Chapter 79
Viewers 6k

♎️Chapter 79



ခေါင်းအနောက်ဘက်ကို အုပ်ကိုင်ခံလိုက်ရသည့်အခိုက် ဖုယွမ်ကျိုးမှာ ကြောင်အသွားခဲ့ရသော်လည်း မူလကပိတ်နေခဲ့ပါသော ရှဲ့လင်မျက်လုံးများကပွင့်လာခဲ့ပြီး သူ့အားကြည့်နေခဲ့သည်ကိုမြင်လိုက်ရသည်။ သူ့အားယခုလို ဆက်ဆံနိုင်သည့်တစ်ဦးတည်းသောလူမှာ ရှဲ့လင်တစ်ယောက်တည်းသာရှိလေ၏။


ရှဲ့လင်က မအိပ်သေးတာလား။ ဒါမှမဟုတ် သူ့ကြောင့်နိုးသွားတာလား။


အတွေးတို့က ဖုယွမ်ကျိုးရင်ထဲသို့ရိုက်ခတ်လာသည့်တိုင် မကြာမီအချိန်မှာပင် ရှဲ့လင်ကသူ့အားပိုမိုပြင်းပြစွာဖြင့်နမ်းလာလေရာ အခြားအတွေးတို့ကိုမတွေးနိုင်တော့ဘဲ ရှဲ့လင်အနမ်းကိုတုံ့ပြန်ရာတွင်သာအာရုံစိုက်ထားလိုက်နိုင်လေသည်။


ဖုယွမ်ကျိုးရှက်လာသည်အထိ အနမ်းကကြာရှည်နေခဲ့ပြီးမှ အဆုံးသတ်သွားခဲ့သည်။ သူက ညဥ့်နက်သန်းခေါင်အချိန်တွင် တစ်စုံတစ်ယောက်ကိုခိုးနမ်းရန် တစ်ပါးသူအခန်းကို ခိုးဝင်လာခဲ့သည်။ အတော်ရဲတင်းသည့် အပြုအမူပါပင်။ ရှဲ့လင်ကလည်း ညဥ့်နက်သန်းခေါင်မျက်လုံးပွင့်လာရုံမျှမက အိပ်ရာဘေးကိုလူတစ်ယောက်ရောက်လာသည့်တိုင် စိုးထိတ်ကြောက်လန့်သွားခြင်းမရှိခဲ့ပေ။ ထိုအစား သူ့ကိုချက်ချင်းမှတ်မိသွားပြီး နမ်းပင်နမ်းလာခဲ့သေးသည်။


သူသည် အတွေးလွန်နေခဲ့ပြီး ရှက်လာခဲ့သောကြောင့် မျက်နှာပင်ရဲတက်လာရကာ သူ့ကိုယ်သူဘယ်လိုဆင်ခြေပေးသင့်မှန်းပင်မသိတော့ပေ။


 "ငါ.."


ရှဲ့လင်ကအိပ်နေရာမှထလာသည်။ သူ့အားဖက်ထားပေးပြီး အတူထိုင်နေရင်းမေးလာလေ၏။ 


"ဘယ်လိုလုပ်ရောက်လာတာလဲ...အိပ်မက်ဆိုးမက်လို့လား..."


"ငါမင်းကိုတွေ့ချင်ရုံပါ..."


 ဖုယွမ်ကျိုး ခေါင်းခါပြကာ ရိုးရိုးသားသားပင်ဖြေလိုက်သည်။


ရှဲ့လင်ကသူ့နဖူးပေါ်မှဆံစတို့ကိုဖယ်ကာ နဖူးပြင်ကို နမ်းရှိုက်လာလေသည်။ 


"ကိုယ်ဒီမှာပဲရှိနေပါတယ်..."


