Chapter 69
Viewers 5k

👻 Chapter 69

အချင်းတိုင်ကို ချီသွားတဲ့ ကြောင်နက် (2)



ထူးခြားတဲ့ မစ်ရှင်လား....။ ပြိုင်ပွဲဝင်က ထူးခြားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရမှာပေါ့....


ချူဟွိုက်မှာ အတွေးနစ်နေမိသည်။


တစ်ချိန်တည်းမှာပင် တိုက်ခန်းထဲတွင် တီဗွီကြည့်နေသည့် စွန်းကျားမူကလည်း မစ်ရှင် လက်ခံရရှိ၍ မှောင်မည်းနေသော မျက်နှာက ချက်ချင်း ဖျော့တော့သွားသည်။


အမွှာလား....။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ....


စွန်းကျားမူက အသက်ဝဝရှူလိုက်ရင်း မျက်လုံးတို့ကလည်း တောင်စဥ်ရေမရဖြစ်သွားသည်။ 


မစ်ရှင်သွားရမည့် နေ့တွင် ချူဟွိုက်က အိပ်ရာထပြီး အောက်ထပ်တွင် ထိုင်ကာ ကော်ဖီသောက်နေလိုက်သည်။ သူက စိတ်မထိန်းနိုင်တော့၍ အပေါ်ထပ်သို့ တိတ်တိတ်လေး တက်သွားလိုက်သည်။


သူတို့က တစ်သက်တာ ခွဲရခြင်း မဟုတ်သော်လည်း ကျင်းထျန်းယိကို တစ်ခုခု ပြောခဲ့ချင်သည်။

 

သူ့ဘက်က ထိန်းမနိုင်လောက်အောင် ဖြစ်နေ၍ သူ့ကိုယ်သူလည်း စက်ဆုပ်မိသည်။


အခြားသူများကလည်း တံခါးနားတွင် ရပ်နေကြ၍ ရုတ်တရက် အိုးတိုးအန်းတန်း ဖြစ်သွားရသည်။ သူက တံခါးခေါက်ပြီးလျှင်လည်း ကျင်းထျန်းယိကို ဘာပြောရမလဲ မသိ၍ မျက်နှာမသာမယာနှင့် အောက်ပြန်ဆင်းလာပြီး မသွားခဲ့သလို ဟန်ဆောင်နေလိုက်သည်။

 

သူ ပြန်သွားသည့်အချိန် ကျင်းထျန်းယိ၏ တံခါးက ပွင့်လာခဲ့သည်။


ကျင်းထျန်းယိက လှေကားထောင့်နားတွင် ပျောက်ကွယ်သွားသော ချူဟွိုက် ကျောပြင်လေးကို ကြည့်လိုက်ရင်း ပြုံးယောင်သန်းသွားလေသည်။ ယခုလိုဖြစ်နေသည့်အချိန် ချူဟွိုက်က လာချင်စိတ်ရှိနေသေးမည်ဟု သူ မထင်ထားခဲ့ပေ။ သူ့ဘက်ကလည်း အခန်းထဲမှ အချိန်အတော်ကြာ စောင့်ခဲ့လေသည်။ 


သူက တော်တော် သတ္တိရှိတာပဲ.....မစ်ရှင်လုပ်စရာ ရှိတယ်လို့တောင် ပြောမပြခဲ့ဘူး....လော့ဇီယန်သာ လာမပြောရင် ချူဟွိုက် ဒီနေ့ ထွက်ရမယ့်အကြောင်းကို သူသိရမှာ မဟုတ်ဘူး....

 

မနက် ၅နာရီ ၄၀မိနစ်တွင် ဘတ်စ်ကားက ရောက်လာသည်။ ကျင်းထျန်းယိက ပြင်သစ်စတိုင် ပြတင်းပေါက်ဘေးနား ရပ်နေရင်း ဘတ်စ်ကားပေါ် တက်သွားသော ချူဟွိုက်ကို တိတ်တဆိတ် ကြည့်နေမိသည်။


