Chapter 1
Viewers 7k

👥️Chapter 1



ည ဆယ်နာရီကျော်ကျော်ခန့်အချိန် .. လေယာဉ်ပေါ်မှ ဆင်းလာကာစ ယီချန်းယန်သည် လပေါင်းများစွာ ဆက်တိုက် ရိုက်ကူးရေး လုပ်ခဲ့ရသည့်အတွက် သိသိသာသာ ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သို့သော် လေဆိပ်၌ ဝိုင်းအုံကာ စောင့်ဆိုင်းနေကြသည့် ပရိသတ်များ အများအပြား ရှိနေသောကြောင့် သူသည် VIP လမ်းကြောင်းမှတစ်ဆင့် ထွက်ခွာရန် မရွေးချယ်ခဲ့ချေ။ ပရိသတ်များက သူ့ကို မတွေ့ရသည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သောကြောင့် လေဆိပ်ရှေ့တွင် အားတက်သရော စောင့်ဆိုင်းနေကြကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် ယီကျန်းချန်၏ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာက မြောက်ဘက် ထွက်ပေါက်သို့ ဦးတည် ထွက်ခွာသွားလိုက်တော့သည်။ 


သူ့ပရိသတ်များ ဓာတ်ပုံရိုက်ကူးရာ၌ ပိုမို လွယ်ကူအဆင်ပြေစေရန်အတွက် သူသည် နေကာမျက်မှန်နှင့် မျက်နှာဖုံးတို့ကို ချွတ်ပေးလိုက်ကာ လက်ဝှေ့ယမ်းပြုံးပြပြီး နှုတ်ဆက်ပေးရုံသာမက စနစ်တကျ တန်းစီကာ လဲမကျစေရေးအတွက် ဂရုစိုက်ကြရန်ပါ တစ်ပါတည်း မှာကြားခဲ့လိုက်သည်။ 


ထို့နောက်တွင်မူ ယီချန်းယန်နှင့် သူ့မန်နေဂျာ လီယဲ့တို့သည် ဝိုင်းအုံနေသည့် ပရိသတ်ပင်လယ်ထဲမှ ထွက်ခွာကာ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် အသေးစား ဗန်ကားလေးထဲသို့ ဝင်သွားလိုက်ကြ၏။ 


လေဆိပ်နှင့် တစ်ဖြည်းဖြည်း ဝေးကွာလာသည်နှင့်အမျှ စိတ်လှုပ်ရှားစွာ အော်ဟစ်နေသံများလည်း တစ်ဖြည်းဖြည်း တိုးဝင်သွားကာ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် ပရိသတ်များ၏ ပုံရိပ်သည်လည်း တစ်ဖြည်းဖြည်း မှုန်ဝါး ပျောက်ကွယ်သွားတော့သည်။ ထိုအချိန်တွင် ယီချန်းယန်၏ မျက်နှာထက်ရှိ အပြုံးများလည်း မှိန်ဖျော့သွားကာ မျက်လုံးကို မှိတ်လျက် ထိုင်ခုံကို မှီထိုင်ပြီး အနားယူလိုက်တော့သည်။ 


လက်ထောက်တစ်ဖြစ်လဲ မန်နေဂျာဖြစ်သူ လီယဲ့က သူ့ကို လှမ်းကြည့်လိုက်သော်ငြား အနားယူစေလိုသည့်အတွက် အချိန်အချို့ခန့် အနှောင့်အယှက်မပေးမိရန် ဆုံးဖြတ်လိုက်သည်။ 


မျက်လုံးကို မှေးပိတ်ကာ အနားယူနေသည့် ယီချန်းယန်သည် ဖြောင့်တန်းလှသည့် နှာတံမြင့်မြင့်နှင့် ပါးလျသော နှုတ်ခမ်းတစ်စုံတို့ကို ပိုင်ဆိုင်ထားကာ နွမ်းနယ်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည့်တိုင် သူ့မျက်နှာအစိတ်အပိုင်းနှင့် ကောက်ကြောင်းတို့မှာမူ ပြီးပြည့်စုံနေဆဲ ဖြစ်သည်။ လွန်ခဲ့သည့် ရှစ်နှစ်ခန့်ကတည်းက ပွဲဦးထွက်ခဲ့သူ ဖြစ်သည့်တိုင် ယီချန်းယန်၏ မျက်နှာသွင်ပြင်မှာ ပွဲဦးထွက်ကာစ အချိန်ကအတိုင်း မပြောင်းမလဲ ရှိနေဆဲပင် ဖြစ်သည်။ သို့သော် သူ၏ စိတ်ရှည်သည်းခံနိုင်စွမ်းတို့မှာမူ အောက်ဆုံးအဆင့်အထိ လျော့ကျနှင့်နေပြီး ဖြစ်ပေသည်။ 


