Chapter 160
Viewers 23k

Chapter 160


"တစ်ခုခုတော့ မှားနေပြီ!"

"ဘာဖြစ်တာလဲ?"
ရွှီဇီယန်က ထိတ်လန့်စွာ အမြန်မေးလိုက်သည်။

"ဒီကျွန်းက သစ်ပင်သတ္တဝါတွေ စုဝေးရာနေရာပဲ… သေလုမျောပါးအော်မြည်သံက အခြားသစ်ပင်သတ္တဝါတွေကို ဆွဲဆောင်နေပြီ!"

တိုက်ပွဲအစကတည်းက ရွှီဇီရုန်သည် သွေးလုံးအမြောက်အမြားကို ထုတ်လွှတ်ခဲ့သည်။ ဤအရာမျိုးသည် ကျယ်ပြန့်စွာ ထောက်လှမ်းနိုင်သော အကွာအဝေးရှိပြီး စိတ်ဝိညာဉ်အတက်အကျ မရှိသလောက်ဖြစ်သည်။ မရင်းနှီးသော ဤကျွန်းတွင် ၎င်းက အဆင်ပြေဆုံး ကင်းထောက်ဖြစ်လိမ့်မည်။

အခုလေးတင်ပဲ သူ၏သွေးလုံးဒါဇင်ပေါင်းများစွာကို သစ်ပင်သတ္တဝါတစ်ကောင်က သတ်ပစ်လိုက်သည်။ နောက်တော့ ထိုသွေးလုံးတွေက သူနဲ့အဆက်အသွယ်ပြတ်သွားပြီး တစ်ခုခုမှားနေပြီဆိုတာ သူသတိထားမိသည်။

"သေစမ်း! ဒါက တကယ်လှည့်စားထားတာပဲ!"
ရွှီဇီယန်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

သို့ပေမယ့် ပြဿနာကို ဖြေရှင်းဖို့ လိုအပ်နေပါသေးသည်။

သူတို့သည် သစ်ပင်သတ္တဝါတစ်ကောင်ကို ဖယ်ရှားနိုင်ဆဲဖြစ်သော်လည်း သူတို့က အုပ်စုလိုက်ဆိုလျှင် ...

ရွှယ်ထွမ်သည် သူတို့ကို တစ်ကောင်ပြီးတစ်ကောင် ကိုင်နိုင်လျှင်တောင်မှ သစ်ပင်သတ္တဝါတွေ အများကြီး၏ တိုက်ခိုက်မှုကို မရှောင်နိုင်ပေ။

"အခြားနည်းလမ်းမရှိဘူး၊ ပြေးရအောင်!"
ရွှီဇီယန်သည် အခြားလူ 3 ယောက်ကိုကြည့်ကာ အကူအညီမဲ့စွာ ပြောလိုက်သည်။

"ရွှေဓားငါးတွေထက် ငါတို့က မြန်မြန်ပြေးနိုင်ပါ့မလား?"
လဲ့ဟူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ကြိုးစားကြည့်ရမှာပေါ့… ငါတို့တွေ အသတ်ခံရဖို့ ဒီမှာပဲ စောင့်နေလို့မရဘူး…"
ရွှီဇီယန်သည် ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်သည်… သူက အဓိကဇာတ်လိုက်နေရာကို လုယူဖို့ ကြိုးစားမိတာကြောင့် ဒါက သူ့ကံကြမ္မာပဲလား။

သူက ဝေ့ချင်သေရမယ်ဆိုသောအချက်ကို ပြောင်းလဲချင်ရုံသုဖြစ်ပြီး… ဘုရားသခင်က သူ့ကို သည်လောက်တောင် သေစေချင်တာလား။

"သွားကြရအောင်!"

