Chapter 51
Viewers 7k

👥️Chapter 51




ဤနှစ်ရက်အတွင်း သူနှင့် ထန်းရှောင်တို့သည် တောင်ကြောလမ်းတစ်လျှောက် ဟိုဟိုဒီဒီ ပြေးလွှားသွားလာခဲ့ရကာ ဘုရားကျောင်း၏ နောက်ဖေးခြံဝန်းမှသည် တရားထိုင်သည့် အခန်းများအထိ နေရာအနှံ့ လှည့်ပတ်သွားလာခဲ့ရပေသည်။ အစပိုင်းတွင် ယန်အန်းယုသည်ပင်လျှင် လမ်းပျောက်ခဲ့ရကာ ဘေးလူများ၏ လမ်းညွှန်မှုများအပေါ် မှီခိုခဲ့ရသည်။ သို့သော် ထန်းရှောင်ကမူ ထိုကဲ့သို့သော ပြဿနာမျိုး တစ်ကြိမ်ပင် မရှိခဲ့ဖူးသည့်ဟန်ပင်။ 


ပရိုဂရမ်၏ ပထမဆုံး အပိုင်းနှစ်ပိုင်းမှတစ်ဆင့် ကြည့်ရှုသူများသည် ထန်းရှောင်၏ လမ်းကြောင်းဦးတည်ချက်များအား မှတ်သားနိုင်စွမ်းမှာ အလွန်ညံ့ဖျင်းလှကြောင်း  သိခဲ့ကြရသည်။ သို့သော် ယခုလက်ရှိတွင် ယန်အန်းယုက ထန်းရှောင်၏ ထိုချို့ယွင်းချက်မှာ တမင်တကာ ဟန်ဆောင်နေခြင်းလေလားဟုပင် ခံစားမိလာတော့သည်။ 


ထန်းရှောင်က ခပ်လွင့်လွင့်သာ ပြုံးပြကာ ထိုအကြောင်းကို ဆက်မပြောခဲ့ရာ ယန်အန်းယုမှာလည်း ရှေ့ဆက်ပြောရန် အခွင့်မသာတော့ချေ။ 


နောက်ထပ်တစ်ရက် ကုန်လွန်သွားပြီးနောက် ရိုက်ကူးရေးအဖွဲ့သည် သူတို့နှစ်ဦးအပါအဝင် ဘုရားကျောင်းတွင် ရောက်ရှိနေသူအားလုံးကို စုစည်းကာ မိတ်ဆုံနှုတ်ဆက်ပွဲ ကျင်းပပေးခဲ့သည်။ ထို့နောက် ပြန်လာရာလမ်းတွင် ထုတ်လုပ်ရေးအဖွဲ့က ယန်အန်းယုနှင့် ထန်းရှောင်တို့ကို သူတို့နှစ်ဦးလုံး စိတ်ပင် မကူးထားခဲ့ဖူးသည့် ခက်ခဲပင်ပန်းဖွယ် မစ်ရှင်တစ်ခု ပေးအပ်လာပြန်၏။ ..


 á€á€źá€ąá€œá€ťá€„á€şá€œá€™á€şá€¸á€œá€ťá€žá€ąá€Źá€€á€şá€€á€Ź ပြန်ရန် ဖြစ်သည်။ 


အမျိုးမျိုးသော ပင်ပန်းခက်ခဲမှုများကြောင့် လွန်စွာ နွမ်းနယ်နေရရှာပြီဖြစ်သည့် ထိုနှစ်ဦးလုံးသည် သူတို့၏ ဘဝများမှာ ပရိုဂရမ်အဖွဲ့၏ လက်ထဲမှ ကစားစရာလေးများလေလားဟုပင် တွေးမိသွားရှာတော့သည်။ 


တစ်နာရီခန့် လမ်းလျှောက်ပြီးသည့်နောက် .. လူမဆန်သည်အထိ နှလုံးသား ကင်းမဲ့သော အဆင့်သို့ မရောက်သေးသည့် ကျေးဇူးရှင် ပရိုဂရမ်အဖွဲ့သည် သူတို့အနားသို့ ရောက်လာကာ C မှ H အကြား အက္ခရာများအနက် တစ်ခုစီကို ရွေးချယ်ရန် ပြောလာခဲ့သည်။ 


