Chapter 241
Viewers 23k

Volume 11 : ဓာတုဗေဒဌာန


Chapter 241 (ဓာတုဓာတ်ပြုမှု ၁၆)


ခယ်ရှောင်ပင်း၏ လက်ပ်တော့သည် အနီးနားရှိ ကြိုးမဲ့နက်ဝေ့ါကို ဟက်ခ်နိုင်ပြီး အင်တာနက်ကို အလိုအလျောက် ချိတ်ဆက်နိုင်သော်လည်း ဓာတုစက်ရုံမှ မီးသည် တစ်ညလုံး လောင်ကျွမ်းခဲ့ပြီး ကြိုးမဲ့အင်တာနက်ချိတ်ဆက်စနစ် ကေဘယ်ကြိုးများ အားလုံး မီးလောင်သွားခဲ့သည်။ ခယ်ရှောင်ပင်းသည် လက်ပ်တော့ကိုဖွင့်ပြီး ကီးဘုတ်ကို အချိန်အကြာကြီးနှိပ်နေခဲ့သော်လည်း "နက်ဝေါ့မရှိ"ကို ပြသနေဆဲဖြစ်သည်။ သူသည် သူ့ဖုန်းကိုဖွင့်လိုက်သည်နှင့် ၎င်းတွင်လည်း လိုင်းမရှိတာကို တွေ့ရှိခဲ့သည်။


ညိုမှိုင်းနေသော သူ့မျက်နှာကို မြင်လိုက်ရတော့ ရှင်းယန်က လျှောက်လာပြီး ဆိုသည်။ "ငါတို့က မြေအောက်ခန်းထဲမှာ ပိတ်မိနေတာ။ ဖုန်းက လိုင်းမမိတာ ပုံမှန်ပါပဲ။ အပြင်ထွက်ပြီး စစ်ဆေးဖို့ မှောင်တဲ့အထိ ငါတို့စောင့်ရလိမ့်မယ်။"


ခယ်ရှောင်ပင်းက သက်ပြင်းချလိုက်သည်။ "ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။"


ယွဲ့ရှင်းဝမ်က သူ့ဆီ လှမ်းလာပြီး ပြောသည်။ "အရင်ဆုံး မင်းရှာတွေ့ခဲ့တဲ့ အချက်အလက်အားလုံးကို ခွဲခြမ်းစိတ်ဖြာပြီး နောက်လာမဲ့ အကြံအစည်နဲ့ လုပ်ဆောင်ချက် အစီအစဉ်ကို ဆုံးဖြတ်ကြမယ်။ ညနေပိုင်းမှာတော့ ငါတို့အဖွဲ့လိုက်စုံစမ်းမယ်။"


ခယ်ရှောင်ပင်းက ခေါင်းငြိမ့်ပြပြီး သူ့လက်ပ်တော့ထဲမှာ စာရင်းပြုစုထားသော ဇယားကို လူတိုင်းမြင်အောင် ဖွင့်လိုက်သည်။


ရှင်းယန် စမ်းသပ်နေစဉ် သူစာရင်းပြုစုခဲ့သော ဇယားတွင် ဓာတုစက်ရုံမှ ဝန်ထမ်းများအားလုံးနှင့် ဓာတုစက်ရုံ တည်ထောင်ပြီးကတည်းက ဖြစ်ပျက်ခဲ့သည့် အဓိက ဖြစ်ရပ်များအကြောင်း အသေးစိတ် အချက်အလက်များ ပါရှိသည်။ ခယ်ရှောင်ပင်းတွင် အနည်းငယ် စွဲလမ်းမှာလွန်ကဲခြင်းဝေဒနာ ရှိသည်။ ထို့ကြောင့် သူ ရှင်းထုတ်ထားသော ဇယားများသည် အလွန်ရှင်းလင်းသပ်ရပ်ပြီး တစ်ချက်ကြည့်လိုက်လျှင် ရှင်းလင်းနေပုံရသည်။


ယွဲ့ရှင်းဝမ်၏ အကြည့်သည် ဇယားပေါ်ကို လျင်မြန်စွာ ပျံ့လွင့်သွားပြီး ' တက်ရောက်သူ ' ဇယားကို သီးခြားစီ စာရင်းပြုစုထားရာ ကျန်းဖျင်စစ်လည်း ရှေ့သို့တိုးကာ သူနှင့်အတူ စစ်ဆေးရန် ရောက်ရှိလာသည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး အခြားကျောင်းသားတွေက သူတို့ကို နှောင့်ယှက်မိမှာစိုး၍ အသံမထွက်ကြဘူး။


