Chapter 15
Viewers 12k

💮Chapter 15



ဝမ်ချီက အလျင်စလို ပြေးသွားခဲ့ပြီး ဝမ်ချန်ချင်း၏ စာကြည့်ခန်းသို့ အချိန်တိုအတွင်း ရောက်သွားခဲ့သည်။ 


တံခါးကို စောင့်ကြပ်နေသည့် အစေခံနှစ်ဦးက အကွာအဝေးတစ်ခုမှ ပြေးလာသည့် ဝမ်ချီအား တွေ့လိုက်ရသည်။ သူတို့က ချက်ချင်း အော်ပြောလိုက်၏။

“အကြီးဆုံးသခင်လေး … ပြန်လာပါပြီ ...”


ဝမ်ချီက သူတို့နှစ်ဦးကို သေချာကြည့်လိုက်သည်။ ထိုသူတို့က ဝမ်ချန်ချင်းအပါးတွင် ခစားခြင်းဖြစ်ရာ ဝမ်ချီအား သိရှိကြသည့်တိုင် အကြီးဆုံးသခင်လေးဟု ခေါ်ဆိုနေကြခြင်း ဖြစ်၏။ သူတို့နှစ်ဦးက ဝမ်ချန်ချင်း၏ ဦးနှောက်ဆေးခံထားရပုံပင်။ 


သို့သော် မည်သို့ခေါ်ဆိုသည်က ဝမ်ချီအတွက် အရေးမပါချေ။ သူက ပင့်သက်ရှိုက်ကာ ပြောသည်။

“ငါ့အဖေ ဘယ်မှာလဲ … ”


အစေခံတစ်ဦးက ပြောသည်။

“သခင်ကြီး အခန်းထဲမှာပါ…”


တစ်ဖက်လူ၏ စကားများ ထွက်မလာမီ ဝမ်ချီက ဖြတ်ပြောလိုက်သည်။

“အချိန်ကိုက်ပဲ … ငါသူ့ကို သွားတွေ့လိုက်မယ် ...”


“သခင်လေး … ”

အစေခံက ဝမ်ချီအား တားရန် ကြိုးစားလိုက်သည်။ 

“သခင်ကြီးက ဧည့်သည်တွေကို လက်ခံတွေ့ဆုံနေပါတယ် … သခင်လေး ဝင်သွားလို့ မရပါဘူး ...”


ဝမ်ချီက သူတို့အား ဂရုမစိုက်ချေ။ သူက ကိုယ်ကိုယိမ်းကာ အစေခံများ၏ ဆန့်ထုတ်လာသည့် လက်များကို ကျွမ်းကျင်စွာ ရှောင်တိမ်းလျက် စာကြည့်ခန်းအတွင်းသို့ ဝင်သွားလေသည်။ 


“အဖေ … အဖေ … ကျွန်တော် ပြန်ရောက်ပြီ … ”

ဝမ်ချီ ပျော်ရွှင်စွာ အော်လိုက်သည်။ 


ဝမ်ချီက စာကြည့်ခန်းအတွင်းသို့ တစ်ကြိမ် လာရောက်ဖူးရာ စာကြည့်ခန်း၏ တည်ဆောက်ပုံနှင့် ရင်းနှီးနေပြီဖြစ်သည်။ သူက ပေါ့ပါးသော ပျံလွှားငှက်တစ်ကောင်ပမာ စာကြည့်ခန်းအတွင်းသို့ ကိတ်မုန့်ဘူးကို ကိုင်လျက် ဝင်လာ၏။ အစေခံနှစ်ဦးကမူ သူ့နောက်မှ အလန့်တကြား ပြေးလိုက်လာကြသည်။ 


သူ့အသံမှာ မတိုးလှသဖြင့် အခန်းတွင်းရှိ လူအားလုံး သေချာပေါက် ကြားကြမည်ဖြစ်သည်။ ဝမ်ချီ ရပ်လိုက်ချိန်တွင် ဝမ်ချန်ချင်း၏ တုန်လှုပ်၍ အေးစက်နေသော မျက်နှာအား တွေ့လိုက်ရသည်။ 


