Chapter 91
Viewers 7k


Chapter 91

 â€˘ June 19 at 07:59 AM

👥️Chapter 91




"ခဲ့ချင်းနဲ့ နဥ်ရှင်းဝေတို့ အတူရှိဖို့ စ​ပြီးရွေးချယ်လိုက်တုန်းကတည်းက အ​ဖြစ်ဆိုးတစ်ခု ဖြစ်နေပြီ" 




ယီချန်းယန်က အေးစက်စွာပြောလိုက်သည်။




"ဘာပြောလိုက်တယ်"


ထန်းရှောင်က ချက်ချင်း မျက်မှောင်ကြုတ်လိုက်သည်။




ထိုအချိန်တွင် ယန်အန်းယု၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။


"ချန်းယန်"




"ရှောင်ယု" 


ယန်အန်းယုကိုမြင်လိုက်ရသောအခါ ယီချန်းယန်၏ အကြည့်ကပျော့ပြောင်းသွားပြီး သူ့မျက်နှာပေါ်က အေးစက်မှုများက ချက်ချင်း ပျောက်ကွယ်သွား​တော့​သည်။




ယန်အန်းယုကလည်း ပြုံးပြီး သူ့ရင်ခွင်ထဲကို ပစ်ဝင်လိုက်သည်။




"အင်း ကျွန်တော်ပါ...ကျွန်တော် အဆင်ပြေပါတယ်"




ထန်းရှောင် အံ့သြသွားသည်။သူ နားလည်းနိုင်ခင်မှာပဲ ခဲ့ချင်းနှင့် ခဲ့မုန့်အိုက်က ဖြည်းညှင်းစွာ လျှောက်လာသည်ကို သူတွေ့လိုက်ရသည်။ခဲ့မုန့်အိုက်၏ လက်​​လေးများထဲမှ တစ်ဖက်ကို သူမအဖေက ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်က သူမ၏ မျက်လုံးထောင့်ကို ပွတ်နေသည်။




"ဝူး...ဝူးဝူး အားရှောင်ကော..."




"အားရှောင် စိတ်လိုက်မာန်ပါမလုပ်နဲ့... ငါ့စကားကို အရင်နားထောင်ပါ"




ခဲ့ချင်း၏ မျက်နှာသည် နောင်တတရားများဖြင့် ပြည့်နှက်နေသည်။




"ရှင်းဝေက မရှိတော့ဘူး... ကိစ္စတော်တော်များများရဲ့ အမှန်တရားကို ငါနဲ့ ချန်းယန်ပဲ သိ​တော့တယ်"




ထိုနှစ်မှာပဲ ခဲ့ချင်းနှင့် ယီချန်းယန် တို့က အတူတူ ပွဲဦးထွက်ခဲ့ပေမဲ့ ယီချန်းယန်၏ ကျော်ကြားမှုက တဖြည်းဖြည်း မြင့်တက်လာပြီး ပရိသတ်များစွာ ရရှိလာသည့်အတွက် ခဲ့ချင်း၏ စိတ်ဓာတ်က တဖြည်းဖြည်း ပြောင်းလဲလာခဲ့​လေသည်။ သူက ယီချန်းယန်၏ အရည်အချင်းကို မနာလိုစပြုလာပြီး သူ့စိတ်ထဲတွင် ကြောက်စရာကောင်းသော အတွေးများ တိုးတိုးလာသည်။ ဒီကမ္ဘာ​ပေါ်မှာ ယီချန်းယန်မရှိ​တော့​ရင် ကောင်းမယ်ဟု သူတစ်ကြိမ်ထက်မက တွေးခဲ့ဖူးသည်။




ယီချန်းယန် antiဖန်၏ အဆိပ်ခတ်​ခြင်းသောအခါတွင် သူ့ကို ဆေးရုံသို့ ချက်ချင်းပို့ခဲ့သူမှာ ခဲ့ချင်းဖြစ်သော်လည်း အချိုရည်ထဲမှာ အဆိပ်ခတ်ထားကြောင်း ခဲ့ချင်း ကြိုသိထားခဲ့သည်။သို့သော်လည်း ယီချန်းယန် ၎င်းကိုသောက်နေသည်ကို တမင်တကာ ထိုင်ကြည့်​နေခဲ့သည်။