ထူးခြားမစ်ရှင်သို့ ပြိုင်ပွဲဝင် အနည်းငယ်သာ ဝင်ခွင့်ရ၍ ပြိုင်ပွဲဝင်များအတွက် ကန့်သတ်ချက် ရှိလေသည်။ သူက ပြိုင်ပွဲဝင်လည်း မဟုတ် လူလည်း မဟုတ်သည့်အတွက် ပြိုင်ပွဲဝင်ဆိုသည့် ခေါင်းစဥ်အောက်တွင် သူမပါချေ။ 


ချူဟွိုက်က ဘတ်စ်ကားပေါ် ခြေချလိုက်စဥ် စွန်းကျားမူလည်း တက်လာမှန်း တွေ့လိုက်၍ အံ့သြသွားရသည်။


စွန်းကျားမူက သီးသန့်နေတတ်သည့်သူ ဖြစ်၍ သူ မစ်ရှင်လုပ်ရမည်မှန်း မည်သူမှ မသိကြချေ။ သိကြရင်လည်း သူ့ကို ဂရုစိုက်နေကြမည့်သူများ မဟုတ်ပေ။ 


စွန်းကျားမူက ချူဟွိုက်ကို တွေ့လိုက်သော်လည်း အထင်သေးသလို ကြည့်လိုက်ပြီး ရှေ့ဆုံးတွင် ဝင်ထိုင်လိုက်သည်။


အသစ်လေးများကို စောင့်နေရင်း ချူဟွိုက်က သူနှင့် စွန်းကျားမူတို့ကြား တူညီသည့် အရာတစ်ခု ရှိနေမှန်း စဥ်းစားမိသည်။ စွန်းကျားမူလည်း ဒီမစ်ရှင်မှာ ပါတယ်ဆိုတော့ သူလည်း ထူးခြားအခြေအနေကို တွေ့ခဲ့လို့ပဲပေါ့....


ဒါဆို အဲ့ဒီ ထူးခြားအခြေအနေ ဆိုတာကြီးက ဘာဖြစ်နိုင်မလဲ....


အသစ်လေးများ ဝင်လာကြ၍ ချူဟွိုက်က မည်းမှောင်မသွားခင် သူတို့မျက်နှာများကို မှတ်မိအောင် ကြည့်ထားလိုက်၏။


သူ နိုးလာသည့်အချိန် လယ်ယာသုံး ကိရိယာများ ကိုင်ထားမှန်း သိလိုက်ရသည်။ 


ချူဟွိုက်က ပတ်ဝန်းကျင်ကို ချက်ချင်း အကဲခတ်ကြည့်လိုက်ရာ တောင်အထပ်ထပ်ကြားတွင် တောင်နံရံ၏ တစ်ဝက်လောက်ထိ နေရာယူထားသော သက်ကယ်မိုး တဲအိမ်စုများနှင့် ရွာလေးတစ်ရွာကို လှမ်းမြင်လိုက်ရသည်။ အနီးကပ်ကြည့်လိုက်မှ ရွာကိုသွားသည့် ရွှံ့ထူထူ လမ်းသွယ်လေးတစ်ခု ရှိနေမှန်း တွေ့လိုက်ရသည်။


မစ်ရှင်က ပြောပြထား၍ ဤနေရာက ရှောင်ကွမ်ရင်ဟုခေါ်သည့် ခေတ်နောက်ကျပြီး ဆင်းရဲလှသည့် ရွာလေးဖြစ်မှန်း သိထားလေသည်။  


ချူဟွိုက်က အမျိုးသား အဝတ်အစား ဝတ်ထားသည့် သူ့ပုံစံကို တွေ့လိုက်၍ စိတ်ထဲ တစ်မျိုးဖြစ်သွားသည်။


တစ်ယောက်ယောက်က အနောက်ကို ရောက်လာပြီး စကားဆိုလာသည် " ရှောင်ဟွိုက်....မင်းအမေက မင်းအတွက် ညီမလေး မွေးပေးခဲ့တယ်....မင်းအဖေက မင်းကို ပြန်ခေါ်ခိုင်းလို့...." အသားမည်းမည်း ဒေါင်ကောင်းကောင်းနှင့် အမျိုးသား တစ်ယောက်ပင်။        


“ ကျွန်တော့်အမေကလား.....ကလေးမွေးတာလား...." ချူဟွိုက်မှာ အံ့သြသွားရင်း ဇာတ်ကြောင်းက အလုပ်လုပ်နေပြီမှန်း နားလည်သွားသည်။


ဒါဆို သူက ဒီဇာတ်လမ်းမှာ နေရာတစ်နေရာကနေ ပါဝင်နေတယ်လို့ ပြောချင်တာလား....

