Chapter 108
Viewers 21k

♎️Chapter 108

ယွိဖေး -3



အရက်မူးနေသောဖုယွမ်ကျိုးသည် ယွိဖေးထံမှအနမ်းခံလိုက်ရသလို ခံစားနေရလေ၏။


ဖုယွမ်ကျိုးမှာ ပုံမှန်အတိုင်းပင် ချစ်ရသူနှင့်နီးကပ်နေရသောကြောင့် ပျော်ရွှင်နေခဲ့သည်မှာအမှန်ပင်။ သို့တိုင် ယနေ့တွင် ယွိဖေးသည် စိတ်ဆန္ဒပြင်းပြနေပြီး လွှမ်းမိုးချုပ်ကိုင်ချင်နေသလိုပင်။ သူ့အား လက်မောင်းထဲတွင်ပွေ့ဖက်ထားရင်း အသက်ပင်မရှူနိုင်လောက်အောင် သူ၏နှုတ်ခမ်းသားတို့ကိုစုပ်ယူနမ်းရှိုက်နေခဲ့သည်။


မျက်လုံးထောင့်မှ အရည်စအချို့ကျဆင်းလာသည့်အခါ ဖုယွမ်ကျိုးမှာ ပိုခံစားလိုက်ရပြီး မျက်လုံးဖွင့်ကြည့်လိုက်မိသည်။ ယွိဖေး၏ အလွန်တရာလှပသောမျက်နှာက သူနှင့်အတော်လေးနီးကပ်နေခဲ့သော်လည်း ကွာဟချက်ကိုမူ ရှင်းလင်းစွာမြင်နိုင်လေ၏။


"....."


သူ ချက်ချင်းအမူးပြေသွားလေသည်။ ယင်းကအိပ်မက်မဟုတ်သလို စိတ်ကူးယဥ်မှုတစ်ခုလည်းမဟုတ်ပေ။ သူတကယ်ပင် ယွိဖေးကိုနမ်းနေခဲ့သည်။ သို့တစေ သူ၏ရည်းစားဟောင်းက ယခုယောကျ်ားတစ်ယောက်ဖြစ်နေသည်။ ဆိုလိုသည်မှာ -


သူ့ခေါင်းထဲတွင် တဝီဝီမြည်သံများပေါ်လာပြီး ဖုယွမ်ကျိုးမျက်နှာပေါ်မှာ သွေးဆုတ်သွားခဲ့သည်။ ပိုပြီးကြောက်မက်ဖွယ်ကောင်းသည့်ကိစ္စမှာ ယခုလေးတင်သူပြောလိုက်မိသည့်စကားကို မှတ်မိသွားခြင်းပင်။ သူက ယွိဖေး၏ရည်းစားဖြစ်ကြောင်းပြောခဲ့ပြီး ယွိဖေးကိုနမ်းချင်သည်ဟုပင်ပြောခဲ့သည်။


အရှက်တရားနှင့် ရှော့ခ်ရမှုတို့က အထွတ်အထိပ်ရောက်သွားခဲ့သည်။ ဖုယွမ်ကျိုးမှ ယွိဖေးကိုတွန်းထုတ်ပစ်ပြီး ယွိဖေးကိုမကြည့်ရဲတော့၍ ခေါင်းငုံ့ထားလိုက်မိလေ၏။ ယွိဖေးကသူ့အား ထူးဆန်းနေသလို၊ ရွံစရာကောင်းသလို ထင်သွားနိုင်လောက်သည်။


ချိုမြိန်သည့် အချစ်များအကြားပျော်ဝင်နေသောယွိဖေးမှာ ဗြုန်းစားကြီးတွန်းထုတ်ခံလိုက်ရသောကြောင့် အရှိန်ပျက်သွားလေသည်။ ထို့နောက် သတိထားနေသည့်မျက်လုံးများဖြင့်  "ကျိုးအာ" ဟုခပ်တိုးတိုးခေါ်လာလေ၏။ သူတို့အချင်းချင်းဆက်သွယ်လိုက်နိုင်ချိန်တွင် စိတ်လှုပ်ရှားစရာကောင်းခဲ့သော်လည်း သူစိတ်မရှည်ဖြစ်သွားမိသည့်အတွက် စိုးရိမ်သွားရကာ သူ၏မကျွမ်းကျင်သောအနမ်းကြောင့် ဖုယွမ်ကျိုးကနာကျင်သွားပြီး သူ့အား တွန်းထုတ်လိုက်ခြင်းဖြစ်မည်ဟုထင်သွားလေသည်။