ရိုးရှင်းသည့်စကားလေးတစ်ခွန်းပင်ဆိုသော်လည်း မှော်စွမ်းအားများပါဝင်နေသလိုပင်။ ဖုယွမ်ကျိုး၏ခံစားချက်တို့ကို ဖြည်းဖြည်းချင်းပြေလျော့သွားစေခဲ့သည်။


ကနဦးက ခက်ခဲနေမှုတို့နှင့်ရှက်ရွံနေမှုတို့ကပျောက်ကွယ်သွားပြီး ချဥ်စူးနေသည့်ခံစားချက်တို့က နှလုံးသားအပြည့်ဆန်တက်လာပြန်သည်။ သူသည် စကားမဆိုဘဲ ရှဲ့လင်ကိုတိတ်ဆိတ်စွာဖြင့်မှီထားရင်း အကြာကြီးတိတ်ဆိတ်နေခဲ့သည်။ ထို့နောက်မှ သူပြောလိုက်၏။


 "ငါမင်းကိုမေးခွန်းတစ်ခုမေးချင်တယ်..."


"အိုကေ..." 


ရှဲ့လင်ကလည်းပြန်ဖြေလာသည်။


"အကယ်၍များ ဒီလောကကြီးမှာ ဒုတိယမြောက်လိင်အမျိုးအစားမရှိခဲ့ရင်...ယောကျ်ားနဲ့မိန်းမဆိုတာပဲရှိနေမှာ...အများစုမှာ..ယောကျ်ားနဲ့မိန်းမပဲ ချစ်လို့ရတယ်လေ...ပြီးတော့ လိင်တူနှစ်သက်တာကလည်း ဝေဖန်ခံရမှာ...မိန်းမတွေက ကိုယ်ဝန်ဆောင်နိုင်ပြီး...."


ဖုယွမ်ကျိုးမှာ ပြောမည့်စကားလုံးတို့ကိုစီစဥ်လိုက်ပြီး ယခင်ဘဝဟောင်းကရခဲ့ဖူးသည့် အတွေ့အကြုံတို့ကိုရှင်းပြနေခဲ့သည်။ သူတကယ်ပင် ရှဲ့လင်၏အမြင်ကိုသိချင်ပြီး ရှဲ့လင်ကသူ့အား ဖွင့်မ​ပြောခဲ့ရသည့်အကြောင်းအရင်းကိုလည်းသိချင်နေမိသည်။


"ငါကဘာပဲဖြစ်ဖြစ်...မင်းကငါ့ကိုသဘောကျနေမှာပဲဆိုတော့...အဲ့လိုဆိုလည်းမင်းငါ့ကိုသဘောကျနေမှာပဲမလား..." 


ဖုယွမ်ကျိုးကစိတ်လှုပ်ရှားစွာဖြင့်မေးလိုက်လေ၏။


"ဒါပေါ့..." 

ရှဲ့လင်က ပြန်လည်တုံ့ပြန်လာလေသည်။


ဖုယွမ်ကျိုးနှလုံးသားက အနည်းငယ်စပ်ဖျဥ်းဖျဥ်းဖြစ်လာပြီး ထပ်မေးလိုက်သည်။ 

"ဒီတော့...မင်းငါ့ကိုဖွင့်ပြောမှာလား..."


ရှဲ့လင်က သူ့ကိုခဏမျှကြည့်နေပြီး ခပ်ဖြည်းဖြည်းသာခေါင်းယမ်းပြသည်။ 

"ဟင့်အင်း..."


ဖုယွမ်ကျိုးက အဖြေကိုမျှော်လင့်ထားပြီးဖြစ်၍ အထွေအထူးမခံစားရပေ။ အကြောင်းအရင်းကိုသိထားပြီးဖြစ်နေသည့်အခါ ပို၍ပိုကာနာကျင်လာရသည်။ သို့တိုင် သူသည်ကား ရှဲ့လင်ထံမှနောက်ဆုံးသောအတည်ပြုချက်ကိုလိုချင်နေဆဲ။


"ဘာလို့လဲ..."


