Chapter 175 (Arc 5 start)
Viewers 29k

🌱Arc 5 - [ဖျော်ဖြေရေးနယ်ပယ်တွင် လယ်စိုက်ခြင်း ]


Ch 175

ပရိသတ်တွေ့ဆုံပွဲ (၁)



LJJမှလူများနှင့် အင်တာနက်အသုံးပြုသူများက အလွန်ရက်စက်ကြပေသည်။ သူတို့အားလုံး ကျန်းထန်ဝေ့၏နောက်ကွယ်တွင် ထိုသို့သောစကားများ ပြောနေကြသည်မှာ အံ့အားသင့်စရာကိစ္စတစ်ခုဖြစ်ခဲ့သည်။ ကျန်းထန်ဝေ့၏မျက်ဝန်းထဲတွင် ဒေါသမီးများတောက်လောင်လာပြီး ထိုပိုစ့်များအားလုံးကို ဖျက်ပစ်တော့မည့်အချိန်တွင် emailတစ်စောင် လက်ခံရရှိလိုက်သည်။


သူ တွေးဝေမိန်းမောနေရာမှ ချက်ချင်းနိုးထလာခဲ့သည်။ အကယ်၍ အခြားလူတစ်ယောက်သာဆိုလျှင် emailလေးတစ်စောင် လက်ခံရရှိရုံဖြင့် သူ့ကဲ့သို့ အကြီးအကျယ် ထိတ်လန့်အံ့ဩသွားမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ network လိပ်စာကို မည်သူမှ မသိထားသောကြောင့်ဖြစ်သည်။


ကျန်းထန်ဝေ့က မျက်ခုံးထူထူများကို တွန့်ချိုးလိုက်ပြီး emailကိုဖွင့်၍ တစ်ချက်ကြည့်လိုက်မိသည်။ အမှန်တကယ်ပင် LJJဘက်မှ လက်မှတ်နှင့် emailဖြစ်နေခဲ့သည်။ 


ပါဝင်သည့် အကြောင်းအရာကလည်း အလွန်ရိုးရှင်းလှသည်။ သူတို့က ကျန်းထန်ဝေ့၏ တရားမဝင် ချိုးဖောက်ဝင်ရောက်မှုနှင့် အတွင်းရေးသတင်းအချက်အလက်များထဲ တရားမဝင် ဝင်ရောက်မှုအကြောင်းများကို ခိုင်လုံသော သက်သေများနှင့်တကွ သတိပေးထားခြင်းဖြစ်သည်။ Emailပို့ရသောရည်ရွယ်ချက်မှာ ကျန်းထန်ဝေ့က ထိုအပြုအမူကို ထပ်မံမပြုလုပ်တော့ဘဲ ရပ်တန့်စေရန်ဖြစ်သည်။ ထိုသို့မဟုတ်ပါက LJJဘက်မှ ခိုင်လုံသောအထောက်အထားများကို သက်ဆိုင်ရာဌာနသို့တင်သွင်းပြီး  စကြဝဠာဖြတ်ကျော်ကာ တရားစွဲဆိုမည်ဖြစ်ပေသည်။


ကျန်းထန်ဝေ့က LJJဘက်မှပို့လာသော သက်သေအထောက်အထားများကို အလျင်အမြန်ကြည့်ရှု့လိုက်သည်။ သူတို့ဘက်က ဘာအထောက်အထားမှမရှိဘဲ သူ့ကိုခြိမ်းခြောက်နေခြင်း ဟုတ်ပုံမရပေ။ သူ တစ်ခါက စွေ့ချီချောင်း၏ သတင်းအချက်အလက်များကို ဝင်ကြည့်ခဲ့ဖူး၍ LJJက ထိုနေရာမှစတင်ကာ စုံစမ်းစစ်ဆေးခဲ့ပုံရပြီး မကြာမီအချိန်တွင် သူ၏ ကွန်ယက်လမ်းကြောင်း‌ကို တွေ့ရှိသွားရခြင်း ဖြစ်ပေမည်။ 


သို့ဖြစ်၍ သူတို့ဘက်က ကျန်းထန်ဝေ့ကို LJJ၏ဆာဗာများထဲ တရားမဝင် ဝင်ရောက်မှုကြောင့် သာမက ဌာန၏ databaseထဲ တရားမဝင် ဝင်ရောက်ကြည့်ရှု့မှုများဖြင့်ပါ တရားစွဲဆိုနိုင်ပေသည်။


သူ၏ အဆင်အခြင်မဲ့မှုများအတွက် ယခုမှ နောင်တရရန်က အနည်းငယ် နောက်ကျသွားပုံရပေသည်။  ကျန်းထန်ဝေ့က အချိန်အတန်ကြာသည်အထိ တွေးတောနေသော်လည်း LJJဘက်က သူ့ကိုအဘယ့်ကြောင့် အခွင့်အရေးပေးသည်အား နားမလည်နိုင်ပေ။ ဤသို့ပြုလုပ်လိုက်ခြင်းဖြင့် ကျန်းထန်ဝေ့က ခြေရာဖျောက်သွားခြင်း သို့မဟုတ် နေ့စဉ်ဘဝတွင် အသုံးချရန် အခြားသော တရားမဝင် အထောက်အထားတစ်ခုကို ထပ်မံအသုံးချနိုင်သည်အား သူတို့ နားလည်ကောင်းနားလည်ပေလိမ့်မည်။  အကယ်၍ သူ ထိုသို့ဆက်လုပ်ခဲ့ပါက အခြားသူများကိုလည်း ဒုက္ခပေးနေသကဲ့သို့ဖြစ်ကာ LJJကိုလည်း ဆက်ပြီး ပြဿနာရှာနေဦးမည်ဖြစ်သည်။


ကျန်းထန်ဝေ့က ဤပြဿနာအတွက် ယျေဘုယျဖြေရှင်းချက်တစ်ခုကို စိတ်ထဲတွင်ရှိသော်လည်း ၎င်းက အလုပ်ဖြစ်မဖြစ်ကိုမူ မသေချာပေ။ 


....


