Chapter 65
Viewers 6k

👥️Chapter 65



ပွဲကာလအတွင်းမှာ ယွီစစ်ယွမ်က ဆေးရုံကနေဆင်းလာပြီဖြစ်ပေမဲ့ သူ့ခြေထောက်ဒဏ်ရာက ပြန်ကောင်းလာရန်လိုသေးသောကြောင့် မတက်ရောက်နိုင်ပေ။သူလိုအခြေအနေမျိုးနှင့်လူများက ကြိုပြီးခွင့်​တောင်းရလေသည်။


ယန်အန်းယု တစ်ချက်ဝှေ့ကြည့်ကြည့်လိုက်သည်။တက်သစ်စများထဲတွင် သူ၏သူငယ်ချင်းကောင်း ချင်နွော်ရှီမှလွဲ၍ သူနှင့်အတူတူတစ်ချိန်တည်း ပွဲဦးထွက်ခဲ့သည့် ထန်းရှောင်၊ရှန်းသုန်းဟောင့်၊ဟွမ်ချွမ်းတို့တတွေကို တစ်ယောက်မှ မ​တွေ့ပေ။ကုမ္ပဏီက ယခုမှပွဲဦးထွက်ပေးထားသော အမျိုးသမီးအိုင်ဒေါတစ်ဖွဲ့ပင်ရှိသေးသည်။


ပွဲက ည၇နာရီမှာ တရားဝင်စတင်မှာဖြစ်သဖြင့် လူတိုင်းက အတူတူတွဲဓာတ်ပုံများရိုက်စကားများပြောကြသည်။ဤညရှစ်နာရီခွဲမှာ အဆိုတော်တချို့က စင်ပေါ်တက်ဖျော်ဖြေမှာဖြစ်၏။


ယခုမှ ၆နာရီထိုး​ပြီးခါစရှိသေးသည်။ယန်ကျွယ့်နှင့် တခြားကုမ္ပဏီခေါင်းဆောင်များက ပေါ်မလာကြသေးပေ။A-listစာရင်းဝင်အနုပညာရှင်များဖြစ်သည့် ယီချန်းယန်နှင့် ရှင်းလီတို့လည်းပေါ်မလာသေးပေ။စောစောရောက်နေကြသည့် အနုပညာရှင်များက သုံးလေးငါးယောက်တစ်ဖွဲ့အုပ်စုများဖွဲ့ကာ ဓာတ်ပုံအတူတူရိုက်နေကြပြီး တချို့က ပုံမှန်အတိုင်းယဥ်ယဥ်ကျေးကျေးဖြစ်သော်လည်း တချို့က ပေါတောတောနှင့်မူရာမာယာများနေကြသည်။


ဆက်ဆံရေးကောင်းခြင်းကြောင့် နာမည်ကြီးသော နာမည်ကျော်တချို့က လည်း ထုံးစံအတိုင်း တက်သစ်စများနှင့်စကားပြောနေကြသည်။


ထန်းရှောင်က အစကနေအဆုံးထိ အပြုံးဖျော့ဖျော့တစ်ပွင့်ကို တပ်ဆင်ရင်း ယန်အန်းယုဆီသို့တစ်လှမ်းချင်းလျှောက်လာသည်။


"ရှောင်ယွီ"

နာမည်ကိုပင်လျှင် သူကအလွန်တရင်းတနှီးခေါ်လိုက်သေး၏။


ယခုလိုအများရှေ့မျိုးမှာ ယန်အန်းယု ရွေးချယ်စရာမရှိဘဲ ပြုံးပြီးပြန်တုံ့ပြန်လိုက်ရသည်။

"ကောင်းသောညနေခင်းပါဗျ ထန်းရှောင်ကော"


"ငါနဲ့ဓာတ်ပုံထပ်ရိုက်မလား"

