Chapter 18
Viewers 7k

🌍Chapter 18




ထန်မော့၏ဦးနှောဏ်မှာ လျင်မြန်စွာအလုပ်လုပ်လိုက်ရသည်။ ထို့နောက်တွင် ဥထံမှထွက်လာသောအသံပိုင်ရှင်မှာ ကြက်ဆင်သော်လည်းကောင်း ဥတစ်လုံးသော်လည်းကောင်း မဖြစ်နိုင်ဟုနားလည်သွားသည်။ ထိုအစား အနက်ရောင်မျှော်စင်မှ

အခြားမွန်းစတားတစ်ကောင်လည်းဖြစ်နိုင်သည်။ 

သို့သော်ထိုထက်ပိုကောင်းသောဖြစ်နိုင်ချေတစ်ခုရှိသေးသည်။


"မင်းကလူလား"


တစ်ဖက်မှအမျိုးသားအသံမှာ အတော်ကြာတိတ်ဆိတ်နေပြီးမှပြန်ဖြေလာသည်။


"ဟုတ်တယ်၊ မင်းရောလူပဲလား"


ထန်မော့လည်းပြန်ဖြေလိုက်သည်။


"အင်း"


ထို့နောက်တွင် လူနှစ်ဦးမှာ အတော်ကြာဘာမှမပြောနိုင်ပဲ တိတ်ဆိတ်နေကြသည်။


ကားတစ်စီးကလမ်းဘေးတွင်ထိုးရပ်ထားပြီးညနေခင်းနေရောင်ကဖြာကျလျက် ဥကမူရွှေရောင်အနည်းငယ်လင်းနေခဲ့သည်။ အလင်းရောင်နောက်ခံဖြင့် ဥပေါ်မှစာလုံးများနှင့် အမည်မသိအက္ခရာများကိုရှင်းရှင်းလင်းလင်း မြင်နေရသော်လည်း အခုလောလောဆည် ထန်မော့ဂရုစိုက်သည်မှာ ဥထဲမှထွက်လာသော အမျိုးသား၏အသံကိုဖြစ်၏။


ခဏမျှစဉ်းစားနေပြီးသည့်နောက်တွင် တစ်ဖက်လူအားမေးခွန်းများမမေးခင်၌ သူ့ဘက်ကပင်စ၍ သတင်းအချက်အလက်တချို့ကိုဝေမျှရန် ဆုံးဖြတ်လိုက်သည်။


သူကလက်ရှိအခြေအနေအားရှင်းပြလိုက်သည်။


"လောလောဆယွငါ့လက်ထဲမှာ ဥတစ်လုံးကိုကိုင်ထားတာ၊ မင်းရဲ့အသံကအဲဒီဥထဲကထွက်လာတယ်၊ 

ဒီတော့မင်းကဥထဲမှာပိတ်မိနေတဲ့ လူတစ်ယောက်ယောက်လား"


တစ်ဖက်မှအမျိုးသားအသံမှာ မည်သည့်ခံစားချက်မှမပါသကဲ့သို့ တပြေးတည်းတည်ငြိမ်လှသည်။


"ဥထဲမှာပိတ်မိနေတာမဟုတ်ဘူး။ ငါ့လက်ထဲမှာလည်းဥတစ်ဥကိုကိုင်ထားတယ်၊ မင်းရဲ့အသံလည်းအဲဒီကထွက်လာတာ၊ "


သူကထပ်၍ပြောလိုက်သည်။


"ဥကတော့ကြက်ဆင်ဥ"


ထန်မော့ကအနည်းငယ်တွေးတောလိုက်သည်။


"မင်းလည်းတရုတ်ပြည်ကပဲမလား အစောပိုင်းကမှအနက်ရောင်မျှော်စင်ဂိမ်းကထွက်လာတာမလား

ငါဒီဥကိုအနက်ရောင်မျှော်စင်မွန်းစတားတစ်ကောင်ဆီက ရလာတာ။ ပြီးတော့ငါ့ဥကလည်းကြက်ဆင်ဥပဲ"


"အင်း ငါလည်းဒီဥကိုအနက်ရောင်မျှော်စင်မွန်းစတားဆီက ရလာတာ"


အမျိုးသားနှစ်ဦးမှာ မိမိတို့လက်ထဲမှ ကြက်ဆင်ဥသည် မိုဘိုင်းဖုန်းကဲ့သို့ သူစိမ်းနှစ်ယောက်ကို ဆက်သွယ်ပေးနေခြင်းဖြစ်ကြောင်းရိပ်မိကြသည်။


