Chapter 178
Viewers 29k

🌱Arc 5 - [ဖျော်ဖြေရေးနယ်ပယ်တွင် လယ်စိုက်ခြင်း ]


Ch 178

ရှောင်ပိုင်ရဲ့ ရှေ့နာမည်က 'ပိုင်' မဟုတ်ဘူး (၂)


 


စွေ့ချီချောင်းက ကျန်းထန်ဝေ့ကို အံ့ဩတကြီးဖြင့်ကြည့်ပြီး ပြောလိုက်သည်။

" စိတ်ရောဂါကုဆရာဝန်တစ်ယောက်သာ သွားရှာလိုက်ပါ..."


" မရှာချင်ပါဘူး... မင်းကိုပဲ ရှာချင်တာ..."

ကျန်းထန်ဝေ့က ‌ပေါင်မုန့်နောက်ဆုံးလက်ကျန်ကို ကုန်အောင်စားပြီး လက်ကိုခါလိုက်သည်။

" ကျွန်တော် အိမ်ငှားနေလို့ရမယ့်နေရာရှာတွေ့သွားလို့ ဒီမှာပဲ ကြာကြာနေဖြစ်တော့မယ်ထင်တယ်... အိမ်က မင်းရဲ့ ကုမ္ပဏီနဲ့ တော်တော်နီးတယ်..."


" ထန်ဝေ့..."

စွေ့ချီချောင်းက သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး အလေးအနက်ပြောလာသည်။

" မင်းရဲ့စိတ်က ဘယ်အချိန်တည်းက မူမမှန်တာလဲ... ပြီးဝောာ့ ဒီလိုဖြစ်နေတာကို ဘယ်အချိန်တုန်းက စသိတာလဲ ဘယ်လိုသိတာလဲ..."


" မင်းက စိတ်ပိုင်းဆိုင်ရာဆွေးနွေးပေးမလို့လား..."

ကျန်းထန်ဝေ့က သူ့ကိုတစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။ သူတို့က အပြင်လောကတွင် ယခုမှ သိကျွမ်းသူများဖြစ်လာသော်လည်း ပုံရိပ်ယောင်နယ်မြေတွင် အဖော်များဖြစ်ခဲ့ကြသည်မှာ အလွန်ကြာခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ လက်တွေ့ဘဝတွင်လည်း သူတို့တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာရန်က အချိန်မကြာမြှင့်လိုက်ပေ။ 

" အရာအားလုံးကို လယ်စိုက်တာနဲ့ ဟင်းချက်တွေချက်သလိုမျိုး အတိအကျပဲဖြစ်လာရမယ်လို့ မင်းက ထင်နေတာလား... မင်း ဒီခံစားချက်တွေကို သေချာရော စဉ်းစားချင့်ချိန်နိုင်ရဲ့လား... မင်းက ဒီခံစားချက်တွေကို ပုံစံပျက်နေတယ်လို့တွေးပြီး လယ်ကွင်းထဲက အပင်ပေါက်တွေလိုမျိုး ဆွဲထုတ်ချင်နေတာလား..."


စွေ့ချီချောင်းက သူ့ကို ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။

" မင်းက ငါ့ကို ကတ်သီးကပ်သတ် အပြစ်ရှာနေတာပဲ..."


ကျန်းထန်ဝေ့က ဆိုဖာလက်တင်ကို ပုတ်လိုက်သည်။ သို့ရာတွင် သူ့ခန္ဓာကိုယ်က ၎င်းကို ရုပ်ပိုင်းဆိုင်ရာအရ ထိတွေ့သွားခြင်း မဟုတ်ပေ။ သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကိုမြှောက်ပြီး ပုံရိပ်ယောင်မျက်နှာက စွေ့ချီချောင်းနားသို့ ချဉ်းကပ်လာသည်။ 


" ကျွန်တော် ဂရုမစိုက်ဘူး... ကျွန်တော် မင်းကို ပထမဆုံး တရားဝင်တွေ့တဲ့အချိန်မှာ ကျွန်တော့်ကို အရမ်း ငယ်နေတယ်လို့ထင်တယ် ပြီးတော့ တရားမဝင် hackingတွေလုပ်လို့ စိတ်ရောဂါရှိနေတယ်လို့ထင်ပြန်ရော..."


သူ့နှုတ်ခမ်းက မကျေနပ်မှုကြောင့် အနည်းငယ်မဲ့သွားသည်။

" ဒါပေမဲ့ ကျွန်တော့်ကိုထိဖို့ နည်းနည်းလေးတောင် မတွေးခဲ့ဘူး..."