ထိုအချိန်မှာ ဝေ့ချင်က ရုတ်တရက် ပြောလာသည်။
"ငါ ဒီပြဿနာကို ဖန်တီးခဲ့တာကြောင့် ငါကိုယ်တိုင် ဖြေရှင်းမယ်…"

ရွှီဇီယန်သည် သူ့စကားကိုကြားသောအခါ ဒေါသတကြီးနဲ့ ဝေ့ချင်၏ခေါင်းကို ခေါက်လိုက်သည်။
"ဖြေရှင်းမယ်? မင်းကိုယ်တိုင် ဘယ်လိုဖြေရှင်းမှာလဲ? မင်းရဲ့အသက်ပေးပြီး ဖြေရှင်းမလို့လား? ရွှေဓားငါးအများကြီးကို ရွှေအမြုတေအဆင့်ကျင့်ကြံသူတောင် တိုက်ရိုက် မတိုက်ခိုက်ရဲဘူး… ဝိညာဉ်ကြောချဲ့ထွင်ခြင်းကျင့်ကြံသူအနေနဲ့ မင်းက ဘာစီစဉ်နေတာလဲ?"

ဝေ့ချင်သည် ခေါင်းမာစွာ ပါးစပ်ကိုပိတ်ထားပြီး ပြန်မဖြေပေ။ သူ့ကြည့်ရတာ ရွှီဇီယန်ပြောတာကို လုံးဝသဘောမတူပုံရသည်။

ရွှီဇီယန်သည် သူ့ကို အပင်ပန်းခံ စည်းရုံးဖို့ အချိန်မရှိပေ။ ရွှီဇီရုန်၏တွက်ချက်မှုအရ ခဏအကြာတွင် သစ်ပင်သတ္တဝါအုပ်စုက သူတို့ရှေ့မှာ ပေါ်လာမည်ဖြစ်တာကြောင့် ဆုံးဖြတ်ချက်ကို အမြန်ချခဲ့ရသည်။

"လဲ့ဟူ!" ရွှီဇီယန်က လဲ့ဟူကို လက်ဟန်ပြပြီး "သူ့ကို ဖြေရှင်းလိုက်!"

"ကောင်းပြီ!" လဲ့ဟူက ပြန်ပြောသည်။

ဝေ့ချင်က သရော်ပြီး နောက်ပြန်လှည့်ကြည့်ကာ လဲ့ဟူက တူညီသောခွန်အားဖြင့် သူ့ကို ဘယ်လိုဖြေရှင်းမလဲဆိုတာ သူသိချင်သေးသည်။ 

လဲ့ဟူက ရုတ်တရက် လက်ကို မြှောက်လိုက်ပြီး ဝေ့ချင်၏ အနောက်ဘက်သို့ ညွှန်ပြကာ အော်လိုက်သည်။
"ဟိုမှာ သစ်ပင်သတ္တဝါကြီး!"

ဝေ့ချင်က လန့်သွားပြီး ခေါင်းကို ချက်ချင်းလှည့်လိုက်ကာ လည်ဂုတ်ကနေ စူးရှနာကျင်မှုကို ခံစားလိုက်ရသည်။ သူ့မျက်လုံးတွေက မည်းမှောင်သွားပြီး မေ့လဲသွားတော့သည်။

ရွှီဇီယန်က လဲ့ဟူကို လက်မထောင်ပြသည်။
"‌တော်တယ်…"

လဲ့ဟူက ရယ်ကာ ဝေ့ချင်ကို ကြိုးနဲ့တုတ်ပြီး သူ့ပခုံးပေါ် တင်လိုက်သည်။

လူရိုင်းတွေ၏ အယူအဆအရ အတူတူထွက်လာသည့် သူတွေဟာ ထုံးစံအတိုင်း အတူတူပြန်သွားရမှာ ဖြစ်ပါသည်။ ဝေ့ချင်က ပြဿနာဖြစ်အောင်လုပ်ပေမယ့် ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ပေ။ သူတို့မှာ သူတို့၏ရဲဘော်ရဲဘက်တွေကို ချန်ထားတတ်သည့် ‌အလေ့အထမရှိပေ။

ဝေ့ချင်နှင့် ရွှီဇီယန်ကို ကြည့်ပြီးနောက် လဲ့ဟူသည် နှုတ်ခမ်းစူးပြီး ဤလူက စိတ်အနှောင့်အယှက်ဖြစ်စေတာထက် ပိုသည်ကို တွေ့လိုက်ရသည်။

"မြန်မြန်လုပ်!"
ရွှီဇီယန်က အော်လိုက်ပြီး ဓားပျံပေါ်ခုန်တက်ဖို့ ရွှီဇီရုန်ကို ဆွဲလိုက်သည်။