ဒီလိုဆိုမှ​တော့ ထန်မော့လည်း ဤထူးဆန်းသောကြက်ဆင်ဥမှာ မည်မျှအကွာအ​​ဝေးအထိ လိုင်းမိမလဲသိချင်ပါသေးသည်။


"မင်းအခုဘယ်မှာလဲ"


"မင်းအခုဘယ်မြို့မှာလဲ"


တူညီသောစကားသံက တပြိုင်ထဲထွက်လာပြီး လူနှစ်ဦးမှာပြောစရာမဲ့သွားကြသည်။


ထို့နောက်တွင် တဖက်လူမှအရင်ဖြေလာသည်။


"ငါကပေကျင်းမှာ"


ပေကျင်း


ပေကျင်းမှာရှန်ဟိုင်းနှင့် ကီလိုမီတာ၁၀၀၀ကျော်ဝေးကွာသည်။ 


ဒါတောင်မှဒီဥနှစ်လုံးကအခက်အခဲမရှိ အပြန်အလှန်ဆက်သွယ်နိုင်ပုံထောက်ရင် တကယ်ကြီးမိုဘိုင်းဖုန်းလိုဖြစ်နေတာလား...


ထို့နောက်ထန်မော့ကပြန်ဖြေလိုက်သည်။


"ငါက ရှန်ဟိုင်းမှာ"


ထန်မော့သည် မိမိလက်ထဲမှကြက်ဆင်ဥကိုကြည့်ပြီး စဉ်းစားလိုက်သည်။ သူ၏ကြက်ဆင်ဥမှာ ပျက်စီးနေသည်ဟုဖော်ပြထားသည်။ ထန်မော့ကထိုဥကိုမိမိလျှောက်ထုကြည့်လိုက်လို့ ပျက်သွားတယ်လို့တော့မထင်ပါချေ။ ကားစတီယာတိုင်ကသာ ဥအစားအက်သွားခဲ့ခြင်းမဟုတ်ပါလော။

အနက်ရောင်မျှော်စင်ထံမှရသောတစ်စုံတစ်ခုမှာ 

ဤမျှပင်အကြမ်းမခံနိုင်ဟု သူကတော့မထင်ပါ။


ထို့ကြောင့်ထိုဥမှာထန်မော့ကိုယ်တိုင်ကြောင့် ပျက်ဆီးသွားတာဖြစ်နိုင်ချေ ၂၀%သာရှိပြီး မူလကတည်းက ပျက်ဆီးနေတာဖြစ်နိုင်ချေ ၈၀%ရှိသည်။


ဥကပျက်ဆီးနေတာကြောင့် ထန်မော့က ၄င်း၏အသုံးပြုပုံကိုဖတ်၍မရချေ။


ဥခွံပေါ်မှသူဖတ်၍ရသောတစ်ခုတည်းသောစာသားမှာ


[အရည်အသွေး :ရှားပါး]


ဤဥမှာရှားပါးပစ္စည်းတစ်ခုဖြစ်သည်။


အကယ်၍အနက်ရောင်မျှော်စင်ကသာ ဂိမ်းတစ်ခုဖြစ်မယ်ဆိုလျှင် ကစားသမားများအတွက် ဂိမ်းကူပစ္စည်းများရှိနေမှာလည်း ပုံမှန်ပင်။ ရှားပါးအရည်အသွေးနှင့်ဂိမ်းကူပစ္စည်းများမှာ ဘယ်ဂိမ်းမှာမဆိုအလွန့်အလွန်ကိုတန်ဖိုးရှိသော အရာများပင်ဖြစ်သည်။


ထန်မော့သည်မိမိလက်ထဲမှဥမှာပျက်ဆီးနေသော်လည်း အသုံးပြုပုံကို တဖက်ကနောက်ထပ်ဥပိုင်ရှင်ဆီမှ သိရလိမ့်မည်ဟုမျှော်လင့်ထားသည်။


ရှားပါးအရည်အသွေးရှိဂိမ်းကူပစ္စည်းတစ်ခုမှာ 

ဖုန်းပြောရုံမျှသာလုပ်နိုင်သည်ဟု သူကတော့မထင်ပေ။ လူသားတွေ၏နည်းပညာနှင့်တောင် ဗီဒီယိုကောပင် ပြောလို့ရနေသည့်အချိန်တွင် အနက်ရောင်မျှော်စင်လို လူသားသိပ္ပံပညာထက်ကျော်လွန်သော အရာတစ်ခုထံမှ ပစ္စည်းမှာ ဤမျှရိုးရှင်းမည်မဟုတ်။