သုံးရက်ကြာပြီးနောက်...


ကျန်းထန်ဝေ့က သူ့ကိုယ်ပိုင်အပင်စိုက်သည့်ကိရိယာအစုံအလင်ကို အာကာသယာဉ်ထဲသို့ ယူလာခဲ့သည်။ သူ့အခန်း သို့မဟုတ် စားသောက်ဆိုင်ပင်ဖြစ်စေ၊ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ သူ့ကိုယ်ပိုင် အသေးစားမြေမဲ့စိုက်ပျိုးနည်းစက်ကို သူနှင့်အတူ သယ်ဆောင်လာလေ့ရှိသည်။ 


ကျန်းထန်ဝေ့က စွေ့ချီချောင်း၏ ပရိသတ်တစ်ယောက်နှင့်ပင် တွေ့ခဲ့သေးသည်။ ထိုပရိသတ်၏ ပလတ်စတစ်အိတ်မှတစ်ဆင့် စွေ့ချီချောင်း၏ပရိသတ်ဖြစ်ကြောင်း သတိပြုမိသွားခဲ့ပြီး ထိုလူကို စားသောက်ဆိုင်တွင် တွေ့ခဲ့ခြင်းဖြစ်သည်။


" မင်းလည်း စွေ့ချီချောင်းရဲ့ပရိုဂရမ်ကို ကြည့်တာပဲလား..."

တစ်ဖက်လူက မုတ်ဆိတ်များနှင့် သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက် ဖြစ်သည်။ 


ကျန်းထန်ဝေ့က အနည်းငယ် ဂုဏ်ယူဝံ့ကြွားနေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။


"မင်းရဲ့ fan merchကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သူ့ပရိသတ်ဆိုတာ ငါ တန်းသိပါတယ် ဟားဟား... ငါ ကာစတန်ကိုဖြတ်လာတုန်းကလည်း ကျွမ်းကျင်သူတစ်ယောက်နဲ့ ဆုံခဲ့သေးတယ်..."

မုတ်ဆိတ်နှင့်လူကြီးက သူ၏ မြေမဲ့အပင်စိုက်စက်ကိုကြည့်ပြီး ‌ထပ်ပြောလိုက်သည်။

" ညီလေး မင်းက အလေးအနက်လုပ်နေတာ မဟုတ်ဘူးပဲ... ဘာလို့ မြူနှင်းအစိတ်အပိုင်းတွေ မဝယ်တာလဲ အဲဒါတွေက ရေပိုချွေတာရာရောက်တယ်..."


ကျန်းထန်ဝေ့ : "......"


ငါက အလေးအနက်လုပ်နေတာ မဟုတ်ဘူလား...


မုတ်ဆိတ်နှင့်လူကြီးက သူ့အပင်စိုက်ကိရိယာအစုံအလင်ပါသောအိတ်ကို ပြလိုက်သည်။ 

" ကြည့်ကြည့်... NAကုမ္ပဏီရဲ့ နောက်ဆုံးပေါ် သစ်သီးနဲ့ အသီးအရွက်ဓာတ်မြေဩဇာကိုသုံးရင် အပင်တွေက တစ်လအတွင်းကြီးလာနိုင်ပြီးတော့ အောက်ဆီဂျင် ပိုရနိုင်တယ်... သူတို့က ကောင်းကောင်းလည်း ကြီးလာကြမှာ... မြေမဲ့အပင်စိုက်စက်က ကြည့်မယ်ဆိုရင်တော့ ကောင်းပုံရပါတယ် ဒါပေမဲ့..."


ထိုလူက နှုတ်ခမ်းကို မသိမသာမဲ့လိုက်သည်။ သူ့အမူအရာက ကျန်းထန်ဝေ့၏ စိုက်ပျိုးရေးကိရိယာများကို အထင်သေးနေပုံရသည်။


ကျန်းထန်ဝေ့ အလွန်ဒေါသထွက်သွားမိသည်။ သို့ရာတွင် သူက လက်တွေ့ဘဝ၌ အသီးအရွက်များများစားစား စိုက်ထားခြင်းမဟုတ်၍ ထိုလူကို ခွန်းတုံ့မပြန်နိုင်ပေ။ သူ ဤအပင်စိုက်ကိရိယာများကို ဝယ်ယူစဉ်က အမျိုးအစားစုံလင်လှသည့်ပစ္စည်းကိရိယာများစွာကို တွေ့ခဲ့သော်လည်း အခြေခံအကျဆုံးတစ်ခုကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။


အချိန်အတန်ကြာအောင်တွေးပြီးနောက် ကျန်းထန်ဝေ့က ပြောလိုက်သည်။ 

" ခင်ဗျားမှာက ပစ္စည်းကိရိယာတွေ အများကြီးရှိတာပဲ... ဒါပေမဲ့ အပြင်မှာလယ်စိုက်တာနဲ့တော့ ဘယ်တူပါ့မလဲ... ကျွန်တော်က မြေမဲ့စိုက်ပျိုးနည်းကို သုံးရုံတင်မကဘူး မြေဆီလွှာပေါ်မှာလည်း စိုက်ပါတယ်... အဲဒါမှ အပင်တွေကို သဘာဝအကျဆုံးပတ်ဝန်းကျင်မှာ စိုက်သလိုဖြစ်‌မှာလေ..."