ရှောင်ပိုင်က ထိုအကြောင်းကို တမင်တကာပြောလိုက်သည်အား သိသော်လည်း စွေ့ချီချောင်း၏နှလုံးသားထဲတွင် ခဏတာ နာကျင်သွားရသည်။ ရှောင်ပိုင်၏မျက်ဝန်းများတွင် ထူးဆန်းမှုနှင့် ရင်းနှီးမှု နှစ်မျိုးလုံးရှိနေပြီး ၎င်းတို့က သူ့မှတ်ဉာဏ်ထဲမှ ဝိုင်းစက်နေသော ကြောင်မျက်လုံးများနှင့် တစ်ထပ်တည်းကျသွားခဲ့သည်။ လူတစ်ယောက်နှင့် ကြောင်တစ်ကောင်က ဤသို့သောပုံစံမျိုးဖြင့်  အချိန်အတန်ကြာအောင် ကုန်ဆုံးခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် တိတ်ဆိတ်စွာ အဖော်ပြုပေးခဲ့ကြပေသည်။


စွေ့ချီချောင်းက သူ့လက်ကို တဖြည်းဖြည်းမြှောက်လိုက်ပြီး ရှောင်ပိုင်ရင်းနှီးကျွမ်းဝင်နေသောပုံစံဖြင့် သူ့မျက်နှာကို ထိတွေ့လိုက်သည်။


သူ့လက်က ဗလာကျင်းနေသည့်လေထုကိုသာ ထိတွေ့မိသွားသော်လည်း အပြာရောင်အလင်းရောင်က တစ်ချက်လက်သွားသည်။ ရှောင်ပိုင်က သူ့အထိအတွေ့ကို ခံစားမိပုံရပြီး ဒေါသထွက်နေသည့်အပြုံးမျိုးကို ပြသလိုက်သည်။


ဒီနေ့အတွက်တော့ ဒီလောက်ပဲပေါ့လေ...


ကျန်းထန်ဝေ့က အလျက်အမြန်ပြောလိုက်သည်။

" မြောင် မြောင် မြောင်... ဒါဆို နောက်မှတွေ့ကြမယ်..."


သူက အချက်ပြမှုကို အမြန်ဖြတ်တောက်လိုက်၍ သူ့ခန္ဓာကိုယ်က စွေ့ချီချောင်း၏ရှေ့မှ ပျောက်ကွယ်သွားသည်။


စွေ့ချီချောင်း ခေါင်းခါလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ပြုံးလိုက်သည်။

ရှောင်ပိုင် ဒီကောင်လေးကတော့...


......


နောက်တစ်နေ့မနက် စွေ့ချီချောင်း အိပ်ရာထလာပြီးသည့်နောက်တွင် မနက်ခင်းလုပ်ရိုးလုပ်စဉ်များကို ပြုလုပ်ပြီးသည့်နောက် လင်းလင်းပေးထားသော ဇာတ်လမ်းတို၏ ဇာတ်ညွှန်းများကို ကြည့်နေလိုက်သည်။ သူ အကြိမ်ပေါင်းများစွာဖတ်ရှု့ပြီးနောက် စာသားများကို အလွတ်မှတ်နေလိုက်သည်။


သူက ဤနယ်ပယ်သို့ လုံးလုံးလျားလျား ဝင်ရောက်လိုခြင်းမဟုတ်သော်လည်း သူ့အလုပ်ကို အလေးအနက်ထားသူတစ်ယောက်ဖြစ်သည်။


ခဏအကြာတွင် လင်းလင်းကသူ့ကို webpage linkအချို့ ပို့လာသည်။ ၎င်းတို့က သူ ယမန်နေ့က ကျင်းပခဲ့သော ပရိသတ်တွေ့ဆုံပွဲနှင့်ပတ်သက်သည့် သတင်းနှင့် ပို့စ်များဖြစ်သည်။ 


လင်းလင်း : ဖာ့ခ်...ဟားဟားဟား... ဒီမှာကြည့်လိုက်ပါဦး... ဒါက စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ သတင်းတွေအကြောင်းတင်တဲ့နေရာမှာ နာမည်အကြီးဆုံး မီဒီယာကုမ္ပဏီပဲ...


LJJမှလူများက ဝမ်းမြောက်မှုကြောင့် သေလုမျောပါးဖြစ်နေကြသည်။ ဤသို့သောကိစ္စမျိုးဖြစ်လာသည်မှာ အလွန်အံ့ဩစရာကောင်းလှပေသည်။


စွေ့ချီချောင်းက ပရိသတ်တွေ့ဆုံပွဲပြုလုပ်သည်ဆိုတည်းက ထိုအကြောင်းကို ဖျော်ဖြေရေးနယ်ပယ်ရှိ သတင်းများတွင် ပေါ်လာမည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။ သို့ရာတွင် ယမန်နေ့က စွေ့ချီချောင်းမှာ ပရိသတ်များထံမှ မေးခွန်းပေါင်းများစွာကို ဖြေကြားပေးခဲ့ပြီး ‌ပွဲနေရာတွင်လည်း စိုက်ပျိုးရေးပညာရှင်များစွာက ရှိနေခဲ့သည်။ 