လဲ့ဟူက ဝေ့ချင်ကို သယ်ပြီး သူ၏ဓားပျံပေါ် တက်လိုက်ပေမယ့် သူက ရွှီဇီယန်ထက် ပိုနှေးသည်။

သစ်ပင်သတ္တဝါများက သူတို့၏ မြင်ကွင်းတွင် ပေါ်လာသည်။ တုတ်ခိုင်သစ်ပင်နွယ်ပင်များသည် မြေပြင်မှ စပါးအုံးမြွေကြီးများကဲ့သို့ တက်သွားသော်လည်း နောက်ဆုံးတွင် ပြုတ်ကျကာ မြေပြင်နဲ့ထိမှန်သွားကြသည်။ ထိုနေရာတွင် ဖုန်မှုန့်များနှင့် မီးခိုးများ အများအပြားရှိခဲ့သည်။

ထိုသစ်ပင်သတ္တဝါများသည် သစ်ပင်အကိုင်းအခက်များကို တစ်ခုပြီးတစ်ခု ဝှေ့ယမ်းကာ ရွှီဇီယန်အား သူတို့၏ဒေါသကို ထုတ်ဖော်ပြသနေတာ မြင်လိုက်ရသောအခါ လဲ့ဟူက ဓားပျံပေါ်ကနေ ရယ်မောလိုက်သည်။

ထိုအရာသည် သူ့တစ်သက်တာတွင် အရှက်ရဆုံးတိုက်ပွဲဖြစ်ခဲ့ပြီး သူသည် အသည်းအသန်ထွက်ပြေးခဲ့ရသော်လည်း သစ်ပင်သတ္တဝါများ ဒေါသထွက်နေတာကို မြင်တွေ့ရသောအခါတွင် စိတ်ကောင်းဝင်နေဆဲဖြစ်သည်။

"မရယ်နဲ့၊ ငါတို့ဒုက္ခရောက်နေတယ်…" 
ရွှီဇီယန်က ခါးသက်သက်ပြုံးကာ ဓားပျံဖြင့် အမြန်ပျံသန်းသွားခဲ့သည်။

လဲ့ဟူက နောက်ပြန်လှည့်ကြည့်လိုက်သည်...

ရွှေရောင်လှိုင်းလုံးကြီးတွေက သူတို့ ဦးတည်ရာကို လိုက်လာနေသည်...

ဓားပျံနှစ်လက်သည် ပင်လယ်ပြင်ပေါ်တွင် လျင်မြန်စွာ ပျံသန်းသွားကာ မရေမတွက်နိုင်သော ရွှေဓားငါးများက စိုးရိမ်တကြီး လိုက်ဖမ်းနေကြသည်။

သစ်ပင်သတ္တဝါတွေမရှိလျှင်တောင် သည်ရွှေဓားငါးတွေဟာ ရေထဲကနေ ရံဖန်ရံခါ ခုန်တက်လာပြီး ဓားအငွေ့အသက်တွေကို မှုတ်ထုတ်ကြသည်။ လဲ့ဟူသည် ဓားပျံကို ထိန်းချုပ်ရာတွင် ကောင်းစွာမကျွမ်းကျင်ဘဲ ဓားအငွေ့အသက်ကို ရှောင်ရှားရန်အတွက် ရှက်စရာကောင်းသောအခြေအနေမျိုး ကြုံခဲ့ရသည်။ သူ့နောက်မှာရှိ‌နေသော ဝေ့ချင်သည်လည်း ထိမှန်ပြီး ဒဏ်ရာရသွားသည်။ သူ့နောက်ကျောမှ သွေးစိမ်းများ စီးကျလာသည်။

"မဖြစ်ဘူး! ဒီအတိုင်း ဆက်သွားနေရင် ငါတို့လွတ်မှာမဟုတ်ဘူး…"
ရွှီဇီယန်သည် လဲ့ဟူကို အကူအညီမဲ့စွာ အော်လိုက်သည်။ တကယ်တော့ သူသည် ရွှေဓားငါးကို မကြောက်သော်လည်း ထိုရွှေဓားငါးကို အမတဝိညာဉ်အခြေတည်စအဆင့် ပင်လယ်သတ္တဝါက အာရုံမိသွားမှာ သူစိုးရိမ်ခဲ့သည်။