ဥနှစ်လုံးမှာ တူညီသောအသွင်သဏ္ဍာန်ရှိကာ တဖက်နှင့်တဖက်ဆက်သွယ်နိုင်သည်ဆိုမှတော့ အသုံးပြုပုံလည်းအတူတူပဲဖြစ့်လိမ့်မည်။


ထန်မော့ကစကားလုံးများကိုဂရုတစိုက်ရွေးချယ်ပြီး ပြောလိုက်သည်။


"ငါအနက်ရောင်မျှော်စင်ဂိမ်းကိုဆော့နေတုန်းက ဒီဥကိုပွေးကြီးတစ်ကောင်ကဆုအဖြစ်ပေးလိုက်တာ။

ဒီဥကအရမ်းမာတယ်။ ငါ့ကားရဲ့စတီယာတိုင်အပြင် တခြားဟာတွေနဲ့ထုကြည့်သေးတယ်။ ဒါပေမယ့်ဥကတော့ကွဲမသွားဘူး။ ကားရဲ့စတီယာတိုင်ကပဲ အက်သွားတယ်"


ထန်မော့သည်မိမိဘက်မှပေးနိုင်သမျှ အချက်အလက်များကို အတတ်နိုင်ဆုံးပြောပြလျက် တဖက်လူထံမှလည်း သူ့အားအနည်းငယ်ပြန်ပြောပြစေရန်မျှော်လင့်သည်။


ထန်မော့ကဆက်ပြောလိုက်သည်။


"ပွေးကြီးကပြောတာတော့ လူတွေကဒီဥကိုအကောင်ဖောက်လို့မရဘူးတဲ့၊ ငါကငါတစ်ယောက်တည်းဒီဥကိုရတာလို့ထင်ထားတာ၊ မင်းမှာလည်းဥတစ်လုံးရှိနေမယ်မထင်ထားဘူး။ ငါကတော့ဒီဥကိုစကားပြောဖို့သက်သက်ပဲလို့တော့ မထင်ဘူး။ မင်းမှာရောတခြားသဲလွန်စလေး ဘာလေးများရှိလား"


အမျိုးသား၏လေသံမှအလွန်တုံးတိပင် 


"မရှိဘူး"


ထန်မော့"..."


အဖြေကပြတ်သားလှသည်။


ဟ. ဒီလူကအရမ်းကိုအကျိုးအကြောင်းမဆီလျော်လိုက်တာ...


သာမာန်လူတွေဆို ဒီလောက်အပြန်အလှန်ရင်းရင်းနှီးနှီးပြောပြီးသွားရင် တစ်ယောက်နဲ့တစ်ယောက် အသုံး၀င်တဲ့သတင်းလေးဝေမျှရမှာပုံမှန်ပဲမဟုတ်ဘူးလား...


ထန်မော့ကအတော်ကြာတိတ်ဆိတ်နေပြီးမှ နောက်တစ်ခုထပ်မေးဖို့ကြိုးစားလိုက်သည်။


"မင်းငါ့ကိုဘယ်လိုဆက်သွယ်လိုက်တာလဲ။ ငါမင်းရဲ့အသံကိုအရင်ကြားပြီးမှ ပြန်ဖြေလိုက်တာ"


ထန်မော့လည်း တဖက်လူထံမှ သတင်းနှိုက်ဖို့ မျှော်လင့်ချက်မရှိတော့ချေ။


"ငါဥကိုသုံးကြိမ်တောက်လိုက်သော ဥမှာစာလုံးတွေပေါ်လာတယ်။ ငါအဲဒါတွေကိုဖတ်ကြည့်နေတာ။ "


တဖက်လူကသူ့အားအနည်းငယ်လေးတော့ ပြောပြချင်စိတ်ရှိနေပုံပေါ်သည်။


"ငါစကားပြောလိုက်တိုင်းမှာလည်း ဥကရွှေရောင်မှိန်မှိန်လေးလင်းလာတယ်"


ထန်မော့လည်း မတိုင်ခင်ကဥကိုစူးစမ်းနေရင်း လက်ညှိုးဖြင့် သုံးချက်ခန့်တောက်လိုက်မိသည်ကို သတိရလိုက်သည်။ ထို့အချိန်မှာပဲတဖက် အသံထွက်လာခြင်းဖြစ်သည်။