" ဟီးဟီးဟီး..."

ထိုကိစ္စက သူ့အတွက် အရေးမပါဟန်ဖြင့် မုတ်ဆိတ်နှင့်လူက ပြောလာသည်။

" မင်းတို့လူငယ်တွေ ဘာများသိလို့လဲ... ငါပြောချင်တာက ငါသုံးတဲ့ အပင်စိုက်နည်းအကြောင်းတင် မဟုတ်ဘူး ငါက fan merchတွေကိုဝယ်ပြီး ဘော့စွေ့ကို supportပေးနေတာလေ... ငါက သူ့အတွက် ငွေသုံးပေးချင်ရုံပဲ..."


ကျန်းထန်ဝေ့: "...."


ကျန်းထန်ဝေ့အနေဖြင့် အိုင်ဒေါကို supportပေးသောပရိသတ်တစ်ယောက်နှင့် ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ကြုံရခြင်းဖြစ်သည်။ မုတ်ဆိတ်နှင့်လူထံမှ" ငါက သူ့အတွက် ငွေသုံးပေးချင်ရုံပဲ" ဟူသည့်စကားမျိုး ကြားရမည်ဟု မမျှော်လင့်ထား၍ အချိန်အတန်ကြာသည်အထိ ဆွံ့အနေမိသည်။


မုတ်ဆိတ်နှင့်လူက "ဒီဆွေးနွေးပွဲမှာ ငါနိုင်သွားပြီ" ဟူသည့် အမူအရာမျိုး ပြုလုပ်ကာ ခပ်ဖျော့ဖျော့ပြောလိုက်သည်။

" အားလုံးကတော့ သူ့စတိုင်နဲ့သူ supportပေးကြတာပါပဲ ငါက ငါ့ကအကြောင်းကို ပြောပြတာပါ... အရမ်းကြီး အလေးအနက်ထားမနေပါနဲ့ ငါတို့လို ကျွမ်းကျင်သူတွေက စိတ်တည်ငြိမ်ကြတယ်မလား..."


Sh*t...

ကျန်းထန်ဝေ့၏စိတ်ထဲတွင် အညှိုးကြီးစွာဖြင့် တွေးလိုက်သည်။

ဒီလူက ငါ့ကို စကားနဲ့အနိုင်ပိုင်းနေတာပဲ... ဒါပေမဲ့ ခင်ဗျား သူ့ကိုနမ်းဖူးလို့လား...


....


လဝက်ခန့်ကြာပြီးနောက်တွင် ကျန်းထန်ဝေ့၏ဆလတ်ရွက်များက ကြီးထွားလာကြသည်။ ၎င်းကို အပင်ကြီးဟု မယူဆနိုင်သော်လည်း စိမ်းစိုပြီး လတ်ဆတ်နေပြီး အစိမ်းရောင်အရွက်များ၏ပုံစံက လက်ရာမြောက်ကာ သန်စွမ်းလှပေသည်။


ထိုအချိန်တွင် အာကာသယာဉ်က ဆိပ်ကမ်းတွင် ကမ်းကပ်လိုက်သည်။ LJJရုံးချုပ်တွင် ပန်းခြံကျယ်ကြီးတစ်ခုရှိပြီး ထိုပန်းခြံကြီးက အထပ်မြင့်မှစကာ မြေညီထပ်အထိ စိမ်းလန်းနေသည်။ နေရာတစ်ခုလုံးက အလွန်ကြီးမား၍ ပေါ်လွင်ထင်ရှားလွန်းနေသည်။


ကျန်းထန်ဝေ့ LJJကို ချဉ်းကပ်လာစဉ်တွင် စွေ့ချီချောင်း၏ fan merchများကိုကိုင်ဆောင်ထားသော "ကျွမ်းကျင်သူ" အများအပြားကို သူ့ဘေးတွင် တွေ့လိုက်ရသည်။


အာ... စွေ့ချီချောင်းက အဲ့လောက်တောင် နာမည်ကြီးနေပြီလား... ဒါမှမဟုတ် LJJရုံးချုပ်မှာပဲ သူ့ပရိသတ်တွေအများကြီး ရောက်နေတာလား...