ယန်အန်းယုနှင့် ထန်းရှောင်တို့က ကြောင်အသွားကြကာ တိုင်ပင်ဆွေးနွေးကြပြီးနောက် H ကိုသာ ရွေးချယ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုစကားလုံးမှာ Horse ၏ အစစာလုံးကို ကိုယ်စားပြုခြင်း ဖြစ်သည့်တွက် များမကြာမီတွင် ထုတ်လုပ်ရေးအဖွဲ့က သူတို့ထံသို့ မြင်းတစ်ကောင် ဆွဲခေါ်လာပေးခဲ့ကြသည်။



နှစ်ဦးလုံးသည် ကိုယ့်မျက်လုံးကိုပင် မယုံနိုင်တော့ဟန်ဖြင့် အကြည့်ချင်း ဆုံလိုက်ကြသည်။ နောက်ဆုံးတွင်မူ ထုတ်လုပ်ရေးအဖွဲ့သည် ထန်းရှောင်အား မြင်းပေါ်သို့ ခေါ်တင်ကာ တောင်အောက်သို့ ဆင်းရန်တာဝန်ကို  မြင်းစီးကျွမ်းကျင်သူ ယန်အန်းယု၏ လက်ထဲသို့ ထည့်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 


ထိုအပိုင်း၏ နောက်ဆုံးအပိုင်းတွင် ပါဝင်သူ ခြောက်ဦးစလုံး နောက်တစ်ကြိမ် စုဝေးလိုက်ရပြန်ကာ အငွေ့တထောင်းထောင်းထနေသည့် ပေါက်စီပူပူလေးများအား စားရသည့် ပြိုင်ပွဲကို ဆင်နွှဲလိုက်ရပြန်တော့သည်။ 


“ဒီ.. အသီးအရွက်တွေပဲ စားရပြန်ပြီ .. ပေါက်စီဆို နာမည်ကို မကြားချင်တော့ဘူး  ...”


ဖန်ယိရှန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


“အားလုံးပဲ ..  ဒီနှစ်ရက်အတွင်း ဘယ်သူမှ ကောင်းကောင်း မစားခဲ့ကြရဘူး မဟုတ်လား ...”


ရိုက်ကွင်းအပြင်ဘက်တွင် ထိုင်နေသည့် ဒါရိုက်တာက ရယ်သွမ်းသွေးကာ ပြောလိုက်သည်။ 


ထိုစကားကို ကြားလိုက်ရသည်နှင့် ဖြစ်သွားသည့် ပါဝင်သူ ခြောက်ဦးလုံး၏ တုန့်ပြန်မှုများမှာ ကျေနပ်အားရဖွယ်ရာပင်။ အစ်ကိုကြီးဟုန်ယောင်မှာ မျက်လုံးတို့ သိသိသာသာ ပြူးကျယ်ဝိုင်းစက်သွားကာ ဒါရိုက်တာကို နောက်တစ်ကြိမ် ရိုက်နှက်တော့မည့်ဟန် လက်ရွယ်လိုက်ပြန်၏။ သို့သော် သူ၏ ထိုလုပ်ရပ်မှာ ရိုက်ကူးရေး၏ အရှိန်ကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းကို အားလုံးက ရှင်းလင်းစွာ သိထားကြပေသည်။ 


“ဟုတ်တယ်.. ကျွန်တော်တို့တွေ အသားဟင်း မစားရတာကို ဘယ်နှစ်နပ်မှန်း မသိတော့ဘူး ...”


ယန်အန်းယုက ဝမ်းနည်းစွာဖြင့် စောဒကတက်လိုက်သည်။


အစားချစ်သူလေး ရှဲ့ယန်ကလည်း သံယောင်လိုက်ကာ ထောက်ခံလိုက်၏။ 


“ဟုတ်တယ် ကျွန်မဆို ဝိတ်တောင် တော်တော်လေး ကျသွားသလိုပဲ ...”


ဤရက်များအတွင်း ယန်အန်းယုနှင့် ထန်းရှောင်တို့သည် သက်သက်လွတ်ဟင်းလျာများကိုသာ စားခဲ့ရသည့်အပြင် စားသောက်ရမည့် ပမာဏကိုလည်း ကန့်သတ်ခြင်း ခံခဲ့ရ၏။ အစာအိမ်၏ ၆၀ ရာခိုင်နှုန်းခန့်အထိ ပြည့်ဝအောင်သာ စားသောက်ခွင့် ရခဲ့ကာ ယန်အန်းယု၏ ထမင်းလိုက်ပွဲ ထပ်ယူမှုကိုလည်း ကန့်သတ်ထားခဲ့သည်။ ရှဲ့ယန်နှင့် အခြားသူများ၏ အခြေအနေမှာလည်း ထူးမခြားနားပင်။ အသင်းတစ်ခုချင်းစီ၏ မစ်ရှင်များမှာ မတူကွဲပြားကြသည့်တိုင် အားလုံး၏ ဟင်းလျာများမှာ သက်သက်လွတ်ဟင်းလျာများချည်းသာ ဖြစ်နေကာ အသားငါးနှင့် ပတ်သက်ဆက်နွယ်သည့် မည်သည့်ဟင်းလျာကိုမှ စားသောက်ခွင့် မရခဲ့ချေ။ ထို့ကြောင့် အသားဟင်းများ နှစ်နှစ်ခြိုက်ခြိုက် စားသုံးတတ်သူများအဖို့ ဤသည်မှာ အနုနည်းဖြင့် နှိပ်စက်နေခြင်းပင် ဖြစ်ပေသည်။ 