"ဥကိုဘယ်လိုပြန်ပိတ်ရမလဲသိလား"


"စမ်းကြည့်လိုက်မယ်"


နှစ်ဦးစလုံးစမ်းပြီးပိတ်လိုက်သောအခါ အသံမှာပြတ်တောက်သွားတော့သည်။ ဆယ်စက္ကန့်ခန့်ကြာပြီးနောက် တဖက်မှအသံပြန်လည်ထွက်လာသည်။


"ဥကိုလက်နှစ်ဖက်နဲ့ကိုင်ထားလိုက်တာနဲ့ ပိတ်သွားတာပဲ"


သုံးချက်ခေါက်ရင်စကားပြောလို့ရတယ်၊ လက်နှစ်ဖက်နဲ့ကိုင်ရင် ပြန်ပိတ်လို့ရတယ်ပေါ့...


ထန်မော့ကပြောလိုက်သည်။


"ဒါဆိုမင်းဖက်ကအရင်ပိတ်ကြည့်ပါလား

ငါစမ်းကြည့်လိုက်မယ်"


"အင်း"


ထို့နောက်ထန်မော့သည် ထိုဥအားအချိန်မရွေးပြန်ဖွင့်လို့ရသလို ပိတ်လို့လည်းရတာကိုတွေ့လိုက်ရသည်။

အကြိမ်အနည်းငယ်စမ်းသပ်ကြည့်ပြီးသည့်နောက် လူနှစ်ဦးမှာလည်းဥအကြောင်းကို အတော်နားလည်သွားခဲ့သည်။


ဥအားလက်ဖြင့်သုံးကြိမ်တောက်လိုက်သ၍ ဘယ်ဘက်ကစခေါ်ခေါ်ရသည်။ ဥကိုလက်နှစ်ဖက်နှင့် ကိုင်လိုက်သ၍ ကြိုက်တဲ့အချ်န်ပြန်ပိတ်လို့လည်းရသည်။


ဤစမ်းသပ်မှုတွင် လူနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိရှိနှင့် အပိုစကားတွေတစ်ခွန်းမှမဆိုပဲ အရေးပါသည့်အချက်အလက်များကိုသာပြောဆိုကြသည်။


ထန်မော့၏ရင်ထဲမှလည်းထူးဆန်းသောခံစားချက်ကြီး ပေါက်ဖွားလာခဲ့သည်။ ကြက်ဆင်ဥကို လေ့လာနေစဉ်အတောအတွင်းတဖက်ကလူစိမ်းမှာ သူနဲ့အတော်ကြာပူးပေါင်းလုပ်ကိုင်ဖူးသော  ရဲဘော်ရဲဘက်တွေလို ခံစားချက်ကြီးရနေ၍ပင်။

ထို့ကြောင့်လည်း ထိုအမျိုးသားအပေါ်တွင် ထန်မော့အမြင်ကောင်းတချို့တော့ကျန်ရစ်ခဲ့သည်။


ဒါပေမယ့်တဖက်လူသာဒီထက်ပိုပြီး ပြောရဆိုရလွယ်မယ်ဆို ဒီထက်တောင်ပိုအကောင်းမြင်ပေးဦးမယ်။


ထိုအမျိုးသားမှာအစကနေအဆုံးအထိ အဓိကအကြောင်းအရာကိုတစ်ခွန်းမှမဟပဲ တစ်ခုခုဖုံးကွယ်ထားသည်မှာအသိသာကြီးပင်။ ထန်မော့က တဖက်လူသည်  သူ့အားမပြောလိုပဲထိန်ချန်ထားတာကိုသိသလို သူ့ထံမှလည်းတဖန်သတင်းနှိုက်ဖို့ကြိုးစားနေတာကိုလည်း ရိပ်မိပါသည်။


အခုတော့နှစ်ယောက်သားလည်းသူတို့ပြောနိုင်သမျှ အကုန်ပြောပြီးသွားပြီ။


ထိုထက်ပိုပြီးလည်းတစ်ယောက်ကိုတစ်ယောက် ဘာမှပြောမပြချင်တာကြောင့် စကားဆက်ပြောနေလည်းအပိုပဲဖြစ်သည်။ ဥပမာအားဖြင့် ထန်မော့က သူ့ကိုယ်ပိုင်ဥမှာအနည်းငယ်ပျက်ဆီးနေကြောင်းတစ်ခွန်းမှ တဖက်လူကိုလုံး၀ပေးမသိခဲ့ချေ။ တဖက်လူမှလည်း သူစိမ်းဖြစ်သောထန်မော့အား အသုံး၀င်သောအချက်အလက်တွေကို လုံး၀မပြောပဲ ထိန်ချန်ထားခဲ့သည်။


အမျိုးသား၏အသံမှာ တည်ငြိမ်၍ နာပျော်ဖွယ်တော့ရှိသည်။


"မင်းသိချင်တာရှိသေးလား"


အဟုတ်ရှိတာပေါ့၊ မင်းမှပြောမပြပဲ...


