Chapter 90
Viewers 5k

👻Chapter 90

သရဲလက်ကြီး (4)



တီဗွီက အမျိုးသား ပြောသွားသည့် စကားများက ကြိုတင်သတိပေးထားသွားသလိုမျိုး နိမိတ်မကောင်းသည့် အရိပ်အရောင်တို့ ပါဝင်နေသည်။


ရုပ်ရှင်ဆိုသည်က ကြည့်ရှူသူပရိသတ်အတွက် လုပ်ပေးထားခြင်း ဖြစ်ပြီး ထုတ်လုပ်ရေးအဖွဲ့ကလည်း နောက်လာမည့်အပိုင်းကို ပရိသတ်ဘက်က ကြိုတင်ခန့်မှန်းမိအောင် နည်းလမ်းမျိုးစုံသုံးဖို့ လိုသည်။ ထို့အတွက်ကြောင့် ပရိသတ်ဘက်က နိုးနိုးကြားကြားဖြစ်သွားအောင် ရုပ်ရှင်ထဲတွင် အရိပ်အမြွက်များ ပါဝင်လိမ့်မည်။ 

 

သရုပ်ဆောင်တစ်ယောက်နေရာက စဥ်းစားကြည့်လျှင် သူတို့က ဇာတ်လမ်းထဲတွင် ပုန်းကွယ်နေသည့် အရိပ်အမြွက်များကို ဖမ်းဆုပ်နိုင်သည်နှင့် အသက်ရှင်သန်ဖို့ အခွင့်အရေး တိုးလာနိုင်သည်။ 


သို့သော်လည်း သဲထိတ်ရင်ဖို ရုပ်ရှင်များက ချဲ့ကားလွန်းပြီး ပရိသတ်ကို ကြိုးကိုင်တတ်၍ ပရိတ်သတ်ဘက်က တလွဲစဥ်းစားမိအောင်လည်း လုပ်တတ်လေသည်။ ထိုအတိုင်းဆိုလျှင် သရုပ်ဆောင်များဘက်ကလည်း အကြပ်ရိုက်သွားနိုင်သည်ပင်။ ဤအတွက်ကြောင့် သူတို့က အကျိုးရှိနိုင်မည့် သတင်းအချက်အလက်နှင့် လူစိတ်ဝင်စားအောင် လုပ်ထားသည့် လှည့်စားမှုများကို ခွဲခြားကြည့်ရမည် ဖြစ်သည်။


ခပ်ဖိုင့်ဖိုင့်အမျိုးသား ကျန့်ဖေးက ဆိုလာသည် " မနက်စောစော ဒီလိုသတင်းကို မြင်လိုက်ရတာ ကျက်သရေမရှိလိုက်တာ...."


ချူဟွိုက်က အလေးအနက် စဥ်းစားနေသော်လည်း ကျင်းထျန်းယိက ရုတ်တရက် သူ့လက်ကို လာကိုင်ပြီး အကြောင်းမဲ့သက်သက် ပွတ်သပ်နေသည်။

 

အမှန်က သူ့လက်ဖဝါးထဲ တိတ်တိတ်လေး စာလုံးရေးပြလာခြင်းဖြစ်သည်။


ချူဟွိုက်က အံ့သြသွားပြီးနောက် နားလည်သဘောပေါက်သွားသည်။ ကျင်းထျန်းယိက သူ့ကို မဆူလိုက်ရန် သူ့လက်ဖဝါးပေါ် " သန်း" ဆိုသည့် စာလုံး ရေးပြလာသော်လည်း ထိုစာလုံးက "သန်းဖူ" (ပြည့်တန်ဆာ)ဆိုသည့် စာလုံး၏ မူလစာလုံးဖြစ်နေသည်။ ကျင်းထျန်းယိက သူ့ဇာတ်ကောင်ကလည်း အပျက်မလိုမျိုး ဖြစ်ကြောင်း ပြောပြနေခြင်းပင်။ 