လတ်တလောနှစ်များအတွင်း ယီချန်းယန်သည် အခြားလူများနှင့် တွေ့ဆုံရလေတိုင်း တင့်တယ်လှသည့် အပြုံးတစ်ပွင့်ကို ခပ်ဖျော့ဖျော့ ချိတ်ဆွဲထားလေ့ ရှိသည့်အတွက် သူ့နံဘေးတွင် ရှိနေသည့် လီယဲ့မှအပ မည်သူကမှ ချို့ယွင်းချက်နှင့် အပြစ်အနာအဆာများကို မရှာဖွေနိုင်ခဲ့ချေ။ 


သို့သော် လီယဲ့ကမူ ယီချန်းယန်မှာ အလွန် ခေါင်းမာကာ ဘေးပတ်ဝန်းကျင်ကို ဥပေက္ခာ ပြုထားတတ်သည့် သဘောထားမျိုး အမြဲလိုလို ရှိနေကြောင်း သတိထားမိနေခဲ့ပေသည်။ 


လီယဲ့က ခေါင်းကို အသာ ခါယမ်းလိုက်သည်။ ယီချန်းယန်၏ သရုပ်ဆောင်မှုများမှာ အလွန် ကောင်းမွန်ပီပြင်လွန်းလှသည်ဟု ရံဖန်ရံခါ တွေးမိသည့်တိုင် ၎င်းမှာ ကောင်းသည့် ကိစ္စမျိုး မဟုတ်ချေ။ 


ကားတစ်စီးလုံး ၁၅ မိနစ်ခန့် အသံတိတ်သွားပြီးနောက် လီယဲ့သည် သူ့လက်ထဲရှိ အချိန်ဇယားကို ပြန်ကြည့်ကာ နောက်ထပ် လုပ်ဆောင်ရမည့် အစီအစဉ်များအကြောင်း အကျဉ်းချုံး ရှင်းပြလိုက်တော့သည်။ 


ဇာတ်လမ်းတစ်ခု ရိုက်ကူးပြီးကာစအချိန် ဖြစ်သည့်တိုင် ယီချန်းယန်အနေဖြင့် ကြာရှည် အနားမယူနိုင်။ သူ့တွင် တက်ရောက်ရမည့် အစီအစဉ်များစွာ ရှိနေသေးပေသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူသည် နာမည်ကျော် “Yokame မဂ္ဂဇင်း” နှင့် အင်တာဗျူးတစ်ခု ပြုလုပ်ရန် သဘောတူထားသည့်အပြင် ပရိသတ်များနှင့် ထိတွေ့မှု ရှိစေရေးအတွက် ဝေ့ပေါ်မှ ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင်လည်း ပါဝင်ရဦးမည် ဖြစ်သည်။ ထို့နောက်တွင်မူ အနုပညာရှင်များစွာ ပါဝင်သည့် ပရဟိတ လှူဒါန်းပွဲတစ်ခုသို့ တက်ရောက်ရမည်ဖြစ်ကာ ထိုအချိန်တွင် ကော်ဇောနီပေါ်သို့ လျှောက်လှမ်းမည့် နာမည်ကျော်များစွာနှင့် ဆုံတွေ့ရဦးမည် ဖြစ်သည်။ ထို့နောက်တွင်မူ “လက်ဝှေ့ကျော်” ရိုက်ကွင်း၏ လူသစ်ရွေးချယ်မှု ဖွင့်ပွဲအခမ်းအနားလည်း ရှိနေသေးရာ ...


အမူအယာတစ်ချက်မျှပင် မပြောင်းလဲဘဲ ဆက်တိုက် ပြောသွားခဲ့သည့် လီယဲ့၏ စကားများအဆုံးတွင် ယီချန်းယန်သည် မျက်ခုံးနှစ်ဖက်အကြားကို တင်းတင်းဖိထားလျက် ပြန်ပြောလိုက်သည်။ 


“နားလည်ပြီ ...”


အချိန်ဇယားများကို ဘေးဖယ်လိုက်ပြီးသည့်နောက် သူ့ကို ကြည့်နေသည့် လီယဲ့၏ အကြည့်တို့မှာ ရုတ်ချည်းဆိုသလို အဓိပ္ပါယ် နက်ရှိုင်းလာကာ လေသံမှာလည်း ရုတ်တရက် ပြောင်းလဲသွားတော့သည်။ 


“နောက်ထပ်တစ်ခု ရှိသေးတယ် ...”


သူတို့နှစ်ဦး အလုပ်အတူတူ လုပ်လာကြသည်မှာ ကာလများစွာ ကြာမြင့်နေပြီ ဖြစ်သည့်အလျောက် ယီချန်းယန်သည် တစ်ဖက်လူ၏ လေသံထဲမှ မူမမှန်မှုကို ချက်ခြင်း သတိပြုမိနိုင်ခဲ့သည်။ သူက မှိတ်ထားသည့် မျက်လုံးများကို ဖွင့်ကာ မေးလိုက်၏။ 


“ဘာလဲ ...”


“ယန်အန်းယု ...”


👥️


S မြို့တော် .. မြူနီစပယ်ဆေးရုံတွင် ...


“နားလည်ပါပြီ ဥက္ကဌယန် .. အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ...”


