Chapter 55
Viewers 19k

👻Chapter 55

- ချားရဟတ် (5)



သရဲမကြီးပဲ......


ချူဟွိုက်မြင်ကွင်းထဲ ပထမဆုံး ဝင်လာသည့်အရာက သွေးလွှမ်းနေသည့် ပုံရိပ်ကြီးပင်။


သရဲမ၏ နာဖူးပြင်တွင် သွေးထွက်နေသော အပေါက်ကြီးတစ်ခု ရှိနေသည်။ သူမ၏ မျက်နှာက သံအိမ်၏ ပြတင်းပေါက်ကို ဖိလာ၍ ပြတင်းပေါက်တွင် စေးကပ်ကပ်သွေးများ ဖုံးလွှမ်းလာပြီး ဖြေးဖြေးချင်း စီးကျလာသည်။


သရဲမ၏ အရေပြားက ခြောက်ကပ်ကာ ကျိုးပဲ့နေ၍ ပြုပြင်ရန်လိုအပ်သည့် နံရံဖြူကြီးနှင့် တူနေပြီး မျက်နှာတွင်လည်း အပြာစက်များ ရှိနေသည်။ မျက်လုံးထောင့်များကလည်း အက်ကွဲနေပြီး ကြက်သွေးရောင် မျက်လုံး မည်းနက်နေသော မျက်ဆံများနှင့် ချူဟွိုက်ကို စိုက်ကြည့်နေ၏။


ထိုအချိန် သူမ၏ သွေးစွန်းနေသည့် ဆံနွယ်ရှည်များက ပြတင်းပေါက်တစ်ခုလုံးကို ပိတ်ဆို့ထားပြီဖြစ်ကာ မြွေတစ်ကောင်လို ဆံပင်များ ဖြန့်ထုတ်လာပြီး သံအိမ်လေးအား နည်းနည်းချင်းစီ ဝါးမြိုလာသည်။


ချူဟွိုက်က ရုတ်တရက် လန့်သွား၍ အလိုလိုနောက်ဆုတ်မိသော်လည်း ညာဘက်တံခါးက ပွင့်နေပြီး ကျင်းထျန်းယိကလည်း သူဘေးကင်းအောင် ထိန်းပေးနေရမှန်း အမှတ်ရသွားသည်။


သောက်ကျိုးနည်း.....သူက တိတ်တိတ်လေး ကျိန်ဆဲလိုက်ရင်း ကျင်းထျန်းယိ ဖိအားမများစေရန်အတွက် ပြတင်းပေါက်လက်ကိုင်ကို တင်းတင်းကိုင်ထားရင်း နောက်မဆုတ်မိအောင် ထိန်းထားရသည်။


ကျိုးပဲ့လွယ်သော ပြတင်းပေါက်ပါးပါးလေးကို ကျော်၍ သရဲမနှင့် သူက မျက်နှာချင်း နီးကပ်နေပြီ ဖြစ်သည်။


"တံခါးပိတ်လို့ မရဘူး...."ကျင်းထျန်းယိက ကျောပေးထားရင်း ချူဟွိုက်ကို ပြောလာသည်။


ချူဟွိုက်က ရှက်ကိုးရှက်ကန်းပြုံးလိုက်ရင်း သရဲမဆီ လက်ယမ်းပြကာ စိတ်ငြိမ်အောင်လုပ်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်


 " ရတယ်....အခုတော့ လွတ်လမ်းအတွက် စဥ်းစားကြတာပေါ့...."


ယခုအချိန်တွင် သူက ကျင်းထျန်းယိကို ဒုက္ခထပ်မပေးချင်ပေ။


ကျင်းထျန်းယိက တစ်ခုခုမှားနေမှန်း အာရုံရလိုက်၍ ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ သရဲမကို ဖြတ်ခနဲ တွေ့လိုက်ရသည်။


"အခုချိန်မှ လာဟန်ဆောင်နေတယ်ပေါ့လေ....." သူက ကျိန်ဆဲလိုက်ရင်း ချူဟွိုက်ကို အနားဆွဲခေါ်ရန် ပြင်လိုက်သည်။


ချူဟွိုက်ကလည်း လျင်သည်။ သူ့ကို မထိအောင် ပြတင်းပေါက်ကို ကပ်ထားသည် " ရှင့်ရဲ့ ****လက်ကို မလွှတ်လိုက်နဲ့....ရှင်ကျသွားရင် ကျွန်မ အလောင်းကောက်နေမှာ မဟုတ်ဘူးနော်....အနေသာကြီး....."