ဧည့်သည်ထိုင်ခုံတွင် ရှိနေသည့် ဝမ်ချန်ချင်းက ဝမ်ချီ၏ မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်၌ မျက်နှာပေါ်ရှိ ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ သူက စားပွဲခုံအား ဘန်း ကနဲ့ မြည်အောက် ရိုက်ချလိုက်၏။

“မျိုးမစစ်လေး … မင်းကို ဘယ်သူက အထဲလာခွင့်ပြုလို့လဲ …” 


စားပွဲပေါ်ရှိ လက်ဖက်ရည်နှစ်ခွက်က တုန်ခါသွားကာ ဝမ်ချန်ချင်း၏ လက်ခုံပေါ်သို့ ရေနွေးပူပူများ ဖိတ်ကျလာ၏။ ဝမ်ချန်ချင်းက နာကျင်မှုဖြင့် တစ်ချက်ညည်းလိုက်သည်။ ထို့နောက် လက်ကိုရုတ်ကာ အမှတ်တမဲ့ အခြားလက်ဖြင့် ပွတ်လိုက်၏။ 


ဝမ်ချီက စိတ်ဆိုးမည့်အစား အပြစ်ကင်းစွာ မျက်တောင်ခတ်လိုက်သည်။

“အဖေ … ကျွန်တော်က အဖေ့ကို တွေ့ဖို့ ပြန်လာတာလေ… ”


သူ့စကားဆုံးသည်နှင့် ဝမ်ချန်ချင်းနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် အပြာရောင်ဝတ် သက်လတ်ပိုင်းအရွယ်လူကြီးကို ကြည့်ကာ အပြုံးဖြင့်ပြောလိုက်၏။

“ဒါက သာသနာရေးဝန်ကြီး သခင်ရင်းပဲ ဖြစ်ရမယ် …”


[ English T/N – အရင်တုန်းက ဝမ်ချီရဲ့ အဖေ ဝမ်ချန်ချင်းကို သာသနာရေး ဝန်ကြီးအဖြစ်ပြောခဲ့တာလေ … တကယ်တော့ သူက လက်ထောက်ဝန်ကြီးပါ … ရင်းရှန့်ရှူးကမှ သာသနာရေး ဝန်ကြီးပါတဲ့ … ]


ရင်းရှန့်ရှူး၏ မျက်နှာမှာ လုံးဝိုင်းနေပြီး နှုတ်ခမ်းမွှေးနှစ်ဖက်က စုံကျနေ၏။ သူ၏ အမြဲလိုလို ပြုံးနေတတ်သည့် မျက်နှာမှာ ဝတ္ထုထဲတွင် ဖော်ပြထားသည့် အတိုင်းပင်။ 


ရင်းရှန့်ရှူးမှာ မူလက ဝမ်ချန်ချင်း၏ ရုတ်တရက်ဆန်လှသော အမူအရာကြောင့် အံ့အားသင့်နေခြင်းဖြစ်၏။ သူက ဝမ်ချီ၏ စကားကြောင့် စိတ်ဝင်တစား မေးလိုက်သည်။ 

“ဒါက ဘယ်သူများလဲ … ”


“သခင်ရင်း … ဒါက ကျွန်တော့်သား ဝမ်လျန်ပါ … ”

ဝမ်ချန်ချင်းက ဝမ်ချီ တစ်စုံတစ်ခု ပြောလိုက်မည်ကို စိုးရိမ်ကာ ဝမ်ချီ မပြောမီ အမြန်ပြောလိုက်သည်။

“ဒီနေ့ သူ အရှေ့နန်းတော်က ပထမဆုံး ပြန်ရောက်လာတာပါ … ”


ရင်းရှန့်ရှူးက ဝမ်မိသားစု၏ သားတစ်ဦးက အရှေ့နန်းတော်နှင့် လက်ဆက်လိုက်ကြောင်း သိရှိထားသည်။ သူက ထူးမခြားနားဟန်ဖြင့် အိုး ဟု ရေရွတ်ကာ သူ့ပါးစပ်ရှေ့ရှိ မုတ်ဆိတ်မွှေးအနည်းငယ်ကို သပ်လိုက်သည်။

“ဒီတော့ ဒါက သခင်ဝမ်ရဲ့ အကြီးဆုံးသားပေါ့ ...”