 

“ဒါပေါ့ကွ...." ထိုလူက ပြုံးဖြဲဖြဲလုပ်လာရင်း ဂုဏ်ပြုပေးရန် ပြင်လိုက်သော်လည်း ချူဟွိုက်က ဖြတ်ပြောလိုက်သည်။


ချူဟွိုက်က သူ့စကားလုံးများထဲမှ သံသယတစ်ခုကို ဖမ်းဆုပ်မိ၍ မဝံမရဲ မေးလိုက်သည် " မိန်းကလေး မွေးတာလား...."


မစ်ရှင်ထဲမှာတော့ ရွာသားတွေအကုန်လုံးက အမွှာပဲ မွေးကြတယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတာပါ....


" ဒါ လူတိုင်း သိနေကြတဲ့ ကိစ္စပဲလေ....ဘာလို့ ပြန်ပြောပြနေရဦးမှာလဲ...." ထိုလူက သနားသလို အကြည့်လေးနှင့် သက်ပြင်းချလိုက်ပြီး စကားဆိုလာသည် " ဘယ်လိုပဲနေနေ ကလေးရတယ်ဆိုတာကိုက ဝမ်းသာစရာကောင်းတဲ့ ကိစ္စပဲ....မင်း မနက်ဖြန် ကွမ်ရင်မယ်တော်ဆီ သွားပြီး ပူဇော်သင့်တယ်.... နောက်ဆုံးကျရင်တော့ မင်း အသားကျလာမှာပါ...."


ချူဟွိုက်က ခေါင်းနောက်သွားရသည် " လူတိုင်းသိနေတဲ့ ကိစ္စ....ကွမ်ရင်မယ်တော်ကို ပူဇော်ရမယ်....ဘာကို အသားကျရမှာလဲ...."


သူ၏ သိချင်စိတ်ကို သတိထားမိသွားမှာစိုး၍ ရှည်ရှည်ဝေးဝေး မမေးရဲချေ။ ထို့ကြောင့် အမြန် သုတ်ခြေတင်ပြီး အိမ်ပြန်လာခဲ့သည်။


သူက အိမ်ထဲဝင်လိုက်သည်နှင့် အမျိုးသမီးတစ်ယောက်၏ မြေကြီးအက်မတတ် အော်ငိုသံကို ကြားလိုက်ရသည်။ 

  

“ ငိုမနေနဲ့.....ဒါက ကံဆိုးတာလား ကံကောင်းတာလားကွာ...." အတွင်းခန်းထဲမှ လူကြီးတစ်ယောက်က ကလေးချီပြီး ထွက်လာကာ ဒေါသတကြီး ဆဲရေးလာသည်။


ချူဟွိုက်နောက်က ပါလာသည့် စောစောကလူက သူ့အဖေလက်ထဲက ကလေးကို လျှို့ဝှက်သည့် အကြည့်နှင့် ကြည့်လိုက်ပြီး အပြင်ထွက်သွားလေသည်။


ချူဟွိုက်က သူ့အဖေလက်ထဲက ကလေးက သူ့ညီမလေး ဖြစ်လောက်မည်ဟု တွေးမိ၍ တစ်ချက်ကြည့်ရန် ရှေ့တိုးလာရာ သူ့အဖေမှာ တားချိန်မရလိုက်ပေ။ ချူဟွိုက်က သူ့အဖေလက်ထဲက ကလေးကို မြင်လိုက်ရသည့်အချိန် မျက်လုံး အဝိုင်းသား ဖြစ်သွားရသည်။


ကလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသလိုမျိုး မျက်လုံးပိတ်ထားသော်လည်း သူမ၏ ပါးစပ်နားတွင် နီရဲပြီး ခရမ်းရောင်သန်းနေသော လက်ရာများ ရှိနေကာ ပါးအို့လေးတွင်လည်း ရွှံ့စက်များ ကပ်နေသည်။


ချူဟွိုက်က ကာလကြာရှည် လယ်လုပ်ရာမှ စုပြုံရရှိလာသော သူ့အဖေ၏ လက်သည်းခွံအောက်မှ ရွှံ့ဖတ်များကို တွေ့လိုက်ရသည်။


သူ့အဖေက ကလေးကို သတ်ရန် ကြိုးစားခဲ့မှန်း  နားလည်သွားချိန် ချူဟွိုက်မှာ အော်ဂလီဆန်သွားရသည်။


" ရှောင်ဟွိုက်....အဖေ့မှာ ရွေးစရာမရှိခဲ့လို့ပါ...." 