ထန်းရှောင်ဘက်ကနေစပြီး အကြံပြုလာသည်။ယခင်တစ်ခေါက်က သူတို့ဓာတ်ပုံတစ်ပုံတွဲရိုက်ခဲ့ကြပြီး 'Challenge First Time'ရိုက်ကူးနေစဥ်က ပူးပေါင်းမှုအတွက်ဖြစ်လေသည်။


ယန်အန်းယုက အနည်းငယ်တန့်သွားပေမဲ့ ခေါင်းညိတ်လိုက်ဆဲဖြစ်ကာ ထန်းရှောင်ဘေးမှာရပ်လိုက်၏။


ကုပ္မဏီကစီစဥ်ပေးထားသော ဓာတ်ပုံဆရာက အိုကေအမူအရာလုပ်ပြသည်နှင့် ရုတ်ချည်းဆိုသလို ထန်းရှောင်က ယန်အန်းယုခါးကိုဖက်လိုက်ကာ ယန်အန်းယုကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်လေသည်။


ထိုအချိန်မှာပဲ ယီချန်းယန်က ရောက်လာပြီး သူ့အကြည့်က အလျင်အမြန်ပဲ ယန်အန်းယုနှင့် ထန်းရှောင်အပေါ်ရောက်လာခဲ့၏။


ယီချန်းယန်၏ အကြည့်စူးစူးတို့ရောက်ရှိလာသည်နှင့် ယန်အန်းယုက တန်းပြီးခံစားမိလိုက်၏။ထို့ကြောင့် ဓာတ်ပုံရိုက်ပြီးနောက် သတိရှိစွာပဲ ဘေးကိုပြန်ခွာလိုက်သည်။


ပထမဆုံးအနေဖြင့် သူ ယီချန်းယန်ကို ဘာတစ်ခုမှအထင်လွဲမသွားစေချင်ပေ။ဒုတိယအနေဖြင့် ထန်းရှောင်မှာ ဘာရည်ရွယ်ချက်ကောင်းမှမရှိမှန်း သူခံစားမိလေသည်။ခုနအထိကို အဆင်ပြေသေးပါရဲ့နဲ့ ဘာလို့ ရုတ်တရက်ကြီး သူ့ခါးကိုလာဖက်တာလဲ...


ယီချန်းယန်ပေါ်လာသည်နှင့် ချက်ချင်းပဲ အကြီးကြီး ဂယက်ရိုက်သွားတော့သည်။ပွဲနေရာမှ တခြားအနုပညာရှင်များက အသီးသီးလာကာ သူ့ကိုနှုတ်ဆက်ကြသည်။သူက အပြုံး​ဖျော့ဖျော့ဖြင့် ခေါင်းညိတ်ပြသည်။ပိုပြီးဆက်ဆံရေးကောင်းသူများက တိုက်ရိုက်လာပြီး သူ့ကို့ပုတ်ကာ လတ်တလောကိစ္စများအကြောင်း စကားစမြည်ပြောကြသည်။


ယီချန်းယန်က သူတို့နှင့် တိုတိုတုတ်တုတ် စကားအနည်းငယ်ပြောပြီးနောက် ယန်အန်းယုနှင့် ထန်းရှောင်တို့ရှိရာ ထောင့်နေရာသို့ အမှတ်တမဲ့ဟန်​ဆောင်ကာဖြင့် လျှောက်သွားလိုက်သည်။


ထန်းရှောင်က အနည်းငယ် ဦးညွတ်ကာဆိုသည်။

"ဟဲလို စီနီယာယီ"


ယီချန်းယန်က သူ၏ယခင်အေးစက်စက်အမူအရာကို လုံးလုံးလျားလျား ထိန်းထားလျက် လျှောက်သွားပြီး ထန်းရှောင်၏ပခုံးကိုပုတ်ကာ​ပြုံးလိုက်၏။

" 'Challenge First Time'မှာပါတုန်းက မင်းကို သတိထားမိနေတာ...အဲဒီနောက်ပိုင်း မင်းသီချင်းတွေကိုလည်း နားထောင်ဖြစ်တယ်...မဆိုးဘူးပဲ"


