Chapter 41
Viewers 7k

👥️Chapter 41




ဒီတစ်ယောက် ..  သူ ဘာတွေများ ဒီလောက်အထိ စိတ်ဝင်တစား ကြည့်နေတာလဲ ... 


လီယဲ့က သိလိုစိတ်အပြည့်ဖြင့် အနားသို့တိုးကာ ကြည့်လိုက်သည့်အခါ ယီချန်းယန်သည် "ယန်ယု" bar သို့ ဝင်ကြည့်ကာ သူနှင့် ယန်အန်းယု၏ fanfiction များကို အားတက်သရော ဖတ်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရတော့သည်။ 


"အထက်ပုဂ္ဂိုလ်မင်းသားနဲ့ အောက်ပုဂ္ဂိုလ် သူခိုးလေး(ကွက်ကွက်ကွင်းကွင်း ကားခန်းအပြည့်)" ဟူသော ခေါင်းစဉ်ကို တွေ့လိုက်ရသောအခါ လီယဲ့သည် သူ့အကြည့်သူပင် မယုံနိုင်၊ ကြောင်အသွားရရှာပြီး ယီချန်းယန်ကို စုန်ချည်ဆန်ချည် အကဲခတ်မိလိုက်သည်။ 


"မင်း ဘယ်ကတည်းက ဝတ္ထုဖတ်ရတာကို ကြိုက်သွားတာလဲ ..." 


လီယဲ့က မျက်နှာတစ်ခုလုံး သုန်မှုန်လျက် မေးလိုက်သည်။ သူ၏ မှတ်ဉာဏ်ထဲ၌ ယီချန်းယန်ထံတွင် ထိုသို့သော ဝါသနာမျိုး ရှိမနေချေ။ 


"အခုတလောမှပါ ..." 


"..." 


လီယဲ့၏ မျက်ခုံးတို့ တွန့်လိမ်သွားတော့၏။ 


ရုပ်ရှင်ဧကရာဇ်က စိတ်နေစိတ်ထား အေးစက်လာပြီးနောက်ပိုင်း ကလေးပါ ဆန်လာပြီလားဟ ... 


ထိုနေ့တွင် ယီချန်းယန်က ကျန်းကျီချမ်ကို ဖုန်းစခေါ်ကာ အကူအညီ တောင်းလိုက်သည်။ 


"ငါ ငါ နားကြားမှားတာတော့ မဟုတ်ပါဘူးနော် ရှောင်ယန်ယန် မင်း တကယ်ကြီး သီချင်း ပြန်ရေးတော့မလို့လား ..." 


သူက မင်သက်အံ့ဩစွာဖြင့် မေးလိုက်သည်။ 


"မင်း တကယ်ကြီး ရုပ်ရှင်မရိုက်ဘဲ နောက်တစ်ကြိမ် သီချင်းပြန်ဆိုမလို့ ပြင်ဆင်နေတာလား ငါ့ကို အဖော်ပြုဖို့ ဂီ‌တလောကကို ပြန်ဝင်လာတော့မှာပေါ့ အရမ်းကို စိတ်လှုပ်ရှားမိသွားပြီ အဲဒါကြောင့် ပြောပါတယ် မင်းက ငါ့ကို ဂရုစိုက်နေတုန်းပါဆို ..  ငါတို့ ..." 


"မင်း အတွေးလွန်နေပြီ ..." 


သူက ကျန်းကျီချမ်၏ စိတ်ကူးယဉ်အတွေးကို ရက်စက်စွာဖြင့် ဖျက်ဆီးလိုက်သည်။ 


"...." 


"ဘာလဲ ငါ့ကို တစ်မိနစ်လောက်တောင် စိတ်ကူးယဉ်ခွင့် မပေးနိုင်ဘူးလား ချန်းယန် ဒါဆို မင်း ဘာအတွက် လုပ်တာလဲ ဘယ်သူ့အတွက်လဲ ..."


ကျန်းကျီချမ်သည် ယီချန်းယန်၏ အဖြေအပေါ် အလွန် သိလိုစိတ် ပြင်းပြနေသော်ငြား တစ်ဖက်လူကမူ တစ်ခွန်းတည်းသာ ပြန်ဖြေခဲ့သည်။ 


“လျှို့ဝှက်ချက် ...”