ခဏအကြာတွင် ကျန်းဖျင်စစ်သည် ဇယားပေါ်ရှိ သံသယရှိ သူများကို ဖော်ထုတ်ပြီး အခြားအနှစ်ချုပ်ဇယားကို ပြုလုပ်ခဲ့သည်။ သူက ယွဲ့ရှင်းဝမ်ကိုကြည့်ပြီး ဇယားအသစ်ကို ညွှန်ပြသည်။ "ဒီလေးယောက်ကို သံသယရှိသူတွေအဖြစ် ငါရွေးထုတ်ထားတာ၊ မင်း ထပ်ပေါင်းထည့်စရာရှိသေးလား။"


ယွဲ့ရှင်းဝမ်: "မရှိဘူး၊ ငါတွေးထားတာနဲ့ အတူတူပဲ။"


ကြိမ်ဖန်များစွာ သူ့စိတ်ထဲတွင် တွေးနေသည့်အရာသည် ကျန်းဖျင်စစ်နှင့် အမြဲတိုက်ဆိုင်နေပြီး သူတို့ကြားတွင် ထူးဆန်းသော နားလည်မှုမှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီး အဘယ်ကြောင့်ဆိုသည်ကို ရှင်းပြရန် ခက်ခဲသည်။


ယွဲ့ရှင်းဝမ်သည် သူ့စိတ်ထဲတွင် ရှုပ်ထွေးမှုများကို လျစ်လျူရှုလိုက်ပြီး ဆက်ပြောသည်။ "ချန်ရှို့မိန် အသတ်ခံရချိန်မှာ ဓာတုစက်ရုံမှာမရှိတဲ့ ရှောင်းဝမ်ဟွေ့က အရင်ကလည်း အကြိမ်ပေါင်းများစွာ အလုပ်ပျက်တဲ့ မှတ်တမ်းဟောင်းရှိခဲ့ဖူးတယ်။ မနေ့က စက်ရုံမှာမရှစက်ရုံမှာမရှိတဲ့က ပြစ်မှုကျူးလွန်ဖို့အချိန်ရှိပေမဲ့ အရင်လအနည်းငယ်က သူတာဝန်အပြည့်ရှိနေတာကြောင့် အရင်လူသုံးယောက်အသတ်ခံရချိန်မှာ ပြစ်မှုကျူးလွန်ဖို့ အချိန်မရှိဘူးလို့ဆိုတာပဲ။ သံသယက အတော်လေးနည်းတယ်။"


ကျိုဖုန်းက ကြားဖြတ်ဝင်ပြောလာသည်။ "ဒါပေမဲ့ ယွီချန်မင်းက အလုပ်ရုံ နံပါတ် 4 ရဲ့ ဒါရိုက်တာဖြစ်ပြီး သူ့ရဲ့တက်ရောက်သူစာရွက်ကိုလည်း သီးသန့်မွမ်းမံပြင်ဆင်ပြီး ပျက်ကွက်တာကို မပေးအပ်ခင် တက်ရောက်သူအဖြစ် ပြောင်းလဲနိုင်တယ်။ ဒီစက်ရုံမှာ တက်ရောက်သူကို ကိုယ်တိုင်ဖြည့်သွင်းပြီး ပြောင်းလဲနိုင်တယ်လို့ ရှောင်ခယ်ပြောတယ်မလား။"


ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကိုပြောတာမှန်တယ်၊ ဒါကြောင့် ယွီချန်မင်းမှာ သံသယနည်းနည်းရှိနေတုန်းပဲ၊ လုံးဝဖယ်ထုတ်လို့မရသေးဘူး။"


ကျန်းဖျင်စစ်က သံယောင်လိုက်သည်။ "ငါတို့လည်း သူ့ရဲ့အချက်အလက်တွေကို သံသယရှိသူဇယားနဲ့ သီးခြားစီစာရင်းပြုစုထားပါတယ်။"


ကျိုဖုန်းက စိတ်သက်သာရာရသွားသည်။ "အဆင်ပြေပါတယ်၊ ငါတို့ သံသယရှိသူတွေရဲ့ နယ်ပယ်ကို အရင်ဆုံး ကျဉ်းမြောင်းပြီး တစ်ယောက်ပြီးတစ်ယောက် ဖယ်ထုတ်နိုင်တယ်၊ အဲဒါက အစကတည်းက တိုက်ရိုက်ဖယ်ထုတ်လိုက်တာထက် ပိုကောင်းပါတယ်။"