လင်းလင်း ယနေ့မနက် သတင်းများကို ကြည့်နေစဉ်တွင် ထိတ်လန့်အံ့ဩသွားခဲ့ရပေသည်။ သူတို့ကုမ္ပဏီဘက်ကစီမံသော မီဒီယာများသာမက သူတို့နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော မီဒီယာအချို့ကပါ ပရိသတ်တွေ့ဆုံပွဲအကြောင်း သတင်းများတင်ထားပေသည်။ သို့သော် ၎င်းတို့အားလုံးက စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် မီဒီယာများဖြစ်ကြပြီး အချို့မှာ အတော်အတန်ပင် သက်ရောက်မှုရှိကြသည်။ စွေ့ချီချောင်းက ပရိသတ်များနှင့် အမေးအဖြေပြုလုပ်ခဲ့သည်များကို သူတို့သတင်းတွင် ဆောင်းပါးကြီးများဖြင့် ဖော်ပြခဲ့သည်။ ထိုဆောင်းပါးများ၏အောက်တွင်လည်း အပြုသဘောဆောင်သည့် အထူးဝေဖန်ချက်များစွာ ရေးသားခဲ့ကြသည်။ သူတို့က စွေ့ချီချောင်းပြောခဲ့သည်များကို အလေးအနက်ထားပြီး သူ့အကြံပြုချက်များကို လေ့လာခဲ့သည်။


ဤဖြစ်စဉ်များက လင်းလင်း၏စီမံမှုများကို ရောင်ပြန်ဟပ်လာစေသည်။ ယမန်နေ့တည်းက ပရိသတ်တွေ့ဆုံပွဲက အနည်းငယ် မူမမှန်ဟု သဘောပေါက်ခဲ့သည်။ စုံစမ်းစစ်ဆေးပြီးသည့်နောက်တွင်မူ ယမန်နေ့က မေးခွန်းမေးခဲ့သော စိုက်ပျိုးရေးပညာရှင်များက စွေ့ချီချောင်း၏ ပရိသတ်အစစ်များ ဖြစ်ရုံသာမက  အချို့မှာ စွေ့ချီချောင်းကို မေးခွန်းမေးရရန်အတွက် ပရိသတ်တွေ့ဆုံပွဲလက်မှတ်ရရန် အသည်းအသန် ကြိုးစားခဲ့ကြသူများ ဖြစ်နေသည်။ 


လင်းလင်းက ဤကိစ္စနှင့်ပတ်သက်ပြီး ထိုပရိသတ်များကို အင်တာဗျူးရန်အတွက် တစ်ယောက်ယောက်ကို စေခိုင်းခဲ့ပြီး ထိုသတင်းကို တင်ခဲ့သည်။


ဒီသတင်းက စိတ်ဝင်စားဖို့ မကောင်းလွန်းဘူးလား... 

အင်တာနက်အသုံးပြုသူများက ယနေ့မနက်တွင် ထိုသတင်းများကို တွေ့ခဲ့ပြီး သူတို့ထံမှ ပြန်လည်တုံ့ပြန်မှုများက အလွန်အားရစရာ ကောင်းလှသည်။ သူတို့အားလုံးက အူပြတ်မတတ် အားပါးတရ ရယ်မောခဲ့ကြသည်။


" ငါတကယ်ကို ယုံသွားပြီ... သူကတော့ နှလုံးသားမည်းနက်တဲ့ လယ်သမားနတ်ဘုရားဖြစ်သင့်ပါပေတယ်... သူက ပရိသတ်တွေ့ဆုံပွဲလုပ်ပေမယ့် စိုက်ပျိုးရေးနဲ့ဆိုင်တဲ့စက်တွေ၊ နည်းစနစ်တွေ၊ ပိုးသတ်ဆေး ဓာတ်မြေဩဇာတွေရောင်းပြီး စိုက်ပျိုးရေးနည်းလမ်းတွေကိုပါ ပြောပြလိုက်သေးတယ်..."


စိုက်ပျိုးရေးကုမ္ပဏီများကလည်း LJJနဲ့ ပူးပေါင်းလာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။ သက်ရောက်မှုကြီးမားသော စိုက်ပျိုးရေးဆိုင်ရာ ကုမ္ပဏီများကလည်း စွေ့ချီချောင်း၏အကြံပေးစကားများကို သူတို့၏သတင်းများ ထုတ်ပြန်သောအခါ ထည့်သွင်းခဲ့သေးသည်။


ဂရုတစိုက်တွေးတောကြည့်မည်ဆိုပါက ဤကိစ္စများက အလွန်အကျူးဖြစ်မနေပေ။ အတိတ်မှ အတွေ့အကြုံများကို အခြေခံကြည့်ပါက သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့သောလူများတွင် သူတို့၏ ကိုယ်ပိုင်ခွန်အားများရှိကြပြီး သူတို့အားလုံးက ဘဝ၏နယ်ပယ်အသီးသီးတွင် အောင်မြင်သူများ ဖြစ်လာကြသည်။ 