ကျင်းထျန်းယိက ဒေါသထွက်သလို ရယ်လိုက်မိသည်။


သရဲမက သံအိမ်ထိပ်သို့ လက်တင်လာပြီး ဆက်တက်နေ၍ သံအိမ်၏ တစ်ခြားတစ်ဖက်ဆီသွားပြီး အိမ်ထဲဝင်လာချင်နေဟန်ပင်။


ကမ္ဘာ့ဆွဲအားကြောင့် သံအိမ်တစ်ခုလုံးက ကိုးဆယ်ဒီဂရီစောင်းနေပြီး တံခါးပေါက်ကလည်း မြေကြီးဆီ ဦးတည်နေ၏။


အမြင့်ပေ၁၅၀မီတာခန့် ရှိ၍ ပြုတ်ကျသွားလျှင် ဖြစ်လာမည့်အကျိုးဆက်ကို ပုံဖော်ကြည့်နိုင်သည်။


သူတို့အောက်ရှိ အနီရောင်သံအိမ်မှ တုန့်အန်ယာနှင့် ကျိုးရှို့ဝမ်တို့ကလည်း သရဲကို တွေ့လိုက်ရ၍ ချက်ချင်း မျက်နှာဖြူစုတ်သွားပြီး တစ်ယောက်နှင့်တစ်ယောက် ဖက်ထားကြသည်။


ချူဟွိုက်က လက်ရန်းတိုင်ကို ကိုင်ထားရင်း ပြတင်းပေါက်မှ တွဲလောင်းကျသလို ဖြစ်နေသည်။ သံအိမ်က ရုတ်တရက် လှုပ်လာ၍ သူက လှည့်အော်လိုက်သည် " ဒီကို တက်လာခဲ့....သူမ ဝင်လာနေပြီ...."


သံအိမ်လေး၏ ထိပ်ပိုင်းမှ အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာသည်။


ကျင်းထျန်းယိက အခြေအနေကောင်းသည်။ သူက လက်တစ်ဖက်နှင့် တံခါးကိုင်ထားရင်း အောက်ရှိ ကစားကွင်းရှိ နေရာသေးသေးလေးများကို အပါ်စီးမှ ကြည့်လိုက်ကာ ညာဘက်ရှိ လက်ရန်းကို လွှဲ၍ခုန်တက်လိုက်ပြီး အတွင်းပိုင်းထိ ဝင်သွားလိုက်သည်။ 


ချူဟွိုက်က ထိုပုံစံအတိုင်း တောင့်ခံထားရန် မလွယ်လှ၍ နှုတ်ခမ်းတို့ ဖြူဖျော့လာပြီး ကျင်းထျန်းယိက သူ၏ ပြေလျော့ချင်နေသော လက်ကို တင်းတင်းကိုင်ထားရသည်။


"ကျွန်မ ဘာလုပ်ရမလဲ.....ခုန်ချလိုက်ရမှာလား ...."ချူဟွိုက်က စနောက်နိုင်သေးသည်။


ကျင်းထျန်းယိက တစ်နေရာကို ညွှန်ပြလာသည် " သရဲက မြေကြီးပေါ် ပြုတ်ကျပြီး သေသွားတာ...."


ချူဟွိုက်က ချက်ချင်း မျက်လုံးပြူးသွားရင်း ပြောလာသည်


 " ကျွန်မ သိပြီ...."


