Chapter 54
Viewers 7k

👥️Chapter 54




“အားလုံးပဲ .. ကျွန်တော်တို့တွေ မေးခွန်း ဘယ်နှခုလောက် မှန်မယ်လို့ ထင်လဲ ...”


ယီချန်းယန်က စင်အောက်တွင် ရှိနေသည့် ပရိသတ်များကို ပြုံးကာ မေးလိုက်သည်။ 


“ ၁၅ ခု ...”


“၂၀ ...”


“၃၀ ... အကုန်လုံး မှန်မှာ သေချာတယ် ...”


ပရိသတ်များက ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။ အော်သံများမှာ တစ်စထက်တစ်စ ပိုမိုကာ ကျယ်လောင်လာသည့်အတွက် လေထုတစ်ခုလုံး သက်ဝင်လှုပ်ရှားနေလေသည်။ 


အထူးတလည် မြူးတူးတက်ကြွနေသည့် လေထုနှင့်အတူ .. တင်ဆက်သူ အမျိုးသားက ပြုံးကာ ပြောလိုက်သည်။ 


“ချန်းယန်ကို ကြည့်ရတာ တော်တော်လေးကို ယုံကြည်ချက် ပြည့်ဝနေသလိုပဲနော် .. ဟုတ်သားပဲ မင်းတို့နှစ်ယောက်က အတူတူ အလုပ်တွဲလုပ်ဖူးတာ နှစ်ခါသုံးခါလောက် ရှိနေပြီ မဟုတ်လား .. ရှောင်ယု မင်းရော ဘယ်လိုလဲ ယုံကြည်ချက် အပြည့်ပဲလား ...”


တင်ဆက်သူကလည်း ထုတ်မေးနေပြီ ဖြစ်သည့်အပြင် ပရိသတ်များ၏ မျှော်လင့်သည့် အရိပ်အယောင်များကိုလည်း တွေ့နေရသည့်အတွက် . ယန်အန်းယုသည် သူ့စိတ်ခံစားချက်များကို ပြန်လည်ချိန်ညှိလိုက်၏။ 


“ဟုတ်ကဲ့ ကျွန်တော်က စီနီယာယီကို ယုံကြည်ပါတယ် .. ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း အကောင်းဆုံး ကြိုးစားသွားပါ့မယ် ...”


“ဟားဟား .. ချန်းယန်နဲ့ ရှောင်ယုတို့က ယုံကြည်ချက်တွေ အပြည့်ဖြစ်နေမှတော့ .. ကျွန်တော်တို့တွေ ဒီလို လုပ်လိုက်ရင်ရော .. ခက်ခဲမှုအဆင့်ကို နည်းနည်းလေး ပိုမြှင့်ပြီး အချိန်ကိုလည်း တစ်မိနစ်ပဲ ထားလိုက်မယ်လေ ...”


ထိုစကားကို ကြားလိုက်သည့်တိုင် ယီချန်းယန်နှင့် ယန်အန်းယုတို့ နှစ်ဦးလုံးက အသာတကြည်သာ လက်ခံလိုက်ကြသည်။ 


“အဆင်သင့် ဖြစ်ပါပြီလား ...”


“ကဲ .. ဒါဆို အခုပဲ စလိုက်ကြရအောင် ...”


တင်ဆက်သူ၏ စကားသံအဆုံးတွင် အချိန်တစ်မိနစ် ရေတွက်မှု စတင်လိုက်တော့သည်။ 


စခရင်တွင် ပေါ်လာသည့် ပထမဆုံး စာလုံးကို ငေးကြည့်ရင်း ယန်အန်းယုက ချက်ခြင်းဆိုသလို သူ့လက်နှစ်ဖက်ကို အချင်းချင်း ဆုပ်ကိုင်ကာ ပြောလိုက်သည်။ 


“စာလုံးက နှစ်လုံးတည်း တော်တော်လေး ရိုးရှင်းတယ် .. စုံတွဲတွေ ချိန်းတွေ့ကြတဲ့အခါ .. သူတို့တွေက ...”


“လက်ကိုင်တာ ...”


ယီချန်းယန်က ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ ဤမေးခွန်းမှာ သူ့အတွက် လုံးဝမျှ မခက်ခဲလှချေ။ 


“စာလုံးလေးလုံး ..  ပထမနှစ်လုံးက လူတစ်ယောက်ရဲ့ မျက်နှာအစိတ်အပိုင်း ...”