တစ်ချို့လူတွေက တကယ်ကို ဉာဏ်ကောင်းတယ် ဆိုပေမယ့် တစ်ချို့နေရာတွေမှာကျတော့လည်း တော်တော်ကို နှေးတာပဲ ကြည့်ရတာ လူက ငယ်လည်းငယ် တော်တော်လေးလည်း ဖြူစင်ရိုးသားတော့ တစ်ခါမှ အချစ်နဲ့ မထိတွေ့ခဲ့ဖူးလို့ ထင်တယ် ...


လျှို့ဝှက်ချက်လား ...


ကျန်းကျီချမ်ကလည်း ပြောစရာစကား ကင်းမဲ့သွား၏။ သူတို့နှစ်ဦး သူငယ်ချင်း ဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်ငြား ယီချန်းယန်၏ မည်သည့်အရာကိုမှ အရေးမစိုက်တတ်သည့် သဘောထားကြောင့် ထိုသူထံတွင် လျှို့ဝှက်ထားသည့် ကိစ္စများ အများအပြား ရှိနေလိမ့်မည်ဟု အမြဲလိုလို ခံစားမိနေခဲ့သည်။ 


“ကျန်းကျီချမ် ... မင်းရဲ့ အချိန်တွေကို ငါ့အပေါ်မှာပဲ အလကား ဖြုန်းတီးမနေနဲ့ မင်းအတွက်မင်းပဲ စဉ်းစားတော့ ...”


ကျန်းကျီချမ်က ကြောင်အသွား၏။ ယီချန်းယန်၏ လေသံကို နားထောင်ရင်း သူသည် တစ်စုံတစ်ခုကို သဘောပေါက်သွားတော့သည်။


“မင်းစိတ်ထဲကလို ပုံစံနဲ့လူကို ရှာတွေ့သွားပြီလား ..."


သူက အလေးအနက် မေးလိုက်၏။ သူ့အသံထဲတွင် ကူကယ်ရာမဲ့မှုများလည်း အနည်းငယ် ရောစွက်နေပေသည်။ 


ယီချန်းယန်က ပြန်မဖြေ။ သို့သော် ငြင်းဆန်ခြင်း ကင်းမဲ့နေခြင်းကပင်လျှင် အဖြေတစ်ခု ဖြစ်နှင့်ပြီး ဖြစ်ပေသည်။ 


“ကောင်းပါတယ် ...”


ကျန်းကျီချမ်က ဟန်ဆောင်ရယ်သံတစ်ခု ထုတ်လွှတ်လိုက်သည်။ 


“ငါလည်း မင်း ဘာလို့ သီချင်းရေးချင်စိတ်တွေ နောက်တစ်ကြိမ် ထပ်ဖြစ်လာရလဲဆိုတာကို အနည်းနဲ့ အများတော့ ခန့်မှန်းမိပြီးသားပါ ကိစ္စမရှိပါဘူး ငါတို့က သူငယ်ချင်းတွေပဲဟာ သေချာပေါက် ကူညီပေးရမှာပေါ့ ...”


ဤနှစ်များအတွင်း ယီချန်းယန်သည် သူ့ကို အလားတူ အကြံပေးစကားများအား အကြိမ်ပေါင်းများစွာ ပြောခဲ့ဖူးသည်။ သို့သော် လူတစ်ဦး၏ စွဲလမ်းမှုဟူသည်မှာ စွန့်လွှတ်ရန် အခက်ခဲဆုံးအရာ ဖြစ်ပေသည်။ 


ယခင်က သူသည် ကျန်းကျီချမ်အား သူ၏ လက်ထပ်မှုအကြောင်းကို အသိမပေးခဲ့။ အကြောင်းမှာ ယန်အန်းယုကို တစ်သက်လုံး ဆွဲမထားနိုင်၊ အနှေးနှင့်အမြန် ကွာရှင်းကြရလိမ့်မည်ဟု တစ်ထစ်ချ တွေးထားမိ၍ ဖြစ်သည်။ 


သို့သော် ယခုမူ သူသည် ဤ “ယန်အန်းယု” ၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားချင်တော့၏။ 


“ကျေးဇူးပါ ကျီချမ် ...”