ထို့နောက်တွင် ယီချန်းယန် ရုပ်ရှင်တစ်ခုအတွက် သီချင်း​ရေး​ပြီးသီဆိုရမည့် အခွင့်အရေးကို လွဲချော်သွားခဲ့သည်။သို့သော်လည်း ခဲ့ချင်းက ယီချန်းယန်၏ မထုတ်လွှင့်ရသေးသော သီချင်းကို တိုက်ရိုက်ခိုးယူကာ မြင့်တက်လာခဲ့သည်။




ဤအကြောင်းအရာများကို သူ၏လက်ထောက်အမျိုးသမီး နဥ်ရှင်းဝေက သိထားသည်။သူမစိတ်ထဲတွင် အလွန်အမင်းစိတ်ဆင်းရဲပြီး အပြစ်ရှိသလို ခံစားရ​​လေသည်။သိပ်မကြာခင်မှာပဲ သူမ သူမဘာသာ နှုတ်ထွက်သွားခဲ့သည်။




သူ့ဘဝ၏ အခက်ခဲဆုံး အနိမ့်ကျဆုံးအနေအထားကို ဖြတ်ကျော်ပြီး ယီချန်းယန် ရှန်းဟွမ်မှာ စာချုပ်ချုပ်ပြီးသည့်နောက်မှာ သူက သရုပ်ဆောင် အဖြစ် ပြန်လည် ရေပန်းစားလာခဲ့သည်။ သူကဝူ​ရှောက်ကို လက်တုံ့ပြန်ခဲ့ပေမဲ့လွန်ခဲ့သော ရှစ်နှစ်လောက်က ခဲ့ချင်းကို ပြန်ပေးဆွဲသွားခဲ့သူမှာ သူမဟုတ်ပေ။ခဲ့ချင်း စော်ကားခဲ့သော ဒုစရိုက်လောကထဲက တစ်စုံတစ်ယောက်သာဖြစ်လေသည်။




ထိုနေ့တွင် ခဲ့ချင်း မတော်တဆမှုတစ်ခုဖြစ်ပွားပြီး​နောက် အချိန်အတော်ကြာပျောက်ကွယ်​နေခဲ့သော နဥ်ရှင်းဝေက ရုတ်တရက်ပေါ်လာပြီး ခဲ့ချင်းကိုကူညီရန် ယီချန်းယန်ကို မရမကတောင်းဆိုခဲ့သည်။ ထို့ကြောင့် လီယဲ့နှင့် အခြားရှန်ဟွမ်ကလူများထံမှ ဖုံးကွယ်ပြီး ယီချန်းယန် ခဲ့ချင်းကို တစ်ကြိမ် ထပ်မံတွေ့ဆုံခဲ့သည်။




သူတို့၏ခင်မင်ရင်းနှီးမှုက ကြီးမားသောသစ္စာဖောက်မှုကို ကြုံတွေ့ရပြီးနောက် ယီချန်းယန်၏နှလုံးသားက ထိုအချိန်တွင် အေးစက်ကာမာ​ကျောနေပြီဖြစ်သောကြောင့် ခဲ့ချင်းကို လွှတ်​ပေးရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သူက ခဲ့ချင်းကို ဥပဒေအတိုင်း ထောင်ထဲသို့ ပို့ချင်ခဲ့သည်။ အဆိပ်ခတ်ခြင်းနှင့် ခိုးကူးခြင်းကိစ္စ ပေါ်လာသောအခါ ခဲ့ချင်း၏ဂုဏ်သိက္ခာ မလွဲမသွေ ပျက်စီးသွားမှာဖြစ်သည်။




"အဲဒီညက နဥ်ရှင်း​ဝေနဲ့ အတူ ကားမောင်းပြီး ထွက်ပြေးရင်း ကားမှောက်သွားတယ်...ငါ့ခြေထောက်တွေ ထိခိုက်သွားပြီး သူက ရုတ်တရက်ကိုယ်ဝန်ထိခိုက်သွားတယ်..." 