စွေ့ချီချောင်း LJJသို့လာခဲ့ရခြင်းမှာ အပင်စိုက်ပျိုးလိုစိတ် အလွန်ပြင်းထန်သောကြောင့်ဖြစ်သည်။ သူက လယ်စိုက်ရာတွင်လည်း ကျွမ်းကျင်သူဖြစ်၍ ဤတစ်ကြိမ်တွင် ထိုးထွင်းဉာဏ်ဖြင့် အကြံဉာဏ်များစွာ ပေးနိုင်ခဲ့သည်။ သူ့အကြောင်းကို သတင်းများတွင် ဖော်ပြကြသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ 


ပရိသတ်တွေ့ဆုံပွဲအကြောင်းကိုသာ ဦးစားပေးဖော်ပြသည့် ဖျော်ဖြေရေးမီဒီယာများနှင့်ယှဉ်ပါက စွေ့ချီချောင်း၏ပရိသတ်တွေ့ဆုံပွဲက စိုက်ပျိုးရေးနယ်ပယ်အပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ ၎င်းက စွေ့ချီချောင်း၏ "မီးမသေ ရေမနောက်သော" စိတ်နေစိတ်ထားနှင့်လည်း ကိုက်ညီနေပေသည်။


လင်းလင်းက ထိုကိစ္စကို သတင်းထုတ်ပြန်ရန် စီစဉ်ခိုင်းထားလိုက်ပြီးနောက် စွေ့ချီချောင်းထံသို့ ဤအကြောင်းပြောရန် ရောက်လာခဲ့သည်။ 


သတင်းများကို ကြည့်ပြီးသည်နှင့် စွေ့ချီချောင်းက အားပါးတရ ရယ်တော့သည်။


လင်းလင်းကပြောလိုက်သည်။

" လူကြီးမင်းစွေ့ ရှင်တစ်ယောက်ပဲ ဒီလမ်းစဉ်ကိုလိုက်နိုင်တာ တခြားဘယ်သူမှ အဲ့လိုမလုပ်နိုင်ဘူး ဟားဟား..."


စွေ့ချီချောင်းက မှတ်ဉာဏ်တုလေယာဉ်တွင်ရှိစဉ်မဟုတ်ဘဲ အပြင်လောကတွင် ဤသို့သော ဂယက်ရိုက်မှုကြီးကို ပြုလုပ်နိုင်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ့ပရိသတ်များက အလွန်ဂုဏ်ယူနေကြပြီး LJJ၏ ကြော်ငြာချက်ကို မြင်သည့်အခါ ပြောလာကြသည် :



[ Sh*t နောက်ပိုင်းကျ ဘော့စ်စွေ့နဲ့ ပတ်သက်တဲ့ သတင်းတွေကိုကြည့်ချင်ရင် စိုက်ပျိုးရေးချန်နယ်တွေကို သွားကြည့်ရတော့မှာများလား...]


[ ငါ မနေ့က တိုက်ရိုက်လွှင့်တာကို ကြည့်ခဲ့တယ်... ငါ့အဖေကတောင် မေးနေသေးတယ် စိုက်ပျိုးရေးမေဂျာယူမလို့ စိုက်ပျိုးရေးအကြောင်း သိကောင်းစရာတွေ ရှာကြည့်နေတာလားတဲ့...]


[ ဟုတ်လား... ဟားဟားဟား တကယ်တော့ ငါလည်း အဲ့အမေးအဖြေလုပ်တဲ့အပိုင်းက မေးခွန်းတော်တော်များများကို နားမလည်ဘူး... ကွန်းမန့်တွေကိုဖတ်ပြီး ထိုင်ရယ်တာပဲ လုပ်နေတာ... ဒီလို ပရိသတ်တွေ့ဆုံပွဲမျိုးကို ငါ ပထမဆုံး တွေ့ဖူးတာပဲ ဟားဟား...]


[ ငါတစ်ယောက်တည်းပဲ အသည်းအသန် မှတ်စုလိုက်ရေးနေမိတာများလား... ငါကတော့ အဲ့အမေးအဖြေတွေကို တကယ်စိတ်ဝင်စားတယ်...]


[ ဟုတ်တယ် ဟုတ်တယ်... ဘော့စ်စွေ့က ပရိသတ်တွေနဲ့ ပထမဆုံးတွေ့ဆုံပွဲ လုပ်တဲ့အချိန်မှာတင် နိုင်ငံပိုင်ရုပ်သံလိုင်းမှာ ပါလာတာကို တွေးကြည့်ကြပါဦး... သူ အရမ်းကို ဂုဏ်ယူနေမှာပဲ...]


[ မဟုတ်သေးပါဘူး... ဘော့စ်စွေ့က အသက်မွေးဝမ်းကြောင်း ပြောင်းသွားပြီးတော့ သရုပ်ဆောင်မလုပ်ဘဲ စိုက်ပျိုးရေးပညာရှင် ဖြစ်သွားမှာကို မင်းတို့စိတ်မပူဘူးလား... ]


[ ငါ ဒီကွန်းမန့်တွေနားကနေ ခဏတဖြုတ်ဖြတ်သွားရုံပါ... အခုလက်ရှိ ဖျော်ဖြေရေးနယ်ပယ်ထဲကို ဘယ်လိုလူတွေများ ရောက်နေကြတာလဲ...]