“အမှန်ပါပဲ … ”

ဝမ်ချန်ချင်းက စိတ်အခြေအနေ မကောင်းစွာဖြင့် ပြောလိုက်သည်။ သူက ဝင်လာသည့် အစေခံနှစ်ဦးကို မျက်ရိပ်ပြကာ ဝမ်ချီအား သင်ကြားပေးသည့်ဟန် လုပ်လိုက်၏။ 

“မင်းက လက်ထပ်ပြီးတာတောင် မသိတတ်ဖြစ်နေတုန်းပဲ … မင်းရဲ့မိခင်က မင်းကို ဘယ်လိုများ ဆုံးမထားလဲ … အခုချက်ချင်း ထွက်သွားစမ်း … ”


အရိပ်အခြည်သိသော အစေခံနှစ်ဦးက ဝမ်ချီအား ဆွဲထုတ်ရန် ချဉ်းကပ်လာကြသည်။ 


သို့သော် ဝမ်ချီက မသွားချင်သည့်ဟန်ဖြင့် သခင်ရင်ကို ပြောလိုက်၏။

“သခင်ရင်း … ကျွန်တော့်မှာ သခင်ရင်းကို တောင်းဆိုစရာ တစ်ခုရှိပါတယ် … ”


ဝမ်ချန်ချင်း ဒေါသတကြီး ဖြစ်သွားသည်။

“သူ့ကို ငါ့မျက်စိရှေ့က ဆွဲထုတ်သွားစမ်း … ”


သို့သော် ရင်းရှန့်ရှူးက ပြောလိုက်၏။

“နေပါဦး ….”


ထိုစကားများကို ကြားသည်နှင့် အစေခံနှစ်ဦးက အာလူးပူတစ်လုံးကို ကိုင်မိသကဲ့သို့ ပြိုင်တူ လက်ရုတ်လိုက်ကြလေသည်။


ဝမ်ချန်ချင်း၏ မျက်နှာတစ်ခုလုံး အကျည်းတန်သွားကာ ဖျစ်ညှစ်ပြုံးလျက် ရင်းရှန့်ရှူးအား ကြည့်လိုက်သည်။ 


ရင်းရှန့်ရှူး၏ မျက်လုံးများက ဝမ်ချီကိုင်ထားသည့် မုန့်ဘူးအပေါ်၌ ကျရောက်သွားကာ မေးလိုက်သည်။

“ငါမင်းကို အရင်က မတွေ့ခဲ့ဖူးပါဘူး … ငါဘယ်သူမှန်း မင်းဘယ်လိုသိတာလဲ …”


ဝမ်ချီက ဝမ်ချန်ချင်း၏ မှုန်မှိုင်းနေသော မျက်နှာကို လျစ်လျူရှုကာ ရှေ့သို့ တစ်လှမ်းတက်၍ လျှောက်တင်လိုက်သည်။

“သခင်ရင်းက ကျွန်တော်တို့ တိုင်းပြည်ရဲ့ ထောက်တိုင်ဖြစ်သလို တိုင်းသူပြည်သားတွေ ချီးကျူးရတဲ့ သူရဲကောင်းလည်း ဖြစ်ပါတယ် … မကြာသေးခင်က သခင်ရင်း ကျိုင်းကောင်ကပ်ဘေးကို ထိန်းချုပ်တဲ့နေရာမှာ အောင်မြင်သွားကြောင်း သတင်းပျံလာခဲ့တယ်လေ … သခင်ရင်က ကျွန်တော်တို့ တိုင်းပြည်အတွက် ကောင်းချီးတစ်ခုလို့ လူတိုင်းက ပြောနေကြတာ … လက်ဖက်ရည်ဆိုင်က ဇာတ်ကြောင်းပြောပြသူတွေတောင် သခင်ရင်းရဲ့ အောင်မြင်မှုတွေကိုပဲ ထပ်ခါတလဲလဲ ပြောကြားနေကြတာပါ … အခု သခင်ရင်းက ကျွန်တော့်ရှေ့မှာ ရှိနေတာ … ကျွန်တော့်အနေနဲ့ မမှတ်မိဘဲ ဘယ်နေပါ့မလဲ …”  