ယွိဖေးက တောင်းပန်ရန်အပြင်တွင် ဖုယွမ်ကျိုးမျက်နှာက သိပ်မကောင်းလှသည်ကိုသတိထားမိသွားလေ၏။ သူ့မျက်နှာကဖြူရော်နေပြီး စိတ်တခြားကိုယ်တခြားဖြစ်နေပုံရသည်။ ထိုသူက သူ့အားတဖွဖွရေရွတ်ပြနေ၏။


 "တောင်းပန်ပါတယ်...တောင်းပန်ပါတယ်..."


"ဘာဖြစ်လို့လဲ..." 

ယွိဖေးမှာ အူကြောင်ကြောင်​ဖြင့် မေးလိုက်ရလေ၏။ 

"ဘာလို့ငါ့ကိုတောင်းပန်နေရတာလဲ..."


"ငါမူးနေတုန်းမှာ စိတ်မမှန်ဘဲ ဒီလိုမျိုးလုပ်လိုက်မိတယ်...ငါတကယ်တောင်းပန်ပါတယ်.."


ဖုယွမ်ကျိုး၏တောင်းပန်စကားကြောင့် ယွိဖေး၏နှစ်လိုဖွယ်အပြုံးလေးမှာ တဖြည်းဖြည်းပျောက်သွားရသည်။

 "မင်းဘာကိုပြောချင်တာလဲ..."


"ဒါက....အထင်လွဲတာပါ..." 

ဖုယွမ်ကျိုးက ပြတ်တိပြတ်တောင်းပြောလာခဲ့သည်။ 

"ငါအိပ်ပျော်သွားပြီး အိပ်မက်မက်ခဲ့တယ်...ငါ့မှာ ကောင်မလေးရှိတယ်တဲ့...ငါ့အထင်တော့သူက..."


"ငါလား..." 

ယွိဖေး၏စကားသံက အေးစက်လာခဲ့သည်။ 

"မင်းအိပ်မက်ထဲကလူကဘယ်သူလဲ..."


"ငါ..."


ဖုယွမ်ကျိုးသည် သူမမှတ်မိကြောင်းပြောရန်ပြင်နေစဥ်မှာပင် ယွိဖေးကသူ့အားကြားဖြတ်ပြောလာသည်။ 


"မင်းငါ့နာမည်ကိုခေါ်လိုက်တယ်..မင်းငါ့ကိုအခုလေးတင် 'ရှောင်ဖေး' လို့ခေါ်လိုက်တယ်လေ..."


ပြောနေရင်းဖြင့် ထိုသူက ဖုယွမ်ကျိုးအနားကိုကပ်လာသည်။ အိပ်ရာပေါ်မှသူ့ကို နံရံနှင့် ထိုသူအကြားတွင်ပိတ်ထားလေသည်။ အနှီသူ၏မှောင်မိုက်သည့်မျက်လုံးများက သူ့အား မျက်တောင်မခတ်ကြည့်နေခဲ့သည်။ 


"မင်းကိုယ့်ကို တခြားလူတစ်ယောက်နဲ့မှားနေတာလား..."


"....."


ဖုယွမ်ကျိုးမှာ ပြောစရာစကားရှာမတွေ့တော့ပေ။ "ရှောင်ဖေး" ဟုခေါ်သည့်အခြားကောင်မလေးတစ်ယောက်ပါဟုပြောလိုက်ချင်သော်လည်း ယခုမူ သူ့စိတ်ကရှုပ်ထွေးနေပြီး နာမည်တူသည့် အခြားလူတစ်ယောက်ကိုမစဥ်းစားနိုင်တော့ချေ။ ထို့အပြင် သူသည် ယွိဖေးကိုတကယ်နမ်းချင်နေခဲ့၏။ သို့သော် သူတကယ်နမ်းချင်နေခဲ့သူက အတိတ်မှ ယွိဖေးဟုခေါ်သောကောင်မလေးတစ်ယောက်ကိုသာ။


ယွိဖေးကမူ မထွေးနိုင်မအန်နိုင်မျက်နှာဖြင့်မေးလာလေသည်။ 

"မင်းဘာလို့မဝန်ခံချင်ရတာလဲ...ကိုယ့်ကိုသဘောကျတယ်...နမ်းချင်တယ်လို့ပြောဖို့က အရမ်းခက်ခဲနေလို့လား..."