ဒုတိယမေးခွန်းကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ယန်အန်းယုက မျက်ခုံးကို ညွှန်ပြရင်း မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ 


“ချစ်ရည်ရွှန်းတဲ့ မျက်ဝန်းလဲ့ပြာပြာ ...”

(တရုတ်လိုတော့ လေးလုံးတည်းပေါ့ မြန်မာလို ရေးလိုက်တော့ လေးလုံး မကတော့ဘူး ...)


တတိယမေးခွန်းမှာမူ အနည်းငယ် ခက်ခဲလှသည်။ ယန်အန်းယု၏ မျက်တောင်တို့ ငိုက်စိုက်ကျသွားကာ တစ်ခဏမျှ တုန့်ဆိုင်းသွားတော့သည်။ 


“ဒါလည်း လေးလုံးပဲ .. မိန်းကလေးတစ်ယောက်က သူ ကောင်လေးတစ်ယောက်ကို သဘောကျမိနေမှန်း သဘောပေါက်သွားတဲ့အချိန် .. အချစ်နဲ့စတယ် .. အချစ် နောက်က ဘာဖြစ်မလဲ ...”


“ခံစားချက် ...”


ယီချန်းယန်၏ မျက်ဆန်တို့ မသိမသာ လှုပ်ရှားသွားတော့သည်။ 


“ချစ်စိတ်နိုးထခြင်း ...”


“အံ့ဩလောက်စရာပဲဗျာ ...”


တင်ဆက်သူမှာ ပါးစပ်က ထုတ်ကာပင် ချီးကျူးမိသွားတော့သည်။ မေးခွန်းသုံးခုလုံးကို ဆယ်စက္ကန့်အတွင်း ဖြေဆိုနိုင်ခဲ့သည့်အတွက် .. ကြည့်ရှုနေသူများမှာလည်း ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။ 


နောက်ထပ်မေးခွန်းမှာ လုံးဝ မလွယ်ကူလှချေ။ ယန်အန်းယုက ကျော်သွားရန် စိတ်ကူးလိုက်သေးသော်ငြား ချက်ခြင်းဆိုသလို စိတ်ကူးပေါက်သွား၍ ၎င်းကို တစ်ကြိမ်ခန့် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။ 


“အာ .. ဒီတစ်ခုကကျ ခြောက်လုံးတောင် ပါတာ ...”


ယန်အန်းယုက ရင်ဘက်ပေါ်သို့ လက်တင်ကာ ရှင်းပြလိုက်သည်။ 


“အဓိပ္ပါယ်ကလေ .. “ဝူယန်ယီချန်” ထဲက စာသားတစ်ခု ... စကားလုံးတွေ အများကြီး ...”


ယန်အန်းယုက ဆက်ပြီး မပြောတော့သည့်တိုင် ယီချန်းယန်ကမူ ချက်ခြင်း သဘောပေါက်လိုက်ပေသည်။ 


“ပိုပြီးတော့ ...”

(ယန်အန်းယုက သုံးလုံး ပြောပြီး ယီချန်းယန်က နောက်ဆုံးတစ်လုံးကို ပြောလိုက်တာပါ လေးလုံးစလုံးကို ပေါင်းပြီး ဘာသာပြန်လိုက်ရင်တော့ “နှလုံးသားထဲက အချစ် .. ဖွင့်ဟဖို့ကတော့ ခက်ခဲလွန်းတယ်” လို့ အဓိပ္ပါယ်ရပါတယ်တဲ့)


ချက်ခြင်းဆိုသလို ပရိသတ်ထံမှ တစ်ခဲနက် အားပေးသံများ ထပ်မံ ထွက်ပေါ်လာပြန်ကာ တင်ဆက်သူနှင့် ကျန်ဧည့်သည်တော်များ၏ မျက်နှာထက်တွင်လည်း အံ့ဩမင်သက်သည့် အရိပ်အယောင်များ သိသိသာသာပင် ထွက်ပေါ်လာတော့သည်။ 


ဒါကြီးက တကယ်ကို မယုံနိုင်ချင်စရာကြီးလေ ...