သတင်းအချက်အလက်က ကန့်သတ်ခံထားရ၍ ပွင့်ပွင့်လင်းလင်းပြောရလျှင် ချူဟွိုက်က သိပ်မသေချာသော်လည်း ထိုသို့ဖြစ်ဖို့များလေသည်။


အမှန်တွင်လည်း ရှန်ဟွိုက်က ဂေးဘားပိုင်ရှင်ဖြစ်ပြီး ကောင်ချောလေးတစ်ယောက်ပင် ထားလိုက်သေးသည်။


သူက ပြန်မပြောလာ၍ ကျင်းထျန်းယိက အလိုက်တသိနှင့် သူ့ကို ကြည့်လာပြီး စိုးရိမ်လာရသည်။


အမှန်တွင်ဖြင့် မိန်းမပျက်များက အရင်သေပြီး အမြှောင်က နောက်မှသေသည်။


ဤသတင်းအချက်အလက်က မှန်သလား မှားသလား အတည်ပြုရန် လိုအပ်၍ ပေါ့ပေါ့လေး မထားလိုက်နိုင်ပေ။

  

ချူဟွိုက်က အများကြီး စိုးရိမ်စရာမလိုကြောင်း ကျင်းထျန်းယိကို မျက်တောင်ခတ်ပြလိုက်သည်။


ကျင်းထျန်းယိက မေးလာသည် " မနေ့ညက အိပ်ကောင်းကြရဲ့လား...."


လူတိုင်းက သူ့စကား၏ အဓိပ္ပါယ်ကို သိ၍ သူတို့ ကောင်းကောင်းအိပ်ပျော်ပြီး မူမမှန်သည့် အရာတစ်ခုမှ မတွေ့ခဲ့ရကြောင်း အမူအရာပြလာကြသည်။


မနက်စာကို ခပ်သွက်သွက် စားလိုက်ကြပြီးနောက် လူတိုင်း၏ ဖုန်းမြည်လာ၍ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွားကြသည်။


" ဘာဖြစ်တာပါလိမ့်...." လော့ဇီယန်က ရေရွတ်လိုက်ရင်း အရင်ဆုံး ဖုန်းဖွင့်ကြည့်လိုက်သည်။ 


"၂၀၁၉ ဗီလာအဖွဲ့" ဆိုသည့် QQဂရုတစ်ခု ပေါ်လာ၍ ဝင်ကြည့်လိုက်ရာ လော့ဇီယန်မှာ လန့်သွား၍ ဖုန်းပင် ပစ်ချမိတော့မလို ဖြစ်သွားရသည်။


ဂရုသင်္ကေတက အန္တရာယ်အငွေ့အသက်အပြည့်နှင့် နိမိတ်မကောင်းသည့် မျက်လုံးနီကြီးများ ဖြစ်နေသည်။ 


ကျောင်းအလှလေးနေရာက သရုပ်ဆောင်ရသည့် ရှားယွီက ပြောလာသည် " ထူးဆန်းတယ်....ဘယ်အချိန်ကများ ဒီဂရုကို ချိတ်မိလိုက်တာပါလိမ့်...." 


ချူဟွိုက်က အဖွဲ့ဝင်စာရင်းကို ဖွင့်ကြည့်လိုက်ရာ သူတို့ခုနစ်ယောက်လုံး ပါနေမှန်း တွေ့လိုက်ရသည်။


လော့ဇီယန်က ကြောက်စိတ်ကို ဖုံး၍ ဘာမှမပါသည့် profileပုံကြီးကို ညွှန်ပြလိုက်ရင်း မေးလာသည် " ဒါ ဘယ်သူလဲ....ဘာလို့ ဂရုထဲမှာ ရှစ်ယောက်မြောက်လူ ရှိနေရတာလဲ...." 