သူ့အဖေက သက်ပြင်းချလိုက်ရင်း ဆိုလာသည်


 " ကွမ်ရင်မယ်တော်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်မလုပ်ခဲ့ရင် မင်းလည်း ရှိလာမှာ မဟုတ်သလို မင်းညီမလည်း ရှိလာမှာ မဟုတ်ဘူး  ....." 


“ မင်း အထဲဝင်ပြီးတော့ မင်းညီမနဲ့ အမေကို သွားကြည့်လိုက်....အဖေ ဒါကို သွားမြုပ်လိုက်ဦးမယ်...."


ဤတစ်ကြိမ်တွင်လည်း ချူဟွိုက်က " ကွမ်ရင်မယ်တော်...." ဆိုသည့် စကားလုံးကို ကြားရပြန်သည်။


သူက တည်ငြိမ်ချင်ယောင်ဆောင်လိုက်ရင်း အခန်းထဲ ဝင်သွားရာ သွေးနံ့ပြင်းပြင်းက နှာခေါင်းထဲ လှိုက်ဝင်လာသည်။ သူ့အမေက ကျန်ခဲ့သည့် ရင်သွေးလေးကို ကျစ်ကျစ်ပါအောင် ချီထားရင်း အငိုတိတ်ကာ သူမကိုယ်သူမ နှစ်သိမ့်ပေးနေသည်


 " ငါ့မှာ ကလေးတစ်ယောက်တည်း ရှိတယ်....တစ်ယောက်ပဲ မွေးတယ်လို့ နေလိုက်ရုံပါပဲ...."  

  

“ ကျေးဇူးပါ....ကွမ်ရင် မယ်တော်....ကျေးဇူးတင်ပါတယ်....ကွမ်ရင် မယ်တော်...."


ချူဟွိုက်က ရပ်နေရင်း သဘောပေါက်သွားပြီ ဖြစ်သည်။ သူ့မိခင်က အမွှာကိုယ်ဝန်လွယ်ထားသော်လည်း " ကွမ်ရင် မယ်တော်" ၏ ညွှန်ကြားချက်ကြောင့် သူ့အဖေက ကလေးတစ်ယောက်ကို သတ်ခဲ့ရသည်။ တစ်ယောက်ကို ယူပြီး တစ်ယောက်ကို စွန့်ပစ်တာပဲ....

  

“ ဒါက အသားမည်းမည်းနဲ့လူ ပြောသွားတဲ့ လူတိုင်းသိနေတဲ့ အရာ ဆိုတာပဲ...."ချူဟွိုက်က ထိုအချိန်က ထိုလူ့မျက်နှာပေါ်က သနားရိပ်များကို နားလည်သွားရသည်။ 


ဒါဆို ဒီရွာမှာနေတဲ့သူတွေ အကုန်လုံးက ဒီစည်းမျဥ်းကို လိုက်နာကျင့်သုံးကြတာပေါ့....


ပြီးတော့ သူ့အဖေနဲ့ ဟိုလူရဲ့ လေသံကို အကဲခတ်ရရင် သူတို့က ကွမ်ရင်မယ်တော်ကို ယုံကြည်ကိုးကွယ်ကြတယ်....သူမရဲ့ ဆန္ဒအတိုင်း လိုက်လုပ်ကြတယ်....


