Chapter 20
Viewers 17k

👥️Chapter 20



အားခန်းဟူသော ဇာတ်ကောင်မှာ အနည်းငယ် ရှုပ်ထွေးလှသည်။ သူ့အမည်ရင်းမှာ ယွမ်ကျစ်ယီဖြစ်ကာ အဓိကဇာတ်လိုက် ယွမ်ကျစ်မင်၏ ညီလေး ဖြစ်သည်။ သူသည် ငယ်စဉ်အရွယ်ကတည်းက အစ်ကိုဖြစ်သူနှင့် ကွဲကွာသွားခဲ့ရကာ ထို့နောက်တွင် လူသတ်သမားအဖွဲ့ထဲသို့ ဝင်ရောက်မိသွားပြီး အမျိုးမျိုးသော ခက်ခဲပင်ပန်းလှသည့် လေ့ကျင့်ရေးများကို လုပ်ဆောင်ခဲ့ရသည်။ 


ထိုသို့ဖြင့် ကလေးဘဝက နေ့ရက်များကို တစ်ဖြည်းဖြည်း မေ့လျော့သွားကာ မြေအောက်လောကခေါင်းဆောင် ဟုန်သာ့ကျင်း၏ ဘက်တော်သား အသံတိတ်လူသတ်သမားတစ်ဦး ဖြစ်လာခဲ့တော့သည်။ 


ထိုရိုက်ချက်မှာ အားခန်း၏ မှတ်ဉာဏ်များအကြောင်း ဖြစ်သည်။ လူမိုက်အချို့၏ ရိုက်နှက်ခြင်းကို ခံရသည့်အတွက် နာကျင်မှုကြောင့် ခပ်သဲ့သဲ့ ညည်းညူလိုက်သည်။ သူက မြေပေါ် လဲကျနေကာ လုံးဝ မလှုပ်ရှားနိုင်တော့၊ ထို့အပြင် အခြား လူမိုက်များ၏ လှောင်ပြောင်သရော်နေသော အကြည့်တို့ကိုပါ တစ်ချိန်တည်း လက်ခံလိုက်ရသည်။ ဒါရိုက်တာရှုက ထိုအခန်းနှင့် စပ်လျဉ်း၍ သူ့ကို အကြမ်းဖျဉ်း ရှင်းပြလိုက်သည့်အခါ ယန်အန်းယုသည် ရုတ်ချည်းဆိုသလိုပင် ဒီဂျားဗူး (dĂŠjĂ  vu = ကြုံဖူးသလိုမျိုး) ကို ခံစားလိုက်ရသည်။ အတိတ်ဘဝကို ပြန်တွေးလိုက်သည့်အခါ သူ့တွင်လည်း ထိုကဲ့သို့သော အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ဖူးကြောင်း မှတ်မိသွားရပြန်၏။ 


ထိုစဉ်က စစ်သူကြီးယီနှင့် မတွေ့ရသေးသည့် ယန်အန်းယုသည် နေ့စဉ်နေ့တိုင်း အေးခဲမှုနှင့် ငတ်မွတ်မှုကို ခံစားခဲ့ရသည်။ ထိုမျှသာမက ရုံးတော်သားများနှင့် ၎င်းတို့၏ ဘက်တော်သားများ၏ မကြာခဏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရကာ ကြိမ်ဒဏ်ကြောင့် သေလုမတတ်ပင် ဖြစ်ခဲ့ဖူးသေးသည်။ 


ဒါရိုက်တာရှုက “အက်ရှင်” ဟု အော်လိုက်သည်နှင့် တစ်ပြိုင်နက် ယန်အန်းယုသည် သူ့စိတ်ကို စုစည်းကာ ဇာတ်ကောင်စရိုက်ထဲသို့ တစ်ဖြည်းဖြည်း ဝင်ရောက်လိုက်သည်။ 


လူမိုက်ခေါင်းဆောင်က အားခန်း၏ ခေါင်းကို အညှာအတာမဲ့စွာဖြင့် နင်းထားရင်း တံတွေးထွေးလျက် ကြိမ်းဝါးလိုက်သည်။ 


“ခွေးလိုကောင် မသေမချင်း မှတ်ထား နောက်တစ်ကြိမ် ဒီလောင်ဇီကို လာရှုပ်ရဲရှုပ်ကြည့် အရိုးအသားမကျန်အောင်ကို ဖျက်ဆီးပစ်လိုက်မယ်  ကြားလား ...”