"မင်းကိုအဆင်ပြေစေချင်လို့..." 

ရှဲ့လင်က ပြန်ဖြေလာလေသည်။ 


"ကိုယ်မင်းကိုရွေးချယ်ရအောင်မလုပ်ချင်ဘူး...ကိုယ့်ကိုရွေးမလား...အခြားတစ်ယောက်ကိုရွေးမလားဆိုပြီး မပြောချင်ဘူး...ကိုယ်နဲ့အတူနေရဖို့ မင်းကအားလုံးကိုစွန့်လွှတ်ထားခဲ့ရလိမ့်မယ်..အဲဒါဆိုရင် မင်းပဲစိတ်မကောင်းဖြစ်ရမှာ..."


"မင်းပြောချင်တာက...မင်းယောကျ်ားတစ်ယောက်နဲ့တွဲဖို့မစဥ်းစားထားဘူးပေါ့.." 

သူမျက်လွှာချလိုက်သည်။ 


"ငါလည်း မင်းငါ့ကိုရွေးချယ်လိမ့်မယ်လို့ တစ်ခါမှမတွေးထားပါဘူး..ဒီလို ရှေးရိုးစွဲတဲ့ပတ်ဝန်းကျင်မှာ မင်းငါ့ကိုချစ်မိမှာမဟုတ်ဘူးလေ.."


"မဟုတ်ဘူး...ကိုယ်မင်းကိုသဘောကျပါတယ်..."


ဖုယွမ်ကျိုးသည်ကား နေရခက်လာခဲ့ပြီး ချက်ချင်းပင်ရှဲ့လင်ကိုပွေ့ဖက်ကာ သူ့ဘက်မှအရင်စနမ်းလိုက်၏၊၊ ရှဲ့လင်ကမသိသေးသော်လည်း သူကမူ တကြိမ်ကြုံတွေ့ထားခဲ့ပြီးသားဖြစ်ကာ ၎င်းအတွေ့အကြုံများကြောင့် ထိုသူကိုပိုပြီး နက်ရှိုင်းစွာဖြင့် တွယ်ငြိခဲ့မိသည်။ သို့သော် ယခုလည်း သူသည်ရှဲ့လင်ကိုသဘောကျနေပြီး ပို၍ပင်သဘောကျလာခဲ့သေးသည်။


"မင်းက ငါ့အတွက်လို့ပြောခဲ့တယ်နော်..." 

သူရှဲ့လင်ကိုပြောလိုက်သည်။ 


"ဒါပေမဲ့...မင်းကအကောင်းဆုံးပဲ...မင်းမရှိဘဲနဲ့ ငါကဘယ်လိုလုပ်ကောင်းလာနိုင်ပါ့မလဲ..."


ရှဲ့လင်၏အသက်ရှူသံကတည်ငြိမ်နေသည်။ သူတို့သည်အချင်းချင်းဖက်ထားခဲ့ကြပြီး ဖုယွမ်ကျိုးမှာ တမဟုတ်ချင်းရင်ခုန်သံမြန်လာသည်ကိုခံစားမိနေလေသည်၊၊ ယခုလေးတင်သူပြောလိုက်သည့်စကားကို သူကိုယ်တိုင်သဘောပေါက်သွားပြီး သူ့မျက်နှာကနီရဲလာခဲ့၏။


"မင်းအပိုင်ပါ..."


ရှဲ့လင်မျက်လုံးများက မည်းမှောင်နေပြီး သူ့အသံက အနည်းငယ်မျှအက်ကွဲနေခဲ့သည်။ သူသည်ဖုယွမ်ကျိုးလက်ကိုဆွဲယူလိုက်ပြီး သူ့မျက်လုံး၊ မျက်နှာ၊ နှာတံထိပ်နှင့် နှုတ်ခမ်းတို့ကို လက်ညိုးလေးဖြင့်တို့ထိလိုက်၏။


"အားလုံးကမင်းအပိုင်..."