ကျင်းထျန်းယိက ရုတ်တရက် သူ့ကို ဆွဲယူလာ၍ ခေါင်းလှည့်ကြည့်လိုက်ရာ သရဲက သံအိမ်ထိပ်ကို တက်နေပြီး တွဲလောင်းပုံစံကြီးနှင့် သူတို့ကို မကျေမနပ် စိုက်ကြည့်နေမှန်း တွေ့လိုက်ရသည်။


"ဘာကြောင့်လဲ...." သရဲမက ရုတ်တရက် အော်လာပြီး ဒေါသသံအပြည့်နှင့် သူမအော်သံက နားကွဲမတတ် ပြင်းထန်လှသည်။


ကျင်းထျန်းယိက အရပ်၁.၈မီတာရှည်သည့် ချူဟွိုက်ကို ကြက်ကလေးချီသလို ချီလိုက်၍ ချူဟွိုက်က ကျင်းထျန်းယိလည်တိုင်ကို ဖက်ထားလိုက်ရသည်။ သူက လွတ်နိုင်မည့် လမ်းကို သိသွား၍ ပြောရန်ပြင်လိုက်စဥ် ကိုင်ထားသည့် လက်ရန်းတိုင်မှ အသံအချို့မြည်လာ၏။


"ဖာ့ခ်...."


"ဂျွတ်...." ဆိုသည့် အသံနှင့်အတူ အရည်အသွေးညံ့သည့် လက်ရန်းတိုင်က သူတို့နှစ်ယောက်အလေးချိန်ကြောင့် ကျိုးသွားလေသည်။ သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် ပြုတ်ကျတော့မည့်အခိုက် ကျင်းထျန်းယိက တစ်ပတ်လှည့်လိုက်ပြီး ချူဟွိုက်ကို သူ့အောက်ပို့ထားလိုက်သည်။ 


ချူဟွိုက်က ကျင်းထျန်းယိရင်ဘတ်ပေါ် ရောက်နေ၍ သူ့နောက်ရှိ သရဲမမျက်နှာကို ကြည့်လိုက်ရင်း နှလုံးရပ်မတတ် ဖြစ်သွားရသည်။


ချူဟွိုက်က ချက်ချင်း အသိစိတ်ဝင်လာပြီး သူ့ခေါင်းနောက်ပိုင်းကို မထိခိုက်ရန်အတွက် အမြန်ရှေ့တိုးလိုက်ရင်း ပြင်းပြင်းရှရှ နမ်းယူလိုက်သည်။


အနောက်က သရဲက.....ပျောက်သွားလေသည်။


ဒါပေမယ့် တံခါးက ပွင့်နေတုန်းကြီး....ပြုတ်ကျသွားတာဆိုရင်....


ကျင်းထျန်းယိက အနမ်းခံနေရင်း ထောက်ကိုင်ရန်အတွက် လက်လှမ်းလိုက်သော်လည်း သူ့လက်က သံချွန်နှင့် ရှထား၍ တစ်ခဏမျှ သည်းခံနေလိုက်ရသည်။ 


သူပြုတ်ကျတော့မည်ဟု ထင်လိုက်သည့်အချိန် သူ့နောက်ရှိ တံခါးက ရုတ်တရက် ပိတ်သွား၍ ကျင်းထျန်းယိနောက်ကျောက တံခါးနှင့် ဝုန်းခနဲ တိုက်မိသွား၏။ ကျယ်လောင်သည့် အသံကြီး ပေါ်ထွက်လာသော်လည်း ချူဟွိုက်က ဒဏ်ရာမရသွားချေ။


ချူဟွိုက်က ကျင်းထျန်းယိ၏ ခေါင်းနောက်ပိုင်းကို ထိန်းကိုင်ထားရင်း မေးလာသည် 


" ဖာ့ခ်....အဆင်ပြေရဲ့လား....." သူ့ခေါင်းနဲ့ မထိသွားဘူးဆိုတော့ အဆိုးဆုံး အရိုးကျိုးသွားတာလောက်ပဲ ရှိမှာပါ....


ကျင်းထျန်းယိ၏ မျက်နှာက အခြေအနေမကောင်းပေ။ သူက မတတ်သာဟန် ပြုံးပြလိုက်ပြီး ပြောလာသည် ".....မင်း အရင်ဆင်းလိုက်ပါဦး...."