ယွဲ့ရှင်းဝမ်: "ဟုတ်တယ်၊ ‌ရှောင်းဝမ်ဟွေ့နဲ့ ယွီချန်မင်းတို့အပြင် ဖျင်စစ်ရွေးချယ်ထားတဲ့ သံသယရှိသူနှစ်ယောက်ရှိတယ်၊ တစ်ယောက်က ဓာတုစက်ရုံပိုင်ရှင် ကျန့်ဝေချန်၊ မစ္စတာကျန့်ပဲ။ နောက်တစ်ယောက်ကတော့ အားလုံးနဲ့ အရမ်းရင်းနှီးတဲ့လူပဲ။"


ကျိုဖုန်းသည် လက်ပ်တော့ကို တစ်ချက်ကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်သည်။ "ရွှယ်ရှောင်လျန်လား။" 


လင်းမန့်လော်က အံ့အားသင့်သွားပြီး ဆိုသည်။ "စက်ရုံကို အတူတူလာခဲ့ကြတဲ့ လူခုနစ်ယောက်ထဲမှာ အသက်ရှင်ကျန်ရစ်သူ အနည်းငယ်ထဲက တစ်ယောက်လား။ ခပ်ဝဝနဲ့ မျက်နှာပေါ်မှာ မှဲ့ကြီးရှိတဲ့ ဒေါ်လေးရွှယ်လား။"


ဒါကိုကြားတော့ ရှင်းယန်က ချက်ချင်းသတိရှိလာပြီး "ရွှယ်ရှောင်လျန်က အဲဒီအဖြစ်အပျက်နဲ့ ဘာမှမဆိုင်လောက်ဘူး။ အဲဒီအချိန်မှာ ချန်ရှို့မိန်က အပြစ်ရှိတယ်ဆိုတဲ့ အသိစိတ်တစ်ခုရှိပြီး ခေါင်မိုးပေါ်မှာ တစ်ယောက်ယောက်နဲ့ စကားပြောဖို့ ချိန်းလိုက်တယ်။ သူမက သူမနဲ့နီးစပ်တဲ့ ရွှယ်ရှောင်လျန်ကို ရှာမဲ့အစား လင်းယွိစန်းနဲ့ချိန်းဆိုခဲ့တယ်။ ရွှယ်ရှောင်လျန်က ဒီအဖြစ်အပျက်ရဲ့ အတွင်းလူ ဒါမှမဟုတ် ခံရသူရဲ့ ဆွေမျိုးလို့ယူဆမယ်ဆိုရင် ဒီလူတွေ ဘာတွေလုပ်နေတယ်ဆိုတာ သူမအားလုံးသိနိုင်တယ်။"


ကျန်းဖျင်စစ်က ထပ်ပေါင်းပြောသည်။ "ပြီးတော့ လုပ်ဖော်ကိုင်ဖက်သုံးယောက် နုတ်ထွက်ခဲ့တဲ့ ဇူလိုင် 20 ရက်၊ သြဂုတ် 3 ရက်နဲ့ သြဂုတ် 17 ရက်တွေမှာ သူမကလည်း အပြင်ထွက်သွားပြီး စက်ရုံမှာမရှိဘူး။"


ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ဆိုသည်။ "အချိန်က အရမ်းတိုက်ဆိုင်လွန်းတာပဲ။"


ယွဲ့ရှင်းဝမ်က လူတိုင်းကို ကြည့်ပြီး ကောက်ချက်ချလိုက်သည်။ "လောလောဆယ် ငါတို့ အချိန်ကိုက်ပြီး သံသယရှိသူလေးယောက်ကိုပဲ သော့ခတ်ထားတယ်။ ရှောင်းဝမ်ဟွေ့နဲ့ ယွီချန်မင်းတို့ကတော့ ပြောစရာမလိုပါဘူး။ အသစ်ထွက်ရှိလာတဲ့ မစ္စတာကျန့်နဲ့ ရွှယ်ရှောင်လျန်တို့ကို ဆက်လက်အာရုံစိုက်ဖို့ လိုအပ်တယ်။ မစ္စတာကျန့်က ကုမ္ပဏီမှာ မကြာခဏမရှိတယကြောင့် ပြစ်မှုကျူးလွန်ဖို့ အချိန်‌လုံလောက်ပေမဲ့ ဓာတုစက်ရုံပိုင်ရှင်က သူ့ပိုင်ဆိုင်မှုကို တိုက်ရိုက်မီးရှို့ပစ်တာ ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ငါခံစားရတယ်။ ရွှယ်ရှောင်လျန်က အဆက်မပြတ် ပျက်ကွက်မှုတွေရှိထားပြီး အဲဒါကလည်း သူမလုပ်ဖော်ကိုင်ဖက်တွေရဲ့ နုတ်ထွက်တဲ့အချိန်နဲ့ တိုက်ဆိုင်နေတော့ သံသယက အတော်လေးမြင့်မားတယ်။"