ခဲ့ချင်းက တိုးတိုးလေး ပြောပြသည်။ အတိတ်ကို ပြန်သတိရသောအခါ သူ့မျက်လုံးများက ဝမ်းနည်းမှုများနှင်ပ ပြည့်နှက်နေခဲ့သည်။




နဥ်ရှင်းဝေက မမျှော်လင့်ဘဲ ကိုယ်ဝန်ထိခိုက်ခဲ့ပြီးနောက် ယီချန်းယန်ကို ဆက်တိုက်ငိုယိုပြီး အသနားခံခဲ့သည်။ သူမ အသက်မရှင်နိုင်ဘူးဆိုသည်ကို သူမသိပေမဲ့ ကလေး၏အဖေက ထောင်ထဲအပို့ခံရပြီး က​လေးကမွေးပြီးပြီးချင်း အဖေမရှိ​ဖြစ်မှာကို သူမတကယ်ကို မလိုလားပေ။




ထို့နောက် သူမ၏စကားများက သူမ၏ နောက်ဆုံးဆန္ဒဖြစ်လာခဲ့သည်။




ထိုနောက်မှာ ယီချန်းယန် ဤကိစ္စကို မစုံစမ်းတော့ဘဲ စကားတစ်ခွန်းမှ မပြောဘဲ ထိုတစ်ခေါက် အရေးအခင်းကိူ ဖိနှိပ်ရန်ပင် ခိုင်းခဲ့သဖြင့် မီဒီယာက ဤကိစ္စကို အနည်းအကျဥ်းသာ သိခဲ့သည်။နဥ်ရှင်းဝေ၏ သေဆုံးမှုက ခဲ့ချင်းကို ရုတ်တရက် နောင်တရစေခဲ့သည်။ သူက ဖျော်ဖြေရေးလောကထဲမှ နုတ်ထွက်ပြီး သူ့သမီးကို နိုင်ငံခြားသို့ ခေါ်သွားခဲ့သည်။




"အား​ရှောင် ​ဒါကြောင့် ဒီကိစ္စတွေက ချန်းယန်ကို အပြစ်တင်လို့မရဘူး...ငါတို့က ကိုယ့်ဒုက္ခကိုယ်ရှာခဲ့တာ"




အကြိမ်ပေါင်းများစွာ ခဲ့ချင်းက ရံဖန်ရံခါတွင်တွေးနေမိသည်။ သူ့ခြေထောက်များကို မကုသနိုင်သောကြောင့် သူ့လက်ကျန်ဘဝက မသန်မစွမ်းဖြစ်​နေလိမ့်မည်။ သူ့သမီး ခဲ့မုန့်အိုက်က မွေးကတည်းက မျက်စိကွယ်ခဲ့သည်။ဝဋ်လည်ခြင်းဖြစ်နိုင်သည်။




ထိုစကားများကိုကြားပြီးနောက် ထန်း​ရှောင်၏ မျက်နှာက ဖြူဖျော့သွားကာ အချိန်အတော်ကြာသည့်တိုင် စကားမဆိုနိုင်ပေ။




"ချန်းယန် တကယ်ကို အဲဒီနှစ်တုန်းကအတွက် ကျေးဇူးအများကြီးတင်ပါတယ်...နောက်ပြီး တောင်းပန်ပါတယ်... ဒီတစ်ခါ မင်းကို ထပ်ပြီး ထိခိုက်​စေမိလုနီးပါးပဲ..."




ခဲ့ချင်း၏မျက်နှာက ဝမ်းနည်းခြင်းများစွာဖြင့် ပြည့်နှက်နေသည်။ ရိုးရိုးသားသားပြောရလျှင် သူ့အရင်က သူငယ်ချင်းကောင်း ယီချန်ယန်နှင့်တွေ့ရမှာ ရှက်လွန်းသောကြောင့် သူ့နိုင်ငံကို ပြန်မလာခဲ့ခြင်းဖြစ်လေသည်။




"မင်း လက်တုံ့ပြန်ချင်သေးရင် ငါလုံးဝလက်ခံမှာပါ"




"..."