ထို့နောက်တွင် ယန်အန်းယုနှင့် ယီချန်းယန်တို့သည် နှစ်ယောက်အတူတူ ပူးပေါင်းကာ “လစန္ဒာကို ကျော်လွန်၍၊ ဖယောင်းတိုင် ထွန်းထားသည့် ရိုမန့်တစ်ညစာ၊ ရုပ်ရှင်အတူတူ ကြည့်ခြင်း၊ စုံတွဲအင်္ကျီ” အစရှိသည့် မေးခွန်းများကိုပါ အတွဲညီညီ ဖြေဆိုနိုင်ခဲ့ကြသည်။


စင်စစ်အားဖြင့် ယန်အန်းယု၏ အရိပ်အမြွက်ပြမှုများမှာ များစွာ မရှင်းလင်းလှချေ။ သို့သော် လိုရင်းတိုရှင်းနှင့် ထိထိမိမိ ဖြစ်သည့်အပြင် ယီချန်းယန်ကလည်း သူ ဆိုလိုချင်သည်ကို ချက်ခြင်း သဘောပေါက် နားလည်ခဲ့သည့်အတွက် စက္ကန့်ပိုင်းအတွင်းမှာပင် မေးခွန်း ၁၅ ခုကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့တော့သည်။ 


“လေးလုံး .. ပထမဆုံးတစ်လုံးက … ဒီဟာ ...”


ဤတစ်ကြိမ်တွင်လည်း ယန်အန်းယုက သူ့ရင်ဘက်ပေါ်သို့ လက်တင်ပြလိုက်ပြန်သည်။ သို့သော် သူပင် တစ်ခွန်းမှ မပြောရသေး၊ ယီချန်းယန်က အဖြေကို အမြန် ပြောလာခဲ့တော့၏။ 


“နှလုံးသား ဆက်သွယ်ချက်...”


“မှန်ပါတယ် .. နောက်တစ်ခု ထပ်မှန်သွားပြန်ပါပြီခင်ဗျာ ..."


အမျိုးသားတင်ဆက်သူမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကာ ထိုသူနှစ်ဦးသည် သူတို့ ဖြေရသည့် မေးခွန်းကဲ့သို့ အမှန်တကယ်ပင် နှလုံးသားချင်း ဆက်နွယ်ကာ တစ်ယောက်နှင့်တစ်ယောက် အလိုလို သိရှိနားလည်နေလေသလားဟု ထင်မြင်မိလာတော့သည်။ 


နောက်ထပ်မေးခွန်းတစ်ခုသို့ ရောက်သည့်အခါ .. ယန်အန်းယုက လက်နှစ်ဖက်ကို ပူးကာ ခေါင်းအုံးအိပ်သည့် ပုံစံမျိုး လုပ်ပြလိုက်သည်။ သူပင် စကားမပြောရသေး၊ ယီချန်းယန်က ခန့်မှန်းမိနေပြီ ဖြစ်သည်။ 


“အိပ်ယာမျှဝေခြင်း ... ဟုတ်တယ်မဟုတ်လား ...”


“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ...”


ယန်အန်းယုက ဝမ်းသာအားရ ပြုံးကာ ပြောလိုက်သည်။ အားရပါးရ ပြုံးလိုက်မှုကြောင့် ကျားစွယ်သေးသေးလေး နှစ်ခုပင် ထွက်ပေါ်လာတော့သည်။ 


အားလုံးက နောက်တစ်ကြိမ် လက်ခုပ်ဩဘာ ပေးလိုက်ကြပြန်သည်။ ယန်အန်းယု လုပ်ပြသွားသည့် ပုံစံကို မြင်ပြီးသည့်နောက် သူတို့၏  စိတ်ထဲတွင် “ပွေ့ဖက်အိပ်စက်ခြင်း” ဟူသည့် အဖြေကိုသာ တွေးမိခဲ့ကြသည်။ 


ထို ခန့်မှန်းသည့် ဂိမ်းကို ဆော့နေစဉ်တစ်လျှောက် ယီချန်းယန်၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ မသိမသာ ကော့တက်နေခဲ့သည်။ သူ၏ သရုပ်ဆောင်မှုမှာ အလွန် ကောင်းမွန်လှသည့်အပြင် လူထုအကြား ကျင်းပသည့် ပွဲမျိုး၌ မည်ကဲ့သို့ ဖျော်ဖြေတင်ဆက်ရမည်ကို သိသည့်အတွက် သူ့ကိုယ်သူ အခြေအနေ တစ်ခုအထိ ထိန်းချုပ်နေခဲ့သည်။ 