ယန်အန်းယု၏ ဇာတ်ကောင် အားခန်းက နှုတ်ခမ်းကို တင်းတင်းကိုက်ထားကာ စကားတစ်ခွန်းမှ ပြန်မပြောခဲ့။ မျက်နှာတစ်ခုလုံး ပြတ်ရှဒဏ်ရာများဖြင့် ပြည့်နှက်နေသည့်တိုင် မဟူရာရောင် မျက်ဝန်းတို့မှာ နက်မှောင်တောက်ပကာ အေးစက်သည့် အရိပ်အငွေ့တို့ဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ ထိုအကြည့်တို့နှင့် ရင်ဆိုင်လိုက်ရသူ၏ ရင်ထဲတွင် စိုးရိမ်ကြောင့်ကြမှုများ ကြီးထွားသွားရတော့သည်။ 


ထိုအကြည့်ထဲတွင် မုန်းတီးမှု၊ အလွန်အမင်း မနှစ်မျို့မှုနှင့် အားမတန်၍ မာန်လျော့လိုက်ရမှုတို့ ပါဝင်နေသည့်အပြင် တစ်ဖက်လူ၏ အားသာချက်၊ အားနည်းချက်များကို တစ်ခုမကျန် အကဲခတ်နေဟန်များပါ ရောနှောပါဝင်နေခဲ့သည်။ 


“cut ဟုတ်တယ် အဲဒီ့အတိုင်းပဲ  …”


ဒါရိုက်တာရှုက လက်ခုပ်တီးကာ နှစ်နှစ်ခြိုက်ခြိုက် ချီးကျူးလိုက်သည်။ 


“ကောင်လေး ငါ စောစောက မင်းအကြည့်တွေကို တကယ် သဘောကျတယ် ...”


ထိုစကားကို ကြားရကာမှ ယန်အန်းယု၏ တောင့်တင်းနေသော အာရုံကြောများ ပြေလျော့ကာ စိတ်အေးသွားရတော့သည်။ 


ဒါရိုက်တာရှုက ခေါင်းငြိမ့်ပြလိုက်၏။ သူ့အကြည့်တို့မှာ ယခင်ကဲ့သို့ စူးရှခက်ထန်ခြင်း မရှိတော့။


“ယန်အန်းယု မင်းက ငါ့စိတ်ထဲက “အားခန်း” နဲ့စာရင် နည်းနည်း လိုအပ်နေသေးသလိုပဲ ဒါပေမယ့် ...”


ယန်အန်းယုမှာ နောက်တစ်ကြိမ် ပျာယာခတ်သွားရပြန်တော့သည်။ 


“”ဒါပေမယ့် မင်းကို ဒီဇာတ်ကောင်ကို ကောင်းကောင်း သရုပ်ဆောင်နိုင်အောင် ငါ ညွှန်ကြားပေးနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိတယ် အဲဒါကြောင့် ဝိတ်ချဖို့ ခေါင်းထဲထည့်ထား ကြားလား ...”


ယန်အန်းယု “...”


ယဲ့လင်းက ရုတ်တရက် ထရယ်လိုက်သည်။ 


“ဟားဟား ဒါရိုက်တာရှု ကျွန်တော်ကတော့ သူ့ရဲ့ ဒီပုံလေးက တော်တော်လေး ချစ်စရာကောင်းတယ်လို့ ထင်တယ် ...”


“ယဲ့လင်း မင်းရောပဲ ကပ္ပတိန်လျန်က မင်းလောက် မဝဘူး ...”


“.. ကောင်းပါပြီ ...”


ယဲ့လင်းမှာလည်း ချက်ခြင်းဆိုသလို ပြောစရာစကား ကင်းမဲ့သွားတော့သည်။ 


“ဒီညကနေစပြီး ကျွန်တော် တစ်ညကို သခွားသီးတစ်လုံးပဲ စားပါတော့မယ် ...”


လူရွေးပွဲအပြီးတွင် ယန်အန်းယုက ကိစ္စကြီးတစ်ခုကို တွေးမိသွားကာ စိတ်ဖိစီးနေသည့် လေသံဖြင့် ပြောလိုက်သည်။ 


“ဒါရိုက်တာရှု ကျွန်တော်က အခုလောလောဆယ် ဘယ်ကုမ္ပဏီ လက်အောက်ကမှ မဟုတ်သေးဘူးလေ အဲဒါဆိုတော့ အလုပ်သဘောအရ ပြောရရင် ကျွန်တော်က သရုပ်ဆောင် မဖြစ်သေးဘူး ...”