ဒါရိုက်တာက ခပ်ဟဟ ရယ်မောကာ အားလုံးကို နှစ်သိမ့်စကား ဆိုလိုက်သည်။ 


“အားလုံးပဲ အကောင်းဆုံး ကြိုးစားကြပါနော် .. အနိုင်ရတဲ့သူအတွက် အရမ်းအရမ်းကို ကောင်းတဲ့ surprise တစ်ခုက စောင့်နေပါတယ် ...”


ထို့နောက်တွင် ဝန်ထမ်းများသည် ပေါင်းအိုးထဲမှ ထုတ်လာကာစ အငွေ့တထောင်းထောင်း ထနေသည့် ပေါက်စီပူပူလေးများအား ထည့်ထားသည့် ဗန်းကြီးဗန်းငယ်များကို သယ်ဆောင်ကာ ထွက်လာခဲ့ကြသည်။ 


အဖွဲ့သုံးဖွဲ့စလုံးသည် သတ်မှတ်ထားသော အချိန်အတွင်း ယှဉ်ပြိုင်စားသောက်ကြရမည်ဖြစ်ကာ အများဆုံး စားနိုင်သည့် အဖွဲ့က အနိုင်ရမည် ဖြစ်သည်။ 


အပြတ်အသတ် အနိုင်ရရှိသည့် အဖွဲ့အတွက် .. ဒါရိုက်တာက အနိုင်ရရှိသူ အဖွဲ့သားများသည် အရသာရှိလှသည့် ဟင်းလျာများစွာကို အားရပါးရ အများအပြား စားသောက်နိုင်မည် ဖြစ်သည့်အပြင် နောက်အပိုင်းများအထိပါ အသုံးပြု၍ ရသည့် “နောက်တစ်ကြိမ် ရှင်သန်ခွင့်” ကတ်ကိုပါ ပေးအပ်ဦးမည် ဖြစ်သည်ဟု ရင်ဘတ်ကို ပုတ်ပြကာ အလေးအနက် ကတိပေးလိုက်သည်။ 


ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိချိန်တွင်မူ ချင်နွော်ရှီနှင့် ဟုန်ယောင်တို့က အရှုံးပေးလိုက်ကြတော့သည်။ သို့သော် ယန်အန်းယုနှင့် ရှဲ့ယန်တို့ကမူ အသည်းအသန် ယှဉ်ပြိုင်နေကြဆဲပင်။ ဤကဲ့သို့သော ရလဒ်မျိုး ထွက်လာမည် ဖြစ်ကြောင်းကို အားလုံးကလည်း ခန့်မှန်းမိနှင့်ပြီး ဖြစ်သည်။ အကြောင်းမှာ ထိုသူနှစ်ဦးလုံးသည် အစားအသောက်နှင့် ပတ်သက်၍ တစ်မူထူးကဲသည့် စွမ်းရည်ကို ပိုင်ဆိုင်ထားကြသောကြောင့် ဖြစ်သည်။ 


ပါးစပ်တစ်ခုလုံး အပြည့်ဖြည့်နေအောင် အတင်းထိုးထည့်ထားသည့် ပေါက်စီများကြောင့် မျက်နှာတစ်ခုလုံး ဖောင်းကားနေသည့် ယန်အန်းယုနှင့် ရှဲ့ယန်တို့မှာ ပြိုင်ဘက်ကင်း ကစားသမားများပင် ဖြစ်ကြသည်။ နှစ်ဦးစလုံးသည် သူတို့၏ အနုပညာရှင်ပုံရိပ်ကို စွန့်လွှတ်ကာ အကြိတ်အနယ် ယှဉ်ပြိုင်နေကြ၏။ သို့သော် နောက်ပိုင်းတွင်မူ ရှဲ့ယန်သည် အနည်းငယ် သီးသွားသည့်အတွက် လက်ကို ဝှေ့ယမ်းပြကာ အရှုံးပေးလိုက်တော့သည်။ 