"မဟုတ်ပါဘူး..."

 ဖုယွမ်ကျိုးက ဘယ်လိုလုပ်များ ထိုသို့ခံစားရပါမည်နည်း။ 

"ငါကမင်း ငါ့ကိုရွံစရာကောင်းတယ်လို့ထင်သွားမှာ စိုးရိမ်လို့ပါ..."


"မင်း ကိုယ့်ခံစားချက်ကိုမမြင်သေးဘူးလား..."

သူ့စကားကိုကြားလိုက်ရသည်နှင့် ယွိဖေး၏မျက်လုံးတို့က ပိုမိုသိမ်မွေ့သွားရကာ သူ့အားပေါက်ထွက်တော့မတတ်ကြည့်လာခဲ့လေသည်။ 

"ကိုယ့်ဘက်က အရင်ခြေလှမ်းစခဲ့တာသိသာနေတာပဲ...ကိုယ်ကဘာလို့မင်းကိုရွံရမှာလဲ...ကျိုးအာ...ကိုယ်မင်းကိုသဘောကျတယ်..."


ရှောင်ဖေးကသူ့ကိုသဘောကျတယ်။


ဖုယွမ်ကျိုး ကြက်သေသေသွားပြီး ရင်ခုန်သံမြန်လာသည်။ ယခုဘဝတွင် ရှောင်ဖေးကယောကျ်ားတစ်ယောက်ဖြစ်နေသည့်တိုင်  ထိုသူက သူ့အားဆက်သဘောကျနေသေးသည်လား။


ဒါပေမဲ့ သူကရော။ သူကရော ရှောင်ဖေးအပေါ် ဘယ်လိုခံစားချက်ရှိနေတာလဲ။ အတိတ်ဘဝက ထိုသူကို သူသဘောကျခဲ့သည်မှာ မှန်သော်လည်း ယခုတော့ ရှောင်ဖေးကယောကျ်ားတစ်ယောက်ဖြစ်နေပြီ။ သူကရော တဖက်လူလို ထပ်တူခံစားရသည်လား။


အကြောင်းမှာ ယွိဖေးက ယောကျ်ားတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရတည်းက ဖုယွမ်ကျိုးမှာ လက်လျှော့သင့်သည်ဟု ယူဆခဲ့၏။ လွန်ခဲ့သောလအနည်းငယ်ကမှ သူတို့၏ဆက်ဆံရေးကပြန်ကောင်းလာခဲ့ခြင်းဖြစ်လေသည်။


တဖက်လူက ရှောင်ဖေးဖြစ်နေပြီး အနှီသူကယောကျ်ားလေးတစ်ယောက်ဖြစ်နေခဲ့လျှင် သူ့ဘက်က မတွေဝေဘဲလက်ခံနိုင်ပါမည်လား။


ယွိဖေးမျက်လုံးများကိုရင်ဆိုင်ပြီးနောက် ဖုယွမ်ကျိုး မျက်လွှာချလိုက်ကာ အကြည့်လွှဲလိုက်ရင်း အသံခပ်နိမ့်နိမ့်ဖြင့်ပြောလိုက်လေ၏။


 "ငါတို့နှစ်ယောက်လုံးက ယောကျ်ားလေးတွေလေ..."


"အဲဒီတော့ရော...ဘာဖြစ်လဲ...ကိုယ်တို့အချင်းချင်းက အပြန်အလှန်သဘောကျနေတာပဲ..."


ယွိဖေးက သူ့မျက်နှာကိုကိုင်ရန်လက်လှမ်းလာသည့်တိုင် သူကရှောင်လိုက်သောကြောင့် တဖက်လူကလမ်းခုလတ်တွင်ရပ်လိုက်ကာ ဝမ်းနည်းသွားသည့်အမူအရာကိုပြသလာလေသည်။


"မတူဘူးလေ..." 