ချူဟွိုက်က ရှက်သွေးဖြာသွားကာ ရူးမိုက်သည့် သူ့ကိုယ်သူ တိတ်တိတ်လေး ဆူလိုက်ရင်း ချက်ချင်း ဆင်းပေးလိုက်သည်။ သူ့တွင် ထိန်းကိုင်စရာ တစ်ခုမှရှိမနေ၍ ဘေးဘက်ကို ကပ်သွားပြီး ကျင်းထျန်းယိဘေးနား ဘောလုံးလေးတစ်လုံးလို ကွေးနေလိုက်သည်။


အခုလိုအခြေအနေမှာ သံတံခါးကလည်း လက်ကိုင်လို အရည်အသွေးညံ့တဲ့ ပစ္စည်း ဖြစ်နေရင် သေလမ်းရောက်တော့မှာ.....


သူက ကျင်းထျန်းယိကို ဆွဲထူပေးလိုက်စဥ် ကျင်းထျန်းယိက သူအဆင်ပြေကြောင်း လက်ခါပြလာသော်လည်း ချူဟွိုက်က မယုံ၍ သူ့အဝတ်များကို ချွတ်ကြည့်မိသည်။ 


ကျင်းထျန်းယိက သူ့လက်ကောက်ဝတ်ကို ဆွဲကိုင်လာပြီး တားလိုက်သည်


 " ဒါကို နောက်မှ ပြောကြတာပေါ့...."


သူ လှုပ်လိုက်သည့်အချိန် ချူဟွိုက်က သူ၏အတွင်းပိုင်းရှပ်အင်္ကျီမှ သွေးစို့လာမှန်း မြင်လိုက်၍ လက်တုံ့သွားပြီး စိတ်ရှုပ်ထွေးလာရသည်။


သူက အကြည့်လွှဲလိုက်သည်။ ကျင်းထျန်းယိက သူအားနည်းနေတာကို ပြရတာ မကြိုက်ဘူးဆိုမှတော့ သူလည်း စကားအများကြီး ပြောမနေတော့ပါဘူး....သူ နားလည်ပါတယ်....


ကျင်းထျန်းယိက ရုတ်တရက် သူ့ကို အနားဆွဲကပ်လိုက်ရင်း ပြောလာသည် " တကယ်တော့....အဲ့ဒါက တော်တော်လေး နာတယ်....."


"ဘယ်နားမှာ နာသွားတာလဲ...." ချူဟွိုက်က စိုးရိမ်စိတ်နှင့် မေးလိုက်သည်။ အသားနာသွားတာက နောက်မှ....ကျင်းထျန်းယိအရိုးတွေ ကျိုးကုန်မှာ စိုးရတာ....။ကျင်းထျန်းယိက တောင့်ခံနိုင်တယ်ဆိုပေမယ့် သူက နာနေမှာပဲလေ.....ဒဏ်ရာက အရမ်းပြင်းနေမှာ စိုးရတယ်....။ 


ကျင်းထျန်းယိက ပြုံးပြလာပြီး သွေးစွန်းနေသော သူ့နှုတ်ခမ်းပေါ် လက်ညှိုးထိုးပြလိုက်သည်


 " ဒီနေရာမှာ နာနေတာ...."


ချူဟွိုက်က အားများသွား၍ သူ့နှုတ်ခမ်းထက် သွေးစို့ရာကြီးပင် ကျန်နေခဲ့သည်။


ချူဟွိုက်က သူ့လှုပ်ရှားမှုများကို စောင့်ကြည့်နေ၍ ညစ်ကျယ်ကျယ်မျက်လုံးများနှင့် ဆုံသွားသည့်အခိုက် ရုတ်တရက် မျက်နှာပူလာပြီး ရှက်သွေးဖြာသွားရသည်။


"စနောက်နေနိုင်သေးတယ်ဆိုတော့ ဒဏ်ရာမပြင်းဘူးလို့ပဲ ယူဆလိုက်မယ်...." ချူဟွိုက်က နေရခက်သလို ပြောလိုက်၏။


သူ့နောက်ရှိ တံခါးပေါက်ကြီးက လော့ကျသွားပြီး ချားရဟတ်ကလည်း စတင်လည်ပတ်လာသည်။ ဖြေးဖြေးနဲ့ မှန်မှန်လေး.....