ယန်အန်းယုဘက်မှ အခွင့်သာသွားကာ ယခုလက်ရှိတွင် ထန်းရှောင်နှင့် ဖုယိရှန်တို့ကသာ သနားစရာ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိသွားတော့သည်။ မျက်မှန်ကို လက်ဖြင့် သုတ်ရင်း စားနေသည့် ဖုယိရှန်၏ ပုံစံမှာ အလွန် နာကျင်ကြေကွဲနေသည့်ဟန်ပင်။ သူက ခါးသီးစွာဖြင့် ရေရွတ်ရင်း ကိုယ့်ကိုယ်ကိုယ် အတင်း ဖိအားပေးကာ သနားစဖွယ်ကောင်းစွာ ကိုက်ဝါးနေခဲ့သည်။ 


“ငါ .. ပေါက်စီစားရတာကို တကယ်ကြီးကို မုန်းနေပြီ ...”


ထန်းရှောင်ကမူ စကားတစ်ခွန်းမှ မပြောသေးသည့်တိုင် သူ၏ စားသောက်သည့် အရှိန်မှာ တစ်စထက်တစ်စ ပိုမိုကာ နှေးကွေးလာတော့သည်။


နောက်ဆုံးတွင်မူ ယန်အန်းယု၏ အသင်းက ရှုံးနိမ့်သွားတော့သည်။ 


ရိုက်ကူးရေးတစ်ခုလုံး ပြီးစီးသွားပြီးနောက် ယန်အန်းယုက ထန်းရှောင်ကို သွားရှာကာ သီးသန့် တွေ့ဆုံခဲ့သည်။ 


“ဟေး .. မင်း ဒါလည်း တမင် လုပ်တာ မဟုတ်လား ...”


“မင်း အခုထိ မခန့်မှန်းမိသေးတာလား ...”


ယန်အန်းယုက သူ့မျက်နှာအစစ်အမှန်ကို သတိပြုမိနေပြီဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ထန်းရှောင်သည်လည်း ရှေ့ဆက်ကာ ငြင်းဆန်မနေတော့ချေ။ သူက ယန်အန်းယု၏ အနီးသို့ တိုးလာကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


“တစ်ချို့အရာတွေက နိုင်တာရှုံးတာထက်ပိုပြီး အရေးပါတယ်လေ ...”


ထန်းရှောင်၏ မျက်နှာက သူ့မျက်နှာနှင့် ထိကပ်လုမတတ်အထိ နီးနေပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါ ယန်အန်းယုက လက်ဆန့်ဟန့်တားကာ အေးစက်စွာဖြင့် ပြောလိုက်သည်။ 


“မစ္စတာထန် .. စကားပြောဖို့အတွက်နဲ့ကတော့ ဒီလောက်အထိ နီးကပ်လာစရာ မလိုပါဘူး ...”


ဆဌမမြောက်အပိုင်းကို ထုတ်လွှင့်ပြသသည့်အခါ ထိုအပိုင်းနှင့် ပတ်သက်၍ ကြည့်ရှုသူများ၏ တုန့်ပြန်ပုံမှာ မတူညီလှချေ။ အချို့က ထိုအပိုင်းမှာ ဟာသပြကွက်ဟူ၍လည်း များများစားစား မပါ၊ ဂိမ်းအစီအစဉ်များမှာလည်း နည်းပါးကာ အလွန် ပျင်းရိဖွယ်ကောင်းလှသည်ဟု ဆိုကြသည်။ သို့သော် ရိုက်ကူးရေးအဖွဲ့ကို ချီးကျူးကြသူများလည်း အများအပြား ရှိနေသေးပေသည်။ သူတို့က ရိုက်ကူးရေးအဖွဲ့ထံတွင် ပါဝင်သူများအား ပြဿနာပေးရန် မကုန်ဆုံးနိုင်သည့် လှည့်ကွက်များ အများအပြား ရှိနေကြသည်ဟု ချီးကျူးထောပနာ ပြုကြ၏။ “တည်ငြိမ်အေးဆေးသည့် ကိုယ်စိတ်နှစ်ပါး” concept အပေါ် ပရိသတ်၏ တုန့်ပြန်ချက်များမှာလည်း အကောင်းဘက်သို့သာ ဦးတည်နေပေသည်။ 