ယီချန်းယန်က ဘာစကားမှမပြောပေ။ ဤကိစ္စအတွက် မဟုတ်လျှင် ဤလူနှင့်ထပ်တွေ့မည်ဟု သူ မထင်ထားပေ။




သူ့သမီးကို ပုတ်လိုက်ပြီးနောက် ခဲ့ချင်းကပြောလိုက်သည်။




"မုန့်အိုက် ဦးဦးယီကို တောင်းပန်လိုက်နော်"




ကလေးမလေး၏ မျက်နှာပေါ်ရှိ မျက်ရည်များက မခြောက်သေးဘဲ ယီချန်းယန်ရှိရာဘက်ကို ငေးကြောင်ကြောင်ကြည့်ကာ တိုးတိုးလေးဆိုလေသည်။




"တောင်း...တောင်းပန်ပါတယ်...ဦးဦးယီ…"




ယီချန်းယန်က ခဲ့မုန့်အိုက်ကိုကြည့်လိုက်ပြီး သူမ၏မျက်လုံးများနှင့် မျက်ခုံးများသည် နဥ်ရှင်း​ဝေနှင့် အလွန်တူကြောင်း ​​တွေ့ရပြီးနောက်တွင် ခံစားချက်မျိုးစုံ ချက်ချင်း​ပြည့်လျှံလာသည်။ဤအချိန်တွင် ယန်အန်းယုက သူ့လက်ကိုဆုပ်ကိုင်ကာ ပြုံးပြလာသည်။




"အဆင်ပြေပါတယ် ချန်းယန် ...ဝမ်းနည်းစရာကိစ္စတွေအားလုံး ပြီးသွားပါပြီ...အခု ချန်းယန်နားမှာ ကျွန်တော်ရှိနေပြီလေ"




များမကြာမီတွင် ရဲများက အနောက်ဗီလာသို့ ရောက်ရှိလာပြီး ထန်း​ရှောင်နှင့် ဝူရှောက်တို့ကို တရားမ၀င် ဖမ်းဆီးထိန်းသိမ်းထားမှုဖြင့် ဖမ်းသွားခဲ့သည်။




ရဲစခန်းတွင် တစ်ညနေပြီးနောက် ထန်းရှောင်က ဒုတိယမြောက်နေ့တွင် လွတ်မြောက်လာခဲ့သည်။




သူ့မှာ ခိုင်မာသော နောက်ခံရှိပြီး နာမည်ကြီးတစ်ယောက်ဖြစ်သည့် ထူးခြားသော အဆင့်အတန်းလည်းရှိ၏။ ဤကိစ္စမှာ ယီချန်းယန်နှင့် ယန်အန်းယုလည်း ပါ၀င်​နေသောကြောင့် သူတို့သည် ​လုပ်ငန်းစဥ်တစ်ခုလုံးကို လျှို့ဝှက်ထားခဲ့သည်။သူတို့ ပြဿနာအကြီးကြီး မဖြစ်စေလိုပေ။မဟုတ်ရင်


ဒီအကြောင်းကို ဖျော်ဖြေရေးမီဒီယာတွေက သိသွားရင် ဘယ်လိုနားလည်မှုလွဲသွားမလဲဆိုတာ ဘယ်သူသိမှာလဲ...




ထိုအချိန်တွင်၊ ထန်းရှောင်သာမက ယန်အန်းယု နှင့် ယီချန်းယန်ကိုပါ ဆိုးရွားစွာ ထိခိုက်စေမည်မှာ သေချာ​လေသည်။




သို့သော် ဝူရှောက်က တစ်ချိန်က အချက်အလက်များစွာနှင့် သတင်းများကို ရည်ရွယ်ချက်ရှိရှိ အတုလုပ်ခဲ့သည်။ ထို့အပြင် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများဖြင့် လူများကို တမင်တကာ ထိခိုက်ဒဏ်ရာရစေခဲ့သောကြောင့် အလွယ်တကူ မထွက်နိုင်ခဲ့ပေ။