ယီချန်းယန်သည် သူ၏ ကျေးဇူးတင်စိတ်ကိုသာ ဖော်ထုတ်ပြသလိုက်၏။ အခြား လိုအပ်သည်ထက် ပိုမိုသည့် ခံစားချက်များကိုမူ သူ့ဘက်မှ ပေးနိုင်ခြင်း မရှိသလို ပေးလိုသည့် ဆန္ဒလည်း မရှိပေ။ 


ရိုက်ကွင်းဓာတ်ပုံများကြောင့် "ယန်ယု" couple သည် အင်တာနက်ပေါ်တွင် နှစ်ရက်ဆက်တိုက် နာမည်ကြီးနေခဲ့သည်။ ထို့နောက်တွင်မူ CP fan အများစုသည် တစ်ဖြည်းဖြည်း ပြန်လည်ငြိမ်သက်သွားကြတော့သည်။ သို့သော် အများစုကမူ အလွန် စိတ်ကူးဆန်ကာ “နှစ်ကိုယ်တည်းဆို စနောက်ကျီစယ် ရင်းနှီးပူးကပ်နေပေမယ့် လူရှေ့သူရှေ့မှာဆိုရင်တော့ လူအမြင်တင့်အောင် နေတယ်” ဟူသော စည်းမျဉ်းကို လက်ကိုင်ထားကြဆဲ ဖြစ်ပေသည်။ 


ယီချန်းယန်သည် ဟော်တယ်ထဲ၌ တစ်နေကုန် အချိန်ဖြုန်းနေစဉ် ယန်အန်းယုဘက်မှ သူ့ကို ဦးစွာ လာရှာခဲ့သည်။ 


လင်ခင်ပွန်းနှစ်ဦးအကြားတွင် အရေးတကြီး ဆွေးနွေးစရာများစွာ ရှိနေသည့်အလျောက် ထန်းကော်၊ လီယဲ့နှင့် အခြားသူများသည် အခန်းထဲမှ ခပ်သုတ်သုတ် ထွက်သွားကာ သူတို့နှစ်ဦး အေးအေးဆေးဆေး စကားပြောနိုင်ရန် ဖယ်ပေးလိုက်ကြသည်။ 


လက်နှစ်ဖက်ကို ပေါင်ပေါ် တင်ထားကာ အနည်းငယ် စိတ်ဖိစီးနေဟန်ဖြင့် မျက်နှာချင်းဆိုင်ခုံတွင် ထိုင်နေသည့် ယန်အန်းယုကို စိုက်ကြည့်ရင်း ယီချန်းယန်၏ အကြည့်တို့ တစ်ဖြည်းဖြည်း နက်မှောင်လာတော့သည်။ စင်စစ်အားဖြင့် ယန်အန်းယုသည် ဤကဲ့သို့ ယဉ်ကျေးနေရန် မလို၊ သူ့ဘေးတွင် ကပ်လျက်ပင် ထိုင်၍ ရပေသည်။ 


“ကိုယ့်ကို အရေးတကြီး ပြောစရာ ရှိနေလို့လား ...”


“အင်း ...”


ယန်အန်းယု၏ အမြဲလိုလို နက်မှောင်တောက်ပကာ ကြည်လင်သန့်စင်နေသည့် မျက်ဝန်းများမှာ လျစ်လျူရှုထားရန် ခဲယဉ်းလှကာ ကာယကံရှင် ကိုယ်တိုင်ပင် မသိပါဘဲ သူ့ကို ဆွဲဆောင်နေပေသည်။ 


“ဘာကို ဆွေးနွေးချင်တာလဲ ...”


ယီချန်းယန်၏ နှုတ်ခမ်းထောင့်စွန်းတို့ မသိမသာ ကော့တက်သွားကာ သူ့စိတ်ထဲတွင်လည်း တစ်ခုခုကို မျှော်လင့်နေမိခဲ့သည်။ 


ယန်အန်းယုက စိတ်လှုပ်ရှားနေဟန်ဖြင့် လက်သီးကို ကျစ်ကျစ်ဆုပ်ကာ အသက်ကို ပြင်းပြင်းရှူ၍ ပြောလိုက်သည်။ 


“ယီချန်းယန် ... ရိုက်ကူးရေး ပြီးသွားရင် ကွာရှင်းကြရအောင် ...”


ကွာရှင်းမယ် ??? 


ယီချန်းယန်၏ မျက်နှာထက်ရှိ အပြုံးများ တစ်မဟုတ်ချင်း ပျောက်ဆုံးသွားကာ မျက်နှာအမူအယာမှာလည်း သိသိသာသာ ပျက်ယွင်းသွားတော့သည်။ 


“တောင်းပန်ပါတယ် နည်းနည်း ရုတ်တရက် ဆန်လွန်းသွားတယ်ဆိုတာ သိပေမယ့် ဒီလိုကိစ္စမျိုးက အချိန်ဆွဲထားရင် ကျွန်တော်တို့ နှစ်ယောက်လုံးအတွက် မကောင်းဘူးလေ အနှေးနဲ့အမြန် ဒီပြဿနာကို ရင်ဆိုင်ဖြေရှင်းရမှာပဲ မဟုတ်လား ...”