ချူဟွိုက်က ဒေါသထွက်လာရသည်။


" ရှောင်ဟွိုက်....မင်း ပြန်လာပြီ....မင်းညီမလေးကို လာကြည့်ကြည့်...." အားနည်းနေသည့် အမျိုးသမီးကြီးက တံခါးနားတွင် ရှိနေသော ချူဟွိုက်တွင် နောက်ဆုံးတွင် သတိထားမိသွားလေသည်။


ချူဟွိုက်က ခေါင်းယမ်းပြလာ၍ ထိုအမျိုးသမီးက သူမသားက လက်မခံနိုင်သေးမှန်း သိလိုက်သောကြောင့် တွန်းအားမပေးပဲ ဖျောင်းဖျလာသည် " အမေတို့ ဒီကိစ္စကို ရှောင်တိမ်းလို့ မရဘူး....ကွမ်ရင်မယ်တော်ရဲ့ ကြီးမြတ်မှုကြောင့်သာ မဟုတ်ရင် အမေ့မှာ မင်းနဲ့ မင်းညီမလေးကို ရနိုင်မှာ မဟုတ်ဘူးပေါ့..."

  

“ မင်း အမေနဲ့ အဖေကို နာကျည်းနေမှန်း သိပါတယ်....ဒါပေမယ့်...." ထိုအမျိုးသမီးက မျက်ရည်သုတ်လိုက်ပြီး လက်လျှော့သည့် အသံနှင့် စကားဆိုလာသည် " မင်း အနာဂတ်မှာ နားလည်လာလိမ့်မယ်....တကယ်လည်း မင်းက လက်ထပ်ပြီးသွားပြီပဲ....မနက်ဖြန်ကျရင် ကွမ်ရင်မယ်တော်ဆီသွားပြီး ကလေးရဖို့ ဆုသွားတောင်းရမယ်နော် ...."     


ချူဟွိုက်က အံ့သြသွားသည်။ ကလေးရဖို့ ဆုတောင်းရမှာ....ဒါက သူ့အတွက် စီစဥ်ပေးထားတဲ့ ဇာတ်ကြောင်းလား....


သူ့မျက်နှာမကောင်းမှန်း မြင်လိုက်၍ အမျိုးသမီးကြီးက ဘေးဘက်ရှိ သွေးများနှင့် ဇလုံဆီ ညွှန်ပြရင်း ခိုင်းလာသည် " အချင်းကို သွားဆေးချေ....ကွမ်ရင်မယ်တော်ရဲ့ ညွှန်ကြားချက်အတိုင်းဆို နောက်ပိုင်းမှာ မင်းညီမကို အချင်းစတူး ကျွေးရမှာ...."


ချူဟွိုက်က ဇလုံထဲရှိ သွေးကြောထုံးကို ကြည့်လိုက်ရင်း အန်ချင်စိတ်ကို ထိန်းကာ ဇလုံမပြီး အိမ်အပြင်ဘက်ရှိ ရေအိုင်ဆီ လျှောက်သွားလိုက်သည်။


မွေးကင်းစကလေးကို အချင်းစတူး ကျွေးတာလား....ဒီကွမ်ရင်မယ်တော်ဆိုတာက လူကောင်း ဟုတ်ပုံမရဘူး....ချူဟွိုက်က လှောင်ရယ်လိုက်သည်။


သွေးနံ့ကင်းသွားချိန် သူက ဇလုံထဲရှိ အကြောပြိုင်းပြိုင်းထနေသော သွေးကြောထုံးကို ကြည့်လိုက်ရင်း ပြောင်အောင် ဆေးနိုင်ပါ့မလား သူ့ကိုယ်သူ မသေချာပေ။


သူက အခုတွင် နည်းနည်း သိသွားပြီ ဖြစ်သည်။ သူက အခြားသော ပြိုင်ပွဲဝင်များနှင့် အဆက်အသွယ်မရချေ။ သေချာပြောနိုင်သည့် အရာတစ်ခုက အခြားသူများလည်း ရွာထဲရှိ အိမ်များဆီ ဇာတ်ကောင်တစ်ခုအနေနှင့်

တစ်ကွဲတစ်ပြား ရောက်သွားကြခြင်း ဖြစ်မည်။ သူက လမ်းစရှာပြီး သူတို့ကို သွားတွေ့ကာ အချက်အလက်ချင်း အလှဲအလှယ် လုပ်ရန် လိုအပ်သည်ပင်။