ရုပ်ရှင်စီနီယာက သူ၏ဖော်ရွေပျူငှာသောဘက်ခြမ်းကို ပြသနေသည်။သို့ပေမဲ့ ထန်းရှောင်နှင့် မျက်နှာချင်းဆိုင်ချိန်မှာ ယီချန်းယန်ကပြုံးနေသည့်တိုင် သူ့ထံ၌ နွေးထွေးမှုတို့နည်းနည်းမှရှိမနေခဲ့ပေ။


"ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်"

ထန်းရှောင်ကလည်း ခပ်ဖျော့ဖျော့ပြုံးလိုက်လေသည်။

"စီနီယာယီက ကျွန်တော့်ကို ဒီလောက်အာရုံစိုက်မှုပေးလာလိမ့်မယ်လို့မမျှော်လင့်ထားဘူးဗျာ"


"ကိုယ်နဲ့ ရှောင်ယုကသူငယ်ချင်းကောင်းတွေလေ...မင်းက သူနဲ့ပူးပေါင်းဖူးတော့ မင်းကိုသိတာမဆန်းပါဘူး...ပြီးတော့ မင်းတို့ တက်သစ်စလေးတွေက အကုန်လုံး အရမ်းတက်ကြွကြတာလေ...မင်းတို့အကြောင်းသတင်းတွေ ခဏခဏ အွန်လိုင်းပေါ်မှာတွေ့တယ်..."


နှုတ်ခမ်းဖျားပေါ်ဝယ် ပြီးပြည့်စုံပြီး အသရေတင့်လှသောအပြုံးတစ်ခုကိုပန်ဆင်ထားရင်း ယီချန်းယန်က ထန်းရှောင်နားအနည်းငယ်ကပ်လာသည်။

"မင်းက အရမ်းလည်မှန်းလည်း တွေ့တယ်...အနာဂတ်မှာ မင်းရဲ့ဘဝတက်လမ်းချောမွေ့ဖို့ မျှော်လင့်ပါတယ်...ပြီးတော့ အရမ်းအရေးကြီးတဲ့အရာတစ်ခုက...."


ယီချန်းယန်က တမင်တကာခေတ္တတန့်လိုက်ပြီး အေးစက်စက်အလင်းတစ်ခုက သူ့မျက်လုံးများထဲဖြတ်ပြေးသွား၏။


"ထန်းရှောင်...မင်းအတွက် ဘာကအသင့်တော်ဆုံးလဲ၊မင်း အမှန်တကယ်ပိုင်ဆိုင်တာကဘာလဲဆိုတာသိရင်အကောင်းဆုံးပဲ...လောဘမကြီးနဲ့"


ထန်းရှောင်၏ သူငယ်အိမ်များ မသိမသာလှုပ်ခတ်သွားပေမဲ့ သူက ယဥ်ယဥ်ကျေးကျေး ခေါင်းညိတ်လိုက်ဆဲဖြစ်လေသည်။

"အင်း...အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ်"


သူ၏လှုပ်ရှားမှုတိုင်းမှာ အမှားအနည်းငယ်မျှပင်မမြင်ရပါချေ။


ယန်အန်းယုက ဘာမှဝင်မပြောဘဲ ဘေးကနေ ငြိမ်ငြိမ်လေးနားထောင်နေသည်။အနှီနှစ်ယောက်က ယဥ်ယဥ်ကျေးကျေးနှင့် အာလာပသလ္လာပများ အပြန်အလှန် ပြောနေပြီး အဓိပ္ပါယ်နှစ်ခွရှိသည့်စကားများပင်ပါသေးသည်ဟု သူခံစားရသည်။သေချာသည်ပင်၊နှစ်ယောက်စလုံး၏အတွေးများကား ခန့်မှန်းရခက်လှသည်။


သို့ပေမဲ့ ဖျော်ဖြေရေးလောကထဲမှာ အချိန်အကြားကြီးနေရန်က အကြံအစည်တို့လှည့်ကွက်တို့လည်း တချို့တလေရှိမှဖြစ်မည်ပင်။