ယန်အန်းယုက အားတင်းကာ ဆက်ပြောလိုက်သည်။ စကားတစ်ခွန်းမှ မပြောတော့ဘဲ အေးစက်သည့် အငွေ့အသက်များကို ထုတ်လွှင့်ရင်း ထိုင်နေသူကြောင့် အစပိုင်းတွင် အနည်းငယ် မသက်မသာ ဖြစ်မိသွားသော်ငြား သူ၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန် အကောင်းဆုံး ကြိုးစားနိုင်ခဲ့ပေသည်။ 


ဤလက်ထပ်မှုမှာ မူလကိုယ်နှင့် ယီချန်းယန်တို့ ဆုံးဖြတ်ခဲ့သည့်အရာ ဖြစ်သည်။ ထိုလက်ထပ်မှု၏ နောက်ကွယ်တွင် အခြားသော ရည်ရွယ်ချက်များ ပါဝင်နေခြင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ဤထိမ်းမြားမှု၌ အမှန်တကယ် နစ်နာရသူမှာ မည်သူပင် ဖြစ်နေပါစေ ယန်အန်းယုသည် ယီချန်းယန်အား ဤသို့သော နည်းလမ်းမျိုးကို သုံး၍ သူ့အနား၌ ထာဝရ ရှိနေအောင် အတင်းအကြပ် ချည်နှောင်မထားလိုတော့ချေ။ 


သူစိမ်းများကဲ့သို့ ဖြစ်နေသော ပထမဆုံး တွေ့ဆုံမှုမှသည် အတူတူ ထမင်းစား စကားလက်ဆုံကျကာ ရံဖန်ရံခါတွင် စစ်တုရင်ထိုးပြီး  ရုပ်ရှင်တစ်ခုထဲ၌ အတူတူ သရုပ်ဆောင်ကြသည်အထိ ရင်းနှီးခဲ့ကြသည့် ကာလတစ်လျှောက် .. ယန်အန်းယုသည် ကိစ္စတစ်ခုချင်း၊ အမှတ်တရ တစ်ခုချင်းစီတိုင်းအတွက် လွန်စွာ ပျော်ရွှင်ခဲ့ရကာ ထိုမျှနှင့်ပင် တင်းတိမ်နိုင်နေပြီ ဖြစ်ပေသည်။ 


“...”


ယီချန်းယန်ကမူ စကား တစ်ခွန်းမှ ပြောမလာသေးချေ။ 


ယန်အန်းယုက သူ၏ တုန့်ပြန်စကားကို တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။ အခန်းတစ်ခုလုံး အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ယီချန်းယန်ထံမှ စကားသံ ထွက်ပေါ်လာတော့သည်။ 


“နှစ်သစ်ကူးနေ့ညတုန်းက .. မင်း အခုကနေစပြီး ငါ့ကို အဖော်ပြုပေးပါ့မယ်လို့ ပြောခဲ့တယ် မဟုတ်လား ...”


“အင်း ... ကျွန်တော် ပြောခဲ့တယ် ...”


ယန်အန်းယုက အနည်းငယ် နားဝေတိမ်တောင် ဖြစ်သွားကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ 


“အခုလည်း ကျွန်တော်တို့က သူငယ်ချင်းတွေပဲ မဟုတ်ဘူးလား အနာဂတ်မှာလည်း ဒီအတိုင်းပဲ ဆက်ရှိသွားလို့ ရတယ်လေ နှစ်ယောက်လုံး အားတဲ့အချိန်ဆို ကျွန်တော်တို့တွေ ...”


“နားလည်ပြီ .. ကျေးဇူးပြုပြီး အရင် ထွက်သွားပေးပါ ...”


သူ့ဘက်မှ တန်ပြန်စကားသံကိုပင် မစောင့်တော့ဘဲ ယီချ်းယန်သည် ချက်ခြင်း မတ်တပ်ထရပ်ကာ သူ့ကို နောက်ကျောပေးထားလိုက်သည်။ 


“.. အိုကေ .. နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် ...”


သူ ပြောလိုသည်များကို ပြောခဲ့ပြီးသည့်နောက် ယန်အန်းယုသည် အခန်းထဲမှ ထွက်လာလိုက်တော့သည်။ သူက ယီချန်းယန်သည် ဒေါသထွက်သွားခဲ့ခြင်း ဖြစ်သည်ဟု ခံစားမိနေ၏။ အကြောင်းပြချက်ကိုမူ .. သူသည် ရှေ့ဆက်ပြီး မတွေးရဲတော့ချေ။ 


ယီချန်းယန်ကလည်း အများကြီး အတွေးမလွန်ဖို့ မှာထားခဲ့ဖူးတယ်လေ ...