သူသည် ဖုယွမ်ကျိုးလက်ကိုဆက်လက်ဆွဲယူသွားပြန်ပြီး အောက်ဘက်ကိုဖြည်းဖြည်းချင်းလျှောဆင်းသွားလေ၏။

 "ဒါလည်းမင်းအပိုင်းပဲ..."


ထို့နောက် သူသည် ဖုယွမ်ကျိုးလက်ကို သူ့ရင်ဘတ်မှနှလုံးသားရှိသည့်နေရာသို့ထိစေပြန်၏။ 


"ဒါလည်းမင်းပိုင်တာပဲ..."


"ကိုယ်ကမင်းပိုင်တာပါ..."


မှိန်ဖျော့ဖျော့မီးရောင်အောက်တွင် ဖုယွမ်ကျိုးသည် အနှီသူကိုတိတ်ဆိတ်စွာကြည့်နေခဲ့ပြီး ရုတ်ချည်း ရှဲ့လင်ကိုခုန်အုပ်လိုက်သည်။ ရှဲ့လင်ကိုအိပ်ရာပေါ်တွင်ဖိထားပြီး ခေါင်းငုံ့ကာ အနှီသူကိုနမ်းလိုက်လေသည်။


ထိုညတွင် ဖုယွမ်ကျိုးသည် ရှဲ့လင်အခန်းထဲတွင်အိပ်ပျော်သွားခဲ့၏။ အိပ်ရာက ကြီးမားသောကြောင့် နှစ်ယောက်အတူအိပ်ရာတွင်မကျဥ်းနေပေ။ ဖုယွမ်ကျိုးသည် အိပ်ပျော်နေချိန်တွင်ပင် မမေ့မလျော့ဖြင့်ရှဲ့လင်လက်ကိုကိုင်ထားခဲ့သည်။


ရှန်းရှီကော သူ့အားပေးထားခဲ့သည့်ယာယီအမှတ်အသားကရှိနေသေးသည့်တိုင် ဖြည်းဖြည်းချင်းပျောက်လာလေပြီ။ သည်ကာလအတွင်း သူရှဲ့လင်၏အငွေ့အသက်ကိုအသားကျလာပြီး ပို၍ပင်နှစ်သက်လာခဲ့သည်၊၊ ၎င်းကသူ့အား ယခင်ကထက်ပင် စိတ်အေးစေခဲ့သည်။


သူသည် ရှဲ့လင်၏ကိုယ်ငွေ့အောက်တွင်နစ်မြုပ်နေစေကာမူ ဖယ်ရိုမုန်းများက အခြားအယ်လ်ဖာတစ်ယောက်၏ အနံ့အသက်ကိုမှီခိုနေဆဲပင်။ တချိန်တည်း၌ ဖယ်ရိုမုန်းနှစ်ခုအတူရှိနေသောကြောင့် သူအတိတ်ဘဝကို အိပ်မက်ထပ်မက်ခဲ့သည်၊၊ ရှဲ့လင်ရော ရှန်းရှီကောပါ ပါနေခဲ့၏။


ထိုအချိန်က ပထမဆုံးအနေဖြင့် ရှန်းရှီကောကသူနှင့်အတူ တရုတ်ပြည်ကိုပြန်လာခဲ့သည်။ ရှန်းရှီကောကို သူ့အိမ်သို့အလည်ခေါ်သွားခဲ့ပြီး ရှဲ့လင်ရောယွိဖေးပါ အတူရှိနေခဲ့သည်။


"ဒါကငါ့ကောင်မလေးရှောင်ဖေး..ဒါကငါ့ရဲ့ငယ်သူငယ်ချင်းရှဲ့လင်...သူတို့ကဝမ်းကွဲလေ..."