ထန်းကော်၏ စကားပင် မဆုံးသေး၊ တစ်ဖက်လူမှာ ဖုန်းချသွားနှင့်ပြီ ဖြစ်သည်။ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းခိုးချလိုက်ကာ ဖုန်းကို ကိုင်ထားသည့် သူ့လက်များမှာလည်း သိသိသာသာ တင်းကြပ်သွားတော့သည်။ 


သခင်လေး မတော်တဆ ဖြစ်ပြီး ဆေးရုံတက်ရတာ တစ်ပတ်တောင် ကျော်သွားပြီကို အခုထိ ဘယ်သူမှ သူ့ကို လူနာ လာမမေးကြဘူး ဟိုမစ္စတာကိုကလည်း ယာယီ ဆက်သွယ်လို့ မရ ...


သူသည် ဥက္ကဌယန်အား ဆေးရုံသို့ တစ်ခေါက်မျှ လာကြည့်ပေးပါရန် တောင်းဆိုလိုခဲ့ခြင်း ဖြစ်သည်။ 


ဘာပဲဖြစ်ဖြစ် သူနဲ့ သခင်လေးနဲ့က ညီအစ်ကိုတွေပဲလေ .. ဒါပေမယ့် ...


ဆေးရုံအခန်းထဲသို့ ပြန်ရောက်သည့်အခါ ထန်းကော်သည် တံခါးဝတွင် ကြောင်အစွာဖြင့် ရပ်နေမိသွားတော့သည်။ 


ကုတင်ပေါ်မှာ ဘာလို့ ဘယ်သူမှ ရှိမနေတာလဲ ...


ဘေးဘီသို့ ဝေ့ဝဲ ကြည့်လိုက်ပြီးသည့်နောက် တစ်စက္ကန့်ခန့် အကြာတွင် သူသည် ဘေးနားရှိ နံရံပေါ်သို့ လက်ထောက်ကာ ကင်းမြီးကောက်ထောင်နေသော ယန်အန်းယုကို တွေ့သွားတော့သည်။ 


“သ .. သခင်လေး? …”


သူက ချက်ခြင်း အခန်းထဲသို့ ပြေးဝင်သွားကာ တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ 


သူ့အသံကို ကြားသည်နှင့် တစ်ပြိုင်နက် ယန်အန်းယုက ပေါ့ပါးသွက်လက်စွာဖြင့် မတ်တပ်ပြန်ရပ်လိုက်သည်။  


“မစိုးရိမ်ပါနဲ့ ဒီတိုင်း အကြောလျော့နေရုံလေးတင်ပါ ...”


ကျိုးတိုးကျဲတဲ ကျဆင်းနေသည့် ဆံပင်များအောက်ရှိ ယန်အန်းယု၏ မျက်ဝန်းတို့မှာ နက်မှောင်ကြည်လင်နေကာ တလက်လက် တောက်ပနေပြီး မသိမသာ ကော့တက်နေသည့် နှုတ်ခမ်းထောင့်စွန်းတို့ကြောင့် ..သူနှင့် ဆိုဒ်ကြီးနေသည့် လူနာဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် ချောမောကြည်လင်နေပေသည်။ 


မုန်းချင်စဖွယ် ကောင်းလောက်အောင် မောက်မာရိုင်းစိုင်းတတ်သည့် ကားအက်စီးဒန့် မဖြစ်ခင်က ပုံစံမျိုးနှင့် နှိုင်းယှဉ်ပါလျှင် ယခုလက်ရှိ ယန်အန်းယုမှာ ပိုမိုကာ သိသိသာသာ နှစ်လိုဖွယ်ကောင်းနေပေသည်။ 


လက်ကို ဆေးကြောပြီးနောက် ယန်အန်းယုသည် လိမ္မော်သီးနှင့် ငှက်ပျောသီးများကို ယူကာ ကုတင်ပေါ် ဝင်ထိုင်လိုက်သည်။ 


“အိုး ဟုတ်သားပဲ ထန်းကော် .. တာ့ကော မဟုတ်ဘူး အစ်ကိုကြီးက ဘာပြောသေးလဲ ...”


ထန်းကော်က အပြုံးတစ်ပွင့်ကို ဖျစ်ညှစ်ထုတ်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ 


“သခင်လေး ဥက္ကဌယန်က တော်တော်လေး အလုပ်များနေပါတယ်တဲ့ အဲဒါကြောင့် နောက်နှစ်ရက်နေလို့ သခင်လေး ဆေးရုံဆင်းရတဲ့အချိန်အထိ သူ့မှာ ဒီကိုလာဖို့ အချိန်မရှိလောက်ဘူး ထင်တယ် ...”


“ကိစ္စမရှိပါဘူး ငါလည်း တွေးထားပြီးသားပါ ...”


ယန်အန်းယု၏ တုန့်ပြန်မှုမှာ အလွန် တည်ငြိမ်နေကာ လိမ္မော်သီးများကိုပင် စိတ်အေးလက်အေးဖြင့် အခွံနွှာနေလိုက်သေးသည်။ 


“အစ်ကိုကြီးက ငါ့ကို ဘယ်တုန်းကမှ သဘောမကျခဲ့ဘူးလေ ပြီးတော့ ညလယ်ခေါင်ကြီး အရက်သောက်ဖို့ ခိုးထွက်တာက မှန်တဲ့ လုပ်ရပ်မှ မဟုတ်တာ ပြီးတော့ ငါက အရက်သောက်ပြီးတောင် ကားမောင်းလိုက်သေးတယ်လေ ...”


