဲတော့ဟု ခံစားမိသည်။
".တကယ်ကို ရူးကြောင်ကြောင်ဖြစ်နေပြီ .... ကျန်းဟန်ရှုကတော့ မနေ့ညက အများကြီး ပင်ပန်းခဲ့မှာပဲ ...."
ဖုကျန်း အချိန်အတော်ကြာ သက်ပြင်းချရင်း ဆက်ရေရွတ်လိုက်သည်။
".ကျန်းဟန်ရှုက တကယ်ကို လူကောင်းပဲ ..."
သူ၏ ရှုပ်ပွနေသောဆံပင်ကို ရှင်းလင်း၊ ဖိနပ်အပါးစီး၍ တံခါးကိုဆွဲဖွင့်ပြီး အခန်းအပြင်သို့ ထွက်လာခဲ့သည်။
သူ ဆိုဖာပေါ်တွင်ထိုင်နေသော ကျန်းဟန်ရှုကို တွေ့လိုက်သည်။ နေရောင်ခြည်သည် သူ၏ အနက်ရောင်ဆံပင်တိုနှင့် ပြာလဲ့လဲ့မျက်ဝန်းများအပေါ် ဖြာကျနေသည်။
ဖုကျန်းသည် အနားသို့ ‌လျှောက်လာခဲ့သည်။ ကျန်းဟန်ရှုသည် သူ၏ရောက်လာမှုကို သတိပြုမိ၍ ခေါင်းမော့ကြည့်လိုက်သည်။ ဖုကျန်း သူ့ကိုပြောနေသည်ကိုသာ ကြားခဲ့သည်။
".မနေ့ညက ကျေးဇူးပဲ ...."
ကျန်းဟန်ရှု ခေါင်းညိတ်၍ ဖုကျန်းကို‌ ပြောလိုက်သည်။
".ဒီနေ့ လုပ်ငန်းခွင်ထဲ သွားမနေနဲ့တော့ .... မင်းအတွက် ခွင့်တိုင်ပေးထားမယ်...."
ဖုကျန်း၏အတွေးသည်လည်း အတူတူပင်ဖြစ်သည်။ ဒီအခြေအနေတွင် သူသည် သဲတစ်လှည်းကိုတောင် ရွှေ့နိုင်မည်မဟုတ်ချေ။
".အလုပ်မလာချင်လို့ တမင်သပ်သပ်လိမ်တာလို့ ခေါင်းဆောင်က မတွေးဖို့ မျှော်လင့်ရမှာပဲ ...."
"ငါ သွားပြီ..."
ကျန်းဟန်ရှု ဆိုဖာပေါ်မှ ကုတ်အင်္ကျီကို ကောက်ယူ၍ အငှားအိမ်မှ ထွက်ခွာလာခဲ့သည်။
ကျန်းဟန်ရှုထွက်သွားပြီးနောက် ဖုကျန်းသည် ရိုးရှင်းသော မနက်စာကိုပြင်ဆင်၍ စားသောက်ပြီးနောက် ဖုန်းကိုယူကာ Weibo ကို ဖွင့်ကြည့်ခဲ့သည်။
ဒီတစ်ကြိမ် ပြန်ပေးဆွဲခံရခြင်းဟာ သူ့ကို သုံးရက်ခန့် နှောင့်နှေးစေခဲ့သည်။ သရုပ်ပြပုံမှာ ယမန်နေ့ညကပင် အပြီးသတ်ပို့ပေးရမည်ဖြစ်သည်။ ယခုတော့ သူသည် စရန်ငွေကိုယူပြီး ထွက်ပြေးသွားသည်ဟု တစ်ဖက်လူက ထင်ကောင်းထင်နေလိမ့်မည်ဖြစ်သည်။ သေချာပေါက်ပင် တစ်ဖက်လူသည် မနေ့ညက သီးသန့်စာတိုများစွာ ပို့ထားခဲ့သည်။ သို့သော်ငြား လေသံတုန်း(tone)ဟာ အလွန်ငြင်သာသည့်အတွက် ဖုကျန်းမှာ ပို၍ပင် အားတုံ့အားနာဖြစ်ရပြီး တစ်ဖက်လူဆီသို့ စာတိုတစ်စောင် အလျင်အမြန်ပို့လိုက်သည်။
"..တောင်းပန်ပါတယ်...ဒီရက်ပိုင်း အိမ်မှာ ပြဿနာနည်းနည်းတက်နေလို့ ...ပုံက အပြီးမသတ်ရသေးဘူး ... သန်ဘက်ခါလောက်မှ အပြီးသတ်နိုင်မှာ... တကယ်လို့ အလျင်လိုနေရင် ကျွန်တော် စရန်ငွေပြန်အမ်းပေးမယ်လေ .... စောင့်မယ်ဆိုရင်တော့ ဈေးလျော့ပေးပါ့မယ်....တစ်ဝက်ပဲယူပါ့မယ်..."