ထို့အပြင် ယီချန်းယန်က ပွင့်လင်းသောစီနီယာတစ်ယောက်၏ဟန်ဖြင့်  အပြုံးထဲတွင်ဓားများဝှက်ကာ ထန်းရှောင်ကို လျှို့ဝှက်စွာ ​ခြိမ်းခြောက် သတိပေးနေသည်ကိုကြည့်ပြီး ယန်အန်းယု ကျိတ်ပြီးကြည်နူးသွားသည်။တစ်ယောက်သော ရုပ်ရှင်ဧကရာဇ်ကြီးက တစ်ရာရာခိုင်နှုန်း သဝန်တိုနေပြန်လေပြီ။


"စီနီယာယီ...ဓာတ်ပုံအတူတူရိုက်ရအောင်လားဗျ"

ယန်အန်းယုက အားပါးတရပြုံးကာ ယီချန်းယန်နားကိုပျော်ရွှင်စွာ ချဥ်းကပ်သွားရင်း 'အစစ်အမှန်megadare'တစ်ယောက်လို ပြုမူပြန်သည်။


"အိုကေ"

ယီချန်းယန်၏နှုတ်ခမ်းများ ကွေးတက်သွားကာ ယန်အန်းယု၏တစ်ဖက်ခြမ်းကိုလျှောက်သွားပြီး ဘယ်သူ့လက်များက ယန်အန်းယုကို ပိုင်သလဲဆိုသည်ကို တစ်ယောက်သောသူအား ပြောင်ပြောင်တင်းတင်းပြသလေတော့သည်။


များမကြာမီပဲ ကုမ္ပဏီ၏ ရာထူးအမြင့်ပိုင်းပုဂ္ဂိုလ်များ ယန်ကျွယ့်နှင့်အတူပေါ်လာပြီး ကုမ္ပဏီတွေဆုံပွဲလည်း တရားဝင်စတင်တော့လေသည်။


ယန်အန်းယုတစ်ယောက် အမှန်တကယ်ပင် တစ်ယောက်သောရုပ်ရှင်ဧကရာဇ်ကြီး၏'အမြှီးလေး'ဖြစ်ချင်ပြီး သွားလေးရာလိုက်ချင်ပါသော်ငြား ယနေ့မှာအပြင်လူ အများကြီးရှိ​နေလေသည်။ထို့ကြောင့် ယန်အန်းယုမှာ သဘာဝအတိုင်း ယီချန်းယန်နားကပ်မနေနိုင်ပါဘဲ ပွဲချိန်တစ်လျှောက်လုံးနီးပါး ချင်နွော်ရှီနှင့် ကုန်ဆုံးကာ သူ့အားအဖော်ပြု​​ပေး​နေခဲ့ရသည်။


သို့ပေမဲ့ ယန်အန်းယုက အမြဲတစေ ရုပ်ရှင်ဧကရာဇ်ကြီးကို တိတ်တိတ်လေး ခိုးကြည့်တတ်ပြီး တစ်ဖက်လူဘာလုပ်နေသလဲ၊ ဘယ်သူနှင့်စကားပြောနေသလဲကြည့်သည်။


ပျော်စရာကောင်းသောအချိန်ဟူသမျှသည် အကုန်မြန်တတ်သည်။၇နာရီကနေ ၉နာရီခွဲလောက်အထိ လူတိုင်းက တစီစီညံအောင်စကားပြောခဲ့ကြသည်။


ဤအချိန်မှာ ယီချန်းယန်ကဲ့သို့သော အလွန်အလုပ်များသည့် အနုပညာရှင်တချို့က ကိစ္စရှိသေး၍စောစောပြန်တတ်ကြသည်။သို့ပေမဲ့ ပွဲဦးထွက်ချိန် နှစ်နှစ်နှင့် နှစ်နှစ်အောက်သာရှိသေးသော တက်သစ်စလေးများက အားလုံးနီးပါးရှိနေကြသေးသည်။