ကျန်းထန်ဝေ့ ထိုကိစ္စကို အလေးအနက်တွေးတောနေစဉ်တွင် LJJ၏ ပန်းခြံကြီးထက်မှ ကောင်းကင်ပေါ်တွင် ကြော်ငြာတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းအပေါ်တွင် စွေ့ချီချောင်းက ပထမဦးဆုံး ပရိသတ်တွေ့ဆုံပွဲကို ကျင်းပတော့မည်ဟု ခမ်းခမ်းနားနားပြသထားသည်။ သူက ကံကောင်းသည့် ပရိသတ်အယောက်၆၀ကိုမူ LJJရုံးချုပ်သို့ ဖိတ်ခေါ်ထားပြီး ပရိသတ်အယောက်၃၀၀၀ကျော်ကို အွန်လိုင်းပရိသတ်တွေ့ဆုံပွဲတွင် လက်ခံတွေ့ဆုံမည်ဖြစ်သည်။ အွန်လိုင်းမှတွေ့ဆုံကြမည့် ပရိသတ်များကိုမူ LJJမှ စက်နှင့် ဆက်သွယ်ထား၍ တွေ့ဆုံပွဲပြုလုပ်မည့်အချိန်တွင် ပုံရိပ်ယောင်များအဖြစ် ပေါ်လာမည်ဖြစ်သည်။ ကျန်လူများကမူ တိုက်ရိုက်ရုပ်သံလွှင့်ခြင်းကိုသာ ကြည့်ရှု့ရမည်ဖြစ်ပြီး အခြားပရိသတ်များကဲ့သို့ စွေ့ချီချောင်းနှင့် တွေ့ဆုံဆက်သွယ်၍ရမည် မဟုတ်ပေ။ 


ကြော်ငြာပေါ်မှ စွေ့ချီချောင်း၏ပုံစံက မှတ်ဉာဏ်တုလေယာဉ်များထဲမှ ပုံစံနှင့် အနည်းငယ် ကွဲပြားနေပေသည်။  လက်တွေ့ဘဝတွင် စွေ့ချီချောင်း၏ ရုပ်ရည်သွင်ပြင်က ကောင်းမွန်သော်လည်း အစီအစဉ်တွင်မူ သူ၏ပုံစံကို ဂရုတစိုက်ပုံဖော်ထား၍ သူ့ကို အလွန်အမင်းလှပသည့်ပုံစံ ဖြစ်နေစေသည်။


ကြော်ငြာမှ video clipကမူ reality showမှပုံရိပ်မဟုတ်ဘဲ စပါယ်ရှယ်ပရိုမိုးရှင်းဗီဒီယိုဖြစ်သည်။


ဖြတ်သွားဖြတ်လာအများစုက ထိုvideo clipကိုကြည့်ရန် ရပ်တန့်သွားသည်ကို ကျန်းထန်ဝေ့ တွေ့လိုက်ရသည်။ စွေ့ချီချောင်းက မည်သူဖြစ်သည်ကို ရုတ်တရက် မမှတ်မိကြသောလူများပင် သူ့ရုပ်ရည်သွင်ပြင်ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။


စွေ့ချီချောင်းပါဝင်သော reality show၏ ကြည့်ရှု့နှုန်းက အလွန်မြင့်မားကြောင်းသိသော်လည်း ဤကဲ့သို့မြင်ကွင်းမျိုးကို မြင်ရသောအခါ ကျန်းထန်ဝေ့အတွက် နေရထိုင်ရခက်ဆဲဖြစ်သည်။ သူ့ရတနာလေးကို အခြားသူများက လိုချင်တပ်မက်နေသကဲ့သို့ ခံစားရပေသည်။


သို့သော်လည်း ယခုက စွေ့ချီချောင်းကိုတွေ့ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။


LJJ၏ ပန်းခြံကြီးထဲတွင် အရာအားလုံးရှိပေသည်။ LJJက လူအရေအတွက် အတိအကျသာ ပန်းခြံထဲသို့ ဝင်နိုင်ထွက်နိုင်အောင် ပြုလုပ်ထား၍ ကျန်းထန်ဝေ့က သူတို့၏ လုံခြုံရေးစနစ်ထဲဖောက်ဝင်ပြီး ပရိသတ်‌တွေ့ဆုံပွဲကိုတက်ရောက်ရန်အတွက် အထောက်အထားအတုဖြင့် ခိုးဝင်လာခြင်းဖြစ်သည်။


ကျန်းထန်ဝေ့က စိတ်ပိုင်းဖြတ်ထားပြီးပြီဖြစ်သည်။


.....


" ဒါကဘာလဲ..."

စွေ့ချီချောင်းက လင်းလင်းကို တစ်ချက်ကြည့်လိုက်သည်။


လင်းလင်းက သူ့ကိုရယ်ပြလိုက်သည်။

"ရှုတင်အစီအစဉ်တွေပါ... ရှင်က ကျွန်မတို့ဆီကနေ ထွန်းတောက်လာတဲ့ ကြယ်ပွင့်အသစ်လေးလေ... သေချာပေါက်ကို LJJရဲ့ anniversaryမှာ ခဏလောက်ဖြစ်ဖြစ် ပါရမှာပေါ့..."


Anniversaryကို ဆင်နွှဲရန်အတွက် LJJက သူတို့၏ နာမည်ကျော်သရုပ်ဆောင်များကို စုဝေးကာ အလွန်အဆင့်အတန်းမြင့်သော short film တစ်ခုကိုရိုက်ရန် စီစဉ်ထားသည်။ သရုပ်ဆောင်တစ်ယောက်စီ၏ အခန်းကဏ္ဍက အံဝင်ခွင်ကျဖြစ်ပြီး ကြည့်ရှုသူများ၏ တညီတညွတ်တည်း လက်ခုပ်သံများ ရယူနိုင်လောက်အောင်အထိ ဖမ်းစားထားပေသည်။