လေးယောက်စုံသည့်အချိန်၌ ဖုယွမ်ကျိုးက သူတို့ကိုအပြန်အလှန်မိတ်ဆက်ပေးလိုက်သည်။ 

"သူကရှန်းရှီကောတဲ့...အွန်လိုင်းမှာဆုံခဲ့တဲ့သူငယ်ချင်းလေ...လော့ရန်စုန့်လို့ခေါ်တယ်...ငါအရင်ကမင်းတို့ကိုပြောဖူးပါတယ်..."


"ဟယ်လို..." 

ရှန်းရှီကောက လက်ဆန့်ထုတ်ပေးလိုက်သည်။ 

"တွေ့ရတာဝမ်းသာပါတယ်..."


ရှဲ့လင်ကအေးစက်စက်နှင့်ပင်၊၊ ယွိဖေးကပြုံးကာ ရှန်းရှီကောနှင့်စကားနည်းနည်းပြောခဲ့သည်၊၊ လေထုကနွေးနွေးထွေးထွေးမရှိသော်လည်း လိုက်လျောညီထွေဖြစ်နေပြီး ဖုယွမ်ကျိုးကို အတော်လေးစိတ်ပျော်သွားစေသည်။


"ဒါနဲ့...မင်းယွမ်ကျိုးအတွက် ပီယာနိုသီချင်းစပ်ထားတယ်ဆို..."


ရှန်းရှီကောက ရှဲ့လင်ကိုလှမ်းကြည့်ပြီး ဖုယွမ်ကျိုးနာမည်ကိုပါထည့်ပြောလိုက်သည်။ ဖုယွမ်ကျိုး၏သူငယ်ချင်းများရှေ့တွင် ယခင်အတိုင်း နာမည်အပြည့်အစုံကိုမခေါ်ခဲ့ပေ။


"ကောင်းပါတယ်..အရမ်း...."


သူသည် ပြုံးရုံပင်ပြုံးလိုက်ပြီး ဘာစကားမှထပ်မပြောတော့ပေ။


 ရှဲ့လင်ကသူ့ကို ဖျတ်ကနဲသာကြည့်ပြီးနှုတ်ဆိတ်နေလေသည်။ နေ့လည်ခင်းတွင် ဖုယွမ်ကျိုးက ထမင်းအတူစားချင်သော်လည်း ရှဲ့လင်က အလုပ်ရှိသေးသည်ဟုဆိုကာ အရင်ထွက်သွားခဲ့သည်။


သူသည် အစမှအဆုံးအထိ မှင်သေသေဖြင့်ရှိနေခဲ့ပြီး ရှန်းရှီကောကို အနည်းငယ်သာကြည့်ခဲ့သည်။ ထိုသူထွက်သွားသည့်အခါ ဖုယွမ်ကျိုးကရှန်းရှီကောမပျော်တော့မည်ကိုစိုးရိမ်သောကြောင့် ကြားမှဝင်ပြောပေးလိုက်ရသည်။ 


"စိတ်ထဲမထားပါနဲ့...သူကအမြဲအဲဒီလိုပဲ...သူ ညစာလာမစားနိုင်တော့တာကအမှန်ပဲ...သူ့မှာလုပ်စရာရှိနေလို့နေမှာပါ...သူကအရမ်းအလုပ်များတာလေ...မင်းနဲ့စကားပြောပေးဖို့အချိန်ကိုမရှိတာ..."


"ကိစ္စမရှိဘူး..." 

ရှန်းရှီကောက ဖွဖွလေးသာပြုံးပြသည်။ 

"သူ့ခံစားချက်ကို ကိုယ်နားလည်ပေးနိုင်ပါတယ်..."