သို့သော် စိုးရိမ်မကင်းသည့် မျက်နှာထားဖြင့် အဖြေမှားမည်ကို စိုးရိမ်နေဟန်၊ တစ်ဖန် အဖြေမှန်သွားပြန်သည့်အခါတွင် အနည်းငယ် ရှက်ရွံ့နေသေးသည့်တိုင် သိသိသာသာ စိတ်အေးလက်အေး ဖြစ်သွားတတ်သည့် ယန်အန်းယု၏ အမူအယာကို မြင်လိုက်ရသည့်အခါ .. ယီချန်းယန်သည် သူ့မျက်ဝန်းများထဲမှ စိတ်အားထက်သန်သည့် ရောင်ခြည်တို့ ဖြာထွက်လာသည်ကို ဟန့်တားခြင်းငှာ မစွမ်းသာတော့ချေ။ 


သူ့ရှေ့တွင် ရပ်နေသူမှာ သူ သဘောကျရပါသည့် လူသားလေး  ဖြစ်ပေသည်။ ယန်အန်းယု၏ အပြုအမူတိုင်း၊ လှုပ်ရှားမှုတိုင်းမှာ ယီချန်းယန်အဖို့ အရူးအမူး ချစ်စဖွယ်ကောင်းလှပေသည်။ 


အချိန်ပြည့်ရန် စက္ကန့်ပိုင်းလောက်သာ လိုတော့သည့် အချိန်၌ ... မေးခွန်းကျော်ခွင့် သုံးခုလုံးကို သုံးလိုက်နှင့်ပြီး ဖြစ်သည့်အတွက် ယန်အန်းယုသည် လက်ရှိမေးခွန်းကို ရှောင်တိမ်းရန် မဖြစ်နိုင်တော့ချေ။ သို့သော် စခရင်ပေါ်တွင် ပြထားသည့် မေးခွန်းမှာ ရှက်ရွံ့စဖွယ် အဓိပ္ပါယ် နှစ်ခွဖြစ်စေသည့် စာသားမျိုး ဖြစ်နေပေသည်။ 


ပြောရန်မှအပ ရွေးချယ်စရာ မရှိတော့သည့်အတွက် ယန်အန်းယုသည် သတ္တိတို့ကို ဖျစ်ညှစ်ထုတ်ကာ နှာခေါင်းကို ပွတ်သပ်လျက် ပြောလိုက်သည်။ 


“စကားလုံးသုံးလုံး ... အင်္ဂလိပ်စာလုံးပဲ .. ချစ်ကြောင်းကြိုက်ကြောင်း ဝန်ခံတဲ့နေရာမှာ လူတိုင်းနီးပါး သုံးကြတယ်လေ ...”


ရှက်ရွံ့မှုကို ထိန်းချုပ်ရန် အကောင်းဆုံး ကြိုးစားနေသည့် ယန်အန်းယု၏ ပုံစံကြောင့် ယီချန်းယန်၏ အကြည့်တို့မှာ ပြောင်းလဲသွားတော့သည်။ သူသည် ထိုစာလုံးသုံးလုံးမှာ မည်သည့်စာလုံးများဖြစ်ကြောင်း သိနှင့်နေပြီး ဖြစ်ပေသည်။ သို့သော် ...


အချိန်ရေတွက်မှု ကုန်ဆုံးသွားသည်အထိ ယီချန်းယန်ထံမှ စကားသံ ထွက်မလာခဲ့ချေ။ 


“အဲဒါက “I love you” လေလို့ ...”


ပရိသတ်များ၏ မကျေမနပ် ရေရွတ်သံများ ဆူညံစွာ ထွက်ပေါ်လာတော့သည်။ သို့သော် ယီချန်းယန်ကမူ ပြုံးရုံသာ ပြုံးနေခဲ့၏။ 


“အိုက်ယား နှမြောစရာပဲ နောက်ဆုံးတစ်ခုက တော်တော်လေး လွယ်တဲ့ဟာကို မဖြေနိုင်လိုက်ဘူး ...”