“အာ ...”


ထန်းကော်မှာ မည်ကဲ့သို့ တုန့်ပြန်ရမှန်းပင် မသိတော့။ 


ဒီရက်ပိုင်းအတွင်း သခင်လေးက သူ့ကိုယ်သူ ပြန်သုံးသပ်မိသွားတယ် ထင်တယ် ...


အတွေးနွံထဲ နစ်နေပြီး စက္ကန့်ပိုင်းခန့် အကြာတွင် ယန်အန်းယုက ရုတ်တရက် ပြောလိုက်ပြန်သည်။ 


“ထန်းကော် ပါးစပ်ကိုဟ ...”


“ဟုတ်ကဲ့ ...”


ထန်းကော်က အနည်းငယ် နားဝေတိမ်တောင် ဖြစ်နေသည့်တိုင် နာခံမှု အပြည့်ဖြင့် ပါးစပ်ကို ဟပေးလိုက်ဆဲပင် ဖြစ်သည်။ 


“နည်းနည်း ကျယ်ကျယ်လေး ဟ ...”


ဒီသက်တော်စောင့်လေးက တော်တော်လေးကို နာခံတတ်တာပဲ ...


ယန်အန်းယုက မျက်ခုံးကို ပင့်ကာ အကွာအဝေးတစ်ခု ခြားလိုက်ပြီးနောက် လိမ္မော်သီးကို သက်တော်စောင့်လေး၏ ပါးစပ်ထဲသို့ တန်းတန်းမတ်မတ် ပစ်ထည့်လိုက်သည်။ 


“...”


ထန်းကော်မှာ ရူးတော့လုမတတ်ပင်။ လိမ္မော်သီးကို ပါးစပ်ထဲတွင် ငုံထားရင်း လုံးဝ မလှုပ်ရှားရဲတော့ချေ။ 


“ဟားဟား ...”


ယန်အန်းယုက သူ၏ အူကြောင်ကြောင် အမူအယာကို ရယ်မောလိုက်သည့်အခါ ချစ်စဖွယ် သွားတက်သေးသေးလေးနှစ်ခု ထွက်ပေါ်လာတော့သည်။ 


“ဘာလို့ ဒီလောက်အထိ ကြောင်အသွားရတာလဲ မြန်မြန် စားလိုက်လေ ဒီလိမ္မော်သီးက တော်တော်လေးကို ချိုတယ် ...”


ထိုစကားကို ကြားကာမှ ထန်းကော်လည်း လိမ္မော်သီးကို တစ်ဖြည်းဖြည်း ဝါးစားလိုက်တော့သည်။ 


ထို့နောက် ယန်အန်းယုက သူ့နံဘေးသို့ ရုတ်တရက် ရောက်လာကာ သူ့ကို စုန်ချည်ဆန်ချည် စိုက်ကြည့်ပြီး ပုခုံးကို ဖျစ်ညှစ်၍ ရင်ဘက်ကိုပါ နှစ်ကြိမ်တိုင် ပုတ်လိုက်သည်။ 


“သ .. သခင်လေး ဘာလုပ်မလို့လဲ ...”


ထန်းကော်မှာ အနည်းငယ် ပျာယာခတ်သွား၏။ ကားအက်စီးဒန့် ဖြစ်ပြီးနောက် သူ့သခင်လေးမှာ အခြားလူတစ်ဦးကဲ့သို့ လုံးဝဥဿုံ ပြောင်းလဲသွားကာ သူပင်လျှင် သခင်လေး၏ အတွေးတို့ကို မခန့်မှန်းတတ်တော့ချေ။ 


“အရပ်ပုတယ် ပိန်ပြီးတော့ အူကြောင်ကြောင်နဲ့ .. ထန်းကော် မင်းက တကယ်ရော သက်တော်စောင့် ဟုတ်ရဲ့လား ...”


ထန်းကော်၏ စိတ်ထဲရှိ ပူပန်မှုများအားလုံး တစ်စမကျန် လွင့်စင်ပျောက်ကွယ်သွားကာ စိတ်ပျက်အားငယ်မှု နွံထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်ဝင်သွားတော့သည်။ 


“သခင်လေး ကျွန်တော့်ရဲ့ ပုံစံကိုပဲ မကြည့်ပါနဲ့ တကယ်တမ်းတော့ ကျွန်တော်လည်း တိုက်နိုင်ခိုက်နိုင်ပါတယ် ...”


ယန်အန်းယုက အံ့ဩမိသွားသည့်ဟန်ပင်။ ရယ်သံတစ်ချက်ပင် ခပ်တိုးတိုး ထွက်ပေါ်လာလိုက်သေးသည်။ ထို့နောက်တွင်မှ သူက ထန်းကော်၏ ပုခုံးကိုပုတ်ကာ နှစ်သိမ့်ပေးလိုက်တော့သည်။ 


“ဒါဆို အရမ်းကို ခက်ခဲခဲ့မှာပဲ ...”