ရဲစခန်းမှ ထွက်ခွာပြီးနောက် ထန်းရှောင် သူ့ဖုန်း၏ ဓာတ်ပုံအယ်လ်ဘမ်ရှိ ကုဒ်ဝှက်ထားသော ဓာတ်ပုံနှစ်ပုံကို ခေါင်းငုံ့ကာ ကြည့်လိုက်သည်။နှစ်ပုံစလုံးက ယန်အန်းယုနှင့်သူ၏ဓာတ်ပုံများဖြစ်၏။တစ်ခုမှာ 'Challenge First Time' တုန်းကဖြစ်ပြီး ကျန်တစ်ခုမှာ သူနှင့် ယန်အန်းယုတို့ ယမန်နှစ် ကုမ္ပဏီ​တွေ့ဆုံပွဲတက်​ရောက်နေချိန်ဖြစ်သည်။




သူ မလိုအပ်ဘဲ တွန့်ဆုတ်မနေသင့်​ပေ။ နောက်ဆုံးအကြိမ်ကြည့်ကာ ထန်းရှောင် ၎င်းတို့ကို ပြတ်ပြတ်သားသား ဖျက်ပစ်လိုက်သည်။




၎င်းတို့ကို ဖျက်ပြီးသည်နှင့် သူ့ခေါင်းကို ခပ်ပြင်ပြင်းအခေါက်ခံလိုက်သည်။




"လူမိုက် မင်းရဲ့ IQ ကို ခွေးကျွေးပစ်တာလား"




ထန်းရှောင် သူ့ရှေ့မှ ​​ရှောင်ကျို့(အမေ၏မောင်)ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ ၎င်းသည် ကျန့်ယန်ကော်ပိုရေးရှင်း၏ ကျော်ကြားသော ဒါရိုက်တာလျန်ဖြစ်သည်။




"ငါ ပြည်ပခရီးထွက်တာ တစ်ပတ်လောက်ပဲရှိသေးတယ် မင်းကငါ့ကို အိမ်ကနေ မကြိုဆိုဘူး ရဲစခန်းမှာ မင်းကိုလာတွေ့ခိုင်းတယ်ပေါ့"




အသက်သုံးဆယ့်ငါးနှစ်ရှိပြီဖြစ်သော ဒါရိုက်တာလျန်က 3Dပုံစံချောမောသောမျက်နှာရှိသော်လည်း ယခုအချိန်တွင် သူ၏မျက်နှာက အလွန်မည်းမှောင်နေပြီး ကြောက်စရာကောင်း​နေသည်။




"တောင်းပန်ပါတယ် ဦးငယ်"




"ထန်းရှောင် မင်းက အရင်တုန်းက အနှောက်အယှက်​ပေးတတ်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး...အခု မင်းက ငါ့နောက်ကွယ်မှာ ဒီလို ပြသနာတွေ ရှာထားတယ်" 


ဒါရိုက်တာလျန်က ဒေါသတကြီးဖြင့် သူ့ခေါင်းကို ထပ်မံရိုက်လိုက်သည်။ 




"မင်း ဒီမျက်မမြင်ကလေးမလေးကို စတွေ့ပြီး သူ့အကြောင်း တနေကုန် အဖန်တလဲလဲပြောနေကတည်းက တစ်ခုခုတော့မှားနေပြီလို့ ခံစားနေရတာ... ပွဲဦးထွက်အပြီးမှာ မင်းက ရုတ်တရက်ကြီး မန်နေဂျာတွေတောင် ပြောင်းချင်နေတယ် ...ဟမ့် ဝူရှောက် အဲဒီဆန်ကုန်မြေလေးက ငါ့ကို ဒေါသထွက်အောင်လုပ်တယ်"




"..." 