ထန်မော့ပြန်ဖြေသည်။


"အင်း ၊ နောက်ဆုံးတစ်ခုလောက်မေးချင်တယ်"


"ဘာများလဲ"


"မင်းစပြီးစကားပြောတုန်းက ၊ ဟယ်လိုလို့စမထူးခဲ့ဘူး၊ ဒါပေမယ့် မော့မော့လို့ခေါ်လိုက်တယ်လေ"


ထို့နောက်တွင် လေထုမှာတိတ်ဆိတ်သွားပြီး ထန်မော့သည်လည်းတစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ရသည်။ သို့သော် ဘာကမှားနေလဲဆိုတာ မပြောတတ်။


ကြက်ဆင်ဥ၏တစ်ဖက်မှ နက်ရှိုင်းသောရယ်သံထွက်လာခဲ့ပြီး ကြည့်ရတာ ထိုလူပထမဆုံးအကြိမ် စိတ်ကောင်း၀င်ပြီးပြုံးလိုက်ပုံပင်။


"ဒီဥကိုဘယ်လိုခေါ်သလဲဆိုတာတောင်မသိဘူးလား"


ထန်မော့"..."


ဒီလူက​တော့ တချို့စကားတွေက ရင်ထဲမှာထားရတယ်ဆိုတာနားမလည်ဘူးလား...


တဖက်လူမှသူ့ကိုမျက်နှာသာအနည်းငယ်မျှပင် မပေးချင်တာကြောင့် ထန်မော့ဒေါသလေးထွက်သွားရသည်။


ထိုလူကသူ့အပေါ်တမင်သတိထားပြီး သတင်းထိန်ချန်ထားတာကိုလည်းသိသည်။ သူ့မှာတဖက်လူလောက် သတင်းပြည့်ပြည့်စုံစုံမရှိတာကိုလည်း

ထိုလူကသိသည်။


ဒါပေမယ့်အဲဒါကို ဘွင်းဘွင်းကြီးထုတ်ပြောလိုက်တာကြတော့ ထန်မော့ရင်ထဲအတော်လေး ခံရခက်သွားရသည်။


သူစိမ်းနှစ်ယောက်မှာအစောပိုင်းတွင် တစ်ယောက်ကိုတစ်ယောက် သတိနှင့်ပြောဆိုနေကြသော်လည်း 

အခုတော့အနည်းငယ်ပို၍ပွင့်လင်းလာကြပုံပင်။


အနည်းဆုံးတော့ တဖက်လူက ရန်သူတစ်ယောက်မဟုတ်တာသေချာပါတယ်။


"ဒီဥကိုမော့မော့လို့ခေါ်တယ်၊ သူ့မှာစာလုံးတွေပေါ်လာတော့ အသံထွက်ပြီးဖတ်လိုက်မိတာ"


ထန်မော့ကပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်သည်။


"ဟုတ်လား ငါ့နာမည်ကလည်း မော့ပဲလေ၊ မင်းကရော"


"..." 


ထိုတော့မှ တဖက်လူမှာ ထန်မော့၏နာမည်အား အလွန်ပရောပရီနိုင်စွာခေါ်လိုက်မိမှန်း သဘောပေါက်ပြီး ခဏကြာတိတ်ဆိတ်သွားခဲ့သည်။


တော်တော်ကြာပြီးမှအသံထပ်ထွက်လာသည်။


"ငါ့နာမည်က ဖူ "


ထန်မော့မေးလိုက်သည်။


"ဒါပဲမလား"


"အင်း နှုတ်ဆက်ပါတယ်"


"နှုတ်ဆက်ပါတယ်"


စကားပြောဆိုခြင်းပြီးဆုံးသွားသည်နှင့် ထန်မော့လည်းကြက်ဆင်ဥအား သူ့အိတ်ကပ်ထဲပြန်ထည့်ထားလိုက်ကာ သူ၏လက်ချောင်းများမှာ ကားစတီရင်ယာအား တတောက်တောက်ခေါ်နေမိသည်။


အရင်ဆုံး ဒီဥကိုမော့မော့လို့ခေါ်တယ်။


အဲဒါကသူ့နာမည်နဲ့ဆိုင်ပုံမပေါ်ပါဘူး။ သူ့ဘာသူအစကတည်းက ဒီလိုခေါ်တာပဲနေမှာ။


နောက်တစ်ချက် အဲဒီပေကျင်းက မစ္စတာဖူက အတော်​လေးထက်ထက်မြက်မြက်နဲ့ သတိရှိတဲ့သူပဲ...