မူလတွင် စွေ့ချီချောင်းက ဤအစီအစဉ်တွင်ပါဝင်ရန် မသေချာဆုံးလူဖြစ်ခဲ့သည်။ အားလုံးသိကြသည့်အတိုင်း သူက အခြားသရုပ်ဆောင်များကဲ့သို့ စာချုပ်ချုပ်ထားသူ မဟုတ်ပေ။ သူက သူ၏တစ်ကိုယ်ကောင်းဆန်လှသော ဆန္ဒများကို လက်တွေ့ပြုလုပ်ရန် LJJ၏ နည်းပညာကိုအသုံးချခဲ့သူဖြစ်သည်။ သူက LJJ၏ စာချုပ်လိုအပ်ချက်များကို ပြုလုပ်ခဲ့သော်လည်း ၎င်းက offline publicity များ မပါဝင်ပေ။သူ၏ လက်ရှိ မှတ်ဉာဏ်တုလေယာဉ်မှထွက်လာသည်နှင့် ပုံမှန်အတိုင်း အနားယူပြီး နောက်ထပ် မှတ်ဉာဏ်တုလေယာဉ်တစ်ခုပေါ်သို့သွားရန် အချိန်ကို စောင့်ဆိုင်းနေသည်ကိုသာ ပြုလုပ်ပေသည်။ 


သူက အခြားသောသရုပ်ဆောင်များကဲ့သို့ fan merchများကို အရောင်းမြှင့်တင်ခြင်းများလည်း မပြုလုပ်သည့်အပြင် အခြားရှိုးနှင့် ပရောဂျက်များတွင် ပါဝင်ခြင်းလည်း မရှိပေ။ အဘယ့်ကြောင့်ဆိုသော် အခြားသူများက သူတို့အလုပ်ကို အသက်မွေးဝမ်းကြောင်းဟု မှတ်ယူကြသော်လည်း စွေ့ချီချောင်းက ထိုသို့မမှတ်ယူသောကြောင့်ဖြစ်သည်။


စွေ့ချီချောင်း အစီအစဉ်စာရွက်ကိုကြည့်နေစဉ်တွင် သူ့အပိုင်းကို အမှတ်အသားပြုထားသည်အား တွေ့လိုက်သည်။ သူ၏ အခြေအနေကို အထူးဂရုပြုပြီး စဉ်းစားထားသောကြောင့် သူ ပါဝင်ရမည့်နေရာက အလွန်အကြူးဖြစ်‌မနေသည့်အပြင် ရှက်စရာလည်း ကောင်းမနေချေ။


" ဒီလောက်ဆိုရင်တော့ အဆင်ပြေမှာပါ..."

စွေ့ချီချောင်းက သဘောတူလိုက်သည်။


သူက မှတ်ဉာဏ်တုလေယာဉ်ထဲတွင် ရှောင်ပိုင်နောက်ဆုံးပြုလုပ်ခဲ့သည့် အပြုအမူကို မှတ်ချက်ပြုရန်ပင် အချိန်မရခဲ့ပေ။ အပြင်သို့ပြန်ရောက်လာပြီးသည့်နောက်တွင် သူ ပထမဆုံးကြားလိုက်ရသည့်အရာမှာ LJJက ရှောင်ပိုင်ကို တရားစွဲထားသည်ဟူသော အကြောင်းပင်။ 


သူတို့က ရှောင်ပိုင် မည်သူမည်ဝါဖြစ်ကြောင်းကို ရှာတွေ့ထားပြီး သူ တရားမဝင်ချိုးဖောက်ဝင်ရောက်ထားသည့် သက်သေများကိုပါ ရရှိထားပေသည်။


စွေ့ချီချောင်း၏ ပထမဆုံးတုံ့ပြန်မှုမှာ - " ကျွန်တော့်ကို ရှောင်ပိုင်ရဲ့ သတင်းအချက်အလက်တွေပေးပါ " ဟူ၍ဖြစ်သည်။


လင်းလင်းက ၎င်းကို မပေးဘဲ စွေ့ချီချောင်းဘက်က ဘာလုပ်လိုသည်ကိုသာ မေးခဲ့သည်။


စွေ့ချီချောင်းက သူ့ရှေ့နေများကို ရှောင်ပိုင်ဘက်မှ ကာကွယ်ပေးစေလိုသော်လည်း ထိုအကြောင်းများကို လင်းလင်းအား ပြောပြရမည်က အနည်းငယ်မသင့်တော်ဟု ခံစားလိုက်ရသည်။


သို့သော် အရာအားလုံးက ကောင်းမွန်ရန်သာ ဖြစ်လာခြင်းဖြစ်သည်။ လင်းလင်းနှင့် စွေ့ချီချောင်းက အချိန်အတန်ကြာအောင် စကားပြောဆိုပြီးသည့်နောက်တွင် LJJဘက်မှ တရားဝင်လုပ်ထုံးလုပ်နည်းများအတိုင်း မလုပ်တော့ရန် ဆုံးဖြတ်လိုက်သည်။ သို့ရာတွင် စွေ့ချီချောင်းက သူတို့နှင့်အတူပူးပေါင်းပြီး သူ၏နာမည်ကျော်ကြားမှုကို တိုးမြင့်လာအောင် ပြုလုပ်ရပေမည်။ 