ထန်းရှောင်က တိတ်ဆိတ်စွာပဲ ခေါင်းကို ငုံ့ထားလိုက်သည်။




"ခေါင်းကို ​မော့ထား"




ဒါရိုက်တာလျန်က သူ့နားရွက်ကို ဆွဲလိုက်ပြီး ဒေါသလည်းထွက်သလို စိတ်လည်းပူ​နေသည်။




"ငါ မင်းကို ဘယ်နှစ်ခါပြောပြီးပြီလဲ... မင်းရဲ့ အပူတွေကို ငါ့ကို ပြောလို့...ဒါပေမဲ့ ငါ့စကားတွေကို မင်းက နား လေ​ဖြတ်တိုက်သလို ဆက်ဆံနေတုန်းပဲလား ဟမ်"




"မ... မဟုတ်ပါဘူး"




"မင်းရဲ့မိဘနှစ်ပါးလုံး ဆုံးပါးသွားတော့ ငါကပဲ မင်းကို အမြဲတမ်းဂရုစိုက်​ပေးခဲ့တာ...မင်းရဲ့ဒီဦးငယ်ကို အလှဆင်ပစ္စည်းလို့ ထင်နေလား"




ထန်းရှောင်: "..."




ဦးငယ်က ဒေါသထွက်တဲ့အခါ ပြောစရာတွေ အများကြီးရှိပြီး အလှဆင်ပစ္စည်းမှာတော့ စကားလုံးတွေ အများကြီးရှိမှာ မဟုတ်ဘူးလေ...




"အတိုချုပ်ပြောရရင် အခုကနေစပြီး မင်းကိုပြောတဲ့အတိုင်း နာခံမှုရှိရှိ လုပ်... ဒီလို ပရမ်းပတာလူတွေကို ထပ်ကြီး မဆက်သွယ်နဲ့တော့...မဟုတ်ရင် တစ်ယောက်ယောက်ရှာပြီး သူတို့ကို ဖျက်ဆီးခိုင်းပစ်မယ်...ပြီးရင်း မင်းကို ကောင်းကောင်း ဆော်ပလော်တီးမယ်"




"နားလည်ပါပြီ"




"အမ်း ခဏလောက် နှောက်ယှက်လို့ရမလား"




ယန်အန်းယု ဖြတ်လျှောက်သွားသောအခါတွင် သူ ဤအရာအားလုံးကို တိုက်တိုက်ဆိုင်ဆိုင် မျက်မြင်တွေ့လိုက်ရသည်။အာ ထန်းရှောင်တို့ မိသားစုမှာ ဒီလိုရက်စက်တဲ့ ဦးလေးရှိနေတာပဲ...




ထန်းရှောက် ယနေ့ ရဲစခန်းမှ ထွက်ခွာမည်ဟု သိရှိပြီးနောက် ယန်အန်းယု သူ့ကို လာတွေ့ချင်ခဲ့သည်။ သူက ယီချန်းယန်ကို ကြိုတင်အကြောင်းကြားထားပြီး၊ ထို့နောက် ထန်း​ကော်ကို မောင်းပို့ခိုင်းခဲ့သည်။




ယန်အန်းယု ထန်းရှောင်နှင့် နှစ်ယောက်တည်း စကားပြောချင်​နေသည်။ ဒေါသထွက်နေသော ဒါရိုက်တာလျန်က ဘေးနားတွင် စောင့်နေရုံသာတတ်နိုင်ခဲ့သည်။ သူ့လက်ထောက်က ဒေါသကိုလျော့ရန် ဒေါသကြောင့်ကျန်းမာရေးကို မထိခိုက်​​စေရန် တိုက်တွန်းနေသည်။




"ယန်အန်းယု တောင်းပန်ပါတယ်"




ယခု ထန်းရှောင်မှာ ဟန်ဆောင်ထားသော ရည်ရည်မွန်မွန် အပြုံးမျိုးမရှိတော့ဘဲ သူ့အသံမှာ အလွန်အားနည်းနေပုံရသည်။




"ငါက အရမ်းရယ်စရာကောင်းပြီး မယုံနိုင်လောက်အောင်ကို တုံးတဲ့သူလို့ မင်းထင်နေမှာပဲ"