သုံးစက္ကန့်ခန့်အကြာတွင် တစ်ဖက်မှ ပြန်စာရောက်လာသည်။
".အဆင်ပြေရဲ့လား .…"
"အဆင်ပြေပါတယ် .... စိုးရိမ်ပေးလို့ ကျေးဇူးပါ.."
"...အလျင်မလိုပါဘူး...နောက်၂ရက်နေမှ ပေးလည်း ရပါတယ်..."
".ကျေးဇူးပါ..."
တစ်ဖက်လူက ကိစ္စမရှိဘူးဟု ပြောခဲ့သော်ငြား ဖုကျန်းသည် အားနာနေဆဲဖြစ်သည်။
သရုပ်ဖော်ပုံအတွက် အပြီးသတ်ပေးချေမှုကို မမေးရန်ပင် ဆုံးဖြတ်ထားသည်။
ပုံတူပန်းချီနှစ်ချပ်အား မနက်ဖြန် ပေးပို့ရမည်ဖြစ်သည်။
ဖုကျန်း နဖူးကိုဖိလိုက်သည်။
ကံကောင်းသည်က အချောသတ်ရန် သိပ်မကျန်တော့၍ သူသာ မြန်မြန်ဆွဲလျှင် ဒီနေ့အတွင်းပင် အပြီးသတ်နိုင်ပေသည်။
သူ၏မှတ်စု၏စာအုပ်နှင့် ပုံဆွဲသင်ပုန်းတို့ကို ထုတ်လာခဲ့ပြီးနောက် တဖြည်းဖြည်း ပုံဆွဲရာ၌ ဈာန်ဝင်စားလာခဲ့သည်။
အချိန်များ တဖြေးဖြေး ကုန်ဆုံးလာခဲ့သည်။
အားလပ်အချိန်အတွင်းတွင် သူသည် အင်တာနက်မှ သတင်းတစ်ပုဒ်ကို ဖတ်နေခဲ့သည်။
[Shazhou Chronicle ဟာ ဒီနှစ်ပိုင်းမှာ ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးနိုင်မယ်လို့ မျှော်လင့်ရပြီး ထန်ဝမ်ဝမ်က Heroine ဇာတ်ကောင်ကနေ သရုပ်ဆောင်မယ်လို့ ခန့်မှန်းရပါတယ် ....]
ဖုကျန်း၏ခေါင်းထဲတွင် မေးခွန်းများ တန်းစီထွက်လာသည်။
"ထန်ဝမ်ဝမ်က Shazhou ရဲ့ မူပိုင်ခွင့်ကို ဝယ်ဖို့ ငြင်းခဲ့တာ မဟုတ်ဘူးလား ... ဒီသတင်းက ဘယ်က ထွက်လာတာလဲ ..."
သူ့ကို အံ့အားသင့်စေသောအရာ ထပ်မံရှိနေသေးသည်။ ထိုသတင်း၏အောက်တွင် ရုပ်ရှင်သတင်းစာ ရှင်းလင်းပွဲရှိနေသည်။ screenshot လေးတစ်ခုသာဖြစ်သော်ငြား ဖုကျန်းသည် အကြည့်တစ်ချက်ဖြင့်ပင် ပြောနိုင်ပေသည်။
မလွှင့်မှီကပင် ဆင်ဆာဖြတ်ခံခဲ့ရ‌သောသူ၏ ဘွဲ့ယူရန် ကြိုးကြိုးစားစား ရိုက်ကူးထားသည့်လက်ရာဖြစ်သည်။
သို့သော် မျှော်လင့်ထားသကဲ့သို့ပင် ပိတ်ကားထက်သို့ ရုံတင်ပြသနိုင်တော့မည်ဖြစ်သော်ငြား အခု ရုပ်ရှင် ရိုက်ကူးသူ‌၏အမည်သည်တော့ သူ့နာမည်မဟုတ်ခဲ့ပါ။