ကျန်းဖျင်စစ်: "မှောင်လာရင် အားလုံး အဖွဲ့လိုက်လှုပ်ရှားရအောင်။"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြပြီး ရိုးရိုးရှင်းရှင်း စီစဉ်လိုက်သည်။ "ချင်လု၊ ချင်မြောင်၊ စီနီယာအစ်ကိုလျှို၊ စီနီယာအစ်ကိုကျိုနဲ့ စီနီယာအစ်ကိုရွှီတို့က အုပ်စုအေဖြစ်ပြီး ရှောင်းဝမ်ဟွေ့၊ ရွှယ်ရှောင်လျန်နဲ့ ယွီချန်မင်းတို့လို သံသယရှိသူတွေရဲ့ လိပ်စာတွေနဲ့ သူတို့မိသားစုဝင်တွေ၊ လူမှုဆက်ဆံရေးတို့ကို လျှို့ဝှက်စုံစမ်းပါ။ ဖျင်စစ်၊ စီနီယာအစ်မလန်၊ ခယ်ရှောင်ပင်း၊ ရှင်းယန်နဲ့ ငါက အုပ်စုဘီဖြစ်ပြီး မီးလောင်မှုနဲ့ မှုခင်းရဲတပ်ဖွဲ့ဘက်က ဓာတုစက်ရုံအကြောင်း အချက်အလက်ကိုရှာဖွေဖို့ ဆေးရုံ၊ ရဲစခန်းနဲ့ မီးသတ်တပ်ဖွဲ့တို့ဆီ လျှို့ဝှက်ခိုးဝင်မယ်။ ကျန်းရှောင်နျန်နဲ့ စီနီယာအစ်မလင်းတို့က အခြေစိုက်စခန်း ဘေးကင်းဖို့နဲ့‌ လေသန့်စင်ဖို့ ဒီမှာပဲနေခဲ့ကြပါ။"


အားလုံးက ရှင်းဝမ်၏ အစီအစဉ်ကို မကန့်ကွက်ကြပေ။ ကျန်းဖျင်စစ်သည် ရှောင်ထူ၏ ဖန်သားပြင်ပေါ်က အီလက်ထရွန်းနစ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး ထပ်ပေါင်းပြောသည်။ "မလှုပ်ရှားခင် မနက် 1 နာရီအထိ စောင့်လိုက်ရအောင်၊ အဲဒီအချိန်မှာ လူအများစုက အိပ်နေပြီ။ အားလုံးရဲ့စွမ်းရည်တွေကလည်း ပြန်ရပြီး လမ်းသွားလမ်းလာတွေ များများစားစားမရှိဘူး။ ငါတို့တွေ လမ်းသွားလမ်းလာတွေကို ရှောင်ရင် စာကြည့်တိုက်ရဲ့ 'ရှာ‌ဖွေတွေ့ရှိခြင်းမရှိ'ဆိုတဲ့ အခြေအနေတွေနဲ့ ကိုက်ညီနိုင်တယ်။" 


အချိန်တွေ ဖြည်းဖြည်းချင်း ကုန်ဆုံးလာပြီး ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့မှ ကောက်ချက်ချထားသော သံသယရှိသူအချက်အလက်အားလုံးကို လူတိုင်း မှတ်မိသွားကြသည်။


ကျောင်းမှာ ပုံမှန် စာမေးပွဲတွေမဖြေခင် မေးခွန်းကြီးတွေကို သူတို့တွေ မကြာခဏကျက်လေ့ရှိပြီး ထိပ်တန်းကျောင်းသားများအတွက် အချက်အလက်များစွာကို အချိန်တိုအတွင်း အလွတ်ကျက်ဖို့ လွယ်ကူကာ မှတ်ဉာဏ်ပိုသော လူတချို့က အလွတ်ပြန်ရွတ်ဆိုနိုင်သည်။