တစ်ဖွဲ့လုံး စိုးရိမ်ကြောင့်ကြလာရသည်။ ရှစ်ယောက်မြောက်လူက လုံးဝ လူမဖြစ်နိုင်ပေ။


သူတို့ဖုန်းများက အသံထပ်မြည်လာပြီး ရှစ်ယောက်မြောက်လူက စာအိတ်အနီလေး ပို့လာသည်။


ရုတ်တရက်ဆိုသလို ကျင်းထျန်းယိက သာမန်ကာလျှံကာ မှတ်ချက်ပေးလာသည် " သိပြီ....အဖွဲ့ထဲဝင်ဖို့ စစ်ဆေးတာလေးတွေ လုပ်ရသေးတယ်လေ...." 


လော့ဇီယန်က လိုက်ပြောလာသည် " ဟုတ်တယ်....တကယ် ထူးဆန်းတာပဲ....ဒီအဖွဲ့ထဲ ဝင်လိုက်ရလို့လည်း ဘယ်လိုမှ မခံစားမိပါဘူး...." 


သူက စာအိတ်အနီကို ဖွင့်ချင်လား မေးသည့်အနေနှင့် မျက်လုံးနှင့် အချက်ပြလိုက်သည်။


လူတိုင်းက တွန့်ဆုတ်နေသော်လည်း သိချင်စိတ်က နှိုးဆော်၍ စာအိတ်နီကို ဖွင့်လိုက်မိသည်။


ခပ်ဖိုင့်ဖိုင့်နှင့် အမျိုးသားက သူ့ဇာတ်ကောင်အတိုင်း စိတ်မရှည်ဟန်ဆောင်လိုက်ရင်း ပြောလာသည် 


" အို့....မင်းတို့ စောစောက ဝင်ထားတာကို မေ့သွားတာပဲ ဖြစ်ရမယ်....ကိစ္စမရှိပါဘူး....ဂရုလေးပဲလေ....အိမ်ပိုင်ရှင် မဟုတ်ရင် တခြားတစ်ယောက် နေမှာပေါ့....မင်းတို့က အကြောင်းမရှိ တွက်ချက်ပြီး စိတ်ပူနေကြသေးတယ်....တကယ် ပျင်းစရာကောင်းတဲ့သူတွေ....စာအိတ်နီလေးပဲကို....ပိုက်ဆံမယူလိုက်တာမှ ပိုပြီး ဥာဏ်မရှိရာကျမှာ မဟုတ်ဘူးလား...."

 

သူက ပြောလိုက်ရင်း စာအိတ်နီလေးကို အရင်ဆုံး ဖွင့်လိုက်သည်။


စာအိတ်နီထဲမှ ငွေပမာဏက မသေးလှပေ။ သူက ၂၃.၆ယွမ်ကို ကိုင်လိုက်မိသည်။


လော့ဇီယန်က အနားတိုးကြည့်လာရင်း ပြောလိုက်သည် " ကံကောင်းတဲ့ စာအိတ်နီလေးပဲ....ပိုက်ဆံအများကြီးဆို ရာချီရမလား မသိဘူးနော်...." 


ချူဟွိုက်က သူတိုအားလုံးကို ရည်ရွယ်ချက်ရှိရှိ သတိပေးလိုက်သည် " ဘယ်သူက ကံအကောင်းဆုံး ဖြစ်မလဲ မသိဘူးနော်...." 