ရွှေဓားငါးနဲ့ ရင်ဆိုင်ရသောအခါ သူတို့မှာ အခွင့်အရေးနည်းနည်းရှိသေးသည်။ သို့ပေမယ့် ပင်လယ်သတ္တဝါရောက်လာသောအခါ သူတို့ပြေး၍မလွတ်နိုင်တော့ပေ။

"Puff Puff!"
ထိုအခိုက်တွင် ဖန်မောင်သည် ရုတ်တရက်အော်လိုက်ပြီး ရွှီဇီရုန်၏ပုခုံးပေါ်မှ ခုန်ဆင်းသွားသည်။

ရွှီဇီယန်သည် ဓားပျံကို ချက်ချင်းရပ်လိုက်ပြီး ဖန်မောင်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

ရွှီဇီရုန်၏ရင်ထဲတုန်လှုပ်သွားပြီး သူ အခုလေးတင် ပြောခဲ့သည့်စကားကို ရုတ်တရက် သတိရသွားသည်—— သူက ဖန်မောင်၏တန်ဖိုးကို ပြသခိုင်းခဲ့သည်။ သူက သူ့အစ်ကို၏လက်ကိုဆွဲကာ
"စောင့်ကြည့်ရအောင်…"

ရွှီဇီယန် ရပ်သွားတော့ လဲ့ဟူလည်း ရပ်လိုက်သည်။

ဖန်မောင်သည် ရွှီဇီရုန်ပေါ်မှ ခုန်ဆင်းပြီးနောက် ၎င်းသည် လေထဲတွင် တွဲလောင်းကျနေသည်။ ရုတ်တရက် ပါးစပ်ကိုဖွင့်ကာ ဟိန်းလိုက်သည်။ ၎င်း၏တစ်ကိုယ်လုံး ရုတ်တရက် ဖောင်းကားလာပြီး နဂါးဦးခေါင်းနှင့် ကျားသစ်ခန္ဓာကိုယ်ပါသည့် သတ္တဝါအဖြစ်သို့ပြောင်းသွားသည်။

၎င်း၏ပါးစပ်ကိုဖွင့်ပြီး ချွန်ထက်သော သွားများကို ပြသလိုကါသည်။ ထို့နောက် ရွှေဓားငါးကြီးဆီသို့ ပြေးသွားလေသည်။ ထို‌ငါးတွေက သည်လိုရန်စတာမျိုးကို သည်းမခံနိုင်ကြပေ။ သူတို့အားလုံးက ပင်လယ်ထဲကနေ ခုန်တက်လာပြီး ဖန်မောင်ဆီသို့ ရွေ့လျားလာကြသည်။

ဖန်မောင်တွင် ချွန်ထက်သောသွားများနှင့် ခြေသည်းများပါရှိပြီး ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကို ထူထဲသောနဂါးအကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ဓားအငွေ့အသက်က ၎င်း၏အကြေးခွံများကို ထိမိသောအခါတွင် သက်ရောက်မှုလုံးဝမရှိပေ။ ဖန်မောင်က ပြုံးရုံသာပြုံးပြီး ရွှေဓားငါးအုပ်စုကြီးဆီသို့ ပြေးသွားကြသည်။

‌ဖန်မောင် အပြေးဝင်လာသောအခါ ဆာလောင်နေသည့်ဝံပုလွေနဲ့တူသည်။ အရှိန်ပြင်းပြင်းဖြင့် ရွှေဓားငါးကြီးနှင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်။

သွေးများပန်းထွက်ပြီး ခြေလက်များက ပတ်ပတ်လည်တွင် လွှင့်ပျံနေကာ သွေးများစွာသည် ပင်လယ်နီကို စွန်းထင်းစေပြီး အနီးနားရှိ နေရာအားလုံးနီးပါးတွင် ငန်သောသွေးနံ့များ ပြည့်နှက်နေသည်။