ဝမ်ချီ ပါးစပ်ဟလိုက်သည်နှင့် မြှောက်ပင့်မှုများက တရစပ်ထွက်ပေါ်လာ၏။ သူက ရင်းရှန့်ရှူး၏ နှလုံးသားကို လှုပ်ရှားစေခဲ့သည်။ 


ရင်းရှန့်ရှူးက ခေါင်းမော့ကာ ရယ်မောလိုက်သည်။ သူက ဝမ်ချီအား လက်ညှိုးထိုးကာ ဝမ်ချန်ချင်းထံသို့ လှည့်ကြည့်လိုက်၏။

“သခင်ကြီးဝမ် … သခင်ကြီးရဲ့ သားက တကယ့်ကို ထက်မြက်တာပဲ … သခင်ကြီး အကြီးဆုံးသားအကြောင်းပြောရင် အမြဲဂုဏ်ယူနေတာ အံ့အားသင့်စရာမရှိတော့ဘူး … ကျုပ်သာ ခင်ဗျားနေရာမှာဆိုရင်လည်း အမြှီးက လေပေါ်မြောက်နေမိမှာပဲ ….”


ဝမ်ချန်ချင်းက ခါးသက်သက်ဖြင့် ဖျစ်ညှစ်ပြုံးလိုက်ရ၏။ 


ရင်းရှန့်ရှူးက ရယ်မောပြီးသည့်နောက် အမူအရာကို ပြန်ထိန်းလိုက်ကာ ပြော၏။

“ကျင်းကျိုးမှာဖြစ်တဲ့ ကျိုင်းကောင်ကပ်ဘေးက ငါ့ရဲ့ စီရင်ပိုင်ခွင့်မဟုတ်ပါဘူး … အဲဒီ့လူတွေ ကြံရာမရဖြစ်နေလို့ ငါက အကြံဝင်ပေးလိုက်ရုံပါပဲ … ဒီတော့ ကျိုင်းကောင်ကပ်ဘေးကို ဖြေရှင်းတယ်ဆိုတဲ့ ဂုဏ်ပုဒ်ကလည်း ယာယီပါပဲလေ … လူတွေရဲ့ ချီးမွမ်းမှုတွေက ငါ့ကို တကယ်ပဲ နေရခက်စေတယ် …”  


“အမြဲတမ်း နည်းလမ်းရှိတာပါပဲ … ”

ဝမ်ချီက ပြုံးလိုက်ရင်း ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ 

“အမှန်အတိုင်းပြောရရင် ကျွန်တော်ဒီနေ့ စားစရာ တချို့ လုပ်လာတယ် … အစကတော့ ကျွန်တော့် မိဘတွေအတွက် ရည်ရွယ်ခဲ့တာပါ … အခု သခင်ရင်းနဲ့ တွေ့မှတော့ သခင်ရင်း ကျွန်တော်ရဲ့ လက်ရာကို မြည်းစမ်းကြည့်ဖို့ စိတ်ရှိမလား မသိဘူး … ”


ရင်းရှန့်ရှူးက အပြုံးဖြင့်ဆိုသည်။

“ဒါဆို ငါမငြင်းတော့ဘူး ….”


ဝမ်ချီက ဘူးကိုထုတ်ကာ ကုလားထိုင်နှစ်ခု အလယ်ရှိ စားပွဲပေါ် တင်လိုက်သည်။ သူက အဖုံးကိုဖွင့်ကာ ကိတ်မုန့်ပန်းကန်နှင့် ဇွန်းများကို ထုတ်ယူလိုက်၏။ 


သူက ပန်းကန်တစ်ချပ်ကို ရင်းရှန့်ရှူးအရှေ့တွင် ချပေးကာ အခြားတစ်ချပ်ကိုမူ ဝမ်ချန်ချင်း အရှေ့သို့ တွန်းပို့လိုက်၏။ လုပ်ငန်းစဉ်တစ်လျှောက်လုံး ဝမ်ချန်ချင်းအား တစ်ချက်ပင် မကြည့်ခဲ့။ 