.....


ကျန်းထန်ဝေ့မှာ စွေ့ချီချောင်းကို ဆက်သွယ်သင့်မသင့် အကြပ်ရိုက်နေလေသည်။ အဘယ့်ကြောင့်ဆိုသော် စွေ့ချီချောင်းက ယခုလက်ရှိအချိန်၌ LJJတွင် နေထိုင်သည်ဖြစ်ရာ သူနှင့်ဆက်သွယ်လိုပါက အခြေခံအားဖြင့် LJJကို ကျော်ဖြတ်ရပေမည်။ ထို့အပြင် LJJဘက်ကလည်း သူ စွေ့ချီချောင်းအနားတွင်နေနိုင်ရန် ကြည်ကြည်ဖြူဖြူနှင့် အလုပ်တစ်ခု ပေးလာမည် မဟုတ်ပေ။ 


သို့ရာတွင် အံ့ဩစရာကောင်းသည်မှာ လင်းလင်းထံသို့ နိုင်ငံများစွာရှိ စိုက်ပျိုးရေးချန်နယ်များမှ ဖိတ်ခေါ်မှုများ ရောက်ရှိလာခဲ့သည်။ သူတို့အားလုံးက စွေ့ချီချောင်းကို သူတို့ပရိုဂရမ်သို့ လာရောက်စေလိုပြီး ကြယ်တာရာခေတ်စိုက်ပျိုးရေးလောက၏ နောက်ဆုံးပေါ်ပြဿနာများကို ဆွေးနွေးကြစေလိုခြင်းဖြစ်သည်။ 


ထို့အပြင် ဖျော်ဖြေရေးနယ်ပယ်၌ စွေ့ချီချောင်း၏ မူလလမ်းကြောင်းကလည်း အခြားသူများနှင့် ကွာခြားလှပေသည်။ လင်းလင်းက စွေ့ချီချောင်းပါဝင်နိုင်မည့် အစီအစဉ်များစွာကို ပြင်ဆင်ထားခဲ့ပြီး စွေ့ချီချောင်းက ဤစီမံပေးမှုများကြောင့် ပျော်ရွှင်ကာ အခြားလူများလည်း ဝမ်းသာရမည်ဟု မျှော်လင့်ခဲ့ပေသည်။


သို့ရာတွင် အဆုံး၌ ကိစ္စတစ်ခုဖြစ်ပွားခဲ့ပေသည်။ သို့ရာတွင် ၎င်းကလည်း အလွန်ဆိုးရွားသည့်ကိစ္စ ဖြစ်မနေခဲ့ပေ။


စွေ့ချီချောင်းက လင်းလင်းပြင်ဆင်ပေးထားခဲ့သော စိုက်ပျိုးရေးအစီအစဉ်တစ်ခုတွင် ပါဝင်ခဲ့သည်။ ထိုအစီအစဉ်ကိုရိုက်ကူးသည့် အဆောက်အဦးက တူညီသော program stationမှ ထုတ်လုပ်သည့် စစ်ရေးပရိုဂရမ်တစ်ခုကို ထုတ်လွှင့်မည့်နေရာလည်း ဖြစ်နေခဲ့ပေသည်။ 


စွေ့ချီချောင်း ထိုနေရာသို့ ရောက်သွားသည့်အခါ စစ်ရေးနှင့်ဆိုင်သော ပရိုဂရမ်တွင် ပါဝင်မည့် သူ့အတန်းဖော်ဟောင်းတစ်ယောက်နှင့် တွေ့ခဲ့သည်။ ခဏစကားပြောပြီးသည့်နောက်တွင် သူ့အတန်းဖော်က သူ့ကို ပရိုဂရမ်၌ ဧည့်သည်အဖြစ်ဖိတ်ခေါ်ပြီး မေးခွန်းအချို့မေးရန် သဘောတူညီချက် ရရှိသွားသည်။


နောက်ပိုင်း ထိုအစီအစဉ်ကို လွှင့်ချိန်၌ စွေ့ချီချောင်း၏ပရိသတ်များက သတင်းကို တွေ့သွားပြီး ထိုပရိုဂရမ်ကို ပျော်ရွှင်စွာဖြင့် ကြည့်ကြတော့သည်။ 