“ရှောင်ယု .. မင်းအစ်ကိုက မင်းနဲ့ စာချုပ်မချုပ်ထားဘူးလား ...”


ဒါရိုက်တာရှုက နားမလည်ဟန်ဖြင့် မေးလိုက်သည်။ ဘေးနားရှိ ယဲ့လင်းမှာလည်း အလားတူပင် နားလည်ရခက်နေသည့်ဟန်ပင်။ 


ယန်အန်းယုက အနည်းငယ် ဖျစ်ညှစ်ရယ်မောလိုက်ကာ စကားတစ်ခွန်းမှ ထပ်ပြောမလာတော့။ 


“မင်းသာ ဆန္ဒရှိရင် ငါတို့ ဟွားချန်ကုမ္ပဏီကို လာခဲ့လို့ ရပါတယ် ...”


စကားသံနှင့်အတူ နောက်ထပ် အမျိုးသားတစ်ဦး ရောက်လာခဲ့သည်။ 


ထိုစကားကို ကြားသည့်အခါ ယန်အန်းယုက မျက်လွှာတို့ကို ပင့်လျက် သူ့အနားသို့ တစ်ဖြည်းဖြည်း ချဉ်းကပ်လာသည့် အမျိုးသားကို အကဲခတ်လိုက်သည်။ 


ထိုသူက အဓိပ္ပါယ် ပြည့်နှက်နေသည့် အပြုံးဖျော့ဖျော့တစ်ပွင့်ကို ချိတ်ဆွဲထားသည်။  ရုပ်ရည်သွင်ပြင်မှာ ချောမောခန့်ညားလှသည့်အပြင် နှာတံထက်တွင် တပ်ဆင်ထားသည့် မျက်မှန်တစ်လက်ကြောင့် ပညာတတ်တစ်ဦးဟူသော အရှိန်အဝါကို ပေးစွမ်းနေခဲ့သည်။ ထို့အပြင် ကိုယ်တိုင်းဖြင့် တိတိကျကျ ချုပ်ထားသည့် အနောက်တိုင်း ဝတ်စုံကိုလည်း ဝတ်ဆင်ထားသည့်အတွက် ထိုလူမှာ မျက်နှာနှစ်ဖက်ပိုင်ရှင် အထက်တန်းလွှာတစ်ဦး ဖြစ်ရမည်ဟု တစ်ချက်မျှ ကြည့်ရုံဖြင့်ပင် သဘောပေါက်နိုင်ပေသည်။ 


ယန်အန်းယု၏ စိတ်တစ်ခုလုံး ဗလာဖြစ်သွားသည်။ ထိုသူ၏ ပုံစံမှာ အနုပညာရှင်နှင့် လားလားမျှပင် တူညီခြင်း မရှိသည့်အတွက် သူ့ကို မည်သူဟု မသိခဲ့ချေ။ 


"ဟေး ယုကော တကယ် အတည်ကြီး ပြောနေတာလား နောက်နေတာတော့ မဟုတ်ပါဘူးနော် ..." 


ယန်အန်းယုထံမှ စကားသံ ထွက်မလာမီမှာပင် ယဲ့လင်းက ထိုသူ့အနားသို့ ရောက်သွားပြီ ဖြစ်သည်။ 


ယဲ့လင်း၏ မန်နေဂျာသည် ခွင့်တစ်ပတ် ယူထားကာ တိုက်တိုက်ဆိုင်ဆိုင်ပင် ချောင်ယုကလည်း ထိုရက်အတွင်း အားလပ်နေသည့်အတွက် သူ့ကို ဂရုစိုက်ပေးရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ 


ချောင်ယုက သူ့ကို လုံးဝဥဿုံ လျစ်လျူရှုထားလိုက်ကာ ယန်အန်းယုကိုသာ ညင်သာစွာ ပြုံးပြလိုက်သည်။ 


"ဘယ်လိုလဲ ဒါကို စဉ်းစားပေးနိုင်မလား ..." 


ယန်အန်းယုမှာ ကြောင်အနေကာ မည်သည့်အရာကိုမှ မတွေးနိုင်တော့။ ဒါရိုက်တာရှုနှင့် ဒါရိုက်တာကျိုးတို့ကလည်း အကြည့်ချင်း ဖလှယ်လိုက်ကြကာ တိတ်တဆိတ် အံ့အားသင့်မိသွားကြတော့သည်။ 


ချောင်ယုသည် အပြုံးမျက်နှာနှင့် မြေခွေးဟူ၍ နာမည်ကျော်ကြားလှသူ ဖြစ်သည်။ ဤတစ်ကြိမ်တွင် သူသာ ယန်အန်းယုကို အောင်အောင်မြင်မြင် သိမ်းသွင်းနိုင်ပါလျှင် အနာဂတ်တွင် ကြယ်ပွင့် ဖြစ်လာမည့်လူကို ရရှိရုံသာမက ရှန်းဟွမ်မီဒီယာ၏ ဥက္ကဌကိုပါ မျက်နှာဖြတ်ရိုက်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်မိခြင်းပင် ဖြစ်သည်။ 


"ရှောင်ယု ဒါက မစ္စတာချောင်ယု ..." 


ဒါရိုက်တာကျိုးက မိတ်ဆက်ပေးလိုက်သည်။ 


ချောင်ယုသည် လတ်တလောတွင် ဟွားချန်အနုပညာကုမ္ပဏီ၏ ကြယ်ပွင့်စီမံခန့်ခွဲရေးဌာန‌မှူးအဖြစ် တာဝန်ယူထားကာ ရွှေအဆင့် မန်နေဂျာအဖြစ် နာမည်ကျော်ကြားသူလည်း ဖြစ်သည်။ သူသည် ယွီဖန်၊ လျှို့လီရှန်နှင့် ရှုရှစ်ယွမ်တို့ကဲ့သို့သော A အဆင့် ကြယ်ပွင့်များစွာကို မွေးထုတ်ပေးနိုင်ခဲ့သူ ဖြစ်ရာ ထိုကြယ်ပွင့်များကို ကြည့်ခြင်းအားဖြင့် သူ့အရည်အချင်းကို ပြတ်ပြတ်သားသား အကဲခတ်နိုင်ပေသည်။ 


ထိုနှစ်က ရုပ်ရှင်ဧကရာဇ် ရှုရှစ်ယွမ် ရုတ်တရက် ပျောက်ကွယ်သွားမှုကြောင့် အင်တာနက်တစ်ခွင်လုံး အုန်းအုန်းကျက်ကျက် ဖြစ်သွားခဲ့သည်။  သို့သော် ချောင်ယုသည် အခြား အနုပညာရှင်တစ်ချို့၏ သတင်းများကို ချပြလိုက်ခြင်းဖြင့် လူထုအမြင်ကို ကစားကာ အခြေအနေကို အေးအေးဆေးဆေး ကိုင်တွယ်သွားခဲ့သည်။ 


"ရှောင်အန်းယု ငါတို့ ကုမ္ပဏီကို လာခဲ့ပါ ဟွားချန်က အရမ်းကို နွေးထွေးတဲ့ မိသားစုကြီးတစ်ခုလိုပဲ ငါတို့က အနုပညာရှင်တွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးပါတယ် ...." 


ထိုအချိန်တွင် ယဲ့လင်းကလည်း သူ့ကို ပြုံးပြကာ ပုခုံးကိူ ခပ်ဖွဖွ ပုတ်လာ၏။ သူ့အမူအယာမှာ "လာပါ သူရဲကောင်းရဲ့ မင်းသာ ငါတို့ ကုမ္ပဏီကို လာလိုက်ရင် ရှေ့လျှောက် အတူတူ ကစားလို့ ရသွားပြီ" ဟု ပြောနေသယောင်ပင်။ 


ယန်အန်းယု၏ နှုတ်ခမ်းထောင့်စွန်းတို့ တွန့်လိမ့်သွားကာ စိတ်ထဲတွင်လည်း အနည်းငယ် မသက်မသာ ဖြစ်သွားတော့သည်။ 


***

ရှန်းဟွမ်မီဒီယာရုံးချုပ် ယန်ကျွယ့်၏ ရုံးခန်း၌ ... 


"ဥက္ကဌယန် ဒီနေ့ သခင်လေးက "နှလုံးသား၌ ထုဆစ်လေသော" ဇာတ်လမ်းအတွက် လူရွေးပွဲ သွားပြိုင်ခဲ့ပါတယ်တဲ့ ..." 


လက်ထောက်ဖုန်းက ပြောလိုက်သည်။ 


"အင်း ..." 


ယန်ကျွယ့်က ဂရုမစိုက်လေဟန်ဖြင့် ပြန်ပြောလိုက်ကာ ‌သူ့ကိုပင် မော့ကြည့်မလာဘဲ ဌာနအသီးသီး၏ အစီရင်ခံများကိုသာ ဆက်လက်ပြီး ကိုင်တွယ်နေလိုက်သည်။ 


"သူ့ကို သိပ်ပြီး မျှော်လင့်ချက် ထားမနေတော့ဘူးလား ..." 


ယန်ကျွယ့်က ခေါင်းငြိမ့်ပြကာ ပျင်းရိငြီးငွေ့နေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။ 


"ဘယ်လိုပဲကြည့်ကြည့် သူ့ပုံစံက သရုပ်ဆောင်တတ်တဲ့ လူတစ်ယောက်နဲ့ ဘယ်လိုမှကို မတူဘူး ..." 


လက်ထောက်ဖုန်း၏ အကြည့်များမှာ ပြောင်းလဲသွားတော့သည်။ ယန်ကျွယ့်၏ ဘေးနားတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်လာခဲ့သူ ဖြစ်သည့်အလျောက် သူသည် ထိုဥက္ကဌယန်မှာ တစ်ခါတစ်ရံတွင် အလွန်အမင်း ကြောင်သူတော်ဆန်လှသူဖြစ်ကြောင်း သိနေပေသည်။ 


"ဒါပေမယ့် ဥက္ကဌက ဒီတစ်ခါ သူ့ကို မတားခဲ့ဘူးလေ ..." 


"..." 


ဖော်ထုတ်ခံလိုက်ရသည့်အတွက် ယန်ကျွယ့်သည် သုန်မှုန်စွာဖြင့် မျက်မှောင်ကို ကြုတ်လိုက်မိတော့သည်။


ယန်အန်းယုသာ ယခင်ကကဲ့သို့ပင် သည်းမခံနိုင်စရာ ကောင်းလောက်အောင် ခေါင်းမာဆိုးသွမ်းနေဦးမည်ဆိုလျှင် သူသည် အဆုံးစွန်အထိ ပိတ်ပင်ဟန့်တားမိမည် ဖြစ်ပေသည်။ သို့သော် ထိုအရူးလေးမှာ ယခုလက်ရှိ အချိန်တွင် အခွင့်အရေး တစ်ခုမျှကိုပင် လက်လွတ်မခံဘဲ သူ့အိပ်မက်များ ပြည့်ဝအောင် ကြိုးစားနေရာ အစ်ကိုကြီးတစ်ဦးအနေဖြင့် ထိုကြိုးစားမှုကို ငြင်းဆန်ဟန့်တားရက်လောက်သည်အထိ နှလုံးသား မမာကြောလှချေ။ 


မည်သို့ပင်ဖြစ်စေ ယန်ကျွယ့်၏ ခံစားချက်များမှာ ရှုပ်ထွေးနေတော့သည်။  တစ်ဖက်တွင် သူသည် ယန်အန်းယုအား အနုပညာလောက၌ တောက်ပသည့် ကြယ်တစ်ပွင့် ဖြစ်စေလိုသည့် ဆန္ဒမျိုး ရှိနေကာ ကျန်တစ်ဖက်တွင်လည်း ညီငယ်ဖြစ်သူကို ရှုပ်ထွေးလှသည့် အနုပညာလောကထဲသို့ မဝင်ရောက်စေလိုသည့် သဘောထား ရှိနေပေသည်။ ထို့အပြင် ယန်အန်းယုသာ သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ပါလျှင် ယီချန်းယန်နှင့် မဖြစ်မနေ ဆက်ဆံပတ်သက်နေရဦးမည် ဖြစ်သည်။ 


ဒီလိုနဲ့ပဲ ယန်အန်းယုက ယီချန်းယန်ကို စွန့်လွှတ်ဖို့ ပိုပြီး တုန့်ဆိုင်းလာရင် ဘယ်လိုလုပ်မလဲ ... 


အတွေးများဖြင့် ရှုပ်ယှက်ခတ်နေစဉ် ဥက္ကဌယန်၏ ဖုန်းမှာ အသံမြည်လာသည်။ 


"ကော .. ကျွန်တော် လူရွေးပွဲ အောင်သွားပြီ ..." 


ယန်အန်းယု၏ စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသော ဝမ်းသာအားရ စကားသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။ 


မျက်ခုံးများကို တွန့်ချိုးထားသော ယန်ကျွယ့် "..." 


ဒီကောင်စုတ်လေးက တကယ်ကို ကံကောင်းတာပဲ အရင်ဘဝက တိုင်းပြည်ကိုများ ကယ်တင်ခဲ့မိလား မသိဘူး ... 


လက်ထောက်ဖုန်းက သူဌေးဖြစ်သူ၏ ပြောစရာစကား ကင်းမဲ့နေသည့် မျက်နှာကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ရလဒ်ကို အကြမ်းဖျဉ်း ခန့်မှန်းမိသွားကာ စိတ်ထဲမှ တိတ်တိတ်လေး ခိုးရယ်လိုက်သည်။ 


"ပြီးတော့ ဟွားချန်ကုမ္ပဏီက လူတစ်ယောက်ကလည်း ကျွန်တော်နဲ့ စာချုပ်ချုပ်ချင်လို့တဲ့ မစ္စတာချောင်ယုက ကျွန်တော့်ကို အကြာကြီးကို ပြောနေတာ ကော ကျွန်တော့်အထင်တော့လေ သူတို့က တော်တော်လေးကို စိတ်အားထက်သန်နေကြသလိုပဲ အဲဒါ ..."


"ဘာ ... " 


ယန်ကျွယ့်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ့ညီလေး၏ စကားကို ချက်ခြင်း ဖြတ်ပြောလိုက်သည်။ 


"ယန်အန်းယု မင်း သူတို့ကို လုံးဝ လက်ခံလိုက်လို့ မရဘူး ကြားလား မနက်ဖြန်ကျ မင်းကို ငါ့ရုံးခန်းကို လာဖို့ လူတစ်ယောက် လွှတ်ပြီး ခေါ်ခိုင်းလိုက်မယ် ..." 


"ကောင်းပါပြီ ကျေးဇူးပါ ကောကော ..." 


တစ်ဖက်ရှိ ယန်အန်းယုက လွန်စွာ စိတ်ကျေနပ်သွားတော့သည်။ 


စိတ်ဓာတ်ရေးရာ တန်ပြန်ထိုးစစ်ဆင်မှုက တကယ် အလုပ်ဖြစ်တာပဲဟ ... 


"ဥက္ကဌယန် ..." 


ရုတ်တရက် ဒေါသပုန်ထလာသည့် သူဌေးဖြစ်သူကြောင့် လက်ထောက်ဖုန်းမှာ ပဟေဠိ ဖြစ်သွားရှာတော့သည်။ 


"ချီစန်းကို ဆက်သွယ်လိုက် ..." 


ယန်ကျွယ့်သည် ယန်အန်းယုကို သဘောမကျသည့်တိုင် ဟွားချန်ကုမ္ပဏီအား အမြင်မကြည်မှုမှာလည်း ထိုထက် မလျော့နည်းချေ။ 


ဟမ့် .. ငါတို့မိသားစုရဲ့ ရိုးသားပြီး ကြင်နာတတ်တဲ့ ညီလေးကို ဟို နှလုံးသားမရှိတဲ့ ကုမ္ပဏီက ပြန်ပေးဆွဲပြီး ခိုင်းစားမယ့် ကိစ္စမျိုးကို ဘာကိစ္စ လက်ပိုက်ကြည့်နေရမှာလဲ ... 


စင်စစ်အားဖြင့် ဟွားချန်ကုမ္ပဏီသည် တာဝန်သိတတ်ကာ အသိဉာဏ်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး သူ့ညီလေးမှာလည်း လုံးဝဥဿုံ ဖြူစင်ရိုးသားနေသူမျိုး ဟုတ်မနေချေ။ 


****


နောက်တစ်နေ့မနက်တွင် .. ယန်အန်းယုသည် မနက် ခြောက်နာရီခွဲသည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သည်။ အမြဲလိုလို မနက် စောစောထကာ လေ့ကျင့်ခန်းလုပ်လေ့ ရှိသော်ငြား ယမန်နေ့က လူရွေးပွဲကြောင့် ပင်ပန်းသွားခဲ့ရသည့်အတွက် အချိန်အနည်းငယ် ပိုပြီး အိပ်စက်ရန် ဆုံးဖြတ်လိုက်သည်။ 


သို့သော် ထင်မှတ်မထားစွာဖြင့် သူ အိပ်ယာထဲ၌ လူးလှိမ့်နေစဉ်မှာပင် တံခါးဝမှ ဘဲလ်သံကို ကြားလိုက်ရတော့သည်။ ဘဲလ်တီးနေသူမှာ အတော်လေး စိတ်မရှည် ဖြစ်နေသည့်ဟန်ပင်။ 


မနက်စောစောစီးစီး အိပ်ရေးဝအောင် အိပ်ပါမယ်ဆိုမှ နှောင့်ယှက်ခံလိုက်ရပြီ ... 


ယန်အန်းယုက သူ့ဆံပင်ကို ဆွဲဖွကာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သို့သော် တံခါးဝမှ ဘဲလ်သံ အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်သည့်အတွက် စိတ်လက်မကြည်မသာဖြင့်ပင် အိပ်ယာထဲမှ ထလာလိုက်ရတော့သည်။ 


ချောင်းကြည့်ပေါက်မှတစ်ဆင့် ကြည့်လိုက်သည့်အခါ ဘဲလ်တီးနေသူမှာ သူစိမ်းမဟုတ်၊ ထန်းကော်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် တံခါးကို ဖွင့်ပေးလိုက်သည်။ 


မျက်ရည်များ စီးကျလာသည်အထိ ကျယ်ကျယ်လောင်လောင် သမ်းဝေလိုက်သည့် ယန်အန်းယု၏ ပုံစံမှာ အင်မတန် သနားစရာ ကောင်းလွန်းလှသည်။ 


"ထန်းကော် ငါ အခုထိ အိပ်ချင်နေသေးတုန်းပဲ နောက်ထပ် နာရီဝက်လောက် ဆက်အိပ်ခိုင်းပါလား ...." 


"မရဘူး ..." 


ဩရှကာ အေးစက်လှသည့် အမျိုးသားအသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည့်အတွက် ယန်အန်းယုမှာ ချက်ခြင်းဆိုသလို ပင့်သက်ရှိုက်မိသွားတော့သည်။ 


အရပ် ၁၉၀ စင်တီမီတာနီးပါး မြင့်မားသည့် အမျိုးသားတစ်ဦးက ထန်းကော်၏ အနောက်တွင် ရပ်နေခဲ့သည်။ တင်းမာခက်ထန်သည့် မျက်နှာထားကို တပ်ဆင်ထားကာ အရှိန်အဝါကအစ နှိပ်ကွပ်လိုမှုတို့ဖြင့် ပြည့်နှက်နေပေသည်။ 


ယန်အန်းယုက ထန်းကော်၏ အနားသို့ တိတ်တဆိတ် တိုးသွားကာ တီးတိုး မေးလိုက်သည်။ 


"ထန်းကော် သူက မင်းရဲ့ လုပ်ဖော်ကိုင်ဖက်လား ငါ့သက်တော်စောင့်လား သူ့ပုံစံက မင်းထက်တောင် ပိုပြီး အားကိုးရသေးတယ်နော် ..."


"..." 


ထန်းကော်မှာ ရုတ်ချည်းဆိုသလိုပင် စိတ်ဖိစီးသွားရကာ ယန်အန်းယုက သူ့အရည်အချင်းအပေါ် အနည်းငယ်မျှပင် ယုံကြည်မှု မရှိကြောင်း ခံစားမိသွားတော့သည်။ 


အရပ်ရှည်ရှည် အမျိုးသားမှာ အင်မတန် နားပါးသည့်ဟန်ပင်။ မျက်ဝန်းများ အမှောင်ဖုံးသွားကာ ယန်အန်းယုကို ပြောလိုက်သည်။ 


"ကျွန်တော်က ချီစန်းပါ ..." 


ထန်းကော်ကလည်း ခေါင်းတဆတ်ဆတ် ငြိမ့်လျက် ရှင်းပြလိုက်သည်။ 


"သခင်လေး ဒီနေ့ကနေစပြီး မစ္စတာချီက သခင်လေးရဲ့ မန်နေဂျာ ဖြစ်လာမှာပါ ..." 


ယန်အန်းယု "..." 


အစ်ကိုကြီးက အလုပ်လုပ်တာ တအားကို မြန်ဆန်တာပဲ ... 


ချီစန်းက ငှက်သိုက်သဖွယ် ဆံပင်နှင့်အတူ ကာတွန်းရုပ်များ ပါရှိသည့် ညဝတ်အင်္ကျီကို ဝတ်ဆင်ထားသည့် ယန်အန်းယုအား စုန်ချည်ဆန်ချည် စိုက်ကြည့်ကာ ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်၏။ 


"အဝတ်အစား မြန်မြန် သွားလဲ ..." 


ယန်အန်းယုက ခေါင်းငြိမ့်ပြကာ သူ့ကို ကူညီပေးရန် ထန်းကော်ကို ခေါ်သွားလိုက်သည်။ 


ထန်းကော်သည်လည်း အဝတ်အစားများကို မည်ကဲ့သို့ ရွေးချယ်ရမည်မှန်း မသိချေ။ သို့သော် ယန်အန်းယုက သူ့ထက်ပိုပြီး ငယ်ရွယ်သည့်အပြင် သူသည် ငယ်စဉ်ကတည်းက မိခင်ဖြစ်သူ၏ "ကောင်လေးတွေကလည်း ချစ်စရာကောင်းရမယ်" ဟူသည့် အတွေးကို ရိုက်သွင်းခံထားရသည့်အတွက် ယန်အန်းယုကို ချစ်စရာကောင်းကာ လူငယ်ဆန်သည့် အဝတ်အစားမျိုးကို ဝတ်ဆင်ရန် အကြံပေးလိုက်သည်။ 


ထို့အပြင် ယန်အန်းယုသည်လည်း အားကစားဝတ်စုံကဲ့သို့ သက်တောင့်သက်သာရှိသော အဝတ်အစားမျိုးကို သဘောကျတတ်သူ ဖြစ်ပေသည်။ 


"သခင်လေး ကျွန်တော် ကြားတာတော့ မစ္စတာချီက တော်တော်လေးကို ဖြောင့်မတ်ပြီး မျက်နှာမလိုက်တတ်ဘူးတဲ့ အမြဲ‌တမ်း မျက်နှာသေကြီးနဲ့ သူ့အနုပညာရှင်တွေနဲ့ စဟယ်နောက်ဟယ်လည်း မရှိ စကားတောင် မလိုအပ်ရင် မပြောဘူးတဲ့ ရှေ့လျှောက် ပိုပြီး ဂရုစိုက်ရမယ်နော် ...." 


ယန်အန်းယုက သံယောင်လိုက်ကာ ထောက်ခံလိုက်သော်ငြား စိတ်ထဲအထိ စွဲမှတ်မထား။ 


"ဘာပဲဖြစ်ဖြစ် မင်းလည်း ကြားဖူးရုံပဲ ရှိတာ မဟုတ်လား ငါကတော့ အစ်ကိုကြီးရဲ့ စီစဉ်မှုကို ယုံတယ်  နည်းနည်းလောက် စကားပြောပြီးသွားရင် မစ္စတာချီက ထင်ထားသလို မဟုတ်မှန်း သိလာနိုင်မှာပါ ..." 


"သခင်လေးကတော့ အမြဲတမ်းကို အကောင်းမြင်တတ်နေတာပဲ ..." 


ယန်အန်းယုက ပြုံးပြလိုက်သည်။ သို့သော် အခန်းထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ထိုအပြုံးအားလုံး တောင့်တင်းသွားတော့၏။ အကြောင်းမှာ သူ့အနောက်သို့ တကောက်ကောက် လိုက်နေသည့် ချီစန်း၏ အကြည့်များကြောင့် ဖြစ်သည်။ သူသွားလေရာနောက်သို့ ထပ်ကြပ်မကွာ စိုက်ကြည့်နေသည့် ချီစန်း၏ အကြည့်များမှာ အလွယ်တကူ သယ်သွား၍ရသည့် လေအေးပေးစက်အလားပင်။ ရှေ့လျှောက် နွေရာသီတွင် အပူဒဏ်ကို ကြောက်နေရန် မလိုအပ်လှတော့ချေ။ 


"အဝတ်အစားတွေက အဆင်မပြေဘူး ပြန်လဲလိုက် ..." 


နေ့တစ်ဝက်ခန့် အချိန်ကုန်ဆုံးသွားသည့်တိုင် ချီစန်းသည် ယန်အန်းယု၏ အဝတ်အစားများကို စိတ်တိုင်းမကျသေးချေ။ 


တီရှပ်နဲ့ ဂျင်းဘောင်းဘီ ..  ဒါက သိပ်ပြီး ပြဿနာရှိတဲ့ပုံ မပေါ်ပါဘူး ... 


ယန်အန်းယုက အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ကာ ပြောလိုက်သည်။ 


"မစ္စတာချီ ကျွန်တော့်အဝတ်အစားတွေကလည်း အနည်းနဲ့အများ ဒီလိုပုံစံတွေချည်းပဲ ရိုးရိုးရှင်းရှင်းလေးပဲ လုပ်ကြရအောင်လေ မဟုတ်ဘူးလား ..." 


ချီစန်းထံမှ စကားသံပင် ထွက်မလာ၊ သို့သော် အကြည့်တို့မှာမူ ပို၍ပင် အေးစက်လာလေတော့သည်။ 


👥️