ဝမ်ချန်ချင်း  “…”


ဒေါသများစွာကို ထိန်းချုပ်ထားရဟန်ဖြင့် အပြာရောင် သွေးကြောများ ထောင်ထလာသည်အထိ လက်သီးတင်းတင်း ဆုပ်ထားသော ဝမ်ချန်ချင်း၏ လက်ကို တံခါးရှေ့တွင် ရပ်နေသည့် အစေခံနှစ်ဦးသာ တွေ့နိုင်၏။  


ရင်းရှန့်ရှူးက သူ့အား ဂရုမစိုက်ချေ။ တိတိကျကျ ဆိုရပါက သူ့အာရုံတစ်ခုလုံးက မျက်စိရှေ့ရှိ ကိတ်မုန့်ပေါ်၌သာ ရှိနေ၏။ သူက ကိတ်ဟုခေါ်သော အချိုပွဲအကြောင်း တစ်ခါမှ မကြားဖူးခဲ့ပေ။ ထို့အတူ အဆိုပါ ကိတ်မုန့်ကဲ့သို့ ပုံသဏ္ဌာန်ရှိသည့် စားစရာကိုလည်း မတွေ့ဖူးခဲ့ရာ အံ့ဩသည့် အမူအရာဖြင့် ရှိနေ၏။ 


ရင်းရှန့်ရှူးက မေးလိုက်သည်။

“ဘာလို့ ဒါကို ကိတ်မုန့်လို့ ခေါ်တာလဲ … ”


ဝမ်ချီ ပြုံးလိုက်၏။

“ဒီအထဲမှာ ကြက်ဥအများကြီးပါလို့ ကိတ်ဆိုတဲ့ နာမည်ကို ရွေးလိုက်တာပါ … သခင်ရင်း မရယ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် …” 


[English Translator’s note – ကိတ်မုန့်ကို တရုတ်လို 蛋糕 Dan Gao(သန်းကော) လို့ခေါ်ပါတယ် … ဒီနေရာမှာ သန်းက ကြက်ဥဖြစ်ပြီး ကော ကတော့ ဌာပနာမုန့်ကို ရည်ညွှန်းတာပါတဲ့ … ] 


ရင်းရှန့်ရှူးက ဇွန်းလေးကိုယူကာ ကိတ်မုန့်တစ်လုတ် စားကြည့်လိုက်သည်။ 


မည်သည့်အရာများနှင့် ပြုလုပ်ထားကြောင်း မသိရသော အပေါ်ဘက်ရှိ အလွှာမှာ ပါးစပ်ထဲတွင် ပျော်ဝင်သွားကာ အီစိမ့်သည့် အရသာနှင့် ချိုသော အရသာတို့က ပျံ့နှံ့သွား၏။ အဆိုပါချိုမြိန်မှုက ရင်းရှန့်ရှူးစားဖူးသည့် မည်သည့်သကြားထက်မဆို သာလွန်လှပြီး သရက်သီး၏ အရသာနှင့် ပေါင်းစပ်လျင် အရိုးများသို့တိုင် ပျံ့နှံ့သွားလေသည်။  


ကိတ်မုန့်၏ အလယ်ပိုင်းကမူ အထူးတလည် မရှိလှချေ။ 


သို့သော် အပြင်ဘက်ရှိ ခရင်မ်လွှာက ရင်းရှန့်ရှူးအား တော်တော်နှင့် သတိပြန်မဝင်လာစေခဲ့ပေ။


လူအနည်းငယ်ကသာ ရင်းရှန့်ရှူး အစားမက်ကြောင်း သိကြ၏။ အထူးသဖြင့် ချိုမြိန်သည့် အရာများကို ဖြစ်သည်။ သူက ဝက်နံရိုးချိုချဉ်အတွက် ရန်ကျိုးသို့ပင်် ခရီးနှင့်မည့်လူစားမျိုး ဖြစ်သည်။