ချူဟွိုက်က ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်ရင်း ကျင်းထျန်းယိနှင့်အတူ တံခါးပေါ် လှဲအိပ်လိုက်သည်။ နေရာကျဥ်းကျဥ်းလေးထဲ တစ်ယောက်နှင့်တစ်ယောက် မျက်နှာမူထားသည့် ပုံစံက ဖက်ထားသည်နှင့်ပင် တူနေသည်။ 


ကျင်းထျန်းယိက လှောင်ရယ်လိုက်ရင်း သူ၏ မျက်နှာချောချောက လက်တစ်ကမ်းစာထိ နီးကပ်လာသည် " ချားရဟတ်ထဲ အိပ်ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး...."


သူက ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ကြီးကို မော့ကြည့်လိုက်ရာ လပြည့်ဝန်းကြီးက ထိန်ထိန်သာနေ၍ ကြယ်လေးများကလည်း ပေါ်ထွက်နေသည်။ ယခုက ကောင်းကင်ကြီးနှင့် အနီးဆုံးနေရာတွင် ရောက်နေခြင်းပင်။


"အန်ယာနဲ့ တခြားသူတွေ....." ချူဟွိုက်က ရုတ်တရက် သတိရသွားဟန် ထရပ်လိုက်သော်လည်း ကျင်းထျန်းယိက ပြန်ဆွဲယူလိုက်သည်။


သူက အေးအေးဆေးဆေး ပုံစံဖြင့် စကားနှစ်လုံးသာ ဆိုလာသည် " လိမ္မော်ရောင်...."


ချူဟွိုက်၏ မျက်နှာအမူအရာက တစ်စက္ကန့်မျှ တောင့်ခဲသွားရင်း ဖြစ်ခဲ့သမျှကို သေချာစဥ်းစားကြည့်ပြီးနောက် ပြောလာသည်


 " .....ကျွန်မတို့က တော်တော် ကံဆိုးသွားတာပဲ...." 


"...ဟုတ်တယ်..."ကျင်းထျန်းယိက ထောက်ခံလာသည်။


"ဒါက ပေါင်းစပ်ထားတဲ့ သဲလွန်စဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး...." ချူဟွိုက်က ဆိုလာသည်။


ချားရဟတ်အတွက် သဲလွန်စ နှစ်ခုရှိရာ တစ်ခုက "အနမ်း" ဖြစ်ပြီး ကျန်တစ်ခုက "လိမ္မော်ရောင်" ဖြစ်သည်။


အနမ်းပေးခြင်းက ခန့်မှန်းရလွယ်ကူသည်။ ချားရဟတ်နှင့် ပတ်သတ်ပြီး ဒဏ္ဍာရီတစ်ပုဒ် ရှိခဲ့ဖူးသည်။ တစ်ယောက်ကို တစ်ယောက် ချစ်ကြသည့် စုံတွဲများက ချားရဟတ်၏ ထိပ်ဆုံးကို ရောက်သည့်အချိန် အနမ်းပေးလိုက်လျှင် တစ်သက်လုံး အတူတူရှိနေမည် ဆိုသည့် ဒဏ္ဍာရီပင်။


သဘာဝကျကျ ပြောရလျှင် အမြင့်ကနေ ပြုတ်ကျသွားပါက ခေါင်းထောင်လျက် ကျနိုင်ရန် မလွယ်ကူလှပေ။ သရဲမ၏ ခေါင်းထိပ်တွင် သွေးထွက်နေသည့် အပေါက်ကြီးတစ်ခု ရှိပြီး ခန္ဓာကိုယ်ကလည်း အက်ကွဲရာများ ရှိနေသည်။ 


ရုတ်တရက် ပွင့်သွားသည့် တံခါးက သရဲမ၏ ဘဝကို ပြန်လည်ပြောပြနေသည့် မြင်ကွင်းလည်း ဖြစ်ဖို့များသည်။


သရဲမတွင် နာကျည်းချက်ပြင်းလှ၍ "ဘာကြောင့်လဲ...."ဟု စူးစူးဝါးဝါး အော်ဟစ်သွားသည်။ ကျင်းထျန်းယိ ပြောသည့်အတိုင်း သူမက အတွန်းချခံခဲ့ရခြင်း ဖြစ်မည်။