လျှိုကျောက်ချင်းက ကြောင်တောင်တောင်ဖြင့် ဆိုသည်။ "ဓာတုစက်ရုံရဲ့ မြေပြင်အနေအထားကို ငါတို့သိတယ်၊ ဒါပေမဲ့ ငါတို့အပြင်ရောက်တဲ့အခါ ခေါင်းမပါတဲ့ ယင်ကောင်တွေလို ဖြစ်သွားမှာ။ သံသယရှိသူတွေရဲ့ အိမ်လိပ်စာတွေကို ငါတို့ အလွတ်ကျက်ထားပေမဲ့ သူတို့ရဲ့အတိအကျ လိပ်စာတွေကို ဘယ်လိုရှာရမလဲ။"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ချိန်ညှိလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။ "ကံကောင်းတာက ကျွန်တော် ‌မြို့တစ်ခုလုံးရဲ့ မြေပုံကို ကြိုပြီး ဒေါင်းလုဒ်လုပ်ခဲ့တာပဲ။"


သူသည် ဒက်စ်တော့မှ "ဓာတုဗေဒဌာန၏ စာမေးပွဲ ပစ္စည်းများ" ဖိုင်တွဲကို နှိပ်ပြီး မြေပုံကို ဆွဲထုတ်လိုက်သည်။ အလွန်အသေးစိတ်သော မြေပုံချပ်တစ်ခုကို လူတိုင်းရှေ့တွင် ချဲ့ထွင်ထားပြီး ကြယ်နီဖြင့် အမှတ်အသားပြုထားတာက လူတိုင်းတည်ရှိနေခဲ့သော ဓာတုစက်ရုံဖြစ်သည်။


ခယ်ရှောင်ပင်းသည် မြေပုံပေါ်တွင် မောက်စ်ဖြင့် အမှတ်အသားအနည်းငယ်ပြုလိုက်သည်။ "ဒီကြက်ခြေကပ်ပုံသဏ္ဌာန် အမှတ်အသားက ဆေးရုံ၊ ငါတို့ရဲ့ ဓာတုစက်ရုံရဲ့ အရှေ့မြောက်ဘက် 1.8 ကီလိုမီတာဝေးတယ်၊ ဒါက မှုခင်းရဲတပ်ဖွဲ့ဖြစ်ပြီး မြောက်ဘက် 3 ကီလိုမီတာ၊ မီးသတ်တပ်ဖွဲ့က အ‌ရှေ့မြောက်ဘက် 5 ကီလိုမီတာ… ဒါက ရှောင်းဝမ်ဟွေနေတဲ့ ကျင်းထိုက်လူနေရပ်ကွက်၊ ဒါက မစ္စတာကျန့်နေတဲ့ ကမ်းခြေဗီလာ…"


ခယ်ရှောင်ပင်းက မြေပုံကို အလျင်အမြန် အမှတ်အသားပြုလိုက်သောအခါ လူတိုင်းက သူ့ကို မချီးကျူးဘဲမနေနိုင်ခဲ့ကြပေ။


ရှင်းယန်၏နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားပြီး သူကဆိုသည်။ "မင်းက RPG ဂိမ်းဆော့နေတာလား။"


ခယ်ရှောင်ပင်းက ပြုံးပြီး ပြောသည်။ "ငါက RPG အွန်လိုင်းဂိမ်းတွေကို ကစားဖူးတာကြောင့် ဖြစ်နိုင်ပါတယ်။ ဘယ်ကိုသွားပါစေ ငါ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ဒီနေရာရဲ့ ကမ္ဘာ့မြေပုံကို ရယူဖို့ပဲ။ ဒီနည်းနဲ့သာ တောရိုင်းသားရဲတွေကို ဘယ်မှာတိုက်ခိုက်ရမလဲ၊ ပစ္စည်းတွေကို ဘယ်မှာယူရမလဲ၊ ဘယ်ကမ္ဘာ Boss က လွယ်လွယ်ကူကူ ချဉ်းကပ်လို့မရဘူးလည်းဆိုတာကို ငါသိတာ။"


လူတိုင်း: "..."


ခယ်ရှောင်ပင်း၏ ဂိမ်းကစားခြင်းကို စွဲလမ်းမှုက စာကြည့်တိုက်မှာ သူတို့ကို အများကြီး ကူညီပေးခဲ့သည်။


မြို့မြေပုံကို လက်ထဲတွင်ကိုင်ထားပြီး ချင်လုနှင့် ကျန်းဖျင်စစ်တို့ နှစ်ဦးစလုံးသည် ကိုသြဒီနိတ်များကို ချက်ချင်းရှာဖွေနိုင်ပြီး လူတိုင်းကို ၎င်းတို့၏ ဦးတည်ရာသို့ တတ်နိုင်သမျှ မြန်မြန်ခေါ်ဆောင်သွားနိုင်သည်။ ယွဲ့ရှင်းဝမ်က ပြုံးပြီး ခယ်ရှောင်ပင်း၏ပခုံးကို ပုတ်လိုက်သည်။ "လုပ်တာတော်တယ်။ ငါတို့ပြန်သွားတဲ့အခါ မင်းအတွက် ကြက်ကြော်အပိုထည့်ပေးမယ်။"