နောက်ရက်များတွင် သူသည် ယီချန်းယန်ကို ရိုက်ကွင်း၌ မတွေ့ရတော့ချေ။ 


စုံစမ်းကြည့်လိုက်သည့်အခါမှ ဒါရိုက်တာချူထံမှ တစ်ဆင့် ယီချန်းယန်သည် နေထိုင်မကောင်း ဖြစ်နေ၍ဟုဆိုကာာ လီယဲ့မှတစ်ဆင့် ခွင့်တိုင်ထားကြောင်း သိလိုက်ရသည်။ သူ့တွင် ရိုက်ကူးစရာ အပိုင်းဟူ၍ များများစားစား မရှိတော့သည့်အပြင် ဤပထမအတွဲအတွက် သူ ရိုက်ကူးရန် လိုအပ်သည့် အရေးကြီး အခန်းများမှာလည်း အားလုံးနီးပါး ရိုက်ကူးပြီးစီးသွားပြီ ဖြစ်သည့်အတွက် ရှောင်တခင် ခွင့်ယူသည့်တိုင် ရိုက်ကူးရေးလုပ်ငန်းစဉ်အပေါ် အကျိုးသက်ရောက်စေလိမ့်မည် မဟုတ်ချေ။ 


သို့သော် ယန်အန်းယုကမူ အနည်းငယ် စိတ်ပူမိနေဆဲပင်။ သူက ဖုန်းကို ထုတ်ကာ ယီချန်းယန်၏ ဖုန်းနံပါတ်ကို ကြာမြင့်စွာ စိုက်ကြည့်နေလိုက်၏။ တစ်ဖက်လူကို ဖုန်းခေါ်ရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သော်ငြား ခေါ်မည်ပြုလေတိုင်း တုန့်ဆိုင်းသွားတတ်သည့်အတွက် စာတစ်စောင်သာ ပို့လိုက်တော့သည်။ 


[ ခင်ဗျားကို ဒေါသထွက်အောင် လုပ်မိခဲ့ရင် တောင်းပန်ပါတယ် .. ပြီးတော့ ကောင်းကောင်း အနားယူပါ  ]


ထိုသို့ဖြင့် နောက်ထပ် တစ်ပတ်တာကို လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တော့သည်။ ခက်ခဲပင်ပန်းဖွယ် ရိုက်ကူးရေးကို တစ်ပတ်လုံးလုံး ဆောင်ရွက်ခဲ့ပြီးနောက် “သောင်ရှင်း” ရိုက်ကူးရေးအဖွဲ့သည် ရက်သတ္တပတ်အသစ်ကို ကြိုဆိုလိုက်ကြသည်။ 


ဒါရိုက်တာချူသည် ရိုက်ကွင်းအချိန်ဇယားကို သရုပ်ဆောင်များ၏ အခြေအနေအပေါ် မူတည်၍ ရေးဆွဲထားခြင်း ဖြစ်ကာ ဇာတ်သိမ်းပိုင်း အနမ်းခန်းကို ဤတစ်ပတ်အတွင်း အပြီးသတ် ရိုက်ကူးရန် ဆုံးဖြတ်လိုက်သည်။ သူက ရိုက်ကူးရေး မစမီ အဓိကဇာတ်လိုက်နှစ်ဦးလုံးအား ခေါ်ယူ၍ မေးမြန်းခဲ့ပြီး ယန်အန်းယုနှင့် စုချင်ကျားတို့ နှစ်ဦးလုံးက သဘောတူညီခဲ့ကြသည်။ 


“သောင်ရှင်း” ၏ မူရင်းဝတ္ထုအား ဖတ်ထားကြသူများကမူ ဇာတ်လမ်း၏ တတိယတွဲသည် အလွန် စိတ်နှလုံး ကြေကွဲဖွယ် ဇာတ်ကြောင်းဖြစ်သည့်တိုင် လှပသည့် ပျော်ရွှင်ဖွယ် ဇာတ်ပေါင်းခန်းဖြင့် အဆုံးသတ်ထားကြောင်း သိထားကြပေသည်။ ထို့ကြောင့် အဓိကဇာတ်လိုက်နှစ်ဦးအနေဖြင့် ချိုမြိန်စွာ အနမ်းဖလှယ်သည့် အခန်းကို မဖြစ်မနေ ရိုက်ကူးကြရမည် ဖြစ်ပေသည်။