သို့သော် ထန်းရှောင်နှင့် ယန်အန်းယု၏ အကြားတွင် မရေမတွက်နိုင်လောက်အောင် များပြားလှသည့် အငြင်းပွားမှုများ ထွက်ပေါ်လာကာ နှစ်ဖက်ပရိသတ်များကလည်း သူတို့၏ အိုင်ဒေါအပေါ် အသည်းအသန် ချေပကာကွယ်ကြသည့်အတွက် ရန်ပွဲသည် တစ်စထက်တစ်စ ပိုမိုကာ ကြီးမားလာတော့သည်။ 


ယန်အန်းယု၏ ပရိသတ်များက ထန်းရှောင်သည် ဟန်ဆောင်ကောင်းလွန်းသည်ဟု ထင်မြင်ယူဆကြ၏။ သူ့ပုံရိပ်ကို ထိန်းချုပ်ရန်အလို့ငှာ ထန်းရှောင်သည် အစားပြိုင်ပွဲ၏ ပထမအပိုင်းတွင် တင့်တယ်ကြည့်ကောင်းသည့် ကိုယ်ဟန်ကို ထိန်းသိမ်းရင်း များစွာ အားစိုက်မထုတ်ဘဲ ယှဉ်ပြိုင်ခဲ့သည့်အတွက် ယန်အန်းယုကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့သည်။ 


ထန်းရှောင်၏ ပရိသတ်များကလည်း ထိုအဆိုပြုချက်ကို အသည်းအသန် ငြင်းဆန်ကြသည်။ *င်နာကြမ်းသည့် ပရိသတ်များမှာမူ သူတို့၏ “မင်းသားလေးရှောင်” အတွက် ပိုမိုကာပင် စိတ်ပူပန်လာကြရတော့၏။ သူတို့၏ မင်းသားလေးမှာ မည်သည့်အမှားမှ မလုပ်ပါကြောင်း သိသာရှင်းလင်းနေသည့်တိုင် သူစိမ်းများ၏ ထင်ရာမြင်ရာ ဝေဖန်ခြင်းကို ခံရသည့်အတွက် ခါးသီးနာကျင်မိလာကြတော့သည်။ 


ဟို ယန်အန်းယုကရော တအားကို မြန်မြန်ကြီး နာမည်ကြီးလာနိုင်လို့လား နာမည်ကြီးကျော်ကြားတာက ဒီလောက်တောင် ကြောက်ဖို့ကောင်းနေပြီလား ရေဆိုးတွေကို စိတ်တိုင်းကျ လျှောက်ပတ်မနေနဲ့ ဟီးဟီး .. ကိုယ့်ကိုယ်ကိုယ်လည်း အရမ်း အမြင့်ကြီးအထိ ရောက်အောင် တွန်းတင်မနေနဲ့ ...


တစ်ခါတစ်ရံတွင် ပန်းနုသွေးဟန်ဆောင်တတ်သူသည် အများ၏ ကရုဏာကို အလွယ်တကူ ရရှိနိုင်ပေရာ များမကြာမီတွင် ထန်းရှောင်အတွက် ကူပြောပေးမည့် ဖြတ်သွားဖြတ်လာများ ပေါ်ထွက်လာတော့၏။ သူတို့က ယန်အန်းယု၏ ပရိသတ်များကို ကျိုးကြောင်းဆီလျော်အောင် စဉ်းစားနိုင်စွမ်း ရှိသူများဟု ထင်ခဲ့မိသော်ငြား ယခုအခြေအနေအရမူ ထိုအုပ်စုမှာ တမင်တကာ ရန်လိုတတ်သူများလေလားဟုပင် တွေးစပြုမိလာတော့သည်ဟု ထုတ်ပြောလာကြ၏။ 


ယန်အန်းယုရဲ့ ပရိသတ်တွေက ပိုပိုပြီးကို အဆင့်မရှိတော့ဘူးနော် ...