ဒီလေသံက ဘာလို့ အလိုက်သင့် ပြောပေးတဲ့ ပုံစံမျိုး ဖြစ်နေရတာလဲ ...


ထန်းကော်မှာ စိတ်ဖိစီးစ ပြုလာတော့၏။ 


“သခင်လေး .. ကျွန်တော့်ကို ယုံလိုက်ပါ ..."


“အင်းပါ ...”


ယန်အန်းယုက သာမန်ကာလျှံကာ ခေါင်းငြိမ့်ပြကာ ဘေးတွင် ထိုင်လျက် လိမ္မော်သီးကို ဆက်စားရင်း စားပွဲပေါ်ရှိ မဂ္ဂဇင်းစာအုပ်ကို ဟိုဟိုဒီဒီ လှန်ကြည့်နေလိုက်သည်။ 


ထန်းကော်သည် ခေတ်သစ် သက်တော်စောင့် ဖြစ်ကာ သူကမူ သိုင်းပညာတွင်သာမက ကိုယ်ဖော့ပညာတွင်ပါ ကျွမ်းကျင်သည့် စစ်သူကြီး၏ ကိုယ်ပိုင် သက်တော်စောင့်တစ်ဦး ဖြစ်ခဲ့ဖူးသည်မှအပ သခင်ကို ကာကွယ်ရသည့် လုပ်ငန်းစဉ်မှာမူ အတူတူပင် ဖြစ်ပေသည်။ ထို့အပြင် သူ့နာမည်မှာလည်း ယန်အန်းယုပင် ဖြစ်ခဲ့ပေသည်။ သူ့မျက်နှာနှင့် နာမည်မှာ ယခင်အတိုင်း တူညီနေဆဲ ဖြစ်သည့်တိုင် သူသည် မူလကိုယ်၏ ပိုင်ရှင်အစစ် မဟုတ်ချေ။ 


မူလ ယန်အန်းယုမှာ တရားမဝင် ကလေးတစ်ဦး ဖြစ်ပေသည်။ သူ့မွေးမိခင်မှာ အစောပိုင်းကတည်းက ကွယ်လွန်သွားခဲ့ကာ ယန်မိသားစုသို့ ပြန်ခေါ်ခြင်း မခံရမီ တစ်နှစ်အလိုခန့်ကတည်းက အသုံးမကျသူတစ်ဦး ဖြစ်နှင့်နေပြီး ဖြစ်သည်။ ယခုမူ သူသည် သောက်စားမူးယစ်ခြင်းနှင့် ရောက်လေရာ ပြဿနာရှာခြင်းတို့တွင်သာ ထူးချွန်သည့် ဒုတိယမျိုးဆက် သခင်လေးတစ်ဦးအဖြစ်သို့ ရောက်ရှိနေပြီး ဖြစ်ပေသည်။ 


မူလယန်အန်းယုသည် သက်တော်စောင့်သုံးဦးလုံးကို ဆက်တိုက် အလုပ်ထွက်စေသည်အထိ စိတ်အနှောင့်အယှက် ပေးခဲ့ကာ လိုအပ်ချက်များကိုပင် ထပ်မံ တိုးမြှင့်လိုက်သေးသည်။ 


သူ့ သက်တော်စောင့် ဖြစ်ရန်အတွက် တစ်ဖက်လူတွင် ကောင်းမွန်သည့် စိတ်နေစိတ်ထားမျိုး ပိုင်ဆိုင်ရမည့်အပြင် မှတ်မိလွယ်သည့် နာမည်ပိုင်ရှင်မျိုးလည်း ဖြစ်ရမည်။ ကြောက်စရာကောင်းလောက်အောင် ခက်ထန်ကြမ်းကြုတ်သူ မဖြစ်ရ၊ လိမ္မာပါးနပ်သူ မဖြစ်ရ၊ အဆိုးဆုံးအချက်မှာ သူ့ထက် အရပ်ရှည်သူလည်း မဖြစ်ရ ဟူသည့် အချက်ပင် ဖြစ်ပေသည်။ 


ရလဒ်အနေဖြင့် ယန်မိသားစုက အလွန် သန့်စင်သည့် ရုပ်ရည်ကို ပိုင်ဆိုင်ကာ ၁၇၅ စင်တီမီတာသာ ရှိသည့် အနည်းငယ် အူကြောင်ကြောင်နိုင်သော ထန်းကော်ကို ရှာဖွေတွေ့ရှိခဲ့သည်။ 


ထို့ကြောင့် ထိုသက်တော်စောင့်လေးမှာ အမှန်တကယ်ပင် ထူးခြားလှပေသည်။ မူလ ယန်အန်းယုမှာလည်း သူ၏ တောင်းဆိုချက်များအပေါ် တစ်ကြိမ်ထက်မနည်း နောင်တရခဲ့ဖူး၏။ 