စွေ့ချီချောင်းက ဤကိစ္စကို သူ့ရှေ့နေနှင့်လည်း တိုင်ပင်ဆွေးနွေးခဲ့သည်။ အဆုံးတွင် သူတို့က ထိုသဘောတူညီချက်ကို ပြုလုပ်ရန် သဘောတူလိုက်ကြသည်။ သို့ရာတွင် စွေ့ချီချောင်းက ဤသို့သော အနုပညာလှုပ်ရှားမှုတွင် ပါဝင်ရန် အချိန်အကန့်အသတ်နှင့် အလုပ်သမားစရိတ်အကန့်အသတ် ထားရမည်ဟု အေးစက်စွာ ပြောခဲ့သည်။ အကယ်၍ စရိတ်ကန့်သတ်ချက်က သူ မျှော်မှန်းထားသည်ထက် မကျော်လွန်နေပါက သူလုပ်ပေးရမည်နှင့် မတန်မည်ဖြစ်ပြီး ထိုသို့ဖြစ်ခဲ့လျှင် LJJဘက်မှ မူလကပြောထားသည့်အတိုင်း ရှောင်ပိုင်အား တရားစွဲဆိုချင်ပါက ထိုအတိုင်းပြုလုပ်နိုင်သည်ဟု သူက ပြောခဲ့သည်။


"မတန်" ဟူသော စကားကိုကြားသည့်အခါ ပရိသတ်များ ပရိုဂရမ်ကိုကြည့်နေစဉ် တမင်ပြုလုပ်ထားသောmemeကို လင်းလင်းက တွေးမိသွားသည်။ ထိုမျှသာ မကသေးဘဲ စွေ့ချီချောင်းဘက်က သူမကို ခြိမ်းခြောက်နေသည်ဟုလည်း ခံစားလိုက်ရပေသည်။ သို့ရာတွင် တစ်ဖက်လူ၏ အမူအရာက ထိုသို့သော သင်္ကေတမျိုးပြမနေ၍ သူမဘက်က သဘော‌တူကြောင်းသာ ပြန်ဖြေနိုင်ပေသည်။

" ရှောင်ပိုင်သာ မတန်ဘူးဆိုတဲ့စကားကိုကြားရင် ဒေါသထွက်လို့ ‌တမြောင်မြောင် အော်နေဦးမယ်ထင်တယ်..."


စွေ့ချီချောင်းက ဘာမှပြန်မဖြေပေ။ 


" စကားမစပ် ရှင် ရှောင်ပိုင်ရဲ့ အချက်အလက်တွေ လိုချင်သေးလား...ကျွန်မမှာ သူ့ဓာတ်ပုံရှိတယ်... ကျွန်မဆိုလိုချင်တာ တကယ့် လက်တွေ့လောက က ရှောင်ပိုင်ကိုပါ... ဒါမှမဟုတ် သူ ရှင့်ဆီကို လာတာကိုပဲ စောင့်နေမလား..."


လင်းလင်းက မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။ နောက်ဆုံးအပိုင်းကို ဆင်ဆာဖြတ်ထားခြင်း မပြုလုပ်ခဲ့၍ အားလုံးက မြင်လိုက်ကြားလိုက်ရပြီး ရှောင်ပိုင်ဆိုလိုချင်သည့် စကားလုံးများနောက်ကွယ်မှ အဓိပ္ပါယ်ကို သိလိုက်ကြသည်။ သူက စွေ့ချီချောင်းကို လက်တွေ့ဘဝတွင်ပါ တွေ့ဆုံလိုခြင်းဖြစ်ပေသည်။


စွေ့ချီချောင်းက ရှောင်ပိုင့်ဘက်မှ ကာကွယ်ပေးလိုပြီး သူ့ကြောင့် လှုပ်ရှားမှုများတွင် ပါဝင်ရန်အစီအစဉ်ကို သဘောတူလိုက်သောအခါ သူမစိတ်ထဲ အတွေးတစ်ခု ဝင်ရောက်လာသည်။

စွေ့ချီချောင်းဘက်ကလည်း... သိတယ်မလား ...


လင်းလင်း၏ စနောက်ကျီစယ်မှုနှင့်ရင်ဆိုင်ရသော်လည်း စွေ့ချီချောင်း၏မျက်နှာအမူအရာက မပြောင်းလဲသွားပေ။ သူ့စိတ်ထဲတွင် အနည်းငယ် မပျော်မရွှင်ခံစားလိုက်ရသည်။


လင်းလင်းက သူတို့နှစ်ယောက်ကြားမှကိစ္စတွင် ပါဝင်ခဲ့ရသူ မဟုတ်ပေ။ ဗီဒီယိုများကို ကြည့်ပြီးသည့်နောက်တွင်လည်း နှစ်ဖက်လုံးက မည်သည့်အရာကို လိုချင်နေသည်အား သူမ မသိခဲ့ပေ။ ထိုအမူအရာကြောင့် သူမ၏ စွေ့ချီချောင်းအပေါ် နားလည်မှုအား သံသယဖြစ်သွားခဲ့မိသည်။


သူက ရှောင်ပိုင်ကို မကြိုက်ဘူးဆိုရင် သူတို့ကြားက ဆက်ဆံရေးက ဆရာတပည့် ဒါမှမဟုတ် သခင်နဲ့ အိမ်မွေးကြောင်အဆင့်ပဲလား...


စာချုပ်တွင် လက်မှတ်ထိုးလိုက်သည့်အချိန်၌ စွေ့ချီချောင်း၏ အေးစက်တည်ငြိမ်သောအကြည့်ကို သူမ အမှတ်ရနေဆဲဖြစ်ပြီး သူက သူမအပေါ် အကြံအစည်တစ်ခုခုထုတ်နေသည်ကိုပါ သတိပြုမိလိုက်သည်။


......