ခယ်ရှောင်ပင်းသည် တံတွေးမျိုချလိုက်ပြီး ရှင်းဝမ် ကြွေးတင်ထားသော အစားအစာကို သူ့စိတ်ထဲတွင် တိတ်တဆိတ် မှတ်ထားလိုက်သည်။


နောက်ဆုံးတွင် နာရီသည် နံနက် 1 နာရီ နီးကပ်လာသောအခါ အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ယွဲ့ရှင်းဝမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "လှုပ်ရှားတော့။"


ကျန်းဖျင်စစ်က ညွှန်ကြားခဲ့သည်။ "အခြေစိုက်စခန်းရဲ့ တည်နေရာကို မှတ်ထားပါ။ အခြေအနေမမှန်ရင် စက်ရုံကို ချက်ချင်းပြန်သွားဖို့ နေရာရွှေ့ပြောင်းနိုင်တဲ့ စွမ်းရည်ကို အသုံးပြုပါ။"


ကျောင်းသားများသည် သူတို့၏ နားလည်မှုကို ဖော်ပြရန် ခေါင်းငြိမ့်ကြသည်။


ခယ်ရှောင်ပင်းသည် ရှောင်ထုကို လက်မအရွယ်သို့ လျှော့ချလိုက်ပြီး အနီးနားပတ်ဝန်းကျင်ကို စစ်ဆေးထောက်လှမ်းရန် လွတ်လိုက်ကာ 100 စတုရန်းမီတာ အချင်းဝက်အတွင်း မည်သည့်သက်ရှိသတ္တဝါမှမရှိတာကို တွေ့လိုက်ရသည်။ သူက ချင်လုကို ခေါင်းငြိမ့်ပြပြီး ချင်လုသည် ကမ္ဘာလုံးကိုဆင့်ခေါ်ကာ အားလုံးကို မြေပြင်ပေါ်သို့ ပြန်ပို့ရန် ကျောက်ထုလွှာလှုပ်ရှားမှုကို အသုံးပြုခဲ့သည်။ 


ပတ်ဝန်းကျင်သည် မည်းမှောင်နေပြီး လေထုထဲတွင် မနှစ်မြို့ဖွယ် အနံ့အသက်များ ရှိနေသည်။


မီးလောင်ပြီးနောက် ဓာတုစက်ရုံသည် ဖုန်မှုန့်များ ပြည့်နှက်နေပြီး မီးခိုးညှော်နံ့များ လေထဲတွင် ပျံလွင့်နေသည်။ ညစ်ပတ်သောပတ်ဝန်းကျင်ကို အလွန်မုန်းတီးသော ကျန်းဖျင်စစ်သည် မျက်မှောင်ကြုတ်ကာ ချက်ချင်းပင် ကိုသြဒီနိတ်စနစ်ကို ဖွင့်ပြီး တိုးတိုးလေးပြောလိုက်သည်။ "လေကြောင်းလမ်းနဲ့ အရင်ဆုံးဆုံရပ် မှုခင်းရဲတပ်ဖွဲ့ကို သွားမယ်။"


ယွဲ့ရှင်းဝမ်က ချင်လုကို ကြည့်လိုက်သည်။ "မင်းတို့ရဲ့ ပထမဆုံးဆုံရပ်က ဘယ်မှုလဲ။"


ချင်လုက ကမ္ဘာလုံးကိုကိုင်ပြီး ပြောသည်။ "စက်ရုံနဲ့အနီးဆုံးဖြစ်တဲ့ ရှောင်းဝမ်ဟွေ့ရဲ့နေအိမ်၊ ကျင်းထိုက်လူနေရပ်ကွက်ကို သွားမှာ။"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ၊ အားလုံး သတိထားပြီး ဘေးကင်းရေးကို ဦးစားပေးကြပါ။"


အုပ်စုနှစ်စုသည် လျင်မြန်စွာ ကွဲကွာသွားပြီး အုပ်စုအေသည် စတင်နေရာပြောင်းပြီး ချက်ချင်း သူတို့၏ခရီးပန်းတိုင်ကို ရွှေ့သွားကြသည်။ အုပ်စုဘီသည် မှောင်မိုက်သော ညကောင်းကင်တွင် အရှေ့မြောက်ဘက်သို့ ပျံသန်းနိုင်သော ကျန်းဖျင်စစ်၏ လေကြောင်း ရွှေ့ပြောင်းနိုင်စွမ်းကို ငှားရမ်းခဲ့သည်။