စကားများ၍လား ကာလရှည် ဖိနှိပ်ထားရသည့် မုန်းတီးမှုကြောင့်လား မသိရပဲ တံခါးက ရုတ်တရက် ပွင့်သွားပြီး သံအိမ်ထဲရှိ တစ်ဖက်လူက အမျိုးသမီးကို တွန်းချလိုက်ခြင်း ဖြစ်နိုင်သည်။


သံအိမ်ထဲတွင် ထိန်းကိုင်စရာ တစ်ခုမှမရှိ၍ လူသတ်မှုမှန်း အခြားသူများက သိလိမ့်မည်မဟုတ်ပဲ မတော်တဆဟုသာ ထင်ကြလိမ့်မည်။


ထို့ကြောင့် အမျိုးသမီးက ချားရဟတ်၏ မကောင်းဆိုးဝါးဝိဥာဥ် ဖြစ်လာရသည်။


ထိုအမျိုးသမီးကို တွန်းခဲ့သည့်သူက သူမချစ်သူ ဖြစ်လိမ့်မည်ဟု ခန့်မှန်းရခြင်းက ချားရဟတ်က ထိပ်ဆုံးတွင် ရပ်သွားသောကြောင့်ပင်။


ယင်းက ချားရဟတ်၏ လှပသော ဒဏ္ဍာရီလေးနှင့်လည်း ဆက်စပ်နေသည်ပင်။


သရဲမက ချားရဟတ်ကို ပတ်သွားနေရင်း သူမကို သတ်သွားသည့် ချစ်သူကို ရှာပြီး သတ်ချင်သည့်ပုံပင်။


ချူဟွိုက်က သူတို့ ကံဆိုးသွားခဲ့သည်ဟု ပြောခဲ့လေသည်။ သရဲမ၏ မျက်နှာတွင် အပြာမှတ်ကြီး ရှိနေ၍ သူမသေသွားသည့်အချိန် အပြာရောင် သံအိမ်ထဲတွင် ရှိနေခဲ့ကြောင်း ပြောပြနေသည်။


ထို့ပြင် သူတို့ ယခု စီးလာခဲ့သည့် သံအိမ်ကလည်း တိုက်တိုက်ဆိုင်ဆိုင် အပြာရောင် ဖြစ်နေသည်။


သရဲမက အပြာရောင် သံအိမ်ထဲရှိ လည်ပတ်သူများကိုသာ ရန်လုပ်မည် ဖြစ်ပြီး သုံးပုံတစ်ပုံဖြစ်နိုင်ခြေထဲမှ သူတို့က ကံဆိုးသွားခဲ့ခြင်းပင်။


စာရွက်ခေါက်ထဲမှ "လိမ္မော်ရောင်" ဆိုသည့် စာလုံးက အားလုံးကို ပြောပြသွားခဲ့သည်။


ချူဟွိုက်၏ စဥ်းစားသည့် နည်းလမ်း မှားသွားခဲ့သည်။ သူက လိမ္မော်ရောင်က ထိုအရောင်ပါသည့် ပစ္စည်းတစ်ခုခုကို ရည်ညွှန်းခြင်း ဖြစ်မည်ဟု ထင်ခဲ့သော်လည်း သဲလွန်စ၏ အဓိပ္ပာယ်အမှန်က ပေါ်လာသည်။


ချားရဟတ်တွင် အနီ၊ အဝါနှင့် အပြာဟူ၍ အရောင်သုံးရောင်ပါပြီး မူလအရောင်များဖြစ်သည့် အနီနှင့် အဝါကို ရောလိုက်လျှင် လိမ္မော်ရောင်ရသည်။


ထို့ကြောင့် သဲလွန်စအရ အပြာရောင်သံအိမ်ကသာ အန္တရာယ်ရှိလေသည်။


ကျင်းထျန်းယိက တည်တည်ငြိမ်ငြိမ် ပြောလာသည်


 " မူလအရောင်ရဲ့ စည်းမျဥ်းတွေအရ လျှော့ချထားတဲ့ မူလအရောင်သုံးရောင်က..... ထပ်တိုးထားတဲ့ မူလအရောင်သုံးရောင်နဲ့ လိုက်ဖက်အရောင်တွေ ဖြစ်တယ်....." [စိမ်းပြာရောင်၊ ပန်းခရမ်းရောင်၊ အဝါရောင်တို့က အနီ၊အစိမ်း၊အပြာတို့နဲ့ လိုက်ဖက်အရောင်တွေ ဖြစ်တယ်....]