လူတိုင်းက တုန်ချိချိလက်များနှင့် စာအိတ်နီကို သွားကိုင်လိုက်ကြသည်။ စာအိတ်နီနှင့်ပတ်သတ်ပြီး သတိထားရမည့် စည်းမျဥ်းတစ်ခုရှိ၍ မည်သူမှ ကံအကောင်းဆုံးသူ မဖြစ်ချင်ကြပေ။ ကံအကောင်းဆုံးသူက စာအိတ်များကို ဆက်ပြီး ပို့ပေးရမည် ဖြစ်ပြီး ကံအကောင်းဆုံးသူကလည်း ကံဆိုးသည့်သူ ဖြစ်သွားနိုင်သည်။ သူတို့က ပိုက်ဆံများများ ပို့ပေးရုံတင်မကပဲ သူတို့ကိုယ်တိုင် ပေးရမည့် အချိန်လည်း ရောက်လာနိုင်၍ပင်။


ချူဟွိုက်က စိတ်ဖိအား ရသွားသလို မခံစားမိပဲ နှိုက်ကြည့်လိုက်ရာ ၃၇.၄ယွမ် ရလေသည်။


ခပ်ဖိုင့်ဖိုင့်အမျိုးသားက သူ့ထက် ပမာဏများသည့်သူကို တွေ့လိုက်ရ၍ စိတ်အေးသွားသလို သက်ပြင်းချမိသည်။ သူ့ထက် ပိုရတဲ့သူရှိနေတယ်ဆိုတော့ သူ အဆင်ပြေပါသေးတယ်....


ကျင်းထျန်းယိက ၉.၉ယွမ် ရလေသည်။


လော့ဇီယန်က အကြင်နာတရားမရှိ သူ့ကို လှောင်ပြောလိုက်သည် " ရှောင်လင်း....မင်းက မင်းမွေ့နေ့မှာတောင် ကံမကောင်းဘူးပေါ့...." 


သူကဖြင့် ၀.၂ယွမ် ရလေသည်။


လော့ဇီယန် "......"


ရှားယွီက သူတို့အတိုင်း လိုက်ယူလိုက်သော်လည်း ၄၄.၄ယွမ်ဆိုသည့် ငွေပမာဏကို မြင်သွားချိန် ရင်ထိတ်သွားရသည်။ လူတိုင်းက သူမထက် လျော့ပြီးရထားကြ၍ သူမနံပါတ်ကြီးက အငွေ့အသက် မကောင်းပေ။


ရှားယွီက အားတင်းပြုံးလိုက်ရင်း အံ့သြသွားသလို ပြောလာသည် " ဝိုး....အများကြီး ရတာပဲ...."


သူမက ကျန်သည့် မဖွင့်ရသေးသော စာအိတ်နီနှစ်ခုကိုလည်း သိချင်စိတ်နှင့် ကုန်းကြည့်လိုက်မိသည်။


မိန်းမအတွင်းခံကောင်နေရာက သရုပ်ဆောင်ရသည့် ကောင်လေးကလည်း ဖွင့်ကြည့်လိုက်ရာ သူလည်း ၄၄.၄ယွမ် ပေါက်၍ ကံကောင်းသည့်သူ ဖြစ်သွားရသည်။


လူတိုင်းက စိတ်လှုပ်တရှား ဟိုကြည့်သည်ကြည့် လုပ်နေကြရင်း ရုတ်တရက် တစ်ခုခုပေါ်လာပြီး ကံကောင်းသည့်သူကို လာသတ်သွားမလား စောင့်မျှော်နေမိသည်။ သို့သော်လည်း သူက အတွေးလွန်နေခြင်းသာ ဖြစ်မှန်း သိလိုက်ရလေသည်။


ဒါက လူတွေရဲ့ မျက်စိတွေ နားတွေကို လှည့်စားဖို့ လုပ်ထားတာလား.....ချူဟွိုက်က မသိစိတ်ကနေ မယုံသလို ခံစားမိသည်။ ဒီဇာတ်ဝင်ခန်းမှာ အဓိပ္ပါယ်တစ်ခုခု ရှိလိမ့်မယ်....