လဲ့ဟူက ကြောက်လန့်သွားသည်။ ရွှယ်ထွမ်သည် ထိုသစ်ပင်သတ္တဝါကို ကိုက်လိုက်သောအခါ သူ အထင်ကြီးနေပြီဖြစ်သော်လည်း ယခုအခါ ဖန်မောင်သည် သူ့ကိုယ်သူ ဧရာမသတ်ဖြတ်ခြင်းစက်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့ကို အသည်းအသန်လိုက်ဖမ်းနေသည့် ရွှေဓားငါးများသည် ဖန်မောင်၏ရှေ့တွင် သူရဲဘောကြောင်သူများကဲ့သို့ ပြုမူကြသည်။

သည်ရွှေဓားငါးတွေ၏ စွမ်းအားကို လျှော့တွက်၍မရပေ။ လဲ့ဟူသည် သူတို့ကို တစ်ကြိမ်တိုက်ခိုက်ခဲ့သော်လည်း ရေနှင့်ထိသောအခါတွင် စွမ်းအားကတစ်ဝက်ခန့် ပြတ်တောက်သွားခဲ့သည်။ ကျန်တစ်ဝက်က ရွှေဓားငါးကို ထိမိရင်တောင်မှ အကန့်အသတ်နဲ့သာ ပျက်စီးသွားနိုင်ပါသည်။

ဖန်မောင်၏ကိုယ်ခန္ဓာသည် ယခုအချိန်တွင် သွေးများဖြင့်စွန်းထင်းနေပြီး ၎င်း၏ကြီးမားသော ကျားသစ်ခန္ဓာကိုယ်သည် အနီရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပုံရသည်။

နောက်ဆုံးတော့ ၎င်း၏သတ်ပစ်ဖို့ ရည်ရွယ်ချက်ကြီးက ရွှေဓားငါးကို နည်းနည်းကြောက်သွားစေသည်။ ငါးအုပ်စုက တစ်စုတစ်စည်းတည်း နေထိုင်လာသောအခါတွင် ၎င်းတို့သည် အရေအတွက်အားဖြင့် အနိုင်ရလေ့ရှိသည်။ သို့သော် ပမာဏ ကွာခြားမှု မရှိသောအခါတွင် ၎င်းတို့က ဆုတ်ခွာရုံသာတတ်နိုင်သည်။

ရွှေဓားငါးသည် အံ့သြဖွယ်ကောင်းသော အရှိန်ဖြင့် လိုက်လာကာ ၎င်းတို့၏ အသက်အတွက် ထွက်ပြေးရသည့် အရှိန်ကို ဖော်ပြ၍ပင်မရပေ။ ဖန်မောင်က သူတို့ကို ဒေါသတကြီးနဲ့ သတ်လိုက်သောအခါ သူတို့အားလုံးက တစ်ကောင်ပြီးတစ်ကောင် ပျောက်ကွယ်သွားသည်။

"ရား!"
ဖန်မောင်သည် သူ့ပါးစပ်မှသွေးများကို နောင်တရစွာ လျှက်လိုက်ပြီး ခေါင်းလှည့်ကာ ရွှီဇီရုန်အား ပြုံးပြပြီး ကြောက်စရာကောင်းသော သွားများ ပေါ်လွင်နေသည်။

ရွှီဇီရုန်၏မျက်လုံးများက သုန်မှုန်နေပြီး သူ့မျက်လုံးများတွင် သွေးရောင်များ တဖျပ်ဖျပ် ထွက်နေသည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်လေထုက သွေးနံ့များ ပြည့်နှက်နေသည်။ လဲ့ဟူသည် ထိုနေရာတွင် မရှိခဲ့ပါက ဖန်မောင်ကြောင့် ဆုံးရှုံးသွားသော အနှစ်သာရသွေးကို အမှန်တကယ် စုဆောင်းချင်သည်။

ရွှယ်ထွမ်သည် ဖန်မောက်၏ သွေးများပေနေသော ခန္ဓာကိုယ်ကို ရွံရှာစွာဖြင့် ကြည့်ကာ နှာခေါင်းကိုခွာဖြင့် ကာလိုက်သည်။ သူ၏ညီအစ်ကိုက တော်တော် စက်ဆုပ်ရွံရှာစရာကောင်းလောက်အောင် ဆိုးနေပြီကို သည်တစ်ခေါက်တော့ ပိုလို့တောင် သွေးထွက်သံယို ဖြစ်သွားသည်။

ရွှီဇီယန်သည် ဖန်မောင်ပုံစံနဲ့ သူရဲကောင်းဆန်စွာ သရုပ်ဆောင်တာကို ကြည့်လိုက်သောအခါ အနည်းငယ် အံသြသွားပြီး ၎င်းက ရိုးရှင်းသောသတ္တဝါမဟုတ်မှန်း သူသိနေပေမယ့် ဒါဟာ သူ၏မျှော်လင့်ချက်ထက် တကယ်ကို ကျော်လွန်သွားပါသည်...