ချူဟွိုက် "......" စာမဖတ်ခဲ့ရတဲ့ ငါ့ကို လာအနိုင်ယူပြနေတာလား.....


ချားရဟတ်က ဖြေးဖြေးချင်း အောက်ဆင်းသွားသည်။


ချူဟွိုက်က ကျင်းထျန်းယိကို ကြည့်နေရင်း လွန်ခဲ့သည့် သုံးရက်အတွင်း အန်ချင်စိတ်မရှိခဲ့ကြောင်း အမှတ်ရလာမိသည်။


သူ့နှုတ်ခမ်းများက အနည်းငယ် လှုပ်သွားသော်လည်း သူ ပြောချင်သည့်စကားကို မပြောလိုက်တော့ပေ။


ခင်ဗျား ဘာလို့ ကျွန်တော့်အပေါ် အရမ်းကောင်းပေးနေရတာလဲ.....။ ခင်ဗျားသာ သိသွားမယ်ဆိုရင်....


ချူဟွိုက်က သူ့ကိုယ်သူ လှောင်ရယ်လိုက်သည်။ မိန်းမလိုဝတ်ရတဲ့ ကျိန်စာကြီးကနေ အဆုံးသတ်နိုင်တော့မှာ....။ သူ့မှာ ကျင်းထျန်းယိကို တွယ်ကပ်နေစရာ ဘာအကြောင်းရင်းမှ မရှိတော့ဘူး.....။ 


သူက အတူသေအတူရှင်နိုင်မယ့် အဖော်တစ်ယောက်ကို ဆုံးရှုံးရတော့မှာပဲလေ....


ယောကျ်ားတစ်ယောက်အနေနဲ့ တခြားယောကျ်ားတစ်ယောက်ဆီကနေ အကာကွယ်ယူနေရတာ ထူးတော့ထူးဆန်းသား....။ မကောင်းသလို မခံစားမိပေမယ့် နည်းနည်းတော့ မဟုတ်သေးဘူးလေ....။ သူက ကာကွယ်ပေးခံရတာထက် သူများကို ကာကွယ်ပေးရမှာ....


ကျင်းထျန်းယိရဲ့ ခန္ဓာကိုယ်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိနေတယ်....။သူ့ကိုယ်ထဲက သရဲကို ဖိနှိပ်ထားနိုင်တာ စကားနဲ့တောင် ရှင်းပြလို့မရနိုင်ဘူး....။ အချိန်အကြာကြီး အတူတူရှိနေပြီးတဲ့နောက် သူ့အတွက် ဘယ်လောက်တောင် အနစ်နာခံပေးထားရပြီလဲ......


အဲ့ဒါတွေက ကိစ္စမရှိတော့ပါဘူး....


ကျင်းထျန်းယိက သူကို တွေတွေကြီး ငေးကြည့်နေသည့် ချူဟွိုက်ကို နားမလည်သလို မေးလာသည် ", ဘာဖြစ်တာလဲ...."


ချူဟွိုက်က ခေါင်းယမ်းပြရင်း မျက်လုံးထက် အပြုံးတစ်ခုကို သိုဝှက်ထားပြီး ပြောလာသည် " ရှင်က ချောလို့ မှင်သက်သွားရတာ...."