ဝမ်ချီက ဝတ္ထုထဲတွင် ဝမ်လျန်က ရင်းရှန့်ရှူးနှင့် မတော်တဆ ဆုံတွေ့ခဲ့ပြီး ချိုချဉ်များ ပေးခဲ့သည့် ဇာတ်ကြောင်းကို ဖတ်ထားသဖြင့် ထိုအချက်ကို သိရှိနေခြင်း ဖြစ်၏။ ဤသို့ဖြင့် ဝမ်လျန်က ရင်းရှန့်ရှူး၏ ဆောင်းတွင်း၌ မီးသွေးပေးခြင်းနှင့်တူသော အကူအညီကို ရနိုင်ခဲ့သည်။ 


ဝမ်လျန်က ရင်းရှန့်ရှူးအား ချိုသည့် အစားအစာများ မပေးမီ ဝမ်ချီက ထိုသူအား ကိတ်မုန့်ပေးလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ဝမ်လျန်၏ အခွင့်အရေးကို ပိတ်ပင်သည်ဟု စဉ်းစား၍မရတော့ပေ။ ထို့အပြင် သူ့အသက်မှာ အန္တရာယ်ရှိနေရာ သူ့ကိုယ်သူ ကာကွယ်ရန်က အရေးကြီးလှသည်။ 


ရင်းရှန့်ရှူးက ကိတ်မုန့်တစ်ပန်းကန်လုံး ကုန်အောင် စားလိုက်ပြီးသည့်နောက် စားမြုံ့ပြန်နေသည်။ သူ့မျက်ဝန်းများက ပျော်ရွှင်မှုဖြင့် မှေးစင်းနေကာ ဝမ်ချန်ချင်း၏ တစ်စက်မှ မထိရသေးသော ပန်းကန်ကိုပင် တစ်ချက်ကြည့်လိုက်သေး၏။ ထို့နောက် သူက စိတ်တွင်းရှိ ဆန္ဒကို မြိုသိပ်လိုက်ရင်း စိတ်ပါလက်ပါ ချီးကျူးလိုက်သည်။

“သခင်ကြီးဝမ်ရဲ့သားက ဒီလောက်ထိ လက်ရာကောင်းမယ်လို့ ကျုပ် မထင်ခဲ့ဘူး … ဒါက ယွီရှန်းကျိုက်က လက်ရာထက်တောင် ကောင်းသေးတယ် …”


ယွီရှန်းကျိုက်က မြို့တွင်းရှိ အကျော်ကြားဆုံး ဌာပနာမုန့်အရောင်းဆိုင်ကြီး ဖြစ်သည်။ ရင်းရှန့်ရှူးက အစေခံများကို စေလွှတ်ကာ ယွီရှန်းကျိုက်မှ ဌာပနာမုန့်များ ဝယ်လေ့ရှိ၏။ ဝမ်ချီ၏ ကိတ်မုန့်နှင့် ယွီရှင်းကျိုက်၏ မုန့်များကို နှိုင်းယှဉ်ပါက ရင်းရှန့်ရှူးအတွက် ဝမ်ချီ၏ ကိတ်မုန့်က အပြတ်အသတ် သာလေသည်။ 


ဝမ်ချီက နှိမ့်ချကာ ဆို၏။

“သခင်ရင်းရဲ့ ချီးကျူးမှုကိုရတာ ဝမ်းမြောက်စရာပါပဲ…”


ထို့နောက် သူက ရင်းရှန့်ရှူး၏ ပန်းကန်လွတ်နှင့် ဝမ်ချန်ချင်း၏ တစ်စက်မှ မထိရသေးသော ကိတ်မုန့်ပန်းကန်ကို ယူလိုက်သည်။ 