အမှန်တွင် ကြယ်တာရာခေတ် ABOကမ္ဘာ၌ စွေ့ချီချောင်း၏ လုပ်ဆောင်ချက်များကိုကြည့်ရုံဖြင့် သူက စစ်ရေးနှင့်ဆိုင်သည့်နယ်ပယ်တွင်လည်း နားလည်မှုအချို့ရှိသည်ကို တွေ့မြင်နိုင်ပေသည်။ ယခုခေတ် reality showများတွင် အရည်အချင်းမျိုးစုံရှိသောလူများကို တွေ့နိုင်ပေသည်။ သို့သော်လည်း စွေ့ချီချောင်းက ထိုပရိုဂရမ်မှ ပညာရှင်များနှင့် အေးအေးဆေးဆေး ရယ်မောစကားပြောပြီး ပရော်ဖက်ရှင်နယ်ကျကျ ဆွေးနွေးနိုင်လိမ့်မည်ဟု မည်သူမှ မထင်ခဲ့ကြပေ။ 


စွေ့ချီချောင်းက သူ့မိသားစုနှင့် အချို့သော အကြောင်းအရာများကြောင့် ဘွဲ့ရပြီးသည့်နောက်တွင် အားလုံးထင်ထားသကဲ့သို့ လျှို့ဝှက်ထားရမည့် စစ်ရေးလက်နက်ထုတ်လုပ်မှု တစ်ခုတွင်မှ မပါဝင်ခဲ့ဖူးပေ။ သို့ရာတွင် သူက စစ်ရေးနှင့်သက်ဆိုင်သော အချို့သတင်းများကို အာရုံစိုက်လေ့လာခဲ့ပေသည်။ ထိုသို့ဖြစ်သော်လည်း သူ၏ စစ်ရေးလက်နက်ထုတ်လုပ်မှုစွမ်းရည်က အတော်အသင့်ကောင်းမွန်သည်ကို တွေ့နိုင်ပေသည်။


ပရိသတ်များက တွေဝေမိန်းမောစွာဖြင့် ပြောကုန်ကြသည် :



[ ငါတို့ တစ်မိသားစုလုံး မစ္စတာစွေ့ကို သဘောကျကြတယ်... ငါ့အမေက သူ ချက်ပြုတ်တာတွေကိုကြည့်တယ်၊ ငါ့အဖေက သူ စစ်လက်နက်အကြောင်း ပြောတာတွေကိုကြည့်တယ်၊ ငါက သူ လယ်စိုက်တာကြည့်တယ်၊ ငါ့ညီမကတော့ သူဂေးနေတာကို စောင့်ကြည့်တယ်...] 


[ စွေ့ချီချောင်း ပရိသတ်တွေ့ဆုံပွဲလုပ်မယ်ဆိုတာကို ငါ့အစ်မကြားတုန်းက စွေ့ချီချောင်းရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ ပရိသတ်လုပ်မယ်လို့ ပြောဖူးတယ်... ဒါပေမဲ့ အခုတော့ သူ မျှော်လင့်ချက်မဲ့သွားလို့ စိတ်ဆင်းရဲနေတယ်... ဘာလို့လဲဆိုတော့ စွေ့ချီချောင်းရဲ့ အလုပ်အကိုင်အစစ်က ဘာလဲဆိုတာ သူ မသိနိုင်လောက်အောင်ကို ရှုပ်ထွေးနေတာကိုး... အဲ့တော့ သူ့ဉာဏ်လေး တစ်ထွာတစ်မိုက်လောက်နဲ့ စွေ့ချီချောင်းရဲ့ အသက်မွေးဝမ်းကြောင်းပရိသတ် လုပ်လို့မရတော့ဘူး...]


[LMAO... ဉာဏ်လေးတစ်ထွာတစ်မိုက်တဲ့ ငါ ရယ်ရလို့သေတော့မယ်... ငါဆိုလည်း ဉာဏ်မှီမှာ မဟုတ်ပါဘူးလေ... သူ ဖျော်ဖြေရေးလောကထထဲ ဝင်လာတဲ့ လမ်းကြောင်းကိုက ထူးခြားပြီး ပုံသေမှမရှိတာ...]


[ သတင်းတွေများများ စောင့်ကြည့်... အဲဒါဆို ငါတို့စွေ့ရဲ့ အလုပ်အကိုင်က ဘာလဲဆိုတာ သိလာလိမ့်မယ်...]


[ စွေ့ချီချောင်းက သူ့အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်အတိအကျက ဘာလဲဆိုတာသိဖို့ ငါတို့ ကူညီပေးရမယ်လို့ ထင်ကြလား...]


......


ဤသို့ဖြင့် စွေ့ချီချောင်း၏ ပရိုဂရမ်များတွင် ပေါ်ထွက်လာမှုက သူတို့ယခင်က တွေ့ကြုံခဲ့ရသည့် စိုက်ပျိုးရေးနှင့်ဆိုင်သောဆွေးနွေးပွဲပုံစံဖြစ်နေသည့် ပရိသတ်တွေ့ဆုံပွဲတွင်သာ ကန့်သတ်မထားခဲ့ပေ။ သူက စိုက်ပျိုးမွေးမြူရေးနှင့်ဆိုင်သော မီဒီယာများ၊ လက်တွေ့စိုက်ပျိုးရသည့် ပရိုဂရမ်များနှင့် စစ်ရေးဂရိုဂရမ်များတွင်လည်း ပါဝင်လာခဲ့သည်။ ဤကဲ့သို့ ပြိုင်ဘက်ကင်းအရည်အချင်းများကြောင့် လူအများ၏စိတ်ထဲတွင် သူ့အကျင့်စရိုက်ကိုပါ ချီးကျုးလာကြသည်။

သူကတော့ ယန်တိရှန်းနုန်ရဲ့ ဧကရာဇ်သွေးကို နိုးထနိုင်ခဲ့တဲ့လူတစ်ယောက် ဖြစ်ထိုက်ပါပေတယ်...