ထိုသို့ဖြင့် ပရိသတ်အုပ်စုနှစ်ဖက်မှာ အပြန်အလှန် ဆဲဆိုကျိန်ဆဲရင်း တိုက်ပွဲအခြေအနေ ပိုမိုပြီး ပြင်းထန်လာကြတော့သည်။ များမကြာမီ မားကတ်တင်းအကောင့် အချို့ပါ ထိုရန်ပွဲတွင် ပါဝင်လာကာ ယန်အန်းယုနှင့် ထန်းရှောင်၏ ပရိသတ်များကို ခေါင်းချင်းဆိုင် ရန်တိုက်ပေးလိုက်ကြတော့သည်။ သူတို့က မြောက်များစွာသော ဓာတ်ပုံများနှင့်အတူ စာအရှည်ကြီးကို တင်ကာ ဖြစ်ပျက်ခဲ့သမျှ အခြေအနေ တစ်ခုလုံးကို ခြုံငုံသုံးသပ်ပြလိုက်ကြတော့သည်။ ထိုသုံးသပ်ချက်ထဲတွင် အမှားအမှန် ရောယှက်ပါဝင်နေသည့်အတွက် ဖတ်မိသူများ၏ စိတ်ကို အလွယ်တကူ ထွေပြားစေကာ အမှန်တရားကို မသိသည့် ဖြတ်သွားဖြတ်လာများအနေဖြင့် အလွယ်တကူ အထင်လွဲသွားနိုင်ပေသည်။ 


ထိုသို့ဖြင့် အစမှ အဆုံးအထိ ယန်အန်းယုကို လုံးဝဥဿုံ နှစ်သက်ခဲ့ခြင်း မရှိဖူးသူများကပါ ထိုရန်ပွဲသို့ ပါဝင်လာကြတော့သည်။ အချို့မှာ ဇွန်ဘီအကောင့်များ ဖြစ်ကြပြီး ကျန်အများစုမှာမူ ယွီစစ်ယွမ်၏ ပရိသတ်များ ဖြစ်ကြပေသည်။ 


ယွီစစ်ယွမ်အကြောင်း ပြောရပါလျှင် .. ပွဲဦးမထွက်ရသေးသည့် ယန်အန်းယု၏ “စတန့်သမား မောင်ငယ်လေး” ဟူသော အကြောင်းအရာကပင်လျှင် နှစ်ဖက်ပရိသတ်များအဖို့ ပြောစရာ တပုံတပင် ရှိနှင့်နေပြီး ဖြစ်ပေသည်။ နောက်ပိုင်းတွင်လည်း အမျိုးမျိုးသော ကိစ္စများစွာ ထပ်မံဖြစ်ပွားခဲ့သေးရာ နှစ်ဖက်ပရိသတ်များအကြားတွင် အစိုင်အခဲများ ဆက်တိုက်စုပုံလာတော့သည်။


ထို့အပြင် နှစ်ဖက်စလုံးတွင် လျှာစောင်းထက်သည့် ပရိသတ်များကို အသီးသီး ပိုင်ဆိုင်ထားကြသေးပေသည်။ စိတ်နှလုံးကို အေးချမ်းအောင် မထိန်းထားနိုင်ကြတော့သည့်အတွက် သူတို့သည် နာမည်ကြီးနေသည့် သတင်းနှင့် ပတ်သက်၍ အကောင်းဘက်သို့ ကူးပြောင်းသွားရန် အစွမ်းကုန် ကြိုးစားကြတော့သည်။ 


တစ်ရက်ကြာပြီးနောက် .. ထန်းရှောင်သည် သူနှင့် ယန်အန်းယုတို့ ဘေးချင်းယှဉ်လျက် ရပ်ကာ ကင်မရာကိုကြည့်ရင်း ပြုံးနေသည့် ဓာတ်ပုံတစ်ပုံကို တင်လိုက်သည်။ လေထုမှာ အလွန် သဟဇာတ ဖြစ်လှသည့်အပြင် သူက ခေါင်းစဉ်စာသားတစ်ခုကိုပါ ထပ်မံပေါင်းထည့်ထားသေး၏။ 


[ ထန်းရှောင် V : အရမ်းကို သစ္စာရှိပြီး ရယ်လည်းရယ်ရတဲ့ ညီငယ်လေး ရှောင်ယုနဲ့ ... သူ့ရဲ့ကာရိုက်တာက အရမ်းကို ထူးခြားတာပဲ ဟိုးအစောကြီးကတည်းက ရင်းနှီးခဲ့ရရင် သိပ်ကောင်းမှာပဲလို့တောင် တွေးမိတယ်]