ဖုယွမ်ကျိုးက လက်ကိုခါယမ်းလိုက်၏။ 

"ငါတို့အခြေအနေကမတူဘူး..."


ယွိဖေးထွက်သွားမှ ဖုယွမ်ကျိုးမှာ ငေးငိုင်ရင်းကျန်ရစ်ခဲ့သည်။ သူအရက်မူးပြီး ယွိဖေးကို အရင်ဘဝကကောင်မလေးနှင့်အထင်မှားမိခြင်းကြောင့် ယခုလိုအခြေအနေဆိုးသွားရခြင်းဖြစ်ပြီး သူ့စိတ်တွင် အပြစ်ရှိသလိုခံစားနေရလေသည်။


ထိုအနမ်းကို ပြန်အမှတ်ရလိုက်မိသည်နှင့် ဖုယွမ်ကျိုး၏ရင်ခုန်သံက ကသောင်းကနင်းဖြစ်လာရလေသည်။ ရှောင်ဖေးကယောကျ်ားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ သူအနေရခက်သလိုမခံစားရသည့်အပြင် ရှောင်ဖေးနှင့်လည်းမဆိုင်ပေ။ 


အချစ်ရေးနှင့်ခံစားချက်ဆိုသည်မှာ ကွဲပြားသည့်အရာနှစ်ခုပင်။ သူတို့ အတူနေသွားချင်သည်ဆိုလျှင်ပင် ရင်ဆိုင်ဖြတ်ကျော်ရမည့်အရာများစွာ ရှိနေလေ၏။


ယခင်ဘဝက ယွိဖေးမှာ အနုပညာလောကတွင် နာမည်ကြီးသည့်မင်းသမီးတစ်လက်ဖြစ်ပြီး လက်ရှိတွင်လည်း ထိုအတိုင်းပင်။ 


သီချင်းတစ်ပုဒ်ကြောင့် ယွိဖေးသည် အင်တာနက်တွင်နာမည်ကြီးလာခဲ့ပြီး ၎င်းအခွင့်အရေးကိုအသုံးချကာ အနုပညာလောကသို့ဝင်သွားခဲ့သည်။ ရုပ်ရှင်ရိုက်နေစဥ်အတွင်း ရသစုံရှိုးများတွင်ပါဝင်ခဲ့ပြီး အင်တာဗျူးများလည်း လက်ခံရရှိခဲ့သည်။ အဆိုပါအကြောင်းအရင်းများကြောင့် အနှီသူမှာ ဒုတိယနှစ်ဝက်တည်းက အလုပ်များနေခဲ့ပြီး ကျောင်းတွင်ပေါ်လာသည့် အချိန်လည်းရှားပါးခဲ့သည်။ အိမ်ကိုပင် ပုံမှန်ပြန်မလာနိုင်တော့ပေ။


ထိုနောက်ပိုင်း ဖုယွမ်ကျိုးနှင့်ယွိဖေးတို့က ထပ်မရင်းနှီးကြတော့ပေ။ ထပ်လောင်းပြောရပါက ယွိဖေးက အလုပ်များသောကြောင့် သူတို့နှစ်ယောက် သီးသန့်တွေ့ရမည့်အချိန်ဟူ၍မရှိတော့ရာ နောက်ဆက်တွဲပြဿနာများလည်း ပေါ်မလာတော့ပါချေ။


ဆောင်းရာသီအားလပ်ရက်ပြီးသွားသည့်အခါ ရာသီဥတုကပြန်လည်ပူနွေးလာပြီး ယွိဖေးက အမှတ် ၁ အလယ်တန်းကျောင်းတွင် ရုပ်ရှင်လာရိုက်ရန်ဖြစ်လာခဲ့သည်။ ရိုက်ကူးရေးအဖွဲ့ အမှတ် ၁ ကျောင်းကိုရောက်လာသည့်နေ့တွင် တစ်ကျောင်းလုံးနီးပါးက အနုပညာရှင်ဖြစ်နေသောယွိဖေးကိုကြည့်ရန် အပြေးအလွှားရောက်လာခဲ့ကြ၏။