"ဟမ်" 

ဖုယွမ်ကျိုးကား အူကြောင်ကြောင်ဖြစ်သွားခဲ့သည်။


ရှန်းရှီကောက ဆက်ရှင်းမပြဘဲ ယွိဖေးကိုတချက်သာလှမ်းကြည့်ပြီး ပြုံးပြလိုက်၏။ 


"ကိုယ်လည်းနေ့တိုင်းမြင်နေရရင် စိတ်အနှောင့်အယှက်ဖြစ်မှာလေ..."


ဖုယွမ်ကျိုးသည် အိပ်မက်မှနိုးထလာပြီး မျက်လုံးကြောင်လျက်သားဖြင့် ခေတ္တခန့်ငြိမ်သက်နေခဲ့သည်။


ထိုအချိန်က ရှန်းရှီကောဆိုလိုချင်သည့်အဓိပ္ပါယ်ကို သူနားမလည်ခဲ့ပေ။ 


ယခုမူ သူတဖြည်းဖြည်းနှင့်နားလည်လာခဲ့ပြီ။ ယခင်ဘဝက ရှန်းရှီကောရောယွိဖေးပါ ရှဲ့လင်ကသူ့အားသဘောကျနေမှန်း ရိပ်မိနေခဲ့ကြလောက်သည်၊ သို့သော်လည်း ၎င်းတို့ကမပြောခဲ့သလို သူကိုယ်တိုင်လည်းနားမလည်ခဲ့ပေ။


ထိုခဏ၌ ရှဲ့လင်အတွက် သူစိတ်မကောင်းဖြစ်သွားမိသည်။ ထိုအချိန်က ရှဲ့လင်ကသာ သူ့အားအချိန်အကြာဆုံးအဖော်လုပ်ပေးခဲ့သော်ငြား သူကမူ ရှဲ့လင်၏ခံစားချက်တို့ကိုသတိမထားမိခဲ့ပေ။


သူနှင့်ရှောင်ဖေးတို့ ပွတ်သီးပွတ်သပ်လုပ်နေသည့်အချိန် ရှဲ့လင်ကတိတ်ဆိတ်နေပြီး မျက်နှာမကောင်းခဲ့ပေ။ အကြောင်းအရင်းကိုတွေးကြည့်ခဲ့သည့်တိုင် သူ့ယူဆချက်ကမှားယွင်းနေခဲ့သည်။ ရှဲ့လင်က တခုခုကိုဆုံးရှုံးသွားသလိုဖြစ်နေမှန်း သူသိနေလင့်ကစား သူ့ကိုသဘောကျနေခြင်းဖြစ်လိမ့်မည်ဟု တစ်ခါမှမတွေးမိခဲ့ချေ။


သူသာ ရှဲ့လင်နေရာတွင်ရှိနေခဲ့ပါက သူတစ်ယောက်တည်းကျန်နေခဲ့ရသည့်အတွက် သေချာပေါက် စိတ်မသက်မသာဖြစ်နေနိုင်သည်။


 သို့တိုင် ရှဲ့လင်ကမူ သူ့ခံစားချက်ကိုထုတ်မပြဘဲ သူ၏ဝမ်းကွဲညီမနှင့် ချစ်ကြည်နူးနေသည်ကို အေးအေးလူလူထိုင်ကြည့်နေရင်း တစ်ယောက်တည်းကြေကွဲနေခဲ့သည်။


အခန်းကား အတော်အတန်နွေးထွေးမှုရှိပါ၏။ အတော်လေးပူလာသည့်တိုင် သူ ရှဲ့လင်လက်မောင်းကြားတွင် အသံတိတ်ကပ်နေခဲ့သည်။ 


ဤဘဝတွင်တော့ သူရှဲ့လင်ကို ချစ်မြတ်နိုးပေးနိုင်ပါသည်။


****

နောက်တနေ့နံနက်ပိုင်းတွင် အစ်မချန်ကသူတို့ကို လိုက်နှုတ်ဆက်သည်။ သူတို့တွင် ရေးရမည့်အိမ်စာများရှိနေသေးသည့်အပြင် အိမ်အကူအဒေါ်သည်လည်း နေ့လည်တွင်ပြန်ရောက်လာမည်ဖြစ်သောကြောင့် ရေပူစမ်းတွင်အကြာကြီးမနေနိုင်ခဲ့ကြပေ။