သူ ပွဲဦးထွက်ကတည်းက ယီချန်းယန်ကို ရုပ်ရှင်ဧကရာဇ်ရာထူးမှ ဆင်းပြီး ဖျော်ဖြေရေးလောကမှာ ထွက်ခွာရန် ဖိအားပေးလိုသော ဆန္ဒဖြင့် အမြင့်ရောက်အောင် ရုန်းကန်ခဲ့ရသည်။ နောက်ကွယ်ကနေ ညစ်ပတ်သည့် လှည့်ကွက်များကို အသုံးပြုသူများက မြင့်မားသော နေရာမှာ ရပ်တည်ပြီး ခမ်းနားတောက်ပသောစင်မြင့်ကို ပိုင်ဆိုင်ရန် မသင့်တော်ဟု သူထင်ခဲ့သည်။




သို့သော် မရည်ရွယ်ဘဲ၊ သူကိုယ်တိုင်က အဆက်မပြတ် လျှို့ဝှက်ကြံစည်ပြီး လှည့်ကွက်သုံးသူတစ်ယောက် ဖြစ်လာခဲ့သည်။




"..."




ယန်အန်းယုက အတိတ်ကို တွေးရင်း နှုတ်ခမ်းကို တင်းတင်း​စေ့လိုက်သည်။




ထန်းရှောင်က ယီချန်းယန်ကို နားလည်မှုလွဲခဲ့ပြီး ယန်အန်းယုကလည်း ထန်းရှောင်က အရာရာ၌ မ​ကောင်းရည်ရွယ်ချက်ရှိသည်ဟု အမြဲထင်မှတ်ခဲ့သည်။ တကယ််တမ်းတွင် ထန်းရှောင်မှာ လျှို့ဝှက်လှည့်ကွက်များ ရှိလျှင်ရှိမည်၊သို့ရာတွင် 'ဝါး'ရိုက်ကူးရေးတုန်းက ရေနစ်လုနီးပါး ယန်အန်းယုကို ကယ်တင်သည်မျိုး သူကယန်အန်းယုကိုလည်း အကြိမ်အနည်းငယ် ကူညီခဲ့သည်။




ကောင်းကောင်းစဉ်းစားပြီးနောက် ယန်အန်းယုက ရုတ်ချည်းပြောလိုက်၏။ 




"အထူးသဖြင့် ထက်မြက်တဲ့လူတစ်ယောက်နဲ့ ယှဉ်ရင် ငါက ငတုံးနဲ့ သူငယ်ချင်းဖြစ်ရတာ ပိုကြိုက်တယ်"




ထန်းရှောင် ချက်ချင်းပင် ကြောင်အ သွားသည်။




ယန်အန်းယုက စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။


"ထန်းရှောင် ဒီကိစ္စကြောင့် မင်းရဲ့ လျှို့ဝှက်ဝိသေသလက္ခဏာကို ငါရုတ်တရက် တွေ့ရှိခဲ့တယ်"




"လျှို့ဝှက်ဝိသေသနလက္ခဏာ"




"တကယ်တော့ မင်းက Loliconတစ်ယောက်ပဲ"


(Loliconဆိုတာ အလွယ်ပြောရရင် အသက်ငယ်ငယ် ကလေးမလေးတွေကို စိတ်ဝင်စားတဲ့သူကို​ပြောတာပါ)




ထန်းရှောင်: "..."




*****




နှစ်ရက်အကြာတွင် S မြို့တော် ပေရှင်းခရိုင်၊ ယီချန်းယန်၏ ဗီလာ၌




ဤည၌ ကြယ်ရောင်စုံ ကောင်းကင်ကြီးက ခမ်းနားတောက်ပနေသည်။ ကောင်းကင်မှာ ပြည့်နေသော ကြယ်လေးများအောက်မှာ ယန်အန်းယု နှင့် ယီချန်းယန် လသာဆောင်မှာ ပုခုံးချင်းဆိုင် ရပ်ရင်း ကြယ်များကို ငေးကြည့်နေကြသည်။