လွန်ခဲ့သည့် တစ်ပတ်ခန့်က .. ဤ ထူးခြားလှသည့် ကမ္ဘာသို့ ရောက်ရှိလာကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် ယန်အန်းယု၏ မျက်လုံးအစုံတို့ ပြူးကျယ်သွာတော့သည်။ 


စစ်မြေပြင်တွင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ခန့်မှန်းရန်မှာ အလွန် ခဲယဉ်းလှကာ ဓားသွားတို့မှာလည်း ပုံမှန်အချိန်များထက်ပင် ပိုပြီး အညှာအတာ ကင်းမဲ့ကြသည်။ ကိုယ်စီကိုယ်စီ ရဲဝင့်စွာ တိုက်ပွဲဝင်နေခြင်း ဖြစ်သည့်အလျောက် ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် စိုရွှဲနေကြ၏။ ကျဉ်းထဲကြပ်ထဲသို့ ကျရောက်နေစဉ်အတွင်း ယန်အန်းယုသည် သူတို့စစ်သူကြီးထံ ဦးတည်လာသော ရန်သူ့ဘက်သား စစ်သူကြီး၏ ဓားချက်ကို အစားဝင်ခံပေးလိုက်သည်။ 


မူလက သူ့ကိုယ်သူ သေတော့မည်ဟု တွေးခဲ့မိသော်ငြား ထင်မှတ်မထားစွာဖြင့် သူ့ဝိဉာဉ်သည် အနာဂတ်သို့ ကူးပြောင်းသွားသည့်အပြင် ဤခန္ဓာကိုယ်ထဲသို့ပါ ဝင်ရောက်သွားခဲ့သည်။ 


သူနှင့် မူလကိုယ်မှာ အမည်ချင်းသာ ဆင်တူသည် မဟုတ်၊ မျက်နှာများမှာလည်း တစ်ထပ်တည်းနီးပါး တူညီကြပေသည်။ ကွာခြားချက်ဟူ၍ မူလကိုယ်မှာ ၂၁ နှစ် အရွယ် ရှိနေပြီဖြစ်ကာ သူကမူ သေဆုံးချိန်တွင် ၁၆ နှစ် ၁၇ နှစ် အရွယ်သာ ရှိနေသေးသည်။ 


အစောပိုင်းက သူသည် အနည်းငယ် လမ်းစပျောက်ကာ အရာရာတိုင်းကို သံသယစိတ်များ ဖြစ်ပေါ်နေသည့်အတွက် အကြိမ်ပေါင်းများစွာ စိတ်ငြိမ်ဆေးထိုးခြင်းကို ခံခဲ့ရသေးသည်။ 


ခေတ်သစ်လူများ၏ ပြောပုံဆိုပုံ ဝတ်ပုံစားပုံများက သူ့အတွက် အလွန် အံ့အားသင့်ဖွယ် ဖြစ်နေသည့်အပြင် ဤကဲ့သို့ ကိစ္စများစွာကို ကြုံတွေ့ဖူးသည်မှာလည်း ပထမဆုံးအကြိမ် ဖြစ်သည့်အတွက် ရေသောက်သည့် သာမန်ဖန်ခွက်ကအစ အရာအားလုံးကို ကြိမ်ဖန်များစွာ စစ်ဆေးလေ့လာခဲ့ပေသည်။ 


လက်ကိုင်ဖုန်းနှင့် iPad ကဲ့သို့သော လျှပ်စစ်ပစ္စည်းများအား ကိုင်တွယ်ရချိန်တွင် သူသည် ပို၍ပင် အူကြောင်ကြောင် ဖြစ်နေခဲ့၏။ ဘေးမှ ရပ်ကြည့်နေသည့် ထန်းကော်၏ စိတ်ထဲတွင် အချက်ပေးသံများ ဆူညံနေကာ တုန်လှုပ်ခြောက်ခြားနေခဲ့ပြီး သူနာပြုဆရာမကမူ သူ့ကို ကရုဏာသက်လေဟန် အကြည့်တို့ဖြင့် ကြိမ်ဖန်များစွာ ကြည့်နေခဲ့သည်။ 


ယန်အန်းယုက မျက်မှောင်ကြုတ်လိုက်၏။ 


အခြားလူများထံမှ အရူးတစ်ယောက်ကဲ့သို့ အကြည့်ခံရသည့် ခံစားချက်မျိုးမှာ လုံးဝ မကောင်းမွန်လှချေ။


ထို့နောက်တွင်မူ သူသည် အိပ်မက်မှတစ်ဆင့် မူလကိုယ်၏ မှတ်ဉာဏ်များစွာကို လက်ခံရရှိလိုက်သဖြင့် ဤ စိမ်းသက်နေသော ကမ္ဘာကို တစ်ဖြည်းဖြည်းနားလည်စ ပြုလာတော့သည်။ ထို့ကြောင့် အများအမြင်တွင် ရယ်ဖွယ်ရာ ဖြစ်မနေတော့၊ သူ၏ ဘဝအသစ်၊ နာမည်အသစ်နှင့်လည်း တစ်ဖြည်းဖြည်း နေသားကျစ ပြုလာတော့သည်။