 ဖုယွမ်ကျိုးက သူမကိုမပြောဘဲထွက်လာခဲ့သည်မဟုတ်လား။


ယွိဖေးက သူတို့ကိုမက်ဆေ့ချ်လှမ်းပို့လာသည်။ မကြာမီရက်ပိုင်းက သူတိုက်ခန်းကိုပြန်မလာရသောကြောင့် မပျော်တော့သည့်အကြောင်းပြောပြထားလေ၏။ သူ့မိဘများက သူ့အားအိမ်တွင် ရက်ပိုင်းခန့်နေစေချင်ကြပြီး သူ့အမေ၏ကျန်းမာရေးကလည်း လုံးဝမကောင်းလာသေးပေ။ သူက၎င်းတို့၏စကားကိုနားထောင်လိုက်ရပြီး ဖုယွမ်ကျိုးထံကို မကြာခဏလာလည်မည့်အကြောင်းပြောထားလေသည်။


တိုက်ခန်းတွင် သူ ရှဲ့လင်နှင့်အိမ်အကူအဒေါ်တို့ သုံးယောက်သာရှိမည်။ တခါတရံ အိမ်အကူအဒေါ်အိပ်ပျော်သွားပါက ဖုယွမ်ကျိုးက ရှဲ့လင်ထံတိတ်တိတ်လေးသွားတတ်သော်လည်း မနက်ပိုင်းတွင် အိမ်အကူအဒေါ်က ပြန်နိုးလာသောကြောင့် သူ့အနေဖြင့် ရှဲ့လင်နှင့်အတူအိပ်၍မဖြစ်ပေ။


အားလုံးသည် ယခင်ဘဝကနှင့်မတူတော့ပေ။ ယွမ်ယဲ့ကလည်း အလုပ်များနေလေပြီ။ ၎င်း၏အသင်းက အောင်မြင်စွာဖြင့်ဖိုင်နယ်ကိုတက်လှမ်းသွားနိုင်ခဲ့ပြီ။ မကြာသေးခင်ကပင် ထိုသူသည် အသင်းနှင့်နောက်ဆုံးညှိနှိုင်းမှုလုပ်ခဲ့၏။ အတန်းမလာတော့သည့်တိုင် ထိုသူကိုတွေ့ချင်သည့်အချိန်တိုင်း သွားတွေ့နိုင်လေသည်။


ရန်ရှူးထန်က သင်္ချာပြိုင်ပွဲအတွက်ပြင်ဆင်နေရပြီး မတွေ့ဖြစ်တော့ပေ။ 


ရှဲ့လင်က အလုပ်များကိုကျောင်းသားသမ္မဂထံလွှဲပေးလိုက်နိုင်ပြီး ကျောင်းသားသမ္မဂဥက္ကဌနေရာကိုလည်း အခြားတစ်ယောက်ထံလွှဲပြောင်းပေးလိုက်သည်။ ထို့ကြောင့် သူတို့တွင်အချိန်ပိုရလာပြီး နှစ်ယောက်အတူရှိကြသည့်အချိန်က မတိုင်ခင်ကထက်ပိုများလာခဲ့သည်။


ရာသီဥတုက အေးသထက်အေးလာကာ နှစ်သစ်လည်းနီးကပ်လာခဲ့ပြီ။


 ဒေါက်တာစွင်းက ဖုယွမ်ကျိုး၏ယာယီအမှတ်အသားကိုပုံမှန် လာစစ်ဆေးပေးနေလေသည်။ ရှန်းရှီကော၏ဖယ်ရိုမုန်းများကအန္တရာယ်များပြီး ဖုယွမ်ကျိုးတွင် ဖယ်ရိုမုန်းအာရုံခံမှုပြင်းထန်သည့်လက္ခဏာရှိနေသည်။ ယခင်ဆရာဝန်က ယာယီအမှတ်အသားမှာ လပိုင်းနှင့်ပျောက်သွားမည်ဟုဆိုသော်လည်း တစ်လခွဲကြာမှ အပြီးသတ်ပျောက်သွားခဲ့သည်။