ကျင်းထျန်းယိက ဟန်ဆောင်မှုကင်းသည့် ချူဟွိုက်၏ အပြုံးစစ်စစ်ကြောင့် အနည်းငယ် အံ့သြသွားရသည်။ သူက ချူဟွိုက်၏ အတုအယောင်ဆန်သည့် အပြုံးနှင့်သာ နေသားကျနေခဲ့သည်။ အချိန်တစ်ခုစာထိ အတူရှိနေပြီးနောက် ချူဟွိုက်၏ အမြဲတစေ ပြောင်းလဲနေသည့် မျက်နှာအမူအရာထက် ခံစားချက်အစစ်အမှန်ကို ရှာရန်က မခက်ခဲတော့ပေ။


သို့သော်လည်း ယခုတွင် ချူဟွိုက်၏ စိတ်ထဲ တစ်ခုခုရှိနေမှန်း သိသာနေသည်။


ကျင်းထျန်းယိ " မင်း....."


ချူဟွိုက်က ရူးချင်ယောင်ဆောင်လိုက်ရင်း မေးလာသည် " ဘာဖြစ်လို့လဲ...."


ကျင်းထျန်းယိ၏ နှလုံးသားက ချက်ချင်း နစ်ဝင်သွားရသည်။


ချူဟွိုက်က တစ်ဖက်လှည့်လိုက်ပြီး ကျောဘက်က အေးစက်မှုကြောင့် လက်ပေါ်ခေါင်းတင်ထားလိုက်ပြီး ပြောလာသည် " ကျွန်မ သွေးနီလရောင် မြို့တော်ကနေ ပြန်ရောက်တော့ လကိုမြင်တိုင်း အတုလို့ပဲ တွေးခဲ့မိတာ....ဒါပေမယ့် ဒီညရဲ့ လပြည့်ဝန်းကြီးက အရမ်းလှတာပဲ....."


"ပြီးကာနီးလောက်ပြီ...အများဆုံး သုံးမိနစ်လောက်ပဲ ကျန်တော့တယ်...." သူက ခေါင်းငဲ့ကြည့်ပြီး ပြုံးပြလာကာ ကျင်းထျန်းယိပုခုံးပေါ် မေးတင်လာသည် " နောက်ပိုင်း ကျွန်မတို့ တွားသွားပြီးထွက်ရမလား အောက်မေ့မိတယ် ....."

…


အနီရောင် သံအိမ်ထဲရှိ တုန့်အန်ယာက ပြိုလဲနေပြီ ဖြစ်သည်။


" ကျောင်းကျောင်းနဲ့ ဘော့စ်တို့နှစ်ယောာက်လုံး သေသွားကြပြီ.....ကျွန်မတို့ ကျွန်မတို့ ဘယ်လို အသက်ရှင်နိုင်တော့မလဲ ...." သူမက မျက်နှာအုပ်ပြီး ခါးသီးနေဟန် ငိုချလိုက်ရင်း တစ်ကိုယ်လုံး တုန်ယင်နေသည်။ 


ကျိုးရှို့ဝမ်၏ မျက်နှာအမူအရာကလည်း တော်တော်လေး ပြင်းထန်နေသည်။ သူက စိတ်ဓါတ်ကျနေသော်လည်း အားပေးရမည့် ချစ်သူရှိနေသေး၍ ပြိုလဲမနေနိုင်သေးပေ။


"အန်ယာ....ကိုယ်တို့ အဆင်ပြေသွားမှာပါ...."ကျိုးရှို့ဝမ်က တုန့်အန်ယာကို ဖက်လိုက်ပြီး သူ့စကားလုံးများက နှစ်သိမ့်မပေးနိုင်မှန်း သိနေ၍ အားတင်းပြီး ပြုံးပြလိုက်သည်


 "ဘာပဲဖြစ်ဖြစ်....ကိုယ်တို့ အတူတူရှိနေတာပဲလေ....မဟုတ်ဘူးလား...."


တုန့်အန်ယာက ထိုစကားကြားမှ ပိုပြီးပြိုလဲသွားရသည်။


"ရှို့ဝမ်....ကျွန်မ ရှင့်ကို သေစေခဲ့တာ....ကျွန်မကြောင့်သာ မဟုတ်ရင် ရှင်က ဒီကိုလိုက်ခဲ့ရမှာ မဟုတ်ဘူး.....ကျွန်မကသာ သေသင့်တဲ့သူမို့ ရှင့်ကိုပါ လိုက်မသေစေချင်ဘူး...."



👻