ဖန်မောင်သည် ကျားသစ်မှ နဂိုပုံစံသို့ ပြန်ပြောင်းသွားတာကို ကြည့်နေချိန်တွင် ရွှီဇီရုန်၏ မျက်လုံးထောင့်များ လှုပ်ယမ်းသွားသည်။ ၎င်း၏အကြည့်ကိုကြည့်၍ ရွှီဇီရုန်သည် ဖန်မောင်က နဂါး၏သားဖြစ်နိုင်သည်ဟု ယူဆခဲ့သည်။

"ယားကျစ်လား?"
ရွှီဇီရုန်က ဖန်မောင်ကို ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
『TK: ယားကျစ်(ဒေါသကြီးသူ)』

"Puff Puff!"
ဖန်မောင်က မုန်လာဥနီကို ဝါးရင်း ခေါင်းငြိမ့်လိုက်သည်။

"ဘာကိုယားကျီး(ဘဲ)လဲ? ဖန်မောင်က ယုန်မဟုတ်ဘူးလား? ယားကျီးတစ်ကောင် ဘယ်လိုလုပ်ပြီးဖြစ်လာတာလဲ?"
ရွှီဇီယန်က ရှင်းရှင်းလင်းလင်း မကြားလိုက်ပေ။

ဖန်မောင်က ချက်ချင်းပင် မှင်တက်သွားပြီး ရွှီဇီယန်ကို ဒေါသတကြီး နှစ်ကြိမ်အော်လိုက်သည်။ ကံကောင်းထောက်မစွာ ရွှီဇီယန်က အဝေးကို အမြန်ထွက်သွားခဲ့သည် မဟုတ်ပါက ဖန်မောင်သည် သူ့မျက်နှာပေါ် တံတွေးနှင့်ထွေးမိလိမ့်မည်။

ရွှီဇီရုန်က ဖန်မောင်ကို အေးစက်စွာ စိုက်ကြည့်ကာ သူ့အစ်ကိုအား ရှင်းပြသည်။
"ဒါက ယားကျီးမဟုတ်ဘူး၊ ယားကျစ်… နဂါးသား‌တွေထဲကတစ်ကောင်ပဲ…"

"ယားကျစ်လား?"
ရွှီဇီယန်က ခဏလောက်စဉ်းစားပြီး နားလည်သွားသလို ချက်ချင်းလက်ခုပ်တီးလိုက်သည်။
"ငါနားလည်ပြီ! ငါ အခု နားလည်သွားပြီ… ဒါဆို… အဲဒါကို ရှောင်ရှင်းယန်(စိတ်ထားသေးသိမ်)သတ္တဝါလို့ ဆိုလိုတာမလား?"

"ဟားဟားဟား…" ရွှယ်ထွမ်သည် ၎င်းကိုကြားပြီး ရယ်မောလိုက်သည်။ သူက ဓားပျံပေါ်မှာတောင် လှိမ့်ပြီး ပြုတ်ကျလုမတတ်ဖြစ်သွားသည်။

ဖန်မောင်က အော်ဟစ်ညည်းညူလိုက်သည်။

"ကောင်းပြီ၊ ကိုကို ကြိုက်ရင် သူ့ကို ရှောင်ရှင်းယန်လို့ ခေါ်ကြတာပေါ့…"
ရွှီဇီရုန်သည် သူ၏ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ကို ဘယ်လိုခေါ်ခေါ် ဂရုမစိုက်ပေ။ ထို့အပြင် ရှေးဒဏ္ဍာရီတွင် ထိုကဲ့သို့သော သတ္တဝါများသည် လက်စားချေရန် နှစ်သက်ကြသောကြောင့် ရှောင်ရှင်းယန်က သူ့အတွက် သင့်လျော်မည်ဖြစ်သည်။