ဗီဒီယိုအတိုကို ပြင်ဆင်နေဆဲဖြစ်သည်။ လင်းလင်းနှင့် အခြားလူများက ပထမဦးစွာ စွေ့ချီချောင်းအတွကိ ပရိသတ်တွေ့ဆုံပွဲတစ်ခုပြုလုပ်ပေးရန် စီစဉ်ထားလိုက်သည်။ ယခုက စွေ့ချီချောင်းအတွက်လည်း ပုံရိပ်ယောင်နယ်မြေမှမဟုတ်ဘဲ သူ့ပရိသတ်များနှင့် တွေ့ဆုံရမည့် ပထမဆုံးအကြိမ်ဖြစ်သည်။


စွေ့ချီချောင်းက ပရိုမိုးရှင်းဗီဒီယိုရိုက်ရန်အတွက် LJJနှင့် ပူးပေါင်းခဲ့၍ ဒါရိုက်တာကလည်း LJJ၏ ပင်တိုင်ဒါရိုက်တာဖြစ်နေခဲ့သည်။ စွေ့ချီချောင်း မိတ်ကပ်ပြင်နေစဉ်တွင် ထိုလူက စွေ့ချီချောင်းနှင့် ကြာရှည်စွာ စကားပြောခဲ့သည်။ 


" တကယ်တော့ ကျွန်တော် ခုနောက်ပိုင်း ရုပ်ရှင်အသစ်တစ်ကားရိုက်ဖို့ ပြင်နေတာ... ပြီးတော့ အဲ့ရုပ်ရှင်မှာ နောက်ဆုံးပေါ်နည်းပညာတွေလည်း ထည့်ထားမှာ... ဇာတ်ညွှန်းကို ပြင်နေတာလည်း သုံးနှစ်လောက်ရှိပြီ...တကယ်တော့ အဲ့ရုပ်ရှင်မှာ မင်းနဲ့ အဆင်ပြေမယ့် ဇာတ်ကောင်တစ်ခုရှိတယ်..."

ဒါရိုက်တာက သူ့ရုပ်ရှင်အကြောင်းကို မိတ်ဆက်ပေးနေသည်။


စွေ့ချီချောင်းကပြောလိုက်သည်။

" ဒါရိုက်တာကြီး ဒီအကြောင်းကို ဒါရိုက်တာလင်းနဲ့ပြောလိုက်တာ ပိုကောင်းမယ်ထင်တယ်..."


သူက အရူးမဟုတ်ပေ။ ဒါရိုက်တာက သူ့ကိုအဖွဲ့ထဲ ဆွဲသွင်းပြီး ထိုရုပ်ရှင်အတွက် သရုပ်ဆောင်စေလိုသည်ကို သူ ပြောနိုင်ပေသည်။


ဒါရိုက်တာက နေရခက်စွာဖြင့် စွေ့ချီချောင်း၏ဘေးတွင် ရပ်လိုက်သည်။ စွေ့ချီချောင်းက အခြားသော showbiz အစီအစဉ်များတွင် ပါဝင်မည့်အကြောင်းကို လူသိရှင်ကြား ကြေညာထားပြီးဖြစ်သည်။ သို့သော် အတွင်းသတင်းရထားသူများကမူ သူ၏အနုပညာလှုပ်ရှားမှုများက အကန့်အသတ်ရှိကြောင်းကို သိရှိထားပေသည်။ 


LJJက သူတို့၏အကျိုးအမြတ်ကို များသထက်များအောင် သေချာပေါက် ပြုလုပ်ပေလိမ့်မည်။ စွေ့ချီချောင်းက သူတို့ကို ကြုံရာလှုပ်ရှားမှုများတွင် မပါဝင်နိုင်ကြောင်း ပြောထား၍ သူတို့က ထိုသို့ပြုလုပ်ရဲမည်မဟုတ်ပေ။ သို့သော် စွေ့ချီချောင်းက အာဏာရှိသူဖြစ်၍ သူပါဝင်မည့် လှုပ်ရှားမှုကို ကိုယ််တိုင်ရွေးချယ်နိုင်သည့်အကြောင်း ဒါရိုက်တာက သိထားသည်။ သို့ဖြစ်၍ ဒါရိုက်တာက စွေ့ချီချောင်း သရုပ်ဆောင်ရန်အတွက် အခွင့်အရေးရယူရန် အခြားနည်းလမ်းတစ်မျိုးဖြင့် ကြိုးစားနေခြင်းဖြစ်သည်။ ထို့အပြင် သူက ရုပ်ရှင်အကြောင်းကို အကြံပြုထောက်ခံရန် အခွင့်အရေးကိုယူပြီး သူ့လုပ်ရပ်များက စွေ့ချီချောင်းကို စိတ်လှုပ်ရှားသွားစေမည်ဟုလည်း မျှော်လင့်ခဲ့မိသည်။


စွေ့ချီချောင်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဒါရိုက်တာက မထွက်သွားသေးသည်ကိုမြင်၍ သွားနိုင်ပြီဖြစ်ကြောင်း မျက်ရိပ်မျက်ခြည် ပြလိုက်သည်။


ဒါရိုက်တာက ‌အလျှော့မပေးသေးဘဲ သူ့ကိုဆက်လက်တိုက်တွန်းနေသည်။

" ဒါပေမဲ့ ဒီဇာတ်ကောင်နေရာက မင်းနဲ့တကယ် သင့်တော်တာ..."