လူတိုင်းက အတွေးကိုယ်စီ ရှိနေကြချိန် ဖုန်းများက ထပ်မြည်လာပြီး ပုံမတင်ထားသည့် ရှစ်ယောက်မြောက်အဖွဲ့ဝင်က ကြက်သီးမွှေးညင်းထပြီး ခိုက်ခိုက်တုန်သွားစေနိုင်သော စာတစ်စောင်ကို ပို့လာသည်။


[ကျေးဇူးပြုပြီး ကံအကောင်းဆုံးမဲပေါက်သွားတဲ့ သူနှစ်ယောက်က အသွေးအသားနဲ့ ချည်နှောင်ရင်း စေ့စပ်ပေးရမှာ ဖြစ်ပါတယ်] 


ချူဟွိုက်မျက်နှာက တောင့်ခဲသွားရသည်။ သဘာဝလွန် စာအိတ်နီပါလား....


မိန်းမအတွင်းခံကောင်နေရာက သရုပ်ဆောင်ရသည့် ကောင်လေးက လှောင်ပြောပြောလိုက်သည် " သောက်ကျိုးနည်း ဘာကြီးလဲ...." သို့သော်လည်း အင်္ကျီအောက်ရှိ သူ့လက်များက ဇကာတစ်ချပ်လို ခါယမ်းနေပြီ ဖြစ်သည်။


သူက ရှားယွီကို ကြည့်လိုက်ရင်း ပြောလာသည် 


" တစ်ယောက်ယောက်က စနောက်ထားတာ ဖြစ်နိုင်တယ်...."


ရှားယွီကလည်း အချိန်ကိုက် ရှက်သွေးဖြာသွားရသည်။ သူမ၏ အပြင်ပန်းပုံစံလေးက နူးညံ့ပြီး အရှက်ကြီးသည့် အဆင့်အတန်းမြင့်မြင့် ကောင်မလေးမျိုး ဖြစ်နေသည်။

  

လော့ဇီယန်က ဒွိဟဖြစ်သွားဟန်ဆောင်လိုက်ရင်း ကျင်းထျန်းယိကို တံတောင်နှင့်တိုက်ပြီး ပြောလာသည်


 " လုပ်စမ်းပါ....ဝန်ခံလိုက်စမ်းပါ....မင်းက သူတို့နှစ်ယောက်ကို တွဲပေးဖို့ ဒီဂရုကို လုပ်ထားတာမို့လား...."


ယခင်QQဂရုထဲက စာများတွင် ရှားယွီက နှာဘူးကောင် ကျန်းဟန်လိုက်ချင်သည့် ပစ်မှတ်အသစ်လေး ဖြစ်မှန်း ပြောထားခဲ့သည်။


ကျင်းထျန်းယိက အန္တရာယ်ကို သတိထားနေရသည့် ပုံစံမျိုး ပြမလာပဲ ရယ်မောလိုက်ရင်း အဖြေပေးလာသည်


 " မဟုတ်ပါဘူး....ဒါက ငါနဲ့မဆိုင်ဘူး....မင်းလည်း တွေ့တာပဲလေ....ငါက ငါ့ဖုန်းကို ထိတောင်မထိရသေးတာ....ဒါကြောင့် ဘယ်လိုလုပ် မင်းတို့ကို စာအိတ်နီတွေ ပို့လို့ရမှာလဲ...."


တစ်နည်းအားဖြင့် စာအိတ်နီက "သရဲ"က ပို့ပေးလာခြင်း ဖြစ်ဖို့များလေသည်။


လူတိုင်းက စနောက်ရင်း သိချင်နေကြစဥ် ပုံမတင်ထားသောလူက နောက်ထပ် စာပို့လာသည်။


" စနေနေ့မနက် ၇နာရီမှာ အပြီးမလုပ်နိုင်ဘူးဆိုရင် သေရမယ်...."