တင်ဆက်သူက ယန်အန်းယုနှင့် ယီချန်းယန်တို့နှစ်ဦး၏ ကြားထဲသို့ ဝင်လာကာ မျက်ခုံးကို ပင့်လျက် ပြောလိုက်သည်။ 


“ဒါပေမယ့် ၂၉ ခုတောင် မှန်အောင် ဖြေနိုင်ခဲ့ကြတဲ့အတွက် ဂုဏ်ပြုပါတယ် ရလဒ်က တကယ်ကို ပါးစပ်အဟောင်းသား ဖြစ်စရာပဲနော် ကျွန်တော်တို့ အစီအစဉ်ရဲ့ စံချိန်ကိုတောင် ချိုးနိုင်သွားပြီ ..."


ထိုသို့ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် သောင်းသောင်းဖျဖျ အော်ဟစ်အားပေးသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်တော့သည်။ ဘေးနားရှိ စုချင်ကျားမှာ ဖုံးဖိ၍ မရနိုင်လောက်အောင်ပင် ပြုံးမိနေကာ စင်အောက်တွင် ထိုင်နေသည့် “ယန်ယု” ပရိသတ်များမှာလည်း သူမနှင့် ထပ်တူပင်။ 


တအားကို စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ ...


ဒါက အချင်းချင်း နားလည်သဘောပေါက်မှုကို စမ်းသပ်တဲ့ ပြိုင်ပွဲဆိုတာ ဘယ်လိုမှကို မဖြစ်နိုင်ဘူးနော် သူတို့နှစ်ယောက်ရဲ့ အချစ်လယ်ဗယ်ကို ထုတ်ပြနေတယ်ဆိုတာ အသိသာကြီးကို ... အချစ်စစ်ရဲ့ စွမ်းပကားကတော့ တကယ်ကို အံ့ဩလောက်စရာပါ့လား ...


ထို့နောက်တွင် ပရိုဂရမ်အဖွဲ့က “အုပ်စုလိုက် ပူးပေါင်းဆောင်ရွက်တတ်မှု” ကို စစ်ဆေးသည့် ဂိမ်းများအား စတင်လိုက်တော့သည်။ အစီအစဉ် တင်ဆက်သူက အခြားတင်ဆက်သူများကိုပါ ဖိတ်ခေါ်ကာ အသင်းတစ်သင်း ဖွဲ့စည်းလိုက်ပြီး “သောင်ရှင်း” ၏ အဓိကသရုပ်ဆောင်များက အဖွဲ့တစ်ခု ဖွဲ့စည်းလိုက်ကြသည်။


တစ်သင်းစီ စီတန်းလျက် အသီးသီး နေရာယူလိုက်ကြသည်။ ရှေ့ဆုံးတွင် ရပ်နေသူက နှာခေါင်းနှင့် အပေါ်နှုတ်ခမ်းကို အသုံးပြုကာ ပိုက်ကို ကောက်ယူပြီး နောက်တွင် ရပ်နေသူထံသို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။ နောက်တွင် ရပ်နေသူကလည်း ထိုနည်းကို အသုံးပြုကာပင် ပိုက်ကို နောက်ဆုံးတွင် ရပ်နေသူထံ ရောက်သည်အထိ လက်ဆင့်ကမ်းပေးသွားရမည် ဖြစ်သည်။ 


ထိုသို့ လက်ဆင့်ကမ်းနေစဉ်အတွင်း ပိုက်ကို အောက်ပြုတ်သွားစေ၍ မရ၊ အကယ်၍ ပြုတ်ကျသွားပါလျှင် အစမှ ပြန်လည်စတင်ရမည် ဖြစ်ကာ အောင်အောင်မြင်မြင် လက်ဆင့်ကမ်းနိုင်သည့် ပိုက်အရေအတွက် အများဆုံးအသင်းမှ အနိုင်ရမည် ဖြစ်သည်။ 


“သောင်ရှင်း” အဖွဲ့ဘက်တွင် ယန်အန်းယုက စုချင်ကျားထံမှတစ်ဆင့် ယီချန်းယန်ထံသို့ လက်ဆင့်ကမ်းပေးရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုသို့ ပေးနေစဉ်အတွင်း ယီချန်းယန်၏ နှုတ်ခမ်းမှာ သူ့ကို နမ်းတော့မယောင်၊ အလွန် နီးကပ်သည့် အနေအထားသို့ တမင်တကာ တိုးလာသည်ဟု ခံစားမိနေခဲ့သည်။ ရင်ဘက်တစ်ခုလုံး တင်းကြပ်ကာ ကြောင်အသွားသည့်အတွက် နှုတ်ခမ်းပေါ် တင်ထားသည့်ပိုက် ပြုတ်ကျသွားခဲ့လေသည်။ 


“အိုက်ယား ..  မြန်မြန်လေးလုပ်လေ အစကနေ ပြန်စလိုက်တော့ ...”