ကုမ္ပဏီရုပ်သံလွှင်ခန်းမ၏စင်မြင့်ထက်မှာ အဆိုတော်တချို့က တက်ပြီး​ဖျော်ဖြေပြီးပြီဖြစ်ကာ ယခုတစ်ခါက ရှန်းသုန်းဟောင့်၏အလှည့်ဖြစ်လေသည်။


နှစ်ယောက်သားက မရင်းနှီးကြသဖြင့် ယန်အန်းယုနှင့် ရှန်းသုန်းဟောင်တို့ဆုံသည့်အကြိမ်ရေမှာ လက်ချိုးရေ၍ရလေသည်။တစ်ယောက်နှင့်တစ်ယောက်ဆုံသည့် ရံဖန်ရံခါ အကြိမ်များမှာလည်း ၎င်းတို့နှင့် ချင်နွော်ရှီ၏ဆက်ဆံရေးကြောင့်ဖြစ်၏။


အနှီလောကထဲမှာ နေခြင်းက လူတစ်ယောက်ကို အမှန်တကယ်ပြောင်းလဲပစ်လိုက်နိုင်သည်ဟုဆိုရပေမည်။ယန်အန်းယုနှင့် ပထမဆုံးအကြိမ် ဆုံစဥ်ကပုံစံနှင့်မတူပါဘဲ ရှန်းသုန်းဟောင့်က လက်ရှိအချိန်မှာ သူ့ဆံပင်ကိုပိုတိုအောင်ညှပ်ထားသည်။နဖူးပေါ်ဝဲကျနေသည့်ဆံပင်တို့မရှိတော့ပါဘဲ နဖူးပြင်ကျယ်ကျယ်ကိုဖော်ထားကာ သူ၏မျက်နှာကောက်ကြောင်းများကို ပို၍ယောကျ်ားဆန်ပြီး ပေါ်လွင်စေသည်။ကျောင်းသားအငွေ့အသက်သို့မဟုတ် ငယ်ရွယ်မှုအငွေ့အသက်တို့ အရိပ်အယောင်နည်းနည်းမှရှာမတွေ့ပါချေ။


'မနက်ဖြန်များ၏အသံ'မှာ ပါဝင်စဥ်က အစောပိုင်းကာလမှာ ရှန်းသုန်းဟောင့်က အနည်းငယ် ဆောင့်ကြွားဆောင့်ကြွားနိုင်လေသည်။သို့ပေမဲ့ ဖိုင်နယ်ကိုရောက်လာသည်နှင့်အမျှ ထန်းရှောင်တို့ ဟွမ်ချွမ်းတို့ကဲ့သို့သော သန်မာသည့်ပြိုင်ဘက်များနှင့်ရင်ဆိုင်ရပြီးနောက် ရှန်းသုန်းဟောင့်၏စိတ်ထားက အနည်းငယ် စိတ်မရှည်ဖြစ်လာခဲ့လေသည်။


သို့ပေမဲ့ သူ့အကြောင်း သတင်းခေါင်းစဥ် များများစားစားမရှိသလို စန်းတင်မှုလည်းမရှိသဖြင့်  အစကနေအဆုံးအထိ သူ၏ကျော်ကြားမှုက  မြင့်လည်းမလာသလို လျော့လည်းမသွားဘဲ ချင်နွော်ရှီတို့ ထန်းရှောင်တို့နှင့် သိပ်မယှဥ်နိုင်ပေ။


ချင်နွော်ရှီက မွေးရာပါ ပါရမီအလွန်ကောင်းပြီး ဂီတနှင့်ပတ်သက်၍ဉာဏ်ကြီးရှင်ဖြစ်လေသည်။သူ၏သီချင်းများက သူ၏တမူထူးခြားမှုနှင့်ဖန်တီနိုင်စွမ်းပေါ်မှာ အလေးပေးပြီး သူက အကပိုင်းတွင်သာအနည်းငယ်လိုအပ်လေသည်။