"သေရမည်" ဆိုသည့် စာလုံးက ရောင်စုံစာလုံးများနှင့် ဒီဇိုင်းဆွဲထားပြီး အရောင်တောက်တောက်လေးသုံးထားကာ မျက်စိရှေ့ တလှုပ်လှုပ်ခုန်နေသည်။

 

ရှားယွီက သရုပ်ဆောင်ကောင်း၍ ကြောက်စိတ်ကို ဖုံးကွယ်ထားသော်လည်း လက်သည်းများပင် အသားထဲ စိုက်ဝင်နေပြီ ဖြစ်သည်။


မိန်းမအတွင်းခံကောင်က ဂရုမစိုက်ချင်ယောင် ဆောင်လိုက်သည် " မင်း ရူးနေပြီပဲ...." သို့သော်လည်း သူက ရှားယွီဘက်ကို အလိုလို ကြည့်လိုက်မိသည်။ သူက သူမကို ကြည့်မိနေရင်း ကျင်းထျန်းယိနှင့် ချူဟွိုက်တို့ကို အကူအညီတောင်းသလို ကြည့်လိုက်မိသည်။


ကျင်းထျန်းယိနှင့် ချူဟွိုက်တို့က စိုးရိမ်သလို အကြည့်ချင်းဖလှယ်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။


လော့ဇီယန်က ရုတ်တရက် ထပြောလာသည် " ကားထဲမှာ တစ်ခုခုကျန်နေခဲ့လို့ သွားယူလိုက်ဦးမယ်...." 


ကျင်းထျန်းယိက သူက သွေးစာတန်းမှ ညွန်ကြားခံရခြင်းဖြစ်မှန်း သိသွားပြီး စာအိတ်နီကိစ္စကို မေ့ထားလိုက်သည်။ သူက လျှောက်သွားလိုက်ရင်း ပြောလာသည် " ငါလည်း အားနေတာဆိုတော့ မင်းနဲ့ လိုက်ခဲ့မယ်လေ...."


လော့ဇီယန်က သူတစ်ယောက်တည်းသွားရင်း အန္တရာယ်ကျသွားမည်ကို ကျင်းထျန်းယိက စိုးရိမ်နေမှန်း သိလိုက်၍ ရင်ထဲထိသွားရသည်။


ကျင်းထျန်းယိက တံခါးသွားဖွင့်လိုက်သော်လည်း တံခါးဘုကို အကြိမ်ပေါင်းများစွာ လှည့်နေရင်း မျက်နှာပျက်လာရသည်။


" သောက်ကျိုးနည်း....ဖွင့်လို့လည်း မရဘူး....ကြည့်ရတာ အပြင်ကနေ လော့ချသွားတဲ့ပုံပဲ....ဒီတံခါးက နှစ်ဖက်ဖွင့်လို့ရတဲ့ တံခါးမျိုး မဟုတ်ဘူးလား...." 


လော့ဇီယန်က သူ့ကို အပြင်သွားခိုင်းသည့် သွေးစာတန်း၏ နောက်ကွယ်က ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီ ဖြစ်သည်။ ယင်းက သူတို့ တံခါးဖွင့်၍မရနိုင်တော့မှန်း သိစေချင်၍ပင်။

  

ကျင်းထျန်းယိက အကြိမ်အနည်းငယ် ထပ်ကြိုးစားကြည့်ရင်း စိတ်တိုလာရတော့သည်


 " ဘာလဲကွာ....ငါတို့က မွေးနေ့ပွဲလုပ်ရုံတင်လေးကို ဒါတွေ ဖြစ်လာရတယ်လို့...."


လော့ဇီယန်က မေးလိုက်သည် " လော့ပျက်သွားတာလား...."


ချူဟွိုက်က ရောက်လာပြီး စကားဆိုလာသည် " ကျွန်မ အိမ်ပိုင်ရှင်ကို ဖုန်းခေါ်လိုက်မယ်...." 