ရှေ့ဆုံးတန်းတွင် ရပ်နေသည့် စုချင်ကျားက ပျာယာခတ်စွာဖြင့် အော်ပြောလိုက်သည်။ ကံကောင်းသည့် အချက်မှာ ယီချန်းယန်သည် တတိယမြောက်တစ်ယောက် ဖြစ်သည့်အတွက် အားလုံးသည် အမြန် ပြန်စနိုင်လိုက်ကြသည်။ 


ဤတစ်ကြိမ်တွင်မူ ယီချန်းယန်သည် ယန်အန်းယုကို စနောက်မနေတော့ဘဲ ပိုက်ကို ချောချောမွေ့မွေ့ လက်ခံလိုက်၏။ ထိုသို့ဖြင့် အသင်းနှစ်သင်းမှာ မျှချေညီမျှသွားကြတော့သည်။ အဆုံးတွင်မူ .. စက္ကန့်အနည်းငယ် နှာတစ်ဖျားအကွာဖြင့် ယန်အန်းယု၏ အသင်းသည် တင်ဆက်သူ၏ အသင်းကို အနိုင်ရသွားတော့သည်။ 


တင်ဆက်သူက ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်၏။ 


“အရှုံးကို လက်ခံပါတယ်ခင်ဗျာ ချင်ကျားရေ မင်းတို့အသင်းက တကယ်ကို အံ့ဩလောက်စရာပါပဲ အချင်းချင်း ပူးပေါင်းနိုင်စွမ်းကလည်း တကယ်ကို ထိပ်တန်းပဲ ... ကျွန်တော်တော့ “သောင်ရှင်း” ကို ထုတ်လွှင့်တဲ့အချိန်ကျ ပရိသတ်က ဘယ်လို တုန့်ပြန်ကြမလဲဆိုတာကို အရမ်းကို စောင့်မျှော်နေမိပြီ ...”


“အင်း .. တကယ်တော့ ကျွန်မလည်း အရမ်းကို မျှော်လင့်မိနေပြီ တကယ် ထုတ်လွှင့်တဲ့အချိန်ကျ အားလုံးပဲ ကြည့်ဖြစ်အောင် ကြည့်ကြပါနော် ...”


စုချင်ကျားက ပြောလိုက်သည်။ 


“Happy Alliance” ၏ ဒုတိယပိုင်း အစီအစဉ်များတွင်မူ ဇာတ်ကြောင်းကို ပြန်လည်ကာ သရုပ်ဆောင်ပြရသည့် အစီအစဉ်များသာမက ပရိသတ်များအား စင်ပေါ်သို့ ဖိတ်ခေါ်ကာ သူတို့၏ အိုင်ဒေါနှင့်အတူ ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံမှု အစီအစဉ်များလည်း ပါဝင်ပေသည်။ အဓိကသရုပ်ဆောင်တစ်ဦးချင်းစီတိုင်းမှာလည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့၏။ နောက်ဆုံးတွင် သူတို့က “သောင်ရှင်း” ၏ ဇာတ်ဝင်တေးကို သံပြိုင်သီဆိုရန်အတွက် အဓိကဇာတ်လိုက်များ ဖြစ်ကြသော ယန်အန်းယုနှင့် စုချင်ကျားတို့ကိုပင် ဖိတ်ခေါ်လိုက်ကြသေးသည်။ 


ရိုက်ကူးရေးတစ်ခုလုံး ပြီးဆုံးသွားကာမှ ယန်အန်းယုသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိတော့သည်။ ထန်းကော်က အနားသို့ ချက်ခြင်း ရောက်လာကာ သူ့ပုခုံးကို ပုတ်၍ ပြောလိုက်သည်။ 


“သခင်လေး အရမ်း စိတ်လှုပ်ရှားသွားတာလား ကျွန်တော်တောင် စင်အောက်ကနေ တအားကို ရင်တွေ တုန်နေတာ စင်အောက်မှာက ကြည့်နေကြတဲ့ မျက်လုံးတွေ အများကြီးလေ သခင်လေးနဲ့ မစ္စတာယီ မေးခွန်းဖြေကြတုန်းကဆို ကျွန်တော်ဖြင့် ကြည့်ရင်းကို ရှက်လာတာ .. စိတ်ဖိစီးရလွန်းလို့ အပူဖုတောင် ပေါက်နေပြီလား မသိဘူး ...”