ယွိဖေးက အဝတ်အစားနှင့်မိတ်ကပ်တို့ကိုပြင်ဆင်နေရသည်။ အနှီသူမှာ ယခင်တည်းက အတော်အတန်ကြည့်ကောင်းပြီးသားဖြစ်သော်လည်း ယခုတော့ မျက်စိကျိန်းလောက်သည်အထိ တောက်ပဖြာလက်နေလေ၏။ ရိုက်ကူးရေးအဖွဲ့က ရုပ်ရှင်ရိုက်မည့်နေရာကိုရှင်းလင်းထားသည့်တိုင်အောင် သတင်းကြားထားသည့်ကျောင်းသားများက မင်းသားနှစ်ယောက်ကြားမှဆက်ဆံရေးကို စူးစမ်းရန် ရောက်လာခဲ့ကြသေးသည်။


ယွိဖေးက ဇာတ်လမ်းထဲတွင် ဒုတိယမြောက် ဇာတ်ဆောင်နေရာတွင်ပါဝင်ထားပြီး အဓိကသရုပ်ဆောင်မင်းသားနှင့်လည်း ဆက်ဆံရေးပြေပြစ်လေသည်။ နှစ်ယောက်သား ဒါရိုက်တာနှင့်စကားပြောနေကြချိန်တွင် အဓိကဇာတ်ဆောင်မင်းသားက ယွိဖေးပုခုံးပေါ်တွင်လက်တင်ထားခဲ့သည်။ နှစ်ယောက်အကြားတွင် ထူးဆန်းသည့်လေထုမရှိဘဲ ပုံမှန်ဆက်ဆံမှုတစ်ခုသာဖြစ်သည့်တိုင် တွေ့လိုက်ရသည့်ဖုယွမ်ကျိုးကမူ မသက်မသာဖြစ်နေရလေ၏။ ဘယ်လောက်ပင်ကြည့်ပါစေ၊ ပုခုံးပေါ်မှလက်က မျက်စိနောက်စရာဖြစ်နေလေသည်။


"ဒါရိုက်တာ...ကျွန်တော်ဇာတ်ညွှန်းကိုဖတ်ပြီးသွားပြီ...သိပ်မမျှတဘူးနော်..."


အဓိကဇာတ်ဆောင်မင်းသားက ဒါရိုက်တာကိုနောက်ပြောနေခဲ့သည်။ 

"ဘာလို့ ယွိဖေးတစ်ယောက်တည်းကပဲ အနမ်းခန်းပါရတာလဲ...မကျေနပ်ဘူးဗျာ...ကျွန်တော်လည်းအနမ်းခန်းရိုက်ချင်တယ်..."


ရှောင်ဖေးက နမ်းခန်းရိုက်မယ်။


မင်းသားပြောလိုက်သည့်စကားကြောင့် ဖုယွမ်ကျိုးနှလုံးက ဒိတ်ကနဲခုန်သွားခဲ့၏။ သူ ယွိဖေးကို ထိတ်ပျာစွာဖြင့်ကြည့်လိုက်သော်လည်း ယွိဖေးကမူ လူအုပ်ကြားထဲမှသူ့ကိုမမြင်ဘဲ တည်ငြိမ်သည့်မျက်နှာဖြင့် ဖွဖွလေးပြုံးလိုက်သည်ကိုသာမြင်လိုက်ရလေသည်။


အနမ်းခန်းရိုက်ရခြင်းက ရုပ်ရှင်မင်းသားများအတွက်ပုံမှန်ပင်။ ယခင်ဘဝကလည်း အကြိမ်ပေါင်းများစွာရိုက်ကူးခဲ့ဖူးသော်လည်း ဖုယွမ်ကျိုးနှင့်တွဲနေခဲ့သောကြောင့် ယွိဖေးမှာ ထိုအခန်းများကိုမရိုက်ချင်ခဲ့ပေ။ သို့ဖြစ်၍ အကြောင်းမျိုးစုံပြကာငြင်းဆန်နေခဲ့သည်။ သို့သော် ယခုအချိန်တွင် သူတို့နှစ်ယောက်က မည်သည့်ပတ်သတ်မှုမှမရှိသောကြောင့် ယွိဖေးကား ငြင်းတော့မည်မဟုတ်ပေ။ ဖုယွမ်ကျိုးမှာ ယွိဖေးကိုတားမြစ်ရန် အခွင့်အရေးမရှိမှန်းသိသည့်တိုင် ငြိမ်လည်းမနေနိုင်ပေ။