တရားဝင်ဝဘ်ဆိုဒ်က ဤသည်မှာ ယန်အန်းယု၏ ပထမဆုံး သရုပ်ဆောင်အနမ်း ဖြစ်သည်ဟု ထုတ်ပြန်ကြေငြာခဲ့သည့်တိုင် အမှန်တရားမှာမူ ထိုအတိုင်း မဟုတ်ချေ။ ယန်အန်းယု၏ ပုံစံမှာ အချစ်နှင့် တစ်ကြိမ်တစ်ခါပင် ထိတွေ့ဖူးခြင်း မရှိသည့် လူတစ်ယောက်ဖြစ်ကြောင်း ဒါရိုက်တာချူအနေဖြင့် တပ်အပ် ပြောနိုင်နေရာ သူသည် လူငယ်လေးအနေဖြင့် သဘာဝကျကျ သရုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း သဘောပေါက်ထားပြီး ဖြစ်ပေသည်။ ထို့ကြောင့် သူသည် ရလဒ်ကို စစ်ဆေးရန်အတွက် အနမ်းခန်းအား အစမ်း သရုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ 


တိုက်ဆိုင်စွာဖြင့် ထိုအနမ်းခန်း ရိုက်ကူးရမည့် နေ့မှာပင် ယီချန်းယန်လည်း ရိုက်ကွင်းသို့ ပြန်လည်ကာ ရောက်ရှိလာခဲ့သည်။ ဤသည်မှာ ယန်အန်းယု မဖြစ်ချင်ဆုံး အနေအထားတစ်ခုလည်း ဖြစ်ပေသည်။ 


ဘာလို့ ယီချန်းယန်က ဒီနေ့ ပြန်လာဖို့ကိုပဲ ခေါင်းမာမာနဲ့ ရွေးခဲ့ရတာလဲ ...


သူက လက်ကို ဝှေ့ယမ်းကာ ယီချန်းယန်နှင့် လီယဲ့ကို နှုတ်ဆက်လိုက်သည်။ 


လီယဲ့က ပြန်ပြုံးပြလိုက်သော်ငြား ယီချန်းယန်ကမူ မလှုပ်မယှက် ရပ်နေကာ သူ့အမူအယာမှာ ပို၍ပင် အေးစက်တင်းမာသွားတော့သည်။ 


ထို့ကြောင့် ယန်အန်းယု၏  အပြုံးများ တောင့်တင်းသွားကာ နှလုံးသားတစ်ခုလုံး အေးခဲသွားရ၏။ 


ရိုက်ကွင်းနေရာ၌ ...


ကင်မရာထဲ၌ .. စုချင်ကျားနှင့် ယန်အန်းယုတို့သည် နှာခေါင်းချင်း ထိကပ်လုမတတ် အနေအထားအထိ တိုးကပ်လိုက်ကြကာ .. နှာထိပ်ဖျားချင်း ထိလုဆဲဆဲတွင် .. ယန်အန်းယုသည် စိတ်တည်ငြိမ်မှု ပျောက်ဆုံးသွားပြီး မျက်နှာလွှဲမိသွားတော့သည်။ 


“ရှောင်ယု ဘာတွေ ဖြစ်နေတာလဲ မင်းကို ကြည့်ရတာ စိတ်အခြေအနေ မကောင်းသလိုပဲ ...”


ဒါရိုက်တာချူက မျက်မှောင်တို့ကို ကျုံ့ထားလျက် မေးလိုက်သည်။ 


ယန်အန်းယုရဲ့ သရုပ်ဆောင်စွမ်းရည်တွေက တော်တော်လေးကို ကျဆင်းသွားပြီး ပုံမှန်အနေအထားကိုတောင် ထိန်းမထားနိုင်တော့ဘူး ...


“ဟုတ်တယ် နင့်ပုံစံက မသိရင် ငါက အတင်းအဓမ္မ အနိုင်ကျင့်နေတဲ့ အတိုင်းပဲ ...”


စုချင်ကျားကလည်း သူ့ပုခုံးကို ပုတ်ကာ စိတ်သက်သာရာရသွားအောင်  ဝင်ပြောလိုက်သည်။ 


“ရှက်မနေပါနဲ့ မျက်နှာကို ဒီအတိုင်းလေး ကပ်ထားလိုက်ရုံလေးပဲ ...”