လင်းလင်းက ဝမ်းမသာဘဲ မနေနိုင်တော့ပေ။ 

ငါတို့ စွေ့ချီချောင်းနဲ့ စာချုပ်ချုပ်ခဲ့ရတာ ဘယ်လိုတောင် ကံကောင်းတာလဲ...


ဤတစ်ကြိမ်တွင်မူ လင်းလင်းက စွေ့ချီချောင်း ရှေ့လျှောက်ပါဝင်ရမည့် ပရိုဂရမ်များအပေါ် ပို၍ တင်းကြပ်စွာ စီစစ်ရွေးချယ်ရတော့မည်ဖြစ်သည်။


......


တစ်ဖက်တွင်မူ စွေ့ချီချောင်းကလည်း မကြာမီပြုလုပ်တော့မည့် Anniversary ပွဲအတွက် LJJ၏ ပြဇာတ်ဇာတ်လမ်းတိုကို စတင်ရိုက်ကူးနေပြီဖြစ်သည်။ 


သူ ရိုက်ကွင်းနေရာသို့ ရောက်သောအခါ ရှောင်ပိုင်ကို တွေ့လိုက်ရသည်။ အစပိုင်းတွင် ရှောင်ပိုင်က ခိုးဝင်လာသည်ဟု သူ ထင်လိုက်မိသည်။ 


နောက်ဆုံးတစ်ကြိမ်တွင် ရှောင်ပိုင်က သူ့အခန်း၌ ပေါ်လာခဲ့သော်လည်း စွေ့ချီချောင်းက လတ်တလောတွင် စိုက်ပျိုးရေးအစီအစဉ်နှစ်ခုကို ရိုက်ကူးနေခဲ့ရ၍ သူနှင့် ထပ်မံမတွေ့နိုင်ခဲ့ပေ။ သို့ရာတွင် ရှောင်ပိုင်က အင်တာနက်ပေါ်မှတစ်ဆင့် သူ့ကို နှိပ်စက်နေဆဲဖြစ်သည်။


" ကျွန်တော့်ကို တရားဝင်ချန်နယ်ကနေ အလုပ်ခန့်လိုက်တာပါ... နာမည်ဘာမှန်းမသိတဲ့ ဟိုဒါရိုက်တာတောင် ကျွန်တော့်ကို ဘာမှပြောနိုင်မှာ မဟုတ်တော့ဘူး..."


(လင်းလင်းကို ပြောနေတာ🤣)


ကျန်းထန်ဝေ့က သူ့အိုင်ဒီကတ်ကို ခါပြလိုက်သည်။

" အခု ကျွန်တော်တို့တွေက လုပ်ဖော်ကိုင်ဖက်တွေဖြစ်သွားပြီနော်..."


စွေ့ချီချောင်း: "....."


ရှောင်ပိုင်က ကျွမ်းကျင်သည့်အရည်အချင်းမျိုးစုံရှိသည့်လူတစ်ယောက်ဟု သတ်မှတ်ရနိုင်ပေသည်။ သူ့ကို အထူးပြုလုပ်ချက်( special effects )များအတွက် ခန့်ထားခြင်းဖြစ်၍ ထိုအလုပ်က သူ့ကျွမ်းကျင်မှုနှင့် ကိုက်ညီနေပေသည်။ 


သူက စွေ့ချီချောင်းနှင့် "ရင်းရင်းနှီးနှီးနေပြီး သိကျွမ်းခွင့်ရရန်" အတွက် အခွင့်အရေးကောင်းတစ်ခုကို ဖန်တီးထားခြင်းဖြစ်သည်။ သူတို့စကားပြောနေစဉ်တွင် ရိုက်ကူးရေးအဖွဲ့သားများက ဖြတ်သွားဖြတ်လာ ပြုလုပ်နေပေသည်။ သူတို့နှစ်ယောက်က ယခုမှ မိတ်ဆွေဖြစ်သွားသည်ဟုထင်၍ မည်သူကမှ အထူးတလည်  အာရုံမစိုက်မိကြပေ။ 


" မင်းရဲ့ဇာတ်ညွှန်းဘယ်မှာလဲ ကျွန်တော် ကြည့်ပါရစေဦး... အချစ်ခန်းတွေတော့ မပါဘူးမလား..."