ခန္ဓာကိုယ် ကူးပြောင်းပြီးသည့်နောက် နှစ်ပေါင်းများစွာ သူ လေ့ကျင့်ထားသည့် အတွင်းအားများအားလုံးနီးပါး ပျောက်ကွယ်သွားကာ အစမှ ပြန်လည်ကျင့်ကြံရတော့မည် ဖြစ်သည်။ သို့သော် သင်ယူထားခဲ့ဖူးသည့် ကိုယ်ခံပညာအားလုံးမှာမူ သူ့စိတ်နှလုံးသားထဲတွင် စွဲမြဲနေဆဲ ဖြစ်သည့်အပြင် ခန္ဓာကိုယ်အသစ်၏ ကွေးနိုင်ဆန့်နိုင်မှုနှင့် ခုန်လွှားနိုင်သည့် စွမ်းရည်မှာ အလွန် ကောင်းမွန်လှသည့်အတွက် အနာဂတ်နှင့် ပတ်သက်၍ မျှော်လင့်ချက်များ ထက်သန်အားကောင်းလာတော့သည်။ 


ထို့နောက် ယန်အန်းယုသည် မျက်လုံးကို ဖြည်းဖြည်းချင်း ပြန်ဖွင့်ကာ အိပ်ယာဘေးရှိ ဝူရှဝတ္ထုတစ်အုပ်ကို ကောက်ကိုင်လိုက်သည်။ 


ခေတ်သစ် စာအရေးအသားများမှာ ပိုမိုရိုးရှင်းကာ နားလည်ရ လွယ်ကူသည့်အပြင် ဇာတ်လမ်းအကြောင်းအရာမှာလည်း မြူးကြွသွက်လက်ကာ အနှစ်သာရ ပြည့်ဝလှသည်။ ထို့ကြောင့် ဤရက်ပိုင်းအတွင်း သူသည် ဝူရှဝတ္ထုများအား ဖတ်ရခြင်းကို များစွာ စိတ်ဝင်စားကာ အရူးအမူ စွဲလန်းသည့် အဆင့်သို့ပင် ရောက်ရှိစပြုလာတော့သည်။ 


“သခင်လေး သခင်လေး ...”


ထိုစဉ် ထန်းကော်က အခန်းထဲသို့ အမောတကော ပြေးဝင်လာ၏။ 


အနှောင့်ယှက်ခံလိုက်ရသည့်အတွက် ယန်အန်းယုသည် တိတ်တခိုး သက်ပြင်းချမိသွားတော့သည်။


ဒီသက်တော်စောင့်လေးက ဒီ့ထက်ပိုပြီးသာ စိတ်ငြိမ်ငြိမ် ထားနိုင်ရင် သိပ်ကောင်းမှာပဲ ...


ယန်အန်းယုမှာ စိတ်ပျက်လက်ပျက်ဖြင့်သာ စာအုပ်ကို ပိတ်ထားလိုက်ရတော့သည်။ 


“ဘာဖြစ်လို့လဲ ...”


“ကြည့်ပါဦး ...”


ထန်းကော်က လက်စွပ်တစ်ကွင်းကို ထုတ်လာကာ သူ့ကို ဝမ်းသာအားရ ပြောလိုက်သည်။ 


“သခင်လေး ပျောက်နေတာလေး ပြန်တွေ့သွားပြီ မြန်မြန်လေး ပြန်ဝတ်လိုက်တော့လေ နောက်ထပ် ထပ်ပျောက်မသွားစေနဲ့ဦး ...”


ယန်အန်းယုက ကြောင်အသွားကာ ထိုလက်စွပ်ကို ယူ၍ စစ်ဆေးလိုက်သည်။ 


“လက်စွပ်? ငါ့ဟာလား ...”


အတိတ်ကာလရှိ လက်စွပ်အများစုကို ကျောက်စိမ်း သို့မဟုတ် ကျောက်မြတ်အများစုဖြင့် ပြုလုပ်ကြပြီး ယခုခေတ် လက်စွပ်များကိုမူ သတ္ထုဖြင့် ပြုလုပ်ကာ စိန်များ စီခြယ်ထားကြသည်။ ယန်အန်းယုသည် မဂ္ဂဇင်းစာအုပ်ကို ဖတ်စဉ်က ထိုကဲ့သို့သော လက်စွပ်ဒီဇိုင်းများစွာကို တွေ့ခဲ့ဖူးပေသည်။ 


“သေချာပေါက်ကို သခင်လေးရဲ့ ဟာပေါ့ လက်ထပ်လက်စွပ်လေ သခင်လေးရဲ့ ...”


ထန်းကော်က ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။


ယန်အန်းယု အက်စီးဒန့် ဖြစ်ခဲ့စဉ်က သူ့လက်ထဲတွင် လက်စွပ် ရှိမနေ၊ နောက်ပိုင်းတွင် ရဲများက အခင်းဖြစ်ပွားသည့် နေရာ၌ ထိုလက်စွပ်ကို မတွေ့ခဲ့ရာ ပျောက်ဆုံးပြီဟုပင် သတ်မှတ်ခဲ့ကြပြီး ဖြစ်ပေသည်။ သို့သော် ထင်မှတ်မထားစွာဖြင့် ကယ်တင်ရှင်တစ်ဦးက ၎င်းကို ပြန်လာပို့ပေးခဲ့သည်။ 


“ငါက လက်ထပ်ပြီးသား ဖြစ်နေတာကိုး ...”