ထန်းရှောင်ကမူ ဘက်စုံတော်သူဖြစ်၏။သူက ကဏ္ဍတိုင်းမှာ ညီတူညီမျှတော်ပြီး တည်ငြိမ်မှုရှိသလို သန်မာမှုလည်းရှိသည်။သို့ပေမဲ့ ထန်းရှောင်က အဆိုတော်တစ်ယောက်မျှတင် မဖြစ်ချင်ပေ။သူက လောလောဆယ်မှာ ရုပ်ရှင်နှင့်သရုပ်ဆောင်အနုပညာကို စိတ်ဝင်စား​နေပုံရပြီး ထိုနယ်ပယ်ထဲကိုချဲ့ထွင်ချင်နေပုံရလေသည်။


ဂီတသံက တဖြည်းဖြည်း ထွက်ပေါ်လာပြီး မနှေးလွန်းမမြန်လွန်းသော ဝမ်းနည်းဖွယ်တေးသွားက ရှန်းသုန်းဟောင့်၏အသံနှင့်တွဲလျက် သူတို့၏နားနားမှာဝဲလာသည်။ရိုးရိုးသားသားပြောရလျှင် ထိုသီချင်းကနေ ရှန်းသုန်းဟောင့်ကလည်း ဂီတကို အလေးအနက်စိတ်ပါလက်ပါဖန်တီးသူဖြစ်ကြောင်း ယန်အန်းယု ကြားနိုင်လေသည်။


သီချင်းတစ်ပုဒ်အဆုံးသတ်သွားပြီးနောက် လူတိုင်းက ဆက်ပြီးနားထောင်ချင်နေကြဆဲဖြစ်၏။ရှန်းသုန်းဟောင့်က ထိုမျှနာမည်မကြီးသဖြင့် ရှိနေသည့်လူများထဲမှာ တော်တော်များများက သူ့သီချင်းများကို အမှန်တကယ် တစ်ခါမှ မကြားဖူးကြပေ။သို့​ပေမဲ့ ယခု တအံ့တဩဖြစ်နေကြပြီး ရှန်းသုန်းဟောင့်ကို နောက်တစ်ပုဒ်ပင် ဆက်ဆို​ရန်မျှော်လင့်​နေကြလေသည်။


"သုန်းဟောင့်နဲ့ နွော်ရှီ သီချင်းတစ်ပုဒ်ကိုအတူတူဆိုလို့ရတာပဲ"

ရုတ်တရက် ထန်းရှောင်က မကြောက်မလန့် အကြံပြုလာ၏။တခြားသူများက လန့်ကုန်ကြပြီး ချင်နွော်ရှီကို အလိုအလျောက်လှမ်းကြည့်မိလိုက်ကြသည်။


ချင်နွော်ရှီနားထိုင်နေသည့် ယန်အန်းယုပင်လျှင် အနည်းငယ် ကြောင်အမသွားဘဲမနေနိုင်ခဲ့ပေ။ချင်နွော်ရှီ၏မျက်နှာပေါ်မှာ ဖြတ်ပြေးသွားသော မှင်တက်သွားသည့်အရိပ်အယောင်ကို သူ ရှင်းရှင်းလင်းလင်း ဖမ်းမိလိုက်၏။


"သူတို့က တစ်ကျောင်းတည်းကလို့ ကျွန်တော်ကြားမိတယ်...ပြီးတော့ အဖွဲ့တစ်ထဲကလည်းဆိုတော့ သေချာပေါက် ကောင်းကောင်းပူးပေါင်းနိုင်ကြမှာပါ"


ထိုအချိန်မှာ ဟွမ်ချွမ်းကလည်း ပါးစပ်ဟလာသည်။သာမန်ကာလျှံကာထွက်လာသည့် ဝါကျတစ်ကြောင်းဖြစ်ပေမဲ့ သတင်းအချက်အလက်များ အများကြီးပါလေသည်။


အခြေအနေကို ရှင်းရှင်းလင်းလင်း မသိကြသည့် တခြားသူများက ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိလိုက်ကြ၏။