ဝမ်ချန်ချင်းက အစားလောဘရှိသူ မဟုတ်သော်ငြား ရင်းရှန့်ရှူး စိတ်ပါလက်ပါ စားသောက်ခဲ့သည်ကို တွေ့သည့်နောက် သူသည်လည်း မြည်းစမ်းချင်နေပြီဖြစ်၏။ သူက ရင်းရှန့်ရှူးနှင့် စကားစမြည် ပြောပြီးနောက် ကိတ်မုန့်ကို မြည်းကြည့်ရန် စဉ်းစားခဲ့ခြင်းဖြစ်သည်။ ဝမ်ချီက သူ့ကို တစ်ခွန်းပင်မမေးဘဲ ကိတ်မုန့်အား သိမ်းသွားလိမ့်မည်ဟု သူ မထင်ခဲ့ပေ။


ဝမ်ချန်ချင်းက စာကြည့်ခန်းအတွင်းမှ နှုတ်ဆက်ထွက်ခွာသွားသည့် ဝမ်ချီ၏ နောက်ကျောကိုကြည့်ရင်း သွေးအန်ချင်သလို ဖြစ်သွားခဲ့ရလေသည်။ 


ကျေးဇူးမသိတတ်တဲ့ သားမိုက် … 


ဘယ်လိုတောင် ရိုင်းစိုင်းတာလဲ … 


ငါ့ကို ကိတ်မုန့်တစ်ဇွန်းတောင် ကျွေးမသွားဘူး … 


*


ဝမ်ချီ စာကြည့်ခန်းအတွင်းမှ ထွက်လာချိန်၌ အိမ်တော်ထိန်း၏ ကသိကအောက်နိုင်လှသော မျက်နှာကို တွေ့လိုက်ရသည်။ 


အိမ်ရှေ့စံက ဝမ်ချီအား ကူညီပေးရန် မိန်းမစိုးများကိုပင် စေလွှတ်ပေးခဲသည်။ မိန်းမစိုး၏ စကားများက ဝမ်ချီအား အိမ်ရှေ့စံ မည်မျှ အရေးပေးကြောင်း ဖော်ပြနေ၏။ ဝမ်ချီသာ ဝမ်အိမ်တော်၌ အနိုင်ကျင့်ခံခဲ့ရလျှင် ဝမ်မိသားစုက နောက်ဆက်တွဲကိစ္စများကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ 


ဤသို့ဖြင့် အိမ်တော်ထိန်းက သူ့သွားများကို အသာကြိတ်ကာ အစာအိမ်အတွင်းသို့ မြိုချလိုက်ရုံသာ တတ်နိုင်တော့သည်။ သူက ငိုခြင်းထက်ပင် ကြည့်ရဆိုးသည့် အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ကာ ကျိုးနွံစွာပြောလိုက်၏။ 

“သခင်လေး … ဒီအစေခံတွေက မိန်းမစိုးရဲ့ ညွှန်ကြားချက်အတိုင်း အားလုံးကို စီစဉ်ထားပါတယ် … သခင်လေး လျှောက်သွားနေရတော့ ပင်ပန်းနေမှာပဲ … ခြံဝန်းထဲကိုသွားပြီး အနားယူနှင့်ပါ ...”


ဝမ်ချီ ခေါင်းညိတ်လိုက်ပြီးနောက် နှုတ်ဆက်စကားဆိုလိုက်သည်။ 


ပေယွမ်က ယခင်အတိုင်း ရှိနေဆဲဖြစ်၏။ ၎င်းက ယခင်ကထက်မူ အဆများစွာ သန့်ရှင်းနေလေသည်။ 


ချန်မော့မော့က အပျိုတော်အချို့နှင့်အတူ သူ့အား ဆီးကြိုနေ၏။ ဝမ်ချီအား တွေ့လိုက်ရချိန်၌ သူမ၏မျက်ဝန်းများ နီရဲသွားသည်။

“ဒု …အကြီးဆုံးသခင်လေး … ပြန်လာပြီပဲ ...”


ချန်မော့မော့က ကိစ္စအချို့၌ လှည့်ဖျားခဲ့သော်ငြား ဝမ်အိမ်တော်တစ်ခုလုံးတွင် ဝမ်ချီ့အပေါ် အကောင်းဆုံးလူ ဖြစ်နေသေး၏။ ဝမ်ချီက ချန်မော့မော့၏ ဆီးကြိုခြင်းကို ခံရချိန်တွင် နန်းတော်အတွင်း၌ တိုက်ခိုက်နေရသည့် နေ့ရက်များကို သတိရသွားကာ နှလုံးသားတစ်ခုလုံး ချဉ်စူးလာသည်။ 


သူ သက်ပြင်းချလိုက်၏။

“အင်း … ကျွန်တော် ပြန်လာပြီ ...” 