နောက်ဆုံးစကားကိုမူ သူက တိုးတိုးလေးသာ ရေရွတ်လိုက်သည်။ 


“အင်း ...”


ထိုအကြောင်း စကားစလိုက်သည်နှင့်တစ်ပြိုင်နက် ယန်အန်းယုသည်လည်း အနည်းငယ် ရှက်ရွံ့မိသွား၏။ 


“ပရိုဂရမ်အဖွဲ့က အစီအစဉ်ချတာ အရမ်းကို တော်လွန်းတယ် ပြီးတော့ ...”


“ပြီးတော့ ဘာဖြစ်လဲ ...”


“ဘာ ... ဘာမှ မဟုတ်တော့ပါဘူး ...”


ယန်အန်းယုက ခေါင်းကို ယမ်းပြလိုက်သည်။ သူတို့နှစ်ဦး ဖြေဆိုရသည့် အချိန်က ယီချန်းယန်သည် နောက်ဆုံးမေးခွန်း၏ အဖြေကို ကျိန်းသေ သိနေနိုင်သော်ငြား ကျယ်လောင်စွာ ထုတ်မပြောခဲ့ချေ။ 


“စတဲ့နောက်တဲ့သူတွေ သိပ်မရှိတာ တော်သေးတယ် ဒီအပိုင်းတွေက သိပ်ပြီးလည်း အရေးမကြီးတော့ အစီအစဉ်အဖွဲ့က သင့်တော်သလို ဖြတ်ထုတ်ပစ်မယ် ထင်ပါတယ် ...”


ထိုစဉ် ချီစန်းကလည်း အနားသို့ ရောက်လာခဲ့သည်။ ယန်အန်းယု၏ ပုံစံမှာ အနည်းငယ် ပူပန်နေဟန် ပေါက်သည့်အတွက် သူသည် ထိုအကြောင်းကို ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။ 


ယန်အန်းယု “.. အင်း အဲဒီလိုဆိုရင်တော့ ကောင်းတာပေါ့ ...”


ထို့နောက်တွင် “Happy Alliance” မှ နောက်အပတ်အတွက် trailer ကို အွန်လိုင်းပေါ်သို့ တင်ပေးလိုက်တော့သည်။


ပရိုဂရမ်အဖွဲ့က “သောင်ရှင်း” ရိုက်ကူးရေးအဖွဲ့သားများကို ဖိတ်ကြားထားခဲ့ခြင်း ဖြစ်သည်။ အချို့သော အဓိကသရုပ်ဆောင်များမှာ ကြည့်ကောင်းသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားကြသည့်အပြင် တစ်ဦးချင်းစီတိုင်းတွင် ဟာသပါရမီများ ကိုယ်စီ ပါရှိကြပေသည်။ ချိုမြိန်သည့် နတ်ဘုရားမ စုချင်ကျားသည်ပင် နောက်ပြောင်ကစားကြချိန်၌ စိတ္တဇလူသတ်သမားတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ဇာတ်လမ်းထဲ၌ ရန်သူများ ဖြစ်ကြသည့် ယန်အန်းယုနှင့် ယီချန်းယန်တို့ကလည်း မတူညီသည့် ပုံစံဖြင့် တင်ဆက်ခဲ့ကြကာ သူတို့နှစ်ဦး၏ အချင်းချင်း နားလည်သဘောပေါက်နိုင်စွမ်းမှာလည်း အံ့ဩမင်သက်ဖွယ်ရာပင်။ 