ချင်နွော်ရှီပွဲဦးထွက်သည့်ကာလအတွင်းမှာ ဆူပူအုံကြွမှုများစွာဖြစ်ခဲ့သည်။ချင်နွော်ရှီက ရှန်းသုန်းဟောင့်နှင့်တစ်ခါက သိဖူးပေမဲ့ ကျောင်းတစ်ဝက်တစ်ပျက်နှင့်ထွက်လိုက်ရသည်။အကြောင်းပြချက်ကို မမေးမြန်းမစုံစမ်းရသေးပေမဲ့ antiဖန်များကလည်း သတင်းအချက်အလက်အမှားများဖြန့်ကြသည်။တချို့က ချင်နွော်ရှီ၏စရိုက်နှင့် ပုံစံက ပြဿနာရှိသည်ဟု ပြောကြပြီး တချို့ကဆိုလျှင် မိဘတစ်ပါးပဲရှိသည့်မိသားစုကလာသော အချက်ကိုပင် ထည့်ပြောကြသည်။


နောက်ပိုင်းမှာ ရှန်းဟွမ်မီဒီယာက ထိုအမှန်ရောအမှားပါရောနေသည့် ပရမ်းပတာသတင်းအချက်အလက်များအကုန်လုံးကို ဖိနှိပ်ပစ်ပြီး အများပြည်သူ၏အာရုံစိုက်မှုကို ချင်နွော်ရှီ၏အယ်လ်ဘမ်များနှင့်သီချင်းများဘက်ဆွဲလှည့်ခဲ့သည်။​နောက်ပိုင်းမှာ ချင်နွော်ရှီ'Challenge First Time'ရသစုံရှိုးမှာ ပါဝင်ပြီးနောက် များစွာသောလူများက antiဖန်မှ ဖြတ်သွားဖြတ်လာ၊ဖြတ်သွားဖြတ်လာမှ ဖန်အဖြစ်သို့ရောက်လာကြသည်။


အခုကြည့်ရတာ ချင်နွော်ရှီနဲ့ ရှန်းသုန်းဟောင့်က တကယ်ကို ဟိုးအရင်ကတည်းက သိကြပုံပဲ...သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ...


ယန်အန်းယုက စကားတစ်ခွန်းမှမဟဘဲ အမူအရာမဲ့လျက်ရှိနေသည့် ချင်နွော်ရှီကိုကြည့်ပြီး အနည်းငယ် စိတ်ပူနေမိသည်။ယန်ကျွယ့်လည်း မျက်မှောင်ကြုတ်သွားပြီး တဖြည်းဖြည်းနှင့် ​ဂနာမ​ငြိမ်ဖြစ်သွား၏။


"ဘာလို့ နှစ်ယောက်လုံး တုတ်တုတ်မလှုပ်ကြတာတုန်း...မဆိုချင်လည်း ထားလိုက်ပါတော့ကွာ"

ထန်းရှောင်က ရယ်ရယ်မောမောပြောလိုက်သည်။


"စုံတွဲဆိုပါဟ...နားထောင်ချင်လို့"


"စုံတွဲဆို...စုံတွဲဆို"


သို့ရာတွင် တစ်စုံတစ်ယောက်က ထအော်လာသည်။မည်သို့ပင်ဖြစ်စေ ယခုလိုကုမ္ပဏီပွဲမျိုးက ကုမ္ပဏီက လူတိုင်းကို မိသားစုတစ်ခုလိုမျိုး အနည်းငယ်ပိုအဆင်ပြေပြေရှိရန်၊စိတ်ပြေလက်ပျောက်နှင့် ကောင်းကောင်းပျော်ရန် မျှော်လင့်ပြီးကျင်းပခြင်းဖြစ်လေသည်။


လေထုက ပိုပို၍ စိတ်အားထက်သန်လာသည့်အခါ ရှန်းသုန်းဟောင့်က မိုက်ကိုပြန်ကောက်ကိုင်လိုက်ပြီး ပါးစပ်ဟရုံ​ပြုလိုက်သည်။