ယန်အန်းယုကလည်း အံ့ဩသွားခဲ့ရသည်။ 


တစ်ခြားကိစ္စတွေ အားလုံးကိုတောင် သေချာ နားလည်နေပြီပဲဟာ ဘာလို့ ဒီ မူလကိုယ်က လက်ထပ်ပြီးသား ယောကျ်ားတစ်ယောက်ဆိုတဲ့ အရေးကြီးအချက်မျိုးကိုကျ မသိခဲ့ရတာလဲ ...


သူ့တုန့်ပြန်မှုကို မြင်လိုက်ရသည့်အခါ ထန်းကော်မှာ ပို၍ပင် စိုးရိမ်မိလာတော့သည်။ 


“သခင်လေး တကယ် အဆင်ပြေရဲ့လား နောက်တစ်ခေါက်လောက် ထပ်ပြီး ဆေးစစ်ကြည့်ချင်သေးလား ...”


“...”


ယန်အန်းယု၏ နှုတ်ခမ်းတို့ တွန့်လိမ်သွားတော့သည်။ 


ဒီခန္ဓာကိုယ်က ရှေးခေတ်က လာတဲ့ သက်တော်စောင့်နဲ့ ဝိဉာဉ်ချင်း ပြောင်းသွားတယ် ဆိုတာကိုသာ တစ်ခြားလူတွေ သိသွားရင် ဘယ်လိုလုပ်မလဲ ...


သူက လက်စွပ်ကို ဝတ်ကာ လက်ချောင်းထိပ်ဖျားများဖြင့် တစ်ဖြည်းဖြည်း ပွတ်သပ်လိုက်သည်။ ထို့နောက် သူ့စိတ်ထဲရှိ မှတ်ဉာဏ်များကို တူးဆွရန် ပြင်ဆင်လိုက်သော်ငြား မူလကိုယ်မှာ ထိုမှတ်ဉာဏ်များကို အတွင်းစိတ်၏ အနက်ရှိုင်းဆုံးနေရာထဲတွင် မြှုပ်နှံထားခဲ့သည့်ဟန်ပင်၊ စူးရှပြင်းထန်လှသည့် နာကျင်မှုများကိုသာ ခံစားလိုက်ရတော့သည်။ 


သူက နားထင်ကို ပွတ်သပ်ကာ ပြောလိုက်သည်။ 


“ထန်းကော် တစ်ဖက်လူက ဘယ်သူလဲ ငါ အခု ဘာကိုမှ ပြန်စဉ်းစားကြည့်လို့ မရဘူး...”


“တ.. တကယ်ကြီး သူ့ကို မေ့သွားတာလား ...”


ထန်းကော်၏ မျက်လုံးတို့မှာ ပို၍ပင် ပြူးကျယ်လာတော့သည်။ 


ပြီးခဲ့သည့် မတော်တဆမှုကြောင့် သခင်လေးမှာ အချို့သော လူများနှင့် အကြောင်းအရာများကို မေ့လျော့သွားခဲ့သည့်တိုင် ကုသမှု ကာလအတွင်း တစ်ဖြည်းဖြည်း ပြန်လည်ကာ မှတ်မိနေပြီး ဖြစ်သည်။ ဆရာဝန်က သူ့ကို တစ်ကိုယ်လုံး ဆေးစစ်ပေးကာ အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီ ဖြစ်သည့်အတွက် နှစ်ရက်အတွင်း ဆေးရုံမှ ဆင်းနိုင်တော့မည်ဟုပင် ပြောခဲ့သေးသည်။ 


သို့သော် ယခုမူ ...


ဘာလို့ သူက အဲဒီ့မစ္စတာကို မမှတ်မိတော့တာလဲ မဟုတ်မှလွဲရော အက်စီးဒန့်မဖြစ်ခင်က သခင်လေးက တကယ်ကြီး ကြီးကြီးမားမား လှုံ့ဆော်ခံလိုက်ရပြီး .. အဲဒီ့ မစ္စတာကို မေ့သွားအောင် လက်စွပ်ကိုပါ တမင် လွှင့်ပစ်ခဲ့တာများလား ...


ထန်းကော်၏ ကြောင်အနေသော အမူအယာကို တွေ့လိုက်ရသည့်အခါ ယန်အန်းယုမှာ ပို၍ပင် နားမလည်နိုင် ဖြစ်သွားတော့သည်။ 


“ထန်းကော် ဘာလို့ ငါ ဆေးရုံတက်တာ ဒီလောက် ကြာနေတာတောင် သူမက တစ်ခါမှ လာမကြည့်ရတာလဲ ပြီးတော့ ငါ့မှာ မိန်းမရှိတယ်ဆို ဘာလို့ မင်းကရော အဲဒီ့အကြောင်းကို တစ်ခါလေးတောင် မပြောရတာလဲ ...”



👥️