" ကျွန်တော်ကတော့ အဲ့လိုမထင်ပါဘူး... ကျွန်တော်က သရုပ်ဆောင်တဲ့နေရာမှာ ပရော်ဖက်ရှင်နယ်တစ်ယောက် မဟုတ်တဲ့အပြင် အဲ့လိုလူမျိုးဖြစ်လာဖို့လည်း မမျှော်မှန်းထားပါဘူး... ပြီးတော့ ကျွန်တော်က သရုပ်ဆောင်ဖို့ စိတ်အားဖက်သန်မှုတောင်မရှိတာ ဘယ်လိုလုပ် သင့်တော်မှာလဲ..."

စွေ့ချီချောင်းက ဗြောင်ကျကျပင် တုံ့ပြန်လိုက်သည်။


သို့သော် ဒါရိုက်တာ၏ရှု့ထောင့်မှဆိုလျှင် သူပြောသည့် "သင့်တော်မှု"က စွေ့ချီချောင်း၏ နာမည်ကျော်ကြားမှု သို့မဟုတ် သူ့ပုံပန်းသွင်ပြင်နှင့် သင့်တော်မှု ကိုပြောသည်ဟု ထင်သွားပေသည်။


ဒါရိုက်တာက အော်ပြောလိုက်သည်။

" ဒါပေမဲ့ ဇာတ်ကောင်က လယ်သမားနတ်ဘုရားလေ..."


စွေ့ချီချောင်း : "...."




စွေ့ချီချောင်းက သူ ဂရုမစိုက်ဖြစ်လွန်းသွားသည်ဟု ခံစားလိုက်ရသည်။ ထိုအဖြေမျိုးကို သူ မမျှော်လင့်ထားခဲ့ပေ။


ဒါရိုက်တာက ထပ်မံဖြည့်စွက်ပြောလိုက်သည်။

" ဇာတ်ညွှန်းကိုလျှို့ဝှက်ထားရမယ်ဆိုပေမယ့် ပရိုဂရမ်ရဲ့ ဇာတ်လမ်းကိုတော့ ပြောပြလို့ရပါတယ်... ပရိုဂရမ်က ဒဏ္ဍာရီလာအကြောင်းဆိုပေမယ့် သူတော်စင်တစ်ယောက်ရဲ့အကြောင်းတင် မဟုတ်ဘဲ သူ့ရဲ့ တွေးခေါ်ပုံတွေကိုပါ စူးစမ်းလေ့လာတဲ့သဘောနဲ့..."


" ဘာလုပ်နေကြတာလဲ... ဟေး ဘာလုပ်နေတာလဲ..."

လင်းလင်းရောက်လာပြီး ဒါရိုက်တာက စွေ့ချီချောင်းကို တွယ်ကပ်နေသည်အား ရပ်တန့်စေလိုက်သည်။

" သာ့ဖေး ရှင်ဘာလုပ်နေတာလဲ... တရားဝင်လုပ်ရိုးလုပ်စဥ်အဆင့်တွေအတိုင်း လိုက်လုပ်ရမှာလေ..."


" ကျွန်တော်က သူနဲ့ စကားစမြည်ပြောနေရုံပါ... လူကြီးမင်းစွေ့က လယ်သမားနတ်ဘုရားရဲ့ မျိုးဆက်လို့ ဒါရိုက်တာလင်းပဲပြောတယ်လေ... ကျွန်တော်ကလည်း စိုက်ပျိုးရေးဧကရာဇ်တစ်ယောက်အကြောင်း ပရိုဂရမ်ရိုက်မှာဆိုတော့ သူ့ကိုအဲ့အကြောင်း ရှင်းပြနေတာပါ..."

သူ့ရည်ရွယ်ချက်များကို လင်းလင်းက ဖော်ထုတ်လိုက်သော်လည်း ဒါရိုက်တာက တည်ငြိမ်အေးဆေးနေဆဲဖြစ်သည်။ 


လင်းလင်းက သူ့ကိုသရော်ပြီးပြောလိုက်သည်။

" လယ်သမားနတ်ဘုရားမှာက မျိုးဆက်တွေအများကြီးရှိတာလေ ကျွန်မတို့ရှေ့မှာ ဟန်ဆောင်မနေပါနဲ့... ကျွန်မ တစ်ခုပြောလိုက်ရင် ဘဝမှာ ဖြတ်လမ်းနည်းအားလုံးနောက်ကို အလွယ်လိုက်လို့ရမယ်ထင်မနေနဲ့... ရှင့်ပရိုဂရမ်မှာ လူကြီးမင်းစွေ့ကို ပါစေချင်ရင် အရင်ဆုံးလျှောက်လွှာတင်လိုက်ပေါ့..."


သူသာ ငါ့ပရိုဂရမ်မှာပါဖို့ လွယ်လွယ်သဘောတူမယ့်လူဆိုရင် ငါ ဒီလိုလုပ်ပါ့မလား...


ဒါရိုက်တာက နောင်တရသွားဟန်ဖြင့် လျှာသပ်လိုက်သည်။

" လင်းလင်း ငါ့မှာ တခြားဘာစိတ်မှာ မရှိဘဲ ဒီတိုင်းပြောလိုက်တယ်ဆိုတာကို မယုံလည်းရပါတယ်... ဒါဆို... လူကြီးမင်းစွေ့ ကျေးဇူးပြုပြီး ကျွန်တော့်ကို နောက်ကျ ဆက်သွယ်ပေးပါဦး..."


🌲🌲🌲