ခယ်ရှောင်ပင်စသည် သူ့လက်ပ်တော့ကို ဖွင့်လိုက်ပြီး "ဒီကိစ္စနဲ့ ပတ်သက်တဲ့ သတင်းတွေကို ငါ စစ်ဆေးလိုက်မယ်။" မြေအောက်ခန်းမှာ လိုင်းမရှိပေမဲ့ အင်တာနက်က လေထဲမှာ ချိတ်ဆက်ထားနိုင်ပြီး သူ့လက်ပ်တော့သည် အနီးနားက ကြိုးမဲ့ကွန်ရက်ကို အမြန်ရှာတွေ့ခဲ့သည်။


ခယ်ရှောင်ပင်းက သတင်းကို အမြန်ပြန်ဖတ်လိုက်သည်။ "စက်တင်ဘာ 1 ရက် ည 10 နာရီ 15 မိနစ်တွင် မြို့တောင်ပိုင်း ဆင်ခြေဖုံးရှိ ဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲခဲ့ရာ အကြောင်းရင်းမသိရသေးဘဲ အချက်ပေးသံရရှိပြီးနောက် မီးသတ်တပ်ဖွဲ့က အမြန်ဆုံး ကယ်ဆယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဓာတုစက်ရုံအနီး ပေါက်ကွဲမှုကြောင့် လမ်းကို အမှိုက်ကားများဖြင့် ပိတ်ဆို့ခဲ့ပြီး မီးလောင်ကျွမ်းတဲ့နေရာကို ည 12 နာရီတွင် ရောက်ရှိလာခဲ့တယ်။"


ခယ်ရှောင်ပင်းသည် ခေတ္တရပ်နားပြီး အဓိကအချက်များအား ဆက်လက်၍ ဖတ်ခဲ့သည်။ "လက်ရှိမှာ မီးငြိမ်းသတ်ခဲ့ပြီး ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက် ရှိကြောင်း အဆိုပါ မီးလောင်မှုတွင် သေဆုံးသူ စုစုပေါင်း 68 ဦးနှင့် ဒဏ်ရာ ပြင်းထန်သူ 45 ဦးတို့ကို ကယ်တင်ဖို့အတွက် ဗဟိုဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရတယ်…"


သူက ယွဲ့ရှင်းဝမ်ကိုကြည့်ပြီး "အသေအပျောက်အရေအတွက်က ငါတို့မျှော်လင့်ထားသလိုပဲ။"


သတင်းသည် အရေအတွက်များအကြောင်းသာပြောသော်လည်း အရေအတွက်တိုင်း၏နောက်ကွယ်တွင် လူ့အသက်များရှိသည်။


မီးလောင်ကျွမ်းမှုအပြင်ဘက်တွင် မိသားစုဝင်များ၏ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်သံကို တွေးတောရင်း ယွဲ့ရှင်းဝမ်၏ မျက်နှာသည် မည်းမှောင်သွားပြီး ပြောလိုက်သည်။ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို ကြည့်ဖို့ မှုခင်းရဲတပ်ဖွဲ့ကို မြန်မြန်သွားရအောင်။"


ကျန်းဖျင်စစ်သည် ပါရာဘိုလာကို ထိန်းချုပ်ပြီး မိနစ်အနည်းငယ်အတွင်း မှုခင်းရဲတပ်ဖွဲ့ကို ရောက်ရှိခဲ့သည်။


လန်ယာရုန်: "ညဘက်မှာ တာဝန်ကျသူတစ်ယောက်ရှိရမယ်။ ငါတို့ ဘယ်လို ခိုးဝင်မှာလဲ။"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ဆိုသည်။ "ခယ်ရှောင်ပင်းနဲ့ ငါက ပြတင်းပေါက်ကနေဝင်ပြီး စာရွက်စာတမ်းတွေကို လျှို့ဝှက်ကော်ပီကူးမယ်။ အခြားသူတွေက တံခါးမှာစောင့်ပြီး လှုပ်ရှားမှုရှိတာနဲ့ ချက်ချင်းပြန်ဆုတ်ကြမယ်။"