"အိုကေ...အဆင်ပြေသွားပြီ...မင်းရဲ့ခန္ဓာကိုယ်လည်းသက်သာသွားပြီ...ဖယ်ရိုမုန်းတွေလည်းမကျန်တော့ဘူး..."


ဖုယွမ့ကျိုးသည် ဆေးရုံတွင်သွားစစ်ဆေးခဲ့ပြီးဖြစ်သော်လည်း ယခုမူ ဒေါက်တာစွင်းက နောက်တကြိမ်ထပ်စစ်ဆေးခဲ့ပြီး တူညီသည့်ရလဒ်သာထွက်လာခဲ့သည်၊၊ သူမကပြုံးကာသူ့အား ဂုဏ်ယူသည့်အကြောင်းပင်ပြောခဲ့ပြီး ထိုအချိန်မှ ဖုယွမ်ကျိုးလည်းစိတ်အေးသွားကာ သူမကိုပြုံးပြရင်း ထိန်းသိမ်းရေးလည်ပတ်ကိုပြန်ဝတ်လိုက်သည်။


သူပျော်နေသည့်တိုင် သူ့အား ထိုအမှတ်အသားပေးခဲ့သူအကြောင်းပြန်တွေးမိပြန်သည့်အခါ ရင်လေးလာရပြန်သည်။


သည်အတောအတွင်း သူရှန်းရှီကောကိုမတွေ့တော့သလို ၎င်း၏ဖယ်ရိုမုန်းတို့ကိုလည်းမခံစားရတော့ပေ။ သည်ရက်ပိုင်းအတွင်း ထိုသူဘယ်ရောက်နေလဲဟူ၍မေးစရာရှိနေပြီး ယာယီအမှတ်အသားကအလွယ်တကူပျောက်သွားသည့်အတွက် ထူးဆန်းနေလေသည်။


"ရှန်းရှီကောရော" 

သူသည်ကား ဒေါက်တာစွင်းကိုပုံမှန်အတိုင်းမေးလိုက်လေသည်။


"မင်းကိုပြောရဦးမယ်..." 

ဒေါက်တာစွင်းကပြောလာခဲ့သည်။ 

"သူမနေ့ကတင် စိတ်ကျန်းမာရေးစင်တာကနေထွက်သွားပြီ..ဒီမနက်ငါသူ့ကိုသွားတွေ့မှ သိလိုက်ရတာ..."


ရှန်းရှီကောထွက်သွားပြီ။ လက်ကဒဏ်ရာကြီးနဲ့ကို ဗီလာပြန်သွားတာများလား။


ဖုယွမ်ကျိုးက အာရုံစိုက်မိနေသောကြောင့် ရှန်းရှီကောပြန်ရောက်နေမှန်းဟုတ်မဟုတ် သူ့မိဘကိုဖုန်းဆက်ပြီးမေးကြည့်လိုက်သည်။


"သူပြန်မလာပါဘူး..." 

မာမားဖုကပြန်ဖြေလာခဲ့၏။ 

"မင်းသူနဲ့ပြောစရာရှိလို့လား..."


"မရှိပါဘူး..." 

ဖုယွမ်ကျိုးက နှေးတိနှေးကန်နှင့်ဖြေပြီး သိချင်စိတ်ပေါ်လာလေသည်။ ရှန်းရှီကောက ဗီလာမပြန်ဘူးဆိုတော့ ဘယ်ကိုသွားတာများလဲ။



♎️