သူ၏သခင် ရောင်းစားတာခံခဲ့ရသော ဖန်မောင်: "…"

"ဟားဟားဟား!!!" 
ရွှယ်ထွမ်က ရယ်ရင်း သေလုမတတ်ဖြစ်နေသည်။ မှတ်မိသွားတာက သာမာန်ဖြစ်ပေမယ့် ဖန်မောင်၏သခင်က သူ၏မူလပုံစံကို သည်လောက်လွယ်လွယ်နဲ့ မှတ်မိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"ကောင်းပြီ၊ ဖန်မောင်က ယားကျစ်ဆိုရင် ရွှယ်ထွမ်ကကော ဘာလဲ?"
ရွှီဇီယန်သည် မုန်လာဥနီကို ကိုက်နေသော ဖန်မောင်ကို ကြည့်ကာ ထို့နောက် ဓားပျံပေါ်တွင် လှဲနေသော ရွှယ်ထွမ်ကို စူးစမ်းကာ မေးလိုက်သည်။

ရွှီဇီရုန်က ပြုံးလိုက်သည်။
"သူတို့က အချင်းချင်း သိလောက်တယ်… ရွှယ်ထွမ်က စားသောက်ရတာ ဘယ်လောက်ကြိုက်သလဲဆိုတာကြည့်ပြီးတော့ သူက ထောင်းထျဲ့ဖြစ်နိုင်တယ်…"

"ထောင်းထျဲ့…"
ရွှီဇီယန်က ခေါင်းငြိမ့်လိုက်သည်။ သူသည် တရုတ်ဒဏ္ဍာရီများအကြောင်းကို အနည်းငယ်သာ သိပြီး ထိုအရာတွင် ကျွမ်းကျင်သူမဟုတ်ပေ။ သို့သော်လည်း ထောင်းထျဲ့အကြောင်းကို အနည်းငယ်သိနေသေးသည်။ ခြုံပြောရရင်တော့ နဂါး၏သားတွေအားလုံးထဲမှာ အစားအသောက်အကြိုက်ဆုံးသူဖြစ်ပြီး သူက အရာအားလုံးကို စားရတာလည်း ကြိုက်သည်။

"ထောင်းထျဲ့က ချီးဟော့(အစာကြူးသူ) ဖြစ်သင့်တယ်…"
ရွှီဇီယန်က တောက်ပသော မျက်လုံးများဖြင့် ပြောလိုက်သည်။
『TK: ထောင်းထျဲ့(အစားအသောက်ကြိုက်သူ/အစာကြူးသူ)』

ရွှယ်ထွမ်က ရုတ်တရက် တောင့်တင်းသွားသည်။ သည်တစ်ခါတော့ ရွှီဇီရုန်၏ပုခုံးပေါ်က ဖန်မောင်က စတင်ရယ်မောလေသည်။

၎င်း၏သခင်က အစာကြူးသူဟု အခေါ်ခံလိုက်ရသော ရွှယ်ထွမ်: QAQ

『TK: The Legend of the Dragon’s Nine Sons ဆိုတာ တရုတ်မှာ တကယ်ရှိပါတယ်၊ 
Taotie(ထောင်းထျဲ့/饕餮)က Dragon ရဲ့ 5 ယောက်မြောက်သားဖြစ်ပြီး အစာကြူးသူဖြစ်ပါတယ်။
Yazi(ယားကျစ်/睚眦)က Dragon ရဲ့ 7 ယောက်မြောက်သားဖြစ်ပြီး ဒေါသကြီးပါတယ်။
ဖန်မောင်နဲ့ ရွှယ်ထွမ်က ညီအစ်ကိုအရင်းတွေဖြစ်ပါတယ်။
နဂါးသားတော်တွေဖြစ်ပေမယ့် တစ်ကောင်မှ နဂါးနဲ့မတူပါဘူး။ ထောင်းထျဲ့က ဝံပုလွေနဲ့တူပြီး ယားကျစ်က မြေခွေးနဲ့တူပါတယ်။』

#TK