တင်ဆက်သူက ယန်အန်းယုအား သူ၏ ယီချန်းယန်အပေါ် အမြင်ကို မေးမြန်းသည့်အခါ ယန်အန်းယုက ဝမ်းသာအားရ ပြုံးရယ်လျက် အိုင်ဒေါဖြစ်သူနှင့် ခင်မင်ရင်းနှီးခွင့် ရသည့်အတွက် သူ့ဘဝတစ်ခုလုံး ပြီးပြည့်စုံသွားပြီဟု ဖွင့်ဟပြောဆိုခဲ့သည်။ 


ထို ဗီဒီယိုကို ကြည့်ပြီးသည့်နောက် .. ထန်းရှောင်၏ အာရုံတို့သည် ယန်အန်းယုထံသို့သာ ထိန်းချုပ်၍ မရစွာ ကပ်ငြိနေခဲ့သည်။ အချို့သော အရာများမှာ ထိန်းချုပ်ခြင်းငှာ မစွမ်းသာလှချေ။ သူက ထပ်ကာထပ်ကာ စဉ်းစားပြီးနောက် .. တစ်စုံတစ်ယောက်ထံသို့ ဖုန်းခေါ်လိုက်တော့သည်။ 


****


S မြို့တော် ပေရှင်းခရိုင်၌ ... ယီချန်းယန်သည် ယန်အန်းယုနှင့် coco ကို သူ့အိမ်သို့ နောက်တစ်ကြိမ် ခေါ်လာပြန်သည်။ 


ယန်အန်းယုသည် အိပ်ခန်းထဲရှိ အိပ်ယာထက်တွင် လှဲလျောင်းလျက် .. အူကြောင်ကြောင်နိုင်လှသည့် ရယ်မောသံများကိုလည်း မကြာခဏ ထုတ်လွှင့်နေခဲ့သည်။ သူ၏ အနုပညာလောကစီနီယာဖြစ်သော ယီချန်းယန်ကို လေးစားသမှုဖြင့် လေ့လာအတုယူရန် အလို့ငှာ သူသည် ယီချန်းယန် သရုပ်ဆောင်ခဲ့သည့် ဟာသဇာတ်မြူး ဇာတ်လမ်းတွဲတစ်ခုကို ကြည့်နေခဲ့သည်။ သို့သော် စိတ်ထဲတွင်မူ ထို အလွန်ငယ်ရွယ်ကာ အတွေ့အကြုံ မရင့်ကျက်သေးသည့် ယီချန်းယန်ထံတွင် ဖော်ပြခြင်းငှာ မစွမ်းသာသည့် ချစ်စဖွယ်အရိပ်အယောင်တစ်ခု ရှိနေသည်ဟု ခံစားမိနေခဲ့သည်။ 


ထိုစဉ် ယီချန်းယန်၏ ဖုန်းက ရုတ်တရက် တုန်ခါလာခဲ့သည်။ ယီချန်းယန်သည် သန့်စင်ခန်းထဲမှ ပြန်ထွက်မလာသေးသည့်အတွက် ယန်အန်းယုက ၎င်းကို လှမ်းယူကြည့်လိုက်သည်။ ဖုန်းမျက်နှာပြင်တွင် ပေါ်နေသည်မှာ ယခုလအတွက် ရေပန်းစားမှုများအကြောင်း တင်ပေးသော ဝဘ်ဆိုဒ်မှ အချက်ပေးမှုတစ်ခု ဖြစ်ပေသည်။ 


သူက ၎င်းနှင့် ပတ်သက်၍ များစွာ အမှုမထားမိချေ။ သို့သော် ရုတ်ချည်းဆိုသလို ဖုန်းက ပွင့်သွားကာ ...


ဟမ် .. ယီချန်းယန်က “ရွှင်းရှင်း” Bar က တင်ထားတဲ့ ဝတ္ထုကို ဖတ်နေတာလား ... ဒါ .. “သောင်ရှင်း” ထဲက သူနဲ့ ယီချန်းယန်ရဲ့ CP မဟုတ်လား ... 


ယန်အန်းယု၏ မျက်လုံးတို့ ချက်ခြင်း ပြူးကျယ်သွားကာ သိလိုစိတ် ပြင်းပြလာ၏။ 


ယီချန်းယန်က ဘာတွေကို ဒီလောက်တောင် စိတ်ဝင်တစား ဖတ်နေတာလဲ မသိဘူး နည်းနည်းလောက် ခိုးကြည့်လိုက်ဦးမှပဲ ...



👥️