ရက်နည်းနည်းပဲ ရပေမယ့်ပေါ့ … 


ဝမ်ချီက ပင်ပန်းနေ၏။ သူက ချန်မော့မော့နှင့် အိမ်တော်ထိန်းက အသစ်ခန့်အပ်ထားသည့် အပျိုတော်များကို အပြင်သို့ ထွက်သွားစေလိုက်သည်။ သူက စားသောက်ပြီးသည့်နောက် အိပ်ရာပေါ်လှဲကာ အိပ်ပျော်သွားခဲ့လေသည်။ 


မည်မျှကြာအောင် အိပ်ပျော်သွားခဲ့သည်မသိ၊ ဝမ်ချီက အားအင်အပြည့်ဖြင့် နိုးထလာ၏။ 


ထိုအချိန်မှာပင် ချန်မော့မော့က အပြင်မှ ဝင်လာသည်။

“သခင်လေး … သခင်လေးဝမ်လျန် ရောက်လာပါတယ် ...”


ဝမ်ချီက သူ့နဖူးအလယ်တည့်တည့်ကို ဖိလိုက်သည်။ 


ဘာလို့ အဓိကဇာတ်ကောင် shou က ငါ့ဆီအမြဲပြေးဝင်လာရတာလဲ … 


သူ၏ အနာဂတ်တွင် ကြုံတွေ့ရမည့် ကြီးမားသော အလှည့်အပြောင်းများက အဓိကဇာတ်ဆောင် shou နှင့်ဆက်စပ်နေကြောင်း သိရချိန်၌ သူက ထိုသူအား ရင်ဆိုင်ရာတွင် တည်တည်ငြိမ်ငြိမ် မရှိနိုင်တော့ပေ။


ဝမ်ချီက အတွေးများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ပြန်ဖြေလိုက်သည်။

“သူ့ကို အပြင်မှာပဲ စောင့်ခိုင်းလိုက်ပါ … ကျွန်တော် အဝတ်လဲပြီးရင် ထွက်လာခဲ့မယ် … ”


ဝမ်ချီက အဝတ်လဲပြီး အချိန်အတော်ကြာမှ ထွက်လာလိုက်သည်။ သူက အိပ်ခန်းအပြင်ဘက်တွင် နီရဲနေသော မျက်လုံးများကို ပွတ်လျက် စောင့်နေသည့် ဝမ်လျန်အား တွေ့လိုက်ရ၏။ 


ခြေသံများကြောင့် ဝမ်လျန်က မော့ကြည့်လိုက်သည်။ သူ့ပုံစံမှာ အနိုင်ကျင့်ခံရသည့် ယုန်ကလေးတစ်ကောင်ကဲ့သို့ သနားစဖွယ်ဖြစ်နေ၏။ သူ့မျက်ခုံးနှစ်ခုကြားရှိ အနီရောင်မှဲ့က ဝမ်ချီ၏ မျက်လုံးများကို ထပ်မံနှောင့်ယှက်နေပြန်သည်။ 


ဝမ်ချီက စိတ်ပင်ပန်းစွာဖြင့် မျက်လုံးမှိတ်လိုက်၏။

 

စိတ်ခံစားချက်များ ပြင်းထန်နေသည့် ဝမ်လျန်က မတ်တပ်ရပ်လိုက်ရင်း တုန်တုန်ယင်ယင် ခေါ်လိုက်၏။

“ညီလေးချီ ...”


ဝမ်ချီ မည်သို့မှ မတုံ့ပြန်နိုင်မီ သူ့လည်ပင်းသူ မသိစိတ်ဖြင့် ဆိတ်လိုက်ရင်း ပြောင်းခေါ်လိုက်သည်။

“အစ်ကိုကြီးလျန် ...”


ဝမ်လျန်: “……”



💮💮💮