သူက ဖုန်းဝင်သွားမည်ဟု ထင်မထားသော်လည်း တစ်ဖက်က အမြန် ဖုန်းဖြေလာသည်။ ဖုန်းဖြေလာသည့်အသံကို ကြားရသည့်အခိုက် လူတိုင်း ရင်တုန်ပန်းတုန် ဖြစ်သွားကြလေသည်။


“ဖြစ်နိုင်ပါ့မလား....ကျွန်တော်က အလုပ်ကိစ္စနဲ့ ခရီးသွားနေလို့ ပြန်မလာနိုင်သေးဘူး....လော့ဖွင့်ဖို့ ရဲခေါ်ကြည့်လိုက်ပါလား....ဆောရီးပါ....အိမ်ငှားခကို လျော်ကြေးအပြည့်ပြန်ပေးပါ့မယ်...." 


ရဲခေါ်ဖို့ အကြံပေးချက်က လှောင်ပြောနေသလိုမျိုး ဖြစ်နေသည်။ 


ကောင်းပြီ....သူတို့က ပိတ်မိနေပြီးတော့ အပြင်ထွက်လို့ မရတော့ဘူး...


လူတိုင်းက ကျိန်ဆဲလိုက်ရင်း ဝေဖန်နေကြသော်လည်း ချူဟွိုက်က ရဲခေါ်လိုက်လေသည်။


ရှားယွီနှင့် မိန်းမအတွင်းခံကောင်ကလည်း ပျော်ပျော်ရွှင်ရွှင် စကားလက်ဆုံနေကြသည်။

 

ရဲက ရောက်မလာသေးပေ။


နေ့လည်ပိုင်းတွင် ချူဟွိုက်က သူ့ဇာတ်ကောင်ကို ကောင်းကောင်းသိရရန်အတွက် ရှန်ဟွိုက်ဖုန်းကို လျှောက်ကြည့်နေမိသည်။


ဇာတ်ညွှန်းမှ ပေးထားသည့် အချက်အလက်က မှန်သလားမှားသလား စဥ်းစားမနေတော့ပဲ လျစ်လျူသာ ရှူထားလိုက်သည်။ သူတို့ကို ပေးထားသည့် အချက်အလက်က အမှန်ဖြစ်နေလျှင်တောင်မှ သေစေနိုင်သည့် အပိုင်းမျိုးကို ဖုံးကွယ်ထားနိုင်၍ပင်။ 

 

သူက ဝီချက်မှ ပြောထားသည့် အကြောင်းအရာများကို ပျင်းပျင်းရိရိ လှန်လှောကြည့်လိုက်ရင်း လွန်ခဲ့သော ခုနစ်ရက်ခန့်က ပို့ထားသည့် စာများကို ကြည့်လိုက်ချိန် ရုတ်တရက် စိတ်ဝင်စားစရာ အကြောင်းရာတစ်ခုကို တွေ့လိုက်ရသည်။


မောင့်ရဲ့ ချစ်မဝလေး " အချစ်ရေ....လာမယ့်ခုနစ်ရက်အတွင်း မောင့်မွေးနေ့ရှိတယ်နော်....မောင့်ကို စပရိုက် လုပ်ပေးချင်လို့...."  


ရှန်ဟွိုက်၏ စပရိုက်က သူစီစဥ်ထားခဲ့သည့် အပန်းဖြေခရီး ဖြစ်နိုင်သည်။


ကျိုးလင်း " ဘာစပရိုက်လဲ...."


မောင့်ရဲ့ ချစ်မဝလေး " မမက ပြောပြလိုက်ရင် စပရိုက် ဘယ်ဟုတ်တော့မလဲ....မှန်းကြည့်လေ...."


ကျိုးလင်းက နောက်နေသည်လား အတည်ပြောနေသည်လား မသိပဲ စာပြန်ပို့လာသည် " စပရိုက်အနေနဲ့ မမကိုသာ ကျွန်တော့်ကို ပေးလိုက်စမ်းပါဗျာ....ဒါက ကျွန်တော် အလိုချင်ဆုံးအရာပဲ...."