ယခင် ဖြစ်ရပ်များနှင့် ယှဥ်ပါက အခုဖြစ်ရပ်၏ ပန်းတိုင်က မသဲကွဲချေ။ " အသက်ရှင်ရမည် "ဆိုသည့် စကားလေးတစ်ခွန်းသာ ပါသည်။ ထို့ကြောင့် ဤဖြစ်ရပ်က ကြောက်စရာကောင်းသော အခန်းကဏ္ဍများ ပါဝင်နိုင်သည်။


ထို့အပြင် ဤဖြစ်ရပ်ကို ကြေညာချိန်ကလည်း လွတ်လမ်းအတွက် သဲလွန်စပေးမသွား၍ ကိုယ့်ဘာသာ ရှာဖွေရမည်ဖြစ်ကာ တော်တော်လေး ခံနိုင်ရည်ရှိရမည်ပင်။  

 

ချူဟွိုက်က အတွေးပျောက်နေစဥ်အတွင်း ရုတ်တရက် သူ့ခြေထောက်နားကို တစ်ခုခုက ပွတ်သပ်လာလေသည်။


ယင်းက အာဟာရမပြည့်သည့်ပုံစံနှင့် အရောင်မှိုင်းမှိုင်း ကြောင်နက်တစ်ကောင် ဖြစ်နေသည်။ သူ့ကိုယ်ပေါ်တွင် အခြားအရောင်ဟူ၍ တစ်မွေးမှ မရှိချေ။ ယခုအချိန်တွင် ကြောင်လေးက သွားထက်ထက်လေးများနှင့် သူ့ဘောင်းဘီစကို လှမ်းကိုက်နေခြင်း ဖြစ်သည်။ 

 

ချူဟွိုက်က ကုန်းကြည့်လိုက်ရာ ကြောင်လေး၏ မီးခိုးပြာရောင် ကျောက်မျက်လို မျက်လုံးလေးများနှင့် ဆုံမိသွားသည်။


ကြောင်နက်များက ဆိုးသွမ်းသည်ဟု ပြောလေ့ရှိကြကာ အနောက်တိုင်းယဥ်ကျေးမှုတွင်ဖြင့် ကြောင်နက်များက စုန်းမများ အယောင်ဆောင်ထားခြင်း ဖြစ်သည်ဟုပင် ယုံကြည်ကြသည်။ 

 

ချူဟွိုက်က ငေးမိသွားစဥ် ကြောင်နက်က ရေအိုင်စွန်းနား ရုတ်တရက် ခုန်ဝင်လာပြီး ဇလုံထဲမှ သွေးရွှဲရွှဲနှင့် အချင်းတိုင်ကို ကောက်ဆွဲကာ ထွက်ပြေးသွားလေသည်။ ခြေချောင်း လက်ချောင်းလေးများက ပိန်လှီပြီး ခန္ဓာကိုယ်ကလည်း ပေါ့ပေါ့လေးဖြစ်၍ လှုပ်ရှားမှုများက မြန်ဆန်သည်။ မျက်စိတစ်မှိတ်စာအတွင်း ဝေးဝေးရောက်သွား၍ ကြက်ချေးအပြည့်နှင့် မြေကြီးညစ်ညစ်ပတ်ပတ်ပေါ်တွင် သွေးစီးကြောင်းကြီးသာ ကျန်နေခဲ့သည်။ 


ချူဟွိုက် "....."

 

သူ့အဖေက အလောင်းမြုပ်ပြီး၍ ပြန်လာသည့်အချိန် အချင်းကို ကြောင်က အလစ်သုတ်သွားမှန်း မြင်လိုက်၍ တံခါးနားက တံမြက်စည်းကို လှမ်းဆွဲပြီး လိုက်တော့သည်။ သို့သော်လည်း ကြောင်နက်က သူ့ကို အထင်သေးသလို ကြည့်လိုက်ပုံရကာ လွှားခနဲ ခုန်ပြီး အမိုးပေါ် တက်ပြေးသွားရင်း အချင်းနှင့်အတူ ပျောက်ကွယ်သွားလေသည်။


ကြောင်နက်က အချင်းကို သယ်ပြီး သရဲတစ်ကောင်လို လှုပ်ရှားသွားသည်။


ချူဟွိုက်က အိမ်ထဲ သုတ်သုတ် ပြေးဝင်၍ ခေါင်မိုးပေါ်တက်ရန် လှေကားဆွဲနေသော ကြောက်လန့်နေသည့် အဖေဖြစ်သူကို ကြည့်နေလိုက်သည်။ 

  

“ မင်း....သားရိုင်းကောင်...." သူ့အဖေက ပျစ်ပျစ်နှစ်နှစ် ကျိန်ဆဲလာ၏ 


" ဒါတွေ အကုန်လုံးက မင်းကြောင့်...မင်းက အဲ့တိရစ္ဆာန်ကို မွေးထားလို့ ဖြစ်ရတာ...." 