ကျန်းထန်ဝေ့က သူ့ကို စတင်ပြီး စိတ်အနှောင့်အယှက်ပေးလာသည်။


ဤဇာတ်လမ်းတိုတွင် ပါဝင်သည့် သရုပ်ဆောင်အားလုံးမှာ LJJမှ သရုပ်ဆောင်များသာဖြစ်သည်။ လင်းလင်း၏မိတ်ဆက်ပေးမှုကြောင့် အားလုံးက တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးနေကြပြီဖြစ်သည်။ အပေါ်ယံတွင်မာ စွေ့ချီချောင်းက အားလုံးကို ရင်းနှီးဖော်ရွေစွာ ဆက်ဆံပေသည်။


ဖြတ်သွားသည့် သရုပ်ဆောင်တစ်ယောက်က ဤမြင်ကွင်းကိုတွေ့၍ ကျန်းထန်ဝေ့၏အိုင်ဒီကတ်ကို တစ်ချက်ကြည့်ပြီး အပြုံးလေးနှင့် ပြောလာသည်။ 

" ချီချောင်းက special effects အင်ဂျင်နီယာလေးနဲ့ တော်တော်ရင်းနှီးနေပြီပဲ... အင်ဂျင်နီယာလေးကို ငါ့ကိုယ်စား စကားကောင်းကောင်းလေးတွေ ပြောပေးထားပါဦး အဲဒါမှ ငါ့ကို ပိုချောအောင် effectတွေနဲ့ ပြင်ပေးမှာ..."


ကျန်းထန်ဝေ့က သူ့လက်တစ်ဖက်ကို စွေ့ချီချောင်း၏ပခုံးပေါ်တင်ပြီးမှ ပြန်ဖြေလိုက်သည်။

" ပြဿနာ မရှိပါဘူး..."


သူ ပြုံးလိုက်သည်နှင့် သူ့မျက်နှာက ပို၍ ညှို့ယူဖမ်းစားဖွယ်ရာကောင်းသွားပေသည်။ သူ၏ ငယ်ရွယ်ဝံ့ကြွားမှုနှင့် ကြည့်ကောင်းသော ရုပ်ရည်တို့က တစ်ဖက်လူကို အံ့အားသင့်သွားစေသည်။ ထိုလူက တွေးလိုက်သည်။

သူက special effects အင်ဂျင်နီယာရောဟုတ်ရဲ့လား... ဒီလိုမျက်နှာမျိုးနဲ့ဆို debutလို့တောင် ရနေပြီ..."


စွေ့ချီချောင်းက ပြောလိုက်သည်။

" သွားကြတာပေါ့..."


ကျန်းထန်ဝေ့က သူ့လက်ကို မဖယ်ရုံသာမက စွေ့ချီချောင်း၏ပခုံးပေါ်ကို မေး‌တင်လိုက်သည်။ သူက မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။

" ဒီလို ကိုယ်နေဟန်ထားနဲ့ မရင်းနှီးနေဘူးလား..."


ရှောင်ပိုင်က သူ့ကို ပြဿနာရှာရန်အတွက် စွမ်းအင်များ မကုန်မခမ်းနိုင်အောင် ရှိနေပုံရသည်။ စွေ့ချီချောင်း သက်ပြင်းချလိုက်သည်။ 

" ရင်းနှီးပါတယ်...ဒါပေမဲ့ ထန်ဝေ့... အာ လူကြီးမင်းထန် မင်းကိုယ်မင်း ကြောင်တစ်ကောင်လို့များ ထင်နေသေးတာလား..."


ရှောင်ပိုင်က သူ့ကို ဖြူစင်ရိုးသားစွာဖြင့် ကြည့်နေသည်အား မြင်လိုက်ရပေသည်။ ထို့နောက်တွင်မူ သူက သူ့ကို ရှောင်ပိုင်ဟု ခံစားရစေသောလေသံဖြင့် အော်ပြောလိုက်လေသည်။

" ကျွန်တော့်ရှေ့နာမည်က 'ထန်' မဟုတ်ဘူးလို့..."


စွေ့ချီချောင်း : "....."


စွေ့ချီချောင်း : "အဲဒါဆို မင်းရဲ့ နောက်ဆုံးနာမည်က 'ထန်' လား 'ပိုင်' လား..."


ရှောင်ပိုင်က နှုတ်ခမ်းကို ကော့ညွတ်၍ ပြောလိုက်သည်။

" ထန် လည်း မဟုတ်ဘူး ပိုင် လည်း မဟုတ်ဘူး... ကျွန်တော့် ရှေ့နာမည်က 'ကျန်း'ပါ... ကျွန်တော့်နာမည်က ကျန်းထန်ဝေ့..."


စွေ့ချီချောင်း: "....."


Shit......



🌲🌲🌲



ကျန်းထန်ဝေ့ကို အရမ်းအူယားနေပြီ😭 ‌တို့စွေ့စွေ့ကလည်း ချေလိုက်တာ ပြီးရင် သူပဲသဲသဲလှုပ်ဖြစ်နေမှာကို 🥹