"ကျွန်တော်က အဆင်ပြေပါတယ်... နွော်ရှီကဆိုချင်လားတော့မသိဘူး"


ထိုသို့ပြောပြီး ရှန်းသုန်းဟောင့်က ချင်နွော်ရှီကိုကြည့်လိုက်၏။


ချင်နွော်ရှီ၏နှလုံးသားက တုန်ရီသွားသည်။ရှန်းသုန်းဟောင့်က သူ့ကို ယခုလို ဖော်ဖော်ရွေရွေလေသံနှင့် မပြောသည်မှာကြာပြီဖြစ်လေသည်။သို့ပေမဲ့ သူတို့က အနုပညာရှင်များဖြစ်၍ တစ်ခါတစ်ရံမှာ ဆန္ဒမရှိလည်း လုပ်ရပြီး တချိန်လုံး ပြုံးနေရသည်။


ချင်နွော်ရှီက ဘာမှမပြောဘဲ တစ်ခါတည်း မတ်တပ်ထရပ်ပြီး ယုံကြည်မှုရှိရှိ သက်တောင့်သက်သာနှင့် စင်မြင့်ပေါ်ကိုတက်သွားလိုက်သည်။


ထို့နောက်မှာ နှစ်ယောက်သား ခေတ်ဟောင်း ဂန္တဝင်ပေါ့ပ်သီချင်းတစ်ပုဒ်ကို သီဆိုလိုက်ကြသည်။လောကဓံ၏အနိမ့်အမြင် အတက်အကျတို့ကိုကြုံတွေ့ရပြီးအနောက်မှာ ဤခေတ်ဟောင်းသီချင်းက လူတိုင်းကို အသာလေး ရင်ထဲထိစေနိုင်သည်မှာပုံမှန်​ဖြစ်လေသည်။သို့ပေမဲ့ ဤတစ်ခါ တက်သစ်စနှစ်ဦးက ဤသီချင်းကို မတူညီသောခံစားချက်တစ်မျိုးဖြင့်သီဆိုခဲ့လေသည်။


သူတို့ကြားမှာ အချိတ်အဆက်ရှိနေဆဲဖြစ်ကြောင်း လက်တွေ့ဖြစ်ရပ်ကသက်သေပြနေသည်။ထို့အပြင် ချင်နွော်ရှီနှင့် ရှန်းသုန်းဟောင့်တို့၏အသံကာလာများက မမျှော်လင့်ပါဘဲ လိုက်ဖက်နေခဲ့သည်။သူတို့နှစ်ယောက် အတူဆိုသည့် အပိုဒ်များဆိုလျှင် ပို၍ပင်နားထောင်၍ကောင်းသည်။


သီချင်းကို နားထောင်းရင်း ယန်အန်းယု ထိပ်ဆုံးစားပွဲဆီက ယန်ကျွယ့်ကိုလည်းလှမ်းပြီး ခိုးခိုးကြည့်နေ၏။


ကြီးမြတ်တဲ့ ဥက္ကဋ္ဌယန်က မျက်နှာပေါ်မှာ ဘာလှိုင်းမှ များများစားစားမရှိပေမဲ့ ရင်ဘက်ထဲမှာတော့ မုန်တိုင်းတွေတိုက်လှိုင်းတွေထန်နေလောက်ပြီ ဟားဟား...


ပွဲအပြီးမှာ လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ထန်းရှောင်က သူ့ဘက်ကနေစပြီး ယန်အန်းယုကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လာပြီး ယန်းအန်းယုကမူ ဝတ်ကျေတမ်းကျေပဲ ပြုံးပြလိုက်၏။


ရှန်းသုန်းဟောင့်က စင်ပေါ်မှဆင်းသည်နှင့် ချင်နွော်ယွီကို ဆက်၍ပဲဥပေက္ခာပြုနေပြီး ဘာစကားမှမပြောတော့ပေ။


👥️