“ ငါတို့ ကွမ်ရင်မယ်တော်ကို စိတ်ဆိုးအောင် လုပ်မိရင် ငါတို့မိသားစုတော့ အန္တရာယ်ကျတော့မှာပဲ...." သူ့အဖေက ကြောက်လွန်း၍ အသံများပင် တုန်ယင်နေသည်။


ချူဟွိုက်က စိတ်ထဲ ပြေးလွှားနေရင်း ကူညီပေးချင်ယောင်ဆောင်လိုက်သည်။


သူက အခြားသော ပြိုင်ပွဲဝင်များနှင့် တတ်နိုင်သလောက် တွေ့ဖို့လိုသည်။ ဤဇာတ်ကောင်ကို ချိုးဖောက်မိသည်နှင့် ပြင်းထန်သည့် အကျိုးဆက်ရှိလာနိုင်မလား သူမသိ၍ အခြားသူများကို တွေ့ဖို့လိုလျှင်ပင် သံသယဝင်နိုင်မည့် အပြုအမူမျိုး ထုတ်ပြ၍မဖြစ်ပေ။ 


ကံကောင်း၍ သူက ဘတ်စ်ကားပေါ်ရှိ အသစ်လေးများ၏ ရုပ်ကို အမြန်ကြည့်ထားခဲ့၍ မှတ်မိနေသည်။


ချူဟွိုက်ခေါင်းထဲ လစ်ခနဲ အကြံတစ်ခု ဝင်လာရင်း သံသယအဝင်မခံရပဲ အခြားသူများကို ရှာနိုင်မည့် နည်းလမ်းတစ်ခု ပေါ်လာသည်။ သူက ခေါင်မိုးပေါ် သတိထားပြီး လျှောက်နေရသည့် အဖေဖြစ်သူကို လှမ်းပြောလိုက်သည် " အဖေ...ကျွန်တော် တံခါးဝင် တံခါးထွက်လုပ်ရင်း ကြောင်မြင်လိုက်တဲ့သူ ရှိမလား မေးလိုက်ဦးမယ်....ချက်ချင်း ပြန်လာခဲ့မယ်နော်...အရမ်းနောက်ကျသွားရင် ကြောင်က စားပြီးသွားလောက်မှာစိုးလို့...." 

  

သူ့အဖေက ခေါင်းညိမ့်ပြီး သဘောတူလာ၍ ချူဟွိုက်က အမြန် ထွက်သွားပြီး ကြောင်ရှာရန် တစ်အိမ်တက်ဆင်း လုပ်ရတော့သည်။

 

မကြာမီ သူက အသစ်ထဲမှ ကောင်လေးတစ်ယောက်ကို ရှာတွေ့သွားသည်။ ထိုကောင်လေးက သူ့ကို မြင်လိုက်ချိန် ဝမ်းသာလုံးစို့သွားသော်လည်း ချူဟွိုက်က သူ့အကြောင်းကို အသေးစိတ်သိပြီးနောက် စိတ်ပျက်သွားရသည်။ မနက်၆နာရီ ဘတ်စ်ကားပေါ်မှ ဆင်းပြီးကတည်းက အဆင်ပြေပြေဖြစ်နေကာ ဘာမှမဖြစ်သေး၍ပင်။

  

ချူဟွိုက်က ထိုကောင်လေးကို မှာစရာရှိတာ မှာထားခဲ့ပြီး တစ်ခုခုသိရလျှင် သူ့နေရာမှာ လာတွေ့ဖို့ ချိန်းထားခဲ့သည်။ အမှန်တွင်ဖြင့် သူက ကြောင်ရှာရန် ထွက်လာခြင်းဖြစ်၍ အကြာကြီး နေ၍မရချေ။