ရှောင်ဖေးနှင့် တခြားလူတစ်ယောက်ကသာ ဖြစ်နိုင်ချေကိုစဥ်းစားကြည့်သည်နှင့် ဖုယွမ်ကျိုးနှလုံးသားက ဆွဲဆုပ်ခံလိုက်ရသလို အောင့်မျက်သွားခဲ့ရလေသည်။ ထူးဆန်းစွာဖြင့်ထိုညတွင် ယွိဖေးက ရှဲ့လင်အိမ်ကိုပြန်လာခဲ့သည်။ ယခင်ကဆိုလျှင် ဟိုတယ်မဟုတ်ပါက အခြားနေရာတစ်ခု၌သွားနေတတ်၏။ ဟိုတယ်က အတော်လေးနီးသည့်နေရာတွင်ရှိသောကြောင့် သူအချိန်မရွေးအိမ်ပြန်နိုင်သည်။


ယွိဖေးက သူနှင့်အနီးလေးတွင်ရှိနေသောကြောင့် ဖုယွမ်ကျိုးမှာ ငြိမ်ငြိမ်မနေနိုင်တော့ပေ။ ရှဲ့လင်အိမ်ကိုအပြေးသွားပြီး ယွိဖေးအခန်းတံခါးကိုခေါက်ကာ သေချာအောင် နောက်တကြိမ်အတည်ပြုခဲ့သည်။


"မင်းတကယ်ကြီး နမ်းတဲ့အခန်းကိုရိုက်မှာလား..."


အခန်းထဲရောက်သည်နှင့် ယွိဖေးပင် ဘာမှမပြောရသေးခင် ဖုယွမ်ကျိုးက မနေနိုင်မထိုင်နိုင်မေးလိုက်လေ၏။


သူ့မေးခွန်းကို ယွိဖေးကအံ့ဩဟန်မပြပေ။ ဖုယွမ်ကျိုးက မေးလာမည်မှန်းအတပ်သိထားသလို ခေါင်းညိတ်ပြီး ဝန်ခံလိုက်သည်။


 "အင်းလေ...သဘောတူထားပြီးပြီ..."


"နောက်တစ်ခေါက်လောက် ပြန်စဥ်းစားကြည့်ပါဦးလား..." 

ဖုယွမ်ကျိုးက တိုးတိုးလေးပြောလာပြန်၏။

 "ငါကြားတာတော့ ဇာတ်ညွှန်းထဲကအတိုင်းဆိုရင် လက်ထပ်ခွင့်တောင်းတဲ့အခန်းပါ ပါတယ်ဆို..."


"ပါမှာပေါ့...ပါလည်း ငါ့ဘက်က ငြင်းစရာအကြောင်းမှမရှိတာ..."


ယွိဖေးကပြောပြောဆိုဆိုပင် ရုတ်တရက် ရှေ့တိုးလာကာ ဖုယွမ်ကျိုးမျက်နှာကိုအုပ်ကိုင်လိုက်လေသည်။ 


"ယွမ်ကျိုး...ကိုယ်ဘယ်လိုလုပ်ရမလဲ...ဒါရိုက်တာကိုပြောရမလား..."


"......" 


ဖုယွမ်ကျိုးသည်ကား အချိန်အကြာကြီးနှုတ်ဆိတ်သွားလေသည်။ သူ့ထံတွင်ရေရာသည့်အကြောင်းပြချက်မရှိစေကာမူ ယခု ဤနေရာကိုရောက်လာရသည့်အကြောင်းအရင်းက ၎င်းနှင့်ပတ်သတ်နေလေ၏။


ယွိဖေးက ဆက်ပြောလာခဲ့သည်။ 


"ဇာတ်ကားကိုပိုစိတ်ဝင်စားစရာကောင်းပြီး လူထုရဲ့အာရုံစိုက်မှုကိုရအောင်...နမ်းခန်းကတော့ရိုက်ရမှာပဲ...ဒါပေမဲ့ လာတားတဲ့သူရှိရင်တော့ စိတ်ပြောင်းရင်ပြောင်းမှာပါ..."