ပြဿနာတစ်ရပ်လုံး၏  အဓိကဇာတ်လိုက်နှစ်ဦးအနက် တစ်ဦးထံမှ အသံထွက်လာပြီ ဖြစ်သည့်အတွက် ထန်းရှောင်၏ ပရိသတ်များသည်လည်း သိသိသာသာ ငြိမ်သက်သွားကြတော့သည်။ လွန်လွန်ကြူးကြူး ဖြစ်လွန်းသည့် အသေခံပရိသတ်များနှင့် မှတ်ချက်များကို ရေးထားနှင့်ပြီး ဖြစ်သည့် စိတ်လက်တစ်ဆစ် ပရိသတ်အုပ်စုမှအပ ကျန်သူများသည် သူတို့နှစ်ဦးမှာ သူငယ်ချင်းကောင်းများ ဖြစ်ကြသည်ဟု ယူဆလိုက်ကြကာ ပြဿနာကို ရှေ့မဆက်တော့ဘဲ သူငယ်ချင်းသံယောဇဉ်ကို ချီးကျူးဆုမွန်ကောင်းပေးခြင်းများကိုသာ ပြောင်းလဲလိုက်ကြတော့သည်။ 


ဖြစ်ပျက်သမျှ အလုံးစုံကို တိတ်တဆိတ် စောင့်ကြည့်နေသည့် ယီချန်းယန်က .. ထို လူသစ်လေး ထန်းရှောင်မှာ လွန်စွာ အကြံကြီးလွန်းလှသည်ဟု တိတ်တဆိတ် မှတ်ချက်ပြုလိုက်မိတော့သည်။ 


သူသည် “Challenge First Time” ၏ အပိုင်းခြောက်ကို ကြည့်ရှုခဲ့ပြီးဖြစ်ကာ ယန်အန်းယုနှင့် ထန်းရှောင်တို့ ပါတနာအဖြစ် ပူးတွဲကာ မစ်ရှင်လုပ်ရသည့် အပိုင်းများကိုလည်း ကြိမ်ဖန်များစွာ ဂရုတစိုက် ကြည့်ရှုခဲ့ပြီး ဖြစ်သည်။ ရိုက်ကူးပြီးနောက်ပိုင်း တည်းဖြတ်သည့် အဆင့်၌ ပရိုဂရမ်အဖွဲ့က ထင်ယောင်ထင်မှားဖြစ်ဖွယ် အခြေအနေမျိုး ဖြစ်နေအောင် တမင်တကာ အသေးစိတ်ကျကျ တည်းဖြတ်ထားသည့်တိုင် ယီချန်းယန်ကမူ ဟာကွက်များကို မြင်နေရပေသည်။ 


ပရိသတ်များအကြား ရန်ပွဲမှ စတင်ကာ ယန်အန်းယုနှင့် ပတ်သက်သည့် အကြောင်းအရာများ နာမည်ကြီးသွားပြီး ထိုမှတစ်ဆင့်  ထန်းရှောင်၏ အမည်ကိုပါ အားလုံးနီးပါး သိရှိသွားကြခြင်း၏ .. လက်သည်တရားခံမှာ ထန်းရှောင်သာ ဖြစ်ပေသည်။ သူ့ကို ပိုမိုပြီး လူသိများလာစေရန်အတွက် တမင်တကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ 


“Challenge First Time” ကို ထုတ်လွှင့်ပြသပြီးနောက် ... ထန်းရှောင်သည် ရသစုံရှိုးနှင့် ပတ်သက်၍ များစွာ ပါရမီ မပါသည့်အတွက် ရယ်စရာ ဟာသပြကွက်ဟူ၍ များများစားစား မပါရှိခဲ့ချေ။ ဦးတည်လမ်းညွှန်ချက်များနှင့် ပတ်သက်၍ ညံ့ဖျင်းသည်ဟူသည့် အချက်မှအပ ပြီးခဲ့သည့် အပိုင်းများအတွင်း ပရိသတ်များထံမှ သူနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုမှုများ များများစားစား မရှိခဲ့ပေ။ သို့သော် ယန်အန်းယုကမူ ကြည့်ရှုသူအားလုံးအား မျက်လုံးအစုံတို့ ပြူးကျယ်လာသည်အထိပင် အံ့ဩမင်သက်စေသည့်အတွက် ပရိသတ်၏ စိတ်ဝင်စားမှုကို အစုလိုက်အပြုံလိုက် လက်ခံခဲ့ရသည်။ 


ထန်းရှောင်သည် ချင်နွော်ရှီနှင့် မတူ၊ သူ့စိတ်အာရုံအလုံးစုံကို သီချင်းဆိုသည့် နယ်ပယ်တစ်ခုထဲ၌ နစ်မြှုပ်မထားနိုင်သူ ဖြစ်သည်။ ထိုသူ့ထံတွင် ပြင်းပြသည့် ရည်မှန်းချက်များ ရှိနေကာ ထိုရည်မှန်းချက် ပြည့်ဝအောင် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုမည်ဖြစ်ကြောင်း ယီချန်းယန်အနေဖြင့် သိသိသာသာ မြင်နေရပေသည်။ 


ထန်းရှောင်နှင့် ယန်အန်းယုတို့၏ နှစ်ယောက်တွဲဓာတ်ပုံကို စိုက်ကြည့်ရင်း ယီချန်းယန်၏ အကြည့်တို့မှာ ပိုမို၍ပင် အေးစက်လာတော့သည်။ 


“ချန်းယန် ...”