ယီချန်းယန် လှပသောကြယ်ရောင်စုံကောင်းကင်ကြီးကို တိတ်တဆိတ်ကြည့်နေစဉ်တွင် megadereတစ်ဖန်ပြန်ဖြစ်လာသော ယန်အန်းယုက သူ့ဘေးနားရှိလူ၏ 'အလှတရား' ကို ရှုစားနေသည်။




ယီချန်းယန်၏ ဘေးတိုက်မျက်နှာကို ​ငေးကြည့်ရင်း ယန်အန်းယု တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူတို့မိသားစုက ဧကရာဇ်ရုပ်ရှင်ကြီးရဲ့ ဘေးတိုက်ပုံစံကတောင် ဒီလောက်ထိလှပပြီး ပြီးပြည့်စုံနေလိုက်တာနော်...




ယီချန်းယန်၏ မျက်တောင်များသည် အလွန်ရှည်လျားပြီး နှာတံက မြှင့်မြှင့်နှင့်ဖြစ်၏။သူ၏အမူအရာမှာလည်း လျစ်လျူရှုမှုတို့ ​အေးစက်မှုတို့မရှိတော့ပေ။ သူ့နှုတ်ခမ်းများက အပေါ်ကို ဖြည်းဖြည်းချင်း ကွေးတက်​နေသည်။ ရုတ်​တရက်​ပင်​ ယန်အန်းယု၏မျက်​ဝန်းများတွင်​မျက်​ရည်​များပြည့်​လာသည်​။




ယီချန်းယန်တွေ့ကြုံခဲ့ရသည့်အရာများစွာ၊ သူ့မိဘများသေဆုံးမှု၊ယန်ဖန်း၏လိမ်ညာမှုများအပြင် သူ့သူငယ်ချင်းများ၏ သစ္စာဖောက်မှုတိူ့ကို တွေးတောရင်း ယန်အန်းယု သူ့နှလုံးသားထဲတွင် ရုတ်ချည်း နာကျင်လာပြီး မသိလိုက်ပါဘဲ မျက်ရည်များကျလာလေသည်။




"ရှောင်ယု ဘာလို့ငိုနေတာလဲ"




ထိုအချိန်တွင် ယီချန်းယန်က သတိပြုမိသွားပြီး အနည်းငယ် ထိတ်လန့်သွားသည်။




"အမ် ကျွန်တော်..."




သူ့သတိပေးချက်အရ ယန်အန်းယုလည်း သူတကယ် ငိုနေမိသည်ကို သတိထားမိလိုက်သည်။သူသည် ၎င်းတို့ကို သုတ်မည်အပြုတွင် ယီချန်းယန်က ရုတ်တရက် သူ့ကို ဆွဲမော့ပြီး သူ့မျက်ရည်များကို နူးညံ့စွာ နမ်းရှိုက်ကာသုတ်ပေးလာသည်။




"ရှောင်ယု ဘယ်လိုဖြစ်လို့ ငိုရတာကို ဒီလောက် သဘောကျ​နေတာလဲ"


ယီချန်းယန်က ညင်သာစွာ ပြုံးလိုက်သည်။




"ကျွန်တော်... ခင်ဗျားရဲ့ အလှကြောင့် မျက်ရည်ကျသွားတာ"




ယီချန်းယန်: "..."




"ဟားဟား စတာပါ...စတာ"


ယန်အန်းယု သူ့မျက်ရည်များကို ရယ်မောခြင်းအဖြစ် ပြောင်းလဲလိုက်ပြီး ယီချန်းယန်၏ခါးကို သိုင်းဖက်လိုက်သည်။




"ချန်းယန် တောင်းပန်ပါတယ် ကျွန်တော်...နောက်ကျသွားတယ်"




👥️


ရင်းနှီးဆုံးသူတွေကပဲ သစ္စာဖောက်တာ တကယ်သနားဖို့ကောင်းတယ် ...


ဆဲချင်တာကတော့ ဝူရှောက်မဟုတ်ဘူး ထန်းရှောင် ..


သူ့အမျိုးအတွက် ကလဲ့စားချေချင်တာလားတွေးနေမိတာ 


ငတုံး သုံးစားမရအောင်တုံးနေတာ 


64 views • Wrong layout?