လူသစ်လေးများက စုစုပေါင်း သုံးယောက်ရှိပြီး စွန်းကျားမူနှင့် သူအပါအဝင် ပြိုင်ပွဲဝင်စုစုပေါင်း ငါးယောက်ရှိမှန်း အမှတ်ရသွားသည်။ 


သူက အခြားသော အသစ်ကလေး နှစ်ယောက်နှင့် စွန်းကျားမူကို မတွေ့ရသေး၍ နည်းနည်းရှုပ်လာရသည်။


အိမ်ပြန်လမ်းတွင် ချူဟွိုက်က သူ့အိမ်တံခါးနားရပ်နေသော မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်၍ အံ့သြသွားရသည်။


ကောင်မလေးက အရမ်းလှပြီး ရိုးရိုးအဝတ်အစားသာ ဝတ်ထားသော်လည်း သူမအလှက ထင်းထွက်နေသည်။


ချူဟွိုက်က သူမက သူရှာနေသည့် အသစ်လေးထဲမှ တစ်ယောက် ဖြစ်နေမှန်း မှတ်မိသွားသည်။ သို့သော်လည်း သူမက သူမကိုယ်တိုင် သူ့အိမ်ရှေ့ ပေါ်လာသည်။


“ ရှောင်ဟွိုက်....အချင်းကို တွေ့ခဲ့လား..."သူ့အဖေက တစ်မနက်လုံး အလုပ်ရှုပ်သွား၍ ချွေးပြန်နေပြီး စိုးရိမ်တကြီး မေးလာသည်။


" မတွေ့ဘူး...."

  

“အို့....မဖြစ်ဘူး....မဖြစ်ဘူး...." အဖေကြီးက တုန်လှုပ်သွားပြီး ဆက်ပြောလာသည်


 " မင်းနဲ့ ရှောင်ကျွမ်းတို့ မနက်ဖြန်ကျရင် ကွမ်ရင်မယ်တော်ဆီ သွားဆုတောင်းရင်း ဒီကိစ္စကို ပြောပြလိုက်ကြ....ပြီးတော့ ခွင့်လွှတ်ပေးဖို့ပါ ဆုတောင်းခဲ့ဦး...."


“ ရှောင်ကျွမ်း...." သူက တည်တည်ငြိမ်ငြိမ်ပုံစံနှင့် သူ့ကို ခေါင်းညိမ့်ပြလာသော ပြိုင်ပွဲဝင်ကောင်မလေးကို ကြည့်လိုက်မိသည်။


ချူဟွိုက်က ဤအသစ်လေး၏ ဇာတ်ကောင်က သူ့မိန်းမနေရာတွင် ဖြစ်ပြီး မနက်ဖြန် ကွမ်ရင်မယ်တော်ဆီ ဆုတောင်းသွားကြရမည်ဖြစ်မှန်း နားလည်သွားရသည်။ 


ကောင်းပြီ....ဘာပဲဖြစ်ဖြစ် သူက စုံစမ်းဖို့ ပြင်ထားတဲ့အတွက် ပြည့်ပြည့်စုံစုံ အလုပ်ဖြစ်တာပေါ့....


“ နားလည်ပါပြီ..." ချူဟွိုက်က သဘောတူလိုက်သည်။


လူခွဲလိုက်ကြစဥ် ချူဟွိုက်က သူမနှင့် စကားပြောကြည့်လိုက်ရာ သူမက စုန့်ချင်းဟု မိတ်ဆက်လာသည်။

  

စုန့်ချင်းကလည်း ချူဟွိုက်တို့ အဖွဲ့ထဲ ပါသွား၍ သူမ၏ ကံကောင်းမှုကို အံ့သြသွားရသည်။ 


ချူဟွိုက်က သူမကို ကုတင်ပေါ် အိပ်ရန် ပြောလိုက်ပြီး သူက ကြမ်းပြင်ပေါ်က ယာယီလုပ်ထားသည့် အိပ်ရာပေါ် နားရန် ပြင်လိုက်သည်။ သို့သော်လည်း ညလယ်ခေါင်တွင် သူ့မျက်နှာကို တစ်ခုခုလာလျက်သလို ရုတ်တရက် ခံစားလိုက်ရသည်။


👻