ခယ်ရှောင်ပင်း၏ လက်ပ်တော့ကို စာကြည့်တိုက်က ပေးထားပြီး အခြားချိတ်ဆက်ထားသော ကွန်ပျူတာများမှ ဒေတာအားလုံးကို နေရာအကန့်အသတ်မရှိ ကော်ပီကူးနိုင်သည်။ ရဲတပ်ဖွဲ့၏ကွန်ပြူတာသို့ ချိတ်ဆက်နိုင်သရွေ့ ဒေတာကို အလိုအလျောက် ဝှက်စာဖော်ပြီး ဒေါင်းလုဒ်လုပ်နိုင်သည်။


တံခါးကို ဖြတ်လျှောက်သွားခြင်းသည် စီစီတီဗီကနေ ဖမ်းယူရရှိရန် လွယ်ကူပြီး ပြတင်းပေါက်မှ တစ်ဆင့်တက်ခြင်းက ပိုလုံခြုံပါသည်။


ကျန်းဖျင်စစ်သည် လူတိုင်း၏ လှုပ်ရှားမှုလမ်းကြောင်းများကို ထိန်းချုပ်ရန်အတွက် ကိုသြဒီနိတ်စနစ်ကို အသုံးပြုပြီး ဒုတိယထပ်ရှိ ပြတင်းပေါက်ဆီသို့ ရောက်လာခဲ့သည်။ ပြတင်းပေါက်ကို အတွင်းမှသော့ခတ်ထားပြီး ကျန်းဖျင်စစ်သည် သူ၏ ညာလက်ကို ဝှေ့ယမ်းကာ ချွန်ထက်သော တြိဂံပေတံသည် ပြတင်းပေါက်ရှိ အဟကိုဖြတ်သွားကာ သံသော့ကို ချက်ချင်း ဖြတ်တောက်လိုက်သည်။


ခယ်ရှောင်ပင်းက လက်မထောင်ပြသည်။ "ဖျင်စစ်၊ မင်းသော့ဖွင့်နည်းက… တကယ်ပျံသန်းသူခိုးတစ်ယောက်လိုပဲ။"


ရှောင်ထူသည် ထောင့်တွင် ကင်မရာတစ်လုံးကို တွေ့ရှိပြီး ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို ကြည့်ကာ ကင်မရာ၏တည်နေရာကို ညွှန်ပြရင်း ယွဲ့ရှင်းဝမ်က သူဘာကိုဆိုလိုသည်ကို နားလည်ပြီး ခေါင်းငြိမ့်ပြကာ 'ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများ'ကို ဖွင့်ပြီး လူရွှင့်၏ 'လူသားတွေရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေက ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး။ ငါတော့ သူတို့တွေ ဆူညံတယ်လို့ပဲ ထင်မိတယ်'စွမ်းရည်ကို တိုက်ရိုက်အသုံးပြုခဲ့ပြီး ပတ်ဝန်းကျင်က လုံးဝတိတ်ဆိတ်သွားသည်။


ကျန်းဖျင်စစ်သည် ပြတင်းပေါက်ကို တွန်းဖွင့်ကာ ညာဘက်လက်ကို ဆန့်တန်းပြီး ခေါင်မိုးထောင့်ဆီသို့ မြားတစ်စင်းကဲ့သို့ ချွန်ထက်သော တြိဂံပေတံကို ပစ်ချလိုက်ပြီး ထောင့်စွန်းက ကင်မရာကို ချက်ချင်း ကွဲကြေစေခဲ့သည်။ ယွဲ့ရှင်းဝမ်မှ ပတ်ဝန်းကျင်ကို အသံပိတ်ထားသောကြောင့် ကင်မရာသည် ကွဲသွားသောအခါ ဆူညံခြင်းမရှိပေ။


သူတို့နှစ်ဦးကြား တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်မှုသည် ခယ်ရှောင်ပင်းအတွက် လုံးဝဘေးကင်းသော အခြေအနေများကို ဖန်တီးပေးခဲ့သည်။


ကျန်းဖျင်စစ်က နှုတ်ခမ်းလှုပ်လိုက်သည်။ "မြန်မြန်လုပ်။"


သူသည် နေရာမှာတင် ရုံးခန်းထဲသို့ လိမ့်ဝင်သွားကာ အခြားသူများလည်း လျင်မြန်စွာ လိမ့်ဝင်သွားခဲ့သည်။ ခယ်ရှောင်ပင်းသည် သူ့လက်ပ်တော့ကို ထုတ်ကာ ရုံးတွင်းရှိ ကွန်ပြူတာနှင့် အမြန်ချိတ်ဆက်ပြီး 'ဓာတုစက်ရုံ၏ ပျက်စီးနေသောအလောင်းများအမှု' အမည်ရှိ ဖိုင်တွဲတစ်ခုကို တွေ့ရှိခဲ့သည်။


#TK