"ဒီအခန်းကိုရိုက်ရမလားတော့ ကိုယ်အဖြေမပေးနိုင်ဘူး..ကျိုးအာ...မင်းကိုယ့်ကိုအကြောင်းပြချက်တော့ပေးရမယ်..."


ထိုသူ၏မျက်လုံးအကြည့်က အလွန်တရာနက်ရှိူင်းပြီး ဖုယွမ်ကျိုး ၎င်းတို့ကိုငေးကြည့်လိုက်သည့်အခါ သူ့အတွေးများကဖောက်ထွင်းခံနေရသလိုပင် ခံစားလိုက်ရလေသည်။ သူ့မျက်နှာကပူလာပြီး စိတ်ထဲရှိသည့်အတိုင်းပြောလိုက်မိလေသည်။ 


"မင်းက ဒီလိုအခန်းမျိုးကို ရိုက်ဖို့ငယ်လွန်းသေးတယ်လေ..."


သူစကားပြောမှားသွားပြီမှန်းသိလိုက်ပြီး မျက်နှာပေါ်တွင် အပြစ်ရှိစိတ်တို့ကပေါ်ထွက်လာခဲ့လေသည်။ သူသည်ကား တကိုယ်တော်ဆန္ဒအရ ယွိဖေး၏ အနမ်းဇာတ်ဝင်ခန်းကိုမကြည့်လိုသော်ငြား လူကြီးတစ်ယောက်ပုံစံကိုဖမ်းထားလိုက်သေးသည်။ ယုတ္တိရှိနေ၍သာမဟုတ်လျှင် သူ၏တကိုယ်ကောင်းဆန်မှုတို့က အတိုင်းသားပေါ်နေနိုင်လေ၏။


"ကိုယ်ကမငယ်တော့ပါဘူး..." 

ယွိဖေးက ပြုံးလိုက်လေသည်။ 

"ကိုယ်ကသဘောကျတဲ့လူကိုရော...လိုချင်တာကိုရောသိနေပြီလေ...မင်းဘယ်လိုထင်လဲ..." 


သူသည် ဖုယွမ်ကျိုးလက်ကိုဆွဲလိုက်လေ၏။

 "ပြောပါ...ကိုယ်နားထောင်မယ်.."


ထိုသူက နီစွေးစွေးနှုတ်ခမ်းတို့ ဖုယွမ်ကျိုး၏လက်ချောင်းထိပ်ဖျားလေးများကိုနမ်းမိတော့မည်အထိ ခေါင်းငုံ့လာလေသည်။ ဆုပ်ထွေးထားသည့်လက်ဖဝါးမှအပူချိန်သည် ဖုယွမ်ကျိုးမျက်နှာကို နီရဲလာစေခဲ့ပြီး မာဆတ်နေသည့်သူ့အသံက မကြားနိုင်လောက်သည်အထိ တိုးညှင်းသွားခဲ့သည်။ 


"မသင့်တော်ဘူးလေ.."


"....."


ယွိဖေးကသူ့အား ခဏကြာသည်အထိကြည့်နေကာ နှုတ်ခမ်းတို့ကိုတွန့်ကွေးလိုက်လေသည်။ ပြီးနောက် ဖုယွမ်ကျိုးကိုလွှတ်ပေးလိုက်ပြီး စားပွဲပေါ်မှဇာတ်ညွှန်းစာရွက်ကိုကောက်ယူလိုက်၏။


"ကိုယ်မင်းကို ဇာတ်ညွှန်းမပြသင့်ပေမဲ့ မင်းဘယ်သူ့ကိုမှပြန်မပြောနဲ့နော်..."


ထိုသူကပြုံးပြီး ဖုယွမ်ကျိုးကိုပြောလာသည်မှာ...


 "မင်းကကိုယ့်ကို အနမ်းခန်းရိုက်ဖို့မသင့်တော်သေးဘူးလို့ပြောတော့...ကိုယ်နဲ့ပူးပေါင်းပေးလေ...ကိုယ်မင်းကိုသက်သေပြမယ်...မင်းကသင့်တော်လား..မသင့်တော်ဘူးလားဆိုတာ ဆုံးဖြတ်ပေါ့..."


♎️