ယန်ယုသင်္ဘော၏ ပရိသတ်တစ်ဦး ဖြစ်သည့်အလျောက် သူမကိုယ်တိုင်သည်လည်း စိတ်လှုပ်ရှားကာ ပျာယာခတ်နေပေသည်။ ဤသည်မှာ မျက်စိကို လှည့်စားကာ ရိုက်ကူးသည့် အနမ်းခန်းမျှသာ ဖြစ်သော်ငြား သူမသည် ယန်အန်းယုနှင့် နီးနီးကပ်ကပ် ထိတွေ့ဖူးသည့် ပထမဆုံး သရုပ်ဆောင်မင်းသမီး ဖြစ်နေဆဲပင် ဖြစ်သည်။ 


ဒီအခန်းကို ရိုက်ပြီးလို့ကတော့ ယန်အန်းယုရဲ့ ကောင်မလေးပရိသတ် အုပ်စုကြီးရဲ့ မနာလိုတာတွေ အားကျတာတွေ မုန်းတာတွေကို အစုလိုက်အပြုံလိုက်ကို ခံရတော့မှာပဲ ...


“တေင်းပန်ပါတယ် ...”


သူက မနည်း အားတင်း၍ ပြုံးကာ ပြောလိုက်သည်။ 


အစောပိုင်းက တွေ့လိုက်ရသည့် ယီချန်းယန်၏ အေးစက်ကာ အမှုမထားဟန် မျက်နှာထားကြောင့် .. သူတို့နှစ်ဦးအကြားတွင် ထူထဲလှသည့် နံရံတစ်ခု ခြားနားထားသော ပထမဆုံး တွေ့ဆုံသည့် အချိန်ကို ပြန်ရောက်သွားသကဲ့သို့ ခံစားမိနေတော့သည်။ 


“cut …”


နောက်တစ်ကြိမ် NG ထပ်ဖြစ်ပြန်သည့် ယန်အန်းယုကြောင့် ဒါရိုက်တာချူလည်း အနည်းငယ် စိုးရိမ်လာမိတော့သည်။ 


“ရှောင်ယု မင်း အရင်က တစ်ခါမှ ချိန်းမတွေ့ဖူးဘူး ဆိုရင်တောင် ဘယ်လိုပုံစံမျိုးကို ကြိုက်တယ်ဆိုတာတော့ ရှိတယ် မဟုတ်လား ချင်ကျားကို မင်း သဘောကျတဲ့လူလို့ သဘောထားပြီး သူမရဲ့ မျက်နှာနေရာမှာ အဲဒီ့တစ်ယောက်ကို အစားထိုးပြီး မြင်ယောင်ကြည့်လိုက် ...”


“အင်း ...”


စုချင်ကျားကလည်း ခေါင်းငြိမ့်ပြလိုက်သည်။ 


“ရှောင်ယု ငါ့ကို နင်အကြိုက်ဆုံး လူတစ်ယောက် .. မဟုတ်ဘူး မိန်းကလေးတစ်ယောက်လို့ မြင်ယောင်ကြည့်လိုက် မင်းက မင်း အရမ်းကို သဘောကျရတဲ့ လူရဲ့ အရှေ့မှာ မတ်တပ်ရပ်နေရတာကွာ အဲဒီလို ရပ်နေရတဲ့အချိန်မှာ မင်း ဖြစ်နေမယ့် ပျော်ရွှင်တဲ့ ခံစားချက်ကို သရုပ်ဖော်ကြည့် ...”


စုချင်ကျားကို ယီချန်းယန်ဆိုပြီး မြင်ယောင်ကြည့်ရမှာလား ...


သူက မျက်မှောင်ကျုံ့လိုက်သည်။ 


ဒါကြီးက မဖြစ်နိုင်တဲ့ ပုံပဲနော် .. သဘောကျတာဆိုတော့ ...


“cut ဟေး ရှောင်ယု ဘာလို့ ချင်ကျားကို ကြည့်တဲ့ အကြည့်တွေက မင်းရဲ့ ခွေးလေးကို ကြည့်တဲ့ပုံစံမျိုး ဖြစ်နေရတာလဲ  …”



ဒါရိုက်တာချူက ခေါင်းကိုယမ်းကာ ပြောလိုက်သည်။ 


“ဟုတ်သားပဲ ပြီးတော့ .. တကယ်တမ်းတော့ ကျွန်မကလည်း တစ်ကိုယ်တော်ခွေးလေးပဲလေ ...”


စုချင်ကျားကလည်း အလွန် စိတ်ဖိစီးသွားရသည့်ဟန်ပင်။ 


ယန်အန်းယု “...”