အိပ်ခန်းထဲမှ ယန်အန်းယု၏ အသံကို ကြားလိုက်ရသည့်အတွက် ယီချန်းယန်သည် ချက်ခြင်းဆိုသလိုပင် စာကြည့်ခန်းထဲမှ ထွက်လာလိုက်တော့သည်။ 


“နိုးလာပြီလား ...”


ယန်အန်းယုက အိပ်ယာထဲတွင် လှဲနေဆဲပင်။ ယီချန်းယန်က အနားသို့ တိုးသွားကာ သူ့မျက်နှာလေးကို ခပ်ဖွဖွ ပွတ်သပ်လိုက်၏။ 


ပြီးခဲ့သည့်ညက ယန်အန်းယုသည် သူ့နေရာသို့ ရောက်လာခဲ့သည်။ နှစ်ဦးလုံးမှာ တစ်ဦးနှင့်တစ်ဦး အလွန်အမင်း လွမ်းဆွတ်နေခဲ့ကြသည့်အပြင် တစ်ပတ်နီးပါးခန့်လည်း ခွဲခွါခဲ့ကြရသည့်အတွက် ... ပွေ့ဖက်နမ်းရှိုက်သည့် အဆင့်မှသည် အိပ်ယာထက်စီသို့ ကူးပြောင်းသွားကာ မိုးသောက်ရောင်ခြည် ထွက်ပေါ်လာမှပင် အနားယူနိုင်ကြတော့သည်။ ယန်အန်းယုမှာ အလွန်အမင်း ပင်ပန်းခဲ့ရသည့်အတွက် နေ့လည်ခင်းအထိ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့တော့သည်။ 


“အင်း ...”


သူ့အသံမှာ အိပ်ချင်မူးတူး ဖြစ်နေဆဲပင်။ 


“ချန်းယန် ကျွန်တော်တော့လေ ပိုပိုပြီးကို အပျင်းကြီးလာသလိုပဲ ဘယ်လိုလုပ်ရမလဲ ...”


“ဟမ် ...”


ယီချန်းယန်က သူ့စကားကို နားမလည်။ 


“ဟိုးအရင်ကဆို ကျွန်တော်က အရမ်းကို ဝီရိယရှိတာနော် မနက်ဆို အစောကြီးကတည်းက တစ်ပတ်လောက် ပြေးပြီးနေပြီ ဒါပေမယ့် အခုကျလေ တအားကို ဇိမ်ခံချင်ပြီး ပျင်းလာတာ အထူးသဖြင့် ခင်ဗျားနဲ့ ရှိနေရင် ပိုတောင် ဆိုးသေးတယ် ...”


ယန်အန်းယုက သူ့ကို စိုက်ကြည့်ကာ တစ်ခွန်းချင်း ပြောလိုက်သည်။


“ခင်ဗျားကိုပဲ တစ်ချိန်လုံး ကြည့်နေချင် ဖက်နေချင်နေတော့တာ ပြီးတော့ ဘာစားစား ခင်ဗျားခွံ့ကျွေးမှ စားချင်နေတာ .. ချန်းယန် ကျွန်တော်တော့လေ ပုံပျက်ပန်းပျက်ဖြစ်အောင် ဝတုတ်နေတဲ့ ငါးဆားနူလေး ဖြစ်တော့မယ် ထင်တယ် .. ဘယ်လိုလုပ်ရမလဲ ...”


ထိုစကားကို ကြားသည့်အခါ ယီချန်းယန်မှာ သိသိသာသာပင် ပြုံးရယ်မိသွားတော့သည်။ ထို့နောက် သူက ယန်အန်းယု၏ နှုတ်ခမ်းများကို အသာလေး ငုံ့ကာ ကိုက်လိုက်၏။ 


“ကိစ္စမရှိဘူး အခုထက်ပိုပြီး ပျင်းနေချင်လည်း ရတယ် ဘာပဲဖြစ်ဖြစ် ကိုယ်က မင်းကို အမြဲတမ်း အလိုလိုက်ပေးနေမှာ ...”



👥️