တဖက်လူထံမှ သတင်းရနိုင်ချေအလွန်နည်းလှသည်။ အခုနကစကားပြောခဲ့တာကတောင် သူတို့ရဲ့ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်နိုင်သည်။ တဖက်လူရဲ့အနေအထားနဲ့ဆို နောက်တစ်ကြိမ်စကားပြောလို့လည်းဘာမှမထူးဘူး။ ဒီတော့ဘယ်တော့မှထပ်မဆက်သွယ်တာပဲ ကောင်းလိမ့်မယ်။


ထန်မော့လက်ထဲမှ ရှားပါးအရည်အသွေးဂိမ်းကူပစ္စည်းလေးမှာ အာလူးပူကြီးလိုဖြစ်နေတော့သည်။


သူကဒါကိုသုံးချင်ပေမယ့် သုံးနည်းကိုမသိချေ။ ဒါ့အပြင်ကို ဒီဥကပျက်စီးနေတာကြောင့် သုံးလို့ရမရလည်းမသိ။


အဲဒီလူဆီက နည်းနည်းပါးပါးလေးသိရဖို့ဆိုရင်တော့..


ထန်မော့မှာမျှော်လင့်ချက်မရှိပါ။ မတော်တဆတစ်ခုခုကြုံရပြီး တဖက်လူကသူ့ကိုနည်းနည်းပါးပါးပြောပြချင်လာရင်တော့ တမျိုးပေါ့။ ဒါပေမယ့်ဖြစ်နိုင်ချေကအလွန်နည်းလှသည်။


သူလည်းအတူတူပါပဲ...


သူဆိုရင်လည်းရှားပါးဂိမ်းကူပစ္စည်းရဲ့အကြောင်းကို သူစိမ်းတစ်ယောက်ကို အလွယ်တကူဘယ်ပြောပြချင်ပါ့မလဲ...


ဒီပစ္စည်းကိုသူများတွေမမြင်အောင်သေချာ၀ှက်ထားရမည်။


ပြောလို့မရဘူးလေ။ မတော်တဆဒီပစ္စည်းကြောင့် ဂိမ်းနိုင်သွားတာတွေဘာတွေလည်းရှိလာမှာပဲ...

ဒီလိုတန်ဖိုးရှိတဲ့ပစ္စည်း သူစိမ်းတစ်ယောက်ကို အသေးစိတ် ထွေလီကာလီပြောပြနေရအောင်လည်း ထန်မော့မရူးသေး။


သူကသက်ပြင်းကိုချကာ ရှီပေ့အလယ်တန်းကျောင်းကိုရှာရန်သာ ကားကိုမောင်းလာခဲ့တော့သည်။


ရှန်ဟိုင်းမြို့ကိုရောက်သည်အထိ ထန်မော့သည်ကားကို ဂရုတစိုက်မောင်းလာခဲ့သည်။


မြို့အတွင်းတွင်တော့ မိမိကားဘေးမှဖြတ်ဖြတ်၍မောင်းသွားသော ကားအရေအတွက်လည်း

တဖြည်းဖြည်းတိုးလာခဲ့သည်။ ဤအချိန်တွင် ကားမောင်းရသည်မှာ သိပ်ကောင်းသည့် ဆုံးဖြတ်ချက်တော့မဟုတ်။ ဒါကြောင့်မို့ သူကားကိုရပ်ကာ ခြေလျင်လျှောက်ဖို့ ဆုံးဖြတ်လိုက်သည်။လမ်း၏အစွန်အဖျားကနေသာ ပုန်းလျှိုးကွယ်လျှိုးဖြင့်ခရီးကိုဆက်လာခဲ့သည်။


ကမ္ဘာကြီးအွန်လိုင်းပေါ်တက်လာသော လေးရက်မြောက်နေ့တွင်တော့ ရှန်ဟိုင်းသည် ခြောက်ကပ်ကပ် မြို့ပျက်ကြီးဖြစ်နေခဲ့လေပြီ။



🪩