ချူဟွိုက်၏ မျက်ဆံများ ချက်ချင်း ကျုံ့ဝင်သွားရသည်။


မောင့်ရဲ့ ချစ်မဝလေး " မြန်လွန်းတယ်....လူတွေပြောကြတာ အတူနေမိသွားတဲ့ အတွဲတွေက မြန်မြန်ပြတ်လွယ်တယ်တဲ့....မမက မောင်နဲ့ အချိန်အကြာကြီး ရှိနေချင်သေးတာ....ဒါကြောင့်...."

 

ကျိုးလင်းက အသည်းပုံလေး ပြန်ပို့လာသည်။


ချူဟွိုက်က ချက်ချင်း ထရပ်လိုက်သည်။


သူ့ဇာတ်ကောင်က အပျက်မ မဟုတ်ဘူး....တခြားတစ်ယောက်ပဲ....


ရှန်ဟွိုက်က တိုင်ပတ်ကသည့် နှင်းဆီနီရုပ်ရည်လေးနှင့် ရှူးဂါးမာမီ ဘားပိုင်ရှင်တစ်ယောက် ဖြစ်သော်လည်း အမှန်က အလွန်ရှေးရိုးဆန်ပြီး ခပ်တုံးတုံးလူတစ်ယောက် ဖြစ်နေသည်။ 


ချူဟွိုက်က ကျင်းထျန်းယိဆီ ဖုန်းပစ်ပေးလိုက်ရာ သူက တစ်ချက်ယူကြည့်ပြီး ရုတ်တရက် နားလည်သွားသလို လှည့်ပတ်ကြည့်လိုက်သော်လည်း ရှားယွီနှင့် မိန်းမအတွင်းခံကောင်တို့ကို မတွေ့ရ၍ အနည်းငယ် ရင်မောမိသွားသည်။


" သူတို့ ဘယ်ရောက်သွားတာလဲ...." ကျင်းထျန်းယိက တည်တည်ငြိမ်ငြိမ် မေးလာသည်။


" သန့်စင်ခန်း သွားကြတာနေမှာပေါ့....တစ်ယောက်ပြီးမှ တစ်ယောက် သွားရတာလေ...." လော့ဇီယန်က နားမလည်သလို ပြန်ဖြေလာသည်။


ချူဟွိုက်က ပျင်းပျင်းရိရိ ထရပ်လိုက်ရင်း ကျင်းထျန်းယိနား တိုးတိုးကပ်ပြောလာသည် " မမလည်း သွားချင်လာလို့...."


ကျင်းထျန်းယိက ပြုံးလိုက်ရင်း သူနှင့်အတူ ထရပ်လိုက်သည် " ကျွန်တော်လည်း မမနဲ့အတူတူ သွားချင်တာပါနော်...."


" စိတ်ပျက်စရာတွေ...." လော့ဇီယန်က မျက်လုံးလိမ့်လိုက်ပြီး ကျိတ်ရယ်လိုက်သည် " မင်းတို့နှစ်ယောက်က မျက်စိနောက်အောင် ချိုမြိန်နေလိုက်ကြတာ...."  


“ အမြန်သွား...." လော့ဇီယန်၏ စိုးရိမ်ကြောင့်ကြနေသော မျက်လုံးများက သူတို့နှစ်ယောက်ကို အကဲခတ်လိုက်ရင်း သူတို့လုံခြုံရေးအတွက် စိတ်ပူလာရသည်။ အမှန်တွင်ဖြင့် အပျက်မက အရင်သေရမည် ဆိုထား၍ ချူဟွိုက်သရုပ်ဆောင်နေရသည့် ဇာတ်ကောင်အတိုင်း ဆိုပါက သူက နောက်ပစ်မှတ် ဖြစ်ဖို့များသည်။ သန့်စင်ခန်းက သူ အန္တရာယ်ထဲ တိုးဝင်မိသည့် နေရာ ဖြစ်နိုင်သည်။


👻