သူသည် သူ့မိသားစုဝင် ခွေးပေါက်လေးကို အလွန် သဘောကျကာ ၎င်းကို မြင်ရသည်နှင့် တစ်ပြိုင်နက် ချက်ခြင်းလိုလို ပျော်ရွှင်မိသွားတတ်သည်။ 


ထို့နောက်တွင်လည်း ယန်အန်းယုသည် ဆက်တိုက် အမှားလုပ်မိနေဆဲပင်။ စာသားမှားပြောကာ အမူအယာမှာလည်း တစ်လွဲဖြစ်နေသည့်အတွက် အနမ်းခန်းမှာ NG များ ဆက်တိုက် ဖြစ်နေတော့သည်။ ထို့ကြောင့် ဒါရိုက်တာချူသည် မျက်ခုံးနှစ်ဖက်အကြား ဖိနှိပ်ကာသာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်တော့သည်။ 


“ထားလိုက်တော့ ရှောင်ယု ချင်ကျား .. နှစ်ယောက်လုံး ခဏလောက် နားမယ် ...”


ယန်အန်းယုက သန့်စင်ခန်းထဲသို့ ဝင်သွားကာ မှန်ရှေ့တွင် ရပ်လျက် သူ့ကိုယ်သူ စိုက်ကြည့်နေလိုက်သည်။ မှန်ထဲတွင် မြင်နေရသည့် သူ့မျက်နှာမှာ ရင်းနှီးသည့်တိုင် စိမ်းသက်နေ၏။ ၎င်းမှာ သူ၏ ပုံမှန်ပုံစံနှင့် များစွာ ကွဲပြားနေပေသည်။ 


ယီချန်းယန်အပေါ် ထားရှိသည့် ထူးဆန်းသော ခံစားချက်များအကြောင်း သတိပြုမိသွားကတည်းက သူ၏ စိုးရိမ်စိတ်များသည် တစ်နေ့ထက်တစ်နေ့ မြင့်တက်နေခဲ့သည်။ 


ထိုစဉ် မှန်ထဲ၌ ယီချန်းယန်၏ မျက်နှာကို ရုတ်တရက် မြင်လိုက်ရသည်။ သူက ချက်ခြင်း နောက်ဆုတ်ကာ ယဉ်ကျေးစွာဖြင့် ခေါင်းငြိမ့်နှုတ်ဆက်ရင်း ပြန်ထွက်သွားရန် ပြင်လိုက်သည်။ 


သို့သော် ယီချန်းယန်က သန့်စင်ခန်းတံခါးကို အတွင်းထဲမှ ပိတ်လိုက်ကာ သူ့ကို ဟန့်တားလိုက်သည်။ 


“ယန်အန်းယု မင်း အရင်တုန်းက ငါ့ကို တိုင်ပင်ခဲ့တဲ့ ကိစ္စတွေမှ အများကြီးပဲ .. အခု ငါလည်း မင်းကို တစ်ခု ပြန်မေးမယ် ...”


ယခင်က သူ့ထံတွင် ယန်အန်းယု၏ အစစ်အမှန် ခံစားချက်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးသည့်အတွက် မပြောခဲ့ရသော စကားလုံးများ ရှိနေပေသည်။ 


ထို့အပြင် ယနေ့ သူ၏ အေးစက်ခက်ထန်သော အမူအယာမှာလည်း တမင်တကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သရုပ်ဆောင်ရာ၌ ဆက်တိုက် အမှားအယွင်း ဖြစ်နေသူကို ငေးကြည့်ရင်း သူ့စိတ်ထဲတွင်  တိတ်တခိုး ပျော်ရွှင်မိလာ၏။ ဤသည်မှာ လက်ရှိယန်အန်းယုသည်လည်း သူ့ကို ဂရုစိုက်နေကြောင်း သက်သေပြနိုင်သည့် အချက်တစ်ချက် ဖြစ်ပေသည်။ 


“ဘာမေးခွန်းလဲ ...”


ယန်အန်းယု၏ မျက်ခွံတို့ တဆတ်ဆတ် တုန်သွားကာ စိတ်ထဲတွင်လည်း ရှေ့ဆက်ဖြစ်လာမည့် အရာနှင့် ပတ်သက်၍ အရိပ်အယောင်ကို ခံစားမိနေပေသည်။ 


ယီချန်းယန်က သူ့ကို ထောင့်နားသို့ ဆွဲခေါ်ကာ အနားသို့ တိုးလာပြီး မေးလိုက်သည်။ 


“ဘယ်လို နမ်းရမလဲဆိုတာကို သိလား ...”


“...”


👥️