Chapter 13
Viewers 10k

👥️Chapter 13




အခန်းထဲတွင် ဂီတာသံ တိုးတိုး ထွက်ပေါ်နေသည်။


 á€á€ťá€„်နွ္ဏ်ရသဎက ဂီတာတီးကာ သီချင်းဆိုနေစဉ် ယန်အန်းယုက အပြင်ဘက်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့၏။ 


ချင်နွော်ရှီ၏ သီဆိုမှုထဲတွင် အမြင့်သံများသာမက ဩရှနက်ရှိုင်းသည့် အနိမ့်သံများလည်း ရံဖန်ရံခါ ပါဝင်ပေသည်။ သူက လည်ချောင်းနှင့် ရင်ခေါင်းအသံတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောင်းလဲသီဆိုသွားသေး၏။ သုံးမိနစ်ဆက်တိုက် သီဆိုနေသည့် သူ၏ သီချင်းသံမှာ အလွန် ကောင်းမွန်လှလွန်း၍ အကဲဖြတ်ဒိုင်များသည်ပင် သူ၏ သီဆိုမှုကို အနှောင့်အယှက် မပေးလို၊ ပြီးဆုံးသည်အထိ သီဆိုခွင့် ပေးထားမိကြတော့သည်။ 


သီချင်း ပြီးဆုံးသွားသည့်တိုင် ဒိုင်လေးဦးလုံး၏ မျက်ဝန်းထဲတွင် နှစ်လိုမှုတို့ ထင်ဟပ်နေကြဆဲ ဖြစ်ကာ သူ့ကို ရှေ့ဆက်၍ပင် ဆိုစေလိုသေးကြောင်း ပေါ်လွင်ထင်ရှားနေပေသည်။ ချင်နွော်ရှီက ဦးညွတ်လိုက်သည်နှင့် တစ်ပြိုင်နက် လက်ခုပ်ဩဘာပင် ချီးမြှင့်လိုက်ကြသေးသည်။ ထို့နောက် အစိမ်းရောင် မီးလုံးအားလုံး လင်းသွားသည့်အတွက် ချင်နွော်ရှီသည် လူရွေးပွဲကို ကန့်ကွက်သူမရှိ အောင်မြင်သွားတော့သည်။ 


အတွင်းဘက်မှ လက်ခုပ်သံနှင့် ရယ်မောသံများကို ကြားလိုက်ရသည့်အခါ ယန်အန်းယုသည် ချင်နွော်ရှီအတွက် ဝမ်းသာမိသွားကာ သူ့ကိုယ်သူအတွက်လည်း စိုးရိမ်မိစ ပြုလာတော့သည်။ 


ဤသည်မှာ သူ့အဖို့ ပထမဆုံးအကြိမ် စင်ပေါ်တက်ဖူးခြင်း ဖြစ်ပေသည်။ အတွေ့အကြုံ လုံးဝ မရှိဖူးသည့်အပြင် အလွန် ထူးချွန်ပြောင်မြောက်လှသည့် ချင်နွော်ရှီ၏ အနောက်တွင် ဖျော်ဖြေရန် အလှည့်ကျထားရာ သူသည် စင်ပေါ် တက်ရမည်ကိုပင် ကြောက်ရွံ့မိလာတော့သည်။ 


အခန်းထဲမှ ပြန်ထွက်လာသော ချင်နွော်ရှီက မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်နေသူကို ကြည့်ကာ ပုခုံးကို ပုတ်၍ ပြောလိုက်သည်။ 


“မင်း လုပ်နိုင်ပါတယ် ...”


ရိုးရှင်းသည့် စကားတစ်ခွန်းသာ ဖြစ်သည့်တိုင် ဤသည်မှာ ချင်နွော်ရှီထံမှ အားပေးစကားကို ပထမဆုံးအကြိမ် ကြားခဲ့ရခြင်း ဖြစ်ပေသည်။ 


“ကျေးဇူးပါ ...”


ယန်အန်းယုက ကျေးဇူးတင်ကြောင်း ပြောကာ ခေါင်းမော့ရင်ကော့၍ စင်ပေါ်သို့ တက်သွားလိုက်သည်။ 


သူက မီးရောင်အောက်တွင် ရပ်ကာ အသက်ကို ပြင်းပြင်းရှူ၍ ပြောလိုက်သည်။ 


“ဒိုင်လူကြီးများအားလုံး မင်္ဂလာပါ ကျွန်တော်ကတော့ S မြို့တော်က ယန်အန်းယု ဖြစ်ပါတယ် ဒီနေ့ ဒီနေရာမှာ သီဆိုခွင့် ရတဲ့အတွက်လည်း အရမ်းကို စိတ်လှုပ်ရှားနေမိပါတယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ကြားပြသပေးကြပါဦး ...”


အလွန် သာမန်ဆန်လှသည့် မိတ်ဆက်စကားမျိုး ဖြစ်သည့်တိုင် သူ၏ ချောမောလှသော မျက်နှာကြောင့် အကဲဖြတ်ဒိုင်အားလုံးထံမှ အလွန်နွေးထွေးလှသည့် ထင်မြင်ချက်ကောင်းများကို ပိုင်ဆိုင်ခဲ့တော့သည်။ 


အကဲဖြတ်ဒိုင်များမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ကာ ဘယ်မှညာသို့ အစဉ်လိုက် ထိုင်နေကြသည်။ အားလုံးက သူ့ကို ခေါင်းငြိမ့်ပြကာ စတင်သီဆိုရန် အချက်ပြလိုက်သည်။ 


“ကျွန်တော်က “ဝူယန်ယီချန်” ကို သီဆိုပြပါ့မယ် ...”


ယန်အန်းယုက မိုက်ခရိုဖုန်းကို မြှင့်ကာ ပြောလိုက်သည်။ ထို့နောက် သူ့စကားအား ကောင်းစွာ နားမလည်ကြမည်ကို စိုးရိမ်ဟန်ဖြင့် အနည်းငယ် ထပ်ပြောလိုက်၏။ 


“ဒါကတော့ ဟိုးအရင်က ယီချန်းယန် သီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ ...”


ဒုတိယခုံတွင် ထိုင်နေသည့် ဒိုင်တစ်ဦး၏ အကြည့်များမှာ ချက်ခြင်းဆိုသလို ဝင်းလက်သွားကာ သူ့ကို တောက်တောက်ပပ ပြုံးပြလာတော့သည်။ 


“ဘာလို့ ဒီသီချင်းကို ရွေးခဲ့တာလဲ ...”


“ဘာလို့လဲဆို သူ့ကို အရမ်း သဘောကျလို့ပါ ...”


ယန်အန်းယု ပြောသွားသည့် "သဘောကျသည်” ဟူသော စကား၏ အဓိပ္ပါယ်မှာ အလွန်ရိုးစင်းလှကာ လေးစားအားကျမှုတို့ဖြင့်သာ ပြည့်နှက်နေသည့်တိုင် ဒိုင်လေးဦးစလုံးမှာ ကြောင်အမိနေကြဆဲ ဖြစ်ပေသည်။ 


ယီချန်းယန်သည် လွန်ခဲ့သော ၈ နှစ်ခန့်ကတည်းက ပွဲဦးထွက်ခဲ့ခြင်း ဖြစ်သော်လည်း ယခုလက်ရှိတွင် လူတိုင်းသည် သူ့ကို ရုပ်ရည်ချောမောကာ သရုပ်ဆောင်ရာ၌ အလွန် ကျွမ်းကျင်ပိုင်နိုင်လှသည့် “ရုပ်ရှင်ဧကရာဇ်ယီ” အဖြစ်သာ သိရှိကြတော့သည်။ သူ၏ အနုပညာလမ်းခရီးအစတွင် အဆိုတော်တစ်ဦး ဖြစ်ခဲ့ကြောင်းကို မည်သူကမှ ဂရုမစိုက်ကြတော့ချေ။ 


“ငါလည်း သူ့ကို အရမ်းကို သဘောကျတာ ...”


ဒိုင်အမျိုးသားက ပြုံးကာ ပြောလိုက်သည်။ သူ၏ အမည်မှာ ကျန်းကျီချမ်ဖြစ်ကာ အနုပညာလောက၌မူ သူ့ကို အားလုံးက Shawn ဟုသာ ခေါ်ကြသည်။ 


ကျန်းကျီချမ်နှင့် ယီချန်းယန်တို့သည် တစ်ချိန်တည်းနီးပါး ပွဲဦးထွက်ခဲ့ကြသူများ ဖြစ်ကြသည်။ သူသည် ၇ နှစ် ၈ နှစ်နီးပါးခန့် သီချင်းသီဆိုခဲ့သည့်အပြင် သီချင်းအယ်လ်ဘမ်ပေါင်း တစ်ဒါဇင်ခန့်လည်း ထွက်ရှိထားခဲ့သည်။ ထို့အပြင် ရုပ်ရည် ချောမောသည့်အပြင် ချစ်စရာကောင်းသည့် အမူအယာမျိုးကိုလည်း မကြာခဏ လုပ်ပြလေ့ ရှိသည့်အတွက် အသက် သုံးဆယ်ပင် မပြည့်သေးသည့်တိုင် A အဆင့် အဆိုတော်တစ်ဦး ဖြစ်နှင့်နေပြီ ဖြစ်ပေသည်။


ကျန်းကျီချမ်သည် နိုင်ငံအနှံ့ နယ်လှည့်ဖျော်ဖြေပွဲ ကျင်းပပြီးနောက် S မြို့တော်သို့ ပြန်ရောက်လျှင်ရောက်ချင်း “မနက်ဖြန်များ၏အသံ” တွင် ဒိုင်အဖြစ် ပါဝင်ရန် ဖိတ်ကြားခြင်း ခံခဲ့ရသည်။ ဧည့်အကဲဖြတ်ဒိုင်အဖြစ်သာ ပါဝင်ရမည် ဖြစ်သော်လည်း လတ်တလောတွင် သူ့ထံ၌ အခြားသော အစီအစဉ်များလည်း ရှိမနေသည့်အတွက် အပျင်းပြေ ပါဝင်ရန် ဆုံးဖြတ်ခဲ့လိုက်သည်။ ထို့အပြင် အကဲဖြတ်ဒိုင် လုပ်နေရင်း သူ့အကြိုက်နှင့် လိုက်ဖက်မည့် လူသစ်လေးများကိုလည်း တွေ့ရှိနိုင်ပေသည်။ 


သူသည် ဂီတပါရမီရှင် ချင်နွော်ရှီကိုသာမက ဤ စိတ်ဝင်စားစရာကောင်းလှသည့် ယန်အန်းယုကိုပါ တစ်ပြိုင်တည်း တွေ့ရှိသွားတော့သည်။ 


“ဆိုကြည့်ပါ ...”


ကျန်းကျီချမ်၏ မျက်ဝန်းထဲတွင် မျှော်လင့်စောင့်စားမှုတို့ ထင်ဟပ်နေသည်။ 


သို့သော် မျှော်လင့်ချက် ကြီးလေလေ စိတ်ပျက်မိရလေပင် ဖြစ်သည်။ တီးလုံးသံ ထွက်လာပြီးနောက် ယန်အန်းယုသည် တစ်မိနစ်ခန့် သီဆိုကာ တိတ်တိတ်လေး သက်ပြင်းခိုးချလိုက်သည်။ ဘယ်ဘက်အစွန်တွင် ထိုင်နေသည့် ဒိုင်အမျိုးသမီးကလည်း လက်ကို မြှောက်ကာ သူ၏ သီဆိုနေမှုကို ကြားဖြတ်လိုက်သည်။ 


“ဒီလောက်ဆို လုံလောက်ပါပြီ ...”


ယန်အန်းယုက မိုက်ကို အောက်သို့ ပြန်ချထားလိုက်သည်။ သူ့လည်ချောင်းကို တစ်ခုခုက ပိတ်ဆို့ထားသကဲ့သို့ ခံစားနေရကာ မည်ကဲ့သို့ စကားစရမည်မှန်းပင် မသိတော့။ 


အားလုံး မထင်မှတ်ထားသည်မှာ .. နောက်ဆုံးတွင် ထို ဒိုင်အမျိုးသမီးသည် သူ့ကို မျက်စိတစ်ဖက်မှိတ်ပြကာ အစိမ်းရောင်မီးခလုတ်ကို နှိပ်လိုက်သည်။ 


ဒါ .. သူ အောင်သွားပြီဆိုတဲ့ သဘောလား ...


“ယန်အန်းယု .. တို့ကတော့ မင်းအသံကို တကယ် သဘောကျတယ် ကြိုးစားမှုကို ဆက်ထိန်းထားရမယ်နော် ...”


“ကျေးဇူးအများကြီး တင်ပါတယ် ...”


သူက ခံစားချက်အပြည့်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


သူမ၏ ဘေးနားတွင် ထိုင်နေသည့် ဆံပင်အတိုနှင့် ဒိုင်အမျိုးသမီးကလည်း သူ့ကို နွေးနွေးထွေးထွေး ပြုံးပြလာ၏။ 


“မင်းက “ဝူယန်ယီချန်” ကို မတူညီတဲ့ ခံစားချက်မျိုးနဲ့ သီဆိုခဲ့တာနော် အစပိုင်းတုန်းက မင်းရဲ့ ဝမ်းနည်းပက်လက်ဖြစ်တဲ့ ခံစားချက်တွေကို ကြားရမယ် မှတ်နေတာ ဒါပေမယ့် အဲဒီ့အစား အခက်အခဲတွေကို ကျော်ဖြတ်လာတဲ့ အကောင်းမြင်စိတ်လို ခံစားချက်မျိုးကို ခံစားလိုက်ရတယ် ...”


ထို့နောက် သူမကလည်း မီးစိမ်းကို ရွေးချယ်လိုက်သည်။ 


အကြိုလူရွေးပွဲ၏ ဒိုင်အမျိုးသမီးနှစ်ဦးလုံးမှာ အသက်အရွယ်အားဖြင့် များစွာ မကြီးလှသေးရာ သူမတို့၏ နှလုံးသားကို ပျော့ပျောင်းအောင် လုပ်ရန် ပိုမိုလွယ်ကူလှပေသည်။ ယှဉ်ပြိုင်သူများတွင် လက်ခံ၍ ရနိုင်လောက်သည့် အရည်အချင်းမျိုး ရှိနေသရွေ့ သူမတို့က သူတို့ကို အောင်မြင်ခွင့် ပေးမည်ဖြစ်သည်။ 


ထို့အပြင် ယန်အန်းယုသည် ကြည့်ကောင်းသည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားရုံသာမက သူ၏ အသံမှာလည်း ရုပ်ရည်ကဲ့သို့ပင် သန့်ရှင်းကြည်လင်နေပေသည်။ သူ၏ vocal range မှာ ယောကျာ်းလေး အမြင့်သံမျိုး ဖြစ်သည့်တိုင် မိန်းကလေး အမြင့်သံ သီချင်းများကို သီဆိုရာတွင်လည်း အသံ ယိုင်သွားခြင်း မရှိချေ။ ထိုစွမ်းရည်ကို ကောင်းစွာ မွမ်းမံအရောင်တင်နိုင်ပါလျှင် အနာဂတ်တွင် ဤသည်ကပင်လျှင် သူ၏ တစ်မူထူးခြားလှသော ဝိသေသလက္ခဏာမျိုး ဖြစ်လာနိုင်ပေသည်။ 


“အင်း .. ငါကတော့ ဘေးနားမှာ ထိုင်နေတဲ့ လောင်ရှီးလှလှလေး နှစ်ယောက်လို ကြင်ကြင်နာနာ ပြောနေမှာ မဟုတ်ဘူးနော် ...”


ကျန်းကျီချမ်က စတင်ကာ မှတ်ချက်ပြုလိုက်သည်။ 


“ယန်အန်းယု .. မင်းရဲ့ မျက်နှာကိုပဲ အကဲဖြတ်ရရင်တော့ သေချာပေါက်ကို အောင်မှာပါ ဒါပေမယ့် မင်းရဲ့ သီချင်းဆိုတဲ့ စွမ်းရည်က တော်တော်လေးကို သာမန်ဆန်လွန်းတယ် ပြီးတော့ ငါ့အမြင်က ဝမ်လောင်ရှီးနဲ့ လုံးဝ မတူဘူး ဒီသီချင်း “ဝူယန်ယီချန်” က ပြောစရာ စကားလုံးကို မရှိ၊ စကားပြောရမှာကို အခက်တွေ့နေရတဲ့ ခံစားချက်ကို ဖော်ပြတဲ့ သီချင်းမျိုး ဒါပေမယ့် မင်းက သူ့ရဲ့ ဝမ်းနည်းမှုတွေ၊ ဖိနှိပ်ထားရတဲ့ ခံစားချက်တွေကို နည်းနည်းလေးတောင် မဖော်ပြနိုင်ခဲ့ဘူး စာသားတွေနဲ့ မင်းရဲ့ ခံစားချက်တွေက နည်းနည်းလေးမှတောင် လိုက်ဖက်ညီမနေဘူး မင်းက ဒီသီချင်းကို ပိုင်နိုင်မှု မရှိတာ အရှင်းကြီးကို မြင်နေရတယ် အဲဒါကြောင့် ...”


ထိုသို့ ပြောကာ သူက အနီရောင်မီးလုံးကို နှိပ်လိုက်သည်။ 


ပုံမှန်အားဖြင့် သူသည် အကဲဖြတ်ရာ၌ ထိုမျှအထိ ခက်ထန်လေ့ မရှိပေ။ သို့သော် သီဆိုသွားသည့် သီချင်းမှာ “ဝူယန်ယီချန်” ဖြစ်နေသည့်အတွက် အနည်းငယ် အကဲဆတ်နေမိခဲ့၏။ အကယ်၍ ယန်အန်းယုသာ အခြား သီချင်းတစ်ပုဒ်ပုဒ်နှင့် ယှဉ်ပြိုင်ခဲ့ပါလျှင် သူ့ကို သေချာပေါက် အအောင်ပေးမိမည် ဖြစ်ပေသည်။ 


ဒိုင်အမျိုးသမီးနှစ်ဦး၏ ကရုဏာလွှမ်းသော အကြည့်များက ယန်အန်းယုထံ ကျရောက်လာခဲ့သည်။ 


ယန်အန်းယုက တိတ်တခိုး သက်ပြင်းချလိုက်သည်။ အရိုးသားဆုံး ဝန်ခံရပါလျှင် သူ့စိတ်ထဲတွင် ရှုံးနိမ့်မှုကို လက်ခံရန် အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ပေသည်။ မတော်တဆ အောင်မြင်သွားခဲ့လျှင်ပင် ကံကောင်းထောက်မသောကြောင့် အောင်မြင်သွားခြင်း ဖြစ်လိမ့်မည်ဟု တွေးထားပြီး ဖြစ်ကာ ယနေ့ သူ လာခဲ့ရခြင်း၏ အဓိက အကြောင်းအရင်းမှာလည်း ကြိုးစားကြည့်လိုသည့်  ဆန္ဒတစ်ခုတည်းကြောင့်သာ ဖြစ်ပေရာ ရလဒ်အပေါ် များစွာ စိတ်ထိခိုက်ဝမ်းနည်းနေခြင်း မရှိခဲ့ချေ။


ဒိုင်သုံးဦးက အသီးသီး မှတ်ချက်ပေးခဲ့ကြပြီး ဖြစ်သည့်အတွက် မျက်မှန် တပ်ထားသည့် ဒိုင်တစ်ဦးသာလျှင် ကျန်ရှိတော့သည်။ ဤတစ်ကြိမ်တွင်မူ အမြဲလိုလို စည်းကမ်းတင်းကြပ်သည်ဟု ကျော်ကြားသည့် ဟဲယီလောင်ရှီးက အားလုံး၏ အမြင်နှင့် ဆန့်ကျင်စွာပင် ယန်အန်းယုကို အအောင်ပေးလိုက်သည်။ 


ယန်အန်းယုပင်လျှင် အံ့ဩသွားရကာ ဟဲယီလောင်ရှီးကို ပြူးကျယ်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်မိသွားတော့သည်။ သို့သော် တစ်ဖက်လူကမူ စကားတစ်ခွန်းမှ မဆိုဘဲ သူ့ကို လက်ယမ်းပြကာသာ ထွက်သွားခိုင်းလိုက်တော့သည်။ 


မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်နေသည့်တိုင် ဦးညွတ်နှုတ်ဆက်ကာသာ ထွက်လာခဲ့ရသည်။ 


“ဟဲလောင်ရှီး ဘာလို့ သူ့ကို ...”


“Shawn ရေ ငါသာ အမှတ်မမှားဘူးဆိုရင် .. အဲဒီ့ ယန်အန်းယု ...”


ဟဲယီက ကျန်းကျီချမ်၏ စကားများကို ဖြတ်ပြောလိုက်သည်။ သူက မျက်မှန်ကို အပေါ်သို့ တွန်းတင်ကာ ဩရှစွာဖြင့် ပြောလိုက်သည်။ 


“သူက ယန်ကျွယ့်ရဲ့ ညီလေး ဖြစ်မယ်ထင်တယ် ...”


“အင်း .. ဘာပဲဖြစ်ဖြစ်ပါ အခုမှ အကြို ရွေးချယ်ပွဲပဲ ရှိသေးတဲ့ဟာ သူ့ကို ရွေးလိုက်ရလို့လည်း ဘာမှ ဒုက္ခမများပါဘူး ယန်ကျွယ့်မှာလည်း အကြံတစ်ခုခု ရှိနေလို့ နေမှာပေါ့ ဒါပေမယ့် ငါတို့ဘက်ကနေ ရှန်းဟွမ်ကို အရင် ဆက်သွယ်နိုင်ရင်တော့ အကောင်းဆုံးပဲ ...”


ကျန်းကျီချမ်၏ နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်သွားတော့သည်။ 


အနုပညာလောကရဲ့ ရေအတိမ်အနက်က တော်တော်လေးကို နက်ရှိုင်းတာပဲ ...


အကြိုရွေးချယ်ပွဲ ပထမနေ့ ပြီးဆုံးသွားတော့သည်။ ချင်နွော်ရှီက ချွင်းချက်မရှိ အရွေးချယ်ခံလိုက်ရကာ ယန်အန်းယုကလည်း ကံကောင်းထောက်မစွာဖြင့် ထုတ်ပယ်ခြင်း မခံခဲ့ရ။ ကောလီရှုသည်လည်း အောင်မြင်စွာဖြင့် ဖြတ်ကျော်နိုင်ခဲ့ပေသည်။ 


ထို့အပြင် ဂီတကျောင်းတစ်ခုမှ လာရောက်ယှဉ်ပြိုင်သည့် ရှန်းသုန်းဟောင်မှာလည်း အားကောင်းလှသည့် ပြိုင်ဘက်တစ်ဦး ဖြစ်ပေသည်။ ဟဲယီလောင်ရှီးက အစိမ်းရောင်မီးခလုတ်ကို ပထမဆုံး နှိပ်လိုက်ကာ သူ့ကို ချီးကျူးစကားများပင် ပြောခဲ့လိုက်သေးသည်။ 


ရှန်းသုန်းဟောင်က သူ့အတန်းဖော်များနှင့်အတူ ထွက်မသွားမီ ချင်နွော်ရှီကို ရှုပ်ထွေးလှသည့် အကြည့်တို့ဖြင့် စိုက်ကြည့်ကာ ဟွန့်ခနဲ နှာမှုတ်သွားလိုက်သေးသည်။ 


ချင်နွော်ရှီ၏ အကြည့်တို့မှာ သိသိသာသာ မှေးမှိန်သွားကာ ဝမ်းနည်းနေသည့် အရိပ်အငွေ့တို့ အနည်းငယ် ထင်ဟပ်သွားတော့သည်။ သို့သော် ရှန်းသုန်ဟောင်းထံ ဂီတာကို ပြန်ပေးပြီးနောက် နှစ်ဦးစလုံး မည်သူကမှ စကား စမပြောတော့ချေ။ 


“ယန်အန်းယု မင်းက စီနီယာ ယီကို ဒီလောက်အထိ ကြိုက်လိမ့်မယ်လို့ ထင်ကို မထင်ထားဘူး ...”


ကောလီရှုက သူ့ပုခုံးကို ပုတ်ကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ 


“ဒါဆို မင်း “လက်ဝှေ့ကျော်” ရိုက်ကွင်းမှာ သူ့ပေါ် ပြုတ်ကျသွားအောင် တမင် ဝင်တိုက်ခဲ့တာပေါ့ ဟုတ်လား ...”


“...”


ထိုအကြောင်းအရာကို စကားစလိုက်သည်နှင့် တစ်ပြိုင်နက် ယန်အန်းယုမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရှာတော့သည်။ 


“လုံးဝကို မဟုတ်ဘူး ...”


“ယောကျ်ားဆိုတာ သူတို့ လုပ်ခဲ့တာတွေအတွက် သေချာပေါက်ကို ဝန်ခံရဲတဲ့ သတ္တိရှိရမယ်ကွ ပိုပြီး ရိုးသားနိုင်လေ ကောင်းလေပဲ မစိုးရိမ်ပါနဲ့ ငါ မင်းကို မလှောင်ပါဘူး ...”


“တကယ်ကို မဟုတ်ပါဘူးဆို ...”


သူက အသံကို မြှင့်ကာ အလေးအနက်  ရှင်းပြလိုက်သည်။ 


“အဲဒီ့အချိန်တုန်းက ငါ့ခန္ဓာကိုယ်က ဒီတိုင်း အလိုအလျောက် ပြန်တုန့်ပြန်မိသွားတာပါဆို စိတ်က လုံးဝကို ဗလာ ဖြစ်နေလို့ အမှား လုပ်မိသွားတာ ...”


“ဟုတ်ပါပြီ ဟုတ်ပါပြီ ငါကလည်း စနေတာပါ အဲဒီလောက်ကြီး ပျာယာခတ်မသွားပါနဲ့ ...”


ကလေးသဖွယ် စကားနိုင်လုနေသူနှစ်ဦးကြောင့် ချင်နွော်ရှီထံမှ ရယ်သံတစ်ချက် ခပ်တိုးတိုး ထွက်ပေါ်လာတော့သည်။ သိသိသာသာ ကွေးညွတ်သွားသည့် မျက်ခုံးနှင့် မျက်လုံးများကြောင့် သူ့မျက်နှာမှာ ယခင်ထက်ပင် ပိုမိုချောမောသွားတော့သည်. 


ကျန်နှစ်ဦးမှာ ကြောင်အသွားကာ အသီးသီး သက်ပြင်းချလိုက်ကြသည်။ 


ဒီလိုရုပ်ရည်နဲ့ ယောကျ်ားတွေက တကယ်ကို မကောင်းတာပဲ ...


****


C မြို့တော်တွင် ..

ယီချန်းယန်သည် တစ်နေကုန် အလုပ်များနေခဲ့ပြီးနောက် တည်းခိုသည့် ဟော်တယ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ကျန်းကျီချမ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ 


“ဟေး ရှောင်ယန်ယန် ငါ ဒီနေ့ တော်တော်လေး ထူးခြားတဲ့ အဆိုတော်တစ်‌ယောက်ကို တွေ့ခဲ့တယ် သိလား ...”


သဘောကျရသည့် အမျိုးသားနှင့် ဖုန်းပြောနေရသောကြောင့် ကျန်းကျီချမ်၏ လေသံတွင် ရွှင်လန်းတက်ကြွမှုတို့ သိသိသာသာ လျှံထွက်နေခဲ့သည်။ 


သို့သော် ကံဆိုးစွာဖြင့် ယီချန်းယန်ထံမှ အေးစက်လှသော စကားလုံးများကိုသာ ပြန်လည်ရရှိခဲ့သည်။ 


“ငါ့ကို အဲဒီ့လို မခေါ်နဲ့ ...”


“အိုက်ယား ယီချန်းယန် မင်းက အမြဲတမ်း ငါ့ကိုဆို အေးတိအေးစက် ဆက်ဆံသလောက် တစ်ခြားသူတွေနဲ့ဆို ပြုံးရွှင်နေတာပဲ ...”


ကျန်းကျီချမ်က မကျေမနပ် ပြောလိုက်သည်။ 


“ဒီအတိုင်းသာဆို မင်း ဘယ်လိုလုပ် ဇနီးတစ်ယောက်လောက် ရှာနိုင်တော့မှာလဲ ...”


“ဒါပေမယ့် ငါ့အတွက်တော့ နေသားကျနေပါပြီ သူရဲကောင်းရေ ငါ့ကို မစဉ်းစားပေးတော့ဘူးလား ...”


ယခင်ကလည်း သူ၏ တစ်ဖက်သတ်အချစ်ကို အကြိမ်ပေါင်း ထောင်သောင်းမက ဝန်ခံဖွင့်ဟဖူးခဲ့သည့်အတွက် ယီချန်းယန်သည် ထိုစကားများနှင့် နေသားကျနေပြီ ဖြစ်သည်။


“ကိစ္စမရှိရင် ဖုန်းချတော့မယ် ...”


“ဟေး နေပါဦး ...”


ကျန်းကျီချမ်က ပျာယာခတ်သွားကာ နောက်ထပ် မစနောက်တော့ဘဲ အလေးအနက် ပြောလိုက်သည်။ 


“မင်းရဲ့ “ဝူယန်ယီချန်”နဲ့ လာပြိုင်တဲ့ ပြိုင်ပွဲဝင်တစ်ယောက် ရှိတယ် ...”


ယီချန်းယန် “...”


“ဒါပေမယ့် မင်းက ထုတ်မပြောနိုင်ခဲ့တဲ့ ခံစားချက်တွေအကြောင်း ဆိုခဲ့တာလေ သူကကျ နောက်တစ်မျိုး သူ့အကြောင်းသူပဲ ဖော်ပြသွားတာ .. ဟားဟား  ...”


ကျန်းကျီချမ်က သူ့စကားနှင့်သူ ရယ်မောလိုက်ကာ တတွတ်တွတ် ဆက်ပြောလိုက်ပြန်သည်။ 


“အဲဒီ့ ကောင်လေးရဲ့ စရိုက်ကတော့ တော်တော်လေးကို တက်ကြွပြီး စစ်မှန်တယ်ကွ သိလား ဒါတောင် မင်းသီချင်းကို ရွေးရဲသေးတယ် ကြည့်ရတာ မင်းရဲ့ အမာခံပရိသတ်နေမှာ ဒါပေမယ့်လေ နောက်ခံလည်း တောင့်တဲ့ပုံပဲ သူက ဘယ်သူလို့ မင်းထင်လဲ ...”


“မသိဘူး မှန်းလည်း မမှန်းချင်ဘူး ဂွတ်ဘိုင် ...”


တစ်ဖက်လူ၏ တုန့်ပြန်မှုကိုပင် မစောင့်တော့ဘဲ ယီချန်းယန်က ဖုန်းကို ချက်ခြင်း ချလိုက်သည်။ 


ထိုအပြုအမူကို မြင်လိုက်သည့် လီယဲ့က ဖုန်းတစ်ဖက်မှလူမှာ ကျန်းကျီချမ် ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။ 


သူတို့နှစ်ဦးသည် လွန်ခဲ့သော ၇ နှစ်ခန့်ကတည်းက သိကျွမ်းခဲ့ကြခြင်း ဖြစ်သည်။ ဂီတအား နှစ်ခြိုက်ရာ၌ တူညီကြသဖြင့် ကျန်းကျီချမ်သည် ယီချန်းယန်ကို မြင်မြင်ချင်းပင် ချစ်မိသွားခဲ့သည်။ သူက ယီချန်းယန်နှင့်အတူ come out လုပ်ရန်ပင် ပြင်ဆင်ထားခဲ့သော်ငြား တစ်ဖက်လူက သူ့အပေါ် လုံးဝ ခံစားချက် မရှိခဲ့ချေ။ 


ထိုသို့ ဖြစ်ခဲ့သည့်တိုင် ကျန်းကျီချမ်သည် ဤ အတုအယောင် များပြားလှသော အသိုင်းအဝိုင်းထဲ၌ ယီချန်းယန်၏ မိတ်ဆွေကောင်းတစ်ဦး ဖြစ်နေဆဲပင် ဖြစ်သည်။ သူတို့နှစ်ဦး ဆုံတွေ့လေတိုင်း ရုပ်ရှင်ဧကရာဇ်သည် သူ့ကို ဟန်ဆောင်ပန်ဆောင်ပင် ပြုံးပြခြင်းမရှိ၊ သူ၏ လျစ်လျူရှုတတ်သည့် ဗီဇစရိုက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသခဲ့သည်။ 


သို့သော် သူ့ကို တစ်ဖက်သတ် ချစ်နေခဲ့သည့် ကျန်းကျီချမ်သည် ယခုအချိန်အထိ ယီချန်းယန်မှာ လက်ထပ်ထားပြီး ဖြစ်ကြောင်းကို မသိသေးချေ။ 


လီယဲ့သည် ထိုအကြောင်းကို တွေးမိလေတိုင်း ကျန်းကျီချမ်ကို ကရုဏာသက်စိတ်တို့ များစွာ ထွက်ပေါ်လာခဲ့သည်။ 


တစ်ချိန်တည်းမှာပင် S မြို့တော် တောင်ပိုင်းခရိုင်၌ ယန်အန်းယုသည် ချင်နွော်ရှီ အလုပ်လုပ်နေသည့် ဘားရှိရာသို့ ထွက်လာခဲ့သည်။ 


သူက နားကြပ်၏ အကူအညီဖြင့် ပတ်ဝန်းကျင်မှ ဆူညံသံများကို ပပျောက်စေကာ “ဝူယန်ယီချန်” ကိုသာ မျက်စိမှိတ်လျက် ခံစားနားဆင်နေခဲ့သည်။ 


ထိုနေ့က ကျန်းကျီချမ်၏ စကားများသည် သူ့ကို အတွေးများစေခဲ့သည်။ 


အသည်းကွဲနေသူ သို့မဟုတ် စိတ်ခံစားချက် မကောင်းသည့်သူသာ “ဝူယန်ယီချန်” ကို နားထောင်မိပါလျှင် သူတို့ကိုယ်တိုင် သီချင်းစာသားထဲကကဲ့သို့ ကြုံတွေ့နေရသည့်နှယ် ခံစားရပေလိမ့်မည်။ အချို့သော မိန်းကလေးများဆိုလျှင် ငိုပင် ငိုမိကြသေးသည်။ သို့သော် ယန်အန်းယုမှာမူ အမြဲလိုလို အကောင်းမြင်ဝါဒီ ကြီးစိုးသူတစ်ဦး ဖြစ်နေပေရာ ...


ငယ်စဉ်အရွယ် ကလေးဘဝကတည်းက သူသည် ဝမ်းနည်းဖွယ်ကောင်းအောင် ပင်ပန်းဆင်းရဲလှသည့် အခိုက်အတန့်များကို ကြုံတွေ့ခဲ့ရဖူးသည့်တိုင် အမြဲလိုလို သူ့ကိုယ်သူ ပြန်အားပေးရင်း ပျော်စရာကိစ္စများကို ရှာကြံစဉ်းစားနေလေ့ ရှိခဲ့သည်။ သူ့တွင် မြောက်များစွာသော စိုးရိမ်စရာများ ရှိနေသည့်တိုင် တစ်ညမျှ ကောင်းကောင်း အိပ်စက်လိုက်ရလျှင်ပင် ထို စိုးရိမ်မှုများအားလုံး ပပျောက်သွားတတ်ပေသည်။ 


“ရှောင်ယု .. အားရှီရော ...”


ခိုင်လီက သူ့ပုခုံးကို ပုတ်ကာ မေးလိုက်သည်။ 


“သူ စင်ပေါ် တက်ရတော့မယ့်အချိန် ရောက်နေပြီ ...”


ယန်အန်းယုက နားကြပ်ကို ချွတ်ကာ ပြောလိုက်သည်။ 


“ခိုင်လီကော .. သူ သန့်စင်ခန်း သွားတယ် ....”


ဒါပေမယ့် ဘာလို့ ဒီလောက်အထိ ကြာနေတာလဲ ...


ယန်အန်းယုက နာရီကို ကြည့်လိုက်သည့်အခါ မိနစ် ၄၀ နီးပါးပင် ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ 


ချင်နွော်ရှီက သူ့ကို သီချင်းဆိုတာနဲ့ ပတ်သက်ပြီး သင်မပေးချင်လို့များ တမင် ရှောင်ပြေးသွားတာလား ...


“ဝန်ထမ်းများသီးသန့်” သန့်စင်ခန်း၏ အပြင်ဘက်၌ .. ယန်အန်းယုသည် သူ့အစ်ကို ယန်ကျွယ့်၏ အသံကို ကြားလိုက်ရသည့်အတွက် ချက်ခြင်း နားကို အစွမ်းကုန်စွင့်ထားကာ နားထောင်လိုက်သည်။ 


“မင်း “မနက်ဖြန်များ၏ အသံ” မှာ ဝင်ပြိုင်နေဖို့ မလိုပါဘူး မင်းသာ ဆန္ဒရှိရင် မင်းကို ချက်ခြင်း ရှန်းဟွမ်နဲ့ လက်မှတ်ထိုးခိုင်းပြီး အကြီးအကျယ် ပရိုမိုးရှင်းဆင်းပေးလို့ ရတယ် ...”


အစ်ကိုကြီးကတော့ တကယ်ကို လွှမ်းမိုးခြယ်လှယ်တတ်တဲ့ ဥက္ကဌဆိုတဲ့ အငွေ့အသက်တွေ အပြည့်ပဲ ... 


ယန်အန်းယုက တိတ်တိတ်လေး ဝေဖန်လိုက်သည်။ 


“ကျွန်တော့်ကို တကယ် လက်မှတ်ထိုးစေချင်တာလား ...”


“ဒါပေါ့ မဟုတ်ရင် မင်းကို ထပ်ကာထပ်ကာ လာတွေ့နေပါ့မလား ...”


“ဒါဆို ဥက္ကဌယန် ...”


ချင်နွော်ရှီ၏ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာခဲ့သည်။ သို့သော် အကြည့်တို့တွင်မူ ပြုံးနေသည့် အရိပ်အယောင်မျိုး မတွေ့ရချေ။ 


“မေးပါရစေ ခင်ဗျားက ကျွန်တော့်ရဲ့ အရည်အချင်းကို တန်ဖိုးထားရုံ သပ်သပ်လား ဒါမှမဟုတ် ကျွန်တော့်မျက်နှာကို သဘောကျလို့ ကျွန်တော်နဲ့ အိပ